မအေး..တော်လေးဝ မဝင်သူပါ(စ/ဆုံး)
—————————————
သူ့နာမည်အပြည့်အစုံကို ကိုဆွေ မသိပါ။ မည်သူမှလည်း သူ့နာမည်ရင်းဟုတ်၊မဟုတ်ကို တိတိကျကျ မသိရှိခဲ့ကြပါချေ။ အဘယ့်ကြောင့်ဆိုသော် တစ်ခါမျှ မေးမြန်းမကြည့်ဖြစ်ခဲ့ကြသောကြောင့်ပင်..။
မအေးသည် မိန်းမပျက်၊ ပြည့်တန်ဆာဟောင်းတစ်ဦးသာ ဖြစ်သည်။ တစ်ချိန်က မအေးသည် ပြည့်တန်ဆာတစ်ဦး ဖြစ်ခဲ့သည်။ သူ ပြည့်တန်ဆာလုပ်နေသည့်အချိန်က ဆိုက္ကားနင်းသည့်ကိုဆွေနှင့် စတင်တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။ မအေးတို့အခြေစိုက်ရာပြည့်တန်ဆာခေါင်းအိမ်နှင့် မနီးမဝေးလမ်းဆုံ၊ ဘန်ဒါပင်ရိပ်အောက်တွင် ဆိုက္ကား ဂိတ်ထိုးလေ့ ရှိသည်။
ကိုဆွေသည် သူတို့အိမ်တွင် အကြီးဆုံးသား တစ်ယောက်ဖြစ်သည်။ အသားဖြူဖြူ၊ ရုပ်ရည်သန့်သန့်နှင့်လူချောတစ်ဦး ဖြစ်သည်။ ကိုဆွေ၏ မိဘများသည် လက်လုပ်လက်စား သစ်စက်အလုပ်သမားများသာ ဖြစ်ကြ၍ ပညာကိုကောင်းကောင်းမွန်မွန် သင်ကြားမပေးနိုင်ခဲ့ကြပေ။ ကိုဆွေ ရှစ်တန်းအောင်သည်နှင့် ကျောင်းထွက်လာခဲ့ရသည်။ ကျောင်းထွက်ပြီးနောက်တွင် သစ်စက်ထဲတွင် ပျဉ်သယ်၊ လွှစာကြုံး၊ သစ်ခွဲသားအတင်အချလုပ်-စသည့်ဗာဟီရလုပ်ငန်းလေးများကို ဝင်လုပ်ခဲ့သည်။
အသက် ၁၆-နှစ်လောက်ရောက်သည့်အခါ ဝင်ငွေ မဆိုးလှသည့် ဆိုက္ကားနင်းသည့်အလုပ်ကို ဝင်လုပ်ခဲ့သည်။ သူတို့နေထိုင်သည့်အလုပ်သမားတန်းလျားနှင့်မနီးမဝေးတွင် ရှိသည့်ဆိုက္ကားဂိတ်တွင် ဆိုက္ကား ဂိတ်ထိုးခဲ့သည်။
ကိုဆွေတို့ ဆိုက္ကားဂိတ်၊ ဘန်ဒါပင်ရိပ်အောက်တွင် မြင့်ဆိုသည့်ကွမ်းယာရောင်းသည့်ဆိုင်ကလေးလည်း ရှိသည်။ ကွမ်းယာရောင်းသည့် အမာမြင့်ဆိုသည့် ကောင်မလေးမှာ ကိုဆွေနှင့် အသက်အရွယ်က မတိမ်းမယိမ်း။ ရုပ်ရည်ကလည်း သနားကမားလေးနှင့်..။
ဆိုက္ကားဂိတ်ထိုးချိန်တွင် ကိုဆွေတို့ဆိုက္ကားသမားတစ်သိုက်သည် ခရီးသည် စောင့်ရင်း ကျားထိုးကြ၊ ကြွေပစ်ကစားကြလေ့ ရှိသည်။ အဖေါ်ဖြစ်သည့်ဆိုက္ကားသမားများက ကိုဆွေနှင့် အမာမြင့်ကို နီးစပ်အောင် စကြနောက်ကြ လှော်ပေးကြသည်။
အမာမြင့်ကတော့ အသားဖြူဖြူနှင့် ရုပ်ရည်သန့်ပြန့်သည့်ကိုဆွေကို သဘောကျသည်။ ကိုဆွေအပေါ်တွင် စေတနာပိုတတ်သည်။ ကွမ်းယာပေးတာကအစ ကွမ်းရွက်လှလှနုနုလေးများကို ရွေးချယ်ပြီးမှ ကိုဆွေ့အတွက် ယာပေးတတ်သည်။
သူ့အိမ်က ပါလာသည့်မုန့်ပဲ သွားရည်စာလေးကအစ လူမသိသူမသိအောင် ကိုဆွေ့အပေါ် စေတနာ ရေစီးကမ်းပြိုလိုက်တတ်သည်။ ကျန်လူတွေက ဒါတွေကိုသိကြတော့ သူတို့နှစ်ဦးနီးစပ်အောင် လှော်ပေးကြသည်။ တွန်းပေးကြသည်။
အမာကြည်ကသာ ကိုဆွေ့အပေါ် စေတနာတွေ ပိုနေသော်လည်း အမာကြည့်အပေါ်တွင် ကိုဆွေက သိပ်ပြီးဟက်ဟက်ပက်ပက် မရှိလှ..။ အထူးသဖြင့် အမာကြည် နှုတ်ခမ်းနီပါးနီတွေ ဆိုးလွန်းတာကို သဘောမကျလှ..။ ဆံပင်ကို ခဏခဏ ကောက်လိုက်ဖြောင့်လိုက်၊ ရှည်လိုက်တိုလိုက်လုပ်နေသည်ကို ဘဝင်မကျလှ..။
ပွဲလမ်းသဘင်ရှိ၍ ကွမ်းယာဆိုင်ထွက်လျှင် အမာမြင့်ဆိုင်တွင် လူငယ်ကာလသားတွေ၊ ယောက်ျားလေးတွေနှင့် အုန်းအုန်းထ၊ဝိုင်းဝိုင်းလည်နေတတ် သည်။ ထိုအချိန်မျိုးတွေ အမာမြင့်နှင့် သူ့ညီမတို့ ဝတ်စားထားသည်မှာ အိုဗာဖြစ်လွန်းသည်။ တန်ဖိုးနည်း နှုတ်ခမ်းနီ၊ ပါးနီ၊မိတ်ကပ်တွေကို ပြူးပြဲနေအောင် လိမ်းထားသည်။ မျက်တောင်မွှေးတုတွေက တပ်ထားလိုက်သေးသည်။ ဆံပင်ကိုလည်း ဆန်းဆန်းပြားပြားဖြစ်အောင် ပြင်ထားသည်။ ဝတ်ထားသည့်အင်္ကျီကလည်း လည်ပင်းပေါက် ဟိုက်လွန်းသလို ပါးပါးလျားလျားနိုင်လွန်းလှသည်။ လူငယ်တွေက ဒါကိုသဘောကျကာ ကွမ်းယာခုံကို ဝိုင်းဝိုင်းလည်ကာ ဟီးဟီးဟားဟားနှင့် စကြနောက်ကြ၊ ပိုးကြပန်းကြနှင့်..။ အချို့က သောက်စားလာသည့်အရှိန်လေးနှင့် ရိသဲ့သဲ့ မထိတထိ လင်ပြောမယားပြော မကြားနိုးနားပြောကြသည်။ ကိုဆွေ့အမြင်တွင် တကယ့်ကို မျက်စိနောက်စရာ..။
သို့ကြောင့်လည်း အမာမြင့်ကို ကလက်တက်တက်နိုင်လွန်းသူ၊ မိန်းမကောင်းမပီသသူဟု စိတ်ထဲတွင် မှတ်ယူထားမိသည်။
****************************
ညပိုင်းအလုပ်ကို ဆိုက္ကားဆရာတိုင်းတော့ လုပ်လေ့ မရှိကြချေ။ အများအားဖြင့် ညနေ ၆-နာရီဝန်းကျင်တွင် ဂိတ်သိမ်း၍ အိမ်ပြန်လေ့ရှိကြသည်။ ဆိုက္ကားအငှားနင်းရသူများသည် ညနေပိုင်းတွင် အုံနာထံ ဆိုက္ကားပြန်အပ်ကာ အုံနာခ သွင်းကြရသည်။ ညနေပိုင်း ဆိုက္ကားပြန်မအပ်နိုင်လျှင် ညတွက် အုံနာခပါ သွင်းကြရသည်။ ပုံမှန်အားဖြင့် ညပိုင်းတွင် ဆိုက္ကား စီးနင်းသူ ပါးသွားပြီဖြစ်၍ ခရီးသည်ရဖို့ မလွယ်ကူတော့ချေ။
သို့ဖြစ်၍ ညကြေးမပေးနိုင်ကြသဖြင့် ဆိုက္ကားကို ညပိုင်းတွင် မထွက်ကြဘဲ အိမ်ပြန်နားကြသည်။ ညဈေးတန်း၊ ရုပ်ရှင်ရုံ၊ ဘူတာရုံ၊ ကားဂိတ်၊ သင်္ဘောဆိပ်တို့တွင်သာ ညပိုင်း ဆိုက္ကားထွက်သူ ရှိသည်။
ကိုဆွေတို့ဆိုက္ကားဂိတ်တွင်လည်း ညပိုင်းထွက်သူမှာ လူနည်းစုသာ ဖြစ်သည်။ ကိုယ်ပိုင်ဆိုက္ကားလည်းဖြစ်၊ အိမ်နှင့်လည်း နီးသဖြင့် ကိုဆွေတစ်ယောက် ညပိုင်းဂိတ်ထိုးလေ့ ရှိသည်။
ကိုဆွေတို့ဂိတ်မှ ဆိုက္ကားသမားများက ဝင်ငွေကောင်းသည့်ညပိုင်းလုပ်ကွက်တစ်ခု ရှိသည်။ ညဦးပိုင်းမှာ တစ်ခါလောက်လုပ်ခွင့်ရပါက နေ့ခင်းဘက်တွင် ဆိုက္ကားနင်း၍ ရသည့်ဝင်ငွေထက် ပိုမိုရရှိတတ်ကြသည်။ ထို့ကြောင့်လည်း ညဦးပိုင်း ၉-နာရီလောက်အထိ ဂိတ်ထိုးကာ ဖေါက်သည်မျှော်လေ့ ရှိကြသည်။
ညဧည့်သည် ရဖို့အတွက် ဆက်ဆံရေးကောင်းမွန်ဖို့ လိုအပ်သည်။ နှုတ်လုံဖို့နှင့် ရိုးသားဖို့လည်း လိုအပ်သည်။ အထူးသဖြင့် နှစ်ဖက်ဖေါက်သည်တို့၏ ယုံကြည်စိတ်ချမှု ရှိဖို့က အဓိကကျပါသည်။
ကိုဆွေတို့၏ဆိုက္ကားဂိတ်နှင့် တခေါ်လောက်တွင် ဒေါ်အုန်း၏ပြည့်တန်ဆာအိမ် ရှိနေသည်။ ကွမ်းခြံရပ်ကွက်မှ ဒေါ်အုန်းဟု ပြောလိုက်လျှင် ဖိုလောက၌ မသိသူ မရှိသလောက်ပင်.။
ဒေါ်အုန်းသည် ပြည့်တန်ဆာခေါင်းလုပ်စားသည့် အမျိုးသမီးကြီး ဖြစ်သည်။ သူ့အိမ်တွင် အမျိုးသမီး ၁၀-ယောက်ဝန်းကျင်ကို အမြဲ မွေးမြူထားလေ့ ရှိသည်။ ဒေါ်အုန်းက ပြည့်တန်ဆာ မွေးမြူထားသော်လည်း ဖေါက်သည်များကို အိမ်မှာပင် ပျော်ပါးဆက်ဆံသည့်အလုပ်ကို လက်ခံလေ့ မရှိချေ။ လက်ခံနိုင်သည့်ငွေကြေး ဈေးညှိပြီးမှ မိန်းကလေးများကို ဖေါက်သည်ထံ ထည့်ပေးလိုက်သည်။ (ထိုသို့အလုပ်လက္ခံခြင်းကို သူတို့လောကတွင် အော်ဒါလိုက်သည်ဟု သုံးနှုန်းကြသည်။)
ပြည့်တန်ဆာကို ခေါ်ယူပျော်ပါးလိုသည့်သူအများစုသည် ဆိုက္ကားဂိတ်မှ ဆိုက္ကားဆရာများကို စုံစမ်းဆက်သွယ်ကြရသည်။ ဆိုက္ကားဆရာက ဒေါ်အုန်းအိမ်ကို လိုက်ပို့ပေးကြရသည်။ ဈေးနှုန်း ညှိနှိုင်းအဆင်ပြေပြီဆိုလျှင် ညဉ့်ငှက်မလေးများကို သူတို့ခေါ်ယူလိုသည့်နေရာဆီသို့ ဆိုက္ကားနှင့် လိုက်လံ ပို့ဆောင်ပေးကြရသည်။ နံနက်ပိုင်း အလင်းရောင်မလာမီ ၄-နာရီခန့်တွင် ညဉ့်ငှက်မလေးကို သွားခေါ်ပြီး ဒေါ်အုန်း၏အိမ်သို့ ပြန်လည်ပို့ဆောင်ပေးကြရသည်။
အချို့ပျော်ပါးလိုသူတွေက ကားနှင့်လာတတ်ကြသည်။ ပြည့်တန်ဆာအိမ်ရှေ့တွင် ကားထိုး၍ခေါ်ရမည်ကို ရှက်ရွံ့ကြသဖြင့် ဆိုက္ကားဂိတ်ကိုလာကာ တဆင့်သွားခေါ်တတ်ကြသည်။
မည်သို့ပင်ခေါ်ခေါ် ပြည့်တန်ဆာခေါ်ပေးရသည့်ဆိုက္ကားဆရာတို့မှာ နေ့ခင်းဘက်တွင် မရနိုင်သည့်ငွေကြေးအဖိုးအခကို ညဘက်တွင် မြက်မြက်လေး ရရှိတတ်ကြသည်။
ကိုဆွေလည်း လူခေါ်လူပို့ပေးရသည့်အလုပ်လေးမှ ငွေကြေးဖန့်ဖန့်ရသဖြင့် ညပိုင်းတွင် ဂိတ်ထိုးဖြစ်ခြင်း ဖြစ်သည်။
ကိုဆွေက ဆက်ဆံရေးလည်း ပြေပြစ်၊ နှုတ်လည်းလုံ၊ စိတ်ချယုံကြည်ရသဖြင့် ဖေါက်သည်တွေ ပေါသည်။ တဆင့်စကား၊ တဆင့်ကြားဖြင့် ကိုဆွေ နာမည်ကိုမေး၍ လာတတ်ကြသဖြင့် အခြားသူတွေနှင့်နှိုင်းစာလျှင် သူက အလုပ်ပို၍ ရလေ့ရှိသည်။
ဖေါက်သည်တွေထံ ကိုဆွေ အများဆုံးပို့ပေးရသည့်သူမှာ မအေး ဖြစ်သည်။ မအေးက ကိုဆွေထက် အသက် ၃-နှစ်လောက်ကြီးမည်။ အသားအရေက ညိုစိမ့်စိမ့်၊ ခန္ဓာကိုယ်က မဆူလွန်းမကျုံ့လွန်း၊ အရပ်အမောင်းက မနိမ့်လွန်း၊မမြင့်လွန်း၊ အပြုံးချိုချိုနှင့် ဆွဲဆောင်မှုကောင်းသည့်ရုပ်ရည် ရှိသည်။ ကြုံဆုံသမျှ ယောက်ျားသားများနှင့်လိုက်လျောညီထွေ အဆင်ပြေအောင် ဆက်ဆံတတ်သဖြင့် ဖေါက်သည်လည်း ပေါသည်။ ဧည့်သည်က ဒေါ်အုန်းအိမ်ထိ မလိုက်လိုသဖြင့် အဆင်ပြေမည့်တစ်ယောက်ကို ခေါ်ခဲ့ပါဆိုလျှင် ကိုဆွေက မအေးကိုသာ ခေါ်လာပေးလေ့ ရှိသည်။
မအေးကို လိုက်ပို့ရဖန်များလာသဖြင့် ကိုဆွေနှင့် ပြောမနာဆိုမနာ မောင်နှမလို ရင်းနှီးလာခဲ့ကြသည်။ ထို့ကြောင့်လည်း ဆိုက္ကားနှင့် နှစ်ယောက်အတူသွားကြတိုင်း မအေးနှင့် စပ်မိစပ်ရာ စကားစမြီတွေ ပြောဆိုဖြစ်ကြသည်။
” အော်ဒါတစ်ခေါက်လိုက်ရင် ဘယ်လောက်ရလဲမအေး။”
” ဝမ်းဘိုင်ဝမ်းဆိုရင်တော့ တစ်ရာ့ငါးဆယ်၊ နှစ်ရာလောက်ရတယ်။ လူများရင် လေးရာ့ငါးဆယ်၊ ငါးရာလောက်ရတယ်။ ”
” ဟုတ်လား။ အဲဒီတော့ ဒေါ်အုန်းက ဘယ်လောက်ယူပြီး မအေးက ဘယ်လောက်ရသလဲ။ ”
” ဒေါ်အုန်းက နှစ်ရာနဲ့ဈေးတည့်ရင် တစ်ရာ့ငါးဆယ်ယူတယ်။ မအေးက ငါးဆယ်ပဲ ရတာ…။ ငါးရာရတဲ့အခါ ဒေါ်အုန်းက လေးရာယူတယ်။ မအေးက တစ်ရာရတယ်။ ”
” ဟာ.…ဒေါ်အုန်းကြီးက ဖြတ်စားတာ များလိုက်တာ။ မအေးက နည်းနည်းလေး ရတော့ နာတာပေါ့။”
” အဲလိုလည်း ပြောလို့မရဘူး။ ဒေါ်အုန်းက နေစရာ ပေးထားတယ်။ ထမင်း ကျွေးထားတယ်။ လိုင်းကြေးတို့၊ အရှုပ်အရှင်းတို့ကို သူပဲတာဝန်ခံ ရှင်းပေးတာ..”
” အင်းလေ..အဲဒါလည်းဟုတ်တာပါပဲ။ ”
” အော်ဒါလိုက်တဲ့အခါ ပျော်ပါးတဲ့သူတွေက သူတို့စိတ်ကျေနပ်အောင် ဖြည့်ဆည်းပေးရင် တစ်ရာစ၊ နှစ်ရာစ မုန့်ဖိုးပေးတတ်ကြတယ်။ အဲဒါတွေကတော့ ကိုယ်ပဲ ရတာပေါ့။ ”
” မအေး ရတဲ့ပိုက်ဆံတွေကို ဘယ်မှာသုံးလဲ။”
” အဝတ်အစားဖိုး၊ မိတ်ကပ်နှုတ်ခမ်းနီဖိုးက ကုန်ရသေးတယ်လေ။ ပိုလို့ စုမိတဲ့ပိုက်ဆံလေးတွေကိုတော့ လူကြုံရှိတိုင်း အမေ့ဆီ လှမ်းပို့ပေးတယ်။ ရွာမှာ မောင်လေးနှစ်ယောက် ရှိသေးတယ်။ ”
” ဪ….”
မအေးကို သနားသွားမိသည်။ စကားကို ဆက်ပြောလိုစွမ်း မရှိတော့သဖြင့် ဆိုက္ကားကိုသာ ကျုံး၍ သာ နင်းနေလိုက်သည်။ ဒိုင်းမွန်းဟိုတယ်ရှေ့သို့ရောက်တော့ ဧည့်သည်က တံခါးဝက စောင့်ကြိုနေသည်။ မအေးက ဆိုက္ကားပေါ်မှဆင်း၍ ဆလင်းဘက်အိတ်ကလေးကို လွယ်ကာ ဆင်မယဉ်သာခြေလှမ်းများဖြင့် လျှောက်သွားသည်။
ဧည့်သည်က ကိုဆွေဆီသို့ လျှောက်လာကာ အစိတ်တန်ငွေစက္ကူတစ်ရွက်ကို ထုတ်ပေးလိုက်သည်။ ကိုဆွေက ပြုံးပြလိုက်ရင်း…
“အာစရိ။ မနက် ၄-နာရီမှာ လာခေါ်မယ်နော်။”
ဧည့်သည်က ခေါင်းငြိမ့်ပြသည်။ ကိုဆွေတစ်ယောက် လေးလံသောခြေလှမ်းများဖြင့် ဆိုက္ကားကို နင်းရင်း အိမ်ပြန်လာခဲ့သည်။
***************************
ဟိုတယ်အတွင်းမှ မရိုဖရဲအသွင်အပြင်ဖြင့် မအေး ထွက်လာသည်။ အသင့်စောင့်ကြိုနေသည့်ကိုဆွေ၏ဆိုက္ကားပေါ်သို့ တက်ထိုင်လိုက်သည်။ ဆလင်းဘက်အိတ်ထဲမှ တစ်ရာတန်နှစ်ရွက်ကို ထုတ်၍ ထောင်ပြရင်း..
” ဒီည ဘောက်ဆူးနှစ်ရာတောင် ရခဲ့တယ်။ ကိုဆွေ့ကို လက်ဖက်ရည်တိုက်၊မုန့်ကျွေးမယ်။ ရေခဲလက်ဖက်ရည်ဆိုင်ကို သွားမယ်။ ”
အပိုဆောင်း ငွေနှစ်ရာ ရခဲ့သဖြင့် ကလေးတစ်ယောက်လို မအေး ပျော်နေရှာသည်။
” ဒီညဧည့်သည်က ကျောက်သူဌေးကိုဆွေရေ။ သူ့ဆီ ငွေတွေမှ အများကြီးပါလာတာ။ သဘောလည်း ကောင်းရှာပါတယ်။ မုဆိုးဖိုကြီးတဲ့။ ”
” ဟုတ်လား။ ဒါကြောင့် မုန့်ဖိုးနှစ်ရာကြီးများတောင် ပေးလိုက်တာပေါ့။ ”
” အစက မပေးဘူးရှင့်။ မနက်မိုးလင်းလို့ မအေးပြန်မယ်လုပ်တော့ ဘဲကြီးက တခေါခေါနဲ့အိပ်တုန်းလေ ။ သူ့လက်ဆွဲအိတ်ထဲမှာ ငွေတွေ အထပ်လိုက် ပါတာ သိလို့ သူ့ကို လှုပ်နှိုးပြီး အိတ်ကြီးကို သူ့လက်ထဲထည့်ပေးပြီး ပြန်တော့မယ်နှုတ်ဆက်မှ ငွေနှစ်ရာထုတ်ပေးတာ..”
” မအေးရဲ့ရိုးသားမှုကို သိလိုက်လို့နေမှာပေါ့။”
” ဟုတ်မှာပေါ့။ မရှိဆင်းရဲလို့ ဒီအလုပ်လုပ်စားနေရပေမဲ့ သူ့တပါးပစ္စည်းတော့ မတော်မတရား မလိုချင်ပါဘူးတော်..”
” မအေးကိုတော့ လေးစားသွားပြီဟေ့။ ဂုဏ်ပြုတဲ့အနေနဲ့ လက်ဖက်ရည်မသောက်တော့ဘူး။ မြီးရှည် ပဲ သွားစားကြမယ်။ ”
***********************
” မအေး ဒီဘဝရောက်ခဲ့တာ ဖထွေး မကောင်းလို့ပါကိုဆွေရာ။ လူသနားအောင် မျက်ရည်ချူတာမဟုတ်ဘူးနော်။ မအေးဘဝကို ပြောပြမယ်။ ”
ကိုဆွေသည် ဆိုက္ကားကို မှန်မှန်နင်းရင်း မအေးပြောသမျှကို နားထောင်ပေးလိုက်သည်။
” မအေး။ ၁၂-နှစ်သမီးမှာ အဖေ ပိုးထိလို့ ဆုံးသွားတယ်လေ။ အမေ့အသက်ကလည်း ၃၀-စွန်းစွန်းဆိုတော့ အရွယ်ကောင်းပေါ့။ အမေ့မှာ အားကိုးခိုလှုံစရာ မိဘတွေကလည်း မရှိကြတော့ ဦးဘသစ်ဆိုတဲ့လူနဲ့ နောက်အိမ်ထောင်ပြုခဲ့တယ်လေ။ ဦးဘသစ်က လူကောင်းမဟုတ်ပါဘူး။ အသောက်အစားလည်း ရှိတယ်။ လောင်းကစားလည်း လုပ်တယ်။ အလုပ်ကိုကျတော့ ဘာမှမယ်မယ်ရရ လက်ကျောတင်းအောင် မလုပ်ချင်ဘူးလေ။ စားဝတ်နေရေးအတွက် အမေနဲ့မအေးပဲ ရုန်းကြရတာပေါ့။ ရွာမှာ ပဲကောက်နှမ်းကောက်လုပ်၊ အဝတ်လျော်၊ ရေထမ်းပေါ့။ ”
” မအေးဘဝကလည်း အစကတည်းက မဖြောင့်ဖြူးခဲ့ပါလားနော်။ ”
” မအေး ကံဆိုးခဲ့တာက အမေ အိမ်မှာ မရှိတဲ့တစ်ရက်မှာ ဖထွေးလုပ်တဲ့ဦးဘသစ်က မအေးကို အဓမ္မမတော်မတရားကျင့်ခဲ့တယ်လေ။ နင့်အမေကို ပြန်ပြောရင် သတ်ပစ်မှာလို့ ကြိမ်းမောင်းထားတော့ ဘယ်သူ့မှပြန်မပြောဝံ့ခဲ့ဘူး။ မအေးရဲ့အသက်က ၁၄-နှစ်ပဲ ရှိသေးတာ။ ကလေးဆိုတော့ ကြောက်တာကိုး။ ”
ကိုဆွေ၏လက်သီးဆုပ်သည် ဆိုက္ကားလက်ကိုင်ကို အလိုလိုတင်းကြပ်စွာ ဆုပ်ကိုင်ထားမိသည်။ အံကြိတ်လိုက်မိသည်။
” ဦးဘသစ်က တစ်ခါမဟုတ်ဘူး။ အမေ့ ကွယ်ရာမှာ ခဏခဏ…”
” တောက်။ ယုတ်မာလိုက်တာ..”
” ပိုဆိုးတာက မအေးကို မတော်မတရားပြုကျင့်ပြီးကတည်းက အမေ့ကို အပြစ်မရှိ၊အပြစ်ရှာပြီး အမြဲတမ်း ရိုက်ပုတ်နှိပ်စက်ရန်ရှာနေတော့တာပဲလေ။ မအေးကြောင့် အမေ့ကိုရန်ရှာနေတယ်ဆိုတာ သိတယ်လေ။ ဒီလိုနဲ့ ရွာမှာ ပွဲလာကတဲ့ဇာတ်အဖွဲ့ထဲက လူပြက်ကိုဇောက်ထိုးနဲ့ မအေး ရင်းနှီးသွားတယ်။ သူ့အားကိုးနဲ့ အိမ်က ထွက်ပြေးလာခဲ့ပြီး ဇာတ်အဖွဲ့ထဲ လိုက်လာခဲ့တယ်။ ဇာတ်သမားဆိုတာကလည်း သိတဲ့အတိုင်းမဟုတ်လား။ သားကြီး မယားကြီးရှိနေရက်နဲ့ ကိုဇောက်ထိုးကလည်း ဇာတ်လင်ဇာတ်မယားအဖြစ်နဲ့ မအေးရဲ့ဘဝကို ထပ်ပြီးချိုးဖဲ့ခဲ့တာပါပဲ။ နောက်ဆုံးတော့လည်း အရှုပ်ဝင်္ကပါထဲက ရုန်းမထွက်နိုင်တဲ့မအေးဟာ ဒီဘဝကို ရောက်ခဲ့ရတာပေါ့။”
မအေးကို ကြည့်လိုက်တော့ မျက်ဝန်းနှစ်စုံမှာ မျက်ရည်တွေက အိုင်ထွန်းလို့ နေလေပြီ။ မအေး၏ စိုရွှဲနေသည့် ဝမ်းနည်းမျက်ရည်များကို သုတ်ပေးချင်သော်လည်း ကိုဆွေ မဝံ့ရဲပါချေ။
” မအေးရဲ့မောင်လေးတွေ ဆိုတာက…”
” ဦးဘသစ်နဲ့ရတော့ အမေထပ်မွေးတဲ့မောင်လေးနှစ်ယောက်ပေါ့။ ”
ဒေါ်အုန်း၏အိမ်ရှေ့သို့ရောက်ပြီဖြစ်၍ ဆိုက္ကားကို ရပ်လိုက်သည်။ မအေးသည် အပြုံးလေးယဲ့ယဲ့ဖြင့် ကိုဆွေကို နှုတ်ဆက်လိုက်သည်။ ကိုဆွေသည် မျက်တောင်မခတ်မိဘဲ အိမ်ထဲဝင်သွားသည့် မအေးကိုသာ အဓိပ္ပါယ်မဲ့ ငေးကြည့်နေမိတော့သည်။
**************************
သည်နေ့ နံနက်ပိုင်းတွင် မအေး ညဥ့်အလုပ်ဝင်သည့် ဧည့်ရိပ်သာဆောင်တစ်ခုဆီသို့ ကိုဆွေ သွားခေါ်ရသည်။ ခါတိုင်းလို အဆောင်ရှေ့တွင် ထွက်၍ စောင့်ကြိုနေတတ်သောမအေးကို မတွေ့ရသဖြင့် ဘဲလ်တီးကာ အချက်ပေးလိုက်သည်။
” ကလင်…ကလင်….ကလင်..”
ခဏအကြာတွင် ကတုန်ကယင် အပြေးအလွှားဖြင့် မအေး ပြေးထွက်လာသည်။ မအေး၏မျက်နှာတွင် အညိုအမည်းတွေ စွဲလို့..။ အင်္ကျီထမီတွေကလည်း ဖရိုဖရဲ။ ဆံပင်တွေကလည်း ဖွာလန်ကြဲလို့…။
“မအေး၊ မအေး ဘာဖြစ်လာတာလဲ။ ”
မအေးသည် ကပျာကယာ ဆိုက္ကားပေါ် တက်ထိုင်လိုက်ရင်း…
” ဘာမှမဖြစ်ဘူး။ နင်း နင်း ဆိုက္ကားကို မြန်မြန်နင်း..”
ထိုအချိန်တွင် အဆောင်တံခါးဝမှ ဒယီးဒယိုင်ဖြင့် လူတစ်ယောက် ထွက်လာသည်။
” ဟေ့ကောင်မ။ မသာမ၊ -ာသယ်မ နေအုန်း။”
ကိုဆွေသည် ခရီးသည်တင်ထိုင်ခုံပြားအောက်တွင် ဝှက်၍ ဆောင်ထားသည့် ကျပ်လုံးသံပိုက်ကို ဆွဲထုတ်လိုက်သည်။
” ကိုဆွေ မလုပ်နဲ့။ သူတို့က မူးရူးနေကြတာ..။ နင်း နင်း ဆိုက္ကားကိုသာ မြန်မြန်နင်းပါ။”
ကိုဆွေ စိတ်ကိုထိန်းကာ ဆိုက္ကားကို မြန်မြန်နင်းထွက်လာခဲ့သည်။ လူတစ်စုတို့မှာ ဆဲဆိုကြိမ်းမောင်းကာ ကျန်နေရစ်ခဲ့ကြသည်။ ဆိုက္ကားကို အရှိန်မြှင့် နင်းလာခဲ့ရာ မီးထိန်ထိန်လင်းနေသည့်လမ်းမကြီးပေါ်သို့ ရောက်လာသဖြင့် အရှိန်လျော့လိုက်သည်။
” ဘယ်လိုဖြစ်လာတာလဲမအေးရာ။”
” လူယုတ်မာတွေပေါ့ကိုဆွေရယ်။ ခေါ်တုန်းက ပျော်ပါးမှာ သုံးယောက်ထဲပါဆိုပြီး ဈေးဆစ်လို့ လေးရာ့ငါးဆယ်နဲ့လိုက်လာခဲ့တာလေ။ ”
” အင်း..ဟုတ်တယ်လေ။ ဝန်ထမ်းတွေမို့လား။”
” ဟိုရောက်တော့ လူက ခုနစ်ယောက်ကြီး။ ကျမ တတ်နိုင်သမျှ အဆင်ပြေအောင် လိုက်လျောပါတယ်။ ဒါပေမဲ့ အရက်တွေမူးပြီး အချင်းချင်းရန်ဖြစ် စကားတွေ များကြ၊ တစ်ယောက်ပြီးတစ်ယောက် ဆက်နေလို့ ကျမ ခဏနားပါရစေပြောတာလည်း မရဘူး။ ဆဲဆို ပါးတွေနားတွေရိုက်ပြီး အတင်းကာရော….အဟင့် အဟင့်..”
” တော်တော်ဆိုးတဲ့လူတွေကွာ။ ပညာတတ်ဝန်ထမ်းတွေဖြစ်ပြီး နှမသားချင်း ကိုယ်ချင်းမစာမနာနဲ့..တောက်။ ”
အံကိုတင်းတင်းကြိတ်လိုက်မိသည်။ မိန်းမသားတစ်ယောက်၏ကာမကို ငွေပေးထားသည် ဆိုပြီး မညှာမတာ နိုင်ထက်စီးနင်းပြုမူတတ်ကြသည့်ယောက်ျားရင့်မာကြီးတွေ..။ စိတ်ဓာတ်တွေက ပြည့်တန်ဆာထက် နိမ့်ကျသည်။
” မအေးရဲ့ဒဏ်ရာတွေ ဆေးခန်းပြအုံးမလား။”
” ရတယ်ကိုဆွေ။ အိမ်ရောက်မှ ပရုပ်ဆီနဲ့ အနာကျက်ဆေးလေး လိမ်းတော့မယ်။ ဒီနေ့ ဒဏ်ရာတွေနဲ့မို့ လက်ဖက်ရည်ဆိုင် မထိုင်ချင်တော့ဘူးကိုဆွေ။ ကျမ တစ်ညလုံးလည်း မအိပ်ခဲ့ရလို့ နားချင်ပြီ။ အိမ်ကိုသာ တန်းပြန်ကြစို့။ ”
ကိုဆွေ စကားတစ်ခွန်းမျှ ပြန်မပြောမိဘဲ တစ်စုံတစ်ရာကို တွေးတောရင်း ဆိုက္ကားကိုသာ ငုံ့နင်းလာခဲ့သည်။ မအေးလည်း လူက နွမ်းလျနာကျဥ်နေသဖြင့် မျက်စိကိုမှိတ်ကာ မှိန်းမောလိုက်ပါလာခဲ့သည်။
” ကဲ…မအေးရေ ရောက်ပြီ။ ”
ကိုဆွေ၏အသံကြောင့် ဖျတ်ကနဲ လန့်နိုးသွားသည်။ ကျိန်းစပ်နေသည့်မျက်စိကို ဖွင့်ကြည့်လိုက်တော့ ဒေါ်အုန်း၏အိမ်မဟုတ်..။ မအေး မသိသောအိမ်တစ်အိမ်။ သူ အံ့ဩသွားသဖြင့် အစောပိုင်းက နာကျင်မှုတွေပင် ဘယ်ပျောက်ကုန်သည် မသိတော့။
” ဟင်.…ကိုဆွေ ကိုဆွေ ။ မအေးတို့ အခုဘယ်ရောက်နေတာလဲ။”
” မြို့သစ်ရပ်ထဲက ကိုညိုတို့အိမ်လေ..”
” ဟင်..ဘာဖြစ်လို့ ဒီကိုလာခဲ့ရတာလဲ။ ”
ကိုဆွေ ပြုံးလိုက်ရင်း မအေး၏မျက်ဝန်းကို တည့်တည့်ကြည့်ကာ…
” မအေးကို ခိုးလာတာလေ။ မအေးကို လက်ထပ်ယူမလို့ ဒီကို ခိုးလာခဲ့တာ.…။”
ကိုဆွေထံက မမျှော်လင့်သည့်စကားကို ကြားလိုက်ရသဖြင့် မအေး အလွန်အမင်းအံ့ဩသွားမိသည်။
” အို..မဟုတ်တာ။ ကိုဆွေဘက်က တအားကြီးနစ်နာမှာပေါ့။ မအေးက မိန်းမကောင်းမှ မဟုတ်တာ။ ကိုဆွေ့မိဘတွေကလည်း သူ့သားလူပျိုလေးကို မိန်းမပျက်နဲ့ ဘယ်သဘောတူကြပါ့မလဲ။ ပြီးတော့ ကိုဆွေနဲ့ ကျမက ရည်းစားမှ မဖြစ်ဖူးကြတာ..”
ကိုဆွေသည် မအေးကို ရင်ခွင်ထဲသို့ဆွဲသွင်းကာတင်းကြပ်စွာ ပွေ့ဖက်ထားလိုက်မိသည်။
” ဪ…မအေးရယ်။ ”
မအေး ပြောသလို ကိုဆွေ၏မိဘများက မအေးနှင့် သဘောမတူကြပါ။ သူတို့လင်မယားသည် မြို့သစ်ထဲတွင် အဖိုးနည်းဝန်ပါခြံဝင်းလေးတစ်ဝင်း ဝယ်ယူပြီး တစ်အိုးတစ်အိမ်ထူထောင်ကာ နေထိုင်ဖြစ်ကြသည်။ ကိုဆွေက မအေးကို မယားမှတ်မှတ်၊ သားမှတ်မှတ်ပေါင်းသင်းနေထိုင်ခဲ့သည်။ မအေးလည်း ယခင်ဘဝကို လုံးဝစွန့်လွှတ်လိုက်ပြီ။ ကိုဆွေက ဆိုက္ကားဆက်နင်းသည်။ ညပိုင်းတွင် ဆိုက္ကားနင်းသည့်အလုပ်ကိုမူ လုံးဝစွန့်ပယ်လိုက်တော့သည်။ မအေးကတော့ အိမ်ဗာဟီရတွေလုပ်ရင်း လင်ယောက်ျားဖြစ်သူကို အစွမ်းကုန်ပြုစုရှာပါသည်။
အတိတ်တစ္ဆေအိပ်မက်ဆိုးတွေ၏ခြောက်လန့်မှုကြောင့်လားတော့ မသိ။ ကိုဆွေတစ်ယောက် အရင်ကထက် အရက်တွေ ပိုသောက်လာတတ်ခဲ့သည်။ တစ်ခါတစ်ရံ မူးမူးရူးရူးနှင့်အိမ်ပြန်လာပြီး မအေးကို အမျိုးမျိုးအပြစ်ရှာကာ ဂျီကျ ရန်လုပ်နေတတ်သည်။ မအေးကတော့ ကိုဆွေ၏အပြစ်ရှာ ဆိုးနွဲ့လေသမျှကို သီးခံခဲ့ရှာသည်။
သည်လိုနှင့် အိမ်ထောင်သက် ၃-နှစ်ပင် ပြည့်လာခဲ့သည်။ သူတို့နှစ်ဦးတွင် သားသမီးတော့ တစ်ယောက်မျှ မထွန်းကားခဲ့ကြ…။ ကိုဆွေ၏မိဘများကလည်း ရိုးရိုးသားသား၊တည်တည်တန့်တန့်နှင့်အိမ်ထောင်ဖက်ကောင်း၊ဇနီးမယားကောင်း ပီသစွာ နေထိုင်သည့်မအေးအပေါ် အမြင်ကြည်လင်လာကြကာ ကူးလူးဝင်ထွက်ဆက်ဆံလာခဲ့ကြသည်။ စီးပွားရေးလည်း အသင့်အတင့် အဆင်ပြေလာကြသဖြင့် မအေးတို့ရွာသို့ အလည်သွားဖြစ်ကြသည်။ မအေး၏အမေသည်လည်း နောက်အိမ်ထောင်ဦးဘသစ် သေဆုံးသွားပြီဖြစ်၍ အရွယ်ရောက်စ သားနှစ်ယောက်နှင့်အဆင်ပြေလျက် ရှိနေပြီ။
တစ်နေ့ညနေခင်းတွင် အရက်ထွေထွေဖြင့် ကိုဆွေ အိမ်ပြန်လာသည်။ အိမ်ဝင်းထဲ ဝင်ပြီးသည်နှင့်…
” မအေး။ ဟေ့ မအေး။ ”
မအေးက ကိုဆွေကို ဆိုက္ကားပေါ်က တွဲချပေးရင်း..
” မူးလာပြန်ပြီလား။ အရက်တွေ လျော့သောက်ပါလို့ ပြောထားရက်နဲ့ကွယ်။ ကိုဆွေမှာ သွေးတိုးရှိတော့ အရက်နဲ့မတည့်ဘူးကိုဆွေရဲ့။ အိမ်မှာပဲသောက်ဖို့ အရက်နဲ့ အမြည်းနဲ့ သေချာလုပ်ပေးထားရဲ့နဲ့လည်း အပြင်ကပဲ သောက်လာချင်တယ်နော်။ ဒီယောက်ျားနဲ့တော့ ခက်ပါတယ်။”
” ငါ့ဖာသာ မူးချင်လို့ သောက်တာကွာ။ မူးရင် စိတ်ညစ်တာတွေ ပျောက်တယ်မအေးရ။ ဟား ဟား ဟား။”
ကိုဆွေသည် ရီဝေနေသည့်မျက်လုံးဖြင့် မအေးကို စိုက်ကြည့်ရင်း…
” ငါ မင်းကို မပေါင်းချင်တော့ဘူးမအေး။ သိလား။ ငါပြောတာ နားလည်လား။”
ကိုဆွေ၏စကားကြောင့် မအေးခမျာ ဆတ်ကနဲတုန်သွားရှာသည်။ သို့ပေသိ ပြုံးလိုက်ရင်း…
” ဘာလို့မပေါင်းချင်တော့တာလဲကိုဆွေရဲ့။ ကျမကို ရိုးသွားလို့လားရှင့်။”
” အေး..မရိုးတာရိုးတာတွေ အသာထား။ ငါ နောက်မိန်းမ ယူတော့မလို့…”
” နောက်မိန်းမ ယူချင်တာများ ယူပေါ့ရှင်။ ကျမက နောက်ယူမယ့် ရှင့်မယားလေးကို ညီမလေးလိုသဘောထားကြီးကြီးထားပြီး တည့်အောင်နေမှာပါရှင့်။ ဒါနဲ့ ကိုဆွေက နောက်ယူမဲ့မိန်းမကို တွေ့ထားလို့လား။ ”
” တွေ့ထားတယ်။ တွေ့ထားတယ်။ တွေ့ထားတာမှ ကြာလှပြီ။ အမာမြင့်တဲ့။ ငါတို့ဂိတ်မှာ ကွမ်းယာရောင်းတဲ့အမာမြင့်။ သိလား။ ”
သည်တစ်ခါ မအေး၏ရင်ထဲတွင် တကယ်ပင် ဗလောင်ဆူကာ တုန်လှုပ်သွားမိသည်။
” ဪ..ကိုဆွေရယ်။ မိန်းမပျက်ရဲ့ယောက်ျားကို အပျိုလေးက ယူမှာတဲ့လား။”
” ယူမှာ ယူမှာ။ မင်းနဲ့မတွေ့ခင်ကတည်းက သူက ငါ့ကိုကြိုက်နေတာ..။
သည်တစ်ခါ မအေးတစ်ယောက် အူလှိုက်သည်း လှိုက် ငိုကြွေးမိလေပြီ။ ကိုဆွေကတော့ ပြောချင်ရာတွေ ပြောဆိုပြီး ဘာခံစားချက်မှ မရှိသလို အိမ်ရှေ့ကွပ်ပျစ်ကြမ်းပြင်ပေါ်တွင် တခူးခူးနှင့် မှောက်လျက်ကြီး အိပ်ပျော်နေလေပြီ။
************************
ကိုဆွေသည် အမာမြင့်ကို ယူမည်ဟု ပြောသော်လည်း တကယ်ယူဖြစ်သည်မဟုတ်ပါချေ။ မအေးကို ဖွင့်မပြောသော်လည်း မိန်းမပျက်ဖြစ်သောမအေးကို လက်ထပ်ပေါင်းသင်းခဲ့သဖြင့် ပတ်ဝန်းကျင်၏ရိုက်ခတ်မှုလောကဓံကို အတော်ခံစားခဲ့ရဟန် တူပါသည်။ သို့ဖြစ်၍လည်း အရက်တွေကို ပို၍ သောက်လာသည်။ ဇနီးဖြစ်သူကို အပြစ်အမျိုးမျိုးရှာကာ ရန်လုပ်တတ်လာခဲ့ပေသည်။ မအေးကမူ ကိုဆွေ့အပေါ် မေတ္တာမပျက်၊ သစ္စာမပျက်ဘဲ ဇနီးကောင်းပီသစွာ ပြုစုယုယခဲ့ပါသည်။
အသောက်အစားများလာသည့်ကိုဆွေသည် မအေး ဂရုစိုက်ပြုစုသည့်ကြားမှ ပင်ပန်းသည့်ဒဏ်နှင့်အတူ ဆောင်းကာလနံနက်ခင်းတစ်ခုတွင် ကိုယ်တစ်ခြမ်းလေဖြန်းသွားခဲ့သည်။ အိပ်ရာထက်တွင် လဲနေသည့် ကိုဆွေကို မအေးတစ်ယောက် မနားမနေပြုစုပေးသော်လည်း ဝေဒနာက သက်သာမလာခဲ့ချေ။
ထိုအခါ ဒုက္ခိတလင်ယောက်ျားကိုပြုစုရင်း ရပ်ကွက်ထဲတွင် အဝတ်လျော်၊ မီးပူတိုက်၊ အမှိုက်ရှင်း စသည့် ဝင်ငွေရမည့်အလုပ်မှန်သမျှကို သိမ်းကျုံးလုပ်ကိုင်ရရှာသည်။ နိစ္စဓူဝ ရုန်းကန်နေရသည့်မအေး၏ဘဝမှာ ပင်ပန်းဆင်းရဲလွန်းလှသည်။
တစ်နေ့ အိမ်ရှေ့ဘက်တိုက်မှ အန်တီမြက ဝါဆိုသင်္ကန်းကပ်၊ ဆွမ်းကျွေးရန်အတွက် လိုအပ်သောပစ္စည်းပစ္စယများကို ဝယ်ခြမ်းပေးရန် မအေးကို မြို့မဈေးကြီးသို့ စေလွှတ်လိုက်သည်။ ဈေးဝယ်ရန်အတွက် မြို့မဈေးကြီးအတွင်းသို့ ဝင်ရန်ခြေလှမ်းပြင်လိုက်စဉ်..
” ဟဲ့..မိအေး။ မိအေး။ အမလေး။ မတွေ့ရတာကြာတော့ လူတွေများ မှားလို့ဟယ်။ ”
သူ့နာမည်ကိုခေါ်လိုက်သည့် ကျွမ်းဝင်ရင်းနှီးဖူးသောအသံကြောင့် နောက်သို့လှည့်၍ကြည့်လိုက်သည်။ ရွှေတွေသီးနေအောင် ဝတ်ဆင်ထားသည့်ဒေါ်အုန်း၏မျက်နှာပြဲပြဲကြီးကို ရုတ်တရက် တွေ့လိုက်ရသည်။ မအေးခမျာ မည်သို့မျှမျှော်လင့်မထားသဖြင့် အံ့ဩတကြီးဖြစ်ကာ တုန်လှုပ်သွားမိသည်။ ဒေါ်အုန်း၏ဘေးတွင် ခပ်ပျံပျံကောင်မလေးနှစ်ယောက်လည်း ပါသည်။
” ညီး လင်ကောင်းသားကောင်းရလို့ ငါတို့အလုပ်ကို စွန့်သွားတာ ဝမ်းသာပါတယ်အေ။ ယောက်ျားရသွားပေမဲ့ ညီးက ခုထိလှတုန်းအေ့။ ဘော်ဒီလည်း မရွဲသေးဘူး။ လုပ်စားမယ်ဆို လုပ်စားလို့ရသေးတယ်။”
ဒေါ်အုန်းက ပြီတီတီအပြုံးနှင့် အတည်ပေါက်လိုလို၊ ရွဲ့သလိုလိုနှင့်ပြောသည်။ သည်ပတ်ဝန်းကျင်နှင့်မဆက်ဆံချင်တော့ပြီမို့ မအေး စိတ်အိုက်သွားမိသည်။ ဒေါ်အုန်းက သူ့နှင့်ပါသည့်ကောင်မလေးနှစ်ယောက်ဘက်သို့ လှည့်ကာ…
” သူက မအေးတဲ့။ ညီးတို့ကြားဖူးချင်ကြားဖူးလိမ့်မယ်။ ငါ့အိမ်တုန်းက စတားပဲအေ့။ ဒါနဲ့ ညီးယောက်ျားမောင်ဆွေ ဘာလုပ်နေလဲကွဲ့။ ”
” ကိုဆွေ ကျန်းမာရေး မကောင်းဘူးကြီးကြီး။”
” ဟင်..ဘာရောဂါဖြစ်တာလဲဟဲ့။”
” ကိုယ်တခြမ်း လေဖြန်းသွားလို့ပါကြီးကြီး။”
” ဪ..ဒုက္ခပါပဲ။ ဒီလိုဆိုရင် ဆိုက္ကား ဘယ်နင်းနိုင်တော့မှာတုန်း။ ဒါနဲ့ ညီးကရော ခု ဘာတွေလုပ်နေသလဲ။ ”
“ကိုဆွေကိုပြုစုရင်း ရပ်ကွက်ထဲမှာ ကြုံရာကျပန်း အလုပ်လေးတွေကို လိုက်လုပ်နေတာပါကြီးကြီးရယ်။ ”
” ကဲ…ဟုတ်ပါပြီ။ ရော့ရော့ ကြုံတုန်း မုန့်ဖိုးလေး ယူသွားအုန်း။”
ဒေါ်အုန်းသည် ဖေါင်းကားနေသည့်ပိုက်ဆံအိတ်ကြီးအတွင်းမှ တစ်ရာတန် ၅-ရွက်ကို ထုတ်ယူပြီး မအေးကို ပေးလိုက်သည်။ မအေး မသန့်ရှင်းသည့်ပိုက်ဆံများကို မယူလိုသော်လည်း အခက်အခဲနှင့်ကြုံတွေ့နေချိန်မို့ မဝံ့မရဲလှမ်းယူလိုက်သည်။
” ကဲ..ကဲ – ငါတို့လည်း ဝင်စရာလေးတွေ ရှိသေးလို့ သွားလိုက်အုံးမယ်။ ဪ…ဒါနဲ့ ညီး အခက်အခဲ ရှိရင် ငါ့ဆီလာခဲ့ပေါ့။ အရွယ်ရှိတုန်း အလုပ်ပြန်လုပ်ချင်စိတ် ရှိသေးရင်လည်း ငါ့ဆီလာခဲ့လေ။”
ဒေါ်အုန်း၏ဖိတ်ခေါ်စကားက မအေး၏ဦးခေါင်းကို မိုးကြိုးပစ်ချလိုက်သလိုပင်..။ ခေါင်းထဲတွင် မိုက်ကနဲပင် ဖြစ်သွားမိသည်။
********************
မြင်းလှည်းက ဒေါ်အုန်းတို့၏အိမ် မရောက်မီ ကိုက်တစ်ရာအကွာလောက်တွင် ရပ်ပေးလိုက်သည်။ မအေး မြင်းလှည်းပေါ်က ဆင်းရန် ပြင်ဆင်လိုက်သည်။ မြင်းလှည်းဆရာက..
” ရှေ့တမာပင်နားလောက်မှာ ရပ်လို့က သိပ်မသင့်တော်ဘူးဗျ။ အဲဒီနားက မကောင်းတာလုပ်စားတဲ့အိမ် ရှိတော့ မိန်းမတွေဆိုရင် ဟိုလိုဒီလိုအထင် မှားမှာ စိုးရိမ်ရတယ်။ အဲဒါကြောင့် ဒီနားမှာ ရပ်ပေးတာဗျ။”
မြင်းလှည်းဆရာ၏စကားက မအေးကို မလုံမလဲဖြစ်သွားစေသည်။ မအေး တစ်လမ်းလုံး အမျိုးမျိုး တွေးတောလာခဲ့သည်။ မြင်းလှည်းပေါ်မှ ဆင်းပြီးသည်နှင့် ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ချလိုက်သည်။ ထီးကို ခပ်အုပ်အုပ်ဆောင်းကာ သူ လိပ်ပြာမလုံဖြစ်ခဲ့ရသည့်နေရာဆီသို့ ဦးတည်လိုက်လေသည်။
” ဟယ်..သမီး မိအေး။ လာလာ။ အိမ်ထဲဝင်လေ..”
တစ်ဖက်မှ ဝမ်းသာအဲလဲဖိတ်ခေါ်ကြိုဆိုသံကြောင့် အားတက်သွားရသည်။ ယောက္ခမများနှင့်ဆက်ဆံရမည်ကို ကျားမြီးဆွဲရမှာထက် ကြောက်ရွံနေခဲ့သည့်မအေးခမျာ ကိုဆွေ၏အမေက သူ့ကို “သမီး”ဟု တရင်းတနှီးနှုတ်ဆက်ခေါ်ဝေါ်လိုက်သည်မို့ ဝမ်းသာသွားမိသည်။
” သမီး ထိုင် ထိုင်။ ဘာတွေများ အရေးကြီးလို့ နေပူကြီးထဲ ထွက်လာရတာလဲအေ။ ဒါနဲ့ ငါ့သားမောင်ဆွေရဲ့ကျန်းမာရေးအခြေအနေရော ဘယ်လိုလဲ။”
ယောက္ခမကြီး၏အမေးစကားကြောင့် မအေး ဝမ်းနည်းသွားမိသည်။
” ကိုဆွေအတွက် လာခဲ့ရတာပေါ့အမေရယ်။ ကိုဆွေရဲ့ကျန်းမာရေးက သိပ်ပြီး တိုးတက်မလာဘူးအမေ။ နောက်ဆက်တွဲရောဂါတွေသာ ထပ်ထပ်ပေါ်လာတာ။ ”
” ငယ်ငယ်ရွယ်ရွယ်နဲ့ ဖြစ်မှဖြစ်ရလေ ငါ့သားလေးရယ်။ အသောက်အစား မဆင်ခြင်လို့ မိုက်ပြစ်ဒဏ်တွေ ခံနေရရှာပြီပေါ့။ အဟင့် အဟင့် ”
ကိုဆွေ၏အမေ ဒေါ်သီသည် ဝမ်းနည်းစွာ ငိုယိုလေသည်။
” ကိုဆွေ ပြန်ပြီးကျန်းမာလာဖို့ ကျမလည်း အစွမ်းကုန်ကြိုးစားပေးနေတာပါပဲအမေရယ်။ ကိုဆွေကို ဆေးကုဖို့ ကျမ ဝတ်နေတဲ့ဆွဲကြိုးလေးနဲ့ ဆိုက္ကားကိုလည်း ရောင်းလိုက်ရပြီအမေ။ ရှေ့အပတ်အင်္ဂါနေ့မှာ ဆရာဝန်က ရက်ချိန်းပေးထားလို့ ဆေးခန်းကို သွားပြရအုံးမယ်အမေ။ ဒီတစ်ခါ ဆေးခန်းပြဖို့အတွက် ငွေလိုနေတာနဲ့ အမေတို့ဆီ အားနာနာနဲ့လာခဲ့ရတာ..”
” ဟုတ်လားသမီး။ အမေတို့မှာလည်း ငွေပိုငွေလျှံ မရှိပေမဲ့ ညီးအဖေ ပြန်လာမှ တိုင်ပင်ပြီး စီစဉ်ကြတာပေါ့။ ”
” အမေတို့ဆီက ပိုက်ဆံကို အလကားမယူပါဘူးအမေရယ်။ ကျမတို့အိမ်ဝင်းလေး ဈေးတည့်လို့ရောင်းဖြစ်သွားရင် အမေတို့ပိုက်ဆံကို ဆက်ဆက်ပြန်ပေးပါ့မယ်။ ”
” အို…အဲဒီလိုလည်း ဘယ်ဟုတ်ပါ့မလဲကွယ်။ မောင်ဆွေက အမေတို့ရဲ့သားအရင်းပါ။ ကိုယ့်သား ဒီလိုဖြစ်နေတာ ဘယ်ပစ်ထားလို့ ဖြစ်ပါ့မလဲကွယ်။
” ကိုဆွေ့ကို ကျမ အတတ်နိုင်ဆုံးဂရုစိုက်ပါတယ်အမေ။ အခု ထွက်လာတော့လည်း အိမ်နားက ကလေးတစ်ယောက်ကို မုန့်ဖိုးပေးပြီး စောင့်ရှောက်ခိုင်းထားခဲ့တာပါ။ ”
ဒေါ်သီသည် ထိုင်ရာမှ ထလိုက်ကာ အိပ်ခန်းထဲ ဝင်သွားသည်။ ခဏအကြာ တစ်ရာတန်ငွေစက္ကူတစ်ထပ်ကို ကိုင်ပြီး ပြန်ထွက်လာသည်။
” ဒီလိုလုပ်သမီး။ သမီး ဝယ်စရာရှိတာလေးတွေ ဝယ်ပြီး မြန်မြန်ပြန်ပေါ့။ ညီးအဖေ အလုပ်ကပြန်မှ ညနေပိုင်းမှာ တို့အိမ်ကို လာခဲ့မယ်။ သူ့အစ်ကိုကို ပြုစုနိုင်ဖို့ အငယ်ဆုံးမ ကြာဖြူကိုပါ ခေါ်လာခဲ့မယ်။ ရော့ ရော့။ သမီးယောက်ျားအတွက် လိုအပ်တာလေးတွေ ဝယ်သွားဖို့..”
ဒေါ်သီ ကမ်းပေးလိုက်သည့်ငွေစက္ကူများကို အားနာနာနှင့် လှမ်းယူလိုက်သည်။
” အမေတို့ကို တကယ်အားနာတာပါ။ သမီးတို့ဘက်က သားသမီးတာဝန် ဘာတစ်ခုမှ မကြေပွန်ခဲ့ဖူးဘူး။ ဒုက္ခတွေ့မှ မိဘဆီ လာပြီးခေါင်းဝှေ့ရတာ တကယ်အားနာတာပါအမေရယ်။ ဘာပဲဖြစ်ဖြစ် အမေတို့ငွေကို သမီး ဆပ်နိုင်အောင် ပြန်ဆပ်မှာပါ။ ”
” ကဲပါ မိအေးရယ်။ ဒါတွေ နောက်မှပြောကြတာပေါ့။ အခု ဝယ်စရာရှိတာ သွက်သွက်ဝယ်ပြီး အိမ်ကိုသာ မြန်မြန်လေးပြန်ပါ။ ညီးယောက်ျားအကြောင်း ညီးသိမှာပါ။ မောင်ဆွေက အားငယ်တတ်တယ်။ ဘာပဲဖြစ်ဖြစ် ဂရုစိုက်ပါအေ။”
” အမေ သွားမယ်နော်။’
မအေးသည် စီးကျလာမျက်ရည်ကို လက်ကိုင်ပုဝါလေးနှင့်သုတ်ကာ ဒေါ်သီကို နှုတ်ဆက်စကားဆို၍ ထွက်လာခဲ့သည်။
မြို့မဈေးကြီးသို့သွားကာ ကိုဆွေ ပုံမှန်သောက်နေရသည့်ဆေးဝါးအချို့၊ ဟောလစ်တစ်ပုလင်း၊ ကိတ်မုန့်ခြောက်သုံးထုပ်နှင့် ပန်းသီး ၇-လုံးကို ဝယ်ကာ အိမ်သို့ပြန်ရန် မြင်းလှည်းဂိတ်ဘက်သို့ သွက်သွက်လေး ထွက်လာခဲ့သည်။
ဇရပ်ဝိုင်းဂိတ်သို့ရောက်တော့ မြို့သစ်ဘက်သို့ ထွက်မည့်မြင်းလှည်းက တစ်စီးမှ မရှိသေးချေ။ ကြုံသည်ယာဉ်ဖြင့်ပြန်မည်ဟု လမ်းမဘက် တမာပင်ရိပ်အောက်မှ စောင့်နေလိုက်သည်။
မအေး တမာပင်ရိပ်အောက် ရောက်ပြီးခဏတွင် သူ့ရှေ့သို့ ကိုယ်ပိုင်ကားအနက်ကလေးတစ်စင်း ညှင်သာစွာ ထိုးရပ်လိုက်သည်။ ကားရပ်ပြီးနောက် ဘေးတံခါးပေါက်မှန်ကို ဖြည်းဖြည့်ချင်းချလိုက်သည်။
” မအေး၊ မအေး အစ်ကိုကြီးကို မှတ်မိလား။ အခု မအေး ဘယ်သွားမလို့လဲ။ ”
ကားရှေ့ခေါင်းခန်းမှပြူထွက်လာသည့်ရင်းနှီးဖူးသောမျက်နှာကို ရုတ်တရက်မမှတ်မိ..။
” မအေးက မမှတ်မိတော့ဘူးထင်တယ်။ မအေးနဲ့ ဒိုင်းမွန်းဟိုတယ်မှာ နှစ်ခါအိပ်ခဲ့ဖူးတယ်လေ။ နောက်ဆုံးအခေါက်က အစ်ကိုကြီးရဲ့ပိုက်ဆံအိတ်ကြီးကို မအေးက မှတ်မှတ်ရရ..”
မအေး ပြန်လည်သတိရလိုက်သည်။ စိတ်သဘောထားကောင်းလှသည့်၊ မအေးကို ငွေ ၂၀၀ မုန့်ဖိုးပေးခဲ့သည့် ကျောက်ကုန်သည်မုဆိုးဖိုကြီး..။ နာမည်ကို ရေးရေးမှတ်မိလိုက်သည်။
” အင်း….ဦးလှဦး..ဆိုလားပဲ။”
” ဟား…ဟုတ်တယ်ဟုတ်တယ်ကိုလှဦးလေ။ ”
မအေး မှတ်မိသွားတော့ ဦးလှဦး၏မျက်နှာက ဝင်းပလာသည်။
” ခုမှပဲ တိုက်တိုက်ဆိုင်ဆိုင် မျှော်လင့်မထားဘဲ ပြန်တွေ့ရတယ်လို့ကွယ်။ အစ်ကိုကြီး မအေးကို တွေ့ချင်လွန်းလို့ ဒေါ်အုန်းအိမ်ကို နှစ်ခေါက်လာရှာသေးတယ်။”
” ကျမ အိမ်ထောင်ကျပြီးကတည်းက အဲဒီအလုပ်ကို စွန့်လိုက်တာပါဦးလှဦး။ ”
” ဩ..မအေးက အိမ်ထောင်ကျပြီးပြီလား။ ကောင်းတာပေါ့။ အဲဒီအလုပ်က မအေးလို စိတ်သဘောထားကောင်းတဲ့သူနဲ့မှ မထိုက်တန်တာ..။ အစ်ကိုကြီး မအေးကို လာရှာတာက အကြောင်းရှိလို့ပါကွာ။”
မအေး အံ့ဩသွားမိသည်။
” ကျမနဲ့ ဦးလှဦး လုပ်ငန်းသဘောအရ ဆက်ဆံခဲ့ကြတာပဲ ရှိတာ။ တခြား ဘာအကြောင်းနဲ့မှပတ်သက်မှု မရှိကြတာကို။”
” ကဲပါ…ဒီအတိုင်း လမ်းမကြီးပေါ် စကားရပ်ပြောနေရတာ လူမြင်လို့ မသင့်လျော်ပါဘူး။ မအေးကို အစ်ကိုကြီးကားနဲ့ အိမ်အထိ လိုက်ပို့ပေးမယ်။ မအေးရဲ့ယောက်ျားနဲ့လည်း တွေ့ဖူးတာပေါ့။ ပြီးမှပဲ အကြောင်းစုံ ပြောပြမယ်။ ကဲ.ကားပေါ်တက် တက်”
ဦးလှဦးက အတန်တန်ပြောဆိုနေသဖြင့် မငြင်းသာတော့ဘဲ ပစ္စည်းခြင်းလေးကို ဆွဲကာ ကားနောက်ခန်းပေါ်သို့ တက်ထိုင်လိုက်သည်။
” ရှေ့ခန်းကို လာခဲ့လေမအေး။”
” ရပါတယ်အစ်ကိုကြီး။ မျက်နှာသိတွေနဲ့မတော်တဆ တွေ့နေရင် ဦးလှဦး သိက္ခာကျမှာ စိုးရိမ်လို့ပါ။”
ဦးလှဦးက ပြုံးလိုက်ရင်း ကားကို ဖြည်းညှင်းစွာ မောင်းထွက်လိုက်သည်။
**************************************
” ရပ် ရပ် ရပ်လိုက်တော့ဦးလှဦး။ ကျမအိမ်အထိ လိုက်ပို့ပေးလို့မဖြစ်ဘူး။ ဦးလှဦးကို ကျမယောက်ျား မြင်သွားရင် သူ စိတ်ဆင်းရဲသွားရှာမှာ။ မဖြစ်ဘူး၊ မဖြစ်ဘူး ကားကို ဒီနားမှာပဲ ရပ်ပေးပါ။”
လမ်းမကြီးမှ မအေးတို့အိမ်ရှိရာဘက်သို့ချိုးဝင်မည့်လမ်းသွယ်အရောက်တွင် ကားကို ပျာပျာသလဲ ရပ်ခိုင်းလိုက်ခြင်း ဖြစ်သည်။
” ပို့မယ့်ပို့ ကူးတို့အထိ ရောက်အောင် ပို့ပေးပါ့မယ်မအေးရယ်။ ”
” မဖြစ်ဘူးရှင့်၊ မဖြစ်ဘူး။ ကျမယောက်ျားက ကျန်းမာရေး ကောင်းရှာတာမဟုတ်ဘူး။ စိတ်အားငယ်နေရရှာတဲ့အထဲ ထပ်ပြီး စိတ်ဆင်းရဲသွားမှာကို ကျမ မလိုလားဘူး။ ”
” ကဲ ကဲ..ဒါဖြင့်လည်း ဟုတ်ပါပြီဗျာ။ မအေး ကျွန်တော့်ကို ညာနေတာတော့ မဟုတ်လောက်ပါဘူးနော်။ အစ်ကိုကြီး ပြောပြတဲ့စကားတွေကတော့ အမှန်တွေချည်းပဲဆိုတာ မအေး ယုံပါ။ မအေးနဲ့ ထပ်ဆုံချင်ပါသေးတယ်။ နောင် အဆင်ပြေလောက်မယ့်အချိန် အိမ်ကို လာလည်ခွင့်ပြုပါ။ ”
ဦးလှဦးက လမ်းဆုံအရောက်တွင် ကားကို ရပ်ပေးလိုက်သည်။ ကားတံခါးကို ကပျာကယာဖွင့်ကာ မအေး မြန်မြန်ဆင်းလိုက်သည်။
” ကျေးဇူးပါပဲဦးလှဦး။ ကျမ တကယ်ကို အားနာပါတယ်နော်။ မဖြစ်နိုင်လွန်းလို့ ငြင်းပယ်ရတာကို နားလည်ပေးပါနော်။ ”
ဦးလှဦး ခေါင်းငြိမ့်ရင်း ပြုံးပြလိုက်သည်။ မအေးက ဦးလှဦးဟု လေးစားသမှုဖြင့် ခေါ်နေသော်လည်း သူ့အသက်က သည်လောက်ကြီး ကြီးလှပြီတော့ မဟုတ်သေး ။ အသက် ၅၀ပြည့်ရန်ပင် ၃-နှစ်ခန့် လိုပါသေးသည်။
ကားကို မောင်းမထွက်သေးဘဲ လက်ဆွဲခြင်းလေးကို ဆွဲ၍ လမ်းသွယ်ထဲသို့ လျှောက်ဝင်သွားသည့် မအေး၏နောက်ကျောပြင်ကို ခဏကြာမျှ ရပ်ကြည့်နေမိသည်။ မအေး၏သွယ်လျ ကျစ်လစ်သည့် ခန္ဓာကိုယ်လုံးလေးသည် ယခင် ၃-နှစ်ကအတိုင်းပင်..။ ဘာမျှ ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိလှ..။
” ဪ…မအေးရယ်။”
ဦးလှဦးသည် သက်ပြင်းတစ်ချက်ကို ချလိုက်ရင်း တစ်ယောက်တည်း ငြီးတွားသလို ရေရွတ်ကာ ကားလေးကို ဖြည်းညှင်းစွာ မောင်းထွက်လာခဲ့သည်။
မအေးသည် အိမ်ပေါက်ကို ရောက်တော့ မလုံမလဲ နောက်သို့ ပြန်လှည့်ကြည့်ရင်း ခြံဝင်းတံခါးကို လှပ်၍ ဝင်လိုက်သည်။ ခင်ပွန်းသည်ကိုဆွေက ဇနီးသည်ပြန်လာမည့်လမ်းဘက်ဆီသို့ တွေတွေကြီး လှမ်းမျှော်ကြည့်ရင်း ကြိုနေရှာသည်ကို တွေ့လိုက်ရသည်။
***********************************
ညနေပိုင်းတွင် ကိုဆွေ၏မိဘများ ရောက်ရှိလာကြသည်။ ကိုဆွေ ဝမ်းသာနေသလောက် မိခင်ဖြစ်သူဒေါ်သီ သားဖြစ်သူအတွက် ယူကြုံးမရဖြစ်ကာ ငို၍သာ နေလေသည်။ ကိုဆွေကို မုန့် ခွံ့ကျွေးနေသည့်မအေးကို လှမ်းကြည့်လိုက်ရင်း ဦးမြမောင် စကားလှမ်းပြောလိုက်သည်။
” ဘယ်လိုဆက်လုပ်မယ်လို့စိတ်ကူးထားလဲသမီး။”
” သမီး စိတ်ကူးကတော့ ဒီတစ်ပတ်ဆရာဝန်ပြပြီးတဲ့အခါ ဘယ်လိုဆက်လုပ်သင့်တယ်ဆိုတာ ထပ်သိရမယ်။ ဘာလိုပဲဖြစ်ဖြစ် ကိုဆွေကို အတတ်နိုင်ဆုံး ဆေးဝါးကုသပေးမယ်။ ဆေးကုရင် ငွေကတော့ လိုလာမှာပဲ။ အဲဒီတော့ ဒီအိမ်ဝင်းလေးကို ရသလောက်ဈေးနဲ့ ရောင်းလိုက်ဖို့ စိတ်ကူးထားတယ်အဖေ။ ”
ဦးမြမောင် သက်ပြင်းချလိုက်ရင်း…
” အဲဒါဆိုရင် သမီးတို့က ဘယ်သွားပြီးနေကြမလဲ။ အဖေတို့ကလည်း ဝန်ထမ်းတန်းလျားမှာ ကျဉ်းကျဉ်းကြပ်ကြပ်နေကြရတာဆိုတော့ ခေါ်ထားဖို့က မဖြစ်နိုင်ပြန်ဘူးကွယ်။ ”
” အဲဒီအတွက် မပူပါနဲ့အဖေရယ်။ အိမ်ဝင်းရောင်းချပြီးရင်လည်း ဒီရပ်ကွက်ထဲမှာပဲ အိမ်ငှားနဲ့ဆက်နေဖို့ စီစဉ်မှာပါအဖေ။”
ဒေါ်သီသည် မျက်ရည်စများကို လက်ဖမိုးနှင့်သုတ်ပစ်လိုက်ရင်း…
” သားအတွက် ဒုက္ခများနေရတဲ့သမီးကို တကယ်ကို သနားမိတယ်ကွယ်။”
မအေးသည် ကိုဆွေ၏လက်ချောင်းများကို ဆုတ်နယ်ပေးရင်း..
” ဒုက္ခလို့ တွက်မနေတော့ပါဘူးအမေရယ်။ တကယ်တော့ ကိုဆွေရဲ့ကျေးဇူးတွေက သမီးအပေါ် အများကြီး ရှိတာပါ။ ကိုဆွေ အနစ်နာခံပြီး ကယ်တင်ပေးခဲ့လို့ သမီးရဲ့ဘဝကို အဖတ်ဆယ်နိုင်တာပါ။ ကျန်းမာရေး ကောင်းတုန်းက မိုးရွာနေပူမရှောင် သူပဲ အဆင်းရဲအပင်ပန်းခံပြီး လုပ်ကျွေးခဲ့တာပါ။ အဲဒီအချိန်က သမီးကို ဘာအလုပ်မှ သူ မလုပ်ခိုင်းခဲ့ရှာဘူး။”
” သမီးမှာလည်း သားကို ပြုစုရတာတစ်ဖက်၊ လုပ်ငန်းလုပ်ရတာကတစ်ဖက်နဲ့ ပင်ပန်းလွန်းပါတယ်။ ကူဖေါ်လောင်ဖက်ရဖို့ ကြာဖြူကို ထားခဲ့မယ်။ ကြာဖြူရှိတော့ သမီးလည်း အလုပ်လုပ်ရတာ စိတ်ဖြောင့်တာပေါ့။ သမီးက အပြင်ထွက်ပြီး အလုပ် လုပ်ရတဲ့အခါ ကြာဖြူက သူ့အစ်ကိုကြီးကို အိမ်မှာ ပြုစုပေးလိမ့်မယ်။ ”
ကိုဆွေကတော့ သူ့မိဘများ အိမ်သို့ ရောက်လာကြသဖြင့် ပျော်နေရှာသည်။ ပြီးတော့ သူ့မိဘတွေနှင့် မအေးတို့ အဆင်ပြေနေကြသည်ကို မြင်တွေ့ရ၍ ဝမ်းသာနေရှာသည်။
“ကဲ..မိုးတောင်ချုပ်တော့မယ်။ အဖေတို့ပြန်မယ်။ အရေးအကြောင်းရှိရင် လှမ်းပြောနော်။ ကိုဆွေ ဆေးရုံတို့ဘာတို့ တက်ရမယ်ဆိုရင်လည်း ကြည့်ပြီး စီစဉ်ကြတာပေါ့။”
ဒေါ်သီသည် သားဖြစ်သူကို ဖက်ရင်း ငိုလိုက်ပြန်သည်။ ကိုဆွေ၏ဖခင်ဦးမြမောင်ခမျာမှာ လည်း မျက်ရည်မဆည်နိုင်ရှာ…။
” ဘာပဲဖြစ်ဖြစ် ကျန်းမာအောင်နေပါသားရယ်။ အမေတို့အဖေတို့ ရှိတယ်။ ဘာမှအားမငယ်နဲ့တော့နော်သား။ သားဆီကို မကြာမကြာလည်း လာခဲ့မယ်။ သားကို ဂရုစိုက်ဖို့ ညီမလေးကြာဖြူကိုလည်း ထားခဲ့တယ်နော်။ အမေတို့ ပြန်မယ်နော်။”
” ဟုတ်…ဟုတ်..”
ကိုဆွေသည် မျက်ရည်တွေတွေ ကျရင်း ဒေါ်သီကို စူးစူးကြီးကြည့်ကာ ခေါင်းကိုငြိမ့်ပြသည်။ မပီမသ လုံးထွေးနေသည့်အသံဖြင့် မိဘများကို နှုတ်ဆက်ရှာသည်။ ဦးမြမောင်က ကြာဖြူကို မှာကြားစရာရှိသည်များကို တိုးတိုးတိတ်တိတ် ပြောသည်။ ဦးမြမောင်သည် ငွေစက္ကူအချို့ကို ထုတ်ကာ..
“သမီး၊ ကြာဖြူ အစ်ကိုကြီးကို ဂရုစိုက်နော်။ မအေး သမီး လိုအပ်တာရှိရင် သုံးဖို့ ယူထားလိုက်။”
မအေး ငြင်းပါသည်။
” မယူတော့ပါဘူးအဖေ ။ နေ့လယ်က အမေကလည်း ပေးလိုက်သေးတယ်။ သမီးလက်ထဲမှာ သုံးစရာ ရှိသေးတယ်အဖေ။”
” မဟုတ်တာကွယ်။ နာတာရှည်လူမမာသည်နဲ့ ငွေမလိုပဲ ရှိပါ့မလား။ ကဲ…ဘာဆင်ခြေတွေမှ ပေးမနေနဲ့။ ယူဆို ယူထားလိုက်။ ကဲ..အဖေတို့ပြန်မယ်။”
*************************
ဦးလှဦးက ကားကို ဖြည်းနှေးညှင်သာစွာ မောင်းရင်း…
” မအေးကို သိပ်တွေ့ချင်တဲ့အကြောင်းကို ပြောပြမယ်။ မအေးနဲ့ ဒိုင်းမွန်းဟိုတယ်မှာ နောက်ဆုံးအိပ်ခဲ့တဲ့ညကပေါ့။ အရောင်းအဝယ်ကိစ္စနဲ့ အစ်ကိုကြီး မူဆယ်ကို သွားဖို့ပါ။ ခန္တီးကနေ ဒီမြို့ကို ခရီးတစ်ထောက်နားရင်း မအေးကို ခေါ်ပြီး အတူနေတယ် ထားပါတော့..။ အစ်ကိုကြီးအိတ်ထဲမှာ အဲဒီတုန်းက အဖိုးတန်အရည်ကောင်း ကျောက်တွေ အများကြီး ပါလာခဲ့တယ်။ အစ်ကိုကြီး ခရီးပန်းလာတဲ့အတွက် မနက်မိုးလင်းအထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့တယ်။ အဲဒီတုန်းက မအေးသာ မရိုးသားခဲ့ရင် အစ်ကိုကြီးရဲ့ပစ္စည်းတွေ ဆုံးရှုံးသွားမှာ သေချာတယ်။ အစ်ကိုကြီး မသိအောင် အိတ်ထဲမှာပါတဲ့ ကျောက်တစ်ထုပ်၊ကျောက်တစ်စကို မအေး ယူထားလိုက်အုန်း။ အနည်းဆုံး သိန်းဆယ်ချီပြီး အစ်ကိုကြီး ဆုံးရှုံးသွားနိုင်တယ်လေ။”
မအေး အံ့ဩသွားခဲ့သည်။ ထိုညက အိတ်ထဲမှာ ငွေစက္ကူထုပ်တွေသာ ပါသည်ဟု ထင်မိခဲ့သည်။ တကယ်တော့လည်း မအေးက စည်းကမ်းရှိသူ၊ ရိုးသားသူမို့သာ မစပ်စုခဲ့ခြင်း ဖြစ်သည်။
မအေးနှင့်လုပ်ဖေါ်ကိုင်ဖက်အချို့သည် အခြေအနေပေးလျှင်ပေးသလို ပျော်ပါးသူများထံမှ ရွှေငွေရတနာကအစ နာရီ၊မျက်မှန်၊ ဖေါင်တိန်အဆုံး အလစ်သုတ်၊ခိုးယူ လာတတ်ကြသည်။ အိမ်ကို ပြန်ရောက်သည့်အခါ သည်ည ဘာပစ္စည်းတော့ ရလာခဲ့သည်ဟု အချင်းချင်း ကြွားဝါပြသတတ်ကြသည်။
မအေးကတော့ စည်းကမ်းထားသည်။ လုပ်ငန်းသဘောအရ ဧည့်သည်၏လိုအင်ဆန္ဒကို စိတ်ကျေနပ်မှုရှိအောင် အတတ်နိုင်ဆုံးလိုက်လျောဖြည့်ဆည်းပေးသည်။ ဧည့်သည် ပါရှိလာသည့် လက်ကိုင်အိတ်၊ လက်ဆွဲအိတ်၊ ပစ္စည်းပစ္စယတို့ကို ဖွင့်ကြည့်၊ လှပ်ကြည့်တာမျိုးကို လုံးဝမလုပ်ခဲ့..။ အခြေအနေပေးလျှင် ခိုးယူထားလိုက်မည်ဆိုသည့်စိတ်မျိုးကို တစ်ခါမျှပင် မမွေးမြူဖူးခဲ့…။ နောက်ဆုံး မုန့်ဖိုး တောင်းယူတာမျိုးကိုပင် မလုပ်ခဲ့ချေ။ ဧည့်သည်က ကျေကျေနပ်နပ်မုန့်ဖိုးပေးလျှင်တော့ ယူထားလိုက်သည်။
“မအေးနဲ့တွေ့ပြီးနောက်နေ့မှာ မူဆယ်ကို တက်သွားတယ်။ နယ်စပ်မှာ ပါလာတဲ့ကျောက်တွေရောင်းလိုက်တာ သိန်းတစ်ရာကျော်လောက်ရတယ်လေ။ တကယ်တော့ မအေး ရိုးသားခဲ့လို့ အစ်ကိုကြီး မဆုံးရှုံးခဲ့ရတာ..။ မူဆယ်မှာ အရောင်းအဝယ်လုပ်ရင်း တစ်လလောက်နေပြီးမှ ပြန်လာခဲ့တယ်။ ပြန်လာတော့ မအေးကို တွေ့ချင်တာရယ်၊ ဝယ်လာတဲ့ လက်ဆောင်တွေ ပေးချင်တာရယ်နဲ့ လာရှာတော့ မအေးက မရှိတော့ဘူး။ ”
မအေး ငြိမ်သက်စွာ နားထောင်နေမိသည်။ ဦးလှဦးက စကားတွေ ဆက်ပြောသည်။
” ဒီထက်လေးနက်တာကို ပြောရရင် အစ်ကိုကြီးရဲ့ဘဝမှာ ဇနီးသည် ဆုံးသွားပြီးကတည်းက အထီးကျန် ဖြစ်နေခဲ့ရတယ်။ အစ်ကိုကြီးတို့မှာ သားသမီးလည်း မရှိခဲ့ကြဘူး။ အိမ်ထောင်သစ်ပြုမယ်ဆိုရင် အစ်ကိုကြီးဝန်းကျင်မှာ အရွယ်စုံမိန်းမတွေ ဝိုင်းဝိုင်းလည်နေတာပါ။ ခက်တာက ဘယ်မိန်းကလေးတစ်ယောက်ကမှ အစ်ကိုကြီးရဲ့စိတ်ကိုဆွဲဆောင်သိမ်းကျုံးတိမ်းညွတ်နိုင်စွမ်း မရှိကြဘူး။ အထူးသဖြင့် အစ်ကိုကြီး တွေ့ခဲ့ရတဲ့မိန်းမအများစုဟာ တကယ့်မေတ္တာစစ်မေတ္တာမှန်နဲ့ ကိုယ့်အနားကို ချဉ်းကပ်လာကြတာမျိုး မဟုတ်ကြဘူး။ အစ်ကိုကြီးပိုင်ဆိုင်တဲ့စည်းစိမ်ဥစ္စာတွေကို မက်မောလို့ချဉ်းကပ်လာကြသူတွေချည်းပါပဲ။ သူတို့ဟာ ရိုးသားမှု၊ ဖြူစင်မှု မရှိကြဘူး။ ဒါကြောင့်လည်း အိမ်ထောင်သစ် မထူထောင်ဖြစ်ဘဲ တစ်ကိုယ်တည်းအဆင်ပြေသလို အပျော်ရှာနေဖြစ်တော့တာ..။”
ဦးလှဦးသည် ကားကို ဖြည်းညှင်းစွာမောင်းနှင်ရင်း တွေးတွေးဆဆနှင့် ပြောပြနေသည်။
” ဒါပေမယ့် အစ်ကိုကြီးရဲ့စိတ်တွေဟာ မအေးနဲ့တွေ့ရမှ ပြောင်းလဲသွားခဲ့ရတယ်။ မအေးဟာ ဖြူစင်တယ်။ ရိုးသားတယ်။ မအေးနဲ့အတူရှိနေရတဲ့အချိန်တိုင်း အစ်ကိုကြီး စိတ်ချမ်းသာတယ်။ကြည်နူးတယ်။ပျော်တယ်။ မအေးရဲ့ရင်ခွင်ရိပ်မှာ နားခိုရတာ အေးချမ်းတယ်လို့ ခံစားရတယ်။ အဲဒါကြောင့် မအေးကို အစ်ကိုကြီး တစ်သက်လုံး…..”
ဦးလှဦး၏စကားများကို မအေး ဆက်မကြားရဲတော့ပါ။ သူ စကား မဆက်ခင်…
” ကျမက မကောင်းတဲ့အလုပ်ကို လုပ်စားတဲ့မိန်းမတစ်ယောက်ပါ။ ကိုယ်နဲ့ ပျော်ပါးတဲ့သူတွေ စိတ်ချမ်းသာ ကျေနပ်ဖို့အတွက် လိုက်လျောဖြည့်ဆည်းပေးရတာက ကျမ တာဝန်ပါ။ ဆက်မပြောပါနဲ့တော့ရှင်။ အခု ကျမဟာ ကာမပိုင်ယောက်ျားရှိတဲ့အိမ်ထောင်ရှင် မိန်းမတစ်ယောက် ဖြစ်နေပါပြီ။ ”
” မအေး အိမ်ထောင်ရှိတယ်ဆိုတာကို ကိုယ့် မျက်မြင်မဟုတ်ဘဲနဲ့ မယုံနိုင်သေးဘူး။”
မအေး လက်ဆွဲခြင်းကို ကိုင်ကာ တံခါးဂျက်ကို လက်လှမ်းလိုက်သည်။
” ကျမ ဆင်းတော့မယ်။ ကားရပ်ပေးပါ။ ကားရပ်လိုက်ပါ။”
” မမအေး။ မမအေး ဘာတွေ ယောင်အော်နေတာလဲ။”
ကြာဖြူက မအေးကို လှုပ်နှိုးလိုက်မှ သတိပြန်ဝင်လာသည်။
နေ့လယ်ပိုင်းက ကားပေါ်တွင် ဦးလှဦးနှင့်စကားပြောဖြစ်ကြသည့်အကြောင်းကို ပြန်တွေးရင်း အိပ်ပျော်သလိုဖြစ်သွားကာ ပါးစပ်က ယောင်အော်လိုက်မိခြင်း ဖြစ်သည်။
စိတ်ထဲက မလုံမလဲနှင့် ကိုဆွေကို လှမ်းကြည့်လိုက်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရှာပြီ။ ။
*****************”***********
အိမ်တံခါးဝကို ရောက်တော့ နွမ်းလျနေသည့်စိတ်ကို ပြန်အားတင်းလိုက်ရသည်။
တကယ်ဆို သည်နေ့ မအေး ပင်ပန်းခဲ့သဖြင့် လူက နွမ်းလျ၍ နေလေပြီ။ ဒေါ်ဒေါ်တင့်တို့အိမ်က အဝတ်လျော်၊ မီးပူတိုက်ခိုင်းသဖြင့် တစ်လက်စတည်းပြီးစီးအောင် လုပ်ခဲ့သည်။
အလုပ်ပြီးစီး၍ ပြန်လာစဉ် အန်တီလှက လမ်းကဖြတ်ကာ သူ့အိမ်က ဆီကြိတ်မည့်မြေပဲဆံတွေကို ပြာတီးသန့်စင်ပေးဖို့ ခိုင်းနေသဖြင့် ဝင်လုပ်ပေးခဲ့ရပြန်သည်။ မအေး အလုပ် အတော်လေးပင်ပန်းသွားသည်။ အိမ်ပြန်ချိန်လည်း နည်းနည်းနောက်ကျသွားသည်။ မအေး ပင်ပန်းသော်လည်း အိမ်က သူ့ကိုမျှော်နေတတ်သည့်ကိုဆွေ၏ရှေ့တွင် စိတ်အား တင်းပြထားရသည်။ လူမမာကို စိတ်အားမငယ်စေလို၍ ဖြစ်သည်။
ကိုဆွေကို ပြုစုပေးနေရသည်မှာ တစ်နှစ်ပင်ကျော်လာပြီ။ အင်္ဂလိပ်ဆေးဝါးရော ဗမာဆေးဝါးနှင့်ပါ ကောင်းနိုးရာရာကုသပေးခဲ့သဖြင့် ကျန်းမာရေးအခြေအနေ တိုးတက်လာခဲ့သည်။
ရောဂါဖြစ်စက အိပ်ယာထဲကပင် မထနိုင်သော်လည်း ယခုတော့ လူအတွဲလွတ်ကာ တောင်ဝှေးကို အားပြု၍ လမ်းပင် လျှောက်နိုင်လာပြီ ဖြစ်သည်။သို့သော်လည်း နှလုံးသွေးကြောကျဉ်းရောဂါက ရှိနေပြန်သည်။ နောက်ဆက်တွဲအနေဖြင့် ကျောက်ကပ်ကလည်း ထိခိုက်ထားပြန်သည်။ အကုသိုလ်သည် အစုအဝေး၊အပေါင်းအဖေါ်များနှင့်လာတတ်သည်ဆိုသောစကားအတိုင်းပင်..။
မည်သို့ပင်ဆိုစေ..မအေးသည် ကိုဆွေအပေါ်တွင် စိတ်ရှည်သီးခံစိတ်အပြည့် မွေးမြူပြီး ပြုစုစောင့်ရှောက်လာခဲ့သည်။
အိမ်တံခါးကို ဖွင့်၍ ဝင်လိုက်သည်နှင့်…
” မမအေးရေ။ အစ်ကိုကြီးက ကျမထမင်းခွံ့ကျွေးတာ မစားဘူးလို့ ဇွတ်ငြင်းနေတယ်။ ပါးစပ်ကြီး စေ့ထားပြီး ခေါင်းပဲရမ်းပြနေတယ်။ မမအေး ပြန်လာမှ စားမယ်ချည်း ပြောနေတာ..”
” ဪ..ခက်လိုက်ပါဘိကိုဆွေရယ်။ ကျမက အလုပ် သွားလုပ်ရသေးတာရှင့်။ စားချိန်ရောက်ရင် အိမ်က ရှိနေတဲ့သူ ကျွေးမွေးတာကို ကောင်းကောင်းမွန်မွန်စားရောပေါ့။ ဒီမှာ ပင်ပန်းလာရတဲ့အထဲ..”
ကိုဆွေက ရယ်ကျဲကျဲကြီးလုပ်နေသဖြင့် မအေး စိတ်တိုသွားမိသည်။ ကိုယ်လက်ဆေးကြောသန့်စင်လိုက်ပြီး.…
” ကြာဖြူရေ။ ထမင်းပန်းကန် ပေး..ပေး။ မမ ဆက်ကျွေးလိုက်မယ်။”
ပန်းကန်ထဲမှ ထမင်းကို ဇွန်းနှင့်ခပ်ယူကာ ကိုဆွေကို ခွံ့ကျွေးလိုက်သည်။ မအေး ခွံ့ကျွေးတော့ ပါးစပ် ဟပေးကာ ထမင်းကို စားသည်။ ထမင်းခွံ့ကျွေးလိုက်တိုင်း လျှာက မသိမ်းနိုင်သဖြင့် ထမင်းစေ့များ ပြန်ပြန်ထွက်ကျနေသည်။ ထွက်ကျလာသည့် ထမင်းစေ့များကို လက်သုတ်ပုဝါဖြင့် သိမ်းပေးရပြန်သည်။ တကယ်တော့ ခန္ဓာကိုယ် လေဖြန်းထားသည့်လူမမာတစ်ဦးကို ပြုစုရသည်မှာ မလွယ်ကူလှ..။
အစားအသောက်ကို ခွံ့ကျွေးရသည်။ ဆေးပုံမှန် တိုက်ကျွေးပေးရသည်။ ဆေးမြစ်၊ ဆေးဥ၊ ဆေးရည်များဖြင့် လိမ်းကျံနှိပ်နယ်ပေးသေးသည်။ အညစ်အကြေး၊ ကျင်ကြီးကျင်ငယ်ကို သုတ်သင်ပေးရသည်။ အဝတ်အစားတွေကို မကြာခဏ လဲလှယ်သန့်ရှင်းပေးရသည်။ တစ်ခါတစ်ခါ ပင်ပန်းလွန်းလာလျှင် စိတ်မရှည်သလို ဖြစ်ရသည်။ ထိုအခါ ကိုဆွေကို ကလေးတစ်ယောက်လို ချော့တလှည့်၊ ငေါက်တစ်ခါ ပြောဆိုရပြန်သည်။
တစ်ခါတစ်ခါ လူမမာကို ပြုစုစောင့်ရှောက်ရသည်ကို စိတ်ကုန်လာမိသည်။ အခက်အခဲများကို အရှုံးပေး၊ လက်လျော့ကာ ဝေးရာသို့သာ ပြေးရှောင်သွားလိုက်ချင်တော့သည်။
ကိုဆွေ၏အဝတ်အစားများကို ချွတ်ကာ ရေပတ်တိုက်သန့်စင်ပေးလိုက်သည်။ ကိုဆွေ့၏ခေါင်းကိုကြည့်လိုက်တော့ ဆံပင်က ရှည်နေပြန်ပြီ။
” ဪ..စိတ်ညစ်ပါတယ်။ ဆံပင်ကြီးက ရှည်နေပြန်ပြီနော်။”
ထိုအချိန်တွင် အိမ်ရှေ့လမ်းမထက်မှ ကိုယ်ပိုင် ကားလေးတစ်စီး ဖြည်းညှင်းစွာ မောင်းနှင်သွားသည်ကို တွေ့လိုက်ရသည်။ မအေး၏စိတ်ထဲတွင် ဖျတ်ကနဲ ဦးလှဦးကို သတိရမိလိုက်သည်။
ဦးလှဦး၏မျက်နှာကို ပြေးမြင်လိုက်မိရင်း သူပြောခဲ့သည့်စကားများကို ပြန်လည်ကြားယောင်လာမိသည်။
” မအေးနဲ့အတူရှိနေရတဲ့အချိန်တိုင်း အစ်ကိုကြီး စိတ်ချမ်းသာရတယ်။ ကြည်နူးရတယ်။ ပျော်တယ်။ မအေးရဲ့ရင်ခွင်ရိပ်မှာ နားခိုရတာ အေးချမ်းတယ်လို့ ခံစားရတယ်။ အဲဒါကြောင့် မအေးကို အစ်ကိုကြီး တစ်သက်လုံး…..”
ဦးလှဦး၏စကားသံများကို နားထဲတွင် အထပ်ထပ်ပြန်ကြားနေမိသည်။
” အင်း…ငါ ဒီဘဝက ဝဋ်ကျွတ်သွားအောင် ဦးလှဦးနဲ့….…။ ငါ့အပေါ်မေတ္တာရှိနေတဲ့ ဦးလှဦးနဲ့ဆိုရင် ချမ်းချမ်းသာသာ…။ အို- မဟုတ်သေးပါဘူးလေ။ ငါ စိတ်ကူးတွေ ယဉ်နေမိတာပါ။ ကိုဆွေရဲ့ကျေးဇူးတွေ ငါ့အပေါ်မှာ အများကြီး ရှိတယ်။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ငါ သစ္စာဖေါက်လို့ မဖြစ်ပါဘူး။”
မအေးသည် လွင့်ပြန့်နေသည့် သူ့စိတ်များအား ပြန်လည်စုစည်းလိုက်ရသည်။
“မမ..မမအေး မမအေး။ ”
” ဘာလဲဟဲ့..ကြာဖြူရဲ့။ ညီးအစ်ကိုကြီးကို ရေပတ်တိုက်၊အဝတ်အစား လဲပေးနေတာ မြင်ရက်နဲ့ ဘာလို့ဇွတ်ကြီး ခေါ်နေရတာလဲ။”
” ညီမလေး သိချင်တဲ့ မေးစရာတစ်ခု ရှိလို့ပါမမအေးရဲ့။”
” ဘာသိချင်ရတာလဲကြာဖြူရဲ့။ ”
” ညီမလေးလေ။ နေ့လယ်က ကြီးကြီးမြတို့အိမ်က အပျင်းပြေ စာအုပ်တစ်အုပ် ငှားဖတ်တုန်းက စာအုပ်ထဲမှာ တွေ့မိတာလေး မေးမလို့ပါ။ ”
စာမေးမည်ဆိုတော့ မအေး၏စိတ်ထဲတွင် မဝံ့မရဲ ထင့်ကနဲဖြစ်သွားရပြန်သည်။
” မမအေးက ရှစ်တန်းအထိပဲ ကျောင်းနေခဲ့ဖူးတာ။ ခက်ခက်ခဲခဲကြီး မေးရင်တော့ မမအေး ဖြေနိုင်မယ်မထင်ဘူးနော်။ ”
” ဒီလိုပါမမအေးရဲ့။ စာအုပ်ထဲမှာ မြန်မာယဉ်ကျေးမှုနယ်ပယ်မှာ မိန်းမကောင်း၊ မိန်းမမြတ်၊ ဇနီးကြင်ယာကောင်းလို့သတ်မှတ်ခံထားရတဲ့ အမရာ၊ ကန္နရီ၊ မဒ္ဒီ၊ သမ္ဗူလ-လို့အမည်ရတဲ့ တော်လေးဝဝင်အမျိုးသမီး(၄)ဦး ရှိတယ်လို့ ဖတ်လိုက်ရတယ်လေ။ ကြာဖြူသိချင်တာက “တော်လေးဝ”ဆိုတာ ဘာလဲလို့။ ”
” မမအေး သိသလောက် ဖြေပေးရမှာပေါ့။ ဒီလို ကြာဖြူရဲ့။ တော်လေးဝ-ဆိုတာ ဘုရားအလောင်းတော် မဟောသဓရဲ့ကြင်ယာတော် အမရာဒေဝီ၊ ဝေဿန္တရမင်းရဲ့မိဖုရားဖြစ်တဲ့မဒ္ဒီဒေဝီ၊ သောတ္ထိသေနမင်းရဲ့မိဖုရားဖြစ်တဲ့ သမ္ဘူလနဲ့ စန္ဒကိန္နရီတို့ လေးပါးကို တော်လေးဝ-လို့ စာပေမှာ သတ်မှတ်ခဲ့ကြတာ။
ဘယ်လိုဆင်းရဲဒုက္ခ၊ အခက်အခဲတွေ၊ လောကဓံတရားတွေနဲ့ ရင်ဆိုင်နေရပါစေ ခင်ပွန်းသည်လင်ယောက်ျားဖြစ်သူတို့ကို သစ္စာပျက်ယွင်းခြင်းမရှိ၊ စွန့်ပယ်သွားခြင်းမပြုကြတဲ့ဇနီးမယားကောင်း၊ လောကဓံကို ကြံ့ကြံ့ခံပြီး အဆွေခင်ပွန်းဖြစ်သူနဲ့ ဆိုးတူကောင်းဖက် အတူလက်တွဲရင်ဆိုင်ကြတဲ့ စံနမူနာ တင်ထိုက်တဲ့ ဇနီးမယားကောင်း၊ မယားမြတ် (၄)ဦးကို တော်လေးဝ လို့ ခေါ်ကြတာတဲ့ကွယ့်။”
” ဪ..ဟုတ်လား။ မမအေးက မဆိုးပါဘူး။ ဗဟုသုတ ရှိသားပဲ။”
မအေး ကြားဖူးနားဝ ရှိဖူးသည့်ဗဟုသုတလေးဖြင့် ကြာဖြူကို ရှင်းပြလိုက်သည်။ ဪ..တော်လေးဝ မဝင်ကြပေမယ့် အိမ်ထောင်သည်မိန်းမသားတို့၏ဘဝမှာ ခင်ပွန်းသည်နှင့်အတူ သံသရာခရီးလမ်းကို အေးအတူပူအမျှ လက်တွဲဖြတ်သန်းကြရသူများ မဟုတ်ပါလား။
*******************************
အိမ်ရှေ့တွင် ကားလေးတစ်စင်း ထိုးရပ်လိုက်သဖြင့် မအေး ထိတ်ကနဲဖြစ်သွားမိသည်။ သူတို့အိမ်သို့ ဦးလှဦး လိုက်လာခဲ့လေသလား-ဟု စိုးရိမ်စိတ်များလည်း ဝင်လာမိသည်။ ကားတံခါးကို ဖွင့်၍ ဆင်းလာသည့်သူမှာ တစိမ်းယောက်ျားသားတစ်ဦး ဖြစ်နေသဖြင့် ရင်အေးသွားရသည်။
” ဒီက အစ်မ။ ဒီအိမ်ဝင်းလေး ရောင်းမယ်လို့ ဆိုင်းဘုတ်လေး တွေ့လို့ လာစုံစမ်းကြည့်တာပါ။ အိမ်ထဲ ဝင်ခဲ့မယ်နော်။ ”
မအေး လှိုက်ကနဲ ဝမ်းသာသွားမိသည်။ သူတို့အိမ်ဝင်းလေးကို ရောင်းဖို့ ဆိုင်းဘုတ်လေး ချိတ်ထားသည်မှာ ရက်အတန်ကြာလေပြီ။ လာရောက်စုံစမ်းမေးမြန်းသူ တစ်ဦးတစ်ယောက်မှ ပေါ်မလာခဲ့..။ ယခု အိမ်ခြံဝင်းကိစ္စ မေးမြန်းစုံစမ်းရန် လာသည်ဆိုသဖြင့် ဝမ်းသာသွားမိသည်။
” လာပါ။ ထိုင်ပါရှင့်။ ”
မအေးက အိမ်ရှေ့ကွပ်ပျစ်လေးပေါ် နေရာပေးလိုက်သည်။
” ကျမတို့ အိမ်ဝင်းက ကိုယ်ပိုင် ဂရန်အမည်ပေါက်နဲ့ပါရှင့်။ အကျယ်အဝန်းက လေးဆယ်ခြောက်ဆယ် ရှိပါတယ်။ အရှုပ်အရှင်းလည်း ကင်းပါတယ်။ ကျမတို့လည်း ကိုယ့်အိမ်ဝင်းလေးကို နှမျောပေမယ့် ကျမယောက်ျားက ကျန်းမာရေးမကောင်းတဲ့အတွက် ငွေလိုလို့ ရောင်းဖို့ စီစဉ်ရတာပါရှင့်။”
ထိုသူသည် ကွပ်ပျစ်၏အစွန်တွင် နေပူစာလှုံရင်း ထိုင်နေသည့်ကိုဆွေကို မျက်လုံးဝင့်ကြည့်လိုက်သည်။ မအေးကတော့ အိမ်ဝင်းလေးကို ရောင်းချင်စိတ်နှင့် စကားတွေကို ရွှန်းရွှန်းဝေအောင် ပြောနေမိသည်။
” ဈေးဘယ်လောက်ရရင် ရောင်းချင်တာလဲအစ်မ ”
” ကျမယောက်ျားနဲ့နှစ်ဦးသဘောတူ တိုင်ပင်ထားကြတာက လေးသိန်းခွဲရရင် ရောင်းချင်ပါတယ်ရှင့်။ ”
” လေးသိန်းခွဲ..”
” ဟုတ်ကဲ့ပါရှင့်။ နည်းနည်းပါးပါး အလျော့အတင်းလေးလည်း လုပ်လို့ရပါတယ်ရှင့်။ ”
” ဟုတ်ပါပြီ။ အိမ်ဝင်း ဈေးတည့်သွားရင် အစ်မတို့က ဘယ်မှာ ရွေ့နေကြမလဲ။ ဈေးကတော့ မဆစ်တော့ပါဘူး။ ”
” ကျမတို့ ဒီရပ်ကွက်ထဲမှာပဲ အိမ်ငှားရှာပြီး ပြောင်းရွှေ့နေကြမှာပါ။”
” ဟုတ်ပါပြီ။ ညနေမှာ ရှေ့နေ ခေါ်လာခဲ့ပြီး စာချုပ်မယ်။ ကျွန်တော်ဘက်က ကူညီနိုင်တာက အစ်မတို့မိသားစု ဒီအိမ်မှာပဲ အိမ်စောင့်ခြံစောင့်အနေနဲ့ ဆက်နေလို့ ရပါတယ်။ အိမ်လခ ပေးစရာ မလိုပါဘူး။ ဒီအိမ်ခြံမြေကို ဝယ်တယ်ဆိုတာက ရင်းနှီးမြုပ်နှံမှုအနေနဲ့ ဝယ်ထားတဲ့သဘောပါ။ ကျွန်တော် ဒီအိမ်ဝင်းကို ပြန်ရောင်းချမယ်။ လုပ်ငန်းတစ်ခုခုလုပ်ဖို့ အဆောက်အဦး ဆောက်လုပ်မယ်ဆိုရင်တော့ အစ်မတို့မိသားစု ဖယ်ပေးရပါလိမ့်မယ်။”
” အို..အဲဒီလိုဆိုရင် ဘယ်လိုကျေးဇူးတင်ရမှန်းကို မသိတော့ပါဘူးရှင်။ စိတ်ချပါရှင်။ ကျမတို့ဘက်က ကတိတည်ပါတယ်ရှင်။”
” ကဲ..ကျွန်တော် ညနေပိုင်းကျမှ ရှေ့နေခေါ်ပြီးပြန်လာခဲ့မယ်။ ”
အိမ်ဝင်းဝယ်ယူရန် လာရောက်စုံစမ်းသည့်အမျိုးသားသည် မအေးကို နှုတ်ဆက်ပြီး ပြန်သွားသည်။ အိမ်ဝင်းလေးကို ကိုယ့်ဆိုဈေးအတိုင်း ရောင်းချရမည်ဆိုတော့ မအေးတစ်ယောက် ပျော်လိုက်သည့်ဖြစ်ခြင်း…။
ကိုဆွေကတော့ မအေးနှင့် ဧည့်သည်တို့ပြောဆိုနေကြသည့်စကားကို တစ်ခွန်းမှ ဝင်မပြောဘဲ နားထောင်၍သာ နေရှာသည်။ သူ့အဖြစ်က သူများပြုသမျှ နုနေရရှာသည့် ဘဝပေကိုး။ ။
**********************************
အိမ်ဝင်းလေးကို ၄-သိန်းခွဲနှင့် ရောင်းချလိုက်ပြီးနောက် ပေးစရာ၊ဆပ်စရာရှိသည့်အကြွေးလေးများကို ဆပ်လိုက်သည်။ အိမ်ဝင်းဝယ်ခဲ့သူ ကိုသန်းထိုက်၏ကျေးဇူးကြောင့် အိမ်စောင့်ဝင်းစောင့်အဖြစ်နှင့် မအေးတို့မိသားစု အခြေမပျက် ဆက်လက်နေထိုင်နိုင်ကြသည်။
မအေး အလုပ်အကိုင်လေးအခြေတကျဖြစ်စေရန် ကိုသန်းထိုက်ထဲ ဖုန်းဆက်ခွင့်ပြုချက်ယူ၍ အိမ်ရှေ့လမ်းဘက်တွင် ဈေးဆိုင်အဆောက်အဦးလေး ဆောက်လိုက်သည်။ မအေးတို့နေထိုင်သည့်မြို့သစ်ရပ်ကွက်တွင် နေထိုင်ကြသူအများစုက တစ်နေ့လုပ်၊တစ်နေ့စား အခြေခံလူတန်းစား ဖြစ်ကြ၍ မအေးက ဆိုင်လေးမှာ ဆန်၊ဆီ၊ဆားနှင့်ဆပ်ပြာ (၄)မျိုးသာ တင်၍ ရောင်းချသည်။ သည်ပစ္စည်းများက မရှိမဖြစ်အခြေခံစားကုန်များဖြစ်သလို ပုပ်ကုန်သိုးကုန်လည်းမဟုတ်သဖြင့် အဆင်ပြေသည်။ ပြီးတော့ ဗာဟီရသိပ်မများလှ..။ ဆိုင်ဖွင့်၊ဆိုင်သိမ်းရသည်ကအစ အလုပ်လည်း သိပ်မရှုပ်လှချေ။ အိမ်ကလည်း မခွာရတော့သဖြင့် ကိုဆွေကို အချိန်ပြည့် ဂရုစိုက်ပြုစုနိုင်သည်။
မအေးက နေ့လယ်ပိုင်းဘက်တွင် အားလပ်နေသဖြင့် ကိုဆွေနှင့်အိမ်ထောင်ကျခါစက စက်ချုပ်သင်တန်း(၆)လ တက်ရောက်သင်ထားခဲ့ဖူးသည်။ သို့ဖြစ်၍ အပ်ချုပ်စက်လေးတစ်လုံးကို ဝယ်ယူကာ အဖြူအစိမ်းထည်၊ ကလေးကျောင်းဝတ်စုံလေးတွေကို နေ့လယ်နေခင်းဖက်တွင် ချုပ်ကာ ဆိုင်မှာချိတ်ထားလိုက်သည်။
မအေး၏အလုပ်လေးက အကျိုးပေးသည်ဟု ဆိုရမည်။ အခြေခံစားကုန်လေးတွေ အရောင်းသွက်သလို ကျောင်းဖွင့်ရာသီကာလဖြစ်၍ ကျောင်းဝတ်စုံလေးတွေလည်း အတော်လေးရောင်းကောင်းခဲ့သည်။
ယောက်မလေးကြာဖြူက နောက်ပိုင်းမှ ထမင်းဟင်းချက်ပြုတ်ရင်း အိမ်ဗာဟီရကို သိမ်းကျုံးပြီး လုပ်ရှာသည်။ သူ့အစ်ကိုကြီးကိုလည်း ညီမလေးပီပီ အတော်လေးဂရုစိုက်ပြုစုရှာသည်။ မအေး မအားလပ်သည့်အခါ ဈေးကူရောင်းရရှာသေးသည်။
သည်နေ့နေ့လယ်ခင်းတွင် ကျောင်းဝတ်စုံလေး(၃)ထည် အော်ဒါရသဖြင့် မအေးတစ်ယောက်အားကြိုးမာန်တက် စက်ချုပ်နေမိသည်။ ထိုအချိန်တွင် ဈေးဆိုင်ရှေ့သို့ ဆိုင်ကယ်တစ်စီး ထိုးရပ်လိုက်ကာ လူလတ်ပိုင်းတစ်ယောက် ဆင်းလာသည်။ ရပ်ကွက်ထဲမှ ဈေးဝယ်နေကျမျက်နှာသိတစ်ယောက်တော့ မဟုတ်ချေ။ မအေးလည်း ကိုက်လက်စအထည်လေးများကို ချကာ ဆိုင်ရှေ့ထွက်လိုက်သည်။
” ဘာလိုချင်လို့ပါလဲရှင့်။”
ထိုလူစိမ်းက ရယ်ကျဲကျဲ၊ ပြီတီတီ လုပ်ရင်း မျက်စိက ကျီးကန်းတောင်းမှောက်၊ ဂဏှာမငြိမ်၊ တောင်ကြည့်မြောက်ကြည့် ကြည့်နေ၍ မအေး သူ့အမူအယာကို မကြိုက်လှ..။ ထိုလူက အိမ်နောက်ဖက်ဆီသို့ လှမ်းကြည့်လိုက်သည်။ အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင် နေ့လယ်နေ့ခင်းဘက် တရေးတမောအိပ်ပျော်နေကြသည့်ကိုဆွေတို့မောင်နှမကို မြင်သွားသည်။
” ကိုယ့်ကို မမှတ်မိဘူးလားမအေး ။”
သူ့စကားကြောင့် မအေး အံ့ဩသွားသည်။
” မမှတ်မိဘူးရှင့်။ ဒါနဲ့ဘာကိစ္စ ရှိလို့လဲ ပြောပါ။”
” မအေးကို မြို့ထဲ ကွမ်းခြံဒေါ်အုန်းအိမ်တုန်းက ကိုယ်တို့ ခေါ်ဖူးတယ်လေ။ အခု မအေး ဒီရပ်ကွက်ဘက် ရောက်နေတယ်ကြားလို့ လိုက်လာတာ။ မအေးက ခုထိ လှတုန်းပဲ။ အခုရော အော်ဒါလိုက်သေးလား။ ခေါ်ချင်လို့..”
မအေး ဒေါသဖြစ်သွားသည်။ လက်ထဲတွင် ကိုင်လက်စ ပါလာသည့် အထည်ကိုက်ကတ်ကြေးကို သတိရလိုက်မိသည်။ ကတ်ကြေးကို ခပ်တင်းတင်း ဆုပ်လိုက်ရင်း.…
” ရှင် ဘာတွေ လာပြောနေတာလဲ။ ကျမ အိမ်ထောင်ကျပြီးကတည်းက ဒီအလုပ်ကို စွန့်လွှတ်ခဲ့တာ..။ ရှင် ဆက်ပြီး မစော်ကားပါနဲ့။ ကျမမှာ လင်နဲ့သားနဲ့ရှင့်။ ကျမ သီးခံနေမှာ မဟုတ်ဘူး။ ရှင် ခုချက်ခြင်း ထွက်သွားပါ။ ”
ထိုသူက ထွက်မသွား..။ ရယ်ကျဲကျဲနှင့် စကား ဆက်ပြောနေသေးသည်။
” အခုရော အော်ဒါဈေးက ဘယ်လောက်ဖြစ်သွားပြီလဲ။ လိုက်သေးရင် ညနေပိုင်း လာခေါ်မယ်လေ။”
မအေးသည် ထိုသူကို မီးဝင်းဝင်းတောက်မျှ မျက်လုံးများဖြင့် ပြန်ကြည့်ရင်း ကတ်ကြေးဖြင့် ရွယ်လိုက်ကာ..
” ရှင် အခုထွက်သွား။ ကျမယောက်ျားရော၊ ပတ်ဝန်းကျင်ပါ ကြားအောင်.ကျမ အော်လိုက်မှာနော်။ ကျမဟာ အရင် မအေးမဟုတ်တော့ဘူးဆိုတာ ရှင် မှတ်ထားပါ။ လက်ထဲက ကတ်ကြေးက အလကား ကိုင်ထားတာ မဟုတ်ဘူးနော်။ ရှင် ကျမအကြောင်း သိသွားမယ်။ သွားပါ။ ရှင် အခုချက်ခြင်း ကျမ အိမ်ရှေ့က ထွက်သွားပါ။ ”
မအေးက ခပ်တင်းတင်း၊ခပ်မာမာ တုန့်ပြန်လိုက်သည့်အခါ ထိုလူမှာ ဖြုံသွားသည်။ ထို့နောက် မျက်စိမျက်နှာ ပျက်ပျက်နှင့် ဆိုင်ကယ်ကို ကပျာကယာ စက်နှိုးကာ ထွက်သွားသည်။
ထိုသူ ထွက်သွားတော့ မအေးမှာ ကတ်ကြေးကြီးကိုင်မြှောက်လျက် ခေတ္တမျှ ကြောင်ပြီး ရပ်နေမိသည်။ နောက်မှ သတိရလာကာ အပ်ချုပ်စက်ခုံကို မျက်နှာအပ်ကာ ရှိုက်ကြီးတငင် ငိုပစ်လိုက်မိသည်။
နှစ်နှစ်ခြိုက်ခ်ြုက်အိပ်ပျော်နေကြသောကိုဆွေတို့မောင်နှမက မြန်ဆန်လှသောအဖြစ်အပျက်ကို မသိလိုက်ကြ..။ ကိုဆွေတို့ မသိလိုက်သည်ပဲ ကောင်းပါသည်။ သိခဲ့လျှင်လည်း သူတို့ စိတ်ဆင်းရဲကြရရှာမည်။
ဪ..အတိတ်တစ္ဆ၏အရိပ်ဆိုးတွေသည် ယခုအချိန်ထိ ခြောက်လှန့်နေဆဲပါတကား။ ။
***********************************
မအေးတို့၏ဘဝကံဇာတာသည် ကောင်းစပြုလာပြီဟု ဆိုရမည်။ ဈေးဆိုင်လေးက ရောင်းချရတာ အဆင်ပြေလာသလို စက်ချုပ်လုပ်ငန်းလေးကလည်း အပ်ထည်တွေ ခပ်စိပ်စိပ်ရလာသည်။ ကြာဖြူပင် မအေး၏စက်ချုပ်လုပ်ငန်းကို သင်ကူ ကူနေလေပြီ။
ကိုဆွေကိုလည်း အစားကောင်းအသောက်ကောင်းလေးတွေ ကျွေးနိုင်လာသလို ဆေးကောင်းဝါးကောင်းများကို အကုန်အကျခံကာ ကုသပေးခွင့်ရလာသဖြင့် မအေး ဝမ်းသာမိသည်။ ကိုဆွေတစ်ယောက် ဇနီးဖြစ်သူ၏လုပ်ငန်းလေးများ အဆင်ပြေလာသဖြင့် ဝမ်းသာမိသော်လည်း သူက ဝင်ရောက်မကူညီနိုင်သည့်အပြင်ဘအလုပ်များနေသည့်အကြားမှ နာတာရှည်ရောဂါသည် မိမိအတွက် အချိန်ပေးပြုစုနေကြရသည်ကို အားနာစိတ်မကောင်း ဖြစ်မိပြန်သည်။ အရင်က မအေးကိုယ်တိုင် မပြုစု၊ မယုယ၊မကျွေးမွေးလျှင် ဂျီကျဇီဇာကြောင်တတ်သော်လည်း ယခုတော့ အလုပ်များရှာသည့်ဇနီးသည်ကို အားနာမိကာ အဆင်ပြေသလိုသာ နေထိုင်တော့သည်။
အလုပ်တွေ များသော်လည်း မအေး ပျော်သည်။ စီးပွားရေးလေး အဆင်ပြေလာတော့ ရွာက အမေ့ထံ ငွေရေးကြေးရေးလေး လှမ်းပြီး ထောက်ပံ့နိုင်သလို ခင်ပွန်းသည်၏မိဘများကိုလည်း တတ်နိုင်သမျှ စောင့်ရှောက်လာနိုင်ခဲ့သည်။
ယခင်က မိန်းမပျက်ဖြစ်ခဲ့သည့်မအေးအပေါ် ခါးခါးသီးသီး ရှိခဲ့ကြသည့်ယောက္ခမများမှာ သဘောထား လုံးဝပြောင်းလဲသွားကြလေပြီ။ သားဖြစ်သူလူမမာမောင်ဆွေအပေါ် အနွံနာခံကာ ပြုစုယုယပေးနေသည့် မအေးကို လိမ္မာသောသမီးလေးအရင်းလို အားကိုးလာခဲ့ကြသည်။
အခုဆိုလျှင် ပျိုဖေါ်ဝင်ချိန်အရွယ်ရောက်လာစပြုသည့်ကြာဖြူမှာ မအေး အားကိုးရသည့်စက်ချုပ်သမလေးပင် ဖြစ်လာနေပြီ။ ဈေးရောင်းရင်း အပ်ထည်လေးတွေကို သမီးယောက်မ တက်ညီ လက်ညီချုပ်ကြသည်။ မအေးက အပ်ထည်စများကို တိုင်းတာ၊ ပုံထုပ်၊ ကိုက်ညှပ်ပေးသည်။ ကြာဖြူက အထည်ချုပ်သည်။ တစ်ခါတစ်ခါ ညလုပ်ပင် ဆင်းကြရသည်အထိ အလုပ်တွေက ရလာသည်။ ပင်ပန်းသော်လည်း မအေး ပျော်ပါသည်။ အလုပ်ထဲတွင် စိတ်နှစ်ထားရသဖြင့် အတိတ်တစ္ဆေ၏အရိပ်တွေကိုလည်း သတိမရတော့..။ ဦးလှဦး၏ အကြောင်းကိုပင် မစဉ်းစား၊ မတွေးတောမိတော့..။
မအေးတို့မိသားစု စီးပွားရေး တိုးတက်လာသလို ကိုဆွေ၏ကျန်းမာရေးအခြေအနေလည်း တိုးတက်လာခဲ့ပါသည်။
ကံကြမ္မာသည်ကား ဆန်းကြယ်ပေသည်။ မျှော်လင့်ထားသည်များ ဖြစ်မလာတတ်သကဲ့သို့ မမျှော်လင့်ထားသည်များလည်း ဖြစ်လာတတ်သည်မဟုတ်ပါလား။ ဤသည်က်ုပင် လောကဓမ္မတာဟု ခေါ်ဝေါ်ကြလေသလား မသိ။
တစ်ရက်သော ဆောင်းနံနက်….။
ထိုနေ့က ကိုဆွေ၏ ၃၃-နှစ်ပြည့်၊မွေးနေ့ဖြစ်၍ ဆွမ်းခံကြွလာမည့်သံဃာတော်များကို ဆွမ်းလောင်းလှူပေးရန် မအေးတစ်ယောက်တည်း နံနက်အစောကြီးထကာ ထမင်း၊ဟင်းတွေ ချက်ပြုတ်နေသည်။
ကိုဆွေနှင့် ကြာဖြူတို့ကတော့ အိပ်ကောင်းကြတုန်းပင်..။ ညပိုင်းကတည်းက ကြာဖြူကို မှာထားသည်။ ကိုဆွေ အိပ်ယာကနိုးလာလျှင် ကိုယ်လက်သုတ်သင်ပေးပြီး အဝတ်အစားသစ်တွေ လဲပေးရမည်။ ပြီးလျှင် မိသားစု အိမ်ရှေ့မှာ စားပွဲခုံလေး ခင်းကာ ဆွမ်းခံကြွလာသည့်သံဃာတော်များကို မွေးနေ့အထိမ်းအမှတ် ဆွမ်းလောင်းကြမည်။
မအေးသည် ကိုဆွေ အိပ်ယာက ထလျှင် အသင့် လဲလှယ်ဝတ်ဆင်နိုင်ဖို့ အပြာနုရောင်စပို့ရှပ်အသစ်လေးနှင့် ဂျစ်ကားတံဆိပ်ပုဆိုးအသစ်လေးက်ု ထပ်ကာ ခေါင်းရင်းဘုရားခန်းအောက်တွင် အသင့်ထားပေးထားသည်။
မိသားစုဆွမ်းလောင်းပြီးလျှင် မိသားစု ဆွမ်းချိုင့်လေးဆွဲကာ ရပ်ကွက်ထိပ်က ဓမ္မရက္ခိတကျောင်းသို့သွားကာ နဝကမ္မဝတ္ထုငွေ လှူကြမည်။
မီးဖိုချောင်ထဲတွင် စိတ်ကူးလေးဖြင့် ကြည်နူးရင်း မမောနိုင်၊မပန်းနိုင် ချက်ပြုတ်နေမိသဖြင့် နဖူးတွင် ချွေးလေးများပင် စို့လာသည်။ ထမင်းဟင်းများ အစုံအလင် ချက်ပြုတ်ပြီးပြီမို့ အိမ်တိုင်တွင် ချိတ်ထားသည့် နာရီကို လှမ်းကြည့်လိုက်တော့ ၅-နာရီခွဲပြီးပြီ။
” ကြာဖြူ..ကြာဖြူ..ညီမလေး ထတော့လေ။ ငါးနာရီတောင် ခွဲပြီးပြီဟဲ့။ ထတော့.. ထတော့ ။”
ကြာဖြူသည် အိပ်မှုန်စုံဝါးဖြင့် အိပ်ယာထဲမှ လူးလဲထလာသည်။
” ညီမလေး။ မျက်နှာသစ်ပြီးရင် သနပ်ခါးလိမ်း၊ ပြီးရင် ညီးအစ်ကိုကြီးကို နှိုး။ ကိုဆွေ အိပ်ယာက ထလာရင် မျက်နှာသစ်၊ ရေပတ်တိုက်ပေး။ ပြီးရင် မမအေး ညကပြောထားတဲ့အတိုင်း အဝတ်အစားအသစ်တွေ လဲပေးလိုက်နော်..”
” ဟုတ်ကဲ့..ဟုတ်ကဲ့ မမအေး..”
ကြာဖြူ မျက်နှာသစ်နေချိန်တွင် မအေး အိမ်ရှေ့ဈေးဆိုင်ဆီသို့ သွားလိုက်သည်။ ဘုန်းကြီးကျောင်းကို လှူဖို့ ဆပ်ပြာအမွှေးခဲလေးတွေ ယူရအုံးမည်။ မအေး ဈေးဆိုင်တံခါးကို ဖွင့်မည်ဟု လက်ရွယ်လိုက်ချိန်တွင်…
” မမအေး မမအေး မမအေး ”
ကြာဖြူ၏ထိတ်လန့်တကြားအော်သံကြောင့် ဆိုင်တံခါးကို မဖွင့်ဖြစ်တော့ဘဲ အိမ်ဘက်သို့ ခပ်သုတ်သုတ်ပြေးသွားလိုက်သည်။
” ကြာဖြူ ကြာဖြူ ဘာဖြစ်တာလဲ။ ”
ကြာဖြူ၏မျက်နှာမှာ သွေးဆုတ်သွားသကဲ့သို့ ဖြူဖတ်ဖြူရော် ဖြစ်နေသည်။ အထိတ်တလန့် ဖြစ်နေသဖြင့် စကားပင် ရုတ်တရက် မပြောနိုင်ရှာ..။
” အစ်ကိုကြီး။ အစ်ကိုကြီး နှိုးလို့မရတော့ဘူး။ ခန္ဓာကိုယ်ကြီးက အေးစက်လို့..”
” ဟင် !..”
မအေး စိုးရိမ်စိတ်ကြီးစွာဖြင့် ကိုဆွေဆီကို ပြေးသွားလိုက်သည်။ ကိုဆွေ၏ခန္ဓာကိုယ်မှာ အေးစက် တောင့်တင်း၍ပင် နေလေပြီ။ ဘယ်အချိန်က အသက်ရှုရပ်တန့်သွားရှာလေသည် မသိ။ ကိုဆွေ၏ရင်ခွင်ပေါ် မျက်နှာအပ်ကာ ဝမ်းနည်းခြင်းကြီးစွာဖြင့် ရှိုက်ကာရှိုက်ကာ ငိုကြွေးနေမိတော့သည်။ ။
********************************
သည်နေ့ အိမ်မှာ မအေးတစ်ယောက်တည်း ဖြစ်နေသည်။ ကြာဖြူက မိခင်နေမကောင်းသဖြင့် ၃-ညအိပ်လောက် အိမ်ပြန်ချင်သည်ဆို၍ လွှတ်ပေးလိုက်သည်။ ဈေးဆိုင်လေးကို ဖွင့်ကာ မအေးတစ်ယောက်တည်း စိတ်ကူးလေးနှင့် စက်ချုပ်နေလိုက်သည်။
နေ့လယ်နေ့ခင်းဘက်ဖြစ်၍ ဈေးဝယ်သူလည်း ပါးသွားပြီ။ သည်ရက်ပိုင်း မအေးရွာကို လွမ်းနေမိသည်။ မိဘအပေါ် တာဝန်မကျေသလို ခံစားနေမိသည်။ ကိုဆွေ မဆုံးခင်က နိစ္စဓူဝ လူမမာကိုပြုစုစောင့်ရှောက်နေရသဖြင့် ရွာကို မပြန်နိုင်ခဲ့ချေ။ ခုဆိုလျှင် အမေ့အသက်သည် ၆၀-ကျော်နေပြီ။ လူမမယ်သားနှစ်ယောက်နှင့်အတူ ရုန်းကန်ရရှာသောအမေ့ကို သနားမိသည်။ တပိုတွဲလဆိုလျှင် ဘာလိုလိုနှင့် အဖေ ဆုံးသွားခဲ့သည်မှာ ၁၅-နှစ်ပြည့်တော့မည်။ တပိုတွဲလထဲတွင် မအေး ရွာကို ပြန်ဖြစ်အောင် ပြန်အုံးမည်ဟု စိတ်ကူးထားလိုက်သည်။ အိမ်ဝင်းရောင်းချ၍ ရသည့်အထဲမှ ငွေနှစ်သိန်းကို အမေ့ကို ပေးဖို့ ချန်ထားသည်ကိုလည်း မပေးဖြစ်သေး..။
တကယ်တော့ မအေးတို့၏ရွာလေးက မြို့ပြနှင့် ဝေးလံသီခေါင်လွန်းလှသည်။ ချင်းတွင်းမြစ်အတိုင်း လိုင်းမော်တော်လေးနှင့် ဆန်တက်၍ သွားလာကြရသည်။ ရွာမှထွက်သည့်လိုင်းမော်တော်ကလည်း ၃-ရက်မှ တစ်ခေါက်သာ ထွက်နိုင်သည်။ မုံရွာမြို့သို့ရောက်အောင် နေ့ဝက်သာသာ စုန်ကြရသည်။ ရွာအဆန်ခရီးတွင်မူ တစ်နေကုန်မောင်းနှင်ရပြီး ညမိုးစုံးစုံးချုပ်မှ ရွာဆိပ်ကမ်းသို့ ဆိုက်ရောက်လေ့ ရှိသည်။ ကားလမ်း၊ ရထားလမ်းဆိုသည်က နီးနီးနားနားမှာပင် မရှိ။
ထိုသို့ လမ်းပန်းသွားလာရေးခက်ခဲသဖြင့်လည်း မအေးဆီသို့ အမေ တစ်ခေါက်မျှ မရောက်ခဲ့ဖူးချေ။ ရွာကို စွန့်ခွာပြီးကတည်းက ကိုဆွေနှင့်အိမ်ထောင်ကျပြီးနောက် တစ်ခေါက်သာ ရွာကို မအေး ပြန်ဖြစ်သည်။
မအေး ရွာအလွမ်းတွေ တွေးနေစဉ် ကိုယ်ပိုင်ကားလေးတစ်စင်း အိမ်ရှေ့ထိုးရပ်လိုက်သည်။ ကားပေါ်မှ ဆင်းလာသူကို တွေ့လိုက်တော့ မအေး အံ့ဩသွားမိသည်။ ရင်တွေ တဆတ်ဆတ်ခုန်လာမိသည်။
” ဘုရားရေ… ဦးလှဦးကြီး”
ဦးလှဦးက လက်ထဲမှာ အထုပ်အပိုးတွေ ပွေ့လျှက်နှင့် ခြံတံခါးဝမှာ ပြုံးပြုံကြီးရပ်လိုက်သည်။
” အေး..ကိုကြီးပါ။ အိမ်ထဲကို ဝင်ခွင့်ပြုပါနော်။”
မအေးက ဘာမျှ ပြန်မပြောမိ..။ ယောင်နန ဖြစ်နေမိသည်။ ဦးလှဦးက ခွင့်တောင်းရင်းပင် အိမ်ထဲသို့ ဝင်လာသည်။ မအေး မယောင်မလယ်ဖြစ်နေမိရာမှ ထိုင်ခုံတစ်လုံးကို ယူကာ ချပေးလိုက်သည်။
ဦးလှဦးက လက်ထဲမှာ ပါလာသည့်ပစ္စည်းများကို စားပွဲပေါ် တင်လိုက်ရင်း….
” အံ့ဩနေတာလားအေး။ အေးရဲ့အမျိုးသား လွန်ခဲ့တဲ့လက ဆုံးသွားတယ်ဆိုတာကို ကိုကြီး ကြားပါတယ်။ စိတ်မကောင်းပါဘူးကွယ်။ ကိုကြီး မှော်ထဲမှာ ရောက်နေလို့ အခုမှ လာဖြစ်တာ..”
မအေး တကယ်အံ့ဩသွားခဲ့ပါသည်။
” အေး အခု ဘယ်သူနဲ့နေလဲ..ဟင်။”
” ကျမ ယောက်မလေးနဲ့ အတူနေတယ်အစ်ကိုကြီး။”
” အခု သူက ဘယ်မှာလဲ။”
” သူ့အမေ သိပ်မကောင်းလို့ အိမ်ကို ခဏပြန်သွားတာအစ်ကိုကြီး။”
” ဪ..ဒါဆို ပိုကောင်းတာပေါ့။”
“ရှင်..”
ဦးလှဦးသည် ပါလာသည့်ပစ္စည်းများကို ထုတ်လိုက်သည်။ အင်္ကျီ၊ လုံချီ၊ အထည်စတွေ၊ ချောကလက်ထုပ်၊ မုန့်ထုပ်တွေ..။
” အေးအတွက် လက်ဆောင် ဝယ်လာတာပါ။ စိတ်ကို ပေါ့ပေါ့ပါးပါးထားပါအေးရယ်။ ကိုကြီးလာလို့ အေးမှာ အနှောက်အယှက်ဖြစ်နေတယ်ဆိုရင် ကိုကြီး ပြန်ပါ့မယ်။”
ထိုအခါ မအေး ပျာပျာသလဲ ဖြစ်သွားရှာသည်။
” အဲလိုမဟုတ်ရပါဘူးအစ်ကိုကြီးရယ်။ မအေး အံ့ဩနေလို့ပါ။ အစ်ကိုကြီး မအေးတို့အိမ် ဘယ်လိုလုပ် သိတာလဲ။ ”
” ကိုကြီး သိနေတာ ကြာပါပြီ။ အေးအတွက် အနှောက်အယှက်ဖြစ်မှာ စိုးလို့ မလာတာပါ။”
” ရှင် ”
” အေး တကယ်အိမ်ထောင်ကျတယ်ဆိုတာ မယုံလို့ ကိုကြီး အိမ်အထိ လာကြည့်သေးတယ်။”
မအေး အံ့ဩပြီးရင်း အံ့ဩနေမိသဖြင့် ဘာစကားမှ ပြန်မပြောနိုင်ခဲ့..။
” ခုတော့ အေး လွတ်လွတ်လပ်လပ်ဖြစ်သွားလို့ ကိုကြီး လာခဲ့တာပါ။”
” ရှင် ”
” အေးက တရှင်ရှင်နဲ့ ကိုကြီး ပြောတာတွေကို မယုံတာလား။ ကိုကြီးဘက်က ဒီနေ့အထိ သဘောထား မပြောင်းလဲသေးပါဘူးကွယ်။ ”
” မယုံတာမဟုတ်ပါဘူးအစ်ကိုကြီးရယ်။ မအေး အံ့ဩနေတာပါ။ ”
” အေး ပိုပြီး အံ့ဩသွားအောင် ပြစရာ အစ်ကိုကြီးဆီမှာ ရှိတယ်။”
ဦးလှဦးသည် ပလပ်စတစ်ဇစ်အိတ်ကို ဖွင့်လိုက်ပြီး စာရွက်စာတမ်းများကို ဆွဲထုတ်လိုက်သည်။ ထိုစာရွက်များကို မအေးဆီ ကမ်းပေးလိုက်သည်။ မအေး ဖတ်ကြည့်လိုက်သည်။ မအေး အအံ့ဩကြီး အံ့ဩသွားရလေသည်။
” ဟင်..မအေးတို့ အိမ်ဝင်းရောင်းလိုက်တဲ့စာချုပ်နဲ့ဂရန်တွေ။ ဒါတွေ ဘယ်က ရ..ရလာတာလဲ။ ”
” အေးကို ကိုကြီး လာကြည့်တုန်းက အိမ်ဝင်းတံခါးမှာ အိမ်ဝင်းရောင်းမည်လို့ စာရေးထားတာ တွေ့တယ်လေ။ အေးတို့ အခက်အခဲကြုံနေလို့ အိမ်ရောင်းဖို့ လုပ်တာပဲဆိုတာ သိလို့ တစ်ဖက်လှည့်နဲ့ မိတ်ဆွေကိုသန်းထိုက်ကို အစ်ကိုကြီးက အဝယ်ခိုင်းလိုက်တာ…”
” ဪ…”
” ကဲ..ဒီစာချုပ်တွေရော၊ ဂရန်တွေရော အေးကို အစ်ကိုကြီး ပြန်ပေးတယ်။ ရော့..ယူလိုက်တော့။”
” အို အစ်ကိုကြီးရယ်။ မဟုတ်တာ။ မအေးတို့နဲ့မဆိုင်တော့ပါဘူး။ အခြေမပျက်အောင် ဆက်နေခွင့်ပေးထားတာကိုပဲ ကျေးဇူးတင်လှပါပြီ။ ငွေလေးသိန်းခွဲနဲ့ ရောင်းပြီးဥစ္စာကို။”
ဦးလှဦးက မအေး၏လက်ကို ဖမ်းဆွဲကာ စာရွက် စာတမ်းများကို ထည့်ပေးလိုက်သည်။ မအေး၏ မျက်ဝန်းလဲ့လဲ့ကို စိုက်ကြည့်လိုက်ရင်း…
” အေး ကိုကြီးရဲ့စေတနာကို မငြင်းပယ်နဲ့။ ကူညီခွင့်ရတာကို ကိုကြီး ဝမ်းသာလှပြီ။ တကယ်တော့ ငွေ လေး-ငါးသိန်းဆိုတာ ကိုကြီးအတွက် ဘာမှမပြောပလောက်ပါဘူး။ မုန့်ဖိုးပဲဖိုးလောက် ရှိတာပါအေးရယ်။”
မအေး၏ရင်ထဲတွင် ပြောမပြနိုင်လောက်အောင် ဝမ်းသာသွားမိသည်။
” ဝမ်းသာလိုက်တာကိုကြီးရယ်။ ကိုကြီးရဲ့ကျေးဇူးတွေကို ဘယ်လိုဆပ်ရမယ်မှန်းတောင် မသိတော့လောက်အောင်ပါပဲ။.မအေးရဲ့ဘဝမှာ ပျော်ရွှင်စရာမရှိလောက်အောင် မွန်းကြပ်ပိတ်လှောင်နေခဲ့ရတာပါ။ ကျေးဇူးတင်လိုက်တာကိုကြီးရယ်။ ”
မအေး ပျော်ရွှင်ဝမ်းသာသွားသည်ကို မြင်တွေ့ရတော့ ဦးလှဦးလည်း တကယ်ကို ကြည်နူးဝမ်းသာရပါသည်။
” အေးရဲ့ဘဝ ဘယ်လောက်ခက်ခဲပင်ပန်းခဲ့တယ်ဆိုတာ ကိုကြီး သိပါတယ်။ အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါတော့ကွယ်။ ကဲ…အေး အဝတ်အစားလဲ။ အေး စိတ်တွေပေါ့ပါးသွားအောင် ကိုကြီး ဘုရားတွေ လိုက်ပို့ပေးမယ်။ ကိုကြီးနဲ့အတူ လိုက်ခဲ့…”
မအေး ငြင်းဖို့ ပြင်ပါသေးသည်။ မအေး ပါးစပ်မဟလိုက်ရမီမှာပင်…။
” အေး ဘာမှအကြောင်းပြချက်မပေးပါနဲ့။ ကိုကြီးနဲ့လိုက်ခဲ့ပါ။ အေးကို စိတ်ချမ်းသာစေချင်လို့ပါ။ ”
**********************************
ဦးလှဦးသည် မအေးကို မိုးညှင်းသမ္ဗုဒ္ဓေဘုရားကို လိုက်ပို့သည်။ ထိုမှ ဗောဓိတစ်ထောင်ဘုရားသို့ ခရီးဆက်ကြသည်။ မအေးခမျာ လှောင်အိမ်မှ လွှတ်လိုက်သည့်ငှက်ကလေးပမာ ပျော်ရွှင်နေရှာသည်။ ဦးလှဦးနှင့်အတူ တွဲလျှောက်ရသည်ကို ကြည်နူးသလိုလို၊ ဝမ်းသာသလိုလို ခံစားနေမိသည်။ ဦးလှဦးနှင့် အတူဘုရားကန်တော့ကြရသည်ကို စိတ်ထဲက ပျော်နေမိသည်။ သမ္ဗုဒ္ဓေဘုရားကို ဖူးကြတော့ ဦးလှဦးက ဘုရားကန်တော့၍ ပြီးနေပြီ။ မအေးက တတွတ်တွတ်ရွတ်ကာ ဆုတောင်းလို့ မပြီးသေး။ ဦးလှဦးက မအေး အကြာကြီး ဘုရားဆုတောင်းနေတာကို သဘောကျ၍ပြုံးကြည့်နေသည်။ ဘုရားဝတ်ပြု၊ ဆုတောင်းပြီး၍ ဘေးဘက်သို့ကြည့်လိုက်တော့ ပြုံးပြုံးကြီးကြည့်နေသည့်ဦးလှဦးကို တွေ့လိုက်သဖြင့် ရှက်သွားမိသည်။
” သမ္ဗုဒ္ဓေဘုရားကြီးက ဆုတောင်းပြည့်တယ်တဲ့။ အေးက ဆုတွေအများကြီး တောင်းနေတာ ထင်တယ်။ ကဲ..ပြောစမ်းပါ။ ဘာဆုတွေ တောင်းသလဲ။ ”
မအေး ရှက်သွားသည်။
” ဘာရယ်မဟုတ်ပါဘူး။ မအေးရဲ့ဘဝက ခက်ခဲပင်ပန်းလွန်းလို့ ဒီဝဋ်ကြွေးတွေ ဒီဘဝမှာကြေပါစေလို့ ဆုတောင်းနေမိတာပါ။ ”
” ဝဋ်ကြွေး ရှိခဲ့ရင်လည်း ဒီအချိန်ကစပြီး လွတ်မြောက်ပြီလို့ စိတ်ထဲမှာ ထားလိုက်ပါအေးရဲ့။ မအေးအနားမှာ ကိုကြီး ရှိနေပြီပဲ။ ”
မအေးက မျက်စောင်းလေးချီကို လှမ်းကြည့်လိုက်တော့ သူက ပြုံးနေသည်။
” ကိုကြီးရော ဘယ်တွေ ဆုတောင်းလဲ။ ”
” ကိုယ်ချစ်ရသူနဲ့ ရာသက်ပန် ရိုးမြေကျ ပေါင်းဖက်ပါရစေလို့..။”
မအေးတို့နှစ်ယောက် သမ္ဗုဒ္ဓေဘုရားကို ဖူးပြီးသည့်အခါ ဗောဓိတစ်ထောင်သို့ ခရီးဆက်ကြသည်။ မအေး၏ဘဝတွင် ဤကဲ့သို့လွတ်လပ်ပျော်ရွှင်မှုမျိုး မခံစားခဲ့ဖူးသဖြင့် ကလေးငယ်တစ်ယောက်လို ပျော်ရွှင်နေရှာသည်။ ဦးလှဦး၏ ကြင်နာနွေးထွေးမှု၊ကြင်နာယုယမှုတို့က မအေး၏နှလုံးသား ကို တိမ်းညွတ်စေခဲ့သည်။
မအေး၏ဘဝတွင် ချစ်သူရည်းစား မထားခဲ့ဖူးပါ။ ချစ်သူရည်းစားဘဝဆိုသည်ကို အိပ်မက်ထဲမှာ ပင် မမက်ခဲ့ဖူးပါချေ။ အရွယ်မရောက်မီမှာပင် ဖျက်ဆီးခံခဲ့ရ၊ အရွယ်ရောက်လာသည့်အချိန်တွင်လည်း ပြည့်တန်ဆာဘဝဖြင့် ကျင်လည်ခဲ့ရသည်။ ကိုဆွေနှင့် အိမ်ထောင်ကျခဲ့သည်ကလည်း ရည်းစား သနာဘဝနှင့်မဟုတ်ဘဲ ရုတ်တရက်ကြီး ဖြစ်ပျက်သွားခြင်းသာ ဖြစ်သည်။
ယခု ဦးလှဦးနှင့် ဘုရားဖူးလျှောက်လည်ရသည်ကို ပျော်ရွှင်နေမိသည်။ ဘုရားကုန်းအတက်တွင် လက်ချင်းချိတ်ဆက်၊ ဖေးမတွဲခေါ်သည်ကို ကြည်နူးနေမိသည်။ ဘုရားရင်ပြင်ပေါ်မှ ပတ်ဝန်းကျင်ရှုမျှော်ခင်းများ ကြည့်ကြသည့်အခါ ဦးလှဦးက မအေး၏ပုခုံးလေးကို ပွေ့ဖက်ထားသည်။ မအေးကလည်း ဦးလှဦး၏ခါးကို မသိစိတ်ဖြင့် အလိုလို လက်နှင့်သိုင်းဖက်ထားမိသည်။
သူတိုနှစ်ဦး ဘုရားတွေ စုံအောင် လှည့်ဖူးကြရင်း၊ ပတ်ဝန်းကျင်မှ တောတောင်ရှုခင်းအလှတွေ ကြည့်ရှုကြရင်း၊ ဘုရားဈေးတန်းမှာ လည်ပတ်ဈေးဝယ်ကြရင်းနှင့် အချိန်က ကုန်မှန်းမသိ ကုန်သွားခဲ့သည်။ နေဝန်းနီနီသည် အနောက်ဂေါယာကျွန်းသို့ ယွန်းစပြုနေပြီ။
သူတို့ မြို့ထဲသို့ ပြန်လာခဲ့ကြသည်။ မြို့ထဲရောက်တော့ ဆုတောင်းပြည့်ဘုရားနှင့် ရွှေစည်းခုံဘုရားသို့ ဝင်ဖူးကြပြန်သည်။ ရွှေစည်းခုံဘုရားမုခ်ဦးက ထွက်လာကြတော့ မှောင်ရီပင် ပျိုးနေပြီ။
” အေးကို ကိုကြီး ထမင်းလိုက်ကျွေးမယ်။ ပြီးမှ ပြန်ပို့ပေးမယ်။ အေး ရွှေကြာမှာ စားချင်လား။ စိန်ပေါမှာ စားချင်လား။ အေး စားချင်တဲ့ဆိုင်မှာ လိုက်ကျွေးမယ်လေ။”
” အေးဖြင့် ပျော်လွန်းလို့ ထမင်းတောင် မဆာတော့ပါဘူးကိုကြီးရယ်။ ”
” ဘယ်ဟုတ်ပါ့မလဲအေးရဲ့။ ဘုရားမှာတုန်းက အချိုရည်လေးပဲ အေးက သောက်ခဲ့ရတာ။ ကဲပါ.…နီးနီးနားနား ရွှေကြာမှာပဲ စားကြရအောင်..”
မအေးတို့ ရွှေကြာစားပွဲရုံ သီးသန့်ခန်းလေးထဲမှာ နှစ်ယောက်အတူ စားဖြစ်ကြသည်။ မအေးအပေါ် အလိုက်သိတတ်လွန်းသော၊ ဦးစားပေးတတ်လွန်းသောဦးလှဦးကို အားပင်နာမိသည်။ မအေး စားစေရန် ဟင်းလျာပွဲတွေ မှာလိုက်သည်မှာလည်း စုံလို့..။ ဟင်းပွဲတွေ များလွန်းနေသဖြင့် မအေး မစားတတ်တော့ချေ။ ဦးလှဦးက ဟင်းတွေကို ဇွန်းနှင့်ယူ၍ မအေး၏ပန်းကန်ထဲ ထည့်ပေးသည်မှာ လျှံ၍ပင် နေတော့သည်။ မအေး သည်လို အစားကောင်း၊အသောက်ကောင်းတွေနှင့် ဝေးနေခဲ့ရသည်မှာ ကြာလှပြီ။ ထမင်းစားရင်း မအေး တစ်စုံတစ်ခုကို စဉ်းစားနေမိသည်။
သူတို့နှစ်ဦး စားပွဲရုံမှ ထွက်၍ ကားလေးပေါ် တက်ထိုင်လိုက်ကြသည်။ ဦးလှဦးက ကားစက်ကို မနှိုးသေးဘဲ…
” ညဈေးတန်း လည်အုန်းမလား။ ရုပ်ရှင်ရောကြည့်ချင်သေးလားအေး။ ”
မအေးက ခေါင်းရမ်းပြသည်။
” အိမ်ကို ပြန်ချင်နေပြီလား။ ကဲ..ဒါဖြင့် ကားကို ဘယ်မောင်းရမလဲပြော။”
” ဒိုင်းမွန်းဟိုတယ်ကို မောင်းပေါ့…။”
ရှက်သွေးဖြာနေသည့်မျက်နှာနှင့် ပြောလိုက်သည်ကို လမ်းမီးရောင်ပျပျအောက်တွင် ဖျတ်ကနဲ မြင်လိုက်ရသည်။ သည်တစ်ခါ အံ့အားအသင့်ကြီး သင့်သွားရသူမှာ ဦးလှဦးပင် ဖြစ်လေသည်။ ။
**********************************
ဒိုင်းမွန်းဟိုတယ် အခန်းနံပါတ်-(A-37)
” အေး ပထမဆုံးဒီအခန်းမှာပဲ စတွေ့ကြတယ်ဆိုတာ မှတ်မိလား။ ”
ဦးလှဦး၏ရင်ခွင်ထဲတွင် မျက်နှာအပ်ထားသည့် မအေးက ခေါင်းငြိမ့်ပြသည်။
” အေးရဲ့ဘဝမှာ ရည်းစား တစ်ယောက်မှ မထားခဲ့ဖူးဘူးသိလားကိုကြီး။ တကယ်တော့ ကိုကြီးသာ အချစ်ဦးပါ။ ကိုကြီးနဲ့ လျှောက်လည်ကြရင်း ဘုရားတွေဖူးရတာ သိပ်ပျော်မိတာပဲ။ အေးရဲ့ဘဝမှာ ဒီလိုကြည်နူးမှုမျိုး တစ်ခါမှ မခံစားခဲ့ဖူးဘူးကိုကြီးရယ်။ မရှက်တမ်း ပြောရရင် အေးရဲ့ဘဝမှာ စိတ်ပါလက်ပါအချစ်တွေ ပုံပေးမိတာ ကိုကြီးတစ်ယောက်ထဲကိုပါ။ အေးဟာ အပျိုစင်မဟုတ်တော့ ပေမယ့် ဒီညဟာ အေးအတွက် မင်္ဂလာဦးညလို ခံစားမိတယ်ကိုကြီးရယ်။ ”
ဦးလှဦးက ရင်ခွင်ထဲမှ လက်နှစ်ဖက်နှင့်သိမ်းကြုံးကာ ပွေ့ဖက်လိုက်ရင်း အေး၏ပါးပြင်ကို အနမ်းမိုးများ ရွာလိုက်မိသည်။
သည်တစ်ညလုံး မအေးနှစ်ယောက် လောကကြီးတခုလုံးကို မေ့ကာ စိတ်လွတ်ကိုယ်လွတ် ချစ်မိုးစွေမိကြသည်။ ခရမ်းပြာအိပ်မက်ည၏ အချစ်ပင်လယ်ကြောတွင် အနမ်းမိုးတွေ တအိအိရွာကာ ရင်ခုန်လှိုင်းတွေ သည်းထန်ခဲ့ကြပါသည်။
မအေးသည် ကိုကြီး၏အလိုဆန္ဒကို ကျေကျေနပ်နပ်ကြီး စိတ်ပါလက်ပါ ဖြည့်ဆည်းပေးခွင့်ရသဖြင့် ကြည်နူးနေမိသည်။
” အေးကို ကိုကြီး လက်ထပ်ယူမယ်။ အေးကို ကိုကြီးရင်ထဲက တကယ်ချစ်မိလို့ပဲ။ အေးရဲ့ဖြူစင်မှု၊ ရိုးသားမှုကို ကိုကြီးတန်ဖိုးထားတယ်။ တစ်သက်လုံး မျက်စိအောက်မှာပဲ စောင့်ရှောက်ထားချင်တယ်။ ”
” သေသေချာချာစဉ်းစားပြီးမှ ဆုံးဖြတ်စေချင်ပါတယ်ကိုကြီးရယ်။ အေးဟာ စင်ကြယ်တဲ့မိန်းမတစ်ယောက်မဟုတ်ပါဘူး။ ကိုကြီးရဲ့ဂုဏ်သိက္ခာ၊ ကိုကြီးရဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွေကိုလည်း ထည့်စဉ်းစားဖို့ လိုအပ်ပါတယ်။ ”
” ကိုကြီး စဉ်းစားထားပြီးသားပါအေးရယ်။ ကိုကြီးက အတိတ်ရဲ့အရိပ်ဆိုးကြီးက ကင်းလွတ်သွားအောင် ကိုကြီးနေတဲ့ ခန္တီးမြို့ကို အေးကို ခေါ်သွားမယ်။ အေးနဲ့ လက်ထပ်ပြီး ဒီမြို့မှာ ဆက်ထားခဲ့လို့ ရပါတယ်။ အဲဒီအခါ ပတ်ဝန်းကျင်က ကိုကြီးရဲ့ အပျော်မယားလုပ်နေတယ်၊ အရင်အလုပ်ကို ပြန်လုပ်နေတယ်လို့ အေးကို ထင်သွားကြမှာ သေချာတယ်။ ဘာပဲဖြစ်ဖြစ် ပတ်ဝန်းကျင်အသစ်က အေးအတွက် စိတ်လုံခြုံမှု အပြည့်အဝ ရှိပါတယ်ကွယ်။ ”
ဦးလှဦးကတော့ သူ့အစီအစဉ်တွေကို ပြောပြနေသည်။ အေးကတော့ ခေါင်းကိုသာ တွင်တွင်ရမ်းနေမိသည်။
” မဖြစ်နိုင်ပါဘူးကိုကြီးရယ်။ ဒီည ကိုကြီးနဲ့ရှိနေပေးတာဟာ အေးအပေါ် ကိုကြီးထားရှိခဲ့တဲ့မေတ္တာတွေ၊ စေတနာတွေအတွက် ဖြည့်ဆည်းပေးတာလို့ပဲ သဘောထားလိုက်ပါ။ ကိုကြီးနဲ့ အေးဘဝက မိုးနဲ့မြေလို ကွာခြားပါတယ်။ အဆင့်အတန်း၊ အခြေအနေချင်းမတူကြတဲ့ဘဝနှစ်ခုကို မပေါင်းစပ်တာက အကောင်းဆုံးပါ။ နစ်နာစရာရှိရင် ကိုကြီးပဲ နစ်နာရမှာကို အေး မလိုလားဘူး။ ဟိုရောက်လို့ ကိုကြီးမှာ သားကြီးမယားကြီးတွေ ရှိနေရင် မအေးရဲ့ဘဝက မတွေးဝံ့စရာပါကိုကြီးရယ်။”
ဦးလှဦးက ရယ်နေသည်။ သူ့လက်ကိုင်အိတ်ထဲမှ တစ်စုံတစ်ခုကို ထုတ်ယူလိုက်သည်။
“ဒီမှာကြည့်စမ်း အေး။”
ဦးလှဦးက ကတ္တီပါပုဝါလေးကို ဖွင့်ဖြည်ပြလိုက်သည်။ အေး အံ့ဩသွားမိသည်။ ခရမ်းရောင်အရည်တလက်လက်ထနေသည့်လော့ကတ်ဆွဲသီးလေးနှင့် ရွှေဆွဲကြိုးတစ်ကုံး.…။
” အေးအတွက် ချစ်သက်လက်ဆောင်အဖြစ် ပေးဖို့ ကိုကြီး သိမ်းထားခဲ့တာ။ ဒီလော့ကတ်ဆွဲသီးကျောက်လေးက ခရမ်းရောင်အရည် စွဲနေတဲ့ ချွမ်လို့ ခေါ်တဲ့ ရှားပါးကျောက်စိမ်းအမျိုးအစားပေါ့။ ခရမ်းရောင်ဆိုတာ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့အရောင်ပေါ့အေးရဲ့။”
” ဒီလောက်တန်ဖိုးကြီးတဲ့လက်ဆောင်ကို လက်မခံပါရစေနဲ့ကိုကြီးရယ်။ ”
ကိုကြီးက အေး၏နဖူးပြင်ကိုဖွဖွလေး နမ်းလိုက်ရင်း ဆွဲကြိုးလေးကို ကိုယ်တိုင်ဆွဲပေးလိုက်သည်။
” အေးက ကိုကြီး ခုထိ မယုံနိုင်သေးပဲကိုး။ ကိုကြီး လူလွတ်တစ်ယောက် ဖြစ်တယ်ဆိုတာကို မယုံကြည်တာလားကွယ်။ အေးရဲ့ဘဝကို အကောင်းဆုံးဖြစ်အောင် ကိုကြီး စီမံပေးတာကို အေး လက်ခံပါ။ ကိုကြီးရဲ့အသက်အရွယ်၊ အတွေ့အကြုံအရ အမှားအမှန်ကို ချိန်ဆနိုင်ပါတယ်။ ကိုကြီးက အေးကို အပျော်မယားလို၊ ကြေးစားလို သဘောမထားနိုင်ဘူး။ တကယ်ကို ရင်ထဲ အသည်းထဲက မြတ်နိုးလို့၊ ချစ်မိလို့၊ တစ်သက်လုံးရိုးမြေကျပေါင်းသင်းချင်လို့ အေးကို လက်ထပ်ချင်တာ..။ ”
သည်လိုပြောပြန်တော့လည်း နှလုံးသားနုနယ်သည့်အေးခမျာ စကားတုန့်တင် ပြန်လည်မပြောတတ်ရှာ..။ ဦးလှဦး၏ရင်ခွင်ထဲသို့တိုးဝှေ့ဝင်ရင်း ကိုကြီး၏ပါးပြင်ကို မြတ်နိုးစွာ ညှင်သာစွာ အခါခါနမ်းမိပြန်သည်။
” ကဲ…ကိုကြီးရဲ့အစီအစဉ်ကို ပြောမယ်။ ဒီနေ့ အရောင်းဝယ်ကိစ္စအတွက် မူဆယ်ကို ကိုကြီး သွားမယ်။ ၃-ညအိပ်၊ ၄-ရက်ကြာမယ်။ ဒီနေ့ တနင်္ဂနွေနေ့ဆိုတော့ ဗုဒ္ဓဟူးနေ့မနက် ပြန်ရောက်မယ်ကွာ။ အဲဒီနေ့မှာ ခန္တီးလေယာဉ်ခရီးစဉ် ရှိတယ်။ ကိုကြီး လေယာဉ်လက်မှတ်နှစ်စောင် ကြိုတင်စီစဉ်ထားလိုက်မယ်။ မူဆယ်က ပြန်ရောက်တာနဲ့ အေးကို လာခေါ်ပြီး လေဆိပ်ဆင်းကြမယ်။ ကိုကြီး မူဆယ်သွားနေတုန်းမှာ အစစအရာရာ အဆင်သင့်ဖြစ်အောင် စီစဉ်ထားလိုက်ပါ။ ကိုကြီး စိတ်ချနေမယ်နော်။ ”
အေး ခေါင်းငြိမ့်ပြလိုက်သည်။ ဦးကိုဦးက အိတ်ထဲမှ ငွေစက္ကူတစ်အုပ်ကို ဆွဲထုတ်ရင်း အေး ဆီ ကမ်းပေးလိုက်သည်။
” အေး ခန္တီးကို လိုက်ဖို့အတွက် လိုအပ်တာတွေ ဝယ်ဖို့ ငါးသိန်းယူထားလိုက်နော်။ ဒီငွေနဲ့ မလောက်ရင်လည်း တစ်ယောက်ယောက်ဆီက ဆွဲသုံးထားလိုက်ပါ။ ကိုကြီး ပြန်လာမှ ပြန်ပေးမယ်။”
” အို..အေး မလိုအပ်ပါဘူး။ အေးဆီမှာ သုံးစရာငွေလည်း ရှိသေးတယ်ကိုကြီး။ အေး မယူတော့ဘူး။ ကိုကြီးက ခရီးသွားမှာဆိုတော့ ကိုကြီးပဲ ယူသွားနော်။ ”
အေးက အကြိမ်ကြိမ် ငြင်းဆန်ကာ ဦးလှဦးအိတ်ထဲသို့ ငွေကို အတင်းအကြပ် ပြန်ထည့်ပေးလိုက်သည်။
သူတို့နှစ်ဦး ဟိုတယ်မှ ထွက်လာခဲ့ကြပြီး မုံရွာဦးအောင်ညွန့်ဆိုင်တွင် နံနက်စာ မြီးရှေ ဝင်စားကြကာ မအေး၏အိမ်သို့ ကားနှင့်လိုက်ပို့ပေးသည်။
” အေး အားလုံးအဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားနော်။ ကိုကြီး စိတ်ချနေမယ် သိလား။”
မအေးတို့အိမ်ရှေ့ကိုရောက်တော့ ကိုကြီးက ကားကို ရပ်ကာ စိတ်မချသလို အထပ်ထပ်မှာကြား နေပြန်သည်။ အေးက ခေါင်းငြိမ်းပြရင်း..” စိတ်ချပါကိုကြီးရဲ့။-ဟု ပြောမှ နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။
မအေးသည် မလုံမလဲနှင့် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်တော့ မျက်နှာချင်းဆိုင်အိမ်မှအန်တီမြက မသိမသာလှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။
ညက မအေး အိမ်ပြန်မအိပ်ဖြစ်တာကို အန်တီမြ သတိထားမိပုံပေါ်ပါသည်။
*****************************
” ရက်စက်လိုက်တာအေးရယ်။ ကိုကြီးရဲ့ မျှော်လင့်ချက်အိပ်မက်တွေ ပျက်စီးသွားခဲ့ရပြီပေါ့။ ကိုကြီး အတန်တန်ပြောပြရက်နဲ့ ဘာ့လို့ကိုယ့်ဘဝကို အားငယ်လွန်းရတာလဲအေးရယ်။ ကိုကြီးကို ချစ်လွန်းလို့ အေး ရှောင်ပုန်းသွားရတာပါဆိုတဲ့စကားကို ကိုကြီး လုံးဝလက်မခံနိုင်ဘူး။ ”
ဦးလှဦး တစ်ယောက်တည်း တတွတ်တွတ်နှင့်ရေရွတ်နေမိသည်။ လေယာဉ်မှန်ပြတင်းပေါက်မှ အဝေးသို့ လှမ်းကြည့်လိုက်တော့ တိမ်တောင်တိမ်လိပ်တို့သည် တရိပ်ရိပ်နှင့် ပြေးလွှားနေကြသည်။ အောက်ဘက်တွင် လယ်ယာစိုက်ခင်းများ၊ သစ်တောစိမ်းစိမ်းတို့၏အကြားတွင် ကွေ့ကောက်စွာ စီးဆင်းနေသည့် ချင်းတွင်းမြစ်ကြီးကို လှမ်းမြင်နေရသည်။ လေယာဉ်ကြီးက ချင်းတွင်းမြစ်ရိုးအတိုင်း ပျံသန်းကာ ဦးလှဦးကို သယ်ဆောင်လျက် ရှိနေပြီ။ သူ့နံဘေးမှာတော့ အေးက ပါမလာခဲ့ပြီ။
အထပ်ထပ်ပြန်ဖတ်နေမိသည်မို့ စာရွက်ကလေးမှာ တွန့်ကြေလုလု ရှိနေသည်။ ယခုလည်း ဖတ်ပြီးသည့်စာကို ပြန်ဖတ်နေမိသည်မှာဘယ်နှကြိမ်မြောက်မှန်းမသိတော့..။
သိပ်ချစ်ရတဲ့ကိုကြီး..
ကိုကြီးရဲ့မေတ္တာ၊ စေတနာတွေကို စော်ကားသလို ဖြစ်မိတဲ့အတွက် အေး အနူးအညွတ်တောင်းပန်ပါတယ်။ ကိုကြီးအပေါ်မှာ တစ်ကြိမ်တစ်ခါမှ မချစ်ဖူးတဲ့မေတ္တာမျိုးနဲ့ အသည်းပေါက်မတတ်ချစ်မိတာပါ။ ကိုကြီးကို ချစ်လွန်းလို့လည်း အေး ရှောင်ပြေးခဲ့မိတာပါ။ ချစ်သူဘဝနဲ့ ကိုကြီးနဲ့တစ်ညတာ စိတ်လွတ်ကိုယ်လွတ်ချစ်ခွင့်ရတာကိုပဲ အေး ကျေနပ်လှပါပြီ။
အေးဟာ တော်ဝင်နန်းနဲ့ မထိုက်တန်တော့တဲ့ ပိုးကိုက်ထားတဲ့ပန်းတစ်ပွင့်ပါ။ အပယ်ပန်းကို မနမ်းရှိုက်ချင်ပါနဲ့ကိုကြီးရယ်။ ကိုကြီးရဲ့ဘဝနဲ့ အေးရဲ့ဘဝဟာ မိုးနဲ့မြေမက အဆင့်အတန်းချင်း ကွာခြားလွန်းလှပါတယ်။ ငွေကြေး၊ အဆင့်အတန်းမြင့်မားတဲ့ကိုကြီးတို့ရဲ့ပတ်ဝန်းကျင်ကို အေး ရင်မဆိုင်ရဲပါဘူး။ အေး ကိုယ့်ကိုယ်ကို လိပ်ပြာမလုံဘူးကိုကြီးရယ်။
အေးဟာ ကိုကြီးရဲ့အချစ်ပန်းကို နမ်းမဝနိုင်ပေမယ့် ပန်ဆင်ဖို့ကျတော့ မဝံ့ရဲမိတဲ့ဘဝပါ။ ရွှေနဲ့ရွှေ ဂဟေဆက်ရင် ရွှေရည်မပျက်ပေမဲ့ ရွှေနဲ့ကြေး တွဲဖက်မိရင် ရွှေဂုဏ်ပျက်တယ်မဟုတ်လားကွယ်။
အားလုံးကို ဥပက္ခာပြုပြီး အေး ရွာကို ပြန်သွားပါပြီ။ သမီးတစ်ယောက်ရဲ့တာဝန်ကို မကျေပွန်ခဲ့တဲ့အေးတစ်ယောက် အမေနဲ့အတူပြန်နေပြီး အမေအသက်ရှိနေသမျှ ပြုစုစောင့်ရှောက်ပေးမယ်လို့ ဆုံးဖြတ်လိုက်တာပါ။ အေး မှားတာရှိရင်လည်း နားလည်ခွင့်လွတ်ပေးပါကိုကြီးရယ်။ အေးကိုလည်း လိုက်ရှာမနေပါနဲ့။
ဘဝရီးကို သစ်ရွက်တစ်ရွက်လို လွင့်မျောလာခဲ့ရသူမို့ အေးဟာ ဘယ်ရပ်၊ဘယ်ရွာသူဆိုတာ ကိုဆွေတစ်ယောက်ကလွဲရင် ဘယ်သူမှ မသိနိုင်ကြပါဘူး။ အေးကလည်း ကိုယ့်ရပ်ရွာကို လူတွေ မသိအောင် လျှို့ဝှက်ထားခဲ့တာကိုး။
ကိုကြီးကို ညာခဲ့မိတဲ့အေးကို ခွင့်လွှတ်ပေးပါလို့ အထပ်ထပ်တောင်းပန်ပါတယ်။ အေးရဲ့ဘဝဟာအကြွေပန်းမို့ ရွှေနန်းနဲ့မထိုက်တန်တဲ့သူပါကိုကြီးရယ်။ အေး အထပ်ထပ်တောင်းပန်ပါတယ်။
ကိုကြီးအပေါ် ရင်နဲ့မမျှ ချစ်မိရတဲ့….
အေး
ဆို့နင့်ကြေကွဲစွာဖြင့် စာရွက်လေးကို အင်္ကျီအိတ်ကပ်အတွင်း ပြန်ထည့်လိုက်သည်။ သူ့အဖြစ်ကို သူ ပြန်တွေးမိရင်း မဲ့ပြုံး တစ်ချက်ပြုံးလိုက်မိသည်။
” ဪ..ငါ့အဖြစ်ကလည်း ရယ်တော့ရယ်စရာကြီး။ လူ့စိတ်က ဆန်းကြယ်တာပဲလား။ ငါပဲ ရူးနေမိတာလားပဲ။ ငါ့ပတ်ဝန်းကျင်မှာ ဥစ္စာပေါ၊ ရုပ်ချောမိန်းကလေးတွေ အများကြီး ရှိနေပါရက်နဲ့ အကြွေပန်းလေးကိုမှ ဘာ့ကြောင့်တန်းတန်းစွဲချစ်နေမိပါလိမ့်နော်။ တကယ်တော့ အေးရဲ့ ဖြူစင်ရိုးသားတဲ့နှလုံးသားလေးကို ချစ်မိတာ ထင်ပါရဲ့။ ”
လေယာဉ်ကြီးကတော့ ဦးတည်ရာခန္တီးမြို့ဆီသို့ တရွေ့ရွေ့ ပျံသန်းလျက်.…။ ကောင်းကင်ပေါ်က မြင်တွေ့နေရသည့် ကမ္ဘာမြေ၏မိုးကုတ်စက်ဝန်းမှာ ကျယ်ဝန်းလှပါဘိ။
” အေးရယ်။ ကိုကြီးကို ဘယ်လိုပဲ ရှောင်ပုန်းနေပါစေကွယ်။ ကမ္ဘာကုန်ကျယ်သရွေ့ ကိုကြီးရဲ့ အသက်နဲ့ခန္ဓာ တည်မြဲနေသမျှ မတွေ့၊တွေ့အောင် ကိုကြီး လိုက်ရှာအုံးမှာပါကွယ်။
************************************
ရွာကို ပြန်ရောက်တော့ စိတ်လက်ပေါ့ပါးသွားမိတာက အမှန်ပင်။ အားလုံးကို သံယောဇဉ်နှောင်ကြိုးအားလုံးကို ဖြတ်ကာ ရွာပြန်လာခဲ့သည်။ အေးတို့အိမ်လေးကိုလည်း ပင်စင်ယူပြီးလျှင် နေစရာမရှိရှာကြသည့် ကိုဆွေ၏မိဘများကို အပြီးလွှဲပြောင်းပေးအပ်ထားခဲ့လိုက်သည်။ ဦးလှဦး မူဆယ်က ပြန်မရောက်ခင်တွင် အားလုံးပြီးပြတ်အောင် မအေး စီစဉ်ထားခဲ့သည်။ လေဆိပ်ဆင်းလျှင် လာခေါ်မည့်ကိုကြီးထံပေးရန် စာတစ်စောင်ရေး၍ အိမ်ရှေ့အိမ်က အန်တီမြတို့ထံ ပေးထားခဲ့သည်။ မည်သူ့မှအသိမပေးတော့ဘဲ တိတ်တဆိတ် ရွာကို အပြီးပြန်လာခဲ့တော့သည်။
အမေကတော့ အလည်လွန်နေခဲ့သည့်သမီးဆိုးလေး အိမ်ကိုပြန်လာသဖြင့် အပျော်ကြီး ပျော်နေရှာသည်။ နှစ်တွေ အတန်ကြာမျှ ဖုံးကွယ်ထားခဲ့သည့် သူ့နာမည်အရင်း “အေးမြငြိမ်း”ဆိုသည့်အမည်ပင် ရွာကိုရောက်မှ သတိပြန်ရမိတော့သည်။
သည်နေ့ ဗုဒ္ဓဟူးနေ့။ ကိုကြီး ခန္တီးကို ပြန်မည့်နေ့ ။ ကိုကြီး ဘယ်လောက် ယူကျုံးမရ ဖြစ်နေရှာလိမ့်မည်နည်း။ သို့တည်းမဟုတ် လိမ်ညာခဲ့သောအမိုက်မ အေးကို စိတ်အနာကြီး နာကာ ခါးခါးသီးသီး အမုန်းကြီး မုန်းသွားလေပြီလား။ အေးမြငြိမ်း ငိုချင်လာသည်။ သူ ငိုကျွေးနေသည်ကို အမေ မမြင်စေလို…။ လွတ်လွတ်လပ်လပ်ကြီး ငိုပစ်လိုက်ချင်သည်။
” အမေ မောင်လေး နွားကျောင်းနေတဲ့စပါးခင်းဘက် လိုက်သွားအုံးမယ်နော်။ ”
” အေး အေး။ လယ်ကန်သင်းရိုးတွေပေါ်မှာ ဂရုစိုက်ပြီး လျှောက်နော်။ ညီးက မြို့မှာ အနေကြာတော့ ကန်သင်းရိုးပေါ် လျှောက်တတ်တော့မှာ မဟုတ်ဘူး။”
” ရပါတယ်အမေရဲ့။ သမီးက တောသူပဲ လျှောက်တတ်ပါတယ်။”
အေးမြငြိမ်း လယ်ကွင်းစိမ်းစိမ်းကြီးများဘက်သို့ ထွက်လာခဲ့သည်။ အစိမ်းရောင်ကမ္ပလာကြီးကို ဖြန့်ခင်းထားသလို လယ်ကွင်းတွေက အနောက်ဘက် မဟူရာတောင်ခြေအထိ တပြန့်တပြောကြီး..။ လေပြည်အေးအေးက ကောက်သင်းနံ့လေးတွေကို သယ်ဆောင်လာသည်။ အနောက်ဖက်မှာ မဟူရာတောင်တန်းကြီးက ကာဆီးထားသလို အရှေ့ဘက်မှာ ချင်းတွင်းမြစ်ကြီးက တသွင်သွင်စီးဆင်းလျှက်ပင်…။
ထိုအချိန်တွင် လေယာဉ်သံကို ကြားလိုက်ရသည်။ ကလေးမြို့၊ ဟုမ္မလင်းမြို့၊ ခန္တီးမြို့ဆီသို့ ပြေးဆွဲလေ့ ရှိသည့် ခရီးသည်တင်လေယာဉ်ကြီးသည် ချင်းတွင်းမြစ်ရိုးအတိုင်း ပျံသန်းကာ အေးမြငြိမ်းတို့ရွာလေးပေါ်မှ ဖြတ်သန်းသွားလေ့ ရှိသည်။
သည်လေယာဉ်ကြီးပေါ်မှာ ကိုကြီး ပါလာပါလိမ့်မည်။ အေးမြငြိမ်းမှာ မျက်ရည်မဆည်နိုင်တော့ဘဲ တစ်ယောက်တည်း ရှိုက်ကာရှိုက်ကာ ငိုချလိုက်တော့သည်။
” အမိုက်မကို ခွင့်လွှတ်ပါကိုကြီးရယ်။ အညာမအေးကို မုန်းလိုက်မေ့လိုက်ပါတော့..။”
အေးမြငြိမ်းကသာ ကိုကြီး ပါလာမည့်လေယာဉ်ကြီးကို လှမ်းမြင်နေရသည်။ ကိုကြီးကတော့ လယ်ကွင်းစိမ်းစိမ်းတွေထဲက လက်ဝှေ့ရမ်းနှုတ်ဆက်နေသည့် အေးမြငြိမ်းဆိုသည့် အညာမလေးကို မြင်မည်မထင်ပါ။ ။
လေယာဉ်ကြီးက တဖြည်းဖြည်းဝေး၍ဝေး၍ သွားရင်း နှင်းရည်နှင်းရိပ်တို့ဖြင့် မှိုင်းဝေနေသည့်မိုးကုပ်စက်ဝိုင်းကြီးအောက်တွင် အမှုန်စက်လေးအဖြစ်မှ ပျောက်ကွယ်သွားလေပြီ။
အေးမြငြိမ်းကတော့ တစ်ယောက်တည်း ရှိုက်၍ ရှိုက်၍သာ ငိုကြွေးနေမိဆဲပင်….။
*********************************
ရွှင်လန်းချမ်းမြေ့ကြပါစေ….
နန္ဒာမင်းလွင်
(၂၆-၉-၂၀၂၂)။ တနင်္လာနေ့။
*****************************************
ကိုလှဦးနဲ့အေးတို့ ပြန်ဆုံနိုင်မည့်ဇာတ်ကွက်လေး စိတ်ကူးထဲမှာ ရှိသော်လည်း ဆက်မရေးဖြစ်တော့ပါ။ ပြည့်တန်ဆာဘဝမှရုန်းထွက်ကာ တစ်သက်လုံးဖြူဖြူစင်စင်နေသွားခဲ့အမျိုးသမီးတစ်ယောက်၏ တကယ့်အဖြစ်အပျက်ကို အခြေခံရေးသားထားတာပါ။
အလွမ်းလေးနဲ့သာ ဇာတ်သိမ်းကြပါစို့။ ကျေနပ်နိုင်ကြပါစေ…။
သည်စာမူက ပုံနှိပ်ဖြန့်ဝေခြင်း မလုပ်ရသေးတဲ့အသစ်ပါ။ စာဖတ်သူတွေများတဲ့ ဒီဂရုဖ်လေးပေါ်မှာ တင်ပေးရတာ ကြည်နူးရပါတယ်။ ဆက်လက်ပြီးတော့ ပုံနှိပ်ဖေါ်ပြထားပြီးဖြစ်တဲ့ (လိပ်ပြာတောင်ပံခတ်သံ)- ဆိုတဲ့ သမိုင်းနောက်ခံလွမ်းမောဖွယ်ဝတ္ထုရှည်လေးကို အဆင်ပြေသလို တင်ပေးပါမယ်။
******************************************