မြကြေးမုံနှင့်ငွေတာရီ(စ/ဆုံး)
——————————-
“မြကြေးမုံ” တဲ့။
မျက်နှာလေးက ဝိုင်းဝိုင်း၊ အသားလေးက အဝါဘက်သမ်းတဲ့ အဖြူမျိုး။
ညနေတိုင်း ညနေတိုင်းမှာ ယောဂီဝမ်းဆက်လေးဝတ်ပြီး ရွှေမောဓော ဘုရား ဘက် ၀တ်ရွတ်ဖို့ စက်ဘီးကလေးနဲ့ထွက်လာတတ်တဲ့ မြကြေးမုံ။
ခြင်းခတ်နေတဲ့ ၊ ဂစ်တာကြိုးညှိနေတဲ့၊ ဘူကြီးတွဲနေတဲ့ ကာလသားတွေ အတွက်တော့ ဒီမြင်ကွင်းဟာ လေညှင်းတသုတ်၊ ပန်းတခုပ်ပါပဲ။
အဲ့ဒီလိုမျိုးရပ်ကွက်ထဲက လူပျိုပေါက် လူပျိုလေး လူပျိုကြီး တွေအားလုံး မြကြေးမုံရဲ့ သိမ့်မွေ့မွေ့ မြန်မာ ဆန်ဆန်ဟန်လေးကို ရင်ဖိုကြပေမယ့်၊ မြကြေးမုံ ကတော့ ယင်ဖိုတောင် အသန်းမခံခဲ့ဘူး။
ကျွန်တော်လား။ဘယ်ပြောကောင်းမလဲဗျာ။ရရင်တော့ လိုချင်တာပေါ့…ဒါမျိုးက အလကားပေးရင် ငြင်းစရာမှမဟုတ်တာ။နော့။
မြကြေးမုံက အိမ်တွင်းပုန်း။
ခုနပြောခဲ့သလ်ိုတစ်နေကုန်အိမ်တွင်းပုန်းပြီး ညနေ (၅)နာရီလောက်မှ ယောဂီ၀တ်စုံ ၀တ်ပြီး စက်ဘီးလေးနဲ့ ၀တ်ရွတ်သွားတတ်တာ။
ဗျာ…ရည်းစားစကားလိုက်ပြောပေါ့..ဟုတ်လား။
ခင်ဗျား စဉ်းစားကြည့်စမ်းပါဗျာ။
ယောဂီ၀မ်းဆက်နဲ့ အိန္ဒြေရရ စက်ဘီးလေးနင်းပြီး ၀တ်ရွတ်ဖို့ ဘုရားကိုသွားတဲ့ မိန်းကလေးတစ်ယောက်ကို ယီးတီးယားတား စကားလိုက်ပြောတဲ့ကောင်ကို လူတိုင်းက ယဉ်ကျေးမှုမရှိတဲ့ကောင် လို့ပြောမှာပဲ။
အခန့်မသင့်လို ဟိုက လက်မခံရင် ဆွမ်းကြီးဝိုင်းလောင်းမဲ့ သကောင့်သား တွေကလည်း အပေါသားကိုး။
မြကြေးမုံက လှတယ်၊ချောတယ်၊တည်ကြည်တယ်၊ ယဉ်ကျေးတယ်၊ဘာသာတရားကိုင်းရှိုင်းတယ်။
ဒီတော့ သူ့ကို လိုက်ရတာခက်မယ်ထင်ပြီး ဘယ်သူမှ ချစ်ရေးဆိုတယ် စာပေးတယ် ဆိုတာ မကြားဖူးဘူး။
ဒီလိုပဲလေဗျာ…..မွှေးလွန်းသည့်ပန်း မနမ်းဝံ့ပြီတဲ့။ တွံတေးကြီး သီချင်း လိုပဲပေါ့။
အဲ့လိုနဲ့ပဲ……မြကြေးမုံ..အသက်(၂၆)နှစ်လောက်မှာ နောက်ကားက ကျော်တက်ပါလေရောဗျို့…။
(၂)
နောက်ကားဆိုတာက ဒီလိုဗျ။
မြကြေးမုံမှာ တစ်ဦးတည်းသော ညီမလေးရှိတယ်။
ငွေတာရီ တဲ့…။
မြကြေးမုံ နဲ့ ငွေတာရီက သိပ်ချစ်ကြတာ။
မင်းဟာမလေးတွေ နာမည်ကလည်း သတင်းစာနာမည်တွေဆိုပြီး ခင်ဗျား ပြုံးမိသွားတယ်မဟုတ်လား။
ဒီလိုဗျ။
သူအဖေက အရင်က ကျွန်တော်တို့မြို့မှာ သတင်းစာ၊ မဂ္ဂဇင်းတွေ ဖြန့်တာ။
သူတို့ကို ထမင်းကျွေးထားတဲ့အလုပ်ကို ဂုဏ်ပြုသောအားဖြင့် သူ့သမီး(၂)ယောက်ကို သတင်းစာ မဂ္ဂဇင်း နာမည်တွေ ပေးထားတာတဲ့။
ဟေ့လူ..ကပ်သီးကပ်သတ်မမေးနဲ့ဗျာ။
သားမွေးရင်တော့…ဒီးဒုတ်တို့ မြန်မာ့အလင်း တို့ ပေးချင်လည်း ပေးမှာပေါ့ဗျ။
ငွေတာရီ က သူ့အမ မြကြေးမုံ ကို အလှအယဉ်မှာ မမှီပေမယ့်..ချောချောလေးပါပဲ။
ဒါပေမယ့် သူကတော့ မြကြေးမုံးလို အရမ်းအတည်ပေါက်ကြီး မဟုတ်ဘူး..ပေါ့ပေါ့ပါးပါးကောင်မလေးတစ်ယောက်လို့ ဆိုရမယ်။
ငွေတာရီ ကျောင်းပြီးတော့ သူနဲ့ကျောင်းအတူတက်ခဲ့တဲ့ ကောင်လေးတစ်ကောင်နဲ့အိမ်ထောင်ကျသွားတာပါဗျာ။
ကျွန်တော်လား။
ဘယ်နှယ့်ဗျာ ကလေး ကလေးဆိုပြီး ကြည့်နေတာ အပျိုဖြစ်ပြီဟ ဆိုပြီး သတိထားမိလို့ စိတ်ကူးရုံရှိသေး..နောက်တစ်နေ့ ငွေတာရီက လင်နောက်လိုက်ပြေးတာပဲရယ်။
မြကြေးမုံတို့နေတဲ့အိမ်က ကျွန်တော်တို့ ရပ်ကွက်ရဲ့ ထောင့်စွန်းမှာ။
ကျွန်တော်တို့နဲ့ဆို ခြောက်အိမ် ခုနှစ်အိမ် အိမ်ကျော်လောက်ရှိမယ်။
သူတို့အိမ်ရဲ့ ဘေးမှာ အိမ်ခြေမရှိတော့ဘူး။ ခြုံဖုတ်တွေထနေတဲ့ မီးလောင်ကွင်းကြီးပဲရှိတယ်။
အဲ့ဒီအိမ်မှာ သူတို့အဖေ ဦးမြမောင်ရယ်။ဦးမြမောင် ညီမ ဒေါ်ခင်ခင်တို့လင်မယားရယ်။ မြကြေးမုံရယ်။ ငွေတာရီနဲ့ သူ့ယောင်္ကျား မိသားစု(၆)ယောက်နေကြတယ်။
အဲ့ဒီလိုနဲ့ ငွေတာရီလေးမှာ ကိုယ်၀န်ရှိလာပါလေရောလား။
ဟေ့လူ..ကြားဖြတ်မပြောနဲ့ဗျာ “အဲ့ဒီလိုနဲ့” ဆိုတာ ဘယ်လိုဖြစ်တာလဲဆိုတာတော့ ခင်ဗျားဘာသာဖြည့်တွေးပေါ့ဗျာ။
မြကြေးမုံ က ကိုယ်ဝန်လွယ်ထားရတဲ့ သူ့ညီမလေး ငွေတာရီကို အရမ်းဂရုစိုက်တာ။
အပြင်ကို တော်ရုံမထွက်တဲ့ မြကြေးမုံ စျေးထဲကို ကိုယ်တိုင်သွား ဗိုက်ဖုံးအင်္ကျီတွေ၀ယ်၊ကိုယ်၀န်ဆောင်အားဆေးတွေ သွား၀ယ် နဲ့ပေါ့….။
(၃)
အဲ့ဒီနေ့……………
စနေမိုးက အပျော်မယ်တစ်ယောက်ရဲ့ ညုတုတု အကြည့်တွေလိုမျိုးပဲ ညနေတခင်းကို ခပ်ဆွေဆွေ ဖမ်းစားထားတယ်။
ကျွန်တော်တို့အိမ် တံစက်မြိတ် မှာ သစ်ခွပန်းတွေ မဝေနေပေမယ့် ဝါဆိုရယ် သိပ်သတိရမိတယ် ဆိုတဲ့ သီချင်းစာသားက FM မှာလာနေတုန်း။
ကျွန်တော်ကလည်း သီချင်းစာသားထဲက အပျံသင်စဉ် မိုးမိတဲ့ငှက်လို အမေ့အလစ်မှာ လမ်းထိပ် အရက်ဆိုင်လစ်ဖို့ ချောင်းနေတဲ့ အချိန်ပေါ့။
မိုးဖွဲဖွဲကြားမှာ မြကြေးမုံကို ဆိုက်ကားတစ်စီးနဲ့ ပြန်လာတာတွေ့တယ်။
တစ်ကိုယ်လုံး ရွှံတွေ ဗွက်တွေလူးလို့။ ဆိုက်ကားနောက်မှာ မြကြေးမုံရဲ့ အဖေ ဦးမြမောင်။
ဦးမြမောင်ကို မြကြေးမုံ က မှီထားတယ်။
သူတို့ကို မြင်တော့ အမေက အိမ်ထဲကနေ လှမ်းမေးတယ်။
.မြကြေးမုံ စက်ဘီးမှောက်တာတဲ့။ ဘာမှတော့ မဖြစ်ဘူး ခေါင်းပဲ နည်းနည်းမူးသွားရုံပါတဲ့။
ဘယ်ရမလဲ။ အမေ.. မြကြေးမုံတို့ သားအဖဆီ အာရုံရောက်နေတုန်း ကျွန်တော်လည်း မိုးကာအသာဆွဲပြီး လမ်းထိပ်က “တောက်လျှောက်” ဆိုင် မှာ ၀မ်းပက် တူးပက် ဖို့.. ဘယ်ညာ လစ်ထွက်ခဲ့လိုက်တာပေါ့……။
………………….
နောက်တနေ့ကျွန်တော် အိပ်ယာနိုးတော့ နေ့လည် (၁၁)နာရီ။
ထမင်းစားပွဲမှာ တစ်ထောင်တန်(၁)ရွက်ရယ်၊ အမေ့ လက်ရေးနဲ့ စာတစ်စောင်တင်ထားတာတွေ့တယ်ဗျ။
“သား.. အမေ နာရေးအိမ် သွားတယ် ”
တစ်ထောင်တန်တစ်ရွက်ခါးကြားလိမ်ပြီး လက်ဘက်ရည်ဆိုင်ကို ထွက်တော့မှ…. အမေသွားတာ မြကြေးမုံတို့ အိမ်မှန်းသိတယ်။
မြကြေးမုံ မနက် (၄)နာရီလောက် ဆုံးသွားပြီတဲ့။
စက်ဘီးမှောက်တုန်းက ခေါင်းနဲ့ကျတာ၊ သွေးလည်းမထွက် ကွဲလည်းမကွဲတော့ ဂရုမစိုက်ပဲ ထားလိုက်မိကြတာ၊ မနက်(၃)နာရီလောက်ကျတော့ ခေါင်းမူးတယ် ခေါင်းမူးတယ်ပြောပြီး (၄)နာရီမှာ ဆုံးသွားတာတဲ့။
ကျွန်တော်ဖြင့်နှမြောလိုက်တာဗျာ။ နှမြောစရာကိုးဗျ။
ဘာကိုနှမြောတာလဲဟုတ်လား။ ခင်ဗျားကတော့ လုပ်ပြီ..ဟုတ်တယ်..အဲ့ဒီဘာကိုပဲ နှမြောတာလေ။
ဒါပေမယ့် မြကြေးမုံက ကျွန်တော့်ကို သံယောဇဉ်ရှိပုံတော့ရပါတယ်။ဘာလို့လဲသိလား..ဟေ့လူ။
သူ့ အသုဘမချခင်ညက ရှမ်းကိုးမီးဝိုင်းမှာ ကျွန်တော် နှစ်သောင်းလောက် နိုင်လိုက်တယ်လေ ။
ကြည့်စမ်း သူ့ကို ကျွန်တော့် ကြိတ်ကြိုက်နေမှန်းသိလို့ ကူညီပေးတာဖြစ်မယ်။မေတ္တာရောင်ပြန်တယ်ဆိုတာ ဒါမျိုးထင်ရဲ့။
ကျွန်တော်လည်း ကျေးဇူးသိတတ်ပါတယ်။ ဖဲဝိုင်းက ထခါနီး.. အခေါင်းပြင်ထားတဲ့နေရာကို သွား၊ မြကြေးမုံ အလောင်းကို ကြည့်ပြီး မူးမူးနဲ့ ကျေးဇူးတင်စကားတောင်ပြောခဲ့သေးတယ်။
အောင်မယ်……မျက်နှာလေးကတော့ အရင်လိုလှတုန်းပဲဗျ။
သူ၀တ်နေကျ ယောဂီ၀မ်းဆက် လေးနဲ့ မြင်ရတော့၊ ကျွန်တော့်စိတ်ထဲ. ဘာရယ်မသိ. .အုံ့အုံ့မှိုင်းမှိုင်းကြီးဗျာ။
(၄)
ကံကြမ္မာဆိုတာ …မြကြေးမုံတို့ မိသားစုအတွက်တော့ နတ်ဆိုးတစ်ကောင်ရဲ့ စနစ်တကျကျိန်စာလို့ အဓိပ္ပါယ်ဖွင့်မယ်ဆို ဖွင့်နိုင်မှာပါ။
မြကြေးမုံ ဆုံးပြီး နှစ်ပတ်မလည်သေးဘူး။ သူ့ညီမ ငွေတာရီလည်း ကလေးမမွေးနိုင်ဘဲ ဆုံးတယ်။
ငွေတာရီ ဆုံးတာမှ ကျွန်တော့်မျက်စိရှေ့တင်ဆုံးတာ….ကျွန်တော့်မျက်စိရှေ့တင်ဆိုတာက ဒီလိုဗျ..။
ကျွန်တော်တို့မိသားစုက ရပ်ကွက်ထဲမှာ ရေစက်ထောင်ထားတာပါ။
ကျွန်တော်က အမေ့ ပိုက်ဆံ ဒီအတိုင်းဖြုန်းရင် လူအထင်သေးမှာကြောက်လို့ ကိုယ်အတွက်လည်း ဘတ်ငွေရ၊ အမေလည်း လူငှားခေါ်ရသက်သာအောင် ရပ်ကွက်ထဲ ရေပိုက်ဆွဲပြီး ရေလိုက်ထည့်ပေးတယ်ဗျ…။
“ရပ်ကွက်ထဲမှာ မီးလာမှ သူထွက်လာ… ရေထည့်မယ်လေ…တိုင်ကီကို ဖွင့်ကာ.. ရေထည့်မယ်..ရေတွေ အားလုံးပြည့်စေသား”
အဲ့ဒီတုန်းက ခေတ်စားတဲ့ Rဇာနည်သီချင်းအလိုက်ကို ဖျက်ဆိုပြီး ညည မီးလာချိန်ဆို ကျွန်တော်ရေလိုက်ထည့်ပြီပဲ။
အဲ့ဒီ ညကလည်း မီးက မိုးချုပ်မှလာတယ် ရပ်ကွက်ထဲက အိမ်နှစ်အိမ်က ရေလာထည့်ဖို့ ပြောလို့ ကျွန်တော် ပိုက်ဆွဲပြီး ရေထည့်ဖို့ထွက်လာတာပေါ့။
အချိန်က ည(၉)နာရီကျော်ပြီ…။
ငွေတာရီတို့အိမ်ရှေ့က လေးဘီးကားတစ်စီး ထွက်လာပြီး ကျွန်တော်ဘေးက ဖြတ်သွားတယ်။
ကားပေါ်မှာလည်း ဦးမြမောင်ရော။ သူ့ညီမ ဒေါ်ခင်ခင်တို့ လင်မယားရော။ အရပ်၀မ်းဆွဲ ဒေါ်လဲ့နွယ်ရော ပါတယ် ။
ကျွန်တော်ရှေ့ ခပ်လှမ်းလှမ်းရောက် တော့ ဒေါ်ခင်ခင်က အော်ငိုတယ်။
ဦးမြမောင် ကကားကိုရပ်ဖို့ပြောတယ်။
ကျွန်တော်လည်း ဘာကူညီရမလဲဆိုပြီး ကားဆီ ပြေးသွားလိုက်တယ်။
ကားပေါ်မှာ ဖြူဖျော့နေတဲ့ မျက်နှာလေးနဲ့ငွေတာရီ။
သွေးတွေတအားဆင်းပြီး ကလေးမမွေးနိုင်လို့ ဆေးရုံကိုအသွား၊ အခု လမ်းမှာပဲ ဆုံးသွားတာတဲ့။
ငွေတာရီအလောင်းကို စောင်နဲ့မပြီး ကျွန်တော်ရယ် ဦးမြမောင် သူ့ယောင်္ကျား ချမ်းသာ ရယ် သူ့အိမ်အထိ သယ်ပေးလိုက်ကြပါတယ်။
ကလေးရော လူကြီးရော အသက်မရှင်ရှာပါဘူး။
ကံဆိုးလိုက်တဲ့ ညီအစ်မပါဗျာ။
(၅)
ငွေတာရီဆုံးပြီးတော့ ဦးမြမောင် ဘုန်းကြီး၀တ်သွားတယ်။
ငွေတာရီ ယောင်္ကျားလည်း သူ့နယ်သူပြန်သွားတယ်… အဲ့ဒီအိမ်ကြီးမှာ ဒေါ်ခင်ခင် နဲ့ သူ့ယောင်္ကျား ဦးမင်းနိုင် တို့ နှစ်ယောက် တည်းကျန်ခဲ့တာပေါ့။
ဒါပေမယ့် (၂)လလောက်ပဲ ကြာပါတယ်။ ဒေါ်ခင်ခင် တို့လည်း အဲ့ဒီအိမ်ကြီး ကို သော့ခတ်ပြီး ဦးမင်းနိုင် အမေအိမ်ကို ပြောင်းသွားကြတယ်….။
အေးလေ သူတို့လည်း ဒီမှာနေရင် ဟိုညီအစ်မကို သတိရနေမှာစိုးလို့နေမှာပေါ့။
ဇာတ်လမ်းက ဒီတင် မပြီးသေးဘူးဗျ။
စိတ်တော့မပျက်သွားနဲ့ဦး.. အခုမှ စမှာရယ်။
မြကြေးမုံနဲ့ ငွေတာရီ ဆုံးပြီး (၃)လလောက်အကြာမှာ ကျွန်တော်တို့လမ်းထဲ ဒေါ်လုံးတို့အပျိုကြီးညီအစ်မတွေက သူတို့ပျဉ်ထောင်အိမ်လေးကိုဖျက်ပြီးတိုက်ဆောက်တယ်။
အဲ့ဒီတော့ တိုက်ဆောက်ပေးတဲ့ ပန်းရံဆရာတွေကိုတော့ မြို့ပေါ်ကမခေါ်ပဲ သူတို့ရွာဘက်က ဆွေမျိုးနီးစပ် ပန်းရံဆရာတွေ ခေါ်သတဲ့။
ပန်းရံဆရာတွေက သူတို့အိမ်ရှေ့ ကွက်လပ်နဲ့ လမ်းမြောင်းနံဘေးလေး မှာ ယာယီတဲလေးထိုးပြီး ညအိပ်ကျတာပေါ့ဗျာ။
ပန်းရံဆရာကြီးက ဦးစိန်ရိုး တဲ့။ညညဆို သူတို့ကလည်း တဲလေးထဲမှာ အမြည်းတွေချက်ပြီး ခွက်ပုန်းကစ်ကြသကိုးဗျ။
ကျွန်တော်ကလည်း နွေရာသီဆို တစ်ညလုံး နီးပါး ရေလိုက်ထည့်ရတာဆိုတော့ ပိုက်လေးဆွဲပြီး ရေမောင်းလိုက်.. ပြီးရင် သူတို့တဲ၀င်ပြီး အမြည်းကောင်းကောင်းနဲ့ မော့လိုက်လုပ်ရင်း အဖွဲ့ကျနေတာပေါ့…. ။
တစ်ခါတစ်လေလည်း သူတို့ပန်းရံတဲလေးမှာပဲ ကျွန်တော် အိပ်ပျော်သွားတတ်တယ်။
တစ်နေ့တော့.. ကျွန်တော် ဟိုဘက်ရပ်ကွက်မှာ အုတ်ကန်တစ်ကန်ရေဖြည့်ပြီး ပြန်လာတယ်။ အင်း.. ည (၂)နာရီလောက်ရှိပြီ။
မြကြေးမုံတို့ အိမ်ရှေ့ရောက်တော့ ပန်းရံဆရာကြီး ဦးစိန်ရိုး နဲ့ သူ့တပည့်(၂)ယောက် ယောင်လည်လည်လုပ်နေတာတွေ့တယ်။
သူတို့တိုက်ဆောက်နေတဲ့ အပျိုကြီးအိမ်နဲ့ မြကြေးမုံတို့အိမ်က ကြားထဲမှာ သုံးလေးအိမ်လောက်ခြားသဗျာ။
ကျွန်တော်လည်း ဒီလူတွေ ဘာလို့ ဒီနားရောက်နေလည်း မသင်္ကာတာနဲ့ မေးလိုက်တယ်။
“ဟေ့ ဦးစိန်ရိုး ခင်ဗျားတို့ ဒီနား ဘာလာလုပ်တာလဲ”
“သြော် ရေဆရာလေး ပါလား… ဒီလိုပါဗျာ ဒီနားမှာ ဟို ကလေးမီးဖွားတဲ့အိမ်ဘယ်အိမ် ရှိလဲ မသိဘူး”
“အာ မရှိပါဘူးဗျာ ဦးစိန်ရိုးရာ ဘယ်နှယ် ဒီနားတဝိုက်မှာ အကုန်အပျိုလေးတွေ ပဲရှိသေးတယ်ဗျ…. ခင်ဗျားနှယ့်..မဦးမချွတ်… ဖွဟဲ့ လွဲပါစေဗျာ ဟီး”
ကျွန်တော်က ပြောင်စပ်စပ်နဲ့ အရွှန်းဖောက်လိုက်ပေမယ့်..ဦးစိန်ရိုး မျက်နှာကတော့ တခုခုကို စဉ်းစားနေပုံပါပဲ။
“မဟုတ်သေးပါဘူး ရေဆရာလေးရာ၊ ခုန ကျွန်တော်အိပ်နေတုန်း… တဲထဲကို ကောင်မလေးတစ်ယောက်၀င်လာတယ်ဗျ.. ကျွန်တော့်ကို လှုပ်နိုးပြီး ဦးလေးတို့ ကူညီပါအုံး ကျွန်မ ဟိုဘက်ထိပ်အိမ်ကပါ ကျွန်မ ညီမလေး မီးမဖွားနိုင်လို့ ဆေးရုံပို့ချင်လို့ ဝိုင်းကူညီပါအုံးဆိုပြီး ဒီဘက် ကိုပြေးထွက်သွားလို့ ကျွန်တော်လည်း ဒီကောင်(၂)ကောင်ကို နှိုးပြီး အဲ့ကောင်မလေးနောက်ကနေ လိုက်လာတာ..ဒီနားရောက်မှပျောက်သွားလို့”
ဟာဗျာ… ကျွန်တော့် ဆံပင်တွေ ထောင်ထသွားပြီး ကျောထဲကတောင် အေးခနဲ စိမ့်တက်သွားတယ်။
“ဟုတ်တယ် အကိုလေး အဘစိန် နိုးတော့ ကျွန်တော်လည်းထပြီးလိုက်လာတာ ယောဂီရောင် အညို၀မ်းဆက်နဲ့ အစ်မဗျ။ ဒီဘက်ပြေးထွက်သွားတာ.. အခုဒီနားရောက်တော့ ဘယ်အိမ်၀င်သွားမှန်း ကိုမသိဘူး..အိမ်တွေအကုန်လုံးလည်း တိတ်ဆိတ်လို့”
ဦးစိန်ရိုးတပည့်လေးဝင်ပြောမှ ကျွန်တော် မြကြေးမုံတို့ အိမ်နားက ထွက်ပြေးချင်စိတ်ပေါက် ပိုပေါက်သွားတယ်…။
ယောဂီရောင်အညို၀မ်းဆက် တဲ့….ဘယ့်နှယ့်…. မြကြေးမုံ မသာတုန်းက ယောဂီ၀တ်စုံကြီးမျက်စိထဲ ပြေးမြင်မိတာပေါ့။
”လာပါ ဦးစိန်ရိုးရာ ခင်ဗျားတို့ မူးကြောင်ကြောင်နဲ့ ဘာတွေလျှောက်မြင်နေတာလဲဗျာ လာလာ… တဲမှာ ကျန်သေးလားဗျ ကျွန်တော် တစ်ခွက်လောက်ကစ်ချင်သေးလို့..”
မပြေးရုံတမယ်ခြေလှမ်းတွေနဲ့ ဦးစိန်ရိုးလက်ကို စွဲပြီးကျွန်တော် မြကြေးမုံတို့ အိမ်နားက အမြန်ဆုံးလစ်လာခဲ့လိုက်ရတယ်။
ဦးစိန်ရိုး ဆိုတာလည်း ဒီရပ်ကွက်ကမဟုတ်။ မြကြေးမုံတို့ ညီအစ်မကိုလည်း သိသူ မဟုတ်။
ညကြီးသန်းခေါင်လည်း ဒီကိစ္စက ထနောက်စရာမဟုတ်။
ဘာပဲဖြစ်ဖြစ် ကျွန်တော် အဲ့ဒီညက မူးလည်းမူး ကြောက်လည်းကြောက် ကြောက်မူးကြီးဖြစ်ပြီး ပန်းရံဆရာတဲမှာပဲ အိပ်ပစ်လိုက်တယ်..ပြီးရော..။
(၆)
ဦးစိန်ရိုးတို့ ကိစ္စဖြစ်ပြီးကတည်းက ကျွန်တော် ဟိုဘက်ရပ်ကွက်မှာ ညဘက်ရေထည့် ရမည်ဆိုရင် မြကြေးမုံတို့ အိမ်ရှိတဲ့ လမ်းဖြတ်ကနေ မဖြတ်တော့ပါဘူး။ဟိုးဘက်လမ်းထိပ်ကပဲ ပတ်ဖြတ်ပါတော့တယ်။
သိပ်မကြာပါဘူး။မြကြေးမုံတို့ အိမ်ကို လူငှားတွေရောက်လာတယ်ဗျ။
ခရိုင်ရဲမှူး ရဲ့ သမီးလင်မယားလို့ပြောတာပဲ။
ညားကာစလင်မယားနှစ်ယောက်…(၆)လစာချုပ် ချုပ်လိုက်သတဲ့…။
သူတို့ပြောင်းလာမှပဲ အဲ့ဒီအိမ်က ညဆို မီးတွေလင်းထိန်သွားတော့တယ်။
ကျွန်တော်လည်း အဲ့ဒီတော့မှ ညဉ့်သန်းခေါင် ရေထည့် ရင် အဲ့အိမ်ဘက်က ပြန်သွားရဲတော့တာ။
သြော်.. ခင်ဗျားနှယ့်… ညားကာစဆိုတော့ သူတို့လည်း ညဉ့်နက်သန်းခေါင် မအိပ်လောက်ဘူးထင်တယ်လေဗျာ။
မကြာပါဘူး။ အဲ့ဒီလင်မယား အိမ်ပြောင်းသွားကြတယ်။
သူတို့ပြောစကားအရတော့ ညညကျ မိန်းမတစ်ယောက် ညည်းသံတွေကြားရတယ်တဲ့။
ပြီးတော့ အိမ်ရှေ့မှာလည်း မိန်းမတစ်ယောက်က အမြဲတမ်းလမ်းလျှောက်လိုက်၊ ငုတ်တုတ်ထိုင်နေလိုက်နဲ့ တဲ့။ အိမ်ကိုလဲ ခဲနဲ့ထုတယ်ဆိုလား။
သူတို့လင်မယားပြောင်းသွားပြီး နှစ်ရက်အကြာမှာတော့ ဂွမ်းထုတ်ကြီး အဲ့ဒီ အိမ်ကို ရောက်လာတာပါပဲ။
ဂွမ်းထုတ်ကြီးဆိုတာက ခုနကပြောင်းသွားတဲ့ ရဲမှူးသမီးရဲ့ မောင်အငယ်ဆုံး။
ဒီဘဲက အသက်ငယ်ငယ်နဲ့ ရှကီစွဲနေတာ။..ဖြူဖြူ၀၀ ဂွမ်းထုတ်ကြီးနဲ့ တူလို့ ဂွမ်းထုတ်ကြီးလို့ခေါ်တာ…။
ဂွမ်းထုတ်ကြီးနဲ့ကျွန်တော်ကတော့ ဘော်ဒါဖြစ်လွယ်ပါတယ်။လမ်းထိပ်ဆိုင်မှာ တစ်နာရီ တစ်ပက် ၀င်မော့ရင်းက ဘော်ဒါတွေဖြစ်သွားတာပေါ့ဗျာ။
အဲ့ဒီအိမ်မှာ ဂွမ်းထုတ်ကတော့ အေးဆေးပဲ။
သူက တစ်နေကုန် အရက်ဆိုင်မှာနေတယ်။ညမိုးချုပ် မူးသွားမှ ဒယီးဒယိုင်နဲ့ အဲ့အိမ်ကို ပြန် တံခါးဖွင့် ထိုးအိပ်တာပဲ..။
ဒါနဲ့ ကျွန်တော်လည်း ဂွမ်းထုတ်ကို တီးခေါက်ကြည့်တယ်။မင်းအိပ်တော့ ဘယ်လိုနေလဲပေါ့..။
“ဘယ်လိုနေရမလဲ အကို ရ …ရောက်တာနဲ့ ကျုပ်လည်း ထိုးအိပ်တာပဲ.. ပြီးတော့ မိုးလင်းသွားတာပဲ.. ဘာဖြစ်လို့လဲ”
ဒီညီအစ်မက ဂွမ်းထုတ်ကိုတော့ သိပ်ခြောက်လှန့်ပုံမရ။ သူတို့ကပဲ မခြောက်လှန့်တာလား ဟိုငမူးကပဲ ခြောက်တာကို မသိတာလားပေါ့။
ဟော့..ပြောလို့မှ မဆုံးသေးဘူး။
တစ်ညသား (၁၂)နာရီထိုးလောက်ရှိမယ်။
လူတစ်ယောက်စူးစူးဝါးဝါးအော်ပြီး ပြေးသံကြားလို့ ကျွန်တော်တို့က သူခိုးထင်ပြီး ထွက်ကြည့်လိုက်တော့.. ဂွမ်းထုတ်….။
အင်္ကျီရော ပုဆိုးရောမပါတော့ဘူး။ သူ့ပဲမြစ်လေးတန်းလန်းတန်းလန်း နဲ့ ၀ဖိုင့်ဖိုင့်ကိုယ့်လုံး ကြီးကို မနိုင်တစ်နိုင်သယ်ရင်း ပါးစပ်က ဝူးဝူးဝါးဝါးတွေအော်ပြီး ပြေးလာတာဗျာ။
ကျွန်တော်တို့ လူငယ်တွေက သူခိုးထင်လို့ ထပြီးတော့မှ ဂွမ်းထုတ်မှန်းသိတော့ စောင်တွေ ပုဆိုးတွေနဲ့ ဝိုင်းအုပ်ပေးပြီး သူ့ကို ဦးစိန်ရိုးတို့ ပန်းရံတဲကို ပဲခေါ်လာလိုက်တယ်။
ဂွမ်းထုတ် ပါးစပ်ကလည်း “ဗိုက်ကြီးသည်ကြီး” “ဗိုက်ကြီးသည်ကြီး” လို့ပဲ သွေးရူးသွေးတန်းတွေအော်နေတာဗျာ။
ဂွမ်းထုတ်ပြောပြတာက။
…………………………..
ညက သူက ရေချိန်ကိုက်ပြီး အိမ်တံခါးကိုဖွင့်ပြီး ခြင်ထောင်ထဲ၀င်ခဲ့တယ်တဲ့။
ဒါပေမယ့် နွေရာသီ အပူရှိန်က အယ်လ်ကိုဟောအပူရှိန်နဲ့ရောထွေးနေလေတော့…. အင်္ကျီချွတ်အိပ်လည်း မရ။
ဒါနဲ့ပဲ ဂွမ်းထုတ်လည်း ခြင်ထောင်ကို ဖြုတ်ပြီး ၀ရံတာမှာ သွားထောင်ပြီး ဖျာကြမ်းခင်း အိပ်နေသတဲ့…။
သူအိပ်နေတုန်းမှာ ခြင်ထောင်ပေါ် ခဲတွေဆက်တိုက်ကျလာလို့ ကြည့်လိုက်တော့ အိမ်ရှေ့ ၀ရံတာ မှာ ယောဂီ၀မ်းဆက်နဲ့ မိန်းမတစ်ယောက်က သူ့ကို မျက်ထောက်နီကြီးနဲ့ ကြည့်နေတာရယ်။
သူလည်း မကောင်းတဲ့အမျိုးသမီးအောက်မေ့လို့….ကလော်ဆဲပစ်လိုက်တယ်တဲ့။
သူကလော်ဆဲပြီး ခြင်ထောင်ထဲပြန်အ၀င်… သူ့ခြေထောင်ခြေရင်းမှာ ဗိုက်ကြီးသည်မိန်းမတစ်ယောက် ငုတ်တုတ်ကြီးတဲ့ဗျာ။
ဒါနဲ့…….သူလည်း ၀ရံတာကနေ ကျော်ခွ ခုန်ဆင်းပြီး ပြေးလာတာ ပုဆိုးတောင် မပါလာဘူးတဲ့။
ဂွမ်းထုတ်စကားဆုံးသွားတော့မှ ဦးစိန်ရိုးလည်း လွန်ခဲ့တဲ့ ညက သူကြုံခဲ့တာ ဘာဆိုတာ သိသွားပုံရတယ် အဲ့ဒီအိမ်ဘက်ကို ကြည့်ပြီး ကျွန်တော့်ကို ပုခုံးတွန့်ပြတယ်။
………………….
(၇)
အဲ့ဒီနေ့က စလို့ပေါ့…. တစ်ရပ်ကွက်လုံးကို ကျွန်တော်လိုက်ကြေညာလိုက်တယ်။
ညနေ (၆)နာရီကျော်ရင် ရေလာမထည့်ပေးတော့ဘူးလို့။
ဟုတ်တယ်။
မတော်…….ကျွန်မ ညီမလေး ကလေးမမွေးနိုင်လို့ ပါရှင့် ဆို မခက်ပေလား။
မိမိသည် အိုဂျီ လည်း မဟုတ် ၊ အရပ်လက်သည်လည်းမဟုတ် ။
တကယ်လို့ စီးပွားရေးသိပ်သောင်းကျန်းပြီး သန်းခေါင်ကျော် ရေလိုက်ထည့်ချင်ရင်လည်း သူနာပြုသားဖွားသင်တန်းလေးဘာလေး ပြေးတတ်ပြီးမှ လိုက်ထည့်လို့အဆင်ပြေမှာလေ..။
တော်ကြာ သရဲမနဲ့တွေ့ပြီး သူ့ညီမသရဲမကို ကလေး မမွေးပေးနိုင်လို့….ဂုတ်ချိုးသတ်နေမှ ဒုက္ခမဟုတ်လားဗျာ..။
ဘာပဲဖြစ်ဖြစ်လေ….
တစ်ယောက်နဲ့ တစ်ယောက် အရမ်းသံယောဇဉ်ကြီးတဲ့ မြကြေးမုံ နဲ့ ငွေတာရီ ညီအစ်မ နှစ်ယောက် အဲ့ဒီ သံယောဇဉ်အစွဲအလန်းကြောင့်ပဲ…. မကျွတ်မလွတ်နိုင်ကြသေးတာကိုတွေးမိတိုင်းတရားကျမိတယ်…။
ကဲ..မိတ်ဆွေ…
ခင်ဗျား ဒီရပ်ကွက်ထဲကို အသစ်ပြောင်းလာတာဆိုတော့ ညသန်းခေါင်တစ်ခုခုမှာ ကျွန်မ ညီမလေး ကလေးမမွေးနိုင်လို့ ကူညီပါအုံး လို့ လာပြောတဲ့ ယောဂီရောင်၀မ်းဆက် မိန်းကလေးကိုတွေ့ရင်..ပြောပြလိုက်ပါ။
ကျွန်တော့်ကို ဖဲနိုင်အောင် လုပ်ပေးလို့ ကျွန်တော်က ကျေးဇူးတင်နေပါတယ်လို့….။
ခက်ဇော်
(၂၀၁၂ ခုနှစ်လောက်က ကိုကိုမောင် ကလောင်နဲ့ ရေးခဲ့ဖူးတဲ့ ဝတ္ထုကို အနည်းငယ် ပြန်လည်ပြင်ဆင်ပြီး ဖော်ပြလိုက်ပါတယ်)