မုဒိတာဆိုရာဝယ်

Posted on

မုဒိတာဆိုရာဝယ်(စ/ဆုံး)
———————

” မေသူ စိတ်ကိုထိမ်းမှပေါ့ဟယ် ”

အသိစိတ်ပျောက်သလို အော်ဟစ်ငိုယိုနေတဲ့မေသူ့နားထဲ သူငယ်ချင်းမဖြစ်သူ ယမင်းခင် ရဲ့နှစ်သိမ့်မှု့ကအရာမထင် ။
ခင်ပွန်းဖြစ်သူကားတိုက်ခံရပြီး ရုတ်တရက်သေဆုံးတဲ့သတင်းကြားတော့
၆ နှစ်အရွယ်သမီးလေးတစ်ယောက်နဲ့ မေသူလွင် ဘဝပျက်မတတ်မလို့ ဘယ်သူဘယ်လို နှစ်သ်ိမ့်သိမ့် နားထဲမဝင် ။
ပြောရမယ်ဆို မေသူက ၁၀ တန်းမအောင် ။
မေသူ့ယောက်ကျား ကိုမျိုးခန့်က ဘွဲ့ရပညာတတ် ။
ရုပ်ရည်ကလည်းချော မိဘတွေကလည်း အသင့်အတင့်ပြေလည်ကြသူတွေ ။
ရရစားစား လက်လုပ်လက်စားမိသားစုထဲကဖြစ်ပြီး ၁၀ တန်းလေးတောင်မအောင်သောမေသူ့ကို ယောက်ကျားဘက်က သဘောမတူကြ ။

မိမိအပေါ်ချစ်မြတ်နိုးရှာသောခင်ပွန်းကတော့ မိဘနဲ့အတိုက်အခံပြု တစ်အိုးတစ်အိမ်ထူထောင်ပြီး မချမ်းသာပေမဲ့ သာသာယာယာရှိနေကာမှ ကံဆိုးမှု့ကဆိုင်းမဆင့်ဗုံမဆင့် မေသူ့ဆီကျရောက်လာခြင်းဖြစ်သည် ။

” မေသူရယ် နင်တအားငိုနေလို့မဖြစ်ဘူးလေ ။ နင့်သမီးလေးရှိသေးတာ ။ ခုလိုနင်ဖြစ်နေရင် ကလေးစိတ်ဆင်းရဲမှာပေါ့ ။ စိတ်လျှော့ သူငယ်ချင်း ”

ရင်ထုအော်ငိုနေမိတဲ့ မေသူ ယမင်းပြောစကားကြောင့် သမီးလေးလင်းလက်သူကို သတိရပြီး ကြည့်လိုက်မိတော့ သမီးလေးကလဲမေသူငိုတာမြင်ပြီး ငိုကြွေးနေရှာသည် ။

ဒီတော့မှ သမီးကို စိတ်ပူပြီး မေသူကိုယ့်စိတ်ကို ကိုယ်ထိမ်းလိုက်ရသည် ။

မေသူ့အနားအားပေးနေတဲ့ ယမင်းဆိုတာကမေသူ့ ငယ်သူငယ်ချင်း ဘွဲ့ရပညာတတ် ။
ယောက်ကျားကလည်းဘွဲ့ရပညာတတ် ။
ဒါပေမဲ့ မိဘကစီးပွားရေးသမားဖြစ်တာကြောင့် ယမင်း အမျိုးသားက အိမ်ဆောက်ပစ္စည်းဆိုင်ဖွင့်ထားပြီး အတော်လေးချမ်းချမ်းသာသာရှိကြသည် ။
ယမင်းကမေသူ့ထက် ၂ နှစ်စောအိမ်ထောင်ကျသွားပြီး ငယ်သူငယ်ချင်းလည်းဖြစ် အိမ်နီးချင်းလည်းဖြစ်သည် ။
မေသူလင်ယောက်ကျားဆုံးသည့်သတင်းကြားပြီး မေသူ့အနားအားလာပေးသည့် မေသူ့ရဲ့အချစ်ဆုံး ငယ်သူငယ်ချင်းမလေး ။

မေသူ့ယောက်ကျား အသုဘကိစ္စကစပြီး ရက်လည်ပြီးတဲ့ထိ ငွေရေးကြေးရေးလိုအပ်တာမှန်သမျှ ယမင်းကအစစအရာရာ လူအားငွေအားနဲ့ကူညီပေးခဲ့ရှာသည် ။

အခန်း ၂

လင်ယောက်ကျားမရှိတော့တာမလို့အားကိုးရာမဲ့သလို ခံစားမိလည်း မိမိစိတ်ဓာတ်ကျနေလို့မဖြစ် ။
မေသူ့မှာ အရွယ်မရောက်သေးသည့် သမီးလေးရှိသေးသည် ။
မေသူ့ မိဘတွေကလည်း သိပ်ပြေပြေလည်လည်မရှိကြသူတွေမလို့ မောင်နှမတွေကြား ယောက်ကျားဆုံးကာမှ ကလေးတစ်ဖက်နဲ့ မိဘအိမ်ပေါ်ပြန်မတတ်ချင် ။
ယောက်ကျားဘက်ကလည်းအစထဲကတောင်သဘောမတူလို့ပစ်ထားပြီး အခေါ်အပြောမရှိတာမလို့ ခုလိုချိန်မှာပိုဆိုး ။
လက်ရှိမေသူတို့နေတဲ့ တိုက်ခန်းလေးကလည်း မိမိယောက်ကျားရှိစဉ်က အရစ်ကျနဲ့ဝယ်ထားတဲ့ မြေညီထပ်အခန်းလေးဖြစ်သည် ။
ကြွေးကတော့ ရတဲ့လစာထဲကနေ လစဉ်ဖဲ့သွင်းနေရပြီး ခုထိမကြေသေး ။
ချစ်ခင်ပွန်းနဲ့ ၆ နှစ်ကျော်အတူ နေခဲ့ရတဲ့ ဒီတိုက်ခန်းလေးကို ပြန်လည်းမရောင်းချင် မိမိကိုယ်တိုင်လည်း ဘာလုပ်ရမယ်မသိပေ ။

နောက်ဆုံးတော့ တတ်ထားတဲ့ပညာဆိုလို့ စက်ချုပ်တာပဲရှိတာကြောင့် အပ်ချုပ်စက်လေးတစ်လုံးဝယ်ပြီး စက်ချုပ်ဆိုင်လေးဖွင့်လိုက်သည် ။
တိုက်ခန်းကြွေးကလည်း လစဉ်ငွေသွင်းနေရတော့ သမီးကျောင်းစရိတ်နဲ့ဘယ်လိုမှ မလည်ပတ် ။
ဒါပေမဲ့လည်း ငွေလိုတိုင်း အတိုးပေးရပေမဲ့ အလွယ်တကူထုတ်ထုတ်ပေးတတ်တဲ့ ယမင်းကိုကျေးဇူးတင်ရသေးသည် ။

ယမင်းမှာလည်းသမီးတစ်ယောက်ရှိပြီး မေသူ့သမီးထက် ၂ နှစ်ကြီးသည် ။
တစ်ဦးထဲသောသမီးဖြစ်တာကြောင့် မိဘတွေက ဖူးဖူးမှုတ်အလိုလိုက်ခံထားရသူ ။
ယောက်ကျားမရှိတဲ့နောက်ပိုင်း ယမင်းကမေသူ့အပေါ်အစစအရာရာကူညီတတ်တာကြောင့် ယမင်းအိမ်မှာ အလှူအတန်းပဲရှိရှိ ယမင်းသမီးရွှေစင်လေးရဲ့မွေးနေ့ပွဲ ပဲရှိရှိ မေသူတစ်ယောက် သွားရောက်ပြီး အောက်ခြေသိမ်း အကုန်လုပ်ပေးကိုင်ပေးသည် ။
ယမင်းကလည်း ပွဲပြီးတိုင်း မေသူတို့သားအမိအတွက် အစားအသောက်အဝတ်အထည် အမြဲပြန်ပေးတတ်သည် ။

ယမင်းဝတ်ပြီးသားဖြစ်ပေမဲ့ ပေါ်သမျှဆင်နေတဲ့ ယမင်းအကျ အဝတ်အစားတွေက ချို့တဲ့တဲ့မေသူ့အတွက်တော့ တန်ဖိုးကြီးလှတာပါပဲ ။

တစ်ခါတစ်လေ သူ့သမီးရွှေစင့်အကျ ဂါဝန်တွေတစ်ထပ်ကြီး ပေးလိုက်သည့်အခါမျိုးမှာလည်း မေသူ့မှာ ဂါဝန်လှလှလေးတွေကို သမီးအတွက် ဝယ်မပေးနိုင်တာကြောင့် ဝမ်းသာ ကျေးဇူးတင်ရတာ အခါခါ ။
ဒီလိုတွေကြောင့်လည်း အချက်အပြုတ်ပျင်းပြီး အစားကောင်းအသောက်ကောင်းကြိုက်တဲ့ယမင်းကို မေသူ့အိမ်မှာတစ်ခုခုလုပ်စားတိုင်း ဟင်းကောင်းကောင်းချက်စားတိုင်း မေသူ့လက်ရာဆို အရမ်းကြိုက်တတ်တဲ့သူငယ်ချင်းအတွက်အမှတ်ရရ အမြဲပို့ပေးမိသည် ။
မေသူ့အိမ်နဲ့ယမင်းအ်ိမ်သည် နှစ်အိမ့်တစ်အိမ်လိုပင် ။
ယမင်း အမျိုးသားကလဲ စီးပွားရေးတစ်ဖက်နှင့် ဆိုင်မှာပဲ မိုးလင်းမိုးချုပ်နေရတာများတာကြောင့် အကြောင်းကိစ္စဆို ယမင်းနဲ့မေသူသည် သူငယ်ချင်း ညီအစ်မတွေလိုပင် သူ့အိမ်ကိုယ်သွား ကိုယ့်အိမ်သူလာနှင့်ချစ်ခင်ကြသည် ။

အခန်း ၃

” ရော့ မေသူ ဒီဖုန်းလေး ငါနင့်အတွက်လက်ဆောင်ပေးတာ ။ ဒီထဲမှာ ဖေ့ဘုတ်ဖွင့်ပြီး ဒီဇိုင်းတွေလေ့လာလို့ရတယ် ။ ငါနင့်အတွက် acc တစ်ခါထဲ ဖွင့်လာပြီး ငါနဲ့fri လုပ်ထားတယ် ”

” ကျေးဇူးတင်လိုက်တာ ယမင်းရယ် ”

” ငါလဲ အဝတ်အစားချုပ်တဲ့အခါ နင့်ကို နမူနာပြပြီးချုပ်ခိုင်းလို့အဆင်ပြေတယ်လေ ”

” အေးပါ နင်ချုပ်ချင်တဲ့အချိန်လာအပ်လေ ။ နင်လိုတဲ့အချိန်အမှီ ငါချုပ်ပေးပါ့မယ် ”

” အဲ့ဒါကြောင့် နင်လဲအမြင်ကျယ် ငါလဲ အဆင်ပြေအောင် ငါမကိုင်တော့တဲ့ဖုန်းကို နင့်ကိုပေးဖို့ စိတ်ကူးမိတာ ။ သုံးတတ်သွားရင် အဝတ်အထည်ဒီဇိုင်းတွေ နင်လိုက်လေ့လာရင် အများကြီးရှိတယ် ”

” ကျေးဇူးပါ ယမင်းရယ် ”

ယမင်းက မိမိအပေါ်အလွန်ကောင်းသည့် သူငယ်ချင်းတစ်ယောက်ဖြစ်တာကြောင့် ကျေးဇူးရှင်တစ်ယောက်လိုပင် မေသူက အောက်ကျို့ဆက်ဆံသည် ။
မိမိနေထိုင်မကောင်းရင်တောင် ယမင်းအရင်လိုတဲ့အပ်ထည်တွေဆို နေမကောင်းတဲ့ကြားက ရအောင် ချုပ်ပေးနေကြ ။

ယမင်းနဲ့မေသူဟာ သွေးမနှောတဲ့သွေးသားဆွေမျိုးတွေလို ယောက်ကျားဘက်က အမျိုးတွေတောင် ယမင်းလောက်မရင်းနှီး ။

အခက်အခဲ အကြပ်အတည်းတွေကြားက ကြိုးစားရုန်းကန်ရင်း သမီးလေး ၉ တန်းရောက်လာတော့သည် ။

မေသူ့စက်ဆိုင်လေးကလဲ နာမည်ရလာတာမလို့ မေသူတို့ချောင်လည်လာပြီး ယမင်းဆီက အရင်လိုခဏခဏ ငွေမချေးရတော့ ။
ယမင်းကလည်း မေသူ့ဆီအထည်လာအပ်ရင် မေသူပြေလည်လာတာမြင်ပြီး ဝမ်းပန်းတသာဖြစ်နေရှာသည် ။
မေသူ့မှာလဲ သမီးကျောင်းစရိတ် အိမ်စရိတ်တွေကြေအောင် မိုးရွာတုန်းရေခံဆိုသလို အပ်ထည်တွေကြား နပမ်းလုံးနေရသဖြင့် အရင်လောက်တော့ ယမင်းအိမ်ဘက်မရောက်ဖြစ် ။

ဒါပေမဲ့လည်း ယမင်းအိမ်အကြောင်းရှိလို့ခေါ်ပြီဆို ရှိတဲ့ကိစ္စပစ်ချထားခဲ့ပြီး မေသူအပြေးအလွှားသွားကူညီစမြဲ ။

အခန်း ၄

သမီး ၁၀တန်းရောက်တော့ တိုက်ခန်းကြွေးလည်းအကြေဆပ်နိုင်သွားပြီမလို့ မေသူလည်း ရင်ထဲက အလုံးကြီး ခုမှကျသွားရတော့သည် ။

သမီးက ဖအေတူတာမလို့ ရုပ်လည်းချော ဥာဏ်လည်းကောင်းပြီး ထက်ထက်မြက်မြက် သမီးလေးဖြစ်သည် ။
မိဘအပေါ်လည်းသိတတ်သူဖြစ်ပြီးဘဝလည်းနာတာကြောင့် စာကြိုးစားဖို့ကို ထူးပြီး တိုက်တွန်းစရာမလို ။

၁၀ တန်းအောင်စာရင်းထွက်တော့ သမီးက ဂုဏ်ထူး ၄ ဘာသာနဲ့အောင်မြင်သည် ။
မိခင်တစ်ယောက်အနေနဲ့ ဝမ်းသာမိသည်မှာ ပြောဖွယ်မရှိ ။
သမီးစာမေးပွဲအောင်တာကိုဂုဏ်ပြုတဲ့အနေနဲ့ ယမင်းအရမ်းကြိုက်တတ်လို့မကြာခဏ ချက်ပို့ရသော အုန်းနို့ခေါက်ဆွဲချက်ပြီး လမ်းထဲမှာ လိုက်ဝေဖြစ်သည် ။

” သမီးရေ ။ ဒီမှာ အန်တီယမင်းတို့အိမ်ကိုသွားပို့အုန်းနော် ။ သမီးအောင်တာသိရင် အန်တီယမင်းလဲ ဝမ်းသာရှာမှာ ”

၅ ဆင့်ချိုင့်ကြီးအပြည့် ယမင်းတို့အတွက် သမီးကိုပို့ခိုင်းရင်း မေသူ့အပေါ်ကောင်းခဲ့တဲ့ယမင်းအကြောင်းပြန်တွေးမိရင်း စိတ်ထဲက မေတ္တာအလိုလိုပို့မိလိုက်သည် ။
” ငါ့သူငယ်ချင်းလေး ကျန်းမာ ချမ်းသာပါစေ ”

တစ်အောင့်ကြာတော့ သမီးပြန်ရောက်လာသည် ။

” မေမေ ”

” အေး သမီး အန်တီယမင်းနဲ့တွေ့ခဲ့လား ”

” တွေ့ခဲ့တယ်မေမေ ဒါပေမဲ့ ”

” ဒါပေမဲ့ ဘာဖြစ်လို့လည်းသမီး အန်တီယမင်းနေများမကောင်းလို့လား ”

” မဟုတ်ဘူး မေမေရဲ့ ။
အန်တီ ယမင်းက အရင်လိုလည်းမဟုတ်ဘူး ”

” ဘာဖြစ်လို့လည်းသမီးရဲ့ ”

” ပြုံးတောင်မပြုံးချင်သလိုလိုနဲ့ သူ့အိမ်က အကူကောင်မလေးကို ချိုင့်လှယ်ခိုင်းပြန်ပေးလိုက်တာ ”

” နေများမကောင်းလို့လားမသိ သမီးရယ် ”

” နေမကောင်းပုံလဲ မရပါဘူး အမေရယ် ။ မခေါ်ချင်သလိုလို အဖက်မတန်သလိုလို အရင်လိုမဟုတ်တာတော့ သေချာတယ် ။ သမီးက ၁၀ တန်းကို ၄ ဘာသာနဲ့အောင်တာမလို့ပြောပြတာ မကြားသလို တစ်ချက်လေးတောင် ပြန်မပြောဘူး ”

အပ်ထည်တွေများလွန်းတော့ အရင်လောက် ယမင်းအိမ်မရောက်ဖြစ်ပေမဲ့ စိတ်ကတော့အမြဲရောက်ပြီး ညအိပ်ယာဝင်တ်ိုင်း ကျေးဇူးရှင်အဖြစ် အမြဲကန်တော့မိသည် ။

သမီးစကားနားထောင်ပြီး အရင်ကလိုမဟုတ်တာ ယမင်းများ နေထိုင်မကောင်းကြလို့လားတွေးမိ မနက်တော့ မဖြစ်မနေ သွားပြီး သတင်းမေးအုန်းမှဟု တွေးမိလိုက်သည် ။

အခန်း ၅

နောက်နေ့မနက် လုပ်စရာအလုပ်စောစောလက်စသတ်လိုက်သည် ။
ယမင်းကြိုက်တတ်တဲ့ မိမိလက်ရာ ရှောက်သီးသုပ်လေး နဲ့ ဗူးသီးဟင်းခါးလေးပါ ချက်လိုက်သည် ။
ပြီးတာနဲ့ချိုင့်ထဲထည့်ပြီး သမီးကိုအိမ်စောင့်ထား ယမင်းအိမ်သို့ ထွက်လာလိုက်မိသည် ။

အိမ်ရှေ့ခြံတံခါးပိတ်ထားတာကြောင့်……

” ယမင်းရေ ယမင်း ”

ကလေးမလေးတစ်ယောက် အိမ်ထဲကထွက်လာပြီး ခြံတံခါးလာဖွင့်ပေးသည် ။
သမီးပြောတဲ့ အိမ်အကူကောင်မလေးဖြစ်မည် ။

” အန်တီယမင်းရှိလား သမီး ”

” ရှိတယ် အန်တီ ။ ဧည့်ခန်းထဲမှာပါ ”

အိမ်ပေါ်ရောက်တော့ ဧည့်ခန်းထဲမှာယမင်းက ။
အရင်လို ဝမ်းသာအားရပုံမပြပဲ ဒူးတစ်ဖက်ချိတ်ထိုင်လျှက်က

” လာလေ မေသူ ”

” ငါမရောက်တာကြာလို့ နင်နေကောင်းရဲ့လားလို့ ။
ဒီမှာ နင်ကြိုက်တဲ့ ရှောက်သီးသုပ်နဲ့ဗူးသီးဟင်းခါး ချက်ထည့်လာတယ် ”

ယမင်းက ချိုင့်ကို့အရင်လို ဝမ်းသာအားရ လက်ဖျားနဲ့ပင်မထိ ။

” ခင်မြရေ ဒီမှာ ချိုင့်လှယ်ယူထားလိုက် ”

အိမ်အကူကောင်မလေးကို လှမ်းခေါ်ပြောပြီး လက်ထဲမှာ ကိုင်နေတဲ့ ဖုန်းကို အကြည့်မပျက် ။

စကားစလည်း ရှာမရ ကိုယ့်လည်း ဧည့်ထောက်ခံမပြောတာကြောင့် နေရတာ တမျိုးဖြစ်တာနဲ့ စကားကြောင်းစရှာမေးလိုက်မိသည် ။

” သမီးလေးကော ယမင်း ”

ဖုန်းကအကြည့်မခွာပဲ

” အင်း သူ့အဖွားတွေခေါ်လို့ အလည်သွားတယ်”

” နေထိုင်ကောင်းကြတယ်မလား ”

” အင်း ကောင်းပါတယ် ”

” ငါလည်း အထည်တွေကျလို့ လူသာမရောက်တာ စိတ်ကတော့အမြဲရောက်ပါတယ် ။
နင်တစ်ခုခု လိုအပ် ငါ့ကိုခေါ်နော် ”

” အိမ်မှာ ခင်မြ ရှိတယ် လိုအပ်တာ သူ့ပဲခိုင်းတယ် ”

အိမ်အကူကောင်မလေး ခင်မြက ချိုင့်လှယ်ပြီးတာကြောင့် မေသူ့နား ချိုင့်လေး လာချပေးသည် ။
ယမင်းကတော့ လက်ထဲကဖုန်းကိုသာ စိတ်ဝင်တစားကြည့်ပြီး မိမိကို စကားမပြော ။

တစ်လုံးမေးမှတစ်လုံးဖြေမလို့ မိမိအနေအထား မိမိဘာသာသိ ထပ်မမေးတော့ပဲ ချိုင့်လေးယူ ပြန်တော့မယ်နှုတ်ဆက် ထွက်လာခဲ့ရပေမဲ့ ငါဘာမှားခဲ့လည်းတွေးမရ ။

ဒါပေမဲ့လည်း သူအိမ်နဲ့ယောက်ကျားနဲ့တစ်ခုခုပြသနာတတ်တာပဲနေမှာပါတွေးပြီး စိတ်ထဲက ထုတ်ပစ်လိုက်ရသည် ။

အခန်း ၆

ညဘက်နားချိန် လိုင်းခဏတက် fb ဝင်ကြည့်တော့ ယမင်းတင်ထားသော ပို့စ်တစ်ခုကို ဖတ်လိုက်မိသည် ။

” တစ်သက်လုံး ကိုယ်ပေးသမျှယူ ကျွေးသမျှစားနေရတဲ့ လူက ကိုယ့်ထက်သာတာလေး တစ်ကွက်လောက်ရပြီဆိုတာနဲ့ အောက်ခြေတွေလွတ် အိမ်ကိုလာကြွားနေလိုက်ကြတာ ။ သြော် !!!!!
ဒုက္ခ ဒုက္ခ ။ မပြည့်အိုးတွေ ဘောင်ဘင်ခတ်ပုံများ ”

ဆိုပြီး ဘယ်သူ့ကိုရယ်မရေးထားပေမဲ့ မေသူကတော့ ကိုယ့်ကိုပြောတာဆိုတာ သိလိုက်မိပြီး တော်တော်စိတ်မကောင်းဖြစ်မိခဲ့ရသည် ။

ယမင်းသမီးလေးက ၁၀ တန်းကို ဂုဏ်ထူးမပါပဲ အောင်တာ ။
ဒါကို မေသူ့ခေါင်းထဲ လုံးဝထည့်မတွေးမိ ။
ဒီလို ပြိုင်လိမ့်မယ်လို့လည်း သူ့အနေအထားနဲ့ကိုယ့်အနေအထားကွာလှတာမလို့ ထင်ကိုမထင်ထား ။
မှန်တာပြောသစ္စာဆိုသလို ယမင်းသမီးကို မိမိသမီးနဲ့ ဘယ်အခါကမှ မနှိုင်းယှဉ်မိခဲ့ ။
အသက်လည်းမတူ အတန်းလည်းမတူ သဘောမနောကောင်းတဲ့ထိုကလေးမလေးကို မိမိသမီးလိုသံယောဇဉ်ဖြစ်မိတာမျိုးသာရှိတာ ။
သမီးရဲ့ပြိုင်ဘက်တစ်ယောက်လို ကျိတ်ပြိုင်တာလည်းမရှိခဲ့ မနာလိုတာလည်းမရှိခဲ့ သူတို့သားအမိပေးကျွေးဆင်သမျှ ကျေးဇူးပဲတင်မိခဲ့ရတာ ။
ခုလိုမျိုးဖြစ်မယ် ဘယ်တုန်းကမှမတွေး အိပ်မက်ပင် မမက်ဘူးခဲ့ ။
မိမိကိုယ်တိုင်၁၀ တန်းမအောင်သူမလို့ ယမင်းကိုကော ယမင်း သမီးလေးကိုကော တော်လိုက်တာပဲတွေးမိတာ ။
မိမိသမီးတော်တာလည်းမိမိနဲ့မတူ သူ့အဖေနဲ့တူလို့ ကျေနပ်ရပေမဲ့ သမီးအပေါ် မိမိကနေ ထူးပြီးတိုက်တွန်းတာ ဆုံးမပေးရတာမျိုးမရှိ သူ့ဘာသာ အသိစိတ်နဲ့ကြိုးစားခဲ့တာလောက်သာ ။
မေသူ့စိတ်ထဲမှာတော့ ယမင်းသမီးလေးက ယမင်းသမီးလေး မိမိသမီးကလည်း မိမိသမီး သူ့ဘဝနဲ့သူ ဖြစ်တည်မှု့ခြင်းမတူကြတာမလို့ ပြိုင်ဘက်ရယ် ဘယ်ခါကမှမမြင်ခဲ့မိတာ အမှန် ။

သူငယ်ချင်းယမင်းရဲ့စိတ်ထဲမှာတော့ သမီးချင်းယှဉ်ပြီး အရင်လို မေသူ့အပေါ် မခင်မင်ချင်တော့တာလားမသိ ။

……………………………………

အခန်း ၇

တဖြည်းဖြည်းမေသူ့စက်ဆိုင်လေးက နာမည်ရလာပြီး တစ်ယောက်ထဲ မနိုင်တော့တာမလို့ လူငှား ၃ ယောက်လောက်ခေါ်ထားပြီးချုပ်ရသည် ။

အဖေမရှိတော့ပေမဲ့ မေသူ့အမေကို အိမ်မှာအတူလာနေဖို့ခေါ်ပေမဲ့ အမေက အတူနေမြေးသားတွေနဲ့နေသားကျပျော်ရွှင်ပြီး စိတ်ကူးရမှ ရောက်ချလာတတ်သည် ။
အမေလိုအပ်တာလည်းထောက်ပံ့ရင်း မပြေလည်တဲ့ အမအကြီးဆုံးသမီး တူမလေးတစ်ယောက်ကိုလည်း မေသူပဲ အိမ်မှာစက်ချုပ်သင်ပေးပြီး ခေါ်မွေးစားထားလိုက်သည် ။
တစ်ဖက်မှာလည်း ယမင်းတစ်ယောက်က လမ်းတွေ့ရင်တောင်မပြုံးပြချင်သလိုလို စိမ်းကားသွားသည် ။
မိမိကိုတွေ့တာနဲ့ အဖက်မတန်တဲ့သူကိုမြင်သလို ဆတ်ကနဲ ချာကနဲမျက်နှာကို မော့သွားတတ်တာမျိုး ။
မေသူကတော့သူမခေါ်လည်းအတင်းလိုက်ခေါ်စမြဲ ။
မကောင်းတတ်ကောင်းတတ်ပြုံးပြတာသိပေမဲ့လည်း မေသူမမှု့ ။

စက်ဆိုင်အထည်လာအပ်သူတွေအတင်းပြောတာလည်း မေသူကြားသည် ။

မေသူတို့သားအမိ သူတို့ဘယ်လိုထောက်ပံ့ပေးကမ်းခဲ့ရကြောင်းဆိုတာ လိုတာထက်ပိုနေပေမဲ့လည်း ရှိခဲ့တဲ့ကျေးဇူးတရားတွေကရှိခဲ့တာကြောင့် မေသူ့ဘက်ကမခံနိုင်လို့ပြောကြလည်း မေသူကတော့ ယမင်းပြောတာမငြင်းဆန်ခဲ့ ။
ယမင်းကျေးဇူးတွေက အမှန်တကယ်လဲ မေသူ့အပေါ်ရှိခဲ့သည်မလို့ မေသူ့ဘက်ကတော့ ယမင်းပြောတာတွေကို ဘယ်တော့မှ မငြင်း ။

” ဟုတ်တယ် မေသူ့အမျိုးသားဆုံးတော့ သမီးငယ်ငယ်နဲ့ဒုက္ခတွေရောက်နေချိန် ယမင်း ကူညီပေးလို့ နာလန်ပြန်ထူလာရတာ ။ ယမင်းပြောတာ ဟုတ်တယ် ”
ဟုသာ အမြဲခေါင်းညိတ်ဝန်ခံခဲ့သည် ။

ကွန်ပျူတာတက္ကသိုလ်ကျောင်းသူကြီးဖြစ်နေတဲ့သမီးကတော့ တစ်ခါတစ်လေ

” မေမေရယ် အန်တီယမင်းကမခေါ်ချင်တာ အောက်ကျခံမခေါ်ပါနဲ့လား ။
ပြောရမယ်ဆို သူ့ကျေးဇူးရှိတာလည်းရှိပေမဲ့ သူအခုဝတ်ချင်တယ်ဆိုတာနဲ့ နေမကောင်းတဲ့ကြားထဲက အချိန်မီအောင်မေမေချုပ်ပေးခဲ့ရတာတွေကော ၊
သူစားချင်တယ်ပြောလို့ သူကြိုက်တတ်တာမလို့ ချက်ပို့ခဲ့တာတွေ ၊ သူ့အိမ်မှာ တစ်ခုခုဆို အောက်ခြေသိမ်းအကုန် သွားလုပ်ကိုင်ပေးခဲ့တာတွေကလည်း တောက်လျှောက်ပါပဲ ။
ပိုက်ဆံဆိုလည်း အတိုးနဲ့မေမေယူခဲ့ရတာကြီးပဲလေ ။
ဒီကြားထဲ အန်တီယမင်းနေမကောင်းတာဖြစ်ဖြစ် သူ့သမီး အစ်မရွှေစင် နေမကောင်းရင်ပဲဖြစ်ဖြစ် အမေပဲ ချက်ပြုတ်လုပ်ကိုင်ပေးရတာ ။
ပြောကြကြေးဆို သူ့ကျေးဇူးကြီးပဲ မဟုတ်ပါဘူး သမီးတို့လည်းတတ်နိုင်သ၍ ပြန်ဆပ်တာပဲလေ ”

” အဲ့ဒီလိုမတွေးနဲ့သမီး ။ သမီးငယ်ငယ်လေးမှာ သမီးအဖေဆုံးသွားတော့ အမေဒုက္ခတွေရောက်ချိန်က အန်တီယမင်းက အမေတို့သားအမိကို ကူညီခဲ့လို့ ခုလို ရပ်တည်လာနိုင်တာ ။ ကျေးဇူးရှင်ကို မပြစ်မှားနဲ့သမီး ။ သူဘက်က အပိုပြောလဲ ကျေးဇူးရှိတာက ရှိတာပဲသမီး ”

သမီးကတော့ လူငယ်ပီပီ မကျေနပ်ပေမဲ့ မေသူကတော့ သမီးကို ကျေးဇူးရှိခဲ့ဖူးသူအပေါ် အဲ့လိုတွေ မတွေးဖို့ပဲ ဆုံးမလိုက်သည် ။

ယမင်းသမီးလေးဘွဲ့ရကျောင်းပြီး မင်္ဂလာဆောင်တော့ မေသူ့ဆီ ဖိတ်စာလေးရောက်လာခဲ့သည် ။
ယောက်ကျားလေးဘက်က ချမ်းချမ်းသာသာ လုပ်ငန်းရှင်သူဋ္ဌေး သားတစ်ယောက်ဖြစ်တာကြောင့် မေသူလဲ ယမင်းသမီးလေးအတွက်မုဒိတာ ပွားမိသည် ။

၂ ဘက်စလုံးချမ်းသာကြတာကြောင့် မေသူတို့မြို့နယ်ထဲကခန်းမတစ်ခုမှာ ပြုလုပ်ကျင်းပတဲ့ မင်္ဂလာဧည့်ခံပွဲကလည်း အတော်လေးစည်ကားခဲ့သည် ။

မေသူသွားတော့ ခပ်မော့မော့ မျက်နှာပေးကြားက လှလှပပ အသက်ဝင်လှတဲ့အပြုံးလေးနဲ့ ယမင်းက နှုတ်ဆက်သည် ။

မမြင်ရတာကြာပြီဖြစ်တဲ့ ဒီအပြုံးလေးကို အထက်စီးဆန်တယ်ပဲထင်ထင် ၁၀ တန်းမှမအောင်တဲ့မေသူ မိမိသူငယ်ချင်းရဲ့ထိုမာနပြုံးလေးကိုလည်း အားကျနှစ်ခြိုက်သဘောကျမိတာကတော့အမှန် ။
သူငယ်ချင်းရဲ့ အပြုံးလေးကို ဘယ်သောခါမှ မပျောက်ကွယ်စေချင်တာ မိမိရင်ထဲကမေတ္တာ စေတနာ အမှန် ။

…………………………………

အခန်း ၈

မေသူ့သမီး လင်းလက်သူလေးကွန်ပျူတာနဲ့ကျောင်းပြီးတော့နာမည်ကြီး စက်ပစ္စည်းသွင်းကုန်ထုတ်ကုန် ကုမ္ပဏီတစ်ခုမှာ အလုပ်ရသည် ။

တဖြည်းဖြည်း ရာထူးကြီးလာပြီး လစာလဲကောင်းလာတာကြောင့် မိမိတို့သားအမိမပူမပင် စုမိဆောင်းမိလာခဲ့သည် ။
မိမိကိုတော့ သမီးကစက်မချုပ်စေချင်ပေမဲ့ မေသူကတော့ အလကားနေအလကား နိုင်သ၍လုပ်စမြဲ ။
လူငှားတွေရှိပေမဲ့လဲ မိမိလက်ရာကိုသာ ကြိုက်ကြတာကြောင့် တစ်ခုမှ လက်လွတ်မထားရဲပဲ အမြဲပါရသည် ။
ရန်ကုန်လိုနေရာမျိုးမှာလည်းနာမည်ရဖို့မလွယ်သလို လက်ရာကောင်းပြီဆိုလည်း အပ်ထည်ကမနိုင် ။
သမီးကိုတော့ အသက် ၆၀ ပြည့်ရင် ပင်စင်ယူမယ် မလုပ်တော့ဘူး စနောက်ပြောထားလို့ သမီးကလည်း ထပ်မတားတော့ ။
ဒီကြားထဲ ယမင်းတို့ဆီတော့ မြေးလေး တစ်နှစ်ပြည့်တို့ ၂ နှစ်ပြည့်တို့မွေးနေ့ပွဲတွေတော့ဖိတ်လို့ မိမိသွားဖြစ်သည် ။
အရင်လိုမဟုတ် ကြွားရုံသက်သက် ဖိတ်တာမျိုးသိပေမဲ့ မိမိကတော့ အကြွားခံဖို့အတွက်ပင် မိမိအနေအထားကိုနှိမ့်ချ မသိသလို သွားစမြဲ ။
ဘာဖြစ်ဖြစ် မိမိစိတ်ထဲ ယမင်းအပေါ် မနာလိုငြူစူစိတ်မရှိ သူစိတ်ချမ်းသာနေပြီးတာပါပဲ အတွေးမျိုးလောက်သာ ရှိသည် ။
သူမခေါ်ချင်လို့မခေါ်ရင် အသာငြိမ်နေပြီး သူစိတ်လိုလက်ရခေါ်ရင် ဝမ်းသာအားရ မိမိဘက်ကဖြစ်မိရသည်သာ ။

ဒီလိုနဲ့ သမီးအသက် ၃၀ကျော်လောက် မှာတော့ အိမ်ထောင်ပြုမဲ့အကြောင်း မိမိကိုဖွင့်ပြောပြလာသည် ။
သမီးနဲ့ကြိုက်နေသူက သမီးအလုပ်ဝင်နေတဲ့ကုမ္ပဏီပိုင်ရှင်ရဲ့သားဖြစ်သည် ။
လက်ရှိမှာလည်းမိဘတွေရဲ့ကုမ္ပဏီမှာ ဒါရိုက်တာအဖြစ်ပြန်ဝင်လုပ်နေတဲ့သူ ။
ကျောင်းတုန်းထဲကလိုက်နေတာဖြစ်ပေမဲ့ အနေအထားခြင်းကွာလှတာမလို့သမီးကပြန်မကြိုက်ရဲခဲ့သူ ။
ကျောင်းပြီးတဲ့နောက်ပိုင်း နိုင်ငံခြားထွက် ဘွဲ့တွေဆက်ယူပြီးမှ မိဘတွေလုပ်ငန်းပြန်ဝင်ဦးစီး လုပ်ကိုင်နေသည့် တစ်ဦးထဲသော သူဋ္ဌေးသားဟု သိရသည် ။
အလုပ်ဝင်တော့မှ ပြန်ဆုံမိကြပြီး ဇွဲရှိရှိနဲ့သမီးဆီကအချစ်ကိုတလေးတစားတောင်းယူခံရတာမျိုး ။
ယောက်ကျားလေးဘက်က မိဘတွေကိုယ်တိုင်ကလဲ ထက်ထက်မြက်မြက်ရှိတဲ့သမီးကို လိုလိုလားလား သဘောကျကြသည် ။

ဘာဖြစ်ဖြစ် သမီးလေး ကံကောင်းလှသည်ဟုတွေးပြီး မေသူ ကျေနပ်ပီတိဖြစ်မိသည် ။
သွားလေသူ သမီးလေး အဖေကိုလဲ သမီးလေးအကြောင်း တိုးတိုးလေးပြောပြမိရင်း မျက်ရည်ကျမိသေးသည် ။

၂ ဘက်မိဘတွေသဘောတူပြီးနောက် မင်္ဂလာရက်သတ်မှတ်လိုက်ကြသည် ။

တစ်ဖက်က ခမ်းခမ်းနားနားစီစဉ်ချင်တာကြောင့် အရာရာ ယောက်ကျားလေးဘက်က အကုန်အကျခံတာဝန်ယူစီစဉ်ကြသည် ။

မိမိကတော့ ဝင်မပါ ။ သမီး ရဲ့ ချစ်သူကသာ ဦးဆောင်ပြီး သမီးနဲ့တိုင်ပင်စီစဉ်ကြခြင်းဖြစ်သည် ။

ဖိတ်စာတွေရလို့ သမီးက မေမေဖိတ်ချင်သူတွေဖိတ်ဆိုပြီးပေးတော့ နာမည်ကြီးဟိုတယ်တစ်ခုမှာကျင်းပမဲ့ လှပခမ်းနားလွန်းတဲ့ဖိတ်စာလေးကိုကြည့်ပြီး သမီးအတွက် မိခင်တစ်ယောက်အနေနဲ့ ဝမ်းသာပီတိဖြစ်မိရပြန်သည် ။

တစ်ဆက်ထဲတွေးမိတာကမိမိမှာ ဖိတ်ရမဲ့သူငယ်ချင်း အရင်းအချာလည်းများများစားစားမရှိ ။

စက်ဆိုင်မှာ အထည်လာအပ်တဲ့ဖောက်သည်တွေသာရှိသည် ။

၁၀ တန်းမှမအောင်တဲ့မိမိမှာ အနီးဆုံးသူငယ်ချင်းဆိုလို့ ရှားရှားပါးပါး မိမိအချစ်ရဆုံး တစ်ဦးထဲသော ငယ်သူငယ်ချင်းတော့ရှိသည် ။

အဲ့ဒီသူငယ်ချင်းသည်လည်း မိမိသမီး ၄ ဘာသာဂုဏ်ထူးရပြီးထဲက အခဲမကြေမခေါ်မပြောနိုင်ဖြစ်ခဲ့တာအတော်ကြာခဲ့သည် ။
နောက်ပိုင်း သူ့သမီးရဲ့သတို့သားဘက်ကကြွယ်ဝမှု့တွေကြောင့်သာ ဂုဏ်ယူဝင့်ကြွားစွာနဲ့လမ်းတွေ့ရင် ပြန်လည်ပြုံးပြလာနိုင်သူဖြစ်သည် ။

ဒီဖိတ်စာကို မိမိသူငယ်ချင်းဆီ ဖိတ်ခဲ့ရင် ……

သူ့သမီးထက်သာတာလာကြွားပြန်ပြီတွေး သမီးရဲ့သာလွန်မှု့အပေါ် မုဒိတာပွားပေးနိုင်ပါ့မလား ။

မဖိတ်ခဲ့ပြန်ရင်ကော နားလည်ပေးနိုင်ပါ့မလား ။

လူ့စိတ်ဆိုတာက

ကိုယ်ကပဲတစ်သက်တာ အထက်စီးက နေရင်း ကိုယ့်လောက်မပြည့်စုံသူတွေကို ချေးငှားပေးကမ်းရင်း မေတ္တာ ကရုဏာရေအလျှင်ကိုသာစီးဆင်းစေချင်တာမျိုးလား ။
ကိုယ်ထောက်ပံ့ပေးကမ်းခဲ့သည့်ထိုလူတွေက ကိုယ့်ထက် သာလွန်သွားသည့်အခြေအနေမျိုးဖြစ်လာ ကြုံလာခဲ့လျှင်ကော မုဒိတာ မပွားပေးနိုင်ကြတော့ဘူးလား ။

တစ်သက်လုံး ကိုယ့်အောက်ခြေမှာပဲ ပေးစာကမ်းစာ စားရင်း မှီခိုနေမှသာ မေတ္တာ ကရုဏာ ထားနိုင်တာလား ။

သူငယ်ချင်းရဲ့မိမိပြေလည်မှု့အပေါ်ဝမ်းသာအားရဖြစ်ခြင်းသည်က မိမိတို့သားအမိ အစစအရာရာ နိမ့်ကျနေတဲ့အချိန်မျိုးမလို့သာလား ။

ကိုယ့်လောက်မချမ်းသာ မပြည့်စုံသူတွေ ကိုယ့်လက်ဝေခံဘဝက လွတ်မြောက်ပြီး တင့်တင့်တယ်တယ် မြင့်မြင့်မားမား ရပ်တည်သွားနိုင်ကြတာကို မုဒိတာပွားဖို့ ဘာကြောင့် ခက်ခဲရလဲဟု မေသူ့ဥာဏ်မမှီ ။

တကယ်တော့ မေတ္တာ ကရုဏာကထားရှိရလွယ်ပြီး မုဒိတာဆိုသည့်စိတ်က ထားရှိဖို့ ခက်ခဲသည့်စိတ်မျိုးမလို့လား ။

အတွေးပေါင်းများစွာတွေးရင်း………

အရင်ကမိမိမပြေလည်ခင်အချိန်က အကြွေးမကင်းခဲ့သည့်အခါက စက်ဆိုင်မှာအပ်ထည်တွေမနိုင်မနင်းလာအပ်ကြတာမြင်ပြီး နင့်ကိုခုလို အဆင်ပြေပြေမြင်ရတာ ငါဝမ်းသာပါတယ်ဟာ ဆိုတဲ့ သူငယ်ချင်းယမင်းရဲ့အသံကိုကြားယောင်မိသည် ။

ဒါပေမဲ့လဲ သမီး ၁၀ တန်းအောင်စာရင်းထွက်ပြီးတဲ့နောက်ပိုင်း ယမင်းသည် အရင်တုန်းက ယမင်းမဟုတ်တော့သလို ပြောင်းလဲသွားသည်ကို မယုံကြည်စရာ ကြုံခဲ့လိုက်ရသည် ။

တကယ်တော့လည်း ငါပဲအစစအရာရာ အကုန်သာနေမှဟူသော ငါစွဲကြီးလွန်းတဲ့ မေတ္တာ ကရုဏာတွေကြောင့်သာ ငါ့ထက်သာလွန်မှု့အပေါ် မနာလိုစိတ်ကင်းကင်းထားနိုင်မဲ့ ဝမ်းမြောက်ဝမ်းသာမုဒိတာစိတ်ကို ပေါ်ပေါက်ဖို့ခက်လှတာပဲဖြစ်မည်ဟု မေသူဥာဏ်မီသလောက်တွေးကြည့်မိပြန်သည် ။

ဒေါ်မေသူတစ်ယောက် လက်ထဲမှာ မင်္ဂလာဖိတ်စာလေးကိုကိုင်လျှက် အတွေးပေါင်းများစွာကိုတွေးနေမိသည် ။

ထိုအတွေးတွေထဲမှာမှ ချစ်လှစွာသောမိမိ၏သူငယ်ချင်းယမင်းဆီ သမီးဖြစ်သူရဲ့မင်္ဂလာဖိတ်စာလေးကို ဖိတ်ရကောင်းနိုး မဖိတ်ရကောင်းနိုး ဘယ်လိုဆုံးဖြတ်ရမှန်းမသိပဲ ခက်နေသည့်အတွေးကတော့ အခက်တကာ အခက်ဆုံးအတွေးပင်ဖြစ်ပေတော့သည် ။ ။

ယဉ်ယဉ် ( ရွှေခယ်မြေ )

( ပဥ္စလက်ကကြိုး ရသဝတ္ထုတိုများထဲမှ )