မဝရေစာ

Posted on

မဝရေစာ(စ/ဆုံး)

—————-

ကျွန်တော်စတိုးဆိုင်ကြီးတစ်ဆိုင်ရှေ့ရောက်တော့ဘာရယ်မဟုတ်ငေးကြည့်နေမိတယ်။

“”ဦးလေး..မြေပဲပြုတ်၊ငုံးဥပြုတ်ဝယ်ဦးမလား””

အသံကြားလို့ငုံ့ကြည့်လိုက်တော့။ကလေးမလေးတစ်ယောက်။ကျွန်တော့စိတ်ထင်ခုနှနှစ်လောက်ပဲရှိဦးမယ်။
မြေပဲပြုတ်ထုပ်ကလေးတစ်ဖက်၊ငုံးဥပြုတ်လေးကတစ်ဖက်ကိုင်ထားတယ်။
ဆံပင်ကနီကြောင်ကြောင်နဲ့စုတ်ဖွာနေတယ်။
မျက်နှာကလည်းပေရေလို့။ဝတ်ထားအင်္ကျီလက်တိုအဝါရောင်လေးကလည်းချေး(ဂျီး)တွေပေနေတယ်။
စကပ်အနီလေးနဲ့ကျွန်တော့်ကိုကြည့်နေတဲ့မျက်လုံးလေးတွေကတော့မျှော်လင့်ချက်နဲ့အရောင်လဲ့နေသလိုပဲ။
ကျွန်တော်က

“”မဝယ်တော့ပါဘူးကွယ်””

လို့ပြောပြီးလက်ကာပြလိုက်တော့မျှော်လင့်ချက်မဲ့သွားတဲ့မျက်လုံးလေးတွေကအရောင်မှိန်သွားတယ်။
သူလှည့်ထွက်သွားတယ်။
ပြီးတော့စတိုးဆိုင်ကြီးရဲ့အဝင်ကွန်ကရိလှေကားပေါ်ထိုင်နေတယ်။လက်ထဲကမြေပဲပြုတ်ထုပ်လေးနဲ့ငုံးဥပြုတ်ထုပ်လေးကိုဘေးခြေသုတ်ခုံပေါ်ချထားတယ်။
သူကကွန်ကရိလှေကားထစ်ပေါ်ခေါင်းတင်ပြီးအိပ်လိုက်ပြန်တယ်။
စတိုးဆိုင်ထဲကထွက်လာသူတွေကသူ့ဘေးကဖြတ်လျှောက်သွားကြတော့သူ့မြေပဲပြုတ်ထုပ်လေးနဲ့ငုံးဥပြုတ်ထုပ်ကလေးကိုကျော်သွားကြတယ်။
သူကစတိုးဆိုင်ကထွက်သွားသူတိုင်းကိုနောက်ပြေးလိုက်ပြီး

“”အန်တီ..မြေပဲပြုတ်ဝယ်ဦးမလား””

“”ဦးလေး..ငုံးဥပြုတ်””

လို့ပြောပြီးရောင်းနေလေရဲ့။
တချို့ကသူ့ကိုလက်ကာပြသွားတယ်။
တချို့က””တော်ပြီ””လို့မအော်ပဲပြောတယ်။
တချို့ကတော့””မစားချင်ဘူး..မြေပဲ..သွားငါ့နားမကပ်နဲ့””လို့အော်ငေါက်သွားကြတယ်။
တနေကုန်လို့တစ်ထုပ်တောင်ရောင်းရပါ့မလားလို့မဆီမဆိုင်ကျွန်တော်စိတ်ပူမိတယ်။
သူ့မှာမိဘမရှိဘူးလား။
ဘယ်မှာနေသလဲ။
ဘယ်လိုမိဘမျိုးကသည်လိုခိုင်းရက်တာလဲ။
ကျွန်တော်အမျိုးမျိုးတွေးနေမိတယ်။
အဖြေကတော့မရပါဘူး။
အဖြေသိချင်လျှင်တော့ကျွန်တော် လိုက်ကြည့်မှဖြစ်မယ်။
ကျွန်တော်နောက်ယောင်ခံလိုက်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။

<><><><><><><><><><><>

ကလေးမလေးထွက်သွားတယ်။လမ်းကြားလေထဲဝင်သွားတယ်။တစ်နေရာရောက်တော့သူ့ထက်သုံးလေးနှစ်လောက်ကြီးတဲ့ကလေးမလေးတစ်ယောက်နဲ့တွေ့တယ်။

“”မမ..သည်နေ့မရောင်းရဘူး””

လို့ပြောတယ်။

“”ငါ..ဗိုက်ဆာတယ်။သည်ငုံးဥစားချင်တယ်””

“”မစားနဲ့အဖေသတ်လိမ့်မယ်””

“”ဗိုက်ဆာတယ်””

ပြောပြီးအငယ်မလေးငိုတယ်။အကြီးမလေးစိတ်ညစ်သွားပုံရတယ်။ခေါင်းကုတ်တယ်။

“”ငုံးဥစားရအောင်နင့်မှာပိုက်ဆံငါးရာရှိလား။ငါးရာရှိရင်စား””

“”ဒါငါတို့ဟာလေ””

“”ငါတို့ဟာမဟုတ်ဘူး။အဖေ့ဟာ..အဖေ့ကတွက်ပေးလိုက်တာ။
သည်နေ့ပိုက်ဆံတစ်သောင်းရရမယ်တဲ့””

ကျွန်တော်စိတ်မကောင်း ဖြစ်မိတယ်။
စိတ်မကောင်းတော့ဘာလုပ်ရမလဲ။
ဘာလုပ်နိုင်မလဲ။
သူတို့ပိုက်ဆံတစ်သောင်းပြည့် အောင်ဖြည့်ပေးလိုက်ရမလား။
သူတို့နောက်ကလိုက်ကြည့်နေသည်ကိုလည်းမသိစေချင်ဘူး။
နောက်တော့ကျွန်တော်အကြံရတယ်။
သူတို့အနားကနေကျွန်တော်ဖြတ်လျှောက်လိုက်တယ်။
ပြီးတော့တစ်နေရာကနေစောင့်ကြည့်နေလိုက်တယ်။
ခနနေတော့အငယ်မလေးကလမ်းပေါ်မှာကျကျန်ခဲ့တဲ့ပိုက်ဆံငါးထောင်တန်လေးနတစ်ရွက်ကောက်တွေ့တယ်။
အငယ်မလေးတော်တော်ပျော်သွားတယ်။
သူ့အမကိုပိုက်ဆံပေးလိုက်တယ်။သူ့အမလည်းပျော်သွားတယ်။အကြီးမလေးကသူ့ညီမလေးကိုငုံးဥနဲ့မြေပဲပြုတ်စားလို့ရပြီလို့ပြောတယ်။
ညီမနှစ်ယောက်မြေပဲပြုတ်နဲ့ငုံးဥကိုနှစ်ဦးသားခွာစားနေလေရဲ့။
ပြီတော့ထွက်သွားကြတယ်။
အဝေးပြေးကားကြီးကွင်းထဲဝင်သွားတယ်။
အစွန်ဆုံးတိုက်တန်းအထိလျှောက်သွားတယ်။
တစ်နေရာရောက်တော့တိုက်နှစ်လုံးကြားကနေနောက်ဖေးဘက်ဝင်သွားပြန်တယ်။
နောက်ဖေးလမ်းကြားဆုံးတော့ကားတစ်စီးကောင်းသွားလို့ရတဲ့လမ်းကို့တွေ့တယ်။
အဲ့လမ်းဘေးမှာတိုက်ခန်းပုပုလေးတွေအများကြီးရှိတယ်။
တိုက်ခန်းတွေထဲကြည့်တော့အလောင်းကစားရုံတွေဖြစ်နေတယ်။အရက်ဆိုင်သေးသေးလေးတွေလည်းရှိတယ်။
ကျူခုံတွေလည်းရှိတယ်။
ကုတင်တစ်လုံးစာအခန်းလေးတွေမှာနေတဲ့မိသားစုတွေလည်းရှိတယ်။
အခန်းရှေ့မှာချက်ပြုတ်ဖို့မီးဖိုးလေးတွေရှိတယ်။
ကားမောင်းသွားတဲ့အခါမလွတ်လို့မီးဖိုကို မ ရွှေ့ပေးရတာတွေ့ရရဲ့။လူတွေအများကြီးနဲ့သည်လိုနေရာမျိုးရှိနေတာအံ့ဩရတယ်။

<><><><><><><><><><><>

ကလေးမလေးနှစ်ယောက်တဲလေးထဲဝင်သွားတယ်။
တဲလေးအကျယ်ကခြောက်ပေကုတင်တစ်ချပ်စာသာသာရယ်။
မိုးကာမိုးထားတယ်။
အကာကမရှိဘူးလို့ပြောရမလားဘဲ။
ဘာနဲ့ကာထားတယ်လို့ပြောစရာတောင်မရှိ။
ဟိုဘက်တိုက်နဲ့သည်ဘက်တိုက်ကြားဆိုတော့အုတ်ထရံနဲ့ကာထားတယ်ပဲပြောရတော့မယ်။
တဲထဲမှာကုတင်လို့ခေါ်ရမလား..လေးတိုင်စဉ်လို့ခေါ်ရမလားမသိတဲ့ကွပ်ပျစ်တစ်ခုရှိတယ်။
အဲ့အပေါ်မှာလူတစ်ယောက်ထိုင်နေတယ်။
အဲ့သည်လူမျက်နှာကတော်တော်ဖေါနေပြီလို့ပြောရမယ်ထင်ရဲ့။
လူကဝတာမဟုတ်ဘဲတော်တော်ပွနေပြီ။

“”ဟဲ့..ပေးပိုက်ဆံ””

အကြီးမလေးကပိုက်ဆံလေးတွေပေးလိုက်တယ်။ထိုလူကယူဆွဲပြီးရေတွက်နေတယ်။ရေတွက်ပြီးတော့

“”ပိုက်ဆံငါးရာလျော့နေတယ်။နင်တို့ဘာဝယ်စားသေးတုံး””

“”ဘာမှမစားဘူး..အဖေ””

“”မှန်မှန်ပြော..ငါကလိမ်တာမကြိုက်ဘူး။လာစမ်းအကြီးမ..ပိုက်ဆံငါးရာဘာလို့လျော့နေလဲပြော””

ပြောပြောဆိုဆိုနဲ့ကလေးမလေးကိုပါးရိုက်လိုက်တယ်။
အကြီးမလေးမှာကြောက်လွန်းလို့တုန်နေရှာတယ်။အငယ်မလေးကလည်းကုပ်ကုပ်ကလေးနဲ့မလှုပ်ရဲ။အဲ့သည်အချိန်မှာမိန်းမတစ်ယောက်ရောက်လာတယ်။

“”သည်နေ့ငါးမျှားတာငါးကြီးကြီးကိုမမိဘူး””

လို့ပြောတယ်။ပြီးတော့

“”သူတို့ဘယ်လောက်ရခဲ့လဲ””

လို့မေးတယ်။ယောက်ျားဖြစ်သူက

“”တစ်သောင်းတောင်မပြည့်ဘူး။အလကားပဲ””

“”တစ်သောင်းမပြည့်လဲနေ..ကျုပ်ကိုငါးစားပေးဦး။
မကျေနပ်သေးဘူး။
ကျုပ်ငါးသွားမျှားဦးမှာ””

ဘယ်လောက်ပါသွားလဲတော့မသိဘူး။
သူ့ယောက်ျားလက်ထဲကပိုက်ဆံကိုဆွဲလုသွားတယ်။
ပြောသွားသေးတယ်။

“”ဟဲ့..အကြီးမ..နင်တို့အဖေကိုကြက်ဥကြော်ပေးလိုက်..ထမင်းအိုးထဲမှာထမင်းကျန်သေးတယ်””တဲ့။

ဖအေဆိုတဲ့လူကပိုက်ဆံခုနစ်ရာထုတ်ပေးတယ်။
ကလေးမလေးကကြက်ဥနှစ်လုံးဝယ်လာတယ်။
မီးဖိုကိုမီးထည့်မွေးတယ်။
ပန်းကန်တစ်လုံးထဲကြက်ဥနှစ်လုံးကိုဖေါက်ထည့်ပြီးခလှောက်တယ်။ဆားထည့်တယ်။
ဘေးကိုခနချထားပြီးမီးတက်အောင်လုပ်တယ်။
မီးတက်လာတော့ဒယ်အိုးမည်းမည်းလေးတည်လိုက်တယ်။
ဆီပုလင်းလေးယူပြီးဆီထည့်မယ်လုပ်တော့ကလေးမလေးကမြှောက်ကြည့်လိုက်သေးတယ်။
ပြီးတော့ပုလင်းလိုက်မှောက်ချလိုက်တယ်။ဆီကတစ်စက်ချင်းစည်းကမ်းရှိရှိကျဆင်းသွားလေရဲ့။

အကြီးမလေးကကြက်ဥကြော်ဖို့အဲသလိုပြင်ဆင်နေတုံးအငယ်မလေးကကြက်ဥပန်းကန်ထဲကိုတစ်ခုခုထည့်လိုက်တယ်။အကြီးမလေးက

“”ဘာထည့်လိုက်တာတုံး””

“”ဆား””

“”ငါထည့်ပြီးပြီ..လျှာရှည်လိုက်တာ..ငါတော့သေတော့မှာပဲဟယ်””

လို့ပြောတယ်။
ဒါပေမဲ့ဘာမှလုပ်လို့မရတော့ဘူး။ကြော်လိုက်တော့တယ်။
ကြက်ဥကြော်နံ့ကမွှေးလို့။
အငယ်မလေးကတံသွေးမြိုချတယ်။
ကြက်ဥကြော်ရတော့အကြီးမလေးကသူ့အဖေအတွက်ပန်းကန်နဲ့ထည့်ပြီးသူ့အဖေကိုပေးတယ်။
သူ့အဖေကပုလင်းတစ်လုံးထဲအရက်ကိုခွက်ထဲငှဲ့တယ်။
ပြီးတော့မော့သောက်လိုက်တယ်။ပြီးတော့ကြက်ဥကြော်ကိုလက်နဲ့ဖဲ့ပြီးပါးစပ်ထဲထိုးသွတ်လိုက်တယ်။

“”ထွီ…ငန်လိုက်တာ..ဟိုကောင်မလာစမ်း..နင်ကငါ့ကိုရွဲ့ပြီးဆားတွေထည့်တာပေါ့လေ””

ကလေးမလေးကကြောက်ကြောက်နဲ့သူ့အဖေဆီသွားရတယ်။
သူ့အဖေဆီလည်းရောက်ရော

“”ရွဲ့ခြင်ဦးဟ””

လို့ဆိုပြီးဇက်ပိုးအုပ်တယ်။အငယ်မလေးကတော့ငိုလို့ပေါ့။အကြီးမလေးကလည်း

“”ကြောက်ပါပြီအဖေရဲ့””

ဆိုပြီးငိုရှာတယ်။
စိတ်မကောင်းလိုက်တာ။
အဲ့သည်လူကိုကျွန်တော်ထရိုက်ချင်စိတ်တောင်ပေါက်တယ်။
ဒါပေမဲ့ကျွန်တော်ဘာမှမတတ်နိုင်ပါဘူး။
မကြည့်ရက်ပေမဲ့ကြည့်နေခဲ့ရပါတယ်။
ကလေးမလေးနှစ်ယောက်စလုံးအခန်းထောင့်လေးမှာငုတ်တုတ်ထိုင်နေကြလေရဲ့။

<><><><><><><><><><><>

သူ့တို့အဖေကကြက်ဥကြော်ဆားငန်လို့ဆိုးပြီးရိုက်ပေမဲ့ကြက်ဥကြော်ကိုတော့အရက်နဲ့ဆက်မြည်းနေတယ်။
အငယ်မလေးကသူ့အမကိုတိုးတိုးလေးပြောတယ်။

“”ဗိုက်ဆာတယ်””

လို့ပြောတယ်ထင်တာပဲ။
အကြီးမလေးကထမင်းအိုးမည်းမည်းလေးထဲကထမင်းကိုပန်းကန်ပြားလေးထဲခူးထည့်လိုက်တယ်။
ပြီးတော့ဒယ်အိုးမည်းမည်းလေးထဲကကျန်နေတဲ့လက်မသာသာလောက်ကြက်ဥကြော်လေးထည့်ပေးတယ်။
အငယ်မလေးကကြက်ဥကြော်လေးနဲ့ထမင်းကိုအငန်းမရစားရှာတယ်။
ဆာပြီပေါ့။
အကြီးမလေးကတော့တံသွေးကိုသာမြိုချနေရှာတယ်။
သူတို့အဖေကတော့ဘယ်အချိန်ကစပြီးအရက်ကိုသောက်သလဲတော့မသိဘူး။
မူးပြီးလဲသွားပြီ။
အဲသည်တော့မှအကြီးမလေးကထမင်းအိုးထဲကကျန်တဲ့ထမင်းလေးကိုကြက်ဥကြော်ထားတဲ့ဒယ်အိုးမည်းထဲထည့်ပြီးလူးလှိမ့်ပြီးစားရရှာတယ်။
မဝတဝပဲဖြစ်မယ်ထင်ပါရဲ့။
သူတို့အမေပြန်လာပြီ။
ဟင်း…သူတို့အမေကလည်းမူးလို့။

“”ဟင်း…သေနာကြီးက သေပြီပေါ့။ကောင်းတယ်။နင်တို့အဖေသေနာကောင်အတွက်ထမင်းရှိသေးလား””

“”မရှိတော့ဘူး””

“”မရှိတော့ရင်..သင်းကနင်တို့ကိုသတ်လိမ့်မယ်။
ဘာလို့ချန်မထားတုံး။
နင်အဖေသေနာကျအကြောင်းကိုမသိဘူးလား””

လို့ပြောကာအကြီးမလေးကိုခေါင်းခေါက်တယ်။
အငယ်မလေးကတော့နံရံကိုမှီပြီးအိပ်ပျော်သွားရှာပြီ။
မဝရေစာလေးစားရပြီးအနှိပ်စက်ခံနေရတဲ့ကမလေးကိုကျွန်တော်ဆက်ပြီးမကြည့်ချင်တော့ဘူး။ကြည့်လည်းမကြည့်ရက်တော့ဘူး။

ကျွန်တော်ပြန်လာခဲ့တယ်။ကျွန်တော့်စိတ်တွေမကြည်ဘူး။ဘယ်သူ့ကိုအပြစ်တင်ရမှန်းမသိတော့ဘူး။
သည်ခေတ်ကြီးထဲမှာသည်လိုမိဘတွေရှိနေတာသည်ခေတ်ကြီးမကောင်းလို့လား။
သည်စနစ်ကြီးထဲမှာသည်လိုအဖြစ်မျိုးတွေရှိနေတာသည်စနစ်ကြီးမကောင်းလို့လား။
သေချာတာကတော့သည်ကလေးမလေးနှစ်ယောက်ရဲ့မိဘတွေမကောင်းဘူး။

ကိုဝင်းသိန်း(မူဆယ်)
((၂၇-၁၀-၂၀၂၃))