ပုသိမ်ရန်နောင်စိုး
မိုးမခပင်အောက်က ဖိုးလမင်း
တန်ဆောင်မုန်းလ၏ ၁၂ ရက်ည လမင်းကြီးမှာ ပြည့်ပြည့်ဝိုင်းဝိုင်း မဟုတ်သေးပေမယ့် လမင်းကြီးအလင်းရောင်ကတော့ ထိန်ထိန်သာနေသည်။
ပြာလွင်လွင် အာကာတစ်ခွင် ကောင်းကင်ပြင်မှာတော့ ငွေကြယ်ပွင့်ငယ်လေးတွေက သိန်းသန်းကုဋေမက လင်းလက်တောက်ပနေကြပြီး တချို့က လင်းလင်းလက်လက် တောက်တောက်ပပ၊ တချို့ကတော့ မှေးမှေးမှိန်မှိန် မှုန်မှုန်ပျပျ။
ည၏ အလှဆိုသည်မှာ လမင်းတစ်စင်းတည်း ထိန်ထိန်သာနေပေမယ့် မပြည့်စုံသေး။ လမင်းမရှိဘဲ ငွေကြယ်ပွင့်တွေချည်း တောက်ပနေပြန်လည်း အလှအပ မမည်နိုင်။ ကြယ်စုံ လသာနေမှသာ ညအလှဆိုသည်မှာ ပြည့်စုံမည်ဖြစ်ပါသည်။
တန်ဆောင်မုန်းလသည် ကြယ်စုံလင်းလက်သည့် လ တစ်လဟု ဆိုကြသည် မဟုတ်ပါလား။
တိမ် တစ်မျှင်တစ်စပင် မရှိသည့် မိုးကောင်းကင် ပြာ လွင်လွင်ကြီးမှာ လမင်းကြီးကလည်း ထိန်ထိန်သာနေသည်။ ငွေကြယ်ပွင့်ငယ်လေးတွေကလည်း စုံစုံညီညီနှင့် လင်းလက်တောက်ပနေကြသည်ဆိုတော့ တန်ဆောင်မုန်းလ၏ ၁၂ ရက် ညသည် မလှဘယ်မှာ ရှိတော့မည်နည်း။
ဦးထိပ်သီးတစ်ယောက် ဆေးလိပ်ကို တွင်တွင်ဖွာရှိုက်ရင်း လှေဦးမှာ ပက်လက်လှန်အိပ်ရင်း ကောင်းကင်ပြင်ကြီးကို တစိမ့်စိမ့်ကြည့်ကာ ကြည်နူးနေပါသည်။
ညဉ့်လေပြည် တဖြူးဖြူးတိုက်ခတ်နေသဖြင့် ငဝန်မြစ်ပြင်ကျယ်ကြီးမှာ လှိုင်းတွန့်လေးများ လွန့်လူးနေပြီး လမင်းကြီး၏ အလင်းရောင်ကြောင့် မြစ်ရေတစ်ပြင်လုံး ငွေမှုန် ငွေစ ငွေပြားလေးတွေ ဖဲ့ခြွေချထားသည့်နှယ် တဖိတ်ဖိတ် တလက်လက်နှင့် တောက်ပနေသည်မှာ တကယ့်ကို ကြည်နူးစရာ။
ဆယ်တောင်လှေလေးမှာ ရေအောက်သို့ ကျောက်ချ ထားသောကြောင့် လှေပေါ်မှာ ဆေးလိပ်ကို မှိန်းကာ ဖွာရှိုက်ရင်း ဦးထိပ်သီးတစ်ယောက် ဇိမ်ကျနေသည်။ သည်လိုဇိမ်မျိုးကို မည်သို့သော အရာဝတ္ထုနှင့်မျှ မလဲလှယ်နိုင်။
သူသည် တံငါတစ်ယောက်ဖြစ်၏။ လုပ်နိုင်ကိုင်နိုင် အရွယ်ကတည်းက တံငါဘဝနှင့် အသက်မွေးဝမ်းကျောင်းလာရာ ယခု အသက်ငါးဆယ်ပြည့်ပြီ။ တံငါဘဝနှင့်ပင် အသက်မွေးလျက်ရှိသည်။ တံငါဘဝနှင့်ပင် အသက်သေသည်အထိ နေ၍ မဖြစ်သေး။
ငါးရှာ ဖားရှာ တံငါအလုပ်မှာ အမျိုးပေါင်းလည်း များပြားစုံလင်လှ၏။ တချို့က ငါးပုစွန်ရှာဖွေနည်း တစ်နည်းတည်းကိုသာ ဇောက်ချပြီးလုပ်သလို တချို့ကတော့ နှစ်မျိုး သုံးမျိုး စသည်ဖြင့် လုပ်ကြသည်။
ဦးထိပ်သီးကတော့ သုံးရာသီလုံး အစုံလုပ်သည်။
အင်းလုပ်ငန်း၊ ပင်လယ်ငါးပုစွန် လုပ်ငန်းကြီးတွေကိုသာ ငွေကြေးမတတ်နိုင်သဖြင့် မလုပ်ဖူးခဲ့။ မြစ်ထဲ၊ ချောင်းထဲ၊ မြောင်းထဲ၊ လယ်ကွင်းထဲမှာ ဦးထိပ်သီး တံငါအလုပ် မလုပ်ဖူးတာ မရှိခဲ့။
ယခုလည်း သူ့အလုပ်က ငါးကြီးတန်းချနေခြင်း ဖြစ်သည်။
ငါးကြီးတန်းချသည့် အလုပ်ကလည်း တံငါတိုင်း မလုပ်တတ်။ အချိန်ရာသီနှင့်အညီ ငါးကြီးများ ကြိုက်နှစ်သက်သည့် အစာကို ငါးမျှားပြီး ချတတ်ဖို့လည်း လိုသည်။ သည်ပတ်ဝန်းကျင်တစ်ခွင်ရှိ တံငါလောကမှာတော့ သူ့ကို ငါးဘုရင်ဟု ခေါ် ကြသည်။ ငါးကြီးတန်းချသည့်ပညာကို သူ့အဖေထံမှ ရရှိ ခဲ့ခြင်း ဖြစ်သည်။ သူ့အဖေ ဦးကုလားကြီးမှာလည်း တစ်ချိန်က ငါးဘုရင်ဘွဲ့ထူးကို ရရှိထားသူပင်ဖြစ်သည်။
သိပ်ပြီးမကြာလိုက်ပါ။ သပြုတောရွာလယ်မှ အသံချဲ့စက်သံက ကျယ်လောင်စွာ ပေါ်ထွက်လာသည်။ သန်းခေါင်ယံအချိန်ကြီးမှာ ဓမ္မတေးကို နားဆင်ရမည်လား၊ ဘုန်းတော်ကြီး တစ်ပါးပါး၏ တရားခွေကို နာကြားရမည်လားဟု နားစိုက်ကာ ထောင်နေမိပါ၏။
ထွက်ပေါ်လာသည့် အသံကတော့ ကိုမင်းနောင်၏ ဇရာဆိုသည့် တံငါသီချင်း။
ဇရာသီချင်း ဆုံးသွားပြီး နောက်ထပ်ပေါ်ထွက်လာသည့် သီချင်းမှာ ဦးထိပ်သီး၏ နားထဲသို့မဝင်။ စောစောက ဇရာဆိုသည့် တံငါသီချင်းကသာ သူ့နားထဲမှာ တဝဲလယ်လယ်။
ဟို . . . ဝေးဝေးမှာ ကျန်ရစ်နေခဲ့သည့် နှစ်ပေါင်းများစွာတို့က သူ့မျက်လုံးထဲမှာ တရေးရေးနှင့် ပေါ်လာသည်။
ဟောင်းနွမ်းသွားပြီဖြစ်သော မှုန်ဝါးဝါးအတိတ်တို့က သူ့ရင်ထဲမှာ ကြည်ကြည်လင်လင် ထင်ဟပ်လာကာ အသစ်အသစ်တွေသာ ဖြစ်ဖြစ်လာနေပါပြီလေ။
“မနက်ဖြန်ဆို တန်ဆောင်မုန်းလဆန်း ၁၃ ရက်၊ ငါနဲ့ ပိုးဥ စတင်တွေ့ခဲ့ကြတဲ့နေ့”
ပြီးတော့ …
X X X X X
ပိုက်သမားဆိုလို့ ရေပြင်ပေါ်မှာ ထိပ်သီးနှင့် သာမောင် နှစ်ယောက်တည်းသာ ရှိနေသည်။
ငါးသလောက်ပိုက်မျှောသမားတို့မှာ နေ့မှာသာ မျှောတတ်ကြပြီး ညမှာ မမျှော။ အကြောင်းကလည်း ရှိသည်။
ညဘက်မှာဆိုတော့ ပိုက်လမ်း ဖြောင့် မဖြောင့်လည်း မသိနိုင်။ ငါးတိုးနေသည့် ပိုက်ကွက်၏ ဖော့သီးကိုလည်း မမြင်ရ။ ခေါင်းတိပိုက်ဆိုတော့ သင်္ဘောတို့၊ စက်လှေတို့ ရန်ကလည်း ကြောက်ရသေးသည်။
ညဘက်မှာ ပိုက်မျှောသည့်အခါ နေ့ဘက်မှာလို လှေပေါ်မှာ အမြိုင့်သားထိုင်ပြီး နေလို့မဖြစ်။ ပိုက်လမ်းဘေးကပ်ပြီး လှေကို ရေသံမမြည်အောင်၊ လှေနံနှင့် လှော်တက်ရိုး မထိအောင် ဂရုတစိုက်လှော်ရင်း ငါးတိုး မတိုး ကြည့်ရသည်။ လက်နှိပ်ဓာတ်မီးနှင့် ထိုးပြီးလည်း ကြည့်နိုင်သည်။
ညပိုင်း ပိုက်မျှောသည့်အလုပ်မှာ သိပ်ပြီး လူမပင်ပန်းလှသော်လည်း အိပ်ရေးကတော့ ပျက်သည်။ သို့သော်လည်း ပိုက်သမားများ ရှင်းနေသဖြင့် ငါးပိုတိုးသည်။ ငါးလည်း ပိုရသည်။
မနက်ဖြန် တန်ဆောင်မုန်းလဆန်း ၁၃ ရက်။ တန်ဆောင်မုန်းလပြည့်ဖို့ ၂ ရက်သာ လိုတော့သည်။
“ဟေ့ကောင် ထိပ်သီး … ရေကြမ်းလာပြီကွ။ နားကြမှ ထင်တယ်”
ခပ်လှမ်းလှမ်းကနေ သာမောင်က သတိပေးနေသည်။
ဟုတ်သည်။ ရေစစ်ပြီး ရေပြန်လှန်ချိန်ကနေ ပိုက်မျှောခဲ့ကြသည်မှာ ယခု ရေဝက်တက်လောက်တော့ ရှိပြီ။ ရေစီးလည်း ကြမ်းနေပြီ။
“အေးဟေ့ … မင်းကော ပိုက်သိမ်းနေပြီလား”
“အေး”
ထိပ်သီး မေးခွန်းကို သာမောင်က ‘အေး’ ဟု တစ်ခွန်းသာ ပြန်ဖြေသည်။
“မင်းပြီးရင် ပိုက်ချက်ကို လာခဲ့လေ။ အဲဒီမှာ အိပ်ပြီး မိုးလင်းမှ အိမ်ပြန်ကြမယ်”
“အေး … ကောင်းတယ်”
ထိပ်သီးလည်း သူ့ပိုက်ကို စတင်ရုပ်သိမ်းတော့သည်။ သူတို့နှစ်ယောက် မိုးမခပင်အောက် ပိုက်ချက်ကိုရောက်တော့ သန်းခေါင်ကျော် ၂ နာရီ။ ပိုက်ချက်မှာ လှေကြိုးချည်ပြီး လှေပေါ်မှာပင် အိပ်လိုက်ကြတော့သည်။
လူငယ် ငါးသလောက်ပိုက်သမားတွေထဲမှာတော့ ထိပ်သီးနှင့် သာမောင်ကို မည်သူမှ လိုက်မမီ။ ကြိုးစားအားထုတ်မှု ရှိကြသလို သူများတကာတွေထက်လည်း ငါးအရများသည်။ အတွဲလည်း ညီသည်။
ယနေ့ည ပိုက်မျှောကြရာမှာ ထိပ်သီးက ငါးသလောက် ငါးကောင်ရပြီး သာမောင်က ခြောက်ကောင်ရသည်။ တွက်ချေတော့ ကိုက်နေပြီ။
လူငယ်တွေဆိုတော့လည်း လုပ်လည်း လုပ်နိုင်သည်။ စားလည်း စားနိုင်ကြသည်။ အသုံးအဖြုန်းလည်း ကြမ်းကြသည်။
ယခုလည်းကြည့်။ အိပ်ရေးပျက်ပြီး ပင်ပန်းကြလေတော့ လှေကတ်ခုပေါ်သို့ ကျောခင်းချလိုက်သည်နှင့် အိပ်ပျော်သွားကြကာ တခေါခေါနှင့်ပင် အစုန်အဆန် သံပြိုင်ဟောက်နေကြ လေတော့သည်။
X X X X X
“ကြူကြူ သင်း … တယ်၊ ရွှေနှင်းဆီရယ် ဆင်းရနံ့က မွှေးတယ် ၊ မခူးရက်စရာကွယ် အထူးပဲလှတယ် ၊ သူ့ကိုယ်သူပင် ဆူးတွေကိုဆင်၊ နတ်ဥယျာဉ်ဝယ် ရောင်စုံဖူးပွင့်တယ်”
“အဆောင်တော်ကူးကာ ဆွတ်ခူးတော့မယ့် သခင်ရယ် ၊ တစ်ပွင့်ထဲ ပန်းကို လှမ်းနိုင်ပေမယ့် ရွှေရည်လွှမ်းတဲ့ မြပန်းခက်ကို သူ့လက်လှမ်းကာ ချစ်ရေစင် ဖျန်းတယ်”
“နုပျို စိုလန်းလို့ရယ် ဖူးပွင့်စပန်းနှယ် ၊ နေရောင်ခြည်မတိုးခင် မညှိုးလို့ စင်ကြယ် . . . မညှိုးလို့ စင်ကြယ် ၊ ခင်တွယ်စရာ အလွန်တင့်တယ်”
“ပျားကောင် ပိတုန်းရယ် မသုံးဆောင်ခင်များမယ် ၊ ဆင်းရနံ့ကလေးရယ် ဝတ်မှုန် ဝတ်ရည် ထုံသင်းတယ် ၊ ခုတော့ဖြင့် မစိုပြည် . . . နကိုရည် ပျက်ယွင်းတယ် ၊ ပန်ဆင်တဲ့သူရယ် အစာဝတော့ ဌာနပြန်ချင် . . . တယ် . . .”
တိတ်ဆိတ်ငြိမ်သက်နေသည့် အရုဏ်ဦးလေပြည်နှင့်အတူ စီးမျောလိုက်ပါလာသည့် မိန်းကလေးတစ်ယောက်၏ တစ်ပိုင်းတစ်စ သီချင်းသံလေး။
ထိုအသံနှင့်အတူ အိပ်ရေးဝကာ ထိပ်သီး အိပ်ရာက နိုးလာသည်။
သူ ဆက်လက် နားစွင့်နေသော်လည်း တေးသံရှင်၏ အသံကတော့ ပေါ်မလာ။
“ဟေ့ကောင် ထိပ်သီး ကြားလား”
သာမောင်လည်း အိပ်ရာမှ နိုးနေပြီထင်၏ထိပ်သီးကို လှမ်းမေးနေသည်။
“ဘာကိုလဲကွ”
ထိပ်သီးက မသိချင်ယောင်ဆောင်ကာ ပြန်မေးလိုက်သည်။
“ခုန ဆိုသွားတဲ့သီချင်းသံ”
“အဲဒါ ဘာဖြစ်လဲ”
“ဒေါ်မေရှင်ရဲ့ ချစ်ရေစင် သီချင်းကွ”
“သောက်ကျိုးနည်း … ငါက ရုပ်ရှင်တောင် ကြည့်ဖူးတယ် ဟေ့ကောင်”
“ခုနဆိုသွားတာ ဒေါ်မေရှင်ရဲ့အသံ အဆွဲအငင် အတိုင်းပဲကွာ”
“အေး … အစစ်ပဲ”
“ရွာသစ်က မုန့်ဟင်းခါးသည် ထင်တယ်ကွ”
“ဖြစ်နိုင်တယ်”
သာမောင် ဆက်ပြီး လေကြောမရှည်တော့ဘဲ ဆောင့် ကြောင့်ထိုင်ကာ မြစ်ရေနှင့် မျက်နှာသစ်နေတော့သည်။ ထိပ်သီးကတော့ အပျင်းထူပြီး လှေနံပေါ် ခေါင်းကျော်ကာ အိပ်လျက် ဘေးစောင်းမျက်နှာသစ်သည်။
သည်အချိန် ရွာသစ်မုန့်ဟင်းခါးသည်တွေ ပုသိမ်သို့ လှေနှင့် ဆင်းသည့်အချိန် ရေဆန်ဆန် ရေစုန်စုန် မိုးပြတ်သွားပြီဆိုလျှင်တော့ ရွာသစ်က မုန့်ဟင်းခါးသည်တွေ ပုသိမ်သို့ နေ့စဉ်သွားရောက် ရောင်းချနေကြစမြဲ။
ရွာသစ်မုန့်ဟင်းခါးကို လူတိုင်းကြိုက်နှစ်သက်ကြ၏။ မုန့်ဖတ်နန်းသေးပြီး မုန့်ဟင်းရည် အစပ်အဟပ်လည်း တည့်သည်။
စောစောက သီချင်းရှင် မုန့်ဟင်းခါးသည် လှေမှာ တဖြည်းဖြည်း နီးကပ်လာပြီ ထင်၏။ စကားပြောသံများကိုပင် ပီပီသသ ကြားနေရပြီ။
“ထမင်းဆာတယ်ကွာ။ မုန့်ဟင်းခါး ဝယ်စားကြရင် ကောင်းမယ်ကွာ”
“အေး ကောင်းတယ်။ ဗိုက်ဟာနေတာနဲ့ အတော်ပဲ”
သာမောင့်ကို ထိပ်သီး ထောက်ခံလိုက်သည်။
“မင်းမှာ ပိုက်ဆံပါလား။ ငါ့မှာတော့ တစ်ပြားမှ မပါ ဘူးနော်”
“ဒါလေးများ … အဝအပြဲစားပြီး တို့နှစ်ယောက် သူတို့လိုက်မမီအောင် လှော်ပြေးတာပေါ့ကွာ။ တို့နှစ်ယောက်စလုံးမှာ နောက်တွန်းတွေ ပါတာဘဲဟာ။ သူတို့လိုက်လဲ မမီပါဘူးကွာ”
“သောက်ကျင့်ကတော့ ယုတ်တော့မယ်”
သူတို့နှစ်ယောက် ရယ်လိုက်ကြသည်။
ထိုအချိန်မှာပင် မုန့်ဟင်းခါးသည်လှေက သူတို့လှေနှင့် နီးကပ်သည်ထက် နီးကပ်လာနေသည်။
“မုန့်ဟင်းခါးရောင်းပါဗျို့၊ ကျွန်တော်တို့နှစ်ယောက် တစ်ယောက် သုံးပွဲစားမှာပါ”
စကားပြောရင်း လှေလှော်လာနေသည့် မုန့်ဟင်းခါး သည်တွေမှာ သာမောင့်အသံကြောင့် တိတ်သွားတော့သည်။
“ကျွန်တော်တို့ ပိုက်သမားတွေပါ။ ထမင်းဆာလွန်းလို့ပါဗျာ”
“ကျွန်မတို့က ပုသိမ်အထိ သွားရောင်းရမှာဆိုတော့ ဟင်းရည်အိုးကို အဝတ်ထူထူနဲ့ ကျကျနနထုပ်ထားတာ။ ရှင်တို့ကို ဖွင့်ရောင်းလိုက်ရင် အငွေ့လစ်သွားပြီး ဟင်းရည်တွေ အေးကုန်မှာပေါ့ရှင့်။ ပြီးတော့ ဒီမှာရောင်းနေရင် ပုသိမ်ကို မိုးကြောင်တောင်လင်းမှ ရောက်မှာရှင့်။ အားတော့ နာပါတယ်နော်”
ထိုအသံအဆုံးမှာ နောက်အသံ တစ်သံက ထပ်ပြီး ထွက်လာပြန်သည်။
“ကောက်ညှင်းထုပ်နဲ့ မုန့်ကြိုးလိမ်လဲ ပါသေးတယ်ရှင့်။ ထမင်းဆာရင် ဝယ်စားပါလား”
“ဒါဖြင့်ရင်လည်း ခင်ဗျားတို့လှေ ဒီကိုကပ်ဗျာ”
သာမောင့်စကားဆုံးသည်နှင့် မုန့်ဟင်းခါးသည်လှေက အရှိန်သတ်ပြီး သာမောင့်လှေဘေးမှာ ညင်ညင်သာသာပင် ယှဉ်ကပ်လာသည်။
“ဘာစားကြမှာလဲ၊ ကောက်ညှင်းထုပ်လား မုန့်ကြိုး လိမ်လား”
လှေဦးမှ မိန်းကလေးက မေးသည်။
ဗောင်းခမောက်ကို ကိုယ်စီဆောင်းထားသောကြောင့် မှုန်ရီရီလရောင်အောက်မှာ သူတို့မျက်နှာတွေကို ပီပီပြင်ပြင် မမြင်ရ။
“ကောက်ညှင်းထုပ်က ဆယ်ထုပ်၊ မုန့်ကြိုးလိမ်က ဆယ်ခု၊ ထိပ်သီး မီးထိုးပြလိုက်ပါကွာ”
အိပ်လျက်ကနေ ထိပ်သီးက လက်နှိပ်မီးနှင့် ထိုးပြ၏။ မုန့်တောင်းများရှိသည့်နေရာကို မထိုး။ လှေဦးနှင့် ပဲ့ကို တစ်ချက်စီ ထိုးသည်။
“ဘာဖြစ်လို့ လူကို လက်နှိပ်မီးနဲ့ ထိုးရတာလဲ”
လှေပဲ့မှ မိန်းကလေးက ထအော်သည်။
“မတော်လို့ပါဗျာ … လက်ရမ်းသွားလို့ပါ။ စိတ်မရှိပါနဲ့”
ထိပ်သီးက တောင်းပန်သည်။
တကယ်လက်က ရမ်းသွားသည်မဟုတ်။ မျက်နှာများကို မြင်ချင်၍ တမင်ပင် လက်နှိပ်မီးနှင့် ထိုးကြည့်ခြင်းဖြစ်သည်။ သို့သော် ပိန်းပိတ်နေအောင် လူးထားသည့် သနပ်ခါးတွေကြောင့် ပကတိရုပ်သွင်များကိုတော့ ပီပီပြင်ပြင် မမြင်ရ။
လှေဦးမှ မိန်းကလေး လှမ်းပေးသည့် ကောက်ညှင်းထုပ်နှင့် မုန့်ကြိုးလိမ်များကို သာမောင်က လှမ်းယူပြီး ပိုက်ဆံပါ ထုတ်ပေးသည်။
“နောက်များ ကြုံရင်လဲ ဒီလိုပဲ ရောင်းပေးပါဦးနော်”
မုန့်သည်လှေ ထွက်ခွာသွားတော့ ထိပ်သီးကလှမ်းပြီး လျှာရှည်ဖြစ်အောင် ရှည်လိုက်သေးသည်။
“ပိုက်ဆံသာ ဆောင်ထား”
မုန့်သည်ကလည်း အားကျမခံ ပြန်ပြီးရှည်သည်။
“ပိုက်ဆံမပါလို့ ငါးသလောက်နဲ့ လဲစားရင်ကော”
“ရတယ်လေ . . .”
မုန့်သည်လှေမှာ တဖြည်းဖြည်းနှင့် ဝေးဝေးသွား တော့သည်။
“ဟေ့ကောင် … လှမ်းငမ်းပြီး သွားရည်ကျမနေနဲ့။ ဟိုက သွားပြီ။ ဒီမှာ မင်းသွားရည်ကျရမယ့် ကောက်ညှင်းထုပ်နဲ့ မုန့်ကြိုးလိမ်”
ကောက်ညှင်းထုပ် တစ်ထုပ်ကို ကြိုးဖြည်ရင်း သာမောင်က ပြောလိုက်သည်။
“ကောင်မနှစ်ကောင်က ချောမယ့်ပုံကွ။ အသံလဲ ကောင်းတယ်”
“သောက်ရေးမပါတာများ . . . လင်နဲ့ကောင်မတွေ ဖြစ်နေမှ ဒုသနသောကောင် ဖြစ်နေဦးမယ်။ စားမှာသာစား”
ရခိုင်ရိုးမကြီးတစ်ဘက်သို့ ငုပ်လျှိုးသွားတော့မည့် မှုန်ပျပျ လရောင်အောက်မှာ နှစ်ယောက်သား ကောက်ညှင်းထုပ်နှင့် မုန့်ကြိုးလိမ်များကိုစားရင်း တဟီးဟီး တဟားဟား လုပ်နေကြသည်။
မကြာခင်မှာပင် မိုးလင်းပေတော့မည်။
အရှေ့မိုးကုတ်စက်ဝိုင်းဆီမှ ရောင်နီတို့သည်ပင် လောကဝန်းကျင်တစ်ခွင်သို့ စီးမျောဖြာဆင်းကာ လာနေပါပြီ။
မုန့်ဟင်းခါးသည်မလေး၏ ချစ်ရေစင်သီချင်းက နားထဲကနေ မထွက်။ နေ့သစ်တစ်နေ့ မွေးဖွားလာမည့် ယနေ့မိုးသောက်ယံ နံနက်ခင်းသည် ဘာကြောင့်များ အထူးတလည် လှပနေပါလိမ့်။ ထိပ်သီးတွေးကြည့်သည်။ အဖြေကား ရေရေရာရာ မရ။
တစ်ခုတော့ ရှိသည်။ မုန့်ဟင်းခါးသည်မလေး၏ ချစ်ရေစင်သီချင်းသံကြောင့်လား။
မှတ်မှတ်ရရ သည်နေ့ တန်ဆောင်မုန်းလဆန်း ၁၃ – ရက်။
X X X X X
ရေပြည့် ရေငြိမ်၊ မိုးကလေးကလည်း တုံ့ပြက်ပြက်၊ လေကလည်း ငြိမ်နေသည်။
မြစ်ထဲမှာ ငါးသလောက်မျှောပိုက်တွေ လှေတွေနှင့် ရှုပ်ယှက်ခတ်နေသည်။ သည်အချိန်မျိုးက ငါးတိုးတတ်သည့် အချိန်။
သူများတွေ လေးငါးခြောက်ကောင်လောက် ရနေသည့်အထဲမှာ ထိပ်သီးတစ်ယောက် ငါးတစ်ကောင်မှ မရသေး။ ဖော့သီးတွေ ငုပ်ချည် ပေါ်ချည် ငြိမ့်နေတာကိုပင် မတွေ့။ ဖော့သီးတွေက လှုပ်ဖော်ပင် မရ။
“ဟော”
တွေးရင်း တောရင်း ငေးရင်း မောရင်းနှင့်ပင် ဖော့သီးတစ်လုံးက မသိမသာလေး ငြိမ့်နေသည်။ ငြိမ့်တာမှ တကယ့်ကို ငြိမ့်ရုံလေးသာ။ စူးစူးစိုက်စိုက် ကြည့်နိုင်မှ။ ကွင်းစူးနေတာတော့ မဖြစ်နိုင်၊ အကောင်ကြီး ကပ်နေတာဘဲ ဖြစ်မည်။
လှေကို ရေသံမကြားအောင် သွက်သွက်လေးလှော် သွားပြီး ငြိမ့်နေသည့် ဖော့သီးကို အသာအယာ မ ယူလိုက်ရာ လက်ထဲမှာ တနုံ့နုံနှင့်။ အစုဆုံး ပိုက်သားကွက်ကနေ ဘယ်ညာ ဟန်ချက်ညီညီ ဆွဲပြီး ဖော်သည်။
ငါးက ငြိမ်ပြီး ပါလာနေသည်ကို လက်က သိနေသည်။ သုံးလေးလံလောက်သာ ကပ်လိုက်လာပြီး ပိုက်မှ ခွာသွားပြန်သည်။ ပိုက်သားကို ကိုင်ထားရင်း စောင့်ကြည့်သည်။ မကြာပါ ပြန်ကပ်လာသည်ကို လက်ကပင် သိနေသည်။ ဟန်ချက်မှန်မှန် ပိုက်သားကို ဆွဲတင်ရာ ငါးက မှေးပြီး ပါလာသည်။
ရေပေါ်သို့ရောက်ရန် နှစ်တောင်လောက်အလိုမှာ ငါး ကိုလည်း မြင်နေရပြီ။ ဘယ်လက်နှင့် ပိုက်ကွက်ကို ဆွဲရင်း ညာလက်က ပိုက်သားနှင့် ငါးကို ပွေ့ယူလိုက်ရာ ငါးက လျောခနဲ ခွာထွက်သွားလေသည်။
“ဟင်း”
အောင့်အည်းထားသည့် သက်ပြင်းလုံးကြီးကို မှုတ်ထုတ်လိုက်သည်။ လှေပေါ်သို့ ဆွဲတင်ထားသည့် ပိုက်သားတွေကိုလည်း စိတ်ပျက်ပျက်နှင့် ရေထဲသို့ ပြန်လည် ပစ်ချလိုက်တော့သည်။
“ဟေ့ . . . ဘယ်လိုလဲကွ၊ သွားပြီမဟုတ်လား”
လှောင်သလို ပြောင်သလိုနှင့် လှမ်းပြောနေသည့် ငပိန့်ကို ထိပ်သီးတစ်ချက် လှမ်းကြည့်လိုက်သည်။ ထွက်အံ့ဆဲဆဲ ဒေါသလုံးကြီးကိုသာ မျိုချလိုက်သည်။
ပိုက်သမားလောကမှာ ဒါမျိုးတွေကတော့ ခေါက်ရိုး ကျိုးကာ ရိုးနေပါပြီ။ သူများ ငါးတိုးနေတာ ငါးဖော်နေတာကို ကြည့်ပြီး မရပါစေနှင့် မမိပါစေနှင့် လွတ်သွားပါစေ စသည်ဖြင့် ပိုက်သမားတိုင်းလိုလို ဆုတောင်းတတ်ကြသည်။ နဂိုကတည်းက အကုသိုလ် တံငါအလုပ်ကြီးကို လုပ်ကိုင်နေလျက်က မလိုတမာ စိတ်တွေကိုလည်း တံငါတို့ မွေးတတ်ကြ သေးသည်။
“ဟော . . . ကပ်ပြန်ပြီ တစ်ခါ”
သည်တစ်ခါတော့ အလယ်တည့်တည့် ဖော့သီးက အချက်ပြနေသည်။ ငြိမ့်ငြိမ့်လေးမှ တကယ့်ကို ငြိမ့်ငြိမ့်လေး။ ခုနက အကောင်ပင် ဖြစ်နိုင်သည်။
သည်တစ်ခါတော့ လက်ကို ငြင်သာနိုင်သမျှ ငြင်သာ အောင် ငြိမ်အောင် ပိုက်သားကို ဆွဲတင်သည်။ တငြိမ့်ငြိမ့် တနုံ့နုံ့နှင့် ပါလာသည်မှာ လက်ထဲမှာ အရသာရှိလိုက်သည့် ဖြစ်ချင်း။
ငါးကို ရိပ်ခနဲမြင်လိုက်သည်နှင့် ပိုက်သားနှင့် အလျင်အမြန် ပွေ့ယူပြီး လှေပေါ်သို့တင်လိုက်ရာ ငါးသလောက်ကြီးက ပိုက်သားမှာ လုံးထွေးနေပြီး ဖျပ်ဖျပ်လူး ရုန်းကန်နေသည်။
ကတ်ခုပေါက်ကို ဖွင့်ပြီး လှေဝမ်းထဲသို့ ငါးကို ထိုးထည့်လိုက်သည်။ ငါးကြီးက လှေဝမ်းထဲမှာ တဖျပ်ဖျပ်ခုန်နေသည်။ မကြာခင်မှာပင် ငြိမ်သက်သွားပါလိမ့်မည်။
ထိပ်သီးက ခေါင်းကို မော့ကာ ဝင့်ကြွားစွာဖြင့် ပတ်ဝန်းကျင်လိုက် လှေများကို ကြည့်၏။ သူ့ကို မည်သူကမှ မချီးကျူး။ ငါးသလောက်ပိုက်သမားတို့၏ ထုံးတမ်းစဉ်လာ မဟုတ်ပါလား။
ပိုက်သားများကို ရေထဲသို့ ပြန်လည်ပစ်ချပြီး လက်ကို စင်စင်ဆေးသည်။ ပုဆိုးနှင့် လက်ကို ရေသုတ်ပြီး အိတ်ကပ်ထဲက ဆေးလိပ်ကိုထုတ် မီးညှိကာ ဇိမ်နှင့် ဖွာရှိုက်နေလိုက်သည်။
ယခု ရသည့်ငါးက ကိုးဆယ်သား တစ်ပိဿာလောက်တော့ ရှိနိုင်သည်။ ဒါမျိုးက ရခဲလှသည်။ ထိပ်သီးပိုက်လို ခေါင်းတိ လေးထစ်ကား ပိုက်ကွက်မျိုးမှာ သည်လိုငါးမျိုးက မတိုးနိုင်။
ခုရသည်မှာ ပိုက်ကွက်ကို တိုးပြီး ကွင်းစူးနေသည် မဟုတ်။ ပိုက်သားကို လာကပ်နေသည့် ငါး။ ပိုက်ပေါင်းများစွာကို ကပ်ပြီး ပိုက်သမားတွေကို သူ့မာယာနှင့် အကြိမ်ပေါင်း မည်မျှ လှည့်စားခဲ့သည် မသိ။ သူသည် ပိုက်သမားများကို အရူးလုပ် လှည့်စားနိုင်၍သာ သည်မျှ အသက်ရှည်ကြာပြီး ကြီးထွားနေခြင်းပင် ဖြစ်မည်။
ထိပ်သီးလို ပိုက်သမားမျိုးကိုတော့ တစ်ခါသာ လှည့်စားလို့ရမည်။ နှစ်ခါလာလှည့်စားတော့ ပိုက်သားထဲမှာ ကွိခနဲနေအောင် မိရော့မဟုတ်လား။
သည်လို ပိုက်သားမျိုးကို လာကပ်သည့် ငါးကြီးမျိုးကို ရဖို့ဆိုသည်မှာ တော်ရုံတန်ရုံ ပညာနှင့် မရနိုင်၊ ခပ်ညံ့ညံ့ ခပ်လျော်လျော် ပိုက်သမားဆိုပါက ကပ်လိုက် ခွာလိုက် ပညာပြနေတာနှင့်ပင် ငါးမရဘဲ ရေကုန်သွားဖို့ သေချာသည်။
ဖော့သီးကို ကြည့်လိုက်ရုံနှင့် ငါးကပ်နေသည်လား၊ တိုးနေသည်လား၊ ဘို့ရောက်အောင် ကွင်းစူးနေသည်လား ဆိုတာကို ကြိုတင်သိရှိနားလည်ထားရမည်။
ဖော့သီးက မသိမသာ ဖြည်းဖြည်းလေး နစ်သွားလိုက်၊ မသိမသာ ဖြည်းဖြည်းလေး ပြန်ပေါ်လာလိုက်နှင့် ဖြစ်နေလျှင် ငါးကြီး ပိုက်သားကို ကပ်နေပြီဆိုတာ ရေငုပ်ဝတ်စုံဝတ် ရေမျက်မှန်တပ်ပြီး ရေထဲသို့ ဆင်းကြည့်နေစရာမလို။
ငြိမ့်ခနဲ ဖော့သီးတစ်ဝက်ကျော်ကျော် မြန်မြန်လေးနစ်သွားပြီး မှန်မှန်လေးပြန်ပေါ်လာမည်ဆိုပါက ငါး၏ ဇက်အရောက် ပိုက်ကွက်ထဲ ငါးတိုးနေပြီ။ ငါးမိနေပြီ။
ဖော့သီး လုံးဝမလှုပ်တော့ဘဲ ဆက်လက်ငြိမ်နေမည် ဆိုလျှင်တော့ အကြေးခွံပါးဟက်တို့နှင့် ငြိမနေဘဲ ငါးပြန်လွတ်သွားသည်ဟု နားလည်ထားရမည်။
ငါး၏ အလယ်ပိုင်း အပေါ် ဆူးတောင်အရောက် ကွင်းစူးနေပြီဆိုလျှင်တော့ ဖော့သီးမြုပ်တာ မြန်သလို ပြန်ပြီးပေါ်လာတာလည်း မြန်လှသည်။ ငါးမှာ သူ၏ လွတ်မြောက်ရေးအတွက် ဆောင့်ဆောင့်ပြီး တိုးနေလေတော့ ရေပေါ်က ဖော့သီးကလည်း မြုပ်ချည် ပေါ်ချည်နှင့် မြန်နေသည်။
ဒါဆို သေချာပြီ။ ဦးစိန်အောင်မင်း အဟဲလေးနှင့် ဆွဲဆွဲငင်ငင် ဟဲပြီး ပိုက်သားကို ကြိုက်သလိုသာ ဆွဲတင်။ ငါးသလောက်တစ်ကောင်တော့ ကျိန်းသေနေပြီလေ။
တချို့ငါးသလောက်က ကွင်းစူးနိုင်သည့် အရွယ်ပေမယ့် မူရာမာယာ အများသား။ ပိုက်ကို မတိုးဘဲ ပိုက်သားကို လာကပ်နေသည့် ရေညှိကို ခပ်ကြမ်းကြမ်း ဆွဲစားလိုက်တော့ ဖော့သီးက မြုပ်ချည် ပေါ်ချည် မှန်မှန်လေးဖြစ်နေမည်။ ဒါကို ပိုက်သမားက လှေနံကို လှော်တက်ရိုးနှင့် ခပ်နာနာလေးရိုက်ပြီး လှန့်ပေး တတ်သည်။
ထိုအသံကိုကြားကာ ငါးကလန့်ဖျပ်ပြီး ပိုက်ကွက်ထဲ စွပ်ရွတ်တိုးကာ မိပြီးသေရသည့် ငါးတွေရှိသလို ပိုက်နှင့် ဆန့်ကျင်ရာသို့ ပြေးသွားပြီး လွတ်မြောက်သွားသည့် ငါးတွေလည်း ရှိသည်။
ကိုးဆယ်သား၊ တစ်ပိဿာ၊ တစ်ပိဿာကျော် ကပ် ငါးကြီးများကို ရရှိတတ်သည့် ပိုက်သမားမှာ ကျွမ်းကျင်သူများသာ ဖြစ်သည်။ ဖော့သီးကို ကြည့်ပြီး တကယ်ငါးကြီး ကပ် မကပ် သိရမည်။
ငါးကပ်နေတာကိုသိပြီး ပိုက်သားများ ဆွဲတင်သည့် အချိန်မှာ ဘယ်လက် ညာလက် ဟန်ချက်ညီရန် အရေးကြီးသည်။ တစ်ဖက်က နှေးပြီး တစ်ဖက်က မြန်နေ၍ မဖြစ်။ ကိုယ်ခန္ဓာ မလှုပ်စေဘဲ မတ်မတ်ရှိနေရမည်။
အရေးအကြီးဆုံး အချက်ကတော့ ငါးကို မြင်ရသည်နှင့် လျင်မြန်ဖျတ်လတ်စွာ ပိုက်သားနှင့် ပွေ့ယူရန်ပင် ဖြစ်သည်။ နောက်ဆုံးအချက် မပိုင်လျှင် ငါးလွတ်သွားနိုင်သည်။
မြစ်ပြင်ကျယ်ကြီးကို ဝေ့ကြည့်လိုက်ရာ သာမောင်၊ စိန်သောင်းနှင့် မိမိသာရှိတော့ကြောင်းကို တွေ့ ရသည်။ တခြားပိုက်သမားတွေ ပြန်သွားကြပြီ။ ရေကလည်း ငွေ့ငွေ့လေးသာ စီးနေတော့သည်။ ရေပြည့်ပေတော့မည်။
ညနေသုံးနာရီလောက်တော့ ရှိမည်ထင်သည်။ မိုးလေးကလည်း တုံ့ပြက်ပြက်၊ လေပြည်လေးကလည်း တဖြူးဖြူး။
“ဟော . . . တိုးပြန်ပြီ တစ်ကောင်”
လက်နားသီးနှင့် ငါးလုံးကျော် ဖော့သီးက စုံခနဲ မြုပ်သွားလိုက်၊ ဘွားခနဲ ပြန်ပေါ်လာလိုက် ဖြစ်နေသည်။
ကျိန်းသေပြီ ကွင်းစူးနေသည့်ငါး၊ ဘယ်တော့မှ မလွတ်နိုင်။
အေးအေးဆေးဆေးပင် လှေကို လှော်သွားပြီး ပိုက်ကို ဖော်လိုက်ရာ ဘို့အထိ ကွင်းစူးနေသည့် ငါးကို အလွယ်တကူပင် ရလိုက်သည်။
ကြည့်လိုက်တော့ သာမောင်တစ်ယောက်တည်းကိုသာ တွေ့ရပြီး စိန်သောင်းတစ်ယောက် ပြန်သွားလေပြီ။
“ဟေ့ကောင် သာမောင် …. မင်း ပြန်တော့မလား”
သာမောင်က ပိုက်ရုပ်သိမ်းနေရာမှ လှည့်ကြည့်ပြီး ထိပ်သီးကို ပြန်မေးသည်။
“မင်းကော”
“ငါးနှစ်ကောင်တည်းပဲ ရသေးတယ်ကွာ။ နောက်ထပ် တစ်လား နှစ်လားလောက် ပစ်ဦးမလားလို့”
“အေးလေ . . . မင်းပြန်မှပဲ ငါလဲပြန်မယ်”
ထိပ်သီးနှင့် သာမောင်မှာ တစ်ရွာတည်းသားတွေ မဟုတ်သော်လည်း တကယ်ပင် ချစ်ခင်ကြသူတွေပါ။ တစ်ယောက်အခက်အခဲကို တစ်ဦးက ကူညီပြီး စိတ်သဘောထားခြင်းလည်း တိုက်ဆိုင်ကြသည်။ သူတို့နှစ်ယောက်က နေရာတကာမှာ တတွဲတွဲ။
ရေကလည်း ငွေ့ငွေ့လေးသာ စီးနေပြီး လေကလည်း ငြိမ်သွားပြီဆိုတော့ ပိုက်လမ်းပျက်စရာ အကြောင်းမရှိ။ နောက်ထပ် ပိုက်ပစ်ရလည်း ရေကျဉ်းလေးမှာ တစ်ကြိမ်လောက်သာ။
“ဟိုက် . . . ဟာ . . . ဟာ . . . ဟယ်”
မြစ်လယ်ဘက်က ဖော့သီးရှစ်လုံး ပြိုင်းခနဲ မြုပ်သွားပြီး လက်နားဖော့သီးကြီးပါ စုံခနဲ မြုပ်သွားသည်။ ဖော့သီး ကိုး၊ တစ်ဆယ်၊ တစ်ဆယ်တစ်၊ တစ်ဆယ့်နှစ်တို့ပါ တစ်ဝက်စီ မြုပ်နေသည်။ ရေလည်း ပြည့်လောက်ပြီ၊ ရေငြိမ်နေပြီ။
ရေဝဲဆွဲတာလည်း ဘယ်နည်းနှင့်မျှ မဖြစ်နိုင်။ ပိုက်ချသက် ခြောက်နှစ်အတွင်း သည်လို တစ်ခါမျှ မဖြစ်ဖူးသေး။ လက်နား ဖော့သီးကြီး မြုပ်သွားသည်မှာ ပိုမိုကာ ထူးဆန်းနေပြန်သည်။
“အဲ … အဲ … အဲ”
လက်နားဖော့သီးကြီးက ဘွားခနဲ ဦးစွာ တိုးပေါ်လာပြီးနောက် ဖော့သီးလေးတွေကလည်း ငေါ့ခနဲ ငေါ့ခနဲ အပြိုင်အဆိုင် တိုးပေါ်လာကြသည်။ ပြီးတော့ ထောင်မတ်မနေ၊ အပြိုင်းအရိုင်း ထိုးပေါ် တုံးလုံးလဲသွားလေတော့သည်။
“ဘာဖြစ်တာပါလိမ့်”
သူ့ဘာသာသူ တိုးတိုးလေး ပြန်မေးနေမိသည်။
“ဟော သူ့ရင်ညွန့်ဆီမှ ဒိန်းခနဲ မြည်ဟည်းသွားပြီး ခေါင်းနပန်းလည်း ကြီးထွားသွားသည်။ ပြီးတော့ ရင်ထဲမှာလည်းတလှပ်လှပ် ဖြစ်နေသည်။ ပိုက်ခေါင်းကြိုးရှေ့ဘက် ခြောက်လံလောက်အကွာမှာ ပိုက်သားကို ထမ်းပြီး ငါးကြီးတစ်ကောင် ရေပေါ်မှာ ကန့်လန့်ကြီး ပေါ်နေသည်။
ကျနေ၏ အလင်းရောင်နှင့် ငါးကြီးမှာ ရွှေရောင်တွေ တောက်လက်နေသည်မှာ မျက်တောင်ခတ်ရက်စရာ မရှိ။
သူ့လှေထဲမှာ ငါးထိုးမှိန်း ပါမလာ။ သာမောင်လည်း မှိန်းယူလာလေ့မရှိ။ မည်သို့ လုပ်ရပါ့။ ငါးကြီးလွတ်သွားမှာကိုလည်း အထူးပင် စိုးရိမ်နေသည်။ သူ့ပိုက်လို လေးသစ်ကား တစ်သုံးချည်ပါလေးကို သည်လောက်ကြီးမားသည့် ငါးက မွစာတိုက်သွားအောင် တိုးခွဲသွားနိုင်ပါလျက်နှင့် ပိုက်သားကို ထမ်းပြီး ဘာ့ကြောင့်များ ငြိမ်သက်နေပါလိမ့်။
ငါးကြီးအမောပြေသွားပါက ဆောင့်တိုးလိုက်မှ ဒုက္ခ။ ပိုက်ကွဲထွက်သွားပြီး လွတ်သွားဖို့က များနေသည်။
သည်တော့ သူ ကြာကြာ စဉ်းစားမနေ။ ပိုက်သားကို စုနိုင်သမျှ စုကိုင်ပြီး ခပ်ကြမ်းကြမ်းပင် ဆွဲယူသည်။ ငါးကြီးကလည်း ကန့်လန့်ကြီးပင် ပါလာသည်။
“ဟေ့ကောင် ထိပ်သီး ဘာကြီးလဲ … အဲဒါ ဘာကြီးလဲ”
သာမောင် လှမ်းအော်မေးနေသည်ကို သူ မဖြေနိုင်။ ပိုက်ကိုသာ မဲပြီး ဆွဲနေသည်။
ငါးကြီးကလည်း ငြိမ်ပြီး ပါလာသည်။ သူနှင့် တဖြည်းဖြည်း နီးကပ်လာနေပြီ။ ခုန်လိုက်သည့် ရင်မှာလည်း ပွင့်ထွက်လုမတတ်ပင်။
လက်တစ်ကမ်းသို့ အရောက်မှာ ပိုက်သားနှင့်ထွေးပြီး လှေပေါ်သို့ စွေ့ခနဲ ပွေ့တင်လိုက်ရာ ငါးကြီးက ဝုန်းခနဲ ထခုန်တော့သည်။ ပိုက်သားများနှင့် ဖိရင်း ငါးကြီးအပေါ် ဝမ်းလျှားထိုးမှောက်ကာ လှေနံနှစ်ဘက်ကို မြဲမြဲကိုင်ထားရသည်။
ငါးကြီး၏ ခုန်အားကြောင့် ထိပ်သီးတစ်ကိုယ်လုံး ကြွကြွတက်နေသည်။ လှေကလည်း လူးလူးလိမ့်လိမ့် ဖြစ်နေသည်။
“ဟေ့ကောင် . . . မင်း ရှေ့ကို နည်းနည်းတိုးလိုက်။ ခြေထောက်ကို ကားထား။ ဟုတ်ပြီ … အဲဒီအတိုင်းနေ”
သာမောင့် စကားအတိုင်း ရှေ့ကိုတိုးလိုက်ပြီး ခြေထောက်ကို ကားပေးသည်။
“ဘုံး … ဒုတ် … ခွပ် … ဖုံး … ခွပ်”
“ရပြီ … ငြိမ်သွားပြီ၊ အိုကေ”
ခုမှပင် ထိပ်သီး သူ့စိတ်ကို လျှော့ချလိုက်သည်။
လှေပဲ့သို့ တိုးကာထိုင်ရင်း လှေဦးဘက်သို့ လှည့်ကြည့်လိုက်ရာ လှေပေါ်ရှိ ပိုက်သားအားလုံး သွေးတို့နှင့် ရဲရဲတောက်နေသည်ကို တွေ့ရသည်။ သူ့ပုဆိုးမှာလည်း သွေးတွေနှင့်။ သာမောင့် အင်္ကျီရင်ဘတ်မှာလည်း သွေးတွေနှင့်။
– ဆက်ရန် –
စာရေးသူ – ပုသိမ်ရန်နောင်စိုး
စာစီစာရိုက် – မုဆိုး တံငါ စာပေများ