မြေအောက်ကမ္ဘာကဖခင်(စ/ဆုံး)

Posted on

“ဘော်မြေ”
ဘော်ထွက်ရာမြေကို ဘော်မြေ ဟုခေါ်ကြသည်။ ကျွန်တော်၏ မွေးရပ်ဇာတိမြေအတွက် အလွန်လိုက်လျော
ညီထွေရှိသော အမည်ဖြစ်ပါသည်။
အခြားအခြားသော
အမည်နာမများဖြင့်လည်း
ကင်ပွန်းတပ်ထားကြပါသေးသည်။ သတ္တုတွင်းမိုင်းလုပ် သားကြီးများ၏ ပျော်စံရာဖြစ်သဖြင့် “လုပ်သားမြို့တော်” ဟူ၍လည်း ခေါ်ကြသည်။ ဘော်ငွေရောင်တောင်တန်း များကြားတွင် တည်ရှိသော ဒေသဖြစ်၍ “တောင်ကြား မြို့”ဟူ၍လည်း ခေါ်ကြ၏။ ငွေစင်ထွက်သော သတ္တု တွင်း တည်ရှိ၍ “ငွေမြို့တော်” ဟူ၍လည်း တင်စားကြ သည်။ မည်သို့ပင်ခေါ်ဝေါ်သုံးစွဲကြ၊ နာမည်အမျိုးမျိုး ဖြင့် တင်စားကြစေကာမူ ဘော်တွင်းကို ရည်ညွှန်းခြင်း သာ ဖြစ်ပါသည်။
သစ်ပင်၊ သစ်တောမရှိဘဲ မြက်ရိုင်းပင်များဖုံးလွှမ်း နေသော တောင်ကတုံးများကြားတွင် ဘော်တွင်းကို တည်ဆောက်ထား၏။ ဆောင်းနှောင်းပိုင်း မြက်ခြောက် ချိန်ကာလဖြစ်သဖြင့် တောမီးများလောင်နေ၏။ တောင် ကတုံးများမှာ မည်းမည်းမှောင်မှောင်ဖြင့် ဆေးနက်သုတ် ထားသလိုပင်။ မီးလွတ်၍ ကြွင်းကျန်ရစ်သော မြက်ရိုင်း တို့မှာ ကွက်တိကွက်ကြား နေရာယူထား၏။ ဆံပင်ကျိုး တိုးကျဲတဲ ပေါက်သူ၏ ဦးခေါင်းကဲ့သို့ မလှမပဖြင့် အကျည်းတန်နေသည်။ မျက်စိရှုပ် စိတ်ရှုပ်စရာ ကောင်း လှသော မြင်ကွင်းပင်။ စိတ်ကြည်လင်လန်းဆန်းအောင်
မည်ကဲ့သို့မျှ ပေးစွမ်းနိုင်ခြင်းမရှိချေ။ နေပူပြင်းပြင်းက အားကူဖြည့်စွက်ထားသဖြင့် မြင်ကွင်းကျဉ်းကျဉ်းလေး မှာ ညှိုးညှိုးနွမ်းနွမ်း၊ ခြောက်ခြောက်သွေ့သွေ့ ဖြစ်နေ၏။ နမ့်ပန်ယွန်းချောင်းငယ်သည် ကွေ့တစ်ခါ ကောက် တစ်လှည့်ဖြင့် ဘော်တွင်းကို ဖြတ်သန်းစီးဆင်းနေ၏။ နမ့်ပန်ယွန်းမှာ တောင်ကျချောင်းဖြစ်၏။ စိမ်းစိမ်းစိုစို တောအုပ်ညိုကြားမှ အစပြုစီးဆင်းလာသော နမ့်ပန်ယွန်း ကို ကျောက်ကြိုကျောက်ကြားမှထွက်သည့် ကျောက် စက် ကျစိမ့်စမ်းရေတို့ အားဖြည့်လိုက်ခြင်းဖြင့် သူ၏ဘဝ ကို ကြီးမားသွားစေသည်။ ကျောက်တုံးကျောက်ဆောင် များကို ဖြတ်သန်းလာရသော နမ့်ပန်ယွန်းရေ သည် ကြည်လင်၏။ စင်ကြယ် သန့်ရှင်း၏။ အေးမြ၏။ နမ့်ပန်ယွန်းကို ပိတ်ဆို့တားဆီးကာ ရေကန်ငယ်အဖြစ် သိုလှောင်၏။ ထိုရေကို ဘော်တွင်းသားတို့ သောက် သုံးကြရသည်။ သို့ဖြစ်၍ နမ့်ပန်ယွန်းသည် ဘော်တွင်း ဒေသအတွက် ကျေးဇူးရှင် ချောင်းကလေးပင် ဖြစ်ပေ
သည်။
အောင်ချမ်းသာ၊ သီရိမင်္ဂလာ၊ ရန်နိုင်ကွေ့ ၊ ရတနာ မြေ၊ ပြည်တော်အေး၊ အောင်သပြေ၊ မင်္ဂလာကွေ့ ၊ အောင်သိဒ္ဓိ စသည့် ရပ်ကွက်အသီးသီးကို ဖြတ်သန်း စီးဆင်းရသောအခါမှာတော့ နမ့်ပန်ယွန်းသည် မကြည် လင်၊ မစင်ကြယ်၊ မသန့်ရှင်းတော့ချေ။ အညစ်အကြေး၊ အမှိုက်သရိုက်တို့ ရောနှောပါဝင်လာ၏။ ရတနာမြေ ရပ်ကွက်ရှိ သတ္တုရိုင်းသန့်စင်စက်ရုံမှ စွန့်ပစ်ပစ္စည်းများ၊
ဓာတုဆေးများ ပါဝင်ရောနှောလာ၏။ ဆိုးရွားသော အနံ့အသက်များဖြင့် နံစော်နေသည်။ အရှိန်အဟုန်ပြင်း ပြင်းဖြင့် စုန်ဆင်းလာသည့် နမ့်ပန်ယွန်း တောင်ကျ ချောင်းသည် အတားအဆီး၊ အဟန့်အတားတို့ကို အရှုံး မပေး၊ သူ့ဘဝဆုံးရာ နမ္မတူမြစ်နှင့် တွေ့ဆုံသည်အထိ တစ်ပါတည်း သယ်ဆောင်သွားလေသည်။
ဘော်တွင်း လုပ်သားမြို့တော်၏ တစ်သွယ်တည်း သော ကားလမ်းကျဉ်းကျဉ်းလေးမှာ နမ့်ပန်ယွန်းချောင်း ဘေးမှာ ယှဉ်လျက်သား လဲလျောင်းနေလေသည်။ အလုပ်သမားများသည် မိုင်းလုပ်သားဝတ်စုံအပြည့်ဖြင့် အလုပ်ဆင်းရန် သွားနေကြသည်။ ကျောက်ခဲများ၊ မြေစာများ သယ်ဆောင်မောင်း နှင်လာသော အီဇူစူးကား ကြီးများကို မကြာခဏ ရှောင်တိမ်းပေးနေရသည်။ ကားလမ်းပေါ်တွင် ဖုန်လုံးကြီးများ လှိုင်းထနေ၏။ ဖုန် တောထဲတိုးဝင်၍ အလုပ်ချိန်မီရန် ခပ်သွက်သွက် လျှောက်နေကြရသည်။
ကျွန်တော့်ဖခင်သည်လည်း မိုင်းလုပ်သားကြီးဖြစ် သည်။ ကျွန်တော်တို့မိသားစုကို မိုင်းလုပ်သားဘဝဖြင့် လုပ်ကိုင်ကျွေးမွေးခဲ့သည်။ သားသုံးယောက်ကို လူလား မြောက်အောင် မွေးမြူခဲ့လေသည်။ မူလတန်းကျောင်း သားဘဝက ကျက်မှတ် ရွတ်ဆိုခဲ့ရသော “စားဝတ်နေရေး၊ ငွေရှာပေး၊ ကျေးဇူးကြီးပေတို့ဖေဖေ”ပင် ဖြစ်ပါသည်။ သို့သော် အခြား အဖေများထက် ဘော်တွင်းမှ အဖေများ ငွေရှာရသည်မှာ ခက်ခဲပင်ပန်းလှပါသည်။ အသက်အန္တရာယ်များလှသော မြေအောက် သတ္တုတွင်း နက်ထဲဆင်း၍ ရှာဖွေကျွေးမွေးရသူများ ဖြစ်ကြပါ၏။ ငယ်စဉ်ကတော့ မသိခဲ့ပါ။ ကျွန်တော်ကိုယ်တိုင် အလုပ်သမားဘဝ ရောက်သောအခါတွင် နှစ်ပေါင်းနှစ် ဆယ့်သုံးနှစ်ကျော်၊ မြေအောက်တွင် လုပ်ကိုင်ခဲ့သော ဖခင်ကြီး၏ မိုင်းလုပ်သားဘဝကို သိရှိနားလည်ခဲ့သည်
ဟု ဝန်ခံရပေမည်။ ယခုအချိန်တွင် ပင်စင် လစာငွေ အနည်းငယ်မျှရ သော အငြိမ်းစားဘဝကို ရောက်နေပါပြီ။ အသက်ရှစ် ဆယ်ကျော်သည်အထိ ကျန်းကျန်းမာမာ ရှိနေသေးသော ဖခင်ကြီးကို တွေ့မြင်ရသည့်အချိန်တိုင်း ဖခင်ကြီး၏ မေတ္တာတရား၊ သားများအပေါ် အသက်နဲ့ရင်း၍ ရှာဖွေ
လုပ်ကိုင်ကျွေးမွေးခဲ့သော ကျေးဇူးတရားများကို သည် တစ်သက်ဆပ်၍ ကုန်နိုင်မည်မဟုတ်တော့ဟူ၍ အတွေး
ဝင်မိသည်။
ကျွန်တော် ဆယ်တန်းနှစ်ခါကျ၍ ကျောင်းထွက်ရ သောအခါ မြေအောက်တွင် မိုင်းလုပ်သားလုပ်ရန်အတွက် အဖေနှင့် တိုင်ပင်ရ၏။
“မင်း မြေအောက်မှာ မလုပ်နဲ့။ ငယ်သေးတယ်။ နုသေးတယ်။ မြေအောက်အလုပ်က ပင်ပန်းလွန်းတယ်။ ဒီအရွယ်နဲ့ မြေအောက်ဆင်းလုပ်ရင် ဘူးသီးနုနု အမွေး သတ်သလို ဖြစ်သွားလိမ့်မယ်။ အလုပ်က ကြမ်းတမ်း တယ်။ အချိန်မရွေး အသက် သေနိုင်တယ်။ မြေကြီး အောက်မှာ ကြွက်တွင်းတွေလို တွင်းတွေထဲမှာ ကျဉ်းကျဉ်း ကျပ်ကျပ်လုပ်ရတာ။ မြေပေါ်မှာ ပဲလုပ်ကွာ”
“မြေပေါ်အလုပ်က လခနည်းတယ်အဖေ။ မြေ အောက်က အခြေခံ လစာပို့တယ်။ မြေအောက်စရိတ် လည်း ရတယ်။ ဘောနပ်စ် (Bonus) လည်း ရတယ် မဟုတ်လားအဖေ”
“ငွေပိုတာမှန်ပါတယ် သားရယ်။ အန္တရာယ်ပိုတာ လည်း ထည့်တွက်ရမှာပေါ့။ အသက်အန္တရာယ် နီးလွန်း လို့ ငါ့သားကို မလုပ်စေချင်တာပါ”
“ဟုတ်ကဲ့ပါ အဖေ၊ အဖေလုပ်စေချင်တဲ့မြေပေါ် မှာပဲ လုပ်ပါ့မယ်”
အဖေသည် ကျွန်တော့်ကို မြေအောက်လုပ်ငန်းခွင် အတွင်း လုပ်ကိုင်ခြင်းအား ခွင့်မပြုခဲ့ပါ။ မြေပေါ်မှာသာ လုပ်ကိုင်စေသည်။ အဖေသည် သူသာ ချွေး၊ သွေး၊ အသက်ရင်း၍ အပင်ပန်းခံ လုပ်ကိုင်နေပေမဲ့ သားဖြစ် သူကိုတော့ မလုပ်ရန် တားဆီးခဲ့သည်။ ကျွန်တော်လည်း ငွေစာရင်းရုံးတွင် အကူစာရေးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ရသည်။ ရုံးတွင် ဖောင်တိန်ကိုင်ပြီး စာရေးလုပ်နေရ သဖြင့် မိုင်းလုပ်သားဘဝကို မသိခဲ့သေးပါ။ အကြားသာ ရှိ၏။ ကိုယ်တွေ့ မျက်မြင် မကြုံသေးချေ။
သတ္တုတွင်းကို အင်္ဂလိပ်ဘာသာစကားဖြင့် (Mine) ဟုခေါ်၏။ ကျွန်တော်တို့လည်း မိုင်းဟုသာခေါ်ကြ သည်။ ဘော်တွင်းမိုင်းသည် ကျွန်တော်တို့ လျှောက်နေ
သောလမ်း၊ ကျွန်တော်တို့ တက်နေသော တောင်တန်း ကြီးများ အောက်တွင် တည်ရှိ၏။ ထိုမိုင်းထဲတွင် ကျွန်တော်တို့၏ အဖေများ အလုပ် လုပ်နေကြသည်။ ကျွန်တော်တို့သည် ဖခင်များ၏ ခေါင်းပေါ်တွင် လမ်း လျှောက်နေကြရသည်။ ဘော်တွင်း၏ ပထဝီမြေကြီး အနေအထားက သည်အတိုင်းပင် တည်ရှိ၏။ ငွေစာရင်းရုံးတွင် အကူစာရေးလုပ်သက် ၂ နှစ် အကြာတွင် မြေအောက်ကို ဆင်းရန် အကြောင်းဖန်လာ သည်။ မြေအောက် ပစ္စည်းထိန်း စာရေး ရရှိခြင်းဖြစ် သည်။ ပညာအရည်အချင်း ရှစ်တန်း အောင်လျှင်ပင် ရသော အလုပ်ဖြစ်၏။ ထိုအလုပ်သည် မပင်ပန်း။ မိုင်း ထဲတွင် လူပျင်းအလုပ် ဟုပင် ခေါ်ကြသည်။ သတ္တုတွင်း လုပ်ငန်းခွင်သုံးပစ္စည်းများကို ထုတ်ပေးခြင်း၊ လက်ခံ ခြင်း၊ ထိန်းသိမ်းခြင်း၊ စာရင်းပြုစုရခြင်းသာ လုပ်ရသည်။ ထိုအလုပ်ကိုမူ ဖခင်ကြီးက ခွင့်ပြုခဲ့သည်။ သတိပေး စကားတော့ ပြောသေး၏။
“မိုင်းထဲဝင်ပြီဆိုကတည်းက မြေကြီးက ခေါင်းပေါ် မှာကွ။ ခေါင်းပေါ်က မြေကြီးပြိုရင် ဘယ်သူမဆို သေနိုင် တယ်။ ဒါပေမဲ့ လွယ်လွယ်နဲ့တော့ မပြိုပါဘူး။ အန္တရာယ် မရှိအောင် နည်းလမ်းတွေ၊ မိုင်းအတတ်ပညာတွေနဲ့ ကာကွယ်ထားတာပါ။ မင်းက ပစ္စည်းထိန်း စာရေးဆို တော့ ဒိုင်းနမိုက်တော့ ဂရုစိုက်ရမယ်။ ပေါက်ကွဲစေတတ် တဲ့ ယမ်းတောင့်၊ ယမ်းကြိုး၊ ‘ဒီတိုနေတာ’တွေဖြစ်လို့ အမှား မခံဘူး။ သတိနဲ့ကိုင်တွယ်ရတယ်။ ပေါက်ကွဲရင် သေနိုင်တယ်။ အထုတ်အသွင်းလုပ်ရာမှာလည်း ချာချာ၊ တိတိကျကျ ရေတွက်ရတယ်။ လျော့နည်း ပျောက်ဆုံးဖြစ်ရင် ထောင်ကျမယ်။ တာဝန်ကြီးတာပေါ့။ လူသက်သာပေမဲ့ ဂရုစိုက်ရတယ်”
သေသေ
အဖေ၏ သတိပေး စကားများကို အစဉ်အမြဲ နှလုံး သွင်းလုပ်ကိုင်ခဲ့သဖြင့် မည်သည့်ပြဿနာ အခက်အခဲ မျှ မရှိခဲ့ပါ။
ဘော်တွင်းမိုင်းတွင် စတို (Store) ၁၀ လုံး ရှိပါ သည်။ စတိုတိုင်းတွင်လည်း ကိုင်ခဲ့ရပါသည်။ လုပ် သက်ရလာမှ သတ်သတ်မှတ်မှတ် စတိုတစ်ခုကို ကိုင်ရ ပါသည်။ စတိုထဲတွင် လုပ်ငန်းခွင်သုံး လွှ၊ ပုဆိန်၊ ဂေါ် ပြား၊ ပေါက်ချွန်း၊ သံ၊ လွန်ချောင်း၊ လွန်ပူ၊ ဒိုင်းနမိုက်
စသည့် ပစ္စည်းများအပြင် ဆေးသေတ္တာနှစ်လုံးလည်း ရှိပါ သည်။ ဆေးသေတ္တာ တစ်လုံးတွင် ပတ်တီး၊ ဂွမ်းလိပ်၊ အရက်ပြန်၊ ဆေးဝါရည်၊ တင်ချာ၊ အိုင်အိုဒင်းတို့ ထားရှိ ၏။ သာမန်ထိခိုက်ဒဏ်ရာရရှိမှုများကို ဆေးထည့်ပေး ရပါသည်။ ပစ္စည်းထိန်း စာရေးများသည် ရှေးဦးသူနာ ပြုသင်တန်းကိုလည်း တက်ရောက် သင်ကြားထားရပါ သည်။ ထမ်းစင်များ၊ အသက်ကယ်ကြိုး၊ အသက်ကယ် ခါးပတ်များလည်း ရှိပါသည်။
ဆေးသတ္တာအကြီးတစ်လုံးလည်း ရှိပါသေးသည်။ ထိုဆေးသတ္တာ၏ ပုံစံမှာ ခေါင်းတလား ပုံစံအတိုင်းပင် ရှည်မျောမျော ဖြစ်၏။ ကျက်သရေမင်္ဂလာမရှိဟုပင် စိတ်ထဲတွင် ခံစားရသည်။ ထို ဆေးသေတ္တာကို သော့ ခတ်ထားသည်။ သော့တံကို မျက်နှာစာတွင် မှန်တပ် ထားသော အလုံပိတ် သေတ္တာငယ်လေးထဲတွင် ချိတ်ဆွဲ ထား၏။
ပြင်းထန်စွာ ဒဏ်ရာရရှိမှုများ၊ အသက်အန္တရာယ် ထိခိုက်သော အရေးပေါ်ကိစ္စရပ်များရှိသည့်အခါမှသာ သက်ဆိုင်ရာဌာနကြီးမှူး၏ အမိန့်ဖြင့် ဖွင့်ရမည်ဟု ညွှန် ကြားချက် ထုတ်ထားသည်။ ထိုခွင့်ပြုမိန့်ဖြင့် မှန်ကိုခွဲ၊ သော့ကို ယူ၊ ဆေးသေတ္တာကို ဖွင့်ရမည်။ ခွင့်ပြုမိန့်မရှိ ဘဲ ဖွင့်ပါက အရေးယူ အပြစ်ပေးခြင်းခံရပေမည်။ မိုင်းလုပ်သားကြီးများ အသက်အန္တရာယ်ရှိသည့် အခါတွင် မှန်ခွဲဖွင့်ရမည်ဖြစ်သော ထိုသေတ္တာကြီးကို မည်သည့်အခါမျှ မဖွင့်ရပါစေနှင့်ဟုသာ ဆုတောင်းနေ မိပါသည်။ သို့သော် ဆုတောင်းခြင်းတို့သည် အခါခပ် သိမ်း မပြည့်ဝတတ်ပါ။
လက်ချောင်း၊ ခြေချောင်းများ၊ ခန္ဓာကိုယ်နေရာများ၊ ဦးခေါင်းတို့တွင် သာမန် ဒဏ်ရာရသူများမှာမူ နေ့စဉ်လို လိုပင်။ ဘော်ခဲမှန်ခြင်း၊ ပိုက်တန်းများနှင့် တိုက်မိခြင်း၊ သစ်သားတုံးများ ညပ်ခြင်းပိခြင်းများသည် မြေအောက် လှိုဏ်ကျဉ်းထဲတွင် အလုပ်လုပ်ရသော မိုင်းလုပ်သား တိုင်း ထိခိုက်မှုဖြစ်နေ၏။ ဘော်ရွှံ့များ ညစ်ပတ်ပေရေ နေသော ဘောင်းဘီတို၊ အင်္ကျီစုတ်များဖြင့် လုပ်ကိုင်ကြ ရ၏။ ကာဗိုက်မီးခွက် တစ်လုံးဖြင့် မြေအောက်အမှောင် ထုထဲတွင် အလုပ်လုပ်နေကြသော မိုင်းလုပ်သားကြီးများ ကို ထိတွေ့ ဆက်ဆံရတိုင်း အဖေ့ကျေးဇူးကို တွက်ဆ၍
ပင် မရခဲ့ပါချေ။
ကျွန်တော်၏ ပစ္စည်းထိန်းစာရေးလုပ်သက်ကာလ အတွင်းမှတ်မှတ်ရရ၊ တစ်ကြိမ် မှန်ခွဲခွင့်ကြုံခဲ့ရပါသည်။ ထိုနေ့က ဦးအောင်စီ ထိခိုက်မှုဖြစ်ခဲ့သည်။ စတုတ် (Stope) ခေါ် ဘော်ထုတ်ရာလုပ်ကွက်တွင် ဘော်ထုတ် ပြီးပါက သစ်သားတိုင်များဖြင့် ထောက်ကူပေးရသည်။ ပန်းပြားများဖြင့် အထောက်အကူ ပေးရသည်။ သစ်သား ထောက်ကူမှု လုပ်နေစဉ် ဘော်ခဲများ ပြိုဆင်းလာသည်။ သစ်သားတိုင်များ၊ ပန်းပြားများ ကျိုးကုန်၏။ ထိုသစ် သား အမိုးအကာများ အောက်တွင် အလုပ်လုပ်နေသော ဦးအောင်စီ၏ ခန္ဓာကိုယ်ပေါ် ပိတော့သည်။ အခြားသူ များ ထွက်ပြေးလွတ်မြောက်သော်လည်း ဦးအောင်စီမှာ မလွတ်တော့ချေ။ ရှေ့ဆောင် လုပ်သားကြီးဖြစ်သော ဦးအောင်စီကို အရေးပေါ်၊ အလျင်အမြန် ကယ်တင်ကြ သည်။ အသက်ရှင်လျက်သား ကယ်ထုတ်နိုင်ခဲ့သော် လည်း သတိမေ့နေ၏။ တစ်ကိုယ်လုံးတွင် ဒဏ်ရာများ ရထား၏။ ဘော်များ၊ ရွှံ့များပေနေ၏။
ထိုအချိန်တွင် အရေးပေါ် ဆေးသေတ္တာကို ဖွင့်ခဲ့ရ သည်။ သေတ္တာထဲမှ အသက်ကယ်ဆေးများ၊ စောင်များ၊ ပတ်တီးများ၊ ဂွမ်းလိပ်များ၊ အသက်ကယ်ကြိုးနှင့်ခါးပတ် များကို တွေ့ ရသည်။ လိုအပ်သည်တို့ကို သက်ဆိုင်သူ တို့အား ထုတ်ပေးရသည်။
သော
ဦးအောင်စီသည် ဆေးရုံသို့ရောက်ပြီး နာရီအနည်း ငယ် အကြာတွင် ကွယ်လွန်ခဲ့၏။ ဦးခေါင်းတွင် ပြင်းထန် ဒဏ်ရာရရှိမှုကြောင့် သေဆုံးကြောင်း သိရှိရသည်။ ဘော်တွင်းသားများက မိုင်းပိ၍ သေသည်ဟု ပြောကြ ပါသည်။ ဦးအောင်စီသည် ကျွန်တော့်သူငယ်ချင်း လှတိုး ၏ဖခင်ဖြစ်သည်။ စိတ်ထိခိုက်ခြင်းများစွာ ဖြစ်ရပါ၏။ မြေအောက်ပစ္စည်းထိန်း စာရေးဘဝတွင် ပထမဦး ဆုံးသော မှန်ခွဲခဲ့ရသည့် အတွေ့ အကြုံပင် ဖြစ်ပါသည်။ နောင်တွင် မခွဲရပါစေနှင့်ဟု အကြိမ်ကြိမ် ဆုတောင်းရ ပါ၏။
လူသည် လူ့လောကတွင် နေရသောအချိန်ကာလ၌ မိမိ၏ မိသားစု၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းအား တတ်
နိုင်သမျှ အကျိုးပြု၍ အဓိပ္ပာယ်ရှိရှိနေမှသာလျှင် လူဖြစ် ရကျိုးနပ်ပေသည်။ လူ့ဘဝတွင် လူပီသအောင်နေမှ သာ လူ့ဘဝအဓိပ္ပာယ် ပြည့်စုံနိုင်ပေသည်။ မိမိစွမ်းအားရှိသ ရွေ့ လောကကို အလှဆင်ကြရမည်ပင်။ လူ့ဘဝသည် ရခဲ့၏။ သေဆုံးခြင်း ဟူသော သင်္ခါရ တရားကို မလွန်ဆန်နိုင်ချေ။ ကြေးစည်သံတဝေဝေသည် သံဝေဂသံ မြည်နေ၏။ လူ့သက်တမ်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သော ဦးအောင်စီကို သင်္ဂြိုဟ်မည့်နေ့ဖြစ်၏။ အသုဘ ကိစ္စကို ဌာနဆိုင်ရာ လူကြီးများနှင့် ရပ်ကွက်လူကြီးများ တိုင်ပင်၍ စီစဉ်ခဲ့ကြသည်။ လုပ်ဖော်ကိုင်ဖက် အလုပ် သမားများက ကူငွေ ထည့်ဝင်ကြသဖြင့် မြေချရန် အဆင် ပြေရ၏။ ဦးအောင်စီ၏ အသုဘကို အိမ်နီးချင်းများ၊ မိုင်းလုပ်သားကြီးများ လိုက်ပါ ပို့ဆောင်ကြသည်။ အသုဘ ပို့ချိန်တွင် ရာသီဥတုသည် မှိုင်းညို့၍ မိုးသားမိုးရိပ်များ အုံ့ဆိုင်းနေ၏။ တိမ်မည်းညိုတို့သည် မဲမှောင်၍ လိပ်တက်လာသည်။ အညှိုးတကြီး ရွာချရန် တာစူနေကြပြီ။ နေပိုက်ကွန်၏ ဖုံးလွှမ်းမှုကို တွန်းလှန် ဖယ်ရှားတော့မည့် သဘောပင်။ သင်္ချိုင်း တစပြင်ရှိ ညောင်ပင်ကြီးသည် မိုးသက်လေနှင်ထဲတွင် တရှပ်ရှပ်၊ တဖျတ်ဖျတ်ဖြင့် ရွက်ချင်း ထိခတ်၍ ပွတ်တိုက်နေသည် မှာ ဦးအောင်စီကို ကြိုဆိုနေသယောင်။ မြေပုံမို့မို့များ၊ မှတ်တိုင် ထိုးထိုးထောင်ထောင်များ၊ လက်ဝါးကပ်တိုင် ဖြူဖြူများ၊ ဂူဖွေးဖွေးလေးများသည် သင်္ခါရသဘောကို ညွှန်ပြနေသော သင်္ကေတများအဖြစ် မြင်တွေ့နိုင် ပေသည်။
“ဦးဆောင်စီခင်ဗျား.၊ တရားနာကြွပါဗျို့” ဘုရားဒကာဦးစိန်မောင်၏ ခေါ်သံကြားလိုက်ရ
သည်။ တရားနာ၊ ရေစက်ချအပြီးတွင် ကောင်းရာသုဂတိ လားပါစေဟု ဆုတောင်းရင်း အမျှပေးဝေလိုက်ကြသည်။ “ဦးအောင်စီရေ… အမျှ .. အမျှ… အမျှ… အမျှဝေပြီးသည်နှင့် ကြေးစည်ကို ထုနှက်လိုက်လေ သည်။ သုသာန်မြေတွင် ကြေးစည်သံတို့ ပျံ့လွင့်လာ ၊ လူ့ဘဝမှ နောက်ဆုံးနှုတ်ဆက်လိုက်သံပင်ဖြစ်၏။ သံဃာတော်များ ပြန်ကြွသွားကြပြီး အသုဘပို့သူ အသီးသီးလည်း ပြန်သွားကြ၏။ ကျွန်တော်တို့ သူတို့ အတွက်ကား အချိန် မကျသေး။ အချိန်ကျပြီဆိုပါက

မည်သူများ ရှောင်လွှဲ၍ ရနိုင်ပါမည်နည်း။ ကျန်ရစ်သော ကျွန်တော်တို့လူစုသည် မြေစိုင်မြေခဲ၊ ကျောက်ခဲများဖြင့် ဖို၍ ဦးအောင်စီကို မြှုပ်နှံလိုက်ကြသည်။
မိုးလေး တစ်ပေါက် နှစ်ပေါက်က ရှေ့တော်ပြေး အဖြစ် ကျလာခဲ့ပြီ။ သင်္ချိုင်းမြေက အထွတ်တွင် တရော်၊ ကင်ပွန်းရည်ဖြင့် ဆေးကြော သန့်စင်လိုက်ကြသည်။ မြေအောက်ကမ္ဘာတွင် မိသားစုဝမ်းရေးအတွက် ရှာဖွေ လုပ်ကိုင်ကျွေးမွေးသွားသော မိုင်းလုပ်သားဖခင် တစ်ဦး၏ ရုပ်ခန္ဓာသည် မရှိတော့ပြီ။ သို့သော် မြေ အောက်ကမ္ဘာမှ ဖခင်များ၏ မေတ္တာတရားကား ကမ္ဘာ တည်သရွေ့ တည်ရှိနေမှာ မလွဲပါ။ နမ့်ပန်ယွန်းချောင်း
ရေ အလျဉ်…လို စီးဆင်းနေမှာပင်။
ဟော မိုးသည် အားမာန်အပြည့်ဖြင့် သဲကြီးမဲကြီး ရွာချလိုက်လေပြီ။ ကျွန်တော်တို့အားလုံးတွင် ဆောင်း စရာ မပါကြပါ။ ပေါက်ချွန်း၊ ပေါက်ပြား၊ ဂေါ်ပြား၊ ဓားမ၊ တရော်ကင်ပွန်းရည်ထည့်သည့် ရေပုံးများ၊ ကိုယ်စီ ကိုယ်ငှကိုင်ကာ မိုးရွာထဲတွင် နှုတ်ဆိတ်စွာ လျှောက် လှမ်းလာကြသည်။ အားလုံးသော သူတို့၏ ကိုယ်ခန္ဓာ မှာ စွတ်စွတ်စိုလျက် ရင်ထဲမှာဖြင့် ခြောက်သွေ့ပူပြင်း
လျက်။
ကလျာမဂ္ဂဇင်း၊ စက်တင်ဘာလ၊ ၂၀၁၃)

Leave a Reply

Your email address will not be published. Required fields are marked *