မြေတရားစီရင်မှု

Posted on

မြေတရားစီရင်မှု့(စ/ဆုံး)
———————

” ဒီမှာ ကိုထွန်းခိုင် ”
” မပြောချင်လို့ ကြည့်နေတာကြာပြီ ”
” အခု ရှင်အပင်စိုက်တဲ့မြေက ကျမတို့ခြံဘက် ရောက်နေပြီ ”
” အစက တစ်ထွာ တစ်မိုက် ”
” တဖြည်းဖြည်းတိုးတိုးချဲ့လာတာ ”

” ဒါတွေက ငါဒီဥယျာဉ်ကွက်ဝယ်ထဲက ငါ့နေရာ ”
” နင်တို့မြေမဟုတ်ဘူး ”

” ဘာလို့မဟုတ်ရမှာလဲ ကိုထွန်းခိုင်ရယ် ”
” ဒါ ကျမ မိဘတွေ စိုက်ပျိုးစားလာတဲ့ မြေကွက်ပါ ”
” ဥယျာဉ်ခြံမလို့ လူမနေပဲ အပင်တွေသာစိုက်ထားတာ ”
” ရှင်က ဒါကို အခွင့်ကောင်းယူပြီး တိုးတိုးချဲ့လာတာ ”
” ယူပါ ရှင်ယူချင်ရင် ”
” မြေကြီးက အပေါ်ကသာ တစ်တောင်တစ်ထွာရှင့် ”
” အောက်ဘက်ထုက ၂သိန်းလေးသောင်းထု ”
” ရှင်ခံနိုင်ရင်ယူ ”

တစ်ဖက်ခြံက အပြောကို ကိုထွန်းခိုင် ဂရုမစိုက် ။
သူစိုက်နေတဲ့အပင်တွေကို ပြီးအောင်စိုက်လိုက်သည် ။

ဆယ်အိမ်တန်းရွာမှာ ခြံမြေတွေကများသလို လယ်တွေကလဲများလှသည် ။

မြေစျေးကလဲ သောင်းဂဏန်းနဲ့ဝယ်လို့ရနေတာကြောင့် မြေကြီးနဲ့ပတ်သက် သိပ်အငြင်းပွားမှု့မဖြစ်ကြ ။
ကိုထွန်းခိုင်ဆိုတာက အူဝဲ ဆိုထဲက ဒီရွာမှာအခြေချလာတဲ့သူ ။
တစ်ဦးထဲသောသားဖြစ်ပြီး မိဘတွေကလဲ လယ်သူဋ္ဌေးတွေ ။
ထွန်းခိုင် အရွယ်ရောက်လာတော့ မိဘအမွေကို ဆက်ခံရသည် ။

ထိုအချိန်ကစပြီး အနားပတ်ဝန်းကျင် လယ်မြေတွေကို တစ်တောင်တမိုက်ကစ ကျူးကျော်ယူတတ်သည် ။
ရှာရသမျှငွေကိုလဲ လယ်တွေဝယ်သလို ရွာစွန်က ဥယျာဉ်မြေတွေ လိုက်ဝယ်သည် ။
မြေနဲ့ပတ်သက်ရင် ဘာကြောင့်မှန်းမသိ လိုချင်လောဘ အလွန်များသည် ။

……………………………………

” ကိုထွန်းခိုင် ”
” ဒါ ကျွန်တော်တို့လယ်စပ်ဗျ ”
” ဒီမှာတွေ့လား ကန်သင်းရိုးရဲ့အဆုံးမှာကုက္ကိုလ်ပင် ”
” အဖိုးပြောခဲ့တာ အဲ့ဒီအပင်အစပ်ထိ ကျွန်တော့်လယ်မြေ ”

” မင်းမှာ ဘာအထောက်အထား ရှိလဲပြ ”
” အထောက်အထားက ဘယ်သူများ ဒီရွာထဲ တိတိကျကျ ရှိကြလို့လဲ ”
” ဘိုးစဉ်ဘောင်ဆက် ဓားမဦးချ ခုတ်ထွင်ရှင်းလင်းပြီး လုပ်စားလာခဲ့ကြတာဗျ ”
” ဘယ်သူမှ သူများဟာ လောဘတတ်မယူကြဘူး ”
” ခင်ဗျားမှပဲ စကားပြောနေရတာ ”
” ဒီရွာမှာ ဘယ်သူ့ခြံ ဘယ်သူ့လယ် ဘယ်လောက် ဘယ်ထိ ဆိုတာ ဘာအထောက်အထားမှမလိုဘူး အကုန်သစ္စာရှိရှိ သိကြတယ် ”
” ဘယ်သူမှလဲ မကျူးကျော်ဘူး ”

” ငါကလဲ ဒါ ငါ့မိဘအမွေပေးထားတဲ့လယ်ပဲကွ ”
” အဲ့ဒီ့ဘက်ထိ ငါတို့လယ်မြေထဲပါတယ်လို့အဖေက ပြောခဲ့တာပဲ ”

” ဟေ့ကောင်တွေ လုပ်စရာရှိတာ လုပ်ကြလေ ”
” ဘာရပ်ကြည့်နေတာလဲ ”
ကိုထွန်းခိုင်က သူငှားထားတဲ့ အလုပ်သမားတွေကို လှမ်းအမိန့်ပေးလိုက်ပြီး

” ဒီမှာ ကိုမြဦး ”
” ကျုပ်လယ်ကတော့ ဒီကုက္ကိုလ်ပင်အစပ်ထိပဲ သတ်မှတ်တယ် ”
” ခများ မကျေနပ်ရင် တိုင်ချင်ရာတိုင်လို့ရတယ် ”

အပေါ်စီးကနေ မောက်မောက်မာမာပြောပြီး လယ်မြေကို တိုးချဲ့ခိုးယူနေတဲ့ ကိုထွန်းခိုင်ကိုကြည့်ပြီး ဒေါသတလိပ်လိပ်ထွက်လာပြီး အိမ်ကိုပြန်လာခဲ့သည် ။
ဇနီးလုပ်သူကို အကျိုးအကြောင်းပြောပြတော့
” ကိုမြဦးရယ် စိတ်လျှော့ပါ ”
” မြေပါတာက တစ်တောင် ၂ တောင်သာသာပါ ”
” အဲ့ဒီလောက်နဲ့သူလဲ စီးပွားမဖြစ်သလို ကျမတို့လဲ စီးပွားမပျက်ပါဘူး ”
” ထားလိုက် ”
” အခု လက်ရှိမြေကိုသာ ဇယားရှင်းထား ထပ်ကျူးကျော်မလာစေနဲ့ ”
” မြေခိုးတယ်ဆိုတာ တစ်တောင်တစ်ထွာပေမဲ့ ထုက ၂သိန်းလေးသောင်းရှင့် ”

…………………………………………

ကိုထွန်းခိုင်အိမ်ထောင်ကျတော့လဲ ရွာထဲက လယ်ပိုင်ရှင် သူဋ္ဌေးသမီး ခင်လှနဲ့ ။
ယောက္ခမဘက်က လယ်တွေပါ အမွေရသလို တစ်ချို့ကိုလဲ အမ်းယူတာကြောင့် ရွာမှာ ကိုထွန်းခိုင်လယ်မြေက လက်ညှိုးထိုးမလွဲ ။
သားသမီး ၃ယောက်ရလာပြီး ဦးထွန်းခိုင်ဖြစ်တဲ့ထိ မြေတွေဝယ် လယ်တွေဝယ်ပြီး ကျူးတဲ့အကျင့်ကမပျောက် ။

မိုးပေါ်လက်ညှိုးထိုးမှ ဦးထွန်းခိုင်မြေနဲ့လွတ်တာဟူသော ရွာထဲကစကားကို ပြန်ကြားပြီး ပီတိဖြစ်ကျေနပ်နေသူ ။
ဖြစ်နိုင်ရင် မိုးပေါ်ထိ လက်ညှိုးထိုးမလွဲ နေရာဝယ်ချင်နေသူ ။

သားသမီးတွေ အိမ်ထောင်ကျလာတော့ နေရာကောင်းတဲ့ မြေကွက်တွေကို အိမ်ဆောက်ပြီး သားသမီးတွေကို တစ်ယောက် တစ်အိမ် အမွေတစ်ခါထဲ ခွဲပေးထားသည် ။
လယ်တွေကိုလဲ သား ၂ ယောက်ကို စီမံလုပ်ကိုင်စေသည် ။
သမီးနဲ့အတူနေပြီး အိမ်မှာလဲ လယ်တွေ ခြံတွေ အပေါင်ခံသည် ။
တစ်ချို့တွေလဲ မရွေးနိုင်ကြတာကြောင့် ဦးထွန်းခိုင် တန်ကြေးဖြတ်သလောက်နဲ့ပြီးကြရသည် ။
အခြေခံ လယ်သမားတွေဘဝဆိုတာကလဲ စပါးပေါ်ချိန်ခဏတော့ ငွေစရွှင်ကြ သုံးကြစွဲကြစမြဲ ။
နောက်စပါးစိုက်ရတော့မည်ဆိုတာနဲ့ ဘာညာသာရကာဖိုးတွေအတွက် ပေါင်ကြ နှံကြ ချေးကြ ငှားကြရတော့တာမျိုး ။
ဒါကြောင့်လဲ ရွာထဲက လူအတော်များများက ဦးထွန်းခိုင်တို့မိသားစုနဲ့ကင်းနိုင်သူ သိပ်မရှိလှ ။
ရှိတဲ့သူတွေကလည်း ဦးထွန်းခိုင်တို့လောက် မချမ်းသာကြ ။
ဒီကြားထဲ ရပ်ကျေးဥက္ကဋ္ဌ အဖြစ် ရွာမှာ ပေါက်ပေါက်ရောက်ရောက်ရှိတဲ့ ဦးထွန်းခိုင် သားအကြီးကို တင်မြှောက်ထားကြလေတော့ ဦးထွန်းခိုင်က သားအရှိန်နဲ့လဲမောက်မာသည် ။

ပြောစမှတ်တွင်တဲ့အထိ ဖြစ်ရတာက…………

ရွာထဲက သူဝယ်လိုက်တဲ့မြေကွက်နောက်ဘက်မှာ တိမ်ကောစပြုလာသည့် ချောင်းရှိသည် ။
ထိုချောင်းက ဟိုဘက်ခြံ ဒီဘက်ခြံကြား ဘယ်သူမှမပိုင် ။
ဒါပေမဲ့လဲ ဦးထွန်းခိုင်ကတော့ ခြံထဲက ဝါးတွေခုတ်ပြီး ချောင်းတစ်ဖက်အစပ်မှာတုတ်ရိုက်သည် ။
အလုပ်သမားလဲ မငှား ။
ခြံထဲ တကုပ်ကုပ်နဲ့ဝါးခုတ်လိုက် တုတ်ရိုက်လိုက် ။
တုတ်ရိုက်ပြီးတာနဲ့ သဲဝယ်ပြီး ချောင်းထဲဖို့ပစ်သည် ။
သူ့မြေကို ချောင်းတစ်ဖက်စွန်းထိရောက်အောင် ခြံစည်းရိုးကာပြီး အပင်တွေစိုက်ပစ်လိုက်သည် ။
သူ့လက်နဲ့လုပ်ကိုင်ပြီး ကျယ်ပြန့်လာတဲ့ မြေကိုကြည့်ပြီး သူ စိတ်ချမ်းသာသည် ။
ရွာထဲကလူတွေကတော့ သူ့လောဘကို သြချကြသည် ။

………………………………………

မြေခိုးပေမဲ့လဲ မြေတွေနဲ့ဦးထွန်းခိုင်ကကျိုးပေးလှသည် ။
သူဝယ်သမျှမြေတွေသည် ဘယ်ခါမှ အရှုံးနဲ့ရောင်းရတာမရှိ ။
တစ်ကွက်ရောင်းပြီး ၂ ကွက်ပြန်ဝယ်နိုင်သည် ။
ဒီတော့လဲ ဦးထွန်းခိုင်အဖို့ လောဘက မသပ်နိုင်တော့ ။
တစ်နေရာဝယ်တိုင်း တစ်တောင်၂ တောင် မခိုးခဲ့သည့် မြေနေရာဆိုတာ မရှိ ။
သားသမီးတွေကလဲ ရွာမှာ လူချမ်းသာစာရင်းဝင်ဖြစ်နေကြပေမဲ့ ဦးထွန်းခိုင်ကတော့ ဘာအတွက်ရယ်မသိ မြေဝယ်လိုက် ခိုးလိုက်လုပ်တုန်း ။

တဖြည်းဖြည်း ဦးထွန်းခိုင်ကလဲ အသက် ၇၀ ကျော်ဖြစ်လာသည် ။
ထိုင်ပြီးအေးဆေးစားလို့ရနေပေမဲ့ မနေနိုင် ။
ရွာနီးပတ်လည် လယ်ရောင်း မြေရောင်းချင်သူများရှိပါက လိုက်ကြည့်ဝယ်တုန်း ။
ဝယ်လိုက်သည့်မြေကွက်တိုင်း ဆက်စပ်နေသည့်မြေနဲ့တစ်တောင်တစ်ထွာချဲ့ခိုးယူပြီး သူ့ခြံစည်းရိုးလုပ်လိုက်ရမှ ။

မြေနဲ့ပတ်သတ်ရင် ယုတ်စွအဆုံး ရွာလမ်းဘေးက ခြတောင်ပို့တောင် မခံနိုင် ။
ထိုတောင်ပို့ကမြေကိုတူးပြီး သူ့ခြံထဲက ချိုင့်တွေ ကျင်းတွေထဲ တတိတိ ဖြည့်ထည့်သည် ။
အသက် ၇၀ ကျော်မှာတော့ ရွာကအရင်ကထက်စည်ကားလာပြီး မြေစျေးတွေက ပိုကောင်းလာသည် ။
သူဝယ်ခဲ့သော ၅ သောင်းတန်လောက်မြေကွက်တွေသည် သိန်း ၂၀ ၂၅ ဖြစ်လာသည် ။
နောက်ဆုံးဝယ်ထားသော မြေကွက်သည် ပေ ၁၀၀ ပေ ၁၅၀ လောက်ကျယ်သည် ။
ထိုမြေနှင့်ကပ်လျှက် မြေကို ထုံးစံအတိုင်း အပင်တွေကျူးကျော်စိုက်ပြီး ခိုးယူပြန်သည် ။

တစ်ဖက်ကလဲ ဇတ်ဇတ်ကြဲ မြို့ပေါ်ထိပေါက်ပေါက်ရောက်ရောက် ရွာရဲ့အထင်ကရ လူတွေဖြစ်တာကြောင့် သည်းမခံကြပဲ ပေအတိအကျနဲ့ဝယ်ထားတာ ပြန်တိုင်းမယ် ခိုးထားတာဆို အမှု့ဖွင့်မယ်ဘာညာ ထိပ်တိုက်ဖြစ်ကုန်ကြသည် ။
သားသမီးတွေက ဦးထွန်းခိုင်မသိအောင် လက်သိပ်ထိုးမြေတန်ဖိုးဖြတ် ကြေအေးလိုက်ကြရသည် ။

ခေတ်ကာလတွေပြောင်းလဲလာတာ ဦးထွန်းခိုင်မသိ ။
အရင်ကလိုပဲ ရွာကလူတွေသည် သူနဲ့ပတ်သက် ကင်းနိုင်သူနည်းတာကြောင့် သူ့ကို ဘယ်သူ့မှ မလွန်ဆန်နိုင်ဟု စိတ်ကထင်သည် ။
သူအနိုင်ရခဲ့သည်ဟုထင်သော မြေကိုသာ အခိုင်အမာ အပင်တွေစိုက်ပြီး သူ့နယ်နိမိတ်အဖြစ် သတ်မှတ်ယူလိုက်သည် ။

…………………………………

အသက် ၈၀ နီးပါးရောက်လာတော့ ဦးထွန်းခိုင် အရင်လိုမဟုတ်တော့ ။

အစပထမက မသိသာပေမဲ့ နောက်ပိုင်းမှာတော့ သိသာလာသည် ။
ရွာထဲ လမ်းလျှောက်ရင် ခါးက ကိုင်းကိုင်းလာရင်း မျက်နှာက မြေကြီးနဲ့ထိမတတ် ကုန်းကျသွားသည် ။
ဘေးဘီလဲ မမြင်တော့ပဲ ကုန်းကုန်း ကုန်းကုန်းနှင့် လျှောက်ရသည် ။

တခါတလေတော့လဲ ထိုသို့မဟုတ်ပြန်။

ထိုသို့မကုန်းအောင် ခေါင်းကိုမော့လျှောက်လာတဲ့ ဦးထွန်းခိုင်ဟာ လျှောက်ရင်းကပင် ခါးတစ်ပိုင်းက နောက်ကိုလန်ထွက်ပြီး ပက်လက်ကြီး လျှောက်တာ မြင်ကြရပြန်သည် ။

သားသမီးတွေက အပြင်မထွက်ဖို့ အိမ်ထဲမှာနေဖို့ ဖျောင်းဖျကြပေမဲ့မရ ။

တဖြည်းဖြည်းထိုကနေမှ လမ်းတွေ့တဲ့သူတွေက သူ့ကို အဝတ်အစားတွေတောင်းနေသည်ဟု ဆိုပြီး ဝတ်ထားတဲ့ ပုဆိုးအကျီ င်္ ချွတ်ပေးပစ်ခဲ့သည်ဟု ဆိုပြန်သည် ။
အဝတ်မပါတဲ့ခန္ဓာနဲ့ရွာထဲကနေ အိမ်ပြန်ရောက်လာသည် ။
တခါတလေ သူများအ်ိမ်ထဲဝင်ပြီး သူ့မြေမှာ မပြောပဲ အိ်မ်ဆောက်ရကောင်းလားဆိုပြီး ဆူပူသည် ။

မြို့ပေါ်တက်ပြီး အထင်ကရ သမားတော်ကြီးတွေနဲ့ကုသကြပေမဲ့ မထူး ။

နောက်ဆုံး အပြင်မထွက်ခိုင်းပဲ အိမ်ထဲ တံခါးပိတ်ထားရတဲ့အထိ ဖြစ်လာသည် ။
ဒါပေမဲ့လဲ အိမ်ထဲမှာတင်ကို အဝတ်ဝတ်ပေးလို့မရတော့ ။

” ဟဲ့ ဟိုအကောင်တွေ ငါ့ဆီကအဝတ်တွေ လာတောင်းနေကြတယ် ”
” ရော့ ရော့ ယူ ”

ပါးစပ်ကလဲ သူ့ဆီက အဝတ်အစားလာတောင်းနေကြပြီဟု အော်ဟစ်ပြီး အဝတ်တွေအကုန်ဆွဲချွတ်ပစ်ပေါက်သည် ။
အိပ်ယာထဲ သိပ်လဲမရ ။
အိမ်ပြင်ကို နည်းမျိုးစုံနဲ့ထွက်ပြီး မြေကြီးပေါ်မှာမှအိပ်သည် ။
အိမ်ပေါ်တံခါးပိတ်ထားပြီဆို အသံမျိုးစုံနဲ့ မအိပ်ပဲအော်ဟစ် သောင်းကြမ်းတော့သည် ။

” ငါ့မြေကြီးတွေ ဘယ်မှာလဲ ငါသွားကြည့်ရမယ် ”
” မြေကြီးသွားကြည့်မလို့ ငါ့ကို တံခါးဖွင့်ပေးစမ်း ”

နောက်ဆုံး သားသမီးတွေက မြေနဲ့ထိတွေ့စေရအောင် မြေပေါ်မှာပဲ လေးတိုင်စင်စိုက်ပြီး အဖေကို ထားကြရသည် ။
ခဏတော့ အဆင်ပြေသလို ငြိမ်နေတာကြောင့် တော်သေးရဲ့ဟုတွေးမိကြပေမဲ့ မကြာပါဘူး ။

တူရွင်းတစ်လက်ယူပြီး အိမ်ပတ်လည်က မြေကြီးတွေကို တူးဆွပြီး ဟိုဘက် ဒီဘက် လှည့်ပုံနေပြန်သည် ။

ဒါနဲ့ပဲ ဓား ပေါက်တူး တူရွင်း အကုန်သူမမြင်အောင် သိမ်းထားကြရပြန်သည် ။
တူးစရာလက်နက်မရှိပြန်တော့ မြေကြီးကို လက်နဲ့ကုတ်ခြစ် တူးယူပြီး ဟိုဘက်က ဒီဘက် ဒီဘက်က ဟိုဘက် သယ်လိုက်ဖို့လိုက် လုပ်နေပြန်တော့သည်။

ဒီလိုနဲ့အော်သံဟစ်သံတော့ မကြားရပေမဲ့ နေ့မှန်းညမှန်း မသိ တကုပ်ကုပ်နဲ့ ပတ်ချာလည်မြေကြီးတွေလိုက်တူးရင်း အချိန်ကုန်နေတော့သည် ။
ဘုန်းကြီးတွေပင့် လှူတန်းပေးကမ်း ကုသိုလ်ပြုပေးလဲ ဘုရားမှန်းတရားမှန်း သူမသိ ။
သူသိသည်က သူနေသည့်ပတ်လည်က မြေကြီးတွေကို တူးနေဖို့သာ ။

မတတ်နိုင်တဲ့အဆုံး ပွစာတတ်နေတဲ့ လေးတိုင်စင်အိမ်မှာ အဝတ်မကပ်နိုင်ပဲ ဖြစ်နေတဲ့အဖေကို ရေချိုးသန့်စင်ပေးပြီးအိမ်ကြီးပေါ် ခေါ်တင်ပြီး တံခါးပိတ်ထားကြရပြန်သည် ။

ထိုအခါမျိုးမှာလဲ အခန်းထဲကနေ ဝုန်းဒိုင်းကြဲ အော်ဟစ်သောင်းကြမ်းသည်မှာ သာမန်အဖိုးအိုတစ်ယောက်နဲ့မတူ ။
နောက်ဆုံးငြိမ်ကျသွားလို့ တံခါးကြားကနေ အသာချောင်းကြည့်တော့ အိမ်ကြမ်းခင်းပျဉ်က အပေါက်ဖြစ်နေသည် ။
ကမန်းကတမ်း တံခါးဖွင့် အခန်းထဲဝင်တော့ သူတို့အဖေက ပျဉ်ခွာပြီး အိမ်အောက်က မြေကြီးပေါ်မှာ ။
တစ်ကိုယ်လုံး ရွှံ့အလိမ်းလိမ်းနဲ့ မြေကြီးတွေကို အားရပါးရ တူးထုတ်နေသည် ။

နောက်ဆုံးတော့ တဖြည်းဖြည်းလုံးပါးပါး ပိန်လှီ အရိုးပေါ်အရေတင်ဖြစ်တဲ့ထိ ဝဋ်ခံရင်း အသက် ၈၁ နှစ်မှာ ဦးထွန်းခိုင် ဆုံးပါးခဲ့သည် ။
မဆုံးခင်တောက်လျှောက်မှာလဲ အသံစုံ အော်ဟစ်ယက်ပက်ပြီး အနားရှိသမျှလူ စိတ်မချမ်းမသာဖြစ်ရတဲ့ထိ ဝဋ်ခံခဲ့ရသည် ။

အသက်ရှင်စဉ်တလျှောက်လုံး မြေတွေဝယ်ပြီး ကျူးကျော်ခိုးယူခဲ့သမျှ ပင်ပင်ပန်းပန်းလုပ်ခဲ့ရသမျှသည် သားစာ သမီးစာအတွက်ကို ဝဋ်ခံပြီးရှာဖွေခဲ့ခြင်းသာ ။

အခိုးခံရသောသူတွေ မတရားကြွေးနဲ့အသိမ်းခံရသူတွေကတော့ မကင်းနိုင်လို့ အားမတန်လို့ မာန်လျှော့ခဲ့ရပေမဲ့ ၂ သိန်းလေးသောင်းအထုရှိသော မဟာပထဝီမြေကြီးကတော့ တရားစီရင်ဖို့ စောင့်ကြည့်နေခြင်းသာ ။

မရှိလို့ ဆင်းရဲလို့ ခိုးယူခြင်းမဟုတ်ပဲ ခိုးချင်လို့ခိုးယူနေသော ဦးထွန်းခိုင်ရဲ့ မြေကြီးနဲ့ပတ်သက်သည့် လောဘသည် ဒီဘဝလဲ မစံစားရ နောက်ဘဝလဲ မကောင်း ။
ဒါပေမဲ့လဲ ဘာအတွက်ကြောင့်များ ဒီလို လုပ်ရသလဲဆိုတာတော့ တရားမသိ၍ပဲ ဖြစ်မည်လား လောဘဦးစီးလွန်း၍ပဲဖြစ်မည်လား အဖြေရှာမရပေ ။

ဘယ်လိုပဲဖြစ်ပါစေ လောကရဲ့သစ္စာတရားကတော့ တရားမှု့ မတရားမှု့ကို လျစ်လျူရှု့မနေပေ ။
ခံရမည့်အချိန်မရောက်သေး၍သာ အကုသိုလ်က ဆတိုးပြီး အကျိုးပေးနေခြင်းသာ ။

သေချာသည်ကတော့ ကျန်ရစ်သူတွေ ရေစက်ချ အမျှဝေသည့်ကုသိုလ်ကို ဦးထွန်းခိုင်တစ်ယောက် သာဓု ခေါ်နိုင်အုန်းမည် မဟုတ်သေးပေ ။ ။

( ဖြစ်ရပ်မှန်အကြောင်းလေးကို နေရာ နာမည်လွှဲ၍ ရေးသားခြင်းဖြစ်ပါသည် )

ဖတ်ရှု့အားပေးသူများကို လေးစားချစ်ခင်လျှက်

ယဉ်ယဉ် ( ရွှေခယ်မြေ )