မြက်ပင်ကနှင်းဆီပွင့်ခဲ့ပြီ(စ/ဆုံး)
——————————-
“ရာဇဓာတုကလျာကြီးကြွချီလာပါပြီခင်ဗျာ”
“ဝါး ဟားဟား”
အောင်ကိုတို့အဖွဲ့က ကျောင်းအတွင်းသို့ဝင်လာသော ခင်ထွေးကိုဝိုင်း စ ကြခြင်းပါ
အတိတ်ကံမွဲ၍ ရုပ်အလွန်ဆိုးသောခင်ထွေးကို အောင်ကို တို့အဖွဲ့က အမြဲနောက်ပြောင်ကြပါသည်။ ထိုသို့နောက်ပြောင်ခံရတိုင်း ခင်ထွေးခမျာ ရှက်စိတ်အားငယ်စိတ်တို့ဖြင့် မျက်ရည်ဝဲကာခေါင်းငုံ့သွားရှာပါသော်လည်း အောင်ကိုတို့က သနားရကောင်းမှန်းစာနာရကောင်းမှန်းမသိကြပါ။
ခင်ထွေး ကိုအတန်းထဲတွင် ဆရာဆရာမများလစ်လျှင်လစ်သလိုစနောက်ကြသလို၊ မနက်ကျောင်းတက်ချိန်ညနေကျောင်းဆင်းချိန်များတွင်ကျောင်းပေါက်ဝမှစောင့်ကာ နောက်ပြောင်ကြပါလေသည်။
ကြာသော်ခင်ထွေးခမျာ ကျောင်းတက်ရမည်ကိုပင်ကြောက်နေခဲ့ရပါသည်။ အတန်းထဲတွင်လည်း မစာနာတတ်သောအတန်းဖော် မိန်းကလေးများကပါ အောင်ကို တို့နောက်ပြောင်သည့်အတိုင်းလိုက်၍နောက်ပြောင်ကြသဖြင့် ခင်ထွေးခမျာ အမြဲမျက်နှာညှိုးနွမ်းကာ အားငယ်နေသောမျက်နှာလေးဖြင့်သာရှိနေတတ်ပါသည်။
အောင်ကိုတို့၏မိဘများက စီးပွားရေး တောင့်တင်း ကြသူများဖြစ်ကြသဖြင့် ဝတ်နိုင်၊စားနိုင်၊သုံးနိုင်ဖြုန်းနိုင်ကြသူများဖြစ်ကြလေရာ မိန်းကလေးများကြားတွင်အလွန်ထင်ပေါ်ကြသည်။ တစ်ဖွဲ့လုံးကလည်းရုပ်ရည်သန့်ပြန့်သူများဖြစ်ကြ၍ မိန်းကလေးများ၏ဂရုစိုက်မှုအရေးပေးမှုကိုများစွာရကြသည်။ အိမ်စာ ပေးလိုက်လျှင်ဘယ်တော့မှလုပ်မလာကြ၊ကျောင်းရောက်မှ နီးစပ်ရာမိန်းကလေးများကို ရေးခိုင်း၊တွက်ခိုင်းတတ်ကြသည်။
လွယ်အိပ်များအတွင်းတွင်ဘယ်သောအခါမှဖတ်စာအုပ်စုံအောင်မပါ၊ဖတ်စာအုပ်ဖတ်ရမည့်အချိန်ဆိုလျှင် မိန်းကလေးများကမျက်နှာလိုမျက်နှာရသူတို့စာအုပ်များကိုပေးလိုက်ကြပြီးခင်ထွေးစာအုပ်ကိုအတင်းဆွဲယူကြ၏ ၊ ရုပ်ရည်နှင့်ပါတ်သက်၍ ပြောလျှင်သာအားငယ်စိတ်ဖြင့်ငြိမ်ခံနေတတ်သော ခင်ထွေးက စာနှင့်ပါတ်သက်လျှင်တော့အနိုင်မခံပါ၊
သူ့စာအုပ်ကိုဘယ်သူ့မှမငှား၊ ဘယ်သူ့အိမ်စာမှလည်းကူမရေးပေး၊ အားနေလျှင်သူ့စာသူသာကျက်နေလေ့ရှိရာ ခင်ထွေးကိုမုန်းနေကြသောမိန်းကလေးများက အောင်ကို တို့အဖွဲ့က ခင်ထွေးကိုမနောက်ပြောင်မိလျှင်တောင်သူတို့ကစ၍နောက်ပြောင်ခိုင်းတတ်ကြလေသည်။
ခင်ထွေးက အိမ်တွင်အငယ်ဆုံး သမီးဖြစ်သဖြင့် အင်္ကျီစကပ်ထမီတို့သည်အမ များ၏အကျများကိုသာဝတ်ရသူဖြစ်သည်။ မိဘများကလည်းကျောင်းဆရာ ဝန်ထမ်းများသာဖြစ်ကြသည်မို့၊ အပိုအလျှံမရှိ၊ မုန့်ဖိုးပင်မှန်မှန်မရလေတော့ဘယ်သူငယ်ချင်းကိုမှလည်းမုန့်ဝယ်ကျွေးခြင်း၊ လက်ဆောင်ပေးခြင်းမပြုနိုင်ရှာလေရာ၊ ခင်ထွေးကိုခင်ခင်မင်မင်ပေါင်းသင်းသူလည်းနဲလေသည်။
ခင်ထွေးနှင့်ခင်ခင်မင်မင်ပေါင်းသူများကိုလည်းအောင်ကိုတို့အဖွဲ့က ဖိနှိပ်တတ်သဖြင့် သူတို့ရန်ကိုကြောက်သူများက အပေါင်းအသင်းမလုပ်ရဲကြပါချေ။ ခင်ထွေးသည် အမြဲတမ်းတစ်ယောက်ထဲလေးသာနေရသည်ကများခဲ့လေသည်။
ထိုနှစ်စာမေးပွဲများပြီးသောအခါ ခင်ထွေးသည်ထူးချွန်စွာအောင်မြင်ခဲ့၍ကျောင်းလည်းပြောင်းသွားခဲ့ပါသည်။ ထိုအချိန်မှစ၍ အောင်ကိုတို့အဖွဲ့နှင့် ခင်ထွေးအဆက်အသွယ်ပြတ်သွားခဲ့ပါသည်။
ကျန်နေခဲ့သော အောင်ကိုတို့သူငယ်ချင်းတစ်စုကတော့ စာမွေးပွဲများအကြိမ်ကြိမ်ရှုံးနိမ့်ကာ၊ ပြင်ပလောကကိုရောက်ရှိသွားခဲ့သည်။ တခြားမြို့များသို့သွားရောက်ကာ အလုပ်အကိုင်များလုပ်ခဲ့သော်လည်းမည်သည့်အလုပ်မှအဆင်မပြေ၊ မိဘများလည်းကွယ်လွန်သွားကြလေရာ၊ အောင်ကို့ဘဝအတော်ပင်ဒုက္ခတွေ့ရလေသည်။အိမ်ထောင်ပြုပြန်တော့အိမ်ထောင်နှင့်ကွဲ အရက်သမားလုံးလုံးဖြစ်၊ မိန်းမတွေတစ်ယောက်ပြီးတစ်ယောက်ယူလိုက်ကွဲလိုက်ဖြင့် ၄ယောက်မြောက်မိန်းမနှင့်ပေါင်းသင်းနေချိန် မိန်းမတွင်ကိုယ်ဝန်ရှိလာသဖြင့်ယခုမိန်းမကိုသားမှတ်မှတ်မယားမှတ်မှတ်ပေါင်း၍လုပ်ကြွေးတော့မည်ဟုဆုံးဖြတ်ကာ နေသည့်အချိန်တွင်တော့သူ့မိန်းမက သူ့အတွက်သားလေးတစ်ယောက်မွေးကာ ကွယ်လွန်သွားခဲ့လေသည်။
ထိုသားလေးဖြင့် ဒုက္ခအမျိုးမျိုးရောက်ကာ လုပ်ကိုင်စားသောက်နေရင်းအောင်ကိုတို့နေသောမြို့ရွာများမငြိမ်သက်သဖြင့်စစ်ဘေးရှောင်ဘဝဖြင့်ဇာတိမြို့သို့ပြန်ခဲ့ရလေသည်။ ၅တန်းကျောင်းသားဖြစ်သူသားလေးကိုလက်စွဲကာညီနှင့်ခယ်မတို့၏အိမ်သို့လက်ဗလာဖြင့်တက်လာခဲ့ရလေသည်။အောင်ကိုသည်ကျောင်းသားဘဝကဆိုးမိုက်ခဲ့သူဖြစ်လင့်စကား သူ့သားလေးကိုတော့အလွန်ပညာတတ်စေချင်ရှာသည် လိမ္မာယဥ်ကျေးသူလေးဖြစ်စေချင်၏ ၊ထို့ကြောင့် ဇာတိမြို့သို့ရောက်လာတော့ ညီဖြစ်သူအိမ်နှင့်အနီးဆုံးကျောင်းလေးတွင် သားဖြစ်သူကိုအပ်ဖို့ဆုံးဖြတ်ကာ စီစဥ်လေတော့ စစ်ဘေးရှောင်လာရသဖြင့် သား၏ကျောင်းထွက်လက်မှတ်လည်းမပါ ယခုနှစ်၅တန်းတက်ရမည်ကို ဘာအထောက်အထားမှမရှိ ဒုက္ခရောက်လေတော့သည်။ ထိုအချိန်တွင် နိုင်ငံ တော်မှအကြောင်းအမျိုးမျိုးကြောင့်စစ်ဘေးတိမ်းရှောင်လာသူများကို ကျောင်းထွက်လက်မှတ်အထောက်အထားများမပါသော်လည်းကျောင်းများတွင်လက်ခံထားရန်ညွှန်ကြားချက်များထွက်လာသဖြင့် အားတက်ကာသားကိုလက်ဆွဲ၍ စာသင်ကျောင်းလေးသို့ လာခဲ့လေသည်။
ကျောင်းအဝင်ကတည်းက မိမိတို့ငယ်စဥ်က နှင့်မတူ အောင်ပင် သန့်ရှင်းသပ်ရပ်လှပနေသောကျောင်းကလေးကိုမြင်ရတော့အောင်ကိုတစ်ယောက်ဝမ်းသာပျော်ရွှင်မိလေသည်။ဆရာမတစ်ဦးကို ကျောင်းသားသစ်ကျောင်းအပ်ချင်ပါကြောင်းအကျိုးအကြောင်း ပြောပြသောအခါ ကျောင်းအုပ်ဆရာမကြီးနှင့်ဝင်ရောက်တွေ့ဆုံပါရန်ပြောကာရုံးခန်းသို့ညွှန်ပြလေသည်။ရုံးခန်းအတွင်းတခြားကျောင်းအပ်သူများ လည်းဆရာမကြီးနှင့်တွေ့ဆုံဖို့စောင့်နေကြသဖြင့်အောင်ကိုလည်းနီးရာခုံလေးတွင်ထိုင်ကာ ကျောင်းသားမိဘတစ်ဦးနှင့်စကားပြောနေသော ကျောင်းအုပ်ဆရာမကြီးကိုကြည့်လိုက်ချိန်တွင်တော့ အောင်ကို့ခေါင်းပေါ်သို့မိုးကြိုးပစ်လိုက်သလို ဂျိမ်းကနဲဖြစ်သွားရပါ၏။
“ခင်ထွေး”
မိမိကျောင်းသားဘဝက ရက်ရက်စက်စက်နှိမ်ချအရှက်ခွဲ ခဲ့လေသော ခင်ထွေး
ကျောင်းအုပ်ဆရာမကြီး အဖြစ်တင့်တင့်တယ်တယ်လှလှပပ ကျက်သရေရှိစွာဖြင့် စားပွဲတွင်ထိုင်ကာ လိုအပ်သည်များညွှန်ကြားနေသောကျက်သရေရှိလှသည့်ခင်ထွေး
“ဘုရား ၊ ဘုရား ခင်ထွေးကိုဘယ်လိုရင်ဆိုင်ရမလဲ”
“ငါ့ရုပ်ကစုတ်ပြတ်သတ်၊ ဒီကြားထဲသားကိုကျောင်းအပ်ဖို့ဘာအထောက်အထားမှမပါ၊ အသနားခံပြီးအပ်ရမယ့်အဖြစ်၊ မဖြစ်ဘူး ငါ့ကိုခွေးမောင်းသလိုမောင်းထုတ်နေမှဖြင့် ငါ့သားလေးပါအားငယ်သွားလိမ့်မယ်၊ တော်ပြီပြန်မယ်”
“လာသား အဖေတို့အကြာကြီးစောင့်ရမှာ ဒီနေ့ပြန်မယ်နော်၊ “ဟုသားကိုဆွဲခေါ်ကာကျောင်းအတွင်းမှအပြေးထွက်ခဲ့မိတော့သည်။
အိမ်ကိုပြန်ရောက်မှ ညီနဲ့ခယ်မလုပ်သူကိုအကျိုးအကြောင်းပြောပြကာကျောင်းသွားမအပ်ရဲတော့၍ ့အပ်ပေးကြပါရန်တောင်းပန်သောအခါညီဖြစ်သူကအင်မတန်စိတ်ဆိုးလေတော့သည်။မိန်းကလေးတစ်ဦးအားနှမချင်းမစာနာ ဒီလောက်ပဲအရှက်ခွဲခဲ့ရသလား၊ဒါ့ကြောင့်မင်းဘဝလည်းမလှပခဲ့တာဟုရက်ရက်စက်စက်ပင်ဝေဘန်ခဲ့လေသည်။
နောက်တစ်နေ့ ညီနဲ့ခယ်မတို့သားကိုခေါ်ကာကျောင်းသွားအပ်ကြသောအခါ အောက်ကိုမှာရင်တမမ ၊သူ့သားကိုလက်မခံနိုင်ဘူးများပြောလေမလားနှင့်စိုးရိမ်နေခဲ့လေသည်။သူတို့ပြန်လာချိန်တွင်တော့ သားဖြစ်သူကဝမ်းသာအားရဖြင့် ဖေဖေဆရာမကြီးကသဘောကောင်းတယ်လေ သားကို၄တန်းစာတွေပြန်ဆိုပြခိုင်းတယ် သင်္ချာတွေလည်းမေးတယ်အင်္ဂလိပ်စာလည်းမေးတယ် သားအကုန်ဖြေနိုင်တော့ ၅တန်းစာရင်းမှာထည့်ထားတယ်၊ကျောင်းသားအသစ်မို့ဖတ်စာအုပ်ခွဲတမ်းမပါသေးပေမယ့်ကျောင်းကအဟောင်းတွေသိမ်းထားတဲ့အထဲကဖတ်စာအုပ်လေးတွေပေးတယ်၊ပြီးတော့ဗလာစာအုပ်တွေခဲတံတွေလည်းဆရာမကြီးကလှူပေးလိုက်တယ်၊ကျောင်းဝတ်စုံတွေနဲ့လွယ်အိတ်လေးလည်းဝယ်ပေးမယ်ပြောလိုက်တယ်တဲ့
ပညာရေးမှူးကိုတင်ပြပြီး သားတို့အရင်နေခဲ့တဲ့မြို့ကပညာရေးမှူးနဲ့ချိတ်ဆက်ပြီးသားအတွက်အထောက်အထားတွေခိုင်ခိုင်လုံလုံရအောင်ဆောင်ရွက်ပေးမယ်စိတ်အေးအေးနဲ့ကျောင်းတက်ပါလို့မှာလိုက်ပါတယ်ဖေဖေဟုပြောပြလေတော့အောင်ကို့ရင်ထဲဝမ်းသာဝမ်းနည်းအသည့်းနှလုံးများတုန်လှုပ်ခဲ့ရလေသည်။
သားကိုကျောင်းအပ်ပြီး၂လအကျော်အကြာတွင်တော့ အောင်ကိုတို့အိမ် အနီးရှိဘုန်းကြီးကျောင်းတွင် အလှူကြီးရှိသဖြင့် အောင်ကိုတို့ညီအကို အလုပ်အကိုင်သွားရောက်လုပ်ကူခဲ့ပါသည်။ကြေးရေတက်အလှူဖြစ်သဖြင့်လာရောက်ကြသူများကလူကုန်တန်အသိုင်းအဝိုင်းကများလေသည်။အောင်ကိုတို့ညီအကို ထမင်းဝိုင်းများတွင်လိုက်မနိုင်အောင်ရှိနေချိန်တွင်
“ဆရာမကြီးတို့လာတယ်”ဟု အသံကြား၍ကြည့်လိုက်ရာခင်ထွေးတို့ဇနီးမောင်နှံဖြစ်လေသည်။ခင်ထွေးသည်အဝါရောင်ချိတ်ဝမ်းဆက်ကိုဝတ်ထားပြီးလည်ပင်းတွင် ဆွဲ ကြိုးကြီးဆွဲကာလက်တွင်လည်းလက်ကောက်များလက်စွပ်များအပြည့်ဖြင့်လက်ရှိသူ၏ပြည့်စုံကြွယ်ဝနေမှုကိုပြနေလေသည်။
ခင်ထွေးတို့ထမင်းဝိုင်းသို့အောင်ကိုထမင်းပန်းကန်များသွားချပေးချိန်တွင်တော့ အောင်ကို့အား ခင်ထွေးကသေချာစိုက်ကြည့်နေလေသည်။ခင်ထွေးအကြည့်ကြောင့်အောင်ကိုခြေလက်များပင်တုန်ကာခင်ထွေးနောက်ဘက်ရှိခုံတစ်ခုံပေါ်အသာထိုင်နေရလေသည်။အောင်ကို့ညီကဟင်းပန်းကန်များသွားချပေးသောအခါခင်ထွေးမှ “ဟဲ့အောင်နိုင်ခုနကထမင်းပန်းကန်လာချပေးတာအောင်ကိုမလား၊ဟုမေးပါသည်။အောင်နိုင်ကဟုတ်တယ်လေမမဟုပြောကာမှ အောင်ကိုတစ်ယောက်မဝံ့မရဲဖြင့်ခင်ထွေးရှေ့လာရပ်လေသည်။ခင်ထွေးက”ခင်ထွေးကသူငယ်ချင်းကငါ့တောင်နှုတ်မဆက်ဘူး၊အခုဘယ်မှာနေလဲအဆင်ပြေရဲ့လားနှင့်”ပြုံးရွှင်စွာမေးရှာလေသည်။
ခင်ထွေးတို့ဇနီးမောင်နှံပြန်သွားတော့မှ ကိုအေးကအောင်ကိုနဲ့ဆရာမကြီးနဲ့သူငယ်ချင်းတွေလားဆရာမကြီးကသဘောကောင်းတယ် ကိုယ်ချင်းစာတတ်တယ် လူချစ်လူခင်ပေါတအားပေါတာ၊သူ့ယောင်္ကျားကလည်းတုန်နေအောင်ချစ်တယ်၊အလှူအတန်းလည်းရက်ရောတယ်ဒီနားကဆရာတော်တွေကအစလေးစားရတယ်ဟု ခင်ထွေး၏ကောင်းသတင်းမွှေးများကိုအားရပါးရပြောပြလေသည်။
အောင်ကို့ရင်ထဲတွင်တော့ ခင်ထွေးကိုအထင်ကြီးစိတ်၊အားနာစိတ်၊ရှက်စိတ်များစွာဖြင့်အလှူဓမ္မာရုံဘေးလူကွယ်ရာသို့သွားကာမျက်ရည်ဖြိုင်ဖြိုင်ကျရလေတော့သည်။ မိမိဘက်ကအမြဲအရှက်ခွဲနှိမ်ချခံခဲ့ရပါသောခင်ထွေးသည်သူ့ဘက်ကအသာရချိန်တွင်ဘာအညှိုးအတေးမှမရှိဖြူစင်စွာဖြင့်သူ့ဘဝသူ့သားဘဝအတွက်များစွာကူညီခဲ့လေသည်။သူဘက်ကနင်းခဲ့နှိမ်ခဲ့သမျှကိုကြိတ်မှိတ်ခံခဲ့ပြီးသူ့ဘဝကိုလှပအောင်အကောင်းဆုံးတည်ဆောက်သွားနိုင်ခဲ့သည် သူ့ကိုကြင်နာသည့်ထာဝရလက်တွဲဖော်ကိုရခဲ့ပြီးသာယာသောအိမ်ထောင်တစ်ခုထူထောင်နိုင်ခဲ့သည်အခုအချိန်တွင်တော့ခင်ထွေးသည်လှပတင့်တယ်သောအမျိုးအမီးကြီးတစ်ဦးအဖြစ်လောကအလယ်ဝင့်ကြွားနိုင်ခဲ့ပေပြီ
“အနင်းခံခဲ့ရသောမြက်ပင်လေးမှသည် ဆူးခက်များဝေဖြာနေ၍လူအများမခူးရဲသောနှင်းဆီပွင့်ကြီးပွင့်ခဲ့ပါလေပြီ”
ခင်ထွေးအတွက်ဝမ်းသာဂုဏ်ယူရင်းမိမိဘဝ၊မိမိစိတ်ဓာတ်ကရွံမုန်းခြင်းများစွာဖြင့်အောင်ကို့ရင်ထဲမီးနှယ်ပူနေပါတော့သည်။
(ပြီးပါပြီ)
#ခင်မေခ (တောင်ငူ)