ယောက္ခမ

Posted on

ယောက္ခမ(စ/ဆုံး)

—————–

“ပိုး‌လေး အိမ်မပြန်ရဲတော့ဘူး ကိုကို”

” ဒါဆို ကိုကို လိုက်ပြန်ပို့ပေးမယ်လေ”

“ဟာ အိမ်မပြန်‌ရဲတော့ပါဘူးဆို ကိုကိုကလည်း”

“ဟင် ဒါဆို ပိုးလေးက ဘယ်မှာ နေမလို့လဲ”

အူကြောင်ကြောင် လုပ်နေတဲ့ ကိုကို့ကို မျက်စောင်းထိုးပစ်မိတယ်။

“ကိုကို ပိုးလေးကို ခိုးပြေးတော့နော်။ ပိုးလေး အိမ်မပြန်ရဲတော့ဘူး”

“ဟင်”

“ဘယ်ကို ခိုးရမှာလဲ”

“ပိုးလေးတို့ ချောင်းသာ သွားကြမယ်လေ။ ကိုကို့ ဆွဲကြိုးနဲ့ဖုန်းကို ရောင်းပစ်ပြီး လမ်းစရိတ် ၊ စားစရိတ်လုပ်လိုက်မယ်။နော် ကိုကို”

—————————————————————————–
“တောက်”

“ဒီနှစ်မှ ဆယ်တန်းစတက်မဲ့ နို့နံ့မစင်သေးတဲ့ ကောင်က မိန်းမ ခိုးသွားတယ်တဲ့”

“အဟင့် အဟင့်းးးး”

“ငိုမနေစမ်းပါနဲ့ အကြည်ရာ ၊ သူ့ဘဝ သူ ရွေးချယ်သွားတာ။ ”

ဒေါသထွက်နေတဲ့ ကိုလင်းကို ကြည့်ပြီး ကျွန်မ ထပ်ငိုမိပြန်တယ်။ကိုလင်းက တတွတ်တွတ်ပြောလေ၊ ကျွန်မ မျက်ရည်ကလည်း ဖြေမဆည်နိုင်လေပါပဲ။

ကျွန်မရဲ့ သားအငယ်ဆုံးလေး။ဒီနှစ်မှ ၁၀တန်းစတက်မဲ့ ရိုးအေးတဲ့ကလေး‌လေးက ခု မိန်းမ ခိုးသွားတယ်တဲ့။

“အဟင့် အဟင့်းးး”

————————————————————————–

ကျွန်မ သားလေးကို လွမ်းလိုက်တာ။ သားလေးက ၁၅နှစ်ပဲ ရှိပါသေးတယ်။မသူတော်တွေနဲ့များ တိုးရင် ဘုရား ဘုရား။

“အကြည် အိပ်တော့လေ။ မင်း သားအကြောင်းတွေးနေပြန်ပြီလား”

“ကျွန်မက အမေတစ်ယောက်လေ ကိုလင်းရဲ့။ဘယ်လိုလုပ်ပြီး အိပ်နိုင်မှာလဲ။ကျွန်မ သားလေး အဟင့်ဟင့်းး”

“ဟူးးးးးး”

ဦးလင်းထက် သက်ပြင်း အရှည်ကြီး ဆွဲချမိတယ်။ ဦးလင်းထက်နဲ့ ဒေါ်ကြည်ဖြူမင်းတို့မှာ သားသမီး ၂ယောက်ရှိတယ်။ သမီးတစ်ယောက် သားတစ်ယောက်ပေါ့။

သမီးကြီးက သားငယ်နဲ့ ၁၀နှစ်လောက် အသက်ကွာတယ်။ ခုဆို သမီးကြီးက ဘွဲ့ယူပြီး အထည်ဆိုင်လေး ဖွင့်ထားတယ်။

အကြည်နဲ့ သားငယ်က လက်ပွန်းတတီး ပိုနေရတယ်။အကြည်က သူ့သားလေးကို အရမ်းချစ်တာ။

“အဟင့် အဟင့်းးးး”

တရှုံ့ရှုံငိုကြွေးနေတဲ့ အကြည်ကို ကြည့်ပြီး ဦးလင်းထက် သက်ပြင်းသာ အခါခါ ချမိပါတော့တယ်။

—————————————————————————–

“မေမေ”

“ဟင် ကိုကို ဘာဖြစ်တာလဲ အိပ်မက် မက်နေတာလား”

” ဟင်”

ကျွန်တော် သတိဝင်လာခဲ့တယ်။ဟုတ်တာပဲ ငါ ပိုးလေးကို ခိုးလာခဲ့တာပဲ။

မေမေ မေမေ့ကို သတိရလိုက်တာ။ မေမေ စိတ်ပူနေလောက်ပြီ”

“ပိုးလေး မနက်ဖြန် အိမ်ကို ပြန်ကြရအောင်။မေမေ စိတ်ပူနေလောက်ပြီ”

“ဟာ ကိုကိုကလည်း လည်လို့မဝသေးပါဘူး တစ်ပတ်‌ လောက် ထပ်လည်အုံးမယ်”

“အိပ် အိပ် ပိုးလေး ဖက်ထားပေးမယ် နော်”

——————————————————————————

“သမီးကြီး”

“ရှင်”

“သားငယ်ဆီက အဆက်အသွယ်ရလား”

“မေမေ့သားက ဖုန်းပါ အပေါင်ဆိုင် ပို့သွားပုံပဲ”

ဘုရားရေ ကျွန်မသားလေးက ပေါက်ပန်းလေးဆယ် လုပ်တတ်တဲ့သူ မဟုတ်ပါဘူး။ခု ဘယ်လို ဖြစ်တာလဲ။

“သူ ခိုးသွားတဲ့ ကောင်မလေးကလည်း နှစ်လုံး၊သုံးလုံး ကို အရွယ်နဲ့ မမျှအောင် ဆော့တာတဲ့။ဖဲလည်း ရိုက်တတ်သေး။ ”

“သူ့မိဘတွေကလည်း ဖဲလည်ရိုက်တတ်သူတွေတဲ့။လောင်းကစား အသိုင်းအဝိုင်းကပေါ့။မေမေ့သား ဘယ်လိုများ ရှာယူသွားလဲ မသိတော့ပါဘူး”

သမီးကြီးဆီက သတင်းစကားကြောင့် ကျွန်မ ရင်ဘတ်ထဲ စို့တက်လာခဲ့တယ်။

“ဘာပဲဖြစ်ဖြစ် သားငယ်ကို လိုက်ရှာခေါ်ရမှာပဲ သမီးကြီးရယ်”

————————————————————————–

“ကိုကို ပိုက်ဆံမရှိတော့ဘူးနော်”

“ဟင် ဟုတ်လို့လား ပိုးလေးရယ်။ဆွဲကြိုးရောင်းတာက ၁၀သိန်းခွဲလေ၊ဖုန်းနဲ့ဆို ၁၁သိန်းခွဲပါ။ခုမှ ၁၀ရက်ပဲ ရှိသေးတာကို”

“ကိုကို”

“ပိုးလေးကို ဆူနေတာလား မရှိတော့ပါဖူးဆို”

“ဒါ ဒါဆို ဘယ်လို လုပ်မလဲ”

“ကိုကို့ မေမေဆီ ဖုန်းဆက်လိုက်လေ။ပြန်လာဖို့ လမ်းစရိတ် ပြတ်နေပြီလို့”

မြပိုးဖြူ ကိုကို့ကို ချစ်တယ်။ပြီးတော့ သူဌေးချွေးမလည်း ဖြစ်ချင်တယ်။ခုဆို ကိုကို့ကိုလည်း ပိုင်ဆိုင်ရပြီး သူဌေးချွေးမလည်း ဖြစ်ပြီဆိုတော့ မြပိုးဖြူတို့ ချမ်းသာပြီပေါ့။ ကိုကို့ မိဘတွေက သူဌေးတွေ။ ကား‌လည်းရှိတယ်။

ကိုကို့မေမေက ရွှေဆိုင် ဖွင့်ထားတယ်။ကိုကို့ဖေဖေက ကားဝပ်ရှော့ဆိုင် ဖွင့်ထားတယ်။ကိုကို့ မမက အထည်ဆိုင်ဖွင့်ထားတယ်လေ။

မောင်နှမနှစ်ယောက်တည်းဆိုတော့ အမွေတွေလည်း အများကြီး ရမှာ။ စိတ်ကူးထဲ မြပိုးဖြူ တိုက်အိမ်ဆောက်နေမိတယ်။

“ခစ် ခစ် ခစ်”

——————————————————————————-

“ဟယ်လို”

“မေမေ”

“ဟင် သား သားငယ်လေး ခုဘယ်မှာလည်း။ မေမေ့ဆီ ပြန်လာခဲ့နော် အဟင့်ဟင့်”

မေမေ့ရဲ့ ငိုရှိုက်သံက ကျွန်တော့် နှလုံးသားကို ဆုပ်ဖျစ်လိုက်သလိုပါပဲ။

“မေမေ သားတောင်းပန်ပါတယ်”

“ဒါတွေ နောက်မှပြောပါကွယ်။သားငယ်လေး ခု ဘယ်မှာလဲ”

“သား ချောင်းသာဘက်မှာ။ပြန်လာဖို့ လမ်းစရိတ် မရှိတော့လို့”

“အေးအေး မေမေ ထည့်ပေးမယ်နော်။ကားလက်မှတ်ဖြတ်ထား။မမကို လာကြိုခိုင်းလိုက်မယ်”

ကိုကိုတို့ သားအမိနှစ်ယောက် ဖုန်းပြောနေတာကို နားထောင်ရင်း မြပိုးဖြူ ကျေနပ်မိတယ်။ကိုကိုက ယောက္ခမကြီးရဲ့ အသက်ပဲ။လိုချင်တာ ရှိရင် ကိုကိုကနေတဆင့် ပူဆာရမယ်။

“ပိုးလေး”

“အမေ့”

“အယ် လန့်လိုက်တာ ကိုကိုကလဲ”

“မနက်ဖြန် မမလာကြိုလိမ့်မယ်”

“ဟုတ်”
——————————————————————————–

အသက် မပြည့်သေးတဲ့ ကလေးနှစ်ယောက်ကို ကြည့်ပြီး ဦးလင်းထက် အံတကြိတ်ကြိတ် ဖြစ်နေမိတယ်။

“တောက်”

“အမေ့”

ယောက္မကြီးရဲ့ တောက်ခေါက်သံကြောင့် မြပိုးဖြူ လန့်အော်မိတယ်။

ဖေဖေ့ရဲ့ တောက်ခေါက်သံကြောင့် ကျွန်တော် မေမေ့ကို အားကိုးတကြီးကြည့်မိတယ်။

“သားငယ်နဲ့ သမီး လာလာ ။ မေမေ အခန်းပြင်ထားတယ်”

ဒေါသထွက်နေတဲ့ ကိုလင်းကို မသိကျိုးကျွံပြုကာ ကျွန်မ ကလေးနှစ်ယောက်ကို အပေါ်ထပ်ကို ခေါ်လာခဲ့တယ်။

အမယ်လေး ကိုကို့ ဖေဖေက ကြောက်စရာကြီး။အတွေးနဲ့အတူ မြပိုးဖြူ ပခုံးလေး တွန့်မိတယ်။


###ယောက္ခမ###
အပိုင်း(၂)

မင်္ဂလာစုံတွဲတေးသီချင်းအောက်မှာ သတို့သမီးလေးက စည်းချက်ကျကျနဲ့ လှပစွာ ဝဲပျံလို့။

သူငယ်ချင်းတွေရဲ့ အားကျတဲ့အကြည့်အောက်မှာ မြပိုးဖြူတစ်ယောက် မော်ကြွားလို့ပေါ့။ကိုကို့လက်ကိုချိတ်ပြီး ပျော်နေမိတာ မိုးမမြင်လေမမြင်ဆိုသလိုပါပဲ။မြပိုးဖြူ အိပ်မက်အတိုင်း သူဌေးချွေးမ ဖြစ်ပြီလေ။
—————————————————————————–

အရွယ်ငယ်ငယ် ကလေးသာသာ‌အရွယ် ကျွန်မ သားလေးက သတို့သားတဲ့လေ။‌ ပျော်ရွှင်နေပုံရတဲ့ သားငယ်လေးကို ကြည့်ပြီး ကျွန်မ မျက်ရည်ဝဲလာတယ်။

“အကြည် မျက်ရည် မကျမိစေနဲ့နော် မကောင်းဘူး”

ကျွန်မကို အရိပ်တကြည့်ကြည့် ကြည့်နေရှာတယ် ထင်တယ်။ခင်ပွန်းသည်က သတိလာပေးတယ်။

“မငိုပါဘူး ကိုလင်းရယ်၊ ကျွန်မတို့ ယူတုန်းကလည်း ဖေဖေနဲ့မေမေတို့ ဒီလို ခံစားရမှာပဲနော်”

ဦးလင်းထက် သနားစရာကောင်းလွန်းလှတဲ့ အကြည်ရဲ့ လက်ကို အားပေး ဆုပ်ကိုင်ထားမိတယ်။

“အမယ် အမယ် သတို့သားရဲ့ အဖေနဲ့အမေက ရိုနေတာ ရိုနေတာ”

ကိုလင်းရဲ့ သူငယ်ချင်းဖြစ်သူ ကိုမြင့်ဆန်းကြီး လာကျီစယ် တော့မှ ကျွန်မနဲ့ ကိုလင်း ရှက်မိတယ်။လူကြီးရှက်တော့ရယ်တယ်ဆိုတဲ့ စကားအတိုင်း။

“ဟားးးဟားးးဟားးး”

“ခစ်းးးခစ်းးးးခစ်”

—————————————————————————–

“ပိုးလေး ပိုးလေး ထတော့ ထတော့”

“အင်းးးးဟင်းးးးးး”

“ပိုးလေး ထတော့လေ”

“ဟာ ကိုကိုကလည်း အိပ်ချင်ပါတယ်ဆို”

“မေမေ မီးဖိုချောင် ဝင်နေပြီ ထ ထ”

“ဟင့် အဲ့ဒါ ပိုးလေးက ဘာလုပ်ရမှာလဲ”

“မေမေ့ကို သွားလုပ်ကူလေကွာ”

ကိုကို့ကို မြပိုးဖြူ ဒေါသထွက်ရပြီ။အရေးမပါတာ ။ မြပိုးဖြူ မရှိခင်ကလည်း ဒါတွေ သူတို့ လုပ်နေကျပဲ။သက်သက်မဲ့ ‌။တွေးရင်း ဒေါသထွက်လာပြန်ပြီ။”

“ကိုကို့အစ်မကကော”

“မမက ဆိုင်သွားပြီလေ”

“ဟင် သူ့ကျတော့ မီးဖိုချောင် မဝင်ဘူးလား”

“မမဆိုင်က ဈေးအမှီ စောစောဖွင့်ရတာလေ။ ဟာ ပိုးလေး ရစ်တယ်ကွာ ထတော့”

—————————————————————————-

ထမင်းဝိုင်းမှာ ကိုကို့ မမက လွဲ၍ လူစုံတက်စုံပါလား။မြပိုးဖြူတို့ အိမ်မှာဆို ကြုံသလို စားကြတာပဲ။

“သမီး နိုးပြီလား၊လာ ထိုင် မနက်စာ စားမယ်”

“ဟုတ်ကဲ့”

“ဟေ့ကောင် မြတ်မင်းထက်”

ဖေဖေ့ခေါ်သံကြောင့် ကျွန်တော် ကမန်းကတန်း ထူးလိုက်တယ်။ဖေ့ဖေ့ကို အိမ်မှာ မေမေကလွဲလို့ အကုန်ကြောက်ရတယ်‌လေ။

“ဗျာ”

“မင်းက ခု အိမ်ထောင်သည် ဖြစ်သွားပြီ။ကျောင်းဆက်တက်လို့လည်း မရတော့ဘူး။ဒီတော့ ဒီနေ့ကစပြီး ငါ့ဝပ်ရှော့မှာ အလုပ်လိုက်လုပ်ရမယ်။အဲ့အတွက် သူများတွေနည်းတူ မင်း လစာ ရမယ်”

ကိုကို့ ဖေဖေ စကားကြောင့် မြပိုးဖြူ စိတ်ထဲ ကသိကအောင့် ဖြစ်သွားရတယ်။ကိုကို့ကို သူက လစာပေးပြီး အလုပ်ခိုင်းမတဲ့ ၊ ဘယ်လို မိဘမျိုးလဲနော်။‌ အော့ ရွံတာ။

“ဟုတ်တယ် သား။မေမေ မင်းကို အရင်တုန်းက ကျောင်းသားမို့ ကလေးလေးလို ထားခဲ့တာ။ ခု သားက အိမ်ထောင်သည် ဖြစ်သွားပြီလေ။ အလုပ်လုပ်ရမယ်”

အမယ်လေးလေး ယောက္ခမ အမကြီးကလည်း သူ့ယောက်ျားနဲ့ တစ်ချိုးတည်းပါလား။

“ဟုတ်ကဲ့ပါ ဖေဖေနဲ့မေမေ’

——————————————————————————–

မရတော့ဘူး။မရတော့ဘူး။ရင်ထဲမှာ အစိုင်အခဲတွေ တစ်လိပ်လိပ်နဲ့ တက်နေပြီ။ကိုကို ညနေ ပြန်လာတာနဲ့ ပြောကို ပြောရတော့မယ်။ကိုကို့ အမေက လူပါးဝလာပြီ။ အိမ်ဖော်မထားဘဲ တစ်အိမ်လုံးစာအတွက် ထမင်းနဲ့ဟင်းကို မြပိုးဖြူကို ချက်ရမယ်တဲ့။

“တောက်”

————————————————————————–

ချွေးမလေးကို ဆွဲကြိုးနဲ့နားတောင်းလေး ဆင်ပေးဖို့ အတွက် ကျွန်မ ‌ဒီဇိုင်းလေး ရွေးနေစဉ် ကိုလင်းဆီက ဖုန်းဝင်လာခဲ့တယ်။

“ဟယ်လို ကိုလင်း”

“အကြည် မင်း အိမ်ကိုပြန်လာခဲ့အုံးကွာ”

ကသိကအောင့်ဖြစ်နေတဲ့ အသံနဲ့ ကိုလင်းဖုန်းဆက်တယ်။ဘာဖြစ်လို့ပါလဲ။ကျွန်မ စိတ်ပူသွားတယ်။

“ဟုတ် ကိုလင်း ကျွန်မ ခုပဲ ထွက်ခဲ့မယ်နော်”

—————————————————————————

“ဟယ်”

မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်မ တုန်လှုပ်သွားမိတယ်။ကြွေပန်းကန်အပိုင်းအစတွေပြန့်ကြဲ‌လို့နေပါလား၊မီးဖိုချောင်ထဲက ပစ္စည်းတွေလည်း ဖရိုဖရဲနဲ့ပါလား။

“ဟင်”

ကိုလင်းရှေ့တွင် ကျုံကျုံ‌့လေး ထိုင်နေရှာတဲ့ ကလေးနှစ်ယောက်။

“ဘာဖြစ်နေကြတာလဲ ဒါတွေက ဘာလဲ”

ကျွန်မ အမေးစကားကို အဖြေပြန်မလာခဲ့ပါ။ကိုလင်းက ဒေါသတကြီးဖြင့် ထအော်တယ်။

“ဟေ့ကောင်တွေ ဘာငြိမ်နေတာလဲ မင်းတို့အမေ
မေးနေတယ် ပြောလိုက်လေ’

“သား သား သားတို့ ရန်ဖြစ်ကြတာ မေမေ”

“ဘုရားရေ မိဘအိမ်မှာ နေပြီး ဒီအချိုးတွေ ချိုးလို့ရမလား”

ကျွန်မ ဒေါသထွက်မိတယ်။

“ပိုးလေးက ချွေးမပါ မေမေ။ကျွန် မဟုတ်ပါဘူး”

“ဘာ ဘာ”

ချွေးမဖြစ်သူရဲ့ စကားထွက်ကြောင့် ကျွန်မ အံ့အားသင့်သွားရတယ်။

“ဟုတ်တယ်လေ ပေးတာယူ ကျွေးတာစား ဘဝနဲ့ ပိုးလေး မနေနိုင်ဘူး”

“ဟာ”

တစ်ဇွတ်ထိုး တစ်ဇောက်ကန်း ပိုးလေးကြောင့် ဖေဖေ မေမေတို့ရှေ့မှာ ကျွန်တော် နေရခက်လာခဲ့တယ်။

“အေး မနေနိုင်ရင် ငါ့အိမ်က ခု ဆင်းကြကွာ။ လူပါးတော့ လာမဝကြနဲ့”

“အို ကိုလင်း ကလေးတွေနဲ့ တုပြီး ဘာဖြစ်နေတာလဲ”

ကျွန်မ အခြေအနေဆိုးကို ဝင်ထိန်းလိုက်တယ်။

“ကဲ ကဲ နင်တို့နှစ်ယောက်လည်း သွား သွား၊ ညကျမှ စကားဆက်ပြောမယ်”

တစ်ရှူးရှူးနဲ့ ဒေါသတွေ ထွက်နေတဲ့ ခင်ပွန်းသည်ကို ကျွန်မ အရင် နှစ်သိမ့်ရအုံးမယ်လေ။

——————————————————————————-

ကျွန်မ ကိုလင်း မသိအောင် မျက်ရည်ကျမိပါတယ်။ချွေးမလေးက အတော်ဆိုးတယ်‌။ချွေးမလေးဆိုးကြောင်းကို ကိုလင်းရှေ့ မ‌‌ပြောရဲဘူး။သူကလည်း ချွေးမလေးကို အပြစ်‌မြင်နေသူဆိုတော့ ကျွန်မ ဆင်ခြင်ရတယ်‌လေ။

“မေမေ”

“သမီးကြီး လာထိုင်”

“မောင်လေးတို့ လင်မယားအဆင်ပြေရဲ့လား”

“ကလေးတွေဆိုတော့လည်း လူကြီးစိတ် ဘယ်ထားတတ်အုံးမလဲ သမီးရယ်။တကျက်ကျက်ပေါ့”

“ဟုတ် မေမေ။သမီးက အထည်ဆိုင်မှာပဲ အချိန်ကုန်နေတော့ မောင်လေးမိန်းမနဲ့ သိပ်မရင်းနှီးသလို ဖြစ်နေလို့ပါ”

အရမ်းအေးချမ်းလှတဲ့ သမီးကြီးပါ။ အနေအေးဆေးသလို အတွေးလည်း ငြိမ်းအေးလှသူပါ။သားငယ်လေးလည်း သမီးကြီးနဲ့ စရိုက်တူတယ်။အေးဆေးလွန်းကြတယ်လေ။

————————————————————————-

“သူဌေးမကြီး လာပြီ။ဒီဝိုင်းကို ဒကာခံနော် ”

“အထင်မကြီးစမ်းပါနဲ့ဟာ”

လူကို အထင်ကြီးနေကြတဲ့ သူငယ်ချင်းတွေကို မြပိုးဖြူ ရှုံ့မဲ့စွာ ညည်တွားပြလိုက်တယ်။

“နင့် ယောက္ခမကြီးက အေးပါတယ်ဟ”

“အမယ်လေးးးးပျော့ပျော့နဲ့ နံတဲ့ ကြောင်ချီး”

“ဟားးးးးးးးးဟားးးးးးးး”

“ဒါဆို နင်တို့က ဟိုစကားပုံလိုပေါ့ ။ ချွေးမနဲ့ယောက္ခမ ခွေးမနဲ့မျောက်မ”

“ဟားးးးးးဟားးးးးးဟားးးးးး”

—————————————————————————–

“ဟယ်လို ကိုလင်း သားငယ်ကို ဆိုင်လွှတ်ပေးပါအုံး”

“ခဏနေ လွှတ်လိုက်မယ်နော် အကြည် ဖြစ်တယ်မလား”

“ဟုတ်ကဲ့”

————————————————————————-

“မေမေ”

“သားလေး လာ လာ”

“ဒီမှာ ပိုးလေးအတွက် မေမေ ‌ဆွဲကြိုးနဲ့နားတောင်းလေး လက်ဆောင်ပေးမလို့ ရွေးထားတာ။ သားကြည့်ပါအုံး သဘောကျလား”

ကျွန်တော် ပျော်သွားမိတယ်။မေမေက ပိုးလေးကို ချစ်ပါတယ်။ဒါကို ပိုးလေးက အထင်လွဲနေတာ။

“ဟုတ် မေမေ လှထားတာ”

ပျော်နေတဲ့ သားလေးမျက်နှာကို ကြည့်ပြီး ကျွန်မ စိတ်ချမ်းမြေ့မိတယ်။ကျွန်မ သားလေး စိတ်အေးချမ်းနေဖို့ကိုပဲ ကျွန်မ မျှော်လင့်မိသူပါ။

“သားလေ အိမ်ပြန်ပြီး မိန်းမကို သွားဆင်ပေးလိုက်”

“ဟုတ်ကဲ့ မေမေ”

—————————————————————————-

“ဟင့် သူ့သမီးကျတော့ နားတောင်း၊ဆွဲကြိုးအပြင်
ဟန်းချိန်းကော၊ ဖုချိန်းပါ ဝတ်ထားသေးတာ”

ကျွန်တော် စိတ်ပျက်သွားမိတယ်။ကျွန်တော်ထင်တာက ပိုးလေးအရမ်းပျော်သွားမယ်လို့ ထင်ခဲ့မိတာ‌လေ။

ထင်မှတ်မထားတဲ့ စကားက ပိုးလေးပါးစပ်က ထွက်ကျလာပါလား။ကျွန်တော် ဒေါသထွက်မိတယ်။

“ပိုးလေး နင်တော်တော် တရားလွန်ပါလား။ငါ့အမေက နင့်ကို ချစ်လို့ လက်ဆောင်ပေးတာကို ကျေးဇူးမတင်တဲ့အပြင်”

“ဟဲ့ နင့်အမေက ငါ့ကို ချစ်ရင် သူ့သမီးနဲ့ တန်းတူ ဆင်ပေးမှာပေါ့။နင်တို့သာ လူပါးဝနေကြတာ”

ကျွန်တော့်စကားမဆုံးခင် ကုန်းအော်ပစ်တဲ့ ပိုးလေးကြောင့် ကျွနိတော် စိတ်ဆိုးမိကာ လှည့်ထွက်ခဲ့လိုက်တယ်။

“နင့်အမေထိတော့ နာတယ်ပေါ့လေ။ငါ့ကျတော့ ဘယ်သူစော်ကားစော်ကားပေါ့ ဟုတ်လား”

ပိုးလေးရဲ့ ရိုင်းစိုင်းတဲ့ စကားလုံးတွေကို ကျွန်တော် ကျောခိုင်းပစ်ခဲ့တယ်။မိုက်ရိုင်းလွန်းတဲ့ မိန်းမ၊စေတနာကို စော်ကားလွန်းတဲ့မိန်းမကို ကျွန်တော် ဘာလို့ယူခဲ့မိပါလိမ့်။
—————————————————————————

###ယောက္ခမ###
အပိုင်း(၃)

“မေမေ ”

“သားငယ်လေး မေမေ့ကို ဘာပြောချင်လို့လဲ ပြောလေ”

“မေမေ သားမိုက်ကို ခွင့်မလွှတ်ပါနဲ့ဗျာ ဟီးးးးဟီး”

“ဟင် သားလေး ဘာဖြစ်လို့လဲ မေမေ့ကို ပြောပါအုံး”

ကျွန်မ ရင်တွေတုန်လာခဲ့တယ်။ကျွန်မသားလေးက ဒီလိုမျိုး ငိုလောက်အောင် ဘာတွေဖြစ်နေတာလဲ။

“သားလေး သားလေး”

“ဟီးးးးဟီးး”

“မေမေရယ် သားက သားမိုက်ပါ။ပညာကို ဆုံးခန်းတိုင်အောင် မသင်ဘဲနဲ့ စိတ်ကစားပြီး မိန်းမယူခဲ့မိတာ။ ခု သား နောင်တတွေ ရနေပါပြီ”

“သား သား မေမေ့ကို သေချာကြည့်စမ်း”

ကျွန်မ သားလေး အငိုရပ်ကာ ကျွန်မကို ကြည့်လာရှာတယ်။

“သား ဘာတွေခံစားနေရလဲ မေမေ့ကိုပြော”

ကျွန်တော် မေမေ့ရင်ခွင်ထဲ တိုးဝင်ပြီး မေမေ့ကို အတင်းအကျပ်ဖက်ထားမိတယ်။

“မေမေ သား ပိုးလေးကို မပေါင်းချင်တော့ဘူး။သား သူနဲ့နေရတာ စိတ်ဆင်းရဲလို့ပါ”

“သားလေးရယ်”

ကျွန်မ သားအတွက်ရော ချွေးမလေးအတွက်ကော နှစ်ယောက်လုံးအတွက် စိတ်မကောင်းဖြစ်မိတယ်။
အသက် ၁၆နှစ် ပဲရှိသေးတယ် ။စိတ်ကစားမိကြပြီးနှစ်ယောက်လုံးက အိမ်ထောင်ရေးဆိုတဲ့ မတ်စောက်လှတဲ့ ချောက်နက်ကြီးထဲ ခုန်ချခဲ့ကြတယ်‌လေ။

အိမ်ထောင်သက် လပိုင်းလေးအတွင်းမှာပဲ လောကဓံကို မခံနိုင်ကြတော့ဘူး။ကျွန်မကို အတင်းဖက်ထားရှာတဲ့ သားလေးရဲ့ ကျောကို ဖွဖွလေးပုတ်ရင်း

“သားငယ်လေး အဲ့လို လုပ်လို့ မရဖူးလေ သားရဲ့။မေမေ့အတွက် သားငယ်လေးက ရတနာတစ်ပါးဖြစ်သလို ပိုးလေးကလည်း သူ့မိဘတွေအတွက် ရတနာတစ်ပါးဖြစ်နေခဲ့တာပဲလေ။ကိုယ်ချင်းစာစိတ်ထားရမယ်။မိန်းကလေးတစ်ယောက်ကို အပြစ်ရှာပြီး ကွဲအောင်လုပ်ဖို့ ဘယ်တော့မှ စိတ်မကူးရဖူးနော် သား”

“ခု သားက သူမကောင်းဘူးလို့ မြင်နေတယ်မလား။ဒါဆို အရင်က သူကောင်းခဲ့တာလေးကို ပြန်တွေးတတ်ရမယ်။ နားလည်မှုယူရမယ်။မေမေ့သားလေးက ခင်ပွန်းကောင်းတစ်ယောက်ဖြစ်အောင် နေထိုင်ရမယ်နော်”

“ဟုတ်ကဲ့ မေမေ”

————————————————————————–

“ငါ ဒီနားမှာ ထားထားတာပါ”

“အကြည် ဘာတွေ ရှာနေတာလဲ”

“ကိုလင်း ကျွန်မ မှန်တင်ခုံပေါ် မှာ စိန်လက်စွပ် တင်ထားတာ မတွေ့တော့လို့။မမတင်တင်က ကြည့်ချင်တယ်ပြောလို့ ပြမလို့လေ။ ရေအိမ်ဝင်လို့ ခဏတင်ခဲ့မိတာ ။အထားမမှားပါဘူး။ကျွန်မ သေချာတင်ခဲ့တာပါ”

ဦးလင်းထက်လည်း အကြည်နဲ့အတူ စိန်လက်စွပ်ကို ဒေါင်းတောက်အောင် ရှာကူတယ်။မတွေ့ဘူး။

“အကြည် သေချာစဉ်းစားပါအုံးကွာ။အထားမှားသလား”

——————————————————————————

“မလေး ဒီနေ့ ဘာထွက်သွားလဲ”

“၆၈”

“ဟာ သွားပြီ”

မြပိုးဖြူ စိတ်ညစ်သွားရပြီ။ ၃တစ်လုံး ပတ်ထားတာ ။ခုတော့ ၆၈တဲ့။

“သွားတာ နောက်ထား ပိုးလေး။၁၀သိန်း တောင်ရှိပြီ လေ။ပိုက်ဆံရှင်းပေးတော့။”

“ကျွတ်”

မြပိုးဖြူ ဘယ်လို လုပ်ရမလဲ။ ၁၀သိန်း ဘယ်က ပိုက်ဆံနဲ့ပေးရမလဲ။စိန်လက်စွပ် ။ မြပိုးဖြူ မျက်လုံးထဲ စိန်လက်စွပ် ပေါ်လာခဲ့တယ်။

“ခဏစောင့်နေ လာပေးမယ်”

“ကတိတည်နော် ပိုးလေး”

“ပေးပါမယ်ဆို ဘာဖြစ်နေတာလဲ မလေး”

—————————————————————————–

စိန်လက်စွပ်ပျောက်သွားတာကို ကျွန်မ ဘဝင်မကျသလို နှမြောနေမိတယ်။ပေါက်ဈေးက ၆၅သိန်းလောက် တန်တာကို။

မျက်လုံးထဲ ချွေးမလေး ပေါ်လာမိတယ်။မနက်က ကျွန်မ ရေအိမ်ထဲကထွက်တော့ ချွေးမလေးကို ကျွန်မ အခန်းရှေ့က ဖြတ်သွားတာ တွေ့လိုက်တယ်။

အို မဟုတ်တာတွေ တွေးမိတော့မယ်။အသိ၊သတိနဲ့ စိတ်ကိုထိန်းရင်း ကျွန်မ ခေါင်းယမ်းမိတယ်။ဥစ္စာပျောက် ငရဲရောက်ဆိုတာ ခုလို အတွေး‌တွေကြောင့် ဖြစ်မယ်။ငါကိုက အသုံးမကျတာပါလေ။

——————————————————————————

“အူဝဲ အူဝဲ အူဝဲ”

‌”မွေးပြီ မွေးပြီ ယောက်ျားလေးဟေ့”

ကျွန်မ ခြေလက်တွေအေးစက်နေရာမှ “မြေး”ဆိုတဲ့ အသိတစ်ချက်ကြောင့် နှလုံးသားတစ်ခုလုံး နွေးထွေးဖြာကျသွားခဲ့တယ်။

“ကိုလင်း ယောက်ျားလေးတဲ့”

ချစ်ဇနီးရဲ့ ပြုံးပျော်နေတဲ့ ပုံရိပ်လေးကို ကြည့်ပြီး ဦးလင်းထက် ပြုံးမိတယ်။

——————————————————————————

“အဲ့ အဲ့ အဲ့”

“အေ့အေ့ ဘွားမြေးလေး ငိုရဖူးနော် အေးးအေးးးအေးး”

“အကြည်ရယ် ယောက်ျားနားလည်း ကပ်ပါအုံး။တကတည်း မိုးလင်းတာနဲ့ မြေးဆီပြေးတော့တာပဲ”

ကိုလင်းရဲ့အရွှန်းဖောက်တဲ့စကားကြောင့် ကျွန်မ မျက်စောင်းထိုးမိတယ်။

“ကိုလင်းနော် အသက်တွေက ၅၀ကပ်လာပြီ ကလေးကလားနဲ့”

“ဟားးးးဟားးးးဟားးးး”

—————————————————————————-

မြေးပေါက်စလေးကို အဖြစ်သည်းနေတဲ့ ယောက္ခမစုံတွဲကိုကြည့်ပြီး မြပိုးဖြူ ပြုံးမိတယ်။သူ့တို့အသက်က သားကနေ မြေးဖြစ်သွားပြီ‌လေ။

“ကိုကို”

“အင်းးး”

“ပိုးလေးတို့ အိမ်ခွဲနေကြရအောင်”

“ဘာဖြစ်ရပြန်တာလဲကွာ”

“ကလေးတစ်ယောက်တောင် ရနေပြီရှင့်။ပေးတာယူ ကျွေးတာစားဘဝနဲ့ မနေချင်တော့ဘူး”

“ရှင့်အမေကို အကျိုးအကြောင်းပြောပြပြီး အမွေတောင်းလိုက်တော့ နော် ကိုကို”

“ကျွတ်”

ကျွန်တော် တော်တော်စိတ်ညစ်မိပါတယ်။ အားနေ အမွေတောင်းခိုင်းနေတဲ့ မိန်းမကြောင့် ကျွန်တော် စိတ်ညစ်ရပါတယ်။

“ဟူးးးးး”
—————————————————————————–

ဒီနေ့ မြေးလေးရဲ့၆လပြည့် မွေးနေ့။ချစ်စရာ ကောင်းလွန်းလှတဲ့ မြေးလေးရဲ့နာမည်ကို ကျွန်မ ထူးမြတ်ထက်လို့ ပေးထားတယ်။

“မေမေ”

မြေး‌ကို လက်ကမချ ဖြစ်နေတဲ့ မေမေ့ကို ကြည့်ပြီး ကျွန်တော် ပြောမထွက်ဖြစ်နေခဲ့တယ်။မပြောရင်လည်း ပိုးလေးက ပြသနာရှာမှာလေ။

“သားငယ် ပြောလေ။လာ လာ မင်းရဲ့သားလေးကိုလာ ကြည့်စမ်း။ မေမေ့ကို လေတွေပေါနေတာ ခစ် ခစ်”

ကျွန်တော် ပြောမထွက်တော့ပါ။မေမေ့ရဲ့ အပြုံးလေးတွေ ပျက်စီးအောင် ကျွန်တော် မလုပ်ရက်တော့ပါဘူး။

“မေမေ မေမေ့သားက အိမ်ခွဲနေချင်လို့တဲ့။ မေမေ့ကို ခွင့်တောင်းမလို့ ဟန်ပြင်နေတာ”

“ဟင် ဘယ်လို ဘယ်လို”

ကဲ ပြီးပြီလေ။ဒါလေး ပြောဖို့ကို အရှိန်ယူနေတာ။စိတ်မရှည်လို့ မြပိုးဖြူ ဝင်ပြောပစ်လိုက်တယ်။ကိုကို့ကိုလည်း မျက်စောင်းပိတ်ထိုးပစ်လိုက်တယ်။

“မင်းတို့က ဘယ်အိမ်မှာ ခွဲနေမလို့လဲ။မင်းယောက္ခမ အိမ်မှာ သွားနေမလို့လား”

ဦးလင်းထက် သားဖြစ်သူ မြတ်မင်းထက်ကို ကြည့်ပြီးမေးလိုက်တော့ ချွေးမဖြစ်သူ မျက်နှာ အတော်ပျက်သွားတာကို သတိထားမိလိုက်တယ်။

ဒီကောင်မလေးရဲ့စရိုက်ကို ဦးလင်းထက် လုံးဝ သဘောမကျပါဘူး။ ခုလည်း ကောင်းကောင်း နေရဲ့သားနဲ့ လောဘ တက်နေတာ ဦးလင်းထက် သိနေခဲ့တယ်။

“အို မဟုတ်ပါဘူး။ပိုးလေးတို့က ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ပါ”

“ပက်ခနဲ ပြန်ပက်ပြောလိုက်တဲ့ ချွေးမဖြစ်သူရဲ့ စကားကြောင့် ဦးမင်းထက် မဲ့ပြုံး ပြုံးမိတယ်။

“အေး ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ချင်သပဆိုလည်း မတားဘူး ။သဘောပဲ ဟုတ်လား”

ဖေဖေ့စကားကြောင့် ကျွန်တော် တုန်လှုပ်သွားမိတယ်။ပိုးလေးကို ကြည့်တော့လည်း မျက်နှာပျက်နေပြီ။

“အဲ့ အဲ့ဒါ ကျွန်တော်တို့ကို အိမ်လေး တစ်လုံးလောက် ဝယ်ပေးစေချင်လို့ပါ ဖေဖေ”

“ဘာ ဟကောင် မင်းမိန်းမ ပြောတာက ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်ချင်လို့ဆို”

“ဖေဖေ့ သမီးကြီးကိုတောင် အထည်ဆိုင်ကြီး ဖွင့်ထားပေးသေးတာပဲ။ ဒီသားအတွက်ကျ အိမ်လေးတစ်လုံးတော့ ဆောက်ပေးသင့်တာပေါ့။

“ဘာ ဘာ ဘာ”

ချွေးမဖြစ်သူရဲ့စကားကြောင့် ဦးလင်းထက် ဒေါသအကြီးအကျယ် ဖြစ်သွားရပြီ။

“တော်ကြပါတော့ ကျွန်မ ပြောပါရစေအုံး”

ပေါက်ကွဲအံ့ဆဲဆဲ ကိုလင်းရဲ့ ဒေါသမိုင်းကို ကျွန်မ အပြေးဝင်ထိန်းရပါတယ်။

“သား ဘာဖြစ်ချင်တာလဲ မေမေ့ဆိုင်ကို မနက်ဖြန်လာပြီးပြော ဟုတ်လား”

“နောက်ပြီး သမီး ပိုးလေးကို မေမေ ပြောမယ်။သမီးကမေမေတို့ရဲ့ မိသားစုဝင်ဖြစ်ပေမဲ့ သမီးချွေးမနေရာမှာ ရောက်ရှိနေတဲ့အတွက် နေရာတိုင်း ဝင်မပြောမိပါစေနဲ့။

ပိုးမြဖြူ အံတင်းတင်းကြိတ်မိတယ်။ပျော့ပျော့နဲ့ နံပြသွားတာ။ဒီမိန်းမကြီး လူပါးဝသွားတာ။သူ့ယောက်ျားထက်တောင် သူက ပိုကောက်ကျစ်သေးတယ်။

——————————————————————————–

“လုံးဝ မလုပ်ပေးနိုင်ဘူး အကြည် ။ ဒါ သူ့မိန်းမ စနက်တွေကွ ”

“ကျွန်မ သိတာပေါ့ ကိုလင်းရယ်။ ဒါပေမဲ့ သားလေးက အိမ်ထောင်သည်ဖြစ်နေပြီလေ။ သူကိုယ်တိုင်က အိမ်ခွဲနေချင်တာပဲ။ လုပ်ပေးလိုက်ကြရအောင်”

“တောက် မိန်းမလည်မ”

ကျွန်မ အတော် စိတ်ဆင်းရဲရပါတယ်။ချွေးမ မကောင်းမှန်းသိပေမဲ့ ကျွန်မသားလေးရဲ့ မိန်းမလေ။ခုဆို မြေးလေးရဲ့ မေမေ ဖြစ်နေပြီ။ကျွန်မတို့ ရှာနေတဲ့ ပစ္စည်းဥစ္စာတွေကလည်း သားနဲ့ သမီးအတွက်ပဲ ရှာဖွေခဲ့တာပဲ။

“ဟငျးးးးးးးးး”

—————————————————————————-

“တိုက်အိမ်အသစ်လေးကို ကြည့်ပြီး မြပိုးဖြူ ပျော်နေခဲ့မိတယ်။အိမ်ထောင်ကျတဲ့သူငယ်ချင်းတွေထဲမှာ မြပိုးဖြူ တစ်ယောက်ပဲ အိုးနဲ့အိမ်နဲ့ နေရတာလေ။

“ခစျးးးခစျ”

ဟန်မဆောင်နိုင်အောင် ပျော်ရွှင်နေတဲ့ ပိုးလေးကို ကြည့်ပြီး ကျွန်တော် သက်ပြင်းခိုးချမိတယ်။လင်မယားဆိုတဲ့ သံယောဇဉ်ကလည်း မသေးဘူးလေ။သူ မကောင်းမှန်း သိရက်နဲ့ သူ့စကားကိုပဲ ကျွန်တော် နားထောင်နေမိတယ်။မေမေနဲ့ဖေဖေ့ကိုတော့ အားနာမိတာ အမှန်ပါ။

“ကိုကို သားလေးကို မေမေတို့နဲ့ ထားခဲ့လိုက်မယ်နော်”

“ဟင် ကလေးက နို့မပြတ်သေးဘူးလေ ပိုးလေး”

“ဟာ ပူမနေစမ်းပါနဲ့ ချစ်လင်ကြီးရဲ့ သူ့အဘွားက ပိုးလေးနို့ထက် အရသာရှိတာတွေ ဝယ်တိုက်လိမ့်မယ် ခစ် ခစ် ခစ်”

အတွေးထဲက တိုက်အိမ်လေး လက်တွေ့မှာ တကယ်ဖြစ်လာခဲ့ပြီလေ။ခု သားထက် မြေးကို အချစ်ပိုသွားတဲ့ ယောက္ခမစုံတွဲအတွက် မြပိုးဖြူ အညှာကိုင်တတ်ရမယ်လေ။အခုဆို မြပိုးဖြူရဲ့ သားလေးက သူတို့ရဲ့ အညှာပဲလေ။‌

——————————————————————————-

“ပိုးလေး ကို အားကျတာ”

အိမ်ကို လာလညိကြတဲ့ သူငယ်ချင်းတွေရဲ့ စကားကြောင့် မြပိုးဖြူ ခေါင်းမော့ရယ်မိတယ်။

“ခစ် ခစ် ခစ်”

“ဒါနဲ့ နင့်သားကို မလွမ်းဖူးလား”

“လွမ်းစရာလားဟ။ကိုယ်ကလေး ကိုယ် အချိန်မရွေး သွားခေါ်လို့ရတာပဲ”

“နင်ကလည်း ဟိုစကားပုံလိုပဲ။ဘာတဲ့ မဒါန်းမသား ဥမခင်ဆိုလား”

“ဟားးးးးးဒီမယ် နင်တို့မှတ်ထား။ငါပိုင်တဲ့အပင်လေးကို ယောက္ခမကြီးတွေက ရေလောင်းပေါင်းသင် လုပ်‌ပေးနေကြတာ။အချိန်တန်လို့ အသီးအပွင့်တွေ ဖြာကျလာရင် ငါက အရံသင့် ခူးဆွတ်ပြီး မြိန်မြိန်ရှက်ရှက် စားလိုက်ရုံပဲ သဘောပေါက်”

“နင့်စိတ်ဓာတ်ကြီးကလည်း ကြောက်စရာကြီး။လိုက်မမီတော့ပါဘူးဟယ်”

“ဟားးးးဟားးးးးဟားးးး”

—————————————————————————-

###ယောက္ခမ###
အပိုင်း(၄)

“ဘိုးဘိုးရေ သားသားကို ကျောင်းလိုက်ပို့ပါ”

“အမယ် အမယ် တက္ကသိုလ်ကျောင်းသားကြီး ကျောင်းသွားတော့မယ်ပေါ့။”

မြေးလေးကို အသည်းပိုနေတဲ့ ကိုလင်းကို ကြည့်ပြီး ကျွန်မ ကြည်နူးမိတယ်။အချိန်တွေအကုန်မြန်တာ ကျွန်မမြေးလေးတောင် မူကြိုတက်နေရပြီလေ။

“အကြည်ရေ ကိုယ်တို့ မြေးအဘိုး ကျောင်းသွားတော့မယ်နော်”

“ဟုတ်ကဲ့ပါရှင်”

“သားသားရေ ဘွားဘွားကို အာဘွားပေးခဲ့ပါအုံး”

ထူးမြတ်ထက်လေး အဘွားဖြစ်သူဆီ အပြေးလာကာ

“အာဘွား”

“ခစ် ခစ် ခစ်”
————————————————————————-

“ကိုမြတ်မင်းထက်”

“‌ဪ ဝေမွန်ပါလား”

“ဟုတ်ကဲ့ တမင် ကိုမြတ်မင်းထက်ကို လာရှာတာပါ”

ကျွန်တော် ရင်တုန်သွားမိတယ်။ ပိုးလေးရဲ့ ပြသနာတွေကို ရှင်းရအုံးမလားပဲ။

“ဟုတ် ခဏနော် ကျွန်တော် လက်သွားဆေးလိုက်အုံးမယ်”

“ဟုတ်ကဲ့ပါ”

“ဘာကိစ္စများရှိလို့ ဝပ်ရှော့ထိလာတာလဲ မဝေမွန်”

“ကိုမြတ်မင်းခန့်ကိုတော့ အားနာပါတယ်.။ဒါပေ့မဲ့ ကျွန်မလည်း အခက်ကြုံနေရလို့ပါ”

“ကိုမြတ်မင်းခန့်ရဲ့ဇနီးက ကျွန်မအစ်မဆိုင်မှာ ရွှေအတုလာပေါင်လို့”

“ဗျာ”

ကျွန်တော် ရှက်လွန်းလို့ အခိုးအငွေ့အဖြစ် ပျောက်ကွယ်ချင်မိပါတယ်။ရွှေဆိုင်ပိုင်ရှင်ရဲ့ ချွေးမက သူများဆိုင်မှာ ရွှေအတု သွားပေါင်တယ်တဲ့လေ။မေမေတို့သိရင် ဘယ်လောက်ရှက်လိုက်မလဲ။

“ဟုတ်တယ် ကိုမြတ်မင်းခန့်။ ကျွန်မအစ်မက ရဲတိုင်မယ် တကဲကဲ လုပ်နေတာ။ကျွန်မ တားထားလို့တာပေါ့”

“ကျေးဇူးတင်ပါတယ် မဝေမွန်ရယ်။ကျွန်တော် ရှက်လွန်းလို့ ဘာပြောရမလဲ မသိတော့ပါဘူးဗျာ။”

“ကျွန်မနားလည်ပါတယ်။ကိုမြတ်မင်းခန့်သိအောင် အကျိုးအကြောင်းလာပြောပြတာပါ။မိန်းမကို ဆုံးမထားအုံးပေါ့ရှင်”

————————————————————————–

“မြပိုးဖြူ မြပိုးဖြူ”

အသံကျယ်ကြီးနဲ့ မြပိုးဖြူနာမည်ကို အော်ခေါ်ပြီး ဝင်လာတဲ့ ကိုကို့ကို ကြည့်၍ မြပိုးဖြူ ပခုံးတွန့်လိုက်တယ်။

“အိမ်မှာ နားပင်းတဲ့သူ တစ်ယောက်မှ မရှိဘူး ကိုကို”

“မင်းလုပ်တာ ကောင်းလား။မင်းမှာ အရှက်မရှိတော့ဘူးလား။ငါရှာသမျှ မင်းရဲ့လောင်းကစားကြွေးတွေကို ဆပ်နေရတယ်။ဒါတောင် မင်းက ရွှေအတုကို သွားပေါင်သေးတယ်။ ထောင်ချလို့ရတယ်ဆိုတာ သိရဲ့လား”

“သိတယ် သိတယ် ရှင့်ကို အရှက်ခွဲချင်လို့ကို သွားပေါင်ခဲ့တာ”

“ဘာ”

ကျွန်တော် မြပိုးဖြူကို မျက်လုံးအပြူးသားနဲ့ဒေါသတကြီး ကြည့်မိတယ်။ဘာမှ မစဉ်းစား မဆင်ခြင်နိုင်တော့ဘဲ

“ဖြန်းးးး”

“အမယ်လေး”

မြပိုးဖြူလန့်သွားမိတယ်။ပါးပြင်ပေါ်က စပ်ဖျင်းဖျင်းအရသာကြောင့် ဘုရားရေ ငါ ပါးရိုက်ခံလိုက်ရတာပဲ။

“နင် နင် ငါ့ကို ပါးရိုက်တယ် ဟုတ်လား”

“ဝုန်း—–ဒိုင်း”

“သူတောင်းစားကြီး——–“

“ကဲဟာ အားးး”

လုံးထွေးသတ်ပုတ်သံ၊ဆဲသံ။ ဆူညံသံများက ပတ်ဝန်းကျင်မှာ ညံညံစီသွားခဲ့သည်။

———————————————————–

“အေ့ အေ့ ပိုးလေး ပိုးလေးရေ”

“ဟင် ကိုကို အရက်တွေသောက်လာပြန်ပြီလား”

ကျွန်တော်စိတ်ညစ်တဲ့အခါတိုင်းအရက်ကိုအဖော်ပြုတတ်လာခဲ့တယ်။ဒါတွေ ပိုးလေး နားမလည်ပါဘူး။ သူသိတာက နှစ်လုံး၊သုံးလုံးဆော့ဖို့ပဲသိတာလေ။ကျွန်တော်မေမေ့ကို တမ်းတမိပြန်တယ်။

“မေမေ မေမေရေ”

“ကိုကို ရှင်ဘာဖြစ်နေတာလဲ။မူးနေရင်လည်း အေးဆေးနေလိုက်။ဒီအိမ်မှာ ရှင်ရစ်လို့ရတဲ့သူ တစ်ယောက်မှ မရှိဘူး။”

“အေး မင်းလည်းအေးဆေးနေလိုက်။ငါ့လုပ်စာက အေးဆေးစားပြီး အေးဆေးနေလိုက်တော့ မြပိုးဖြူ”

“အမယ်လေး ကြီးတောင့်ကြီးကျယ်နဲ့ ငါ့လုပ်စာလေး ဘာလေးနဲ့။ ဦးလင်းထက်၊ဒေါ်ကြည်ဖြူမင်း တို့ရဲ့ ကျွန်အကြီးစားကြီးရဲ့”

“ဟင် နင့်ငါ့မိဘကို စော်ကားပြန်ပြီလား ကဲဟာ ကဲဟာ”

“နွားကြီး———-နင်ကများ ငါ့ကို”

“ဝုန်း ဝုန်း ခွမ်း ခွမ်း—

————————————————————————–

ကျွန်တော် လောကြီးထဲ မနေချင်တော့ပါဘူး။တဖြည်းဖြည်းနဲ့ ကျွန်တော့်အဖော်က အရက် ဖြစ်လာခဲ့တယ်။ ဖေဖေက ကျွန်တော်သောက်တတ်လာတာကို ရိပ်မိပုံတော့ ရပေမဲ့ ဘာမှ မပြောပါ။ကျွန်တော်တို့ အိမ်ခွဲနေပြီးကတည်းက ဖေဖေ ကျွန်တော့်ကို စကား မပြောတော့ဘူးလေ။

“မေမေ”

ကျွန်တော် မေမေ့ကို တမ်းတမိပြန်ပါပြီ။ကျွန်တော်ရဲ့ ခံစားချက်တွေကို မေမေသိအောင် ရင်မဖွင့်ဖြစ်တော့ပါဘူး။ခုဆို ကျွန်တော့်အသက်က နှစ်ဆယ်ကျော်နေပြီလေ။မေမေ စိတ်ဆင်းရဲအောင် ဘာမှ မပြောချင်တော့ဘူး။ ကျွန်တော် ရင့်ကျက်လာတာလား မသိတော့ပါဘူး။

————————————————————————–

မြပိုးဖြူ စိတ်တွေညစ်နေမိပါပြီ။ခုဆို အကြွေးတွေက သိန်းရာနဲ့ချီနေပြီ။ဘာလုပ်ရမလဲ။နှစ်လုံးပတ်တာ အရင်အပတ်က သိန်း ၅၀ လောက် မြတ်လိုက်တယ်။ဒါ့ကြောင့် အတင့်ရဲပြီး ၁ တစ်လုံးကို ဆတိုးနဲ့ ပတ်လိုက်တာ မြတ်ထားတဲ့ သိန်း ၅၀ အပြင် အကြွေးရာနဲ့ချီတင်သွားခဲ့ပြီ။

“ကိုကို”

အရက်သောက်နေတဲ့ ယောက်ျားကို မြပိုးဖြူခေါ်လိုက်တယ်။

“ဘာလဲ”

“ပိုးလေးတို့အိမ်ထောင်သက် ၁၀နှစ်လောက်ရှိတော့မယ်နော်”

“အဲ့ဒါ ဘာဖြစ်လဲ”

ကိုကို့ကို မြပိုးဖြူ မျက်စောင်းလှမ်းထိုးလိုက်တယ်။အမယ် ဒင်းက အဖက်တောင် မလုပ်ပါလား။အကြောတင်းပြနေတာ။

“ကိုကို—–“

“ဟာ လန့်လိုက်တာကွာ ။ ဘာလို့ ကုန်းအော်နေတာလဲ”

“ရှင့်မိဘတွေက ကျွန်မတို့ ရသင့်တဲ့ အမွေကို ဘယ်တော့ပေးမှာလဲ”

“ဟ အဲ့စကားကို ငါ့ကို မရိုးနိုင်အောင် မေးနေရအောင် မင်းရှာထားတာ ဘယ်နှစ်ပြားရှိလို့လဲ”

မြတ်မင်းထက်စကားကြောင့် မြပိုးဖြူဒေါသ တထောင်းထောင်း ထွက်သွားခဲ့တယ်။

“ရှင်နွားမကျနေနဲ့ ကိုမြတ်မင်းထက်။ရှင့်မိန်းမနဲ့ကလေးရဲ့ နောင်ရေးကိုလည်း ထည့်တွေးအုံး။ ကျွန်မပြောနေတာ တစ်မိသားစုလုံးအတွက်ရှင့်။ရှင့်အစ်မက အကုန်အပိုင်စီးသွားလိမ့်မယ်။”

“စီးပါစေကွာ၊ငါကျေနပ်တယ်။ငါ့အစ်မက ငယ်ငယ်ကတည်းက အမေတို့အဖေတို့ကို စိတ်ဆင်းရဲအောင် မလုပ်ဖူးသလို ငါ့ကိုလည်း အနွံတာခံထိန်းကျောင်းလာခဲ့ပေးတာ။”

“ခုလည်း တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရှာပြီး မိဘကို လုပ်ကျွေးနေတာ။ငါသာ ခုထိ မိဘကို တစ်ပြားမှ မပေးနိုင်တဲ့အပြင် ခုနေတဲ့အိမ်ကိုလည်းအမေတို့ကဝယ်ပေးခဲ့တယ်။ငါ့ကလေးကိုလည်း အစစအရာရာ လိုသေးသေးမရှိ စောင့်ရှောက်ပေးထားသေးတယ်။”

မြပိုးဖြူ သည်းမခံနိုင်တော့ပါ။

“ရှင့် ပါးစပ်ပေါက်ကို ပိတ်ထားလိုက်တော့”

ကျွန်တော် မြပိုးဖြူကို ကျောခိုင်းကာ မဲ့ပြုံးပြုံးမိတယ်။ထို့နောက် အရက်ခွက်ကို တကျိုက်တည်း မော့သောက်ပစ်ခဲ့တယ်။

———————————————————————–

“ကိုလင်း ကျွန်မသားလေးကို လွမ်းတယ်။သားလေး နေကောင်းရဲ့လား။အိမ်ဘက်ကိုလည်း မလာပါလား။”

ဦးလင်းထက် အကြည့်ကို စိတ်မကောင်းစွာနဲ့ ကြည့်မိတယ်။သူ့သားငယ်လေး အရက်သမားဖြစ်နေတာကို ဦးလင်းထက် အကြည်ကို မပြောပြခဲ့ပါ။သူကိုယ်တိုင်လည်း သားငယ်ရဲ့မိန်းမနဲ့ မပက်သက်ချင်၍ မဆုံးမခဲ့ပါ။

“ကိုလင်း”

“မင်းသား ဒေါင်ဒေါင်မြည်ပါတယ် အကြည်ရာ”

———————————————————————–

“ကိုလင်းထက် ကိုလင်းထက်”

“ဟ မိုးချုပ်ကြီးကို ဘာကိစ္စရှိလို့လဲ ကိုအောင်သောင်း”

“လာ လာ အိမ်ထဲဝင်ထိုင်။မမတင်လည်း ပါတာပဲ။လာလာ။”

“ဟယ် မမတင်တို့ လင်မယား ပါလား။ အလည်သက်သက်တော့ မဟုတ်လောက်ဖူးထင်တယ်။ထိုင်ပါအုံး။”

“ပြောရမှာအားနာပေမဲ့ ပြောရအုံးမှာပဲ ကြည်ဖြူရယ်”

“ဘာများလဲ မမတင်”

“ဒီလိုပါ ကြည်ဖြူ။မမတင်ရဲ့သမီးဆိုင်မှာ ကြည်ဖြူရဲ့ချွေးမက ကုန်ပစ္စည်းတွေ အကြွေးတွေလာယူပြီး မပေးဘဲလုပ်နေလို့ လာခဲ့တာပါ။အားလည်းနာပါတယ်။”

“ရှင်”

“ဟ ဒါဆို ကျွန်တော်တို့ဆီ အကြွေးလာတောင်းတာပေါ့ ဟုတ်လား”

ဒေါသတကြီးနဲ့ဝင်မေးတဲ့ကိုလင်းကြောင့်ကျွန်မလှမ်းတားလိုက်တယ်။

“ကိုလင်း ကျွန်မ ပြောမယ်”

“ဘာမှ မင်းပြောစရာ မလိုဘူး အကြည်။ ကိုအောင်သောင်းနဲ့မမတင်တို့ကို အားနာပေမဲ့ ပြောသင့်ပြောထိုက်တာမို့ ပြောမယ်ဗျာ”

“အဲ့မိန်းကလေး အကြွေးယူသွားတာလည်း ကျွန်တော်တို့ မသိဘူး။ဒါကို ကျွန်တော်တို့ဆီ ဘာလို့အကြွေးလာတောင်းနေတာလဲ။”

“ကျွန်မသမီးကလည်းကိုလင်းထက်တို့မျက်နှာနဲ့အကြွေးပေးလိုက်တာပါ။”

“အဓိပ္ပာယ်မရှိတာဗျာ။ချွေးမတော်တာနဲ့ပဲ သူ့အကြွေးတွေ လိုက်ဆပ်မပေးနိုင်ဘူး။ပြီးတော့ ကျွန်တော်တို့လင်မယားနဲ့မမတင်တို့လင်မယား သိလာခဲ့တာ နှစ်ပေါင်းမနည်းတော့ပါဘူး။ကျွန်တော်တို့ အကြွေးယူဖူးလား။”

“ကို ကိုလင်း”

“တော်ပြီ အကြည် မင်းကို ကိုယ် ဒီ့ထက်ပိုပြီး အလိုမလိုက်နိုင်တော့ဘူး။ဒီမိန်းကလေးရဲ့ အရှုပ်ထုပ်တွေကို ဖြေရှင်းဖို့ ငါတို့အပင်ပန်းခံ စီးပွားရှာနေတာ မဟုတ်ဘူး။”

“ကဲ ကိုအောင်သောင်းတို့လည်း အကြွေးယူသူဆီကပဲ အကြွေးတောင်းပါ။”

————————————————————————–

“တောက်”

မြပိုးဖြူအမှုန့်ကြိတ်ပစ်ချင်တယ်။ဒီလောက်ပိုက်ဆံလေးက သူတို့အတွက် ပမွှားလေးပါ။ဒါကို တမင် လုပ်တာ။ဒီ ဥစ္စာရူးအဘိုးကြီး မြန်မြန်သေပါစေ။မြပိုးဖြူ ကျိန်စာ တိုက်နေမိတယ်။

“ဦးလင်းထက်ကားစီးရင်ကားမှောက်သေပါစေ။လှေစီးလှေမှောက်သေပါစေ”

“မင်း မိုက်ရိုင်းလွန်းနေပြီနော် မြပိုးဖြူ”

“နာတတ်လား နွားကြီးရဲ့။နင့်ဟာတွေထိတော———

“မိုက်ရိုင်းတဲ့မိန်းမ ———ဝုန်းးးဒိုင်းးးး”

————————————————————————

လောကကြီးမှာ မိန်းမသားတွေ များစွာ ရှိသလို ယောက္ခမ၊ချွေးမတွေလည်း များစွာ ရှိကြပါတယ်။ယောက္ခမဆိုတာ တချိန်တုန်းက သမက်၊ချွေးမ ဖြစ်ခဲ့ကြတာပါပဲ။

ကျွန်တော့်မေမေဟာ ဖေဖေရဲ့အမေ ကျွန်တော်ရဲ့အဘွားကို အဘွားသေသည်အထိခြေဆုပ်လက်နယ် ပြုစုပေးခဲ့တာ ကျွန်တော်အသိဆုံးပါ။

ဖေဖေဟာလည်း မေမေရဲ့မိဘတွေကို လစဉ်ငွေကြေးထောက်ပံ့ ကန်တော့ခဲ့ပါတယ်။မေမေ့မိဘတွေကျန်းမာရေးမကောင်းတော့တဲ့အခါ စီးပွားရေးကြောင့် ဖေဖေ မလိုက်နိုင်ခဲ့ပေမဲ့ မေမေနဲ့ ကျွန်တော်တို့မောင်နှမကို အဘိုးအဘွားကို ပြုစုဖို့ လွှတ်ပေးခဲ့သူပါ။

ချွေးမနဲ့ယောက္ခမ မတည့်တဲ့ ဇာတ်လမ်းများစွာ ကျွန်တော်ကြားဖူးပါတယ်။သူတို့တွေဘာလို့မတည့်ကြတာလည်း ကျွန်တော်မသိပါဘူး။

ကျွန်တော်သိတဲ့ကျွန်တော့်မိန်းမကတော့သူ့ရဲ့လောဘ၊စရိုက်ကြောင့်ကို လောကကြီးထဲက ဘယ်လို ယောက္ခမမျိုးနဲ့မှ အဆင်မပြေနိုင်လောက်ပါဘူး။

အတွေးစတို့ကို အဆုံးသတ်၍ ကျွန်တော် ခေါင်းယမ်းမိကာ အရက်ခွက်ကို တကျိုက်တည်းမော့သောက်ပစ်လိုက်ပါတော့တယ်။

“ဂွပ်”


###ယောက္ခမ###
အပိုင်း(၅)

“အင်းဟင်းဟင်း”

ကျွန်တော်အာခေါင်တွေခြောက်ကာ ခေါင်းမထူနိုင်လောက်အောင် ဖြစ်နေခဲ့တယ်။ ကျွန်တော် မေမေ့ကိုလွမ်းလိုက်တာ။

တစ်မြို့ထဲနေပြီး ကျွန်တော် မေမေ့ဆီ မရောက်ဖြစ်ပါ။ဆိုင်နဲ့အိမ် ကူးသန်းနေရတဲ့ မေမေကလည်း ကျွန်တော့်ဆီ မလာနိုင်ပါ။

“အင်းဟင်းဟင်း”

“ကိုကို ဘာဖြစ်နေတာလဲ။ဖျားနေတာလား။”

“ဟုတ်တယ် ပိုးလေးရယ်။ခြေလက်တွေလည်း ညောင်းကိုက်နေတယ်။ကိုကို့ကို နင်းပေးပါအုံးလား။”

“ပိုးလေး ပြန်လာရင် နင်းပေးမယ်။ခု သွားစရာရှိလို့။”

“ဪကိုကို ဒီညနေ လစာထုတ်မှာနော်။မမေ့နေနဲ့ ပိုးလေး ပိုက်ဆံမရှိတော့ဘူး။ကြားလား။”

“အင်း”

———————————————————————-

“သားငယ်”

“ဟင် မေမေ”

ကျွန်မကိုတွေ့၍ဝမ်းသာအားရဖြစ်သွားရှာတဲ့ကျွန်မရဲ့သားငယ်လေးကိုကြည့်ပြီးကျွန်မရင်ထဲအတော်
မကောင်း ဖြစ်သွားမိပါတယ်။

“သားငယ်လေးရယ်”

ချောင်ကျနေတဲ့ကျွန်မကလေးလေးရဲ့မျက်နှာကိုကြည့်ပြီးကျွန်မကိုယ့်ကိုကိုယ်အပြစ်တင်မိပါတယ်။ကျွန်မသားလေးကိုအိမ်ခွဲနေကတည်းက ကျွန်မ ဂရုမစိုက်ခဲ့မိဘူး။

သားအချစ်မြေးအနှစ်ဆိုတဲ့စကားအတိုင်းသားနေရာမှာမြေးလေးကိုပဲအစားထိုးကာကျွန်မပုံချစ်ခဲ့မိတယ်။ကျွန်မသားလေးကို ပစ်ထားမိတာ မြေးလေးတစ်သက်ပါလား။

“သားငယ်လေးရယ်”

“မေမေ မေမေရယ် ဘာလို့ငိုနေတာလဲဗျာ”

“မေမေ့ဆီဘာလိုမလာတာလဲသားလေးရယ်။နေကောင်းရဲ့လား။မျက်နှာတွေလည်း ချောင်လို့ပါလား။အရက်တွေသောက်တတ်နေပြီဆို။”

“တစ်ခါတစ်လေပါမေမေ။မေမေသားကိုလာတွေ့တာသားပျော်လိုက်တာ မေမေရယ်။”

ကျွန်တော် မေမေ့ကို တင်းကြပ်စွာဖက်ထားမိပါတယ်။မေမေ့ရင်ခွင်က နွေးထွေးလိုက်တာ မေမေရယ်။

“ဟင် သားငယ် ကိုယ်တွေပူခြစ်နေပါလား”

ကျွန်မကို လာဖက်ထားရှာတဲ့ သားငယ်ရဲ့ခန္ဓာကိုယ်က ပူခြစ်နေပါလား။ကျွန်မ စိုးရိမ်ခြင်း၊စိတ်မကောင်းခြင်းတို့ဖြင့် ပျာယာခတ်သွားခဲ့ပါတယ်။

“ပိုးလေးကော သား”

အိမ်ပတ်လည်ဝေ့ကြည့်ရင်း ပိုးလေးကို မေမေမေးတယ်။

“ကိစ္စရှိလို့တဲ့ အပြင်သွားတယ် မေမေ”

“ဟုတ်လား သားစားဖို့ ဘာလုပ်သွားပေးလဲ။”

မေမေ့ရဲ့အမေးစကားကြောင့် အားငယ်စိတ်တွေဖြစ်ကာ ကျွန်တော် မျက်ရည်ဝဲလာမိတယ်။

“ထထ ဆေးခန်းသွားရအောင်။ပြီးရင် သားစားချင်တာအားလုံး မေမေလုပ်ကျွေးမယ်နော်”

———————————————————————

“ကိုကိုရေ ကိုကို”

ကိုကိုဘယ်သွားနေပါလိမ့်။ဒီညနေ လစာထုတ်တာကို ပိုက်ဆံမအပ်ဘဲ ဘယ်သွားနေပြန်လဲ။

“ကျွတ် “

“ပိုးလေး”

“ဟင် ကိုကြီး ပါလား”

“ပိုးလေး ဒီနေ့အကြွေးတွေ ဆပ်ရမယ်ဆို”

“အင်းဟုတ်တယ် ကိုကြီးရေ ခုအပတ်လည်း ပိုးလေးထိတယ်။၃ပတ်ဆက်တိုက် ထိနေတာ ညစ်နေပြီလေ”

“ရော့ ပိုးလေးလိုတာ သုံး”

“ဟင်”

ပိုးလေး အံဩသွားမိတယ်။ကိုကြီး ဇော်မင်းက ဘာလို့ ပိုးလေးကို ကူညီတာပါလိမ့်”

“ယူပါ ပိုးလေးရဲ့။ပိုးလေးစိတ်ညစ်နေတာ မြင်ရတာ ကိုကြီးစိတ်မချမ်းသာလို့ပါ။”

ပိုးလေးရင်ထဲသာယာကြည်နူးမိသလိုဖြစ်သွားမိတယ်။ကိုကြီးကိုလည်း ပိုးလေး အားနာမိတယ်။

ပိုးလေးကို ကိုကြီးက ပိုးလေး ကိုကို နဲ့ မကြိုက်ခင်ကတည်းက ရည်းစားစကားပြောဖူးတယ်။အဲ့တုန်းကချမ်းသာတဲ့ယောက်ျားကိုသာ လက်ထပ်ချင်ခဲ့တဲ့အတွက် ပိုးလေး ကိုကြီးကို ငြင်းခဲ့တယ်။

ပိုးလေး အိမ်ထောင်ကျပြီးနောက်ပိုင်း ကိုကြီးလည်း ကုန်စုံဆိုင်ပိုင်ရှင် မသက်ထားနဲ့အိမ်ထောင်ကျသွားခဲ့တယ်။မသက်ထားကဟိုးအရင်ကတည်းကချမ်းသာတော့ကိုကြီးလည်းအဆင်ပြေသွားတာပေါ။

ကိုကြီးနဲ့ပိုးလေး ပြန်ဆုံဖြစ်တာတောင် မကြာသေးပါဘူး။ဒါတောင် ကိုကြီးက ပိုးလေးကို သံယောဇဉ်မပြတ်လို့ လာကူညီတာနေမယ်။

——————————————————————-

“သားလေးကြိုက်တတ်တဲ့ဟင်းတွေ မေမေ ချက်ထားတယ်။လာ ထ စားကြရအောင်”

ဆေးခန်းပြပြီး ကျွန်တော့်ကို မေမေက မေမေ့အိမ်ကို တန်းခေါ်လာခဲ့တယ်။ကျွန်တော့်ကို ကလေးလေးတစ်ယောက်လို မေမေပြုစုရှာတယ်။

“မေမေရယ်”

“ဖေဖေ သားဆီလာလည်တာလား”

ကျွန်တော့်သားရဲ့အမေးကြောင့်ကျွန်တော်ရှက်မိပါတယ်။ဟုတ်သားပဲ။ကျွန်တောကောပိုးလေးကော
နှစ်ယောက်လုံးကသားသူ့အဘိုး၊အဘွားတွေနဲ့အဆင်ပြေနေတာပဲဆိုပြီးကလေးနဲ့အနီးတကပ်မနေခဲ့ကြပါ။

ဒါတောင် ကလေးလေးက ကျွန်တော့်ကို ခင်တွယ်ပုံပြနေတယ်လေ။

“ဟုတ်တာပေါ့ သားရဲ့။သားဆီ ဖေဖေ လာလည်တာပေါ့။”

“မေမေကကော ဘာလို့ မလိုက်လာတာလဲဟင်”

“မေမေနဲ့တွေ့ချင်လို့လား။ဖေဖေလှမ်းခေါ်ပေးမယ်နော်”

“ဟေးဟေး”

ကျွန်မ စိတ်မကောင်းဖြစ်မိသွားတယ်။ ကျွန်မမြေးလေး သူ့အဖေ အမေကို လွမ်းနေမှာပဲလို့ ကျွန်မဘာလို့ မတွေးမိပါလိမ့်။ကျွန်မ မြေးလေးကို သနားလိုက်တာ။သူလည်း အဖေ အမေနဲ့အတူ နေချင်ရှာမှာပေါ့။

———————————————————————-

“ဟယ်လို ပိုးလေး”

“အင်း ကိုယ်နေမကောင်းတာနဲ့ ဆေးခန်းပြရင်း မေမေ့အိမ်ရောက်နေတာ။သားက သူ့အမေကို လွမ်းလို့တဲ့။လာခဲ့လိုက်အုံးနော်”

“ဟေး မေမေလာပြီ”

“မေမေ့သားလေး အာဘွား”

ပိုးလေးတို့သားအမိကိုကြည့်ပြီးကျွန်တော်စိတ်ပျော်လာမိတယ်။ဟုတ်တယ် ကျွန်တောတို့အိမ်မှာ ဆည်းလည်းသံလေး လိုအပ်နေတာပဲ။

“မေမေလာသားနဲ့လိုက်ခဲ့။သားကိုဘိုးဘိုးဝယ်ထားပေးတဲ့အရုပ်တွေပြမယ်”

ပိုးလေးသားလေးနဲ့အတူဆော့ပေးနေရင်းပျော်နေမိတယ်။သားလေးနဲ့မတွေ့တာတောင် ကြာနေပြီပဲ။

——————————————————————

“မေမေ သား ထူးမြတ်လေးကို ခေါ်သွားအုံးမယ်လေ”

“ဟင်”

သားဆီက ခွင့်တောင်းမှုကြောင့် ကျွန်မ လန့်သွားမိတယ်။ကျွန်မက မြေးလေးနဲ့တစ်ညတောင် ခွဲမအိပ်ဖူးဘူးလေ။

“ဟာ မခေါ်သွားရပါဘူး။ကလေး အကျင့်ပျက်တယ်။”

ဦးလင်းထက် ကမန်းကတန်း ဝင်ပြောလိုက်တယ်။အကြည်က သူ့မြေးနဲ့ခွဲနိုင်တာ မဟုတ်ဘူးလေ။

“အို ကိုယ်သားသမီးကိုယ်လွမ်းလို့ခေါ်တာတောင် ခွင့်ပြုမိန့်ယူရအုံးမှာလား”

ပိုးလေးစကားကြောင့် ဦးလင်းထက် ဒေါသတကြီး ထအော်ခဲ့တယ်။

“နင်စကားပြောတာ မိုကိရိုင်းလှချည်လား ပိုးလေး။ဒါ့ကြောင့်နင်နဲ့ အဆက်အစပ် မလုပ်ချင်တာ”

“အို ဘာမှမဟုတ်တာကို အငြင်းအခုံ လုပ်စရာလား။ခေါ်သွားလေ သားငယ်။ကလေးလိုက်ချင်လားမေးလိုက်။ကလေးလိုက်မယ်ဆို ခေါ်သွားနော်”

သူ့မိဘနဲ့သူ့ကလေးပဲလေ။ကျွန်မတို့ တားနေတာဟာ အဓိပ္ပာယ်မှ မရှိတာ။ကျွန်မ ခေါ်သွားခွင့် ပြုခဲ့တယ်။ကိုလင်း ဘာမှဝင်မပြောတော့ဘဲ ထထွက်သွားခဲ့တယ်။

——————————————————————

“သားထူးလေးရေ ကြီးကြီးပြန်လာပြီ”

“သမီးကြီး ဒီနေ့ဆိုင်သိမ်းတာ နောက်ကျလှပါလား”

“ဟုတ် မေမေ။ဒီနေ့ ဆိုင်လူကျနေတာနဲ့ တော်တော်နဲ့ မပိတ်ဖြစ်ဘူး”

“သားထူးလေး အိပ်ပြီလား မေမေ”

“သားထူး သူ့အဖေနဲ့အမေဆီ သွားလည်တယ်”

“ဘယ်လို ၊တစ်ခါမှ ကလေးကို အဖက်မလုပ်သူတွေက အိမ်ခေါ်သွားတယ်”

“ဪ သမီးကြီးရယ်။သူတို့က မိဘလေ၊တို့တွေတောင် ကလေးကို ဒီလောက်ချစ်နေတာ အဖေ
အမေက ပိုတောင် ချစ်ပေါ့ကွယ်”

“ကဲ ကဲ နားတော့ နားတော့”

———————————————————————-

ဒီနေ့နဲ့ဆို သားထူးလေးကို သားငယ်တို့ ခေါ်သွားတာ ၁၀ရက်တောင်ရှိပါပေါ့။ လွမ်းလိုက်တာ ကျွန်မမြေးလေးကို လွမ်းလိုက်တာ။

“အကြည် သားထူးလေးကို သတိရနေတယ်မလား”

“ကျွန်မ မြေးလေးကို ကျွန်မလွမ်းတာထက် ကိုလင်းက ပိုလွမ်းနေမှန်း ကျွန်မသိပါတယ် ကိုလင်းရယ်။ကျွန်မတို့က မြေးလေးနဲ့ခုမှ ခွဲရတာပါ။”

“သူ့အဖေ အမေက ဟိုးကတည်းက ခွဲနေရတာလေ။ကျွန်မတို့က နားလည်ပေးရမှာပေါ့”

“အေးပါကွာ”

————————————————————————–

“ဖေဖေ ဖေဖေ”

ကျွန်တော့်သားလေးခေါ်နေတာကို ကျွန်တော် ပြန်ထူးနေတယ်။ကျွန်တော် ထူးလို့မရပါလား။ကျွန်တော့် ခြေထောက်တွေလက်တွေ လှုပ်လို့မရတော့ပါလား။

ပိုးလေး ပိုးလေး ဘယ်မှာလဲ။မေမေ မေမေ။သား ဘာဖြစ်နေတာလဲ မသိဘူး။သားကို လာကြည့်ပါအုံး။

“ဖေဖေ ဖေဖေ”

ကျွန်တော့်လက်မောင်းကို ကိုင်လှုပ်ကာခေါ်နေတဲ့ သားလေး။ ဖေဖေ ထူးချင်တာပေါ့ သားလေးရယ်။ ဖေဖေ ပါးစပ်ဟ မရဘူး။သားရေ ဘွားဘွားကို သွားခေါ်ပေးပါလားကွာ။

“မေမေ မေမေရေ”

ကူမဲ့သူ မရှိတဲ့ အိမ်လေးထဲမှာ အသံမထွက်နိုင်တဲ့ လေဟာနယ်ထဲကနေ ကျွန်တော် အကျယ်ကြီး အော်ခေါ်နေမိတယ်။

“မေမေ မေမေရေ”

———————————————————-

###ယောက္ခမ###
အပိုင်း(၆)

“ပိုးလေး”

“ကိုကြီး ပိုးလေးကို ခုထိ ချစ်နေဆဲပါကွာ”

“ကိုကြီးရယ်”

ကိုကြီးရဲ့စကားသံတွေကိုမြပိုးဖြူပြန်ကြားယောင်နေမိတယ်။မြပိုးဖြူ စိတ်မကောင်းဖြစ်ရပါတယ်။

မြပိုးဖြူလည်း ကိုကြီးကို ရင်ခုန်ခဲ့မိပါတယ်။သူဌေးသားကို မက်ခဲ့မိလို့ မြပိုးဖြူ ကိုကြီးအချစ်ကို လက်မခံခဲ့တာပါ။

ခုတော့ ဘာမှ အသုံးမကျတဲ့ အရက်သမားနဲ့ ကလေးတစ်ယောက်သာ အဖတ်တင်ခဲ့တယ်။

ဘာအမွေမှ မပေးဘဲ ချွေးမကို ရန်သူလို့ သတ်မှတ်နေတဲ့ အဘိုးကြီးနဲ့ ကြောင်းချေးမ အဘွားကြီးတို့ကို မြပိုးဖြူ အရမ်းမုန်းတယ်။

ကိုကြီးနဲ့သာ မြပိုးဖြူ ယူခဲ့ရမှာ။ခုတော့——-

“ပိုးလေး ဘာတွေ တွေးနေတာလဲ”

“အမေ့”

“ကောင်မကလည်း လန့်လိုက်တာအေ။”
သူငယ်ချင်းဖြစ်သူကို မျက်စောင်းပိတ်ထိုးလိုက်တယ်။

“နင် အိမ်မပြန်သေးဘူးလား မိုးချုပ်နေပြီကို”

“ပြန်မှာပေါ့ဟယ်။ဘာလဲ နင့်ဆိုင်မှာ ငါလာထိုင်နေတာ မကြိုက်လို့လား”

“မဟုတ်ပါဘူးဟယ်။နင့်သားကို အိမ်ခေါ်ထားတယ်ဆိုလို့ပါ။”

“အို သူအဖေရှိတယ်”

မြပိုးဖြူ ကိုကြီးကို မျှော်နေခဲ့မိတယ်။ ကိုကြီး ဒီနေ့ မပေါ်လာပါလား။ရင်ထဲ တစ်ခုခု လိုအပ်မိသလိုပါပဲ။

——————————————————————–

“အမယ်လေး”

“အကြည် ဘာဖြစ်တာလဲ”

ကျွန်မ ရေချိုးခန်းထဲ ချော်လဲမိတယ်။

“အား ကျွတ် ကျွတ် နာလိုက်တာ ကိုလင်းရယ်။

“ဟင် ဒူးပြဲသွားတာပဲ။လာ လာ ကိုယ် ဆေးထည့်ပေးမယ်”

ကိုလင်းက မိန်းမကို သိပ်ဂရုစိုက်တာ။အိမ်ထောင်သက်တမ်း ကြာမြင့်လှပေမဲ့ ကျွန်မအပေါ် ဂရုစိုက်မှုက မပြောင်းလဲခဲ့ပါ။

“ကိုလင်း ကျွန်မ အိပ်မက်တွေ မကောင်းဘူး။ခုလည်း ချော်လဲနေပြန်ပြီ။မြေးလေးနဲ့သားငယ်ကို စိတ်ပူနေမိတယ်။ခဏ သွားကြရအောင်လေ။”

“ကွာ အဲ့အိမ်ကို မသွားချင်ပါဘူး”

ကျွန်မ ကိုလင်းကို မျှော်လင့်တကြီး ကြည့်မိတယ်။

ချစ်ဇနီးရဲ့ သနားစဖွယ် မျက်နှာအမူအယာလေးကြောင့် ဦးလင်းထက် အလျှော့ပေးလိုက်ပါတယ်။

“ကဲ ကဲ သွားမယ်ဆိုလည်း အဝတ်အစားလဲ။လိုက်ပို့ပေးမယ်။”

“ဟုတ်ကဲ့ ကိုလင်း။ကျေးဇူးပါ ကိုလင်းရယ်”

———————————————————————-

“ဟင် တစ်အိမ်လုံး မှောင်မည်းနေပါလား။ မရှိကြဖူးလား မသိဘူး”

“သားငယ်ရေ သားငယ်၊ ပိုးလေး ပိုး လေး”

“တံခါး စေ့ထားတယ် အကြည်”

“ကျွီ ကျွီ”

“မှောင်နေတာပဲ ၊ မရှိကြဘူးထင်တယ်”

“သားငယ်ရေ”

“မီးခလုတ်က ဘယ်နားမှာလဲ မသိဘူး”

“ခဏလေးအကြည် ၊ကိုယ် ဖုန်းမီးဖွင့်လိုက်မယ်၊မီးခလုတ်နေရာ ကိုယ်သိတယ်၊တွေ့ပြီ”

မီးအလင်းရောင်နဲ့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်မ အံ့ဩသွားမိတယ်။

“ဟင် ကိုလင်း ကိုလင်း”

“သားထူးလေးနဲ့သားငယ် အိပ်နေတာလား”

“သားငယ် သားငယ်”

ကျွန်မစိတ် ထင့်သွားမိတယ်။

“သားငယ်၊သားထူး”

“ဘွားဘွား”

“မြေးလေး”

“ဖေဖေက နှိုးလို့မရဘူး၊သား ဗိုက်ဆာလို့”

“ဘုရားရေ”

ဦးလင်းထက် သားကို အပြေးပွေ့မိတယ်။

“သား သားငယ်၊သားငယ်”

“ကိုလင်း သားလေးက ဘာဖြစ်တာလဲ”

“အကြည် အကြည် မင်း မင်းရဲ့သား အသက်မရှိတော့ဘူး”

“ရှင်”

“ကိုလင်း ရှင်ဘာတွေပြောနေတာလဲ၊သားလေး သားလေး မဟုတ်ဘူး။ မဟုတ်ဘူး။သားငယ် သားငယ် ထပါ သားလေးရယ်။ကိုလင်း ဆေးရုံပို့မယ်။ကျွန်မသားလေးကို ဆေးရုံပို့မယ်”

အရူးတစ်ယောက်လို အော်ဟစ်နေတဲ့ အကြည့်ကို ကြည့်ကာ ဦးလင်းထက်ပါ ငိုမိပါပြီ။

“သားရယ် ဒီအဖေက ငါ့သားကို ချစ်ကြောင်း ဘယ်တော့မှ မပြခဲ့ဘူး။အဖေ့ရဲ့ မာနတရားတွေကြောင့် ငါ့သားလေးကို ဂရုမစိုက်ခဲ့မိဘူး။ ဒီအဖေကို ခွင့်မလွှတ်ပါနဲ့ သားရယ် ဟီး ဟီးးဟီး”

“မဟုတ်ဘူး ကျွန်မသားလေး မသေဘူး။ခု ဆေးရုံပို့ပေး။ကိုလင်း ရှင့်ကို ကျွန်မ မုန်းမိလိမ့်မယ်နော်။အခု ချက်ချင်း ကျွန်မ သားလေးကို ဆေးရုံပို့ပေးပါရှင် အဟင့် ဟင့်”

—————————————————————————

“ပီးပေါ် ပီးပေါ် ပီးပေါ်”

ဘယ်သူ ဘာဖြစ်လို့ပါလဲ။ဆေးရုံကား ရပ်ကွက်ထဲက ထွက်သွားတာကို ကြည့်ပြီး မြပိုးဖြူ တွေးမိတယ်။

“ဟင် အိမ်မှာ လူတွေ အများကြီးပါလား”
“မြပိုးဖြူ ဘယ်သွားနေတာလဲ ညည်းယောကျ်ား ဆုံးသွားပြီ”

“ရှင်”

အိမ်မှာ အသုဘလုပ်ဖို့ ပြင်ဆင်ထားပေးမယ်။နင်ဆေးရုံကို လိုက်သွား။နင့်ယောက္ခမက သူ့သားဆုံးတာကို လက်မခံလို့ ဆေးရုံကားနဲ့ သူကျေနပ်အောင် ဆေးရုံပို့ပေးလိုက်ကြတာ လိုက်သွား”

မြပိုးဖြူ အတောင့်လိုက်ကြီးရပ်ကာ ကြောင်နေမိတယ်။သူတို့ ဘာပြောနေတာလဲ။ ဟင့်အင်း မဟုတ်ပါဘူး။ငါ နားကြားလွဲတာ နေမှာပါ။

“မြပိုးဖြူ ညည်းယောကျ်ားဆုံးပြီ”

မြပိုးဖြူ မျက်လုံးတွေ ပြာသွားခဲ့တယ်။မြပိုးဖြူ ရင်ဘတ်ထဲအောင့်လာမှုကို မခံနိုင်တော့ဘဲ ခွေကျသွားခဲ့တယ်။

“ဟဲ့ ဟဲ့ လုပ်ကြပါအုံး။မြပိုးဖြူ လဲကျသွားပြီ။”

————————————————————————

“မဟုတ်ဘူး မဟုတ်ဘူး”

“အသက်ကယ်ဆေး ထိုးပေးပါ ဆရာရယ်။ကျွန်မ တောင်းပန်ပါတယ်။ကျွန်မသားလေးကို ပြန်ရှင်အောင် လုပ်ပေးပါ”

“အကြည် အကြည်ရယ်”

“ကိုလင်း ကိုလင်း ဆရာ့ကို ကူပြောပေးပါအုံး။ကျွန်မသားလေးကို အသက်ကယ်ဆေး ထိုးပေးပါနော်”
“ဆေးရုံကို မလာခင်ကတည်းက ဆုံးသွားတာပါ အန်တီ။ ဦးနှောက်သွေးခဲပြီးလေပါသွားတာ။အတွေ့နောက်ကျပုံပဲ။ချက်ချင်းသိရင်တော့ ကျွန်တော်တို့ ကယ်နိုင်မှာပါ။ခုတော့ အိမ်ပြန်သယ်ဖို့ လုပ်ကြပါ။”

“မဟုတ်ဘူး မဟုတ်ဘူး”

“မေမေ မေမေရယ် စိတ်ထိန်းပါ အဟင့်ဟင့်။မောင်လေး မောင်လေးရေ မမတို့ကို ထားခဲ့ပြီလား အဟင့်ဟင့်”

“ဘုန်း ဘုန်း——-ဘုန်း”

“အကြည် အဲ့လို မလုပ်ပါနဲ့ အကြည်ရယ်”

ကျွန်မရင်ဘတ်ကို ကျွန်မ ထုနေမိတယ်။
“ကျွန်မ ရင်ဘတ်ထဲ မခံစားနိင်တော့လို့ပါ ကိုလင်းရယ်၊ကျွန်မသားလေး ကူမဲ့သူ မရှိဘဲ ဘယ်လောက်တောင် နာကျင်ခဲ့ရှာမလဲ။ မသေခင်ထိ အမေကို တ နေခဲ့မှာ။ကျွန်မ သားလေး ကျွန်မ သားလေး—–ဘုန်း ဘုန်း—-

“အကြည်ရယ် မင်းကိုယ်မင်းလည်း မထုပါနဲ့တော့။ ဆက်လည်းမပြောပါနဲ့တော့။ကိုယ်ပါ သေသွာလိမ့်မယ်။ကိုယ် မခံစားနိုင်တော့လို့ပါကွာ—–ဟီး—-

————————————————————————

####ယောက္ခမ####
အပိုင်း(၇)
“လွန်ခဲ့သော ၇ ရက်ခန့်က ဘဝတစ်ပါးသို့ ပြောင်းရွှေ့ ကွယ်လွန်သွားခဲ့သော ကိုမြတ်မင်းထက်နဲ့တကွ အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့”

“သာဓု သာဓု သာဓု”

—————————————————————————

ကျွန်မ သားလေးအတွက် ယူကြုံးမရ ဖြစ်ခဲ့မိပါတယ်။ ဝေဒနာခံစားနေရချိန်မှာ အနားမှာ ပြုစုမဲ့သူမရှိဘဲ ကူကယ်ရာမဲ့စွာနဲ့ လောကကြီးထဲက ထွက်ခွာသွားရရှာတဲ့ ကျွန်မသားလေး၊ သနားစရာ ကျွန်မသားလေးအကြောင်းကို တွေးမိတိုင်း ကျွန်မ ရင်နာရပါတယ်။

“အကြည် ကိုယ်တို့ ဆရာတော် တရားပြသလို တရားနဲ့သာဖြေကြရအောင်”

“ကိုယ်တို့သားလေးက ကိုယ်တို့မေ့လျော့နေတဲ့ သေခြင်းတရားကို သတိပေးခဲ့တာပါ။ လူတိုင်း ဒီလမ်းကို သွားကြရမှာလေ။”

“သေခြင်းတရားဆိုတာ အသက်ကြီးတာ ငယ်တာဆိုပြီး ရွေးချယ်နေတာ မဟုတ်ဘူးလေ။သူ့ကံ ပါသလောက်သာ လူ့လောကကြီးထဲ ရှင်သန်ကြရတာလေ။တရားနဲ့ဖြေပါ အကြည်ရယ်”

ကျွန်မ ကိုလင်းကို ကြည့်ပြီး မျက်ရည်ကျလာပြန်ပါတယ်။ကျွန်မကို တရားနဲ့ဖြေဖို့ နှစ်သိမ့်နားချနေရှာတဲ့ သူ့မျက်ဝန်းမှာလည်း သူ့သားလေးအတွက် ယူကြုံးမရဖြစ်စိတ်တွေက အထင်းသားပေါ်နေခဲ့ရှာတယ်လေ။

“ဟုတ်ကဲ့ပါ ကိုလင်းရယ်၊ ကျွန်မတို့ သားလေးကို ရည်စူးပြီး ကုသိုလ်ကောင်းမှု အတူပြုသွားကြရအောင်နော်”

ဦးလင်းထက် အကြည်ရဲ့ လက်လေးကို ဖွဖွလေးဆုပ်ကိုင်ကာ ခေါင်းညိတ်ပြလိုက်တယ်။

————————————————————————-

“ပိုးလေး သမီးဘယ်လိုဆက်လုပ်မယ်လို့ စဉ်းစားထားလဲ”

ယောက္ခမဖြစ်သူ ဒေါ်ကြည်ဖြူမင်းရဲ့ စကားကြောင့် မြပိုးဖြူ နားမလည်စွာ ပြန်ကြည့်မိတယ်။

“ဘာကိုပြောတာလဲ မေမေ။ကျွန်မ နားမလည်ဘူး”

“သားလည်း မရှိတော့ဘူးလေ။ အိမ်မှာ သမီးတစ်ယောက်တည်းနေဖို့ဆိုတာ မသင့်ဘူး။မေမေတို့နဲ့ပဲ အတူလာနေမလား။ဒါမှမဟုတ် သမီး မိဘတွေနဲ့သွားပြန်နေချင်လား”

ယောက္ခမကြီးရဲ့ စကားကြောင့် မြပိုးဖြူတစ်ကိုယ်လုံး ကြက်သီးထသည်အထိ တုန်ယင်သွားမိတယ်။

“မေမေ ပြောချင်တာက ကိုကို မရှိတော့တဲ့အတွက် ပိုးလေးကို အိမ်ပေါ်က ဆင်းတော့ဆိုတဲ့ သဘောလား”

“ဘုရားရေ ဘယ်လိုများ စဉ်းစားပစ်လိုက်တာလဲ ပိုးလေးရယ်။မေမေ့သားလေး မရှိတော့ပေမဲ့ ပိုးလေးနဲ့ မြေးလေးကို မေမေတို့က စောင့်ရှောက်ရပေးမယ်လေ”

“မေမေတို့ ပိုးလေးတို့သားအမိကို စောင့်ရှောက်ချင်တယ်ဆို ကိုကို ခေါင်းချသွားတဲ့အိမ်မှာပဲ ပိုးလေးတို့သားအမိကို ဆက်နေခွင့်ပေးပါ။”

‘သမီးက မြေးလေးကို ခေါ်သွားမလို့လား”

“ဟုတ်ကဲ့။ ပိုးလေးသားလေးကို ခေါ်သွားပါရစေ”

ကိုကိုဆုံးသွားတာဟာ မြပိုးဖြူအတွက် ရွှေတောင်ကြီး ပြိုကျသွားသလိုပါ။ ခု သားလေးက မြပိုးဖြူအတွက် အားကိုးရာပဲ။

ကိုကို မရှိတော့ ကိုကို့ရထိုက်တဲ့အမွေတွေကို မြေးဖြစ်တဲ့ မြပိုးဖြူရဲ့သားက ပိုင်ဆိုင်ရမှာလေ။ ဒါ့ကြောင့် သားလေးကို မြပိုးဖြူ ခေါ်လာခဲ့ခြင်း ဖြစ်တယ်။
————————————————————————

“ဘာ အမွေ ဟုတ်လား”

ကျွန်မ အံ့အားသင့်စွာ ရေရွတ်မိတယ်။ ကျွန်မဆီက ပိုးလေးက အမွေလာတောင်းနေပါလား။

“ပိုးလေးအတွက် မဟုတ်ပါဘူး မေမေ။မေမေ့မြေးအတွက်ပါ။ သားကို ပိုးလေးက အရွယ်ရောက်တဲ့အထိ ပြုစုပျိုးထောင်ပေးရမှာလေ။အဲ့အတွက် ပိုးလေးအလုပ်လုပ်ဖို့ အရင်းအနှီးလိုပါတယ်။”

“အရင်တုန်းကတော့ ကိုကိုက ပိုးလေးကို ရှာကျွေးခဲ့တယ်လေ။ခု ပိုးလေးက သားကို ရှာကျွေးရတော့မယ်။မေမေနားလည်ပေးပါနော်။ပိုးလေးတို့ သားအမိအတွက် ကိုကို ရသင့်ရထိုက်တဲ့ အမွေဝေစုကို ပေးပါ”

ကျွန်မ ဘာပြောရမှန်း မသိအောင်ကို ချွေးမဖြစ်သူကို မျက်လုံးအပြူးသားနဲ့ ကြည့်နေမိခဲ့တယ်။ ကျွန်မ ယောက္ခမဆီက ခု ပိုးလေး ကျွန်မဆီ အမွေတောင်းသလိုမျိုး မလုပ်ခဲ့မိပါဘူး။မဟုတ်ဘူး။စိတ်ကူးကို မရှိဖူးတာပါ။

မြပိုးဖြူ ယောက္ခမကို အရဲစွန့်ကာ အမွေတောင်းလုက်ပါပြီ။သူသာ လူစိတ်ရှိရင် ပေးမှာပါလေ။ဦးလင်းထက်ကိုတော့ မြပိုးဖြူ မပြောရဲပါဘူး။ဒေါ်ကြည်ဖြူမင်းကိုတော့ ပြောရဲလို့ ပြောလိုက်ပြီ။

“မေမေ”

“မေမေ မမျှော်လင့်ထားတာတွေကို သမီးက ပြောနေတော့ မေမေ ဘာပြောရမှန်းကို မသိဘူး။အမွေဆိုတာလည်း မေမေသိထားတာက မိဘတွေ မရှိတော့မှ ကျန်ခဲ့တဲ့ မိသားစုဝင်တွေက မျှဝေယူကြတာလေ။”

“ခု ပိုးလေး ဘာအလုပ်လုပ်မှာလဲ။အရင်းအနှီးဘယ်လောက်လိုလဲ။ မေမေ ကူညီပေးပါ့မယ်။”

လူလည်ကျတာ။လူလည်ကျတာ။ဒီအဘွားကြီး မြပိုးဖြူကို လူလည်ကျတာ။ခု အရင်းအနှီးထုတ်ပေးမယ်ဆိုတဲ့ငွေက သူတို့ချမ်းသာမှုရဲ့ အဖျားအနားတောင် မရှိတာကို။ ဒေါသစိတ်ကို သတိနဲ့ထိန်းရင်း မြပိုးဖြူ မျက်နှာကို အတတ်နိုင်ဆုံး ရိုကျိုးဟန်ဆောင်နေရပါတယ်။

————————————————————————–

“ကိုလင်း”

“အင်း အကြည် ပြောလေ”

“ချွေးမလေးအတွက် ကျွန်မတို့ ဘာလုပ်ပေးသင့်လဲဟင်”
မိန်းမဖြစ်သူရဲ့ ထူးထူးဆန်းဆန်းစကားကြောင့် ဦးလင်းထက် မျက်မှောင်ကျုံ့ကာ ကြည်မိတယ်။

“ဘာကို ပြောချင်တာလဲ အကြည်”

“ဟိုလေ သူရပ်တည်နေထိုင်နိုင်ဖို့အတွက် ကျွန်မတို့ ကူညီသင့်တယ် ထင်လို့ပါ ကိုလင်း။”

“မြေးလေးကိုလည်း သူနဲ့အတူခေါ်ထားမှာဆိုတော့ သားရဲ့မိန်းမနဲ့ကလေးအတွက် ကျွန်မတို့ ဘာလုပ်ပေးသင့်လဲ။”

“အကြည်က ဘာလုပ်ပေးချင်လို့လဲ၊ ကိုယ့်ကိုပြောလေ”

“ကလေးနဲ့ပိုးလေးတို့စားဝတ်နေရေးအတွက် ကူညီချင်တယ် ကိုလင်း”
“ကူညီလေ ကိုယ်မတားပါဘူး။အကြည့်သဘောပါကွာ”

“ဟုတ် ကိုလင်း။အဲ့ဒါဆို ပိုးလေးအလုပ်လုပ်တတ်အောင် ကျွန်မ အရင်းအနှီးလေး ထုတ်ပေးလိုက်မယ်နော်”

“ကောင်းပါပြီဗျာ”

ဦးလင်းထက် မြပိုးဖြူကို သဘောမကျပေမဲ့ သားနဲ့မြေးလေးရဲ့မျက်နှာ‌ကြောင့် ကူညီပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

———————————————————————–

“ပိုးလေး ကိုကြီးနောင်တရမိတယ်”

“ဘာကိုလဲ ကိုကြီး”
“ခု ပိုးလေးက လွတ်လပ်သူတစ်ယောက်ဖြစ်သွားပြီလေ။ကိုကြီးအရမ်းချစ်ခဲ့ရတဲ့ ပိုးလေး မုဆိုးမလေးဘဝ ရောက်နေခဲ့ရပြီ”

“အဲ့ဒါနဲ့ ကိုကြီးက ဘာကို နောင်တရတာလဲ”

“ကိုကြီး ပိုးလေးနဲ့ ဘဝတစ်ခု ထူထောင်ချင်ခဲ့တဲ့ အိပ်မက်ကို အကောင်အထည် ဖော်ချင်တယ်ကွာ”

“အို—-

ကိုကြီးစကားကြောင့် မြပိုးဖြူ အပျိုဖြန်းမလေး တစ်ယောက်လို ရင်တွေ ခုန်လာခဲ့တယ်။ ကိုကြီးကိုလည်း မကြည့်ရဲတော့ဘဲ မျက်လွှာချထားမိတယ်။

“ပိုးလေး”

“အို —ကိုကြီး”

မြပိုးဖြူရဲ့လက်နှစ်ဖက်ကို ကိုကြီးက ဆွဲယူကာ သူ့ရင်ဘတ်ပေါ်ဖိထားစေခဲ့တယ်။

“ခံစားမိလား။ကိုကြီးရဲ့ နှလုံးသားထဲက ပိုးလေးကို ချစ်တယ် ချစ်တယ်ဆိုပြီး မြည်နေတဲ့အသံကိုလေ။”

“အို ကိုကြီးကလည်း”

မြပိုးဖြူရဲ့ကိုယ်လုံးလေး ကိုကြီး ရင်ခွင်ထဲ ရောက်သွားခဲ့တယ်။အိုး နွေးထွေးပြီး လုံခြုံလိုက်တဲ့ ရင်ခွင်။မြပိုးဖြူ ရင်ခုန်သံတွေ မြန်နေခဲ့တယ်”
“မေမေ”

“ဟင်”

ထူးမြတ်ထက်လေး အမေဖြစ်သူကို ခေါ်ကာ အပြေးလာခဲ့တယ်။မေမေ့ကို ဖက်ထားတဲ့ ဦးလေးကြီးကို တွန်းထုတ်ခဲ့တယ်။

“သွား သွား သားမေမေကို လာ မဖက်နဲ့။သွား သွား”

မြပိုးဖြူ ကိုကြီးရင်ခွင်ထဲမှ ကမန်းကတန်းထကာ ထူးမြတ်ထက်လေးရဲ့ ပါးစပ်ကို ပိတ်ပြီး ထုချလိုက်တယ်။

“အုံး–အုံး”

“ဟီး–ဟီး”

နာကျင်သွားသောကြောင့် ထူးမြတ်ထက်လေး အော်ငိုပါတော့တယ်။

“အသံကို တိတ်စမ်း သားထူး။ ခုချက်ချင်း ငိုတာရပ်။ငါ ရိုက်မှာနော်”

“မေမေ့ကို ဒီဦးလေးကြီးက လာဖက်တာပဲ။သားသား ဒီးဦးလေးကြီးကို ဘိုးဘိုးနဲ့တိုင်ပြောမယ် ဟီး ဟီး”

“တောက်”

ကိုဇော်မင်း ဒေါသထွက်စွာ တောက်ခေါက်မိတယ်။

“ကိုကြီးရယ် စိတ်မဆိုးပါနဲ့။သားထူးက ကလေးဆိုတော့ နားလည်ပေးပါနော်”

“အင်းပါ ပိုးလေးရယ်။ဒါပေမဲ့ ကိုကြီးက ပိုးလေးနဲ့ကိုကြီးကို ခွဲမဲ့သူဆို ကလေးဖြစ်ဖြစ်၊လူကြီးဖြစ်ဖြစ် မုန်းမိမှာပဲ”

“ကိုကြီးရယ်”

ချစ်တတ်လွန်းတဲ့ကိုကြီးကို ဘာလို့ တစ်ချိန်တုန်းက မြပိုးဖြူ ငြင်းခဲ့မိပါလိမ့်။

————————————————————————

“ပိုးလေး သမီး ရော့။သမီး ဒီပိုက်ဆံလေးတွေနဲ့ ရင်းပြီး အရင်းအနှီးလုပ်ပေါ့”

ယောက္ခမဖြစ်သူ ဒေါ်ကြည်ဖြူမင်းက ပိုးလေးကို ဖုန်းဆက်ခေါ်ကာ ပိုက်ဆံပေးတယ်။ဘယ်လောက်ပါလိမ့်။မြပိုးဖြူ ပိုက်ဆံထုပ်ကို ကြည့်ကာ ရင်ခုန်နေမိတယ်။

“သမီး ဘာလုပ်မယ်လို့ စိတ်ကူးထားလဲ”

“အိမ်ဆိုင်လေးဖွင့်မယ် မေမေ။ထမင်းဆိုင်လေးပေါ။”

“ကောင်းသားပဲ။မေမေ ဒီအိတ်ထဲ သိန်း ၅၀ ထည့်ပေးလိုက်တယ်။တိုးပွားအောင် လုပ်ပေါ့ ပိုးလေးရယ်”

“ဟုတ်ကဲ့ မေမေ”

“သားထူးလေး”

“ဗျာ ဘွားဘွား”

ရောက်ကတည်းက ကျွန်မပေါင်ပေါ်က မဆင်းတဲ့ မြေးလေးကို ကြည့်ပြီး ကျွန်မ ချစ်မဝ ဖြစ်နေခဲ့ရတယ်။

“ဘိုးဘိုး ဝပ်ရှော့ကို သွားလည်မယ်။သားထူးလေး လိုက်မလား”

“ဟုတ် သားသားလိုက်မယ်။ဟေး—သားသား ဘိုးဘိုးဆီ သွားရတော့မယ်”

ကျွန်မ မြေးလေးကို အူယားစွာ ဖက်နမ်းမိတော့ မြေးလေးက သဘောတွေကျကာ ရယ်နေပါတော့တယ်။

“ခစ် ခစ် ခစ်”

“ကဲ ကဲ ပိုးလေးလည်း ပြန်ရင်ပြန်တော့။ ညနေမှ သားထူးလေးကို လာပို့ပေးတော့မယ်နော်”

“ဟုတ်ကဲ့ မေမေ”

———————————————————————–

“သွား လာမခေါ်နဲ့”

မြပိုးဖြူ ကိုကြီးကို စိတ်ကောက်ကာ အော်လိုက်တယ်။ကိုကြီးက မျက််နှာငယ်လေးနဲ့ပေါ့။

“ဘာလို့ပိုးလေးဆီ မနေ့က ခဏလေးတောင် လာမတွေ့တာလဲ၊ခုရှင်း ခုရှင်း”

“စိတ်မဆိုးပါနဲ့ ပိုးလေးရယ်၊ သက်ထား မနေ့က ဗိုက်နာလို့ ဆေးရုံတင်ရလို့ပါ”

“ဟင် မသက်ထားက မွေးသွားပြီလား”

“အင်း မနေ့က မွေးတယ်”

အူတိုမှု့ ခံစားချက်ကြောင့် မြပိုးဖြူ တကိုယ်လုံးကို စပ်ဖျင်းဖျင်း ဖြစ်စေကာ ရင်ဘတ်ထဲအောင့်လာခဲ့တယ်။ဒေါသစိတ်ကိုလည်း မထိန်းနိုင်အောင် ဖြစ်ခဲ့ရတယ်။

“ဪ ဒါဆို မနေ့က ချစ်ဇနီးလေး မီးဖွားနေလို့ မခွဲနိုင် မခွာရက် ဖြစ်နေခဲ့တယ်ပေါ့။ဒါ့ကြောင့် ပိုးလေးဆီကို မလာနိုင်တော့တာပေါ့လေ။”

“ဟာ ပိုးလေးရယ် မဟုတ်တာကွာ”

ပြောပြောဆိုဆိုဖြင့် ကိုဇော်မင်း ပိုးလေးကို သိုင်းဖက်လိုက်တယ်။

“သွား လာမထိနဲ့။ရှင့်ရဲ့ အဖိုးတန် မိန်းမဆီကိုပဲ ပြန်သွား”

မေမေနဲ့ဟိုဦးလေးကြီး ရန်ဖြစ်နေတာကို ကြည့်ပြီး ထူးမြတ်ထက်လေး ကြောက်နေမိတယ်။ အဲ့ဦးလေးကြီးလာရင် အခန်းထဲ မဝင်လာရဖူးလို့ မေမေက မှာထားတယ်။လာရင် ရိုက်ခံရမယ်တဲ့။

“လာမထိနဲ့လို့ ပြောနေတယ်နော် ကိုကြီး”

“ကိုကြီးက ပိုးလေးကိုပဲချစ်တာပါကွာ။အထင်မလွဲပါနဲ့ ကလေးရယ်”

“ဟင့်အင်း ဟင့်အင်း မယုံဘူး။ကိုကြီးကို ပိုးလေး မယုံဘူး အဟင့် ဟင့်”

“ကဲ မယုံရင် ကိုကြီး သက်သေပြမယ်။ပိုးလေး ကိုကြီးနဲ့ လိုက်ရဲလား”

“ဟင်”

မြပိုးဖြူ တုန်လှုပ်သွားမိတယ်။အသိစိတ်က အဲ့လိုလုပ်လို့ မရဘူးလို့ တားနေပေမဲ့ နှလုံးသားက ကိုကြီးနဲ့အတူ ထာဝရရှိနေချင်မိတယ်။မြပိုးဖြူ ဘာလုပ်ရမလဲ။

“လာ ကိုကြီး ပိုးလေးကို ခုခိုးပြေးမယ်”

“လာနောက်မနေနဲ့”

“တကယ်ပြောနေတာ ပိုးလေး။ကိုကြီး ပိုးလေးကို တကယ်ချစ်တာပါ။ခဏပဲစောင့်။အိမ်ပြန်ပြီး ကိုကြီးအဝတ်အစားနဲ့ ပိုက်ဆံတွေယူပြီး လာခဲ့မယ်။’

“ပိုးလေးလည်း အဆင်သင့်လုပ်ထား”

မြပိုးဖြူ ဘာလုပ်ရမလဲ။သားထူးလေးကိုကော ခေါ်သွားရမလား။ဇဝေဇဝါ စိတ်တွေနဲ့ မြပိုးဖြူရဲ့စိတ်တွေ လွန်ဆွဲနေမိတယ်။

———————————————————————-

“ပိုးလေး အဆင်သင့် ဖြစ်ပြီလား”

“ကိုကြီး ပိုးလေးအိပ်မက် မက်နေတာလား”

“ပိုးလေးရယ် တကယ့်ဘဝပါ။လာ သွားကြမယ်။ကိုကြီးဆီမှာ ပိုက်ဆံအလုံအလောက်ပါတယ်။မီးခံသေတ္တာထဲက အကုန်ယူခဲ့တယ်”

“ပိုးလေးဆီမှာလည်း သိန်း ၅၀ လောက်ရှိတယ်။ဆိုင်ဖွင့်ဖို့အတွက် ယောက္ခမ အယ် ဒေါ်ကြည်ဖြူမင်းက ပေးထားတာ။”

“အိုကေ ပိုအဆင်ပြေသွားတာပေါ့။ သွားကြရအောင်”

“ခဏလေး ကိုကြီး။သားသား အိပ်နေတယ်။နှိုးလိုက်အုံးမယ်”

“ဟင် အဲ့ကလေးကို ခေါ်သွားမို့လား။ ထားခဲ့လိုက်ရအောင် ပိုးလေးရယ်”

“အို မထားခဲ့နိုင်ပါဘူး။ပိုး သားလေးကို ခေါ်သွားမယ်”

“ပိုးလေး သေချာနားထောင်။ကိုကြီး ပြောပြမယ်။ဒီကလေးအတွက် ဘာမှ စိတ်မပူနေနဲ့။သူ့မှာ ချမ်းသာတဲ့ အဘိုး၊အဘွားရှိတယ်။ဒုက္ခရောက်စရာ ဘာအကြောင်းမှ မရှိဘူး။ထားခဲ့လိုက်ပါကွာ။”

မြပိုးဖြူ ဇဝေဇဝါစိတ်တွေနဲ့ သားလေးကို ထားခဲ့ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။အိပ်ပျော်နေတဲ့သားလေးရဲ့နဖူးလေးကို ဖွဖွလေးနမ်းပြီးနောက်
ချာခနဲလှည့်ထွက်ကာ ဘဝသစ်ကို လျှောက်လှမ်းဖို့အတွက် ကိုကြီးရဲ့လက်ကိုတွဲလိုက်ပါတော့တယ်။

———————————————————————

“မေမေ မေမေ”

“သားသား ရှူးပေါက်ချင်လို့”

“မေမေ”

အိပ်ယာလေးထက် ထထိုင်ကာ ထူးမြတ်ထက်လေး အမေဖြစ်သူကို လိုက်ရှာနေမိတယ်။

“မေမေ မေမေ “

“မေမေ ဘယ်မှာလည်း သားသားကြောက်တယ်။ရှူးလည်းပေါက်ချင်နေပြီ။မေမေ မေမေ”

“အူးအူးဝူးဝူးဝူး”

ညသန်းခေါင်ယံ ခွေးအူသံတွေကြား ထူးမြတ်ထက်လေး ကြောက်ကာ စောင်ကို ခေါင်းမြီးခြုံကာ တိတ်တိတ်လေး ငိုနေမိပါတော့တယ်။

“မေမေ အဟင့်ဟင့်”

“မေမေ ဘယ်မှာလဲ။သားသားကြောက်လို့ပါ အဟင့်ဟင့်”


###ယောက္ခမ###
ဇာတ်သိမ်းပိုင်း

အပိုင်း(၈)

“ဟယ်လို”

“ရှင် ဟုတ်ကဲ့ ဟုတ်ကဲ့ အကြောင်းကြားပေးတာ ကျေးဇူးပါရှင်။ ကျွန်မ ခုချက်ချင်း လာခဲ့ပါမယ်”

ကျွန်မမြေးလေး အိမ်မှာ တစ်ယောက်တည်း ငိုနေလို့တဲ့ အိမ်နီးနားချင်းတွေက ဖုန်းဆက်ပေးကြတာ။ကျွန်မ စိတ်ပူလိုက်တာ။ပိုးလေးက ဘယ်သွားလို့ပါလိမ့်။

“ဘွားဘွား”

“သားထူးလေး”

ကျွန်မကို တွေ့တော့ ဝမ်းသာအားရနဲ့ သားထူးလေး လာပြေးဖက်တယ်။အိမ်ပေါ်မှာလည်း လူစုစုနဲ့ပါလား။ကျွန်မ ရင်ထိတ်သွားတယ်။

“ပိုးလေး ပိုးလေး ဘာဖြစ်လို့လဲ”

“ထိုင်ပါဦး မကြည်ဖြူမင်း။ ကျွန်မ ပြောပြပါမယ်”

“ဟုတ်ကဲ့”

“ပြောပြမယ်ဆိုပြီး ဘယ်က စပြောရမှန်းကို မသိတော့ပါဘူး။တိုတိုပြောရရင် မြပိုးဖြူက ကုန်စုံဆိုင်က မသက်ထားရဲ့ယောက်ျားနဲ့ လိုက်ပြေးသွားတယ်။”

“ရှင်”

“ဟုတ်တယ်။ကလေးကို ညကတည်းက ထားခဲ့တာ ဖြစ်မယ်။ကျွန်မတို့လည်း မိုးလင်းတော့မှ အိမ်ပေါက်ဝမှာ ထွက်ထိုင်ပြီး ငိုနေတာကို တွေ့တာ။ကလေး ဘယ်အချိန်ထဲက ငိုနေတာလဲ မသိဘူး ။ သနားပါတယ်”

ရက်စက်လိုက်တာ ပိုးလေးရယ်။ကျွန်မတို့ကို ယောက္ခမမို့ မကောင်းပေးနိုင်တာ နားလည်ပေးနိုင်ပေမဲ့ သူ့ရဲ့ဝမ်းနဲ့ လွယ်မွေးခဲ့ရတဲ့ ကလေးလေးအပေါ် ခုလို မိုက်ရိုင်း ရက်စက်ခဲ့တာတော့ လုံးဝ ခွင့်မလွှတ်နိုင်ပါဘူး။

“ဘွားဘွား သားသားဗိုက်ဆာတယ်”

“အို ကျွေးမှာပေါ့ သားလေးရယ်။ဘွားဘွား ကျွေးမှာပေါ့”

ကျွန်မ မြေးလေးကို သနားလိုက်တာ။ဘယ်တုန်းကမှ မြပိုးဖြူအပေါ်ကို အပြစ်မမြင်မိအောင် နေခဲ့တဲ့ ကျွန်မ ။အခု မြပိုးဖြူကို အရမ်းမုန်းတယ်။

———————————————————————–

“ကိုလင်း “

“ဘယ်လိုဖြစ်တာလဲ အကြည်ရယ်။ကိုယ့်မြေးလေးကော အဆင်ပြေရဲ့လား။”

အကြည် ဖုန်းဆက်ဆက်ချင်း ဦးလင်းထက် အပြေးလာခဲ့တာ။မြေးလေးကို စိတ်ပူတဲ့စိတ်နဲ့ ဦးလင်းထက် ပြာယာခတ်နေမိတယ်။

ကိုလင်းကိုကြည့်ပြီး ကျွန်မ ဒေါသစိတ်တွေ ပြင်းထန်လာခဲ့တယ်။ဘယ်လိုလူမျိုးကိုမှ မမုန်းဖူးခဲ့တဲ့ ကျွန်မ။အခု မြပိုးဖြူကို မုန်းတယ်။

“ကျွန်မ မြေးလေးကို စောင့်ရှောက်ပေးခဲ့ကြတဲ့အတွက် အစ်မတို့အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်”

“ရပါတယ်ရှင်။ကျွန်မတို့လည်း ကလေးကို မြင်တော့ ရင်ထဲအတော်မကောင်း ဖြစ်ရတာလေ။အဘိုး၊အဘွားက ပိုဆိုးမှာပေါ့”

“ကိုလင်း အိမ်နဲ့ခြံကို သော့ခတ်လိုက်ပါ။ပြီးတော့ ရတဲ့ဈေးနဲ့ ရောင်းလိုက်ပါ။”

ဇနီးသည်ရဲ့ ပြတ်သားလှတဲ့စကားကြောင့် ဦးလင်းထက် အံ့အားသင့်ရပါတယ်။ဘယ်တုန်းကမှ မတင်းမာခဲ့ဖူးတဲ့ အကြည်ရဲ့ မျက်နှာဟာ ပေါက်ကွဲတော့မဲ့ စနက်တံတစ်ခုလို။

————————————————————————

“ခွမ်း”

“ကဲဟာ ခွမ်း—–ဝုန်း—–ဒိုင်း”

“ကိုကြီး ရှင် လူပါးမဝနဲ့နော်”

“ဝတော့ ဘာဖြစ်လဲကွာ။မသာမ—–ဖြန်း”

“အား”

လူမဆန်စွာ ယောက်ျားအားနဲ့ အားရပါးရ မညှာမတာ မြပိုးဖြူရဲ့ပါးကို ကိုဇော်မင်း ရိုက်ပစ်လိုက်တယ်။ဒီကောင်မ ဒီလိုလုပ်ထားတာတောင် တစ်ချီတစ်ချီ အကြောတင်းပြနေသေးတာ။

“အဟင့် အဟင့် အဟင့်”

မြပိုးဖြူ ကိုကြီးကို ကြောက်တယ်။မိန်းမဆိုပြီး လုံးဝ မညှာတာပါ။ ယူကာစ ခြောက်လလောက်ပဲ မြပိုးဖြူကို ဟန်ဆောင် ကောင်းပြတယ်။အဲ့နောက်ပိုင်း စိတ်မထင်ရင် မထင်သလို ခြေပါလက်ပါ လုပ်လာတယ်။

“အဟင့် အဟင့် အဟင့်”

“နင့် ရှိုက်သံကို အခုချက်ချင်း ဖျောက်လိုက်စမ်း။ကျက်သရေ မရှိတဲ့ကောင်မ၊ကဲဟာ”

“အုံး”

“အား—

“ပိုးလေး တောင်းပန်ပါတယ် ကိုကြီးရယ်။ပိုးလေးကို မရိုက်ပါနဲ့တော့နော်”

ကိုဇော်မင်း မြပိုးဖြူရဲ့ ဆံပင်ကို အရင်းကနေ ဆုပ်ကိုင်ကာ အခန်းထဲကို တရွတ်တိုက် ဆွဲခေါ်လာခဲ့တယ်။

“အား အား ကြောက်ပါပြီ”

နာကျင်တဲ့ ဝေဒနာဒဏ်ကို မြပိုးဖြူ မခံစားနိုင်တော့ပါ။တစ်ကိုယ်လုံးနာကျင်ကာ ကြောက်စိတ်များဖြင့် အသားတွေ တဆတ်ဆတ် တုန်နေခဲ့တယ်။

“နင် ပြောစမ်း။အခု ရှိတဲ့ပိုက်ဆံ အကုန် ဖဲရှုံးသွားပြီ။စောက်သုံးမကျတဲ့ မိန်းမ နင့်ကြောင့် ငါဖဲရှုံးတာ။”

“နင့်ရဲ့ ကျက်သရေတုံးတဲ့မျက်နှာကို မြင်လိုက်ရလို့ ငါဖဲရှုံးတာ။ကဲဟာ—-”

“ဖြန်း—

“အား—“

မြပိုးဖြူ မျက်လုံးတွေ ပြာတက်လာခဲ့တယ်။မတန်တဆ နှိပ်စက်ခံနေရတဲ့ နာကျင်မှုဒဏ်ကြောင့် မြပိုးဖြူ မူးမေ့သွားခဲ့တယ်။

“ကောင်မ မာယာများပြီး မေ့ချင်ယောင်တောင်ဆောင်နေရသေးတယ်”

“ကဲကွာ ကဲကွာ”

“ဘုံး —ဘုံး”

ဖွဲအိတ်တစ်အိတ်ကို ကန်သလိုကို တဘုံးဘုံးနဲ့ ကန်နေတဲ့ ကိုဇော်မင်းရဲ့ ကန်ချက်တွေဟာ နာကျင်လွန်းလှပါတယ်။

သို့သော် နာကျင်မှုဒဏ်ကို ဖော်ပြဖို့အတွက် အော်ဟစ်ငိုကြွေးစရာ အင်အားပင် မြပိုးဖြူ မရှိတော့ပါ။

“အင်း—-အင်း”

—————————————————————–

“ပိုးလေး”

“ရှင်’

ကိုကြီးကို မြပိုးဖြူ ကြောက်လန့်တကြား ထူးလိုက်ပါတယ်။တစ်ညလုံးနှိပ်စက်ခံထားရတဲ့ဒဏ်ကြောင့် မြပိုးဖြူရဲ့ မျက်လုံးတွေဟာ သွေးခြေဥကာ မျက်နှာတစ်ခုလုံး ယောင်ကိုင်းနေခဲ့တယ်။

ခန္ဓာကိုယ်တစ်ခုလုံးဟာလည်းအရှိုးရာများအပ်ကြောင်းထပ်နေခဲ့ပါတယ်။လောင်းကစားကို ခုံမင်လွန်းတဲ့ မြပိုးဖြူ လောင်းကစားလုပ်ရမှာကို အတော်ပင် ကြောက်ရွံ့နေမိခဲ့ပါပြီ။

ကိုကြီးက သူဖဲရိုက်လို့ နိုင်နေရင် ကောင်းတယ်။ရှုံးတာနဲ့ မြပိုးဖြူကို ဆက်ကစားခိုင်းတယ်။မြပိုးဖြူ နိုင်အောင် မကစားနိုင်ရင် အခုလို နှိပ်စက်တော့တာပါပဲ။

မြပိုးဖြူကိုကြီးနဲ့အတူ မြဝတီမြို့လေးကို လိုက်လာခဲ့တယ်။အဲ့နောက် အိမ်ဌားနေထိုင်ကာ လင်မယားနှစ်ယောက် လောင်းကစားမျိုးစုံလုပ်ကာအသက်မွေးဝမ်းကြောင်း ပြုခဲ့ကြတယ်။

ရောက်ကာစက အရင်းအနှီးလေးရှိတော့ အဆင်ပြေခဲ့တယ်။နှစ်ယောက်သားလည်း သုံးလိုက်ဖြုန်းလိုက်နဲ့ သာယာနေခဲ့တာပေါ့။

နောက်ပိုင်း ရှိတဲ့ပိုက်ဆံတွေ ကုန်လို့ အဆင်မပြေတော့တဲ့နောက်ပိုင်း ကိုကြီးရဲ့စရိုက်အမှန်ကို မြပိုးဖြူ သိခဲ့ရပါတယ်။

မြပိုးဖြူ နောင်တ ကြီးစွာ ရခဲ့ပေမဲ့ ရုန်းထွက်လို့ မရတော့ပါ။မြပိုးဖြူ သားလေးကို သတိရမိတယ်။အမေ့သားလေး အမေ့ကို မုန်းနေပြီလားကွယ်။

မြပိုးဖြူသာ သားလေးနဲ့အတူ အရင်အစီအစဉ်အတိုင်း ထမင်းဆိုင်လေးဖွင့်ပြီး စီးပွားရှာခဲ့ရမှာ။

မေမေ နောင်တတွေ ရနေပါပြီ သားရယ်။မေမေ့သားရယ်။

“မြပိုးဖြူ ငါခေါ်နေတာကို နင်က ဘာတွေတွေးနေတာလဲ”

“သေသွားတဲ့ နင့်လင်ကို လွမ်းလို့လား ကောင်မ”

“မဟုတ် မဟုတ်ပါဘူး ကိုကြီးရယ်”

“အေး ငါပြောမယ်။နင် ဒဏ်ရာတွေ ပျောက်တာနဲ့ မဲစောက်ကို သွားစရာရှိတယ် ကြားလား”

“ဟုတ် ကိုကြီး”

မဲစောက်ဖက်တောင် သွားပြီး ဖဲရိုက်မလို့လား မသိဘူး။မြပိုးဖြူ စိတ်ဆင်းရဲနေမိပါတယ်။

———————————————————————–

“လာ ပိုးလေး”

ကိုကြီးက မြပိုးဖြူကို မဲစောက်ဘက်က အိမ်တစ်အိမ်ကို ခေါ်လာခဲ့တယ်။

ဟင် အိမ်ထဲမှာ အတိုအပြတ်တွေ ဝတ်ဆင်ထားပြီး အလှတွေပြင်ထားတဲ့ ကောင်မလေးတွေ ဝင်လိုက် ထွက်လိုက်နဲ့ပါလား။

ယောကျ်ားတွေလည်း အများကြီးပဲ။ဖဲဝိုင်း အတော်ကောင်းပုံပဲ။

“ဘုရားမလို့ ကိုကြီး ဖဲနိုင်ပါစေ အရှင်ဘုရား”

လောင်းကစားနဲ့ဘုရား ဘာမှမဆိုင်ပေမဲ့ မြပိုးဖြူ ဆုတောင်းနေမိတယ်။

ဖဲရှုံးရင် မြပိုးဖြူ အရိုက်ခံရမှာလေ။အတွေးနဲ့တင် ကြောက်စိတ်ကြောင့် တစ်ကိုယ်လုံး ကြက်သီးတွေ ထလာခဲ့တယ်။

“ပိုးလေး ထိုင်နေဦးနော်၊ကိုကြီး အပြင်မှာ ဆေးလိပ်သွားဝယ်လိုက်အုံးမယ်”

“ဟုတ် ကိုကြီး”

မြပိုးဖြူထိုင်နေတာ၃နာရီကျော်ပြီ။ကိုကြီးလည်းပြန်မလာသေးပါ။

ကြောက်စိတ်ကြောင့် မြပိုးဖြူ တုန်ယင်လာခဲ့တယ်။ဟင် ဟိုလူကြီးတွေက ငါ့ကို ပြီတီတီနဲ့ ကြည့်နေကြပါလား။

မြပိုးဖြူမနေရဲတော့ပါ။ကိုကြီးကိုအပြင်ထွက်ပြီးပဲ စောင့်နေလိုက်တော့မယ်ဟု တွေးကာ မတ်တပ်ထရပ်လိုက်တယ်”

“ဟေ့ အဲ့ဒါ ဘယ်သွားမလို့လဲ။”

နှုတ်ခမ်းနီကို နီရဲအောင်ဆိုးထားပြီး အသက်အရွယ်နဲ့မလိုက်ဖက်စွာ ပြင်ဆင်ဝတ်ဆင်ထားတဲ့ အသက်ကြီးကြီး မိန်းမကြီးက မြပိုးဖြူကို အသံမာမာနဲ့ လာမေးတယ်။

သူ့ဘေးက အသက်ကြီးကြီး ထိပ်ပြောင်ပြောင်နဲ့ လူက သူမကို ထိုင်းဘာသာစကားဖြင့် တစ်ခုခု မေးလိုက်တယ်။

သူမကလည်း ထိုင်းစကားဖြင့် ပြန်ပြောနေတယ်။ထို့နောက် မြပိုးဖြူကို လှည့်ကြည့်ကာ

“နင် ဘယ်သွားမလို့လဲ”

“ကျွန်မ ယောက်ျားဆေးလိပ်သွားဝယ်တာ မလာသေးလို့ အပြင်ကပဲ သွားစောင့်မလို့ပါ”

“အေး နင့်ယောက်ျားလား ဘာလားတော့ ငါလည်း မသိဘူး။ဒါပေမဲ့ နင့်ကိုအခု ငါတို့ ပိုင်သွားပြီ။’

“သူက ငါတို့ဆီ နင့်ကို လာရောင်းစားသွားတာ။ငါတို့ နင့်ကိုဝယ်လိုက်ပြီ”

“ရှင်”

“ဟုတ်တယ်။အခု နင် အလုပ်စလုပ်မယ်။သွား ဟိုက ဖောက်သည်တွေက ဒီနေ့ နင်နဲ့ အချိန်ဖြုန်းချင်တယ်တဲ့။သွား ဧည့်ခံလိုက်”

“အို ဘာတွေပြောနေတာလဲ။ဘာလို့ ကျွန်မက သူတို့ကို ဧည့်ခံရမှာလဲ”

“ဟား ဟား ဟား ဟား”

မြပိုးဖြူရဲ့စကားကြောင့် ထိုမိန်းမကြီးက အကျယ်ကြီးအော်ရယ်ပြီးနောက် ထိုင်းဘာသာစကားဖြင့်ဟိုလူကြီးတွေကိုလှမ်းအော်ပြောလိုက်တယ်။

ဘာပြောတာလဲ မြပိုးဖြူနားမလည်ပေမဲ့ အန္တရာယ်ရှိနေပြီ ဆိုတာကို သိလိုက်တယ်။

“ငါ ငါ ထွက်ပြေးမှ ဖြစ်မယ်”

မြပိုးဖြူ အပြင်ကို ပြေးထွက်ခဲ့တယ်။ဒါပေမဲ့ ယောက်ျား ၅ယောက်ခန့်က ဝိုင်းချုပ်ကာ အခန်းတစ်ခုထဲကို ခေါ်သွားကြတယ်။

“ဟင့်အင်း လွှတ် လွှတ် ၊ရှင်တို့ ကျွန်မကို လွှတ်”

“ဟား ဟား ဟား”

“ကျွန်မ တောင်းပန်ပါတယ်ရှင်၊ ကျွန်မကို လွှတ်ပေးပါနော်််

ယောကျ်ားတစ်ယောက်က မြပိုးဖြူကို လှမ်းပွေ့ကာ ကုတင်ပေါ်သို့ ကြမ်းတမ်းစွာ ပစ်ချလိုက်တယ်။

“အမယ်လေး”

“ဟင် ရှင်တို့ ရှင်တို့”

တိရစ္ဆာန်စိတ်ပေါက်နေတဲ့ လူယုတ်မာ ငါးယောက်ရဲ့ လက်ထဲမှာ မြပိုးဖြူ အရှင်လတ်လတ် ငရဲကျနေခဲ့ပါတော့တယ်။

“အား—ကျွန်မ တောင်းပန်ပါတယ်ရှင်—–ကယ်ကြပါအုံး ကယ်ကြပါအုံး”

“ဟား ဟား ဟား”

ကူမဲ့သူမဲ့စွာနဲ့မြပိုးဖြူငရဲခန်းမှာငရဲကျနေခဲ့ပါတော့တယ်။နောက်ဆုံးသိလိုက်ရတာကတော့ မြပိုးဖြူဟာ ပြည့်တန်ဆာဘဝ ရောက်ရှိခဲ့ပြီဆိုတာပါပဲ။

ပြည့်တန်ဆာ ဆိုတဲ့ ငရဲခန်းကနေ မြပိုးဖြူ သေတဲ့အထိ မလွတ်မြောက်နိုင်တော့ပါဘူး။

ဒီလို အဖြစ်ဆိုးကို အိပ်မက်တောင် မမက်ဖူးခဲ့တဲ့ မြပိုးဖြူရဲ့ ဘဝက ခုတော့——

———————————————————————-

“သားရယ် သားလေးနဲ့သာ အမေ အတူ ရှိနေသင့်တာပါ။ပိုးလေး ကံကြီးထိုက်တာပါ။

မိဘသဖွယ် ကောင်းမွန်လှတဲ့ ယောက္ခမတွေအပေါ် ပြစ်မှား စော်ကားခဲ့မိတယ်။

တာဝန်ကျေပွန်ပြီး မိမိအပေါ် ချစ်ခင်လှတဲ့ ခင်ပွန်းအပေါ်မှာလည်း မြပိုးဖြူမကောင်းခဲ့ဘူး။

ခင်ပွန်းဖြစ်သူ သေမဲ့နေ့မှာတောင် အခြားယောက်ျားအပေါ် စိတ်နဲ့ဖောက်ပြန်နေခဲ့တယ်။

ဒါ့အပြင် အပြစ်မဲ့တဲ့ သားလေးကိုလည်းရက်ရက်စက်စက် ပစ်ထားရက်ခဲ့တယ်။

မြပိုးဖြူရဲ့နောင်တက နှောင်းနောင်တ ဖြစ်ခဲ့ပါပြီ။အဲ့အပြစ်ကြွေးတွေကို စုတ်ပြတ်သတ်နေတဲ့ ခန္ဓာကိုယ်နဲ့ ဆပ်နေ၇ပါပြီ။

အရှင်လတ်လတ် ငရဲခံနေရပါပြီ။တဏှာ၊ရာဂတွေ ကြီးမားလွန်းတဲ့ လူယုတ်မာတွေကို ခန္ဓာနဲ့ပေးဆပ်နေရတဲ့ ပြည့်တန်ဆာဘဝက မြပိုးဖြူအတွက် ပြေးလို့မလွတ်တော့တဲ့ ငရဲပါဘဲ။

“သားရယ် သားလေးရယ်”

မြပိုးဖြူ သားလေးကို တမ်းတရုံမှတပါး ဘယ်တော့မှ တွေ့ခွင့်မရနိုင်တော့ပါဘူး။

“အဟင့် အဟင့် အဟင့်”

——————————————————————

၃ နှစ်ခန့် ကြာသောအခါ——-

“ကြည်ဖြူ ကြားပြီးပြီလား”

“ဘာကိုလဲ မမတင်”

“သက်ထားယောက်ျားလေ၊ မြပိုးဖြူနဲ့ကွဲပြီး အခုသက်ထားဆီပြန်ရောက်နေတယ်တဲ့။”

“အမှတ်မရှိဟယ်။ သက်ထားကလည်း ပြန်လက်ခံတယ်တဲ့လေ။ ”

“ဟင်”

ကျွန်မ ခေတ္တမျှ အံ့အားသင့်သွားမိပြီးမှ သတိဝင်လာမိတယ်။

“မမတင်ရယ် ကျွန်မသူတို့အကြောင်းကို ကောင်းတာလည်းမကြားချင်ဘူး။ ဆိုးတာလည်း မကြားချင်တော့ပါဘူး။”

“အေးပါ အေးပါ ကြည်ဖြူ မကြိုက်ရင်လည်း မမတင် မပြောတော့ပါဘူး”

“ဘွားဘွားရေ သားသား ကျောင်းကပြန်လာပါပြီ”

“ဘွားမြေးလေး ကျောင်းကပြန်လာပြီလား။လာ လာ ဘွားဘွားက သားလေးကြိုက်တဲ့ ဖရဲသီးဖျော်ရည် ဖျော်ထားပေးတယ်။လာ သောက်ကြမယ်”

“ဟေး—အာ့ကြောင့် သားသားက ဘွားဘွားကို ချစ်တာ”

—————————-ပြီးပါပြီ——————————-
ဆက်လက်ကြိုးစားသွားပါမည်။
လေးစားစွာဖြင့်*****အလင်းရောင်