မချိပြုံးလေး

Posted on

မချိပြုံးလေး(စ/ဆုံး)

—-–——————-

“” အော်အီးအီးအွတ်,,” ညကဘယ်လောက်ညနက်နက် မနက်လင်းကြက်တွန်သံကြားသည်နှင့် ဆရာမ မြတ်လေးငုံအိပ်ရာမှထစမြဲပင်၊၊ မထလို့လည်းမရ ဒီအချိန်ထမှသာလင်တော်မောင်မနက်စာ ရုံးထမင်းချိုင့်၊ သားနဲ့သမီးရဲ့ထမင်းချိုင့် အကုန်မှီမယ်လေ၊၊ ကိုယ့်မှာကလူခွဲမရှိသလို အိမ်အကူထားနိုင်ဖို့ဆိုတာဝေးရော၊၊ လင်မယားနှစ်ယောက်လစာလေးနဲ့ တရိပ်ရိပ်မတိုးဘဲ ဝုန်းခနဲ ဆောင့်တိုးတတ်တဲ့ ကုန်ဈေးနှုန်းနဲ့ လူတန်းစေ့အောင်တောင်မနည်းရုန်းနေရတာလေ၊၊

တကယ်တော့လည်း ၀န်ထမ်းဆိုတာမျိုး ကိုယ့်ရဲ့လုပ်အားကို ပုံသေဈေးနှုန်းနဲ့ တခါတည်းပုတ်ပြတ်ရောင်းပြီးသားဆိုပိုမှန်ပါလိမ့်မယ်။ ဘယ်လောက်ပဲပင်ပန်းတကြီးလုပ်နေပါစေ ရတဲ့ပိုက်ဆံကတိုးလာတာမှမရှိတာ။။ ဒါဆိုမလုပ်နဲ့ထွက်ပါလားဆိုတော့လည်း လူဆိုတာကလည်း ခက်သား။ အခုလက်ရှိ ရပ်တည်နေတဲ့နေရာလေးကို ရုတ်တရက်ဖျက်ပစ်ဖို့ကြတော့လည်းသတ္တိတယ်မရှိလှဘူးလေ။

ကဲလေ တွေးနေတာနဲ့ နောက်ကျတော့မယ်ထမှဖြစ်မယ်လို့တွေးရင်း ဆံပင်ကိုကပျာကယာပတ်၊ သားနဲ့သမီးမနိုးအောင် အသာလေးထရင်း လူကစက်ရုပ်တစ်ရုပ်လိုဆက်တိုက်လှုပ်ရှားနေမိတယ်။။ မျက်နှာမြန်မြန်သစ်ပြီး ဘုရားသောက်တော်ရေကပ် ရေနွေးတည် ၊အလွယ်တကူ ကော်ဖီနဲ့မုန့်ဆွမ်းလေးကပ်ပြီး ဘုရား၀တ်ပြုပြီးတော့ ၅နာရီခွဲပြီ၊၊။ ကလေးတွေအဖေ ကို ဇော်မင်းကပုဂ္ဂလိက လုပ်ငန်းတစ်ခုမှာ ရုံးထိုင်သမားမို့ မနက်၇နာရီဆို ရောက်အောင်သွားပြီး လူအ၀င်အထွက် ပစ္စည်းအတင်အချ ကြီးကြပ်ရသူမို့ နောက်ကျလို့မရ။ ၆နာရီဆို ထလာပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးပြီးတာနဲ့ မနက်စာစား ၊ထမင်းချိုင့်ဆွဲပြီး‌သွားတော့မှာလေ။
စိတ်ကသာဟိုရောက်ဒီရောက် လက်ကတော့ မြတ်လေးငုံတို့မြန်သလားမမေးနဲ့။။ အိုးထဲဖွင့်ကြည့်တော့ထမင်းကြမ်းကနည်းနေပြီ။ အင်းသူတို့အဖေတစ်ယောက်စာတော့ရပါတယ်လေဆိုပြီး ထမင်းကြမ်းတစ်ခဲ ဆား၊ အရသာမုန့် ၊ ပဲငံပြာရည်လေးနယ်ပြီးကြက်ဥလေးတစ်လုံးနဲ့လှိမ့်ကြော် ၊ကြက်သွန်နီအကွင်းကွင်းလှီးပြီး သံပုရာရည်လေးညှစ်လို့ အချဉ်ပန်းကန်လေးလုပ်ပေးလိုက်တယ်၊၊ ဒါဆိုတစ်ယောက်စာငြိမ်းပြီ၊ သားနဲ့သမီးကို လပ်ကီးခေါက်ဆွဲ အသေးလေး တစ်ထုပ်တွေ့တာနဲ့ ပြုတ်ပြီး အသီးအရွက်လေးနည်းနည်းထည့်လို့ ကြက်ဥလေးတစ်လုံးပါထည့်ပြီး ကြော်ပေးထားလိုက်တယ်။ ကြက်ဥတောင်အရင်လိုဖောဖောသီသီ ကြော်ပြီးချမပေးထားနိုင်တော့၊ ကြက်ဥတစ်လုံး၃၅၀ဖြစ်နေပြီ။

ကိုယ့်အတွက်တော့ထည့်ကိုမစဉ်းစားမိတာကြာပါပြီ မနက်စာမစားအားဘဲ ကျောင်းရောက်သွားတာခဏခဏပါ။။ မနက်စာကအဲလိုမှ အဆင်ပြေအောင်လုပ်မပေးရင် မုန့်ဟင်းခါးတစ်ပွဲ ထောင့်ငါးရာ၊လေးပွဲပဲ၀ယ်အုံးတော့ မနက်စာတင် ခြောက်ထောင်ဖြစ်နေပြီမို့ အပြင်က၀ယ်စားဖို့များစိတ်တောင်မကူးရဲပါဘူး၊၊။

မနက်စာပြီးပြန်တော့ ထမင်းချိုင့်တွေဟင်းစီစဉ်ရပြီ။
ညကလုံးထားတဲ့ ကြက်သား နှစ်ဆယ်သားကို ကလေးလူကြီး အကုန်အဆင်ပြေအောင် ခြံထဲကအပင်ကသင်းဘောသီးတစ်လုံးခူးပြီး အစပ်ပေါ့ပေါ့နဲ့ရောချက်လိုက်တယ်။။ ညကချက်ထားတဲ့ပုစွန်ဆိတ်ငံပြာရည်ချက်လေးကိုတော့ သူတို့အဖေထမင်းချိုင့်ထဲပဲဦးစားပေးထည့်ပေးလိုက်တော့တယ်။

ပုစွန်ဆိတ်တောင်တစ်ဆယ်သား နှစ်ထောင်ကျော်မို့ ကိူယ့်အတွက်ပါရအောင်ချက်ရင် ဟင်းရံဖိုးချည်း ငါးထောင်ကျော်မို့ ကိုယ်ကတော့ ခြံထဲက ငရုတ်စိမ်း‌ေတာင့်
လေးတွေဆင်းခူး၊ အမေတို့ပေးထားတဲ့မျှင်ငါးပိလေးကင်၊ ကြက်သွန်ဖြူ လေးရောထောင်းပြီး သံပုရာရည်လေးညှစ်ထည့်ပြီးငါးပိ‌ေထာင်း‌ေလးပဲထည့်သွားတော့မယ်လေ။ ကလေးတွေနဲ့သူတို့အဖေချိုင့်ထဲမျက်နှာလှအောင် ကြက်သားဖတ်တွေရွေးထည့်ထားတာမို့ မြတ်လေးထမင်းချိုင့်မှာ အသားဖတ်မပါနိုင်တော့ဘူးဆိုတော့ အရည်ရွှဲရွှဲစမ်းပြီး ငါးပိထောင်းအားပြုစားရမှာ။
တခါတခါတော့လည်း တွေးမိသား ၊ထမင်းများများစားတာကျန်းမာရေးနဲ့မညီဘူး။ ထမင်းနည်းနည်းပဲစားပြီး အသား၊ ငါး ၊အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေပိုစားရမယ်ဆိုတာလေ၊ ဒါပေမဲ့ဒီလောက်မိုးပေါ်ထောင်တက်နေတဲ့ကုန်ဈေးနှုန်းတွေနဲ့မြတ်လေးတို့လို အခြေခံလူတန်းစားအတွက်တော့ အကုန်အကျနည်းနည်းနဲ့ဗိုက်ပြည့်တဲ့ထမင်းပဲအားထားစားရမှာပဲလေ၊၊

တွေးရင်းလုပ်ရင်းနဲ့ ထမင်းချိုင့်တွေပြီးတော့ ၇နာရီထိုးတော့မှာမို့ ကိုဇော်တောင်အလုပ်သွားဖို့ ထမင်းချိုင့်လာယူပြီ။။ မြတ်ရေ ကိုယ်သွားပြီ ပြောလည်းပြော ထွက်လည်းထွက်သွားပြီမို့ကလေးတွေနှိုးပြီး ဝေယျာ၀စ္စလေးကူပေးပါလားဆိူတဲ့စကားက လည်ချောင်းထဲတွင်ပျောက်သွားပြီ။။

သားနဲ့သမီး က ငါးနှစ်နဲ့ ၃နှစ်မို့ ကျောင်းမတူပါ၊ သားကြီးကိုကျောင်းပို့၊သမီးငယ်ကိုမူကြိုပို့ပြီးမှ မြတ်လေးကျောင်းသွားရမှာမို့မြတ်လေးအမြဲအလောကြီးနေရတာလေ။

နိုးလာတဲ့ကလေးနှစ်ယောက်ကိုမနက်စာမြန်မြန်စားခိုင်း၊ ရေမိုးချိုးပြင်ဆင်ပေးပြီးမှ မြတ်လေးရေအမြန်ချိုးရတယ်၊ မျက်နှာကို နေလောင်ခံ‌ ခရင်မ် တစ်ခုခုလိမ်းပြီး သနပ်ခါးနည်းနည်းပွတ် ၊ ဆံပင်အရှည်ကိုခေါက်တင်ပြီး ကလစ်အကြီးနဲ့ညှပ်လိုက်ရင် မမြတ်လေးအလှပြင်တာပြီးပြီ။ တံခါးတွေစစ် မိန်းချ သော့ခတ် ဆိုင်ကယ် ပေါ်ကလေးနှစ်ယောက်တင် ဆွဲခြင်းတွေလက်မှာချိတ် ပြီး ဗရုတ်သုတ်ခ နဲ့သားအမိတွေအိမ်ကထွက်ရပြီ။။

တခါတခါတော့လည်း အလှလေးစိမ်ပြေနပြေပြင်ပြီး တစ်မနက်လုံးသက်သက်သာသာနဲ့နေချင်မိတယ်။။

ကလေးတွေကိုကျောင်းပို့ခဲ့ပြီး ရုံးခန်းရောက်လို့ ခဏထိုင်ရုံရှိ‌သေး။ ဆရာမကြီး ဧည့်သည်တွေ့ချင်လို့ ဆိုပြီးကြည့်လိုက်တော့ ကျောင်း၀န်းထဲ crown အနက်ရောင်လေးတစ်စီး ပေါ်ကနေ ကြွကြွလေးဆင်းလာတဲ့ အမျိုးသမီးတစ်ယောက်။ ရုံးခန်းထဲရောက်တော့ တဖျတ်ဖျတ်လက်နေတဲ့ စိန်တွေကြောင့် မိန်းကလေးပီပီ လည်ပင်းက အိမ်ထောင်ကျထဲကအမေထည့်ပေးလိုက်တဲ့ mc ကြိုးပြားလေးကိုစမ်းလိုက်မိတယ်။
ရုတ်တရက်မို့၀င်လာတဲ့အမျိုးသမီးကို သေချာမသိဘဲဖြစ်နေတုန်း “”ဟဲ့ မြတ်လေး ကောင်မရယ် ညည်းကကျောင်းအုပ်ဆရာမကြီးဖြစ်နေပြီဆိုတော့ သွေးကြီးတာ‌လားအေ,”” ဆိုပြီး အာပေါင်အာရင်းနဲ့နှုတ်ဆတ်တော့မှ ငယ်ငယ် ဘ၀ သူငယ်တန်းတက်ထဲက အတူတွဲခဲ့တဲ့ ရွှေဇင်၀င်းမှန်းမှတ်မိတော့တယ်။
မသိဘူးလေအေ ညည်းက တအားလှနေတာကိူးအေ့ လို့အရှက်ပြေပြောလိုက်မိတယ်။ တကယ်လည်းရွှေဇင်၀င်းငယ်ငယ်က မျက်နှာကျနဲ့မျက်ခုံးမျက်လုံး လှပေမဲ့ အသားလေးညိုပြီး မိဘဆင်းရဲတော့ သိပ်မ၀တ်စားနိုင်သူမို့အရောင်မထွက်ပါ။ နောက်တော့အထက်တန်းလောက်ရောက်လာတော့ ပြင်တတ်ဆင်တတ်နဲ့ရွှေဇင်၀င်းက အတော်လေးလှလာသလို ပဲလည်းများ ရည်းစားလည်းထားမို့ ရှေးခေတ်မေမေတို့ ထုံးစံ အဲလိုမိန်းကလေးနဲ့မပေါင်းရဘူး စာပဲကြိုးစားဆိူလို့ စာအုပ်နဲ့မျက်နှာမခွာဘဲကျတ်ရင်း ဆယ်တန်းအောင် ၊ပညာရေးကောလိပ်တက် ဆရာမဖြစ်၊ ကျောင်းအုပ်ရာထူးတိုးနဲ့အဝေးထွက်ရတော့ စိတ်မချတာနဲ့ အိမ်နီးချင်းရိုးသားကြိုးစားတဲ့ကိုဇော်မင်းနဲ့အိမ်ထောင်ချပေး၊ မြတ်လေးဘ၀ကသိပ်အပြောင်းအလဲမရှိလှပါ။

သူလိုကိုယ်လို ဘ၀မို့ ရုန်းကန်ရင်းမမြုပ်အောင်မနည်းနေနေရတာလေ။ ရွှေဇင်၀င်းကတော့ ဆယ်တန်းကျလို့ ရန်ကုန်မှာအလုပ်သွားလုပ်ရင်း လည်၀ယ်ချက်ချာသူမို့ ရည်းစားတွေကြား အဆင်ပြေဆုံး လုပ်ငန်းရှင်တစ်ယောက်ကိုခေါင်းခေါက်ရွေးပြီး အိမ်ထောင်ပြုထားတာမို့ အရာရာသူ့လက်သူ့ခြေ မိဘတွေပါရွာမှာတိုက်ဆောက်ပေးပြီး အလှူအတန်းလည်းမကြာခဏလာလှူတယ်လို့အမြဲကြားနေရပါတယ်။
“ဟဲ့ မြတ်လေး ဘာငေးနေတာတုန်း”လို့ ရွှေဇင့်အသံကြားမှ မြတ်လေးသတိ၀င်တော့တယ်။။ မဟုတ်ပါဘူးဟယ် ငါ့သူငယ်ချင်းကို ကြည့်ပြီး၀မ်းသာနေလို့ပါ။ တကယ်လည်းမြတ်လေး၀မ်းသာမိပါတယ်။
ငယ်ငယ်ကဆိုလူကြီးတွေက မြတ်လေးကိုကြည့်စမ်း ဘယ်လောက်လိမ္မာပြီးစာကြိုးစားသလဲ။ ဒီလိုကလေးမျိုးမှ ကြီးလာရင် ကြီးပွားတိုးတတ်မှာ။ ရွှေဇင်၀င်းတို့များတော့ ဒီအရွယ်ထဲက ဒီလောက်ပြင်ဆင်နေတာ ကြည့်နေ ကြပ်ကြပ်ဒုက္ခရောက်မယ်လို့ပြောကြတော့ အိုသမီးသူငယ်ချင်းကိုအဲလိုမပြောပါနဲ့ဆိုပြီး မြတ်လေးလူကြီးတွေကိုစိတ်တိုရတာခဏခဏလေ။

‌ကဲ ပြော ရွှေဇင် ကျုပ်ဆီအလည်သပ်သပ်လား” မဟုတ်ဘူး မြတ်လေး ရေ နင့်ကျောင်းမှာ စာသင်ဆောင်တွေမလောက်ဘူးကြားလို့ငါ့ကိုကို ကိုပြောပြီး လာလှူတာ။
ဘယ်လောက်ကျမလဲ တွက်ချက်ပြီး ငါ့အလုပ်သမားနဲ့ငါလာဆောက်မယ် ။
ကျောင်းဆောင်လက်ခံတဲ့နေ့ကျမှ ကိုကိုပါလာမှာ။ ကိုကိုက နည်းနည်းပကာသနမက်တယ်ဟ ကြိုဆို ဧည့်ခံရေးလေးသတိထားပေးနော်သူငယ်ချင်း။

အေးပါဟယ် မလစ်ဟင်းစေရဘူး ငါအစစအရာရာအဆင်ပြေအောင်လုပ်ပေးမယ်နော်လို့ ရွှေဇင်ကိုကတိပေးရင်း ငယ်ငယ်က လူကြီးတွေပြောတဲ့ပညာတတ်အောင်ကြိုးစား ပညာတတ်မှအစစအရာရာအဆင်ပြေမှာဆိုတာမှန်သလား မှားသလားလို့ ဆရာမကြီးဒေါ်မြတ်လေးငုံတစ်ယောက် တွေးမိရင်း ရွှေဇင်ကိုပြုံးပြနေတဲ့အပြုံးက မချိပြုံးလေးဖြစ်နေမှာ အမှန်ပဲဖြစ်ပါတယ်။

ခတ္တာဖူးငုံ