မြစ်ကူးတံတားကြီးပေါ်ကနေမျှော်ငေးကြည့်တော့
တစ်ရံမလပ်စီးဆင်းနေတဲ့ မြစ်ပြင်ကျယ်ကြီးရဲ့ အနောက် ဘက်ကမ်းနဖူးနဲ့ အနားသတ်ထားတဲ့ ငယ်မြို့လေးက လွမ်းမောဖွယ်ရာ။ ဆောင်းလေကြမ်းကြောင့် လှိုင်းထ မောက်ကြွနေတဲ့ မြစ်ရဲ့အော်သံကို သဲ့သဲ့ကြားရပြီး နံနက် ခင်းနေရောင်ခြည်အောက်မှာ မြစ်ပြင်က စိန်ရောင်ရွှေ ရောင် တဖျပ်ဖျပ်တောက်ပနေသည်။ မြစ်အရှေ့ဘက်ကမ်းစပ်တစ်လျှောက်ဆီမှာတော့ အို…ကျွန်တော့်ရဲ့ ချစ်လှစွာသော ကျူတောကြီးက နတ်သားရဲ့ ဆော့မြူကျီစယ်မှုမှာ ယိမ်းထိုးကခုန်နေဆဲ ပါလား။ အဆုပ်အခဲလိုက်ပွင့်နေတဲ့ ကျူပွင့်တို့က နေခြည် အောက်မှာ ဘော်ငွေရောင် ဇာခန်းဆီးစကြီးတစ်ခု မျော လွင့်နေသည့်နှယ်။ ကျူတောကြီးနောက်ဘက်မှာတော့ ဓနိတော၊ အုန်းတောတို့က စိမ်းမှောင်နေကာ မြင်ကွင်း တဆုံးပင်။ တစ်ချိန်က ကျွန်တော်တို့တစ်တွေ မြစ်ကြီး ကို လှေငယ်လေးနဲ့ ဖြတ်ကူးကာ စွန့်စွန့်စားစား သွား ရောက် ဆော့ကစားခဲ့ရာ အရှေ့ဘက် ကျူတောကမ်းခြေ က ယခုတိုင် အဟောင်းအတိုင်းရှိနေဆဲ။
ကိုယ့်ကိုယ်ကိုယ် ရင့်ကျက်လှပြီလို့ထင်ခဲ့မိတဲ့ ကျွန်တော် အခုတော့ မြင်မြင်ရာကို ငေးရင်းမောရင်း မြစ်ပြင် ကျယ်ကြီးကိုလည်း မမြင်တော့။ မြို့ငယ်လေးကိုလည်း မမြင်တော့။ လွမ်းမောဖွယ်ရာ အတိတ်ပုံရိပ်များသည်သာ မြင်ကွင်းကျယ်ရုပ်ရှင်ပိတ်ကားချပ်ကြီးလို ကျွန်တော့် အာရုံထဲ လွန့်လူးရုန်းကြွလို့လာသည်။ တကယ်တော့ ဒီမြို့လေးက အဖေ့ဇာတိမြို့လေး။ အမေက ကချင်ပြည်နယ်သူ။ မန္တလေးဆရာအတတ်သင် မှာ ဖူးစာဆုံခဲ့ကြသည်။ ပြီးတော့ မန္တလေး-မြစ်ကြီးနား ရထားလမ်းဘေးက နမ္မတီးဆိုတဲ့ရွာလေးဆီ အတူသွား ရောက် တာဝန်ထမ်းဆောင်ကြသည်။ ၁၉၆၅ ခုနှစ်တဲ့။ အမေက ကျွန်တော့်လိုပဲ မိုးညှင်းဇာတိဖြစ်သည်။ အမေက ဒုတိယကမ္ဘာစစ်လမ်းကြောကြီးပေါ် ပြေးရင်း လွှားရင်း နေထိုင်ခဲ့ဖူးသူမို့ ပစ်ခတ်ပေါက်ကွဲသံတွေကို နားမစိမ်းတော့။ အဖေ့ဇာတိ ဒီမြို့လေးကျတော့ နီးဝေး သတင်းကို ရေဒီယိုလေးဖွင့်ပြီး နားထောင်နေသူအလား အေးဆေးငြိမ်သက်လွန်းလှသည်။
ဂျပန်တွေရောက်လာတော့လည်း သေနတ်တစ်ချက် မဖောက်လိုက်ရ။ အင်္ဂလိပ်ကပြေးနှင့်ပြီ။ ဂျပန်တော်လှန် ရေးကြီးမှာလည်း တော်လှန်ရေးသမားတွေက မြို့ကိုသိမ်းပြီး အုပ်ချုပ်ရေးတာဝန်ယူလိုက်တဲ့အထိမ်းအမှတ်အဖြစ် သေနတ်လေးငါးချက် မိုးပေါ်ထောင်ဖောက်ပြရသည်။
ဂျပန်တွေ ဘယ်အချိန်ပြေးသွားလဲဆိုတာ တုံးတုံးအအ ဒီတောမြို့လေးက မသိလိုက်။ ဒီလိုရိုးအေးတဲ့တောမြို့
လေးက စီးပွားရေးချောင်လည်တဲ့ မိဘတွေရဲ့ တစ်ဦး တည်းသောသား အဖေ့အတွက် သေနတ်တစ်ကမ်း ကနမ္မတီးနေ့စွဲများက စွန့်စားခန်းတစ်ခုလို ဖြစ်ချိမ့်မည်။ နမ္မတီးမှာ ဆယ်နှစ်ကြာ ကျောင်းဆရာများအဖြစ် နေထိုင် ခဲ့ပြီး ကျွန်တော် လမ်းလျှောက်စအရွယ်မှာပဲ အဖေ့ဇာတိ ဒီမြို့လေးဆီ အပြီးပြောင်းရွှေ့ခဲ့ကြတော့သည်။
ဒီတော့ ဒီမြို့လေးက ကျွန်တော့်ဇာတိမြေလိုဖြစ်နေ တော့သည်။ ဒီမြို့လေးရဲ့ လွမ်းမောဖွယ်ရာ အတိတ်တစ်ခု ထဲမှာ ကျွန်တော်ရှိခဲ့သည်ပဲ။ ဟုတ်သည်။ ဒီမြို့လေးရဲ့ လွမ်းမောဖွယ်ရာ အတိတ်တစ်ခုထဲမှာ ရှင်သန်တဲ့ ကျွန် တော့်ငယ်ဘဝလေး ရှိခဲ့သည်။ လွတ်လပ်ဖြူစင်သော ရယ် မောသံများ ရှိခဲ့ဖူးသည်။ ဒီမြို့လေးရဲ့ လွမ်းမောဖွယ်ရာ အတိတ်တစ်ခုထဲမှာ ဘာနဲ့မှ ပြန်အစားမထိုးချင်စရာ ကျွန် တော့်ဘိုးဘွားမိဘများရဲ့ မေတ္တာတော်များ ရှိခဲ့ဖူးသည်။ ဒီမြို့လေးရဲ့ လွမ်းမောဖွယ်ရာအတိတ်တစ်ခုထဲမှာ လေလွင့်တတ်တဲ့ ကျွန်တော့်ဆံပင်ရှည်များ ရှိခဲ့ဖူးသည်။ ငယ်ကျိုးငယ်နာ ဂျင်းဘောင်းဘီတစ်ထည် ရှိခဲ့ဖူးသည်။ သစ္စာရှိသော မောင်းချဓားတစ်လက် ရှိခဲ့ဖူးသည်။ ဒီမြို့ လေးရဲ့ လွမ်းမောဖွယ်ရာ အတိတ်တစ်ခုထဲမှာ ခိုးကြောင် ခိုးဝှက် ဆေးလိပ်မီးခိုးငွေ့ များ ရှိခဲ့ဖူးသည်။ Thunder Bandဆိုတဲ့ လမ်းဘေးတီးဝိုင်းလေး ရှိခဲ့ဖူးသည်။ အူရိုင်း လေးရဲ့ နောက်ဆုံးတစ်ခွက် ရှိခဲ့ဖူးသည်။
ဒီမြို့လေးရဲ့ လွမ်းမောဖွယ်ရာ အတိတ်တစ်ခုထဲမှာ ကျွန်တော့်ရဲ့ ချစ်လှစွာသောနှင်းပန်းပွင့်လေးရှိခဲ့ဖူးသည်။ အိပ်၍မပျော်သော လွမ်းဖျားလွမ်းနာ ကျွန်တော့်ညများ ရှိခဲ့ဖူးသည်။ အသည်းဓားတန်းလန်း တက်တူးပုံလေး ရှိ ခဲ့ဖူးသည်။ ဒီမြို့လေးရဲ့ လွမ်းမောဖွယ်ရာ အတိတ်တစ်ခု ထဲမှာ သင်းကွဲတစ်ကောင်ရဲ့ လူမြင်မခံဝံ့တဲ့ မျက်ရည် လမ်းခွဲလေး ရှိခဲ့ဖူးသည်။ ဪ… ခုတော့လည်း ဝါသ နာအရ လွမ်းမောရပါတယ်လို့တောင် ပြောရမတတ် လွမ်းနဲ့ကျွန်တော်က နေသားကျနေလေပြီကော။ အမှန်ဆို နာကျင်စွာ ကျောခိုင်းခဲ့တဲ့ ငယ်မြို့လေးဆီ ကျွန်တော်ပြန်မရောက်ချင်ခဲ့။
သို့သော် တစ်နေ့သော အခါမှာ နှစ်ပေါင်း ၂ဝ ကျော်ကွဲကွာနေတဲ့ တစ်ရပ်ကွက် တည်းနေ ငယ်သူငယ်ချင်းနဲ့ ကျွန်တော့်ကို မြို့ပြလမ်းမ ကြီးတစ်ခုပေါ်မှာ ကံကြမ္မာက ဆုံစည်းပေးလိုက်သည်။ လမ်းဘေးကဖေးလေးမှာ ဖြတ်သွားဖြတ်လာ စကားဆို ဖြစ်သည်။ နာကျင်စရာ အတိတ်ဟောင်းတွေ ကိန်းဝပ် နေတဲ့ ဒီမြို့လေးနဲ့ ကင်းကွာချင်ဇောကြောင့် သူ ဖုန်းနံ ပါတ်တောင်းတော့ ကျွန်တော် မကြားယောင်ပြုခဲ့သည်။ သို့သော် သူပြလို့ သူ့ဖေ့စ်ဘုတ်ထဲက ကျွန်တော်တို့ ငယ်ဘဝကျောင်းအိုကြီးရဲ့ ဖြစ်အင်တွေကိုကြည့်ပြီး ကျွန်တော့်ရင်ထဲ နင့်သွားမိသည်။ ဇွတ်မေ့ကြည့်လေ ပိုသတိရလာလေ။ ကျောင်းအိုကြီးရဲ့ ခြောက်လှန့်မှုကို ကျွန်တော့်နှလုံးသားက မခံနိုင်သည့်အဆုံး ဖေ့စ်ဘုတ်မှာ သူငယ်ချင်းရဲ့ အကောင့်ကိုရှာပြီး ကျောင်းအိုကြီးရဲ့ ပုံ လေးတွေယူကာ ဒီပုံလေးတွေနဲ့ ကျွန်တော်ခံစားမိသမျှ တွေကို ဖေ့စ်ဘုတ်မှာ ရေးတင်မိသည်။ အဲဒီမှာပဲ ဘယ်လို မှ ထင်မှတ်မထားတဲ့ ပြည်ပရောက်အလှူရှင်တစ်ဦး ပေါ် လာသည်။
တကယ်ဆို သူနဲ့ကျွန်တော် ဖေ့စ်ဘုတ်မှာ ဘယ် အချိန် မိတ်ဆွေဖြစ်ခဲ့လဲ ကျွန်တော်ကိုယ်တိုင် အမှုမဲ့ အမှတ်မဲ့။ ကီးပက်လေးနဲ့ရောင့်ရဲနေရတဲ့ ကျွန်တော့်လက် ထဲ မိတ်ဆွေတစ်ယောက်ကောင်းမှုကြောင့် ဆမ်ဆောင်း ပွတ် ဖုန်းအဟောင်းလေးရောက်လာတာ နှစ်ဝက်မကျိုး သေး။ မျောက်အုန်းသီးရသလို ဖေ့စ်ဘုတ်ထဲ တွေ့ သမျှ လူအကုန် မိတ်ဆွေလိုက်ဖွဲ့ပစ်လိုက်သည်။ သူ့ ကိုယ်မသိ ကိုယ့် သူမသိ။ ယခု ပြည်ပအလှူရှင်သည်လည်း ထိုမသိ သူများထဲက မသိသူတစ်ယောက်သာဖြစ်သည်။
သူက ရန်ကုန်နေသူ့သူငယ်ချင်းရဲ့လိပ်စာကိုပေးပြီး သွားတွေ့ ရမယ့်နေ့ရက်နဲ့ အချိန်ကို အတိအကျပေးလာ သည်။ ခင်ဗျား ဒီကျောင်းမှာ နေဖူးလို့လားဆိုတော့ ဒီ မြို့လေးက သူ့အပေါ် ကျေးဇူးရှိခဲ့ဖူးတယ်တဲ့။ ဘယ်လို ကျေးဇူးများလဲသိချင်လို့ ထပ်မေးတော့ ပြန်မဖြေဘဲ လုပ် ငန်းခွင်ဝင်နေရလို့ပါပြောပြီး လိုင်းပေါ်က ဆင်းသွား သည်။ ဒီလိုနဲ့ သူပြောတဲ့နေ့ရက်၊ အချိန်အတိုင်း ရောက်သွားလိုက်တော့ သူ့သူငယ်ချင်းဆိုသူက ကိုယ်ပိုင် အထက်တန်းကျောင်း ထူထောင်ထားသူ ဖြစ်နေသည်။
ထိုသူငယ်ချင်းဆိုသူကို ကျွန်တော်က ကျောင်းအုပ်ကြီး လို့ပဲ အလွယ်ခေါ်လိုက်သည်။
ကျောင်းအုပ်ကြီးရဲ့ သတင်းစကားကြောင့် ကျွန် တော့်ခြေလက်များ အေးစက်ကာ ချွေးစေးများပင် ပြန် လာသည်။ ပြည်ပကလွှဲငွေ သိန်းတစ်ရာက ရောက်နေ ပြီ။ ကျောင်းအုပ်ကြီးကလည်း သူကိုယ်တိုင် သိန်းသုံး ဆယ် မတည်ပြီး သူ့ကျောင်းမှာ အလှူခံလိုက်တာ သိန်း တစ်ရာ့နှစ်ဆယ်။ ပေါင်း သိန်းနှစ်ရာ့နှစ်ဆယ်ဆိုတော့ ကျွန်တော် ဘုရားတမိမတတ်။ ကျွန်တော်က ပိန်ချိုင့် နေတဲ့ အိတ်ကပ်လေးတစ်လုံးကိုး။
ပညာရည်နိမ့်လို့ ဘယ်နိုင်ငံရောက်ရောက် မြန်မာ တွေ ခေါင်းတက်နင်းခံနေရတာကို ခံပြင်းလို့ ဒီပုဂ္ဂလိက အထက်တန်းကျောင်းကြီးကို သူတို့သူငယ်ချင်းနှစ်ယောက် ဘဝနဲ့ရင်းပြီး စွန့်စားထူထောင်ခဲ့ကြသည်။ ကျားလည်း ကြောက်ရ၊ ကျားချေးလည်းကြောက်ရ ခေတ်ကြီးထဲ ဒီ အခြေအနေအထိရောက်အောင် အံခဲရုန်းကန်ခဲ့ရသည် တဲ့။ ထိလိုက်တဲ့ဥပမာ။ ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ ခေတ်တစ်ခုကို တင်စားလိုက်ပုံက။ ခက်တာက အဝေး ရောက်အလှူရှင်က သူ့အလှူငွေကို ကျွန်တော်ကိုယ်တိုင် လှူပေးပါတဲ့။ ကျောင်းအုပ်ကြီးကလည်း အတင်းနားချ တော့ ကျွန်တော် အဘယ်မှာ ငြင်းနိုင်တော့မည်နည်း။ သိန်းနှစ်ရာကျော်တန်အလှူဆိုတော့ သေးသေးမွှား မွှားမဟုတ်တော့။ ဒီတော့ ကျွန်တော့်သူငယ်ချင်းကနေ တစ်ဆင့် မြို့ခံလူကြီးသူမတွေနဲ့ ချိတ်ဆက်ပြီး အခမ်းအ နားလေးတစ်ခု လုပ်ချင်ကြောင်းပြောတော့ နှစ်ယောက် စလုံးက တူးတူးခါးခါး ငြင်းကြသည်။ ထိုက်ထိုက်တန် တန်ဖြစ်စေချင်တဲ့ စေတနာစိတ်ထားမိသူ ကျွန်တော့်မှာ သာ အောင့်သက်သက်နှင့်။ ခုတော့ လိုက်ချင်တဲ့ကလေး ဆယ့်လေးငါးယောက်ခေါ်ပြီး ကားလေးနှစ်စီးနဲ့ ပျော်ပွဲ စားထွက်သလို ထွက်လာရင်း ဒီမြစ်ကူးတံတားကြီးပေါ် တောင် ကျွန်တော်ရောက်လာလေပြီ။ ငယ်မြို့လေးရဲ့ အငွေ့ အသက်ကိုခံစားရင်း ငယ်မြို့ လေးရဲ့ လွမ်းမောဖွယ်ရာအတိတ်ထဲ တွင်းဆုံးကျလုအ ချိန်ရောက်မှ ကိုယ့်ကိုယ်ကိုယ် ရင့်ကျက်လှပြီထင်ခဲ့တဲ့ ကျွန်တော့်ရူးကြောင်ကြောင် ဘဝင်စိတ်ကို ကျွန်တော် ခဝါချမိသည်။ အတိတ်ပုံရိပ်တို့က မိုးများရွာသွန်းပြီးစ
မြင်ကွင်းလို တချို့က စိမ်းစိုတောက်ပကာ တချို့က မြူ နှင်းဝေသော ဆောင်းနံနက်ခင်းမြင်ကွင်းတွေလို ဝေဝေ ဝါးဝါး။ တချို့ ကတော့ နွေကန္တာလို သွေ့ ခြောက်လွန်း လေစွ။ ဪ.. ငါ့ရဲ့ ရင်ကွဲရာသီ တစ်ဆောင်းသစ်ခဲ့ ပြန်ပြီကော။
နှင်းပန်းပွင့်လေးရေ ငါ့မှာလည်း ဒီအလွမ်း ကနေ ကျွတ်တမ်းမဝင်နိုင်သေးဘူးကွယ်။ တကယ်ဆိုနုငယ်သူချင်း မျက်ဖြေလင်္ကာလေးဖြစ် ဖြစ်၊ ရွှေနားတော်သွင်းတေးချင်းလေးဖြစ်ဖြစ် တင်သွင်း လိုက်သင့်ပါလျက်ကယ်နှင့် ကြငှန်းမမက်လို့ နန်းဖျက်ခဲ့ မိတာကြောင့် ငယ်ကကျွမ်းနဲ့ ရှင်ခန်းပြတ်ခဲ့ရပြီ။ သင်း ကွဲငှက်တစ်ကောင်လို ငယ်မြို့လေးကို ကျောခိုင်းထွက်ခဲ့ တဲ့ကျွန်တော် အခုတော့ မြို့လေးရဲ့အငွေ့ အသက်နဲ့ ငွေ့ ငွေ့ လေးထိခတ်မိချိန်မှာပဲ ကွေ့ကောက်သောလမ်းများ ထက်မှာ ကျွန်တော် မည်မျှ ခြေကုန်လက်ပန်းကျ မောပန်း ခဲ့တယ်ဆိုတာကို ကျွန်တော်သိလိုက်ပြီ။ ကျွန်တော်က ရော ကျွန်တော်မှ ဟုတ်ပါသေးစ။
တံတားအဆင်းက မြို့ဝင်ဆိုင်းဘုတ်ကြီးကိုကြည့်
ပြီး ကျွန်တော် ဟက်ခနဲ တစ်ချက်ပြုံးမိသည်။ အို… ကျွန်ုပ်ရဲ့ မရိုးမသားလိမ္မာမှုများ၊ ကျွန်ုပ်ရဲ့ မရိုးမသား ယဉ်ကျေးမှုများ၊ ကျွန်ုပ်ရဲ့ မရိုးမသား ရယ်မောသံများ၊ အရောင်ပြောင်းလဲတတ်သော အမှန်တရားများ သင်တို့ ဤနေရာတွင် နေရစ်ခဲ့ကြကုန်။
အတန်ငယ် ပြန်ကြည်လင်လာတဲ့ အဇ္ဈတ္တနဲ့ဝန်း ကျင်ကို လည်ပြန်ကြည့်မိတော့ ကျောက်ရုပ်လို ငိုင်တွေး နေတဲ့ ကျွန်တော်မှတစ်ပါး အားလုံးက နောက်ပြောင် ကျီစယ်ရင်း အဆာပြေစားသူကစား၊ ဆယ်လ်ဖီရိုက်သူ ကရိုက်။ ကျွန်တော်က လမ်းဖြတ်ကူးလာတာမြင်တော့ ကျောင်းအုပ်ကြီးက သူ့တပည့်တွေကို ခရီးဆက်ဖို့ လှမ်း ခေါ်လိုက်သည်။ ကားပေါ်တက်တော့ သူက ရည်းစား ဟောင်းတွေ ဘာတွေ မရှိဘူးလားလို့ ဝတ်ကျေတန်းကျေ မေးလာလို့ ကျွန်တော် ဟက်ခနဲ ပြန်ပြုံးလိုက်ရသေးသည်။ ကျွန်တော့်အပြုံးက ကိုယ့်အဓိပ္ပာယ်နှင့်ကိုယ်။ ဒီ ကျောင်းအုပ်ကြီးဆို သူနဲ့ ဒီနေရာအထိ ဘေးချင်းယှဉ် ကားအတူစီးလာခဲ့ပေမဲ့ စကားကအစ သိုသိပ်လွန်း လေတော့ သူနဲ့ ရှေ့ဆက် မိတ်ဆွေမဖြစ်နိုင်လို့ ကျွန်တော့် ဘာသာ ကောက်ချက်ချထားသည်။
သူပြောချင်တာ ထထပြောပြီးရင် တရားမှတ်သလိုလို၊ အိပ်ငိုက်သလိုလိုနဲ့ မျက်လုံးစုံမှိတ်ထားလိုက်သေးသည်။ ဧကန္တ သူ့ကိုရင်း နှီးအောင်ပေါင်းပြီး လာလာချိုင်မယ့်ကောင်မျိုးများ ကျွန် တော့်ကို ထင်မှတ်ထားလေရော့လားမသိ။ ဒီအတွေးဝင်မိတဲ့အခိုက် ကျွန်တော့်ရဲ့ ရှိစုမဲ့စုပစ္စည်း မဲ့မာနက ဟုန်းခနဲ ရင်ထဲထတောက်သည်။ ကျွန်တော် ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူရမယ့်ဘဝမျိုးကို ခြေစုံကန်ပြီး ကြငှန်းမမက်လို့ နန်းဖျက်ခဲ့တဲ့ကောင်ပဲ။ ချစ်လှပါသည်ဆိုသော ငယ်ဆွေကကျွမ်း နှင်းပန်းပွင့် လေးကိုတောင် ကျောခိုင်းစွန့်ခွာထွက်ခဲ့တဲ့ကောင်ပဲ။ ဒီ လိုမျိုး အတင်စီးမခံချင်တဲ့စိတ်နဲ့ ကျွန်တော်လည်း ကျောင်း အုပ်ကြီးလိုပဲ လိုက်ကျင့်သုံးရင်း ဒီနေရာထိ ရောက်လာ ခဲ့ပြီ။ အခုမှ သူက ရည်းစားဟောင်းတွေဘာတွေလာ လုပ်နေလို့ ကိုယ့်အဓိပ္ပာယ်နဲ့ကိုယ် ပြုံးမိခြင်းဖြစ်သည်။
တံတားအဆင်း လမ်းလေးခွဆုံမှာ အနည်းငယ်မေးလိုက်တယ်ဆိုရင်ပဲ ငယ်မြို့လေးကို ကျွန်တော် အ
လွတ်ပြန်ရလိုက်ပြီ။ အချိန်အနည်းငယ်အတွင်းမှာပဲ မူ
ရင်းအတိုင်းနီးပါး ကျန်ရှိနေဆဲ လမ်းကြီးလမ်းငယ်တချို့
ကိုဖြတ်သန်းကာ ငယ်ဘဝမူလတန်းကျောင်းလေးဆီ
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားတော့သည်။ ယိုင်ရွဲ့နေ တဲ့ ကျောင်းအိုကြီးက မီးစာကုန်ဆီခန်း သေမင်းနှုတ်ခမ်းဝ ရောက်နေသည့် နာတာရှည် လူမမာကြီးတစ်ဦးနှယ်ပင်။ ကျွန်တော်ထင်မှတ်ထားသလိုပဲ လက်ရှိကျောင်း အုပ်ဆရာမကြီးဆိုသူက မျက်နှာသိဖြစ်ရုံမက ကျွန်တော် ငယ်ငယ်က ချီပိုးထိန်းကျောင်းခဲ့ဖူးတဲ့ ခြေရင်းတစ်အိမ် ကျော်က အစ်မလေး (ကျွန်တော်တို့က မလေးလို့သာခေါ်) ဖြစ်နေသည်။ နှစ်ပေါင်းနှစ်ဆယ်ကျော် ပျောက်ဆုံးနေတဲ့ ကျွန်တော့်ကိုပြန်တွေ့ တော့ မလေးခမျာ ရှိုက်သံလေး စွက်ကာစွက်ကာ။ ကျွန်တော် ဆက်ပြောလိုက်တဲ့ လာ ရင်းအကြောင်းစုံက မလေးကို ငိုချင်လျက် လက်တို့လေ ပြီ။ လက်အောက်ဆရာမလေးတွေ ဝိုင်းဖျောင်းဖျလို့သာ တော်တော့သည်။
ကျွန်တော့်ကျောင်းအုပ်ကြီးက မလေးထံမှာပဲငွေ လှူပြီး ပြန်ဖို့ဇွတ်ဝင်ပြောသေးသည်။ မလေးက ခါးခါး တူးတူးငြင်းသည်။ ဒီလောက်ငွေအများကြီးကို စကား အဖြစ်နဲ့တောင် ထည့်မပြောဖူးလို့ ရပ်မိရပ်ဖတွေနဲ့မှ
လက်ခံနိုင်မယ်ဆိုတော့ ကျွန်တော့်ကျောင်းအုပ်ကြီး ငိုင် ကျသွားသည်။ သူ့တပည့်တွေဘက် လှမ်းကြည့်လိုက် တဲ့အကြည့်ထဲမှာ အဓိပ္ပာယ်ပေါင်းများစွာ ပျော်ဝင်နေ တာကို ကျွန်တော့်နှလုံးသားက သိလိုက်ပြီ။
ဟော… ဆရာမလေးတွေ အပြေးအလွှားလိုက်ခေါ် လို့ ဦးဆုံးရောက်လာတဲ့သူကလည်း ကျွန်တော်နဲ့ သိ သူ။ ကျွန်တော်ငယ်ငယ်က သူ့သမီးတွေကိုတွေ့ ရင် မြန်မာတိုင်းရင်းဆေးဆရာကြီးဦးအလီတို့ စခဲ့နောက်ခဲ့ ကြသည်။ ဦးအလီက ဒီမြေဒီရေမှာ မွေးဖွားကြီးပြင်းလာ တဲ့ အစ္စလာမ်ဘာသာဝင်တစ်ဦး ဖြစ်သည်။ အင်မတန် ယဉ်ကျေးသိမ်မွေ့သည်။ ကျွန်တော်တို့ငယ်စဉ်က တော် ရုံရောဂါ ဦးအလီဆေးနဲ့သာ ပျောက်ခဲ့ရသည်ချည်း။
မင်းကွာ နေနိုင်လိုက်တာတဲ့။ ဆွေးသံကြီးမှာ ကျွန် တော့်ရင်ဘတ် ခါထွက်သွားသည်။ ဒီကျောင်းမှာ ကျောင်း ဆရာမဝင်လုပ်နေတဲ့ သူ့သမီးအငယ်ဆုံးက သူ့ကိုအပြေး လာခေါ်ဆိုပဲ။ ဘယ်တစ်ယောက်ဆိုတာ ကျွန်တော် သတိ မထားမိခဲ့။ ဒီမြို့မှာ ကျွန်တော်ရှိစဉ်က ဒီအငယ်ဆုံးသမီး ဆိုတာ နှပ်ချေးတွဲလောင်းအရွယ်သာ ရှိလိမ့်ဦးမည်။ သံ ပရာခွံဦးထုပ်လေးဆောင်းထားလို့ ဗလီနဲ့ ကျောင်းမှား နေပြီဆိုပြီး ဟိုတုန်းကအတိုင်း ကျွန်တော်ကစတော့ ဦး အလီက မြင့်မြတ်တဲ့နေရာကို လာရတာမို့ အလေးအမြတ် ထားတဲ့အနေနဲ့ ဆောင်းလာရတာတဲ့။ ငယ်ငယ်က နောက်ပြောင်ခဲ့တာတွေအတွက်ပါ ကျွန်တော် အကြီး အကျယ် စိတ်ထိခိုက်မိသည်။
နောက်ထပ် ကျောင်းသားမိဘနဲ့ ရပ်ကွက်လူကြီး တွေ ရောက်လာပြီး အလှူငွေပေးအပ်ပွဲက လှပစွာ ပြီးဆုံး သွားသည်။ ပြီးသွားတော့ ကျောင်းအုပ်ကြီးရဲ့ တပည့် တွေက ရောက်တုန်းရောက်ခိုက် လည်ချင်ပတ်ချင်သေး တယ်ဆိုတော့ ရပ်မိရပ်ဖတချို့ က လိုက်ပို့ပေးဖို့ တာဝန် ယူလိုက်သည်။ ကျွန်တော်ကလည်း ကျွန်တော်နေထိုင်ခဲ့ ဖူးတဲ့လမ်းလေးထဲ ခဏသွားကြည့်ချင်သည်။ ဒါနဲ့ပဲ ဒီကျောင်းမှာ ညနေသုံးနာရီ ဆုံရပ်လုပ်ကာ ယာယီလမ်း ခွဲလိုက်ကြသည်။
ကျွန်တော် ရုတ်တရက် ရောက်လာတာကို လူသိ မခံချင်သူပီပီ လွတ်လွတ်လပ်လပ် တစ်ယောက်တည်း ထွက်လာခဲ့သည်။
ပြည်တော်ပြန် မျက်နှာပန်းမလှသူ
တစ်ဦးရဲ့ သိမ်ငယ်စိတ်မျိုး ကျွန်တော့်ရင်မှာ ဟီးလေး ခိုနေတော့ လမ်းဟောင်းလေးထဲ အရှေ့ဘက်ကနေတည့် ဝင်ဖို့အရေး ကျွန်တော်ဝန်လေးနေသည်။ ဒါနဲ့ လမ်းအ နောက်ဘက်ထိပ်ကနေ ပြန်ဝင်ရအောင် ကျွန်တော်ငယ် စဉ်က ကျင်လည်ခဲ့ဖူးတဲ့ ကျောင်းအို၊ ဇရပ်အို၊ ကျောင်း ကြိုကျောင်းကြား၊ ကန်ကြိုကန်ကြားကြီးတွေဘက်ကနေ ပတ်ရသည်။
ကျောင်းကြီးတွေကလည်း အို၊ ကန်ကြီးတွေက လည်း ဟောင်းနေပေမဲ့ အို… ကြာဖြူ၊ ကြာနီ၊ ကြာညို တွေက စွင့်စွင့်ငွားငွား ကျွန်တော့်ကို ကြိုလင့်နေဘိအ လား။ ကန်ပေါင်ရိုးပတ်လည်ပေါ်က မြင့်မားမား ထန်း ပင်ကြီးတွေကလည်း ဆောင်းလေနဲ့အတူ ရွက်ဖားကြီး တွေ လှုပ်ကာယိမ်းကာဖြင့် ကျွန်တော့်ကို လက်ယပ်ခေါ် နေသည်။ အဝေးခင်တန်းဆီက ချိုးကူသံချိုအေးအေးကို နားစွင့်ရင်း ကျွန်တော့်ငယ်နာမည်ကို ကလေးသံစူးစူး လေးနဲ့ တစ်နေရာကများ လှမ်းခေါ်လိုက်လေသလား ကျွန်တော် ထင်ယောင်မှားမိသည်။ ဪ… အတိတ် ရပ်ဝန်းလေးရယ် ငြိမ်းအေးလှပါဘိခြင်း။
ကျောင်းကန်ဇရပ်တွေကို တရွေ့ရွေ့ဖြတ်ကျော်ပြီး လမ်းအနောက်ဘက်စွန်း လွတ်လပ်ရေးကျောက်တိုင်ကြီး ရှိရာ ဘောလုံးကွင်းဘေးဆီ ကျွန်တော်ရောက်သွားသည်။ တစ်ချိန်က ကျွန်တော်တို့လမ်းနဲ့ဆက်လျက် ဘောလုံး ကွင်းနဲ့ ဘုန်းကြီးကျောင်းတွေပတ်လည်မှာ ရပ်ကွက်တစ် ခုရှိသည်။ ဒီတော့ နေ့နေ့ညည ဘောလုံးကွင်းက စည် ကားသည်။ သာသနာ့မြေဆိုပြီး အဲဒီရပ်ကွက်ကို မြို့ပြင် ကွက်သစ်ဆီ ပြောင်းရွှေ့ပေးလိုက်ကတည်းက ကျွန်တော် တို့ငယ်ဘဝရပ်ဝန်းလေးက သွေ့ခြောက်ကျန်ရစ်ခဲ့သည်။ ခုတော့ ဘောလုံးကွင်းကြီးက မြက်ပင်ရှည်ကြီးများ ဖုံး လွှမ်းကာ ကျွဲ၊ နွား စားကျက်ကြီးလို ဖြစ်နေပြီ။ မြင့်မြင့် မားမား လွတ်လပ်ရေးကျောက်တိုင်ကြီးသည်လည်း ဟို တုန်းကလို ဖွေးဖွေးဖြူကာ ခံ့ညားမနေတော့။ မြို့လေးက စွန့်ပစ်ခံထားရသည့်နှယ် အထီးကျန် အကျည်းတန်လွန်း
လှပေစွ။
လွတ်လပ်ရေးကျောက်တိုင်ကြီးနဲ့ ဘောလုံးကွင်းကို ကျောခိုင်းလိုက်တော့ ကျွန်တော့်ခြေလှမ်းတွေက ပိုလို့ လေးလံနေသည်။ အုတ်ခဲကျိုးခင်းကနေ ကတ္တရာခပ်ပါး
ပါးခင်းလမ်းလေး ဖြစ်သွားတာကလွဲပြီး လမ်းတစ်လျှောက် ပင်ညိုရိပ်တို့က ယခုတိုင် မှိုင်းညို့နေဆဲ။ ကြွေစပြုနေတဲ့ ရွက်ဟောင်းလေးတွေကိုမြင်တော့ ဆစ်ခနဲ ရင်နာမိသည်။ ဟုတ်ပါရဲ့ မြို့လေးကို ကျွန်တော် ကျောခိုင်းထွက်ခဲ့စဉ် ကလည်း ဒီလို ဆောင်းဦးရွက်ကြွေချိန်လေးပဲ။ တရွေ့ရွေ့လျှောက်လာရင်း မလေးတို့အိမ်ကို မသိ မသာ လှမ်းကြည့်လိုက်သည်။ နွယ်တက်နေတဲ့ ခြံစည်းရိုး အတွင်းက ဒီမှုန်ကုပ်ကုပ်အိမ်လေးမှာ မလေးတို့အပျိုကြီး ညီအစ်မနှစ်ယောက် ဒီတိုင်းပဲ အရိုးထုတ်သွားမယ်ထင် ပါရဲ့။ ကျွန်တော်တို့အိမ်ဆီ အကြည့်ရောက်သွားတော့ နဂို သိမ်ငယ်စိတ်က ငယ်ထိပ် တက်ဆောင့်သွားသည်။ ဝယ် ယူလိုက်သူတို့က ပျဉ်ထောင်အိမ်ကြီးကိုဖယ်ကာ နှစ်ထပ် တိုက်ကြီးနဲ့ အစားထိုးထားသည်။ ကိုယ့်နာမည်ကို တစ် ယောက်ယောက် လှမ်းခေါ်နှုတ်ဆက်လိုက်မှာကိုပင် ကျွန် တော် ကြောက်ရွံ့နေပြီ။ ကျွန်တော်တို့လမ်းနဲ့ ဈေးလမ်းမ ကြီး ညာဘက်ထောင့်က ဦးအောင်ကျော်တိုက်ဘေးနား ရောက်မှ ကျွန်တော် အသက်ဝဝ ပြန်ရှူမိသည်။ ညောင်မုတ်ဆိတ်ပင်ကြီးအောက်မှာ ခဏခိုရင်း ခြံ ဝင်းကျယ်ကြီးထဲက ဦးအောင်ကျော်တိုက်ကြီးကို ပင်ကြို ပင်ကြားကနေ တစ်စွန်းတစ်စ လှမ်းတွေ့ ရပြန်တော့ ကျွန် တော့်ငယ်ဘဝက ပြန်ရုပ်လုံးပေါ်လာပြန်သည်။ တကယ် တော့ အဘိုးဦးအောင်ကျော်က ကွယ်လွန်သွားပြီဖြစ်တဲ့ ကျွန်တော့်အဘိုးထက်ပင် ဆယ်နှစ်ခန့်ကြီးသည်။ ၁၉ဝ၂ ခုနှစ်က မြန်မာဗိသုကာလက်ရာအပြည့်နဲ့ ဆောက်လုပ် ခဲ့တဲ့ ဒီတိုက်ကြီးက တစ်ချိန်က မြို့မျက်နှာဖုံးလို့ ဆိုရမည်။ အင်္ဂလိပ်ခေတ်မှာ အောက်ထပ်တိုင်ပျောက်ဟော ခန်းကြီးက ဘိုထီးဘိုမများ ပါတီပွဲကျင်းပရာ။ ဂျပန်ခေတ် ရောက်တော့လည်း ဂျပန်စစ်ရုံးလို့ ကျွန်တော့်ဘိုးဘွား များရှိစဉ်က ပြောခဲ့ဖူးသည်။ မဖြစ်နိုင်စရာမရှိ။ ဒီတိုက် ကြီးထဲ ဆော့ကစားရင်း ဂျပန်ပိုက်ဆံတွေ အပုံလိုက် အထပ်လိုက် ကျွန်တော်တို့ တွေ့ ခဲ့ဖူးသည်။ တိုက်အိမ် ကြီးနောက်ဘက် ရေတွင်းပျက်ကြီးကိုတောင် ဂျပန်တွေ က လူသတ်ပြီး တွင်းထဲပစ်ချကာ မိုင်းခွဲဖျက်ဆီးခဲ့တယ် လို့ ပါးစပ်ရာဇဝင် ရှိခဲ့ဖူးသည်။ ဒီစကားကို အကြောင်းပြု ပြီး အပင်ကြီး အပင်ငယ်တွေ ညို့မှောင်နေတဲ့ ဒီတိုက် အိမ်ကြီးနားက သရဲခြောက်တယ်ဆိုပြီး တော်ရုံလူ ည
အချိန် မဖြတ်ဝံ့တာ ကျွန်တော်ကိုယ်တိုင် မြင်ခဲ့ သိခဲ့သည်။
မည်သို့ဆိုစေ အပေးအကျွေးရက်ရောပြီး ကျွန်တော် တို့အနွံတာခံတဲ့ အဘိုးဦးအောင်ကျော်ကြောင့် ဒီတိုက် အိမ်၊ ဒီခြံကြီးနဲ့ ကျွန်တော်တို့ကလေးတစ်သိုက် အရင်း နှီးကြီး ရင်းနှီးခဲ့သည်။ တစ်ခုခုခိုင်းတိုင်း ငါးပြား၊ ဆယ် ပြား မုန့်ဖိုးပေးတတ်တာမို့ အဘိုးဦးအောင်ကျော်ခေါ်ရင် သူ့ထက်ငါဦးအောင် အပြေးအလွှားသွားခဲ့တဲ့ ကလေး ဘဝပုံရိပ်တွေကို ပြက်ပြက်ထင်ထင် မြင်ယောင်လာသည်။ စီးပိုးခဲ့တဲ့ သိမ်ငယ်စိတ်တို့ တစ်မုဟုတ်ချင်းလျော့ပါးကာ ကျွန်တော့်နှလုံးသားက ငွေ့ငွေ့ လေး ပြုံးစပြုလာပြီ။ ညောင်မုတ်ဆိတ်ပင်ကြီးအောက်မှထွက်ကာ ဈေး လမ်းမဘက်က ခြံဝင်းတံခါးဆီ စိတ်ရဲ့သယ်ဆောင်ရာ အတိုင်း ကျွန်တော်လိုက်ပါသွားသည်။ အသာဟနေတဲ့ သံပန်းတံခါးကနေတိုးဝင်ပြီး သုံးပေလောက်ကျယ်တဲ့ ကွန်ကရစ်လူသွားလမ်းလေးအတိုင်း ပေါင်းပင်မြက်ပင် တွေကို ကျော်ခွလျှောက်လာတဲ့ ကျွန်တော် ရှေ့ဘက်နား လမ်းဘေး သရက်ပင်ကြီးအကွယ်ကနေ ရိပ်ခနဲထွက် လာတဲ့ လူတစ်ယောက်ကိုအတွေ့မှာ တောဆင်ရိုင်းတစ် ကောင်နဲ့ ပက်ပင်းတိုးလိုက်ရသည့်အလား အံ့သြတုန် လှုပ်သွားသည်။ နှုတ်ကလည်း လွှတ်ခနဲ အသံထွက်သွား သည်။ ဟာ.. ကျောင်းအုပ်ကြီး။
ကျွန်တော့်အသံကြောင့် ဟန်းဖုန်းလေးနဲ့ တိုက်အိမ် အိုကြီးကို ဓာတ်ပုံရိုက်နေတဲ့ ကျောင်းအုပ်ကြီးလည်း ချာ ခနဲ လှည့်ကြည့်သည်။ ကျွန်တော့်ကိုတွေ့တော့ သူလည်း တော်တော်အံ့သြသွားပုံရသည်။ အရင်မေးတာနဲ့ ဒီတိုက် အိုကြီးနဲ့ ကျွန်တော့်ငယ်ဘဝ ဆက်စပ်ပုံတွေကို အကျဉ်း ရုံးပြောပြမိသည်။ ကျွန်တော့်စကားအဆုံးတော့ သူက ကျွန်တော်ထင်မှတ်မထားတဲ့ မေးခွန်းနောက်တစ်ခု ကောက်ကာငင်ကာ ထပ်မေးသည်။ ဒါဆိုခင်ဗျား ကိုလတ်ကို သိမှာပေါ့။ ကျွန်တော့်ရင်ထဲ ထိတ်ခနဲ။
မသိ အဘယ်မှာရှိမည်နည်း။ အဘိုးကြီးဦးအောင် ကျော်ရဲ့ တစ်ဦးတည်းသောသား ဦးမြင့်မောင်က လေ တပ်အရာရှိကြီးဖြစ်ပြီး ရန်ကုန်သူ အန်တီငြိမ်းနဲ့ အိမ်ထောင် ကျကာ ကိုလတ်ဆိုတဲ့သားတစ်ယောက် ဖွားမြင်သည်။ ကနဦးက ဦးလေးဦးမြင့်မောင်တို့၊ အန်တီငြိမ်းတို့၊ ကို
လတ်တို့ကို အလည်အပတ်လာတဲ့အခါမျိုးမှာသာ ကျွန် တော်တို့ တွေ့ဖူးကြရသည်။ အန်တီငြိမ်းက နဂိုလှရုံမက ပြင်တတ်ဆင်တတ် မြို့ကြီးသူဖြစ်ပြန်လေတော့ အန်တီ ငြိမ်းလာရင် မြို့လေးက ဝိုင်းငေးကြရသည်။ ဦးလေး ဦးမြင့်မောင်ကလည်း အရပ်ထောင်ထောင်မောင်းမောင်း ဘိုဆန်ဆန်ဆိုတော့ သူတို့ရဲ့သားကိုလတ်က ကျွန်တော် တို့ရဲ့ ပုံပြင်ထဲကနတ်သားလို ဖြစ်နေသည်။ အဘိုးဦးအောင်ကျော်က သူ့တူမတောသူအပျိုကြီး တစ်ယောက်ကို ခေါ်ထားသည်။ ကျွန်တော်တို့ဆော့ရင် ဆူရင် ထွက်ထွက်ငေါက်တတ်လို့ ဒီတောသူ ဂင်တိုတို အပျိုကြီးကို ဒေါ်ဂွတိုလို့ ကျွန်တော်တို့က နာမည်ပေး ထားသည်။ နောက်တော့ အဘိုးဦးအောင်ကျော် ကျန်းမာ ရေး ယိုယွင်းချိန်ကစပြီး အန်တီငြိမ်းတို့သားအမိ ဒီတိုက် အိမ်ကြီးမှာ လာနေကြသည်။ ဦးလေးဦးမြင့်မောင်က တော့ ခွင့်ရတဲ့အခါမျိုးသာ သုံးလေးရက်လောက် လာ တတ်သည်။ နောက်တော့ ကိုလတ်လည်း စက်မှု တက္ကသိုလ် သွားတက်ရတော့ ကျွန်တော်တို့လည်း တွေ့ လိုက် မတွေ့လိုက်။ ကျွန်တော်တို့လည်း တဖြည်းဖြည်း အရွယ်ရောက်လာသည်ကိုး။
မှတ်မှတ်ရရ ကျွန်တော်ခုနစ်တန်းနှစ်မှာ အဘိုး ဦးအောင်ကျော် ဆုံးပါသည်။ စာမေးပွဲရက်မို့ အဘိုးဦး အောင်ကျော်ရဲ့ နောက်ဆုံးခရီးကို လိုက်မပို့ဖြစ်ခဲ့။ ကျွန် တော် ရှစ်တန်းတက်စမှာ ရှစ်လေးလုံးအရေးတော်ပုံကြီး စဖြစ်သည်။ ကျွန်တော့်အသက်က ဆယ့်လေးနှစ်သား ဆိုတော့ ရုတ်ရုတ်သဲသဲ လူစုလူဝေးမြင်ရင် ပြေးကြည့်တာ ကလွဲလို့ မည်မည်ရရ ဘာမှနားမလည်ခဲ့။ ကိုလတ်လည်း ပြန်ရောက်လာပြီး ကျွန်တော်တို့နဲ့အတူ ဂါတ်တဲဘေး လမ်းဆုံမှာကျင်းပတဲ့ ဆန္ဒပြပွဲတွေ၊ ဟောပြောပွဲတွေဆီ လေးငါးခေါက်လိုက်ကြည့်ဖူးတာ ကျွန်တော်မှတ်မိနေသည်။ အရေးအခင်းကာလ အနိဋ္ဌာရုံသတင်းဆိုးတွေ နေ့ စဉ်လိုလို ကြားနေရတော့ နောက်ပိုင်း စစ်တပ်က အာဏာ သိမ်းလိုက်တာကိုပင် ကျွန်တော်က ကျေးဇူးတင်ချင်ချင်။ ထိုစဉ်က ဒီမိုကရေစီဆိုတာ မင်းမဲ့စရိုက်လို့ပဲ ခပ်တုံးတုံး ကျွန်တော်တို့တစ်တွေ နားလည်ထားခဲ့သည်။ စစ်တပ် အာဏာသိမ်းပြီး နှစ်ဝက်လောက်အကြာအထိ ဖမ်းတာ ဆီးတာတွေ မပြတ် ကြားနေရသည်။ ကျွန်တော်တို့လမ်း
လေးကတော့ ဖြစ်သမျှ ကိုယ်နဲ့မဆိုင်သလို ပင်ညိုရိပ်မှာ ဆိတ်ငြိမ်စွာ။
သို့သော် မိုးနှောင်းကာလ ညသန်းခေါင်ယံအဖြစ် ဆိုးကြီးက ငိုက်မြည်းနေတဲ့ ကျွန်တော်တို့နားဝကပ်ပြီး မိုးကြိုးပစ်ချလိုက်သည့်နှယ်ပင်။ လမ်းထိပ်ဘက်ဆီက မီးရောင်တဝင်းဝင်းနဲ့ လူသံ၊ ကားသံ၊ အော်ဟစ်အမိန့် ပေးသံတွေ ကြားနေရတော့ ကျွန်တော်တို့အိမ်ဝင်းထဲ ကနေ ပြူတစ်ပြူတစ် ထွက်ကြည့်ကြသည်။ မာရှယ်လော ကာလမို့ ဘယ်သူမှ ခြံအပြင်ဘက် တစ်လက်မ ခြေမကျူး ရဲကြ။ ခဏနေတော့ မီးရောင်တွေပျောက်ကွယ်ကာ အသံ ဗလံများလည်း ပြန်လည်တိတ်ဆိတ်သွားသည်။ နက် မှောင်နေတဲ့ညထဲ ပဟေဠိများစွာနဲ့ ကျွန်တော်တို့လမ်း ချောက်ချားတုန်လှုပ်ရင်း ကျန်နေခဲ့သည်။
ကလေး
နောက်နေ့ ဦးအောင်ကျော်ကြီး တိုက်ဝန်းကျင်ဆီ ကျွန်တော့်တို့ အရိပ်အကဲ သွားကြည့်ကြသည်။ တံခါးမှန် သမျှ ပိတ်ထားပြီး အိမ်ရှေ့ဝင်ပေါက်မှာလည်း အတွင်း ဘက် ကနုတ်ထွင်းသစ်သားတံခါးကြီးကိုပိတ်ကာ အပြင်ဘက် ရင်စေ့သံဘာဂျာတံခါးကို သံကြိုးခတ်ပြီး လူကြီးလက်ဝါးလောက်ရှိတဲ့ အာမခံသော့ကြီးခတ်ထား တာကို လှမ်းတွေ့နေရသည်။ လူသူအရိပ်အယောင် မတွေ့ရ။ နောက်လေးငါးရက်နေတော့ ဒေါ့ဂျစ်ကား တစ်စီးတိုက် လူတွေဝန်းရံပြီး အန်တီငြိမ်းနဲ့ ဒေါ်ဂွတိုတို့ ပြန်ရောက်လာသည်။ ကိုလတ်ကတော့ အဲဒီကတည်း ကနေ ကျွန်တော် ဒီမြို့ကထွက်သွားချိန်အထိ ပြန်ရောက် မလာခဲ့။
ကျောင်းအုပ်ကြီးရဲ့စကားကိုခြေရာခံရင်း ကျွန်တော် ရင် တဒိတ်ဒိတ်ခုန်လာသည်။ သူပြောတဲ့ သူ့သူငယ်ချင်း နိုင်ငံခြားက အလှူရှင်ဆိုတာ ဧကန္တ ကိုလတ်ကိုယ်တိုင် များ ဖြစ်နေမလား။ ပြောစမ်းပါဗျာ။ အဲဒါ ကိုလတ်ပဲ မဟုတ်လား။ ကိုလတ်မို့လို့ ဒီကျောင်းအိုကြီးကိုလှူတာ ပေါ့။ ခင်ဗျားဒီလောက် လျှို့ဝှက်နေစရာ မလိုပါဘူး။ အဲဒီလူဟာ ကိုလတ်မို့လို့ ခင်ဗျား ဒီနေရာကို ရောက်လာ တာမဟုတ်လား ပြောစမ်းပါ ကျောင်းအုပ်ကြီးရယ်။ ကျွန်တော် ရင်ခုန်မြန်စွာ အလောတကြီး ထပ်ထပ် မေးနေပေမဲ့ ကျောင်းအုပ်ကြီးက ခေါင်းကို အသာခါ ယမ်းကာ နဖားတစ်ဖက်ပြုတ်ပြီး နောက်ဘက်လန်ထွက်
နေတဲ့ သံဘာဂျာတံခါးပေါက်ကနေ တိုက်ထဲတိုးဝင်နေ သည်။ ကနုတ်ထွင်းအတွင်း ကျွန်းတံခါးကြီးနှစ်ချပ်က တော့ မရှိတော့ပြီ။ ကျွန်တော်လည်း သူ့လိုလိုက်ဝင်လိုက် တဲ့ အခါမှာတော့ မြင်ရက်စရာမရှိတဲ့မြင်ကွင်းကြီးက ကျွန်တော့် ကို ဆီးကြိုလို့နေသည်။ မျက်လုံးတွေပြာခနဲ၊ ရင်ထဲ ဟာခနဲ။
အောက်ထပ်ခန်းမကျယ်ကြီးက ခြေချရခက်လောက် အောင်ပင် ပေါင်းပင်မြက်ပင်တို့ မင်းမူလို့နေသည်။ တစ် ချိန်က ရောင်စုံဘယ်လ်ဂျီယံကနုတ်မှန်တွေနဲ့ အလှဆင် ထားတဲ့ ပြတင်းပေါက်တွေကလည်း ဟာလာဟင်းလင်း။ ငါးမူးလုံးခန့်အတွင်းသံတိုင်တွေလည်း မရှိတော့ပြီ။ တံ ခါးကျည်းပေါင်ရာအတိုင်း ပေါင်းမြက်တို့က နွယ်တက် ပေါက်ရောက်နေကြသည်။ ပွတ်လုံးလှေကားကြီးဘက် လှမ်းကြည့်လိုက်တော့ ကျွန်တော့်ရင်ထဲ ဟာသွားသည်။ ကျွန်တော်တို့ ပြေးတက် ပြေးဆင်းလျှောတိုက်ဆော့က စားခဲ့ရာ နွယ်လိမ်လို ပွတ်လုံးလှေကားကြီးနေရာမှာ မြက် တွေဖုံးနေတဲ့ ဖိနပ်ခုံကြီးသာ ကျန်ခဲ့သည်။ လှေကား ပေါက်နားရောက်အောင်သွားပြီး အပေါ်ကိုမော့ကြည့်လိုက် တော့ ပြာလွင်သော မိုးကောင်းကင်ကြီးကို မျက်စိကျိန်း စဖွယ် မြင်တွေ့ လိုက်ရတော့သည်။
အိမ်ရှေ့သံဘာဂျာတံခါးမှာသံကြိုးနဲ့ တွဲခတ်ထား တဲ့ သော့ခလောက်ကြီးကို အာရုံထဲပြန်မြင်သည်။ အန်တီငြိမ်းနဲ့ ဒေါ်ဂွတိုတို့ကို ဒေါ့ဂျစ်နဲ့ လိုက်ပို့တဲ့လူတွေ က ဒီသော့ခလောက်ကြီးကိုဖွင့်ကာ အန်တီငြိမ်းတို့ရဲ့ ပရိဘောဂနဲ့ အဝတ်အစားသေတ္တာတွေ၊ အိုးခွက်ပန်းကန် တွေကို လမ်းဘေးသယ်ချပြီး ဒီသော့ခလောက်ကြီးကို ပြန်ခတ်ထားခဲ့တာ ယနေ့တိုင်အောင်ပါပဲလား။ တိုက်အို ကြီးရဲ့ ကျိန်စာသင့် အတိတ်ပုံရိပ်တို့ကို အစီအရီ ပြန်မြင် ယောင်မိပြန်သည်။
မြို့နယ်သံဃာ့နာယကဆရာတော်ကြီးရဲ့ ကြားဝင် မေတ္တာရပ်ခံမှုကြောင့် မီးဖိုချောင်ခန်းလေးမှာ အန်တီငြိမ်း တို့ ပြန်နေခွင့်ရသည်။ သုံးလေးလအကြာမှာ ဦးလေးဦး မြင့်မောင် ပြန်ရောက်လာသည်။ ပြန်ရောက်ခါစက ခွင့် နဲ့ခဏလာတာလို့ပဲ မြို့လေးက ထင်ထားကြသည်။ နောက် မှ ကျန်းမာရေးမကောင်းလို့ တပ်ကထွက်လိုက်တာလို့ သိကြရသည်။ ဦးမြင့်မောင်ရောက်လာတော့ ဒေါ်ဂွတို
သူ့ရွာ အပြီးပြန်သွားသည်။ အန်တီငြိမ်းကိုလည်း အပြင် ထွက်တာမတွေ့ လို့ စုံစမ်းကြည့်တော့ နေမကောင်းဖြစ် နေသည်တဲ့။ ဈေးထွက်ထွက်ဝယ်တဲ့ ဦးလေးဦးမြင့်မောင် ကြီးက ကျွန်တော်တို့မျက်စိအောက်မှာပဲ တစ်ချိန်က ထည်ဝါမှုတို့ မှေးမှိန်ပျောက်ကွယ်ကာ ဆေးပေါ့လိပ် မီးခိုးငွေ့တွေကြား အမြဲတမ်းလိုလို တွေဝေငေးမောကာ နေတော့သည်။
တစ်ခုသော ကျောင်းပိတ်ရက်မှာ အိမ်ရှေ့ရေတွင်း ဆီ ရေချိုးဖို့ ဦးလေးဦးမြင့်မောင် တွဲခေါ်လာတဲ့ အန်တီ ငြိမ်းကို ဖျတ်ခနဲတွေ့လိုက်တော့ ကျွန်တော့်ရင်ထဲ အကြီး အကျယ် တုန်လှုပ်သွားမိသည်။ တစ်ချိန်က အလှတရား တို့က အန်တီငြိမ်းကို အပြီးတိုင် စွန့်ခွာသွားပြီကောလို့ ကျွန်တော် စိတ်မကောင်းခြင်းကြီးစွာ တွေးမိခဲ့သည်။ ဖြစ် ချင်တော့ ထိုတစ်ကြိမ်တွေ့ ဆုံခြင်းသည် အန်တီငြိမ်းကို အသက်ရှင်လျက် နောက်ဆုံးတွေ့ဆုံခြင်းဖြစ်နေသည်။ လမ်း ဘေးရေမြောင်းနားကနေ ကျွန်တော်လှမ်းနှုတ်ဆက်တော့ ကျွန်တော့်ကိုကြည့်ပြီး အန်တီငြိမ်းက ယဲ့ယဲ့လေး ပြုံးပြ သည်။ အန်တီငြိမ်းစိတ်တွေ မူမမှန်တော့ဘူးလို့ အများ သူငါ ပြောကြပေမဲ့ အန်တီငြိမ်း ကျွန်တော့်ကို မှတ်မိ တယ်ဆိုတာ ယခုတိုင် ရင်ထဲအသည်းထဲက ယုံကြည်ဆဲ။
အဲဒီလို တွေ့ဆုံနှုတ်ဆက်ခွင့်ရပြီး သိပ်မကြာခင် မှာပဲ မြို့ကလေးက ငေးမောရလောက်အောင် ဝင်းဖန့် လှပတဲ့ အန်တီငြိမ်းတစ်ယောက် ဆွေးမြည့်နေသော ဝါး ခြမ်းပြားလေးတစ်ချပ်နှယ် လူ့လောကကို အပြီးတိုင် စွန့် ခွာသွားသည်။ ခေါင်းတုံးဆံပင်ဖြူတစ်ဝက် ညိုတစ်ဝက် နဲ့ ဆေးလိပ်မီးပေါက်ရာဗရပွ စစ်ဂျာကင်စုတ်ကြီး ဝတ်ထားတဲ့ ဦးမြင့်မောင်က မြေစာခဲလေးတွေ မြေကျင်းထဲ ဖွဖွလေး ပစ်ချနေပုံကိုကြည့်ပြီး ကျွန်တော် မျက်ရည် ဝဲခဲ့ဖူးသည်။ အဲဒီမီးပေါက်ရာဗရပွ စစ်ဂျာကင်ကြီးနဲ့ပဲ အိမ်ရှေ့ရေတွင်းဘေး ပက်လက်ကုလားထိုင်လေးပေါ်မှာ မျက်လုံးပွင့်လျက်သားနဲ့ ဦးမြင့်မောင် ဆုံးပါးသွားခဲ့သည်။ သားလာရာလမ်းကို မျှော်ငေးနေရော့လားမသိ။ အန်တီ ငြိမ်းနဲ့ဆို တစ်နှစ်စွန်းစွန်းသာကွာသည်။ ဦးလေးဦးမြင့် မောင်တို့က နောက်ဆုံးအချိန်ထိ သူတို့သား ကိုလတ်ကို နိုင်ငံခြားပို့ထားသလိုလို ပြောခဲ့သည်။ အန်တီငြိမ်းဆုံးပါးတုန်းကရော ဦးလေးဦးမြင့်မောင်ဆုံးပါးစဉ်ကရော ကိုလတ်ရောက်လာလိမ့်မယ်လို့ ကျွန် တော်တို့ မျှော်လင့်ခဲ့ကြသည်။ နောက်တော့ ကျွန်တော် လည်း ဒီမြို့လေးကို ကျောခိုင်းခဲ့သည်။
ကိုလတ် ပြန် ရောက်၊ မရောက် ဆိုတာကိုတော့ မသိနိုင်တော့ပေမဲ့ တစ်နေ့ပြန်ရောက်လာမယ်လို့သာ ကျွန်တော် ထင်ထားခဲ့ သည်။ အခုတော့ အိမ်ရှေ့သော့ခလောက်ကြီးကလည်း ခတ်မြဲခတ်လျက်သား။ တိုက်အိမ်ကြီးကလည်း သားရဲ တို့ရဲ့ စားကြွင်းစားကျန် အရိုးစုပုံကြီးတစ်ခုလို။
ဒါဆို ကိုလတ် ပြန်မရောက်လာခဲ့ဘူးပေါ့။ ဘိုးဘွား အမွေအနှစ်တွေကိုရော မိဘတွေကိုပါ စွန့်ပစ်ပြီး ကိုလတ်က နိုင်ငံရပ်ခြားမှာ ပျော်မွေ့ နေပြီပေါ့။ ဘာပဲဖြစ် ဖြစ် ဘိုးဘွားမိဘတွေ ခေါင်းချသွားတဲ့မြို့လေးကို မမေ့ လျော့တဲ့အတွက် ကျေးဇူးတင်ကြောင်း ကျွန်တော်ပြော တော့ ကျောင်းအုပ်ကြီးက သက်ပြင်းရှည်ကြီးချကာ သူ့ ဖုန်းကို ဟိုပွတ်ဒီပွတ်ပွတ်ပြီး ကျွန်တော့်ထံ ကမ်းပေးလာ သည်။ နှုတ်ကလည်း ဟိုး… လွန်ခဲ့တဲ့ နှစ် ၂ဝ ကျော် အခုလို အေးခဲတဲ့ ဆောင်းတစ်ညမှာ ကျွန်တော်တို့ဆီ သူ ပြန်ရောက်မလာတော့ဘူးတဲ့။
ကျောင်းအုပ်ကြီးရဲ့ တုန်ယင်အက်ကွဲတဲ့ စကားသံ က ကျွန်တော့်နှလုံးသားကို မျက်ခနဲလာစူးသည်။ သူ့ ဖုန်းလေးကိုကြည့်မိတော့ ဖေ့စ်ဘုတ်ထဲမှာ ဆေးကွက် နေတဲ့ ဓာတ်ပုံလေးတစ်ပုံ။ ဝိုးတဝါးပေမဲ့ ကိုလတ်ပုံ မှန်း မြင်တာနဲ့ ကျွန်တော်သိလိုက်သည်။ အောက်စာ ကြောင်း အချို့ ဆက်ဖတ်ကြည့်တော့ ရဲဘော်အောင် လတ် ကျဆုံးခြင်းတဲ့။ အို.. ဒီနေ့ ဒီရက်ပါပဲလား။ ဒါ သာမန်တိုက်ဆိုင်မှုမှ မဟုတ်လေဘဲ။ အို…။ မနားတမ်းဆက်ပြောနေတဲ့ ကျောင်းအုပ်ကြီးရဲ့ စကားတွေက အဆီးအတားမဲ့စွာ ကျွန်တော့်ရင်အုံထဲ အရောက် ထိုးစိုက်လာသည်။ တိုက်အိုကြီးရဲ့ ကျိန်စာဆိုး ကြီးက ကျွန်တော့်နှလုံးသားတိုင် အဖျားလာခတ်လို့ နေ ပြီ။ စစ်တပ်က အာဏာသိမ်းပြီး မြေလှန်ဖမ်းဆီး ထောင်ချ နှိပ်စက်မှုတွေ လုပ်လာချိန်မှာ ပြည်ပအလှူရှင်ဆိုသူက ဒီတိုက်အိမ်ကြီးမှာ လာရောက်ပုန်းခိုပြီးခါမှ လွတ်မြောက် နယ်မြေဆီ ရှောင်တိမ်းခဲ့သည်။ သူ့လိုပဲ ဒီတိုက်အိုကြီးဆီ ပုန်းခိုလာတဲ့ ကျောင်းသား ၁၄ ဦးတိတိကို ကိုလတ်က ဒီမြို့လေးမသိအောင် လွတ်မြောက်နယ်မြေများဆီ ခိုးပို့ခဲ့
သည်တဲ့။
ကျွန်တော့်နားများကိုပင် ကျွန်တော် မယုံချင်တော့။ ကျောင်းသားတွေကို ပိုက်သမားယောင်ဆောင်စေပြီး ငါး ဖမ်းပိုက်လှေလေးနဲ့ ပင်လယ်ပေါက်အရောက် ပို့ဆောင် ပေးခဲ့သူကလည်း အခြားလူမဟုတ်။ ကျွန်တော်တို့ အမုန်းကြီးမုန်းခဲ့တဲ့ ဒေါ်ဂွတိုရဲ့ အစ်ကိုရင်း ပိုက်သမား ကြီး ဦးကွန်းတဲ့။ ဒေါ်ဂွတိုလွတ်လာတာနဲ့ မောင်နှမ နှစ်ယောက် ရှောင်တိမ်းသွားလိုက်တာ ယနေ့တိုင် သေသည်ရှင်သည် မသိတော့။
ကျောင်းအုပ်ကြီးကိုယ်တိုင် ဒီကိုလာရင်း လမ်းမှာ အဖမ်းခံရကာ စစ်ကြောရေးစခန်းမှာ ကိုလတ်နဲ့ ပြန်ဆုံ ကြသည်။ ကျောင်းအုပ်ကြီးက ထောင်နှစ်ရှည်ကျပြီး အ သက်နဲ့ကိုယ် အိုးစားမကွဲဘဲ ပြန်လာနိုင်သည်။ ကိုလတ် ကတော့။ ကျောင်းအုပ်ကြီးအသံက ကျွန်တော်နဲ့နီးလာ လိုက် ဝေးသွားလိုက်။ သက်မဲ့တိုက်အိုကြီးကို သူပုန်စခန်း ဆိုပြီး ချိတ်ပိတ်လိုက်သလို ဒီတိုက်အိမ်ကြီးရဲ့ အမွေ ဆက်ခံသူ ဦးမြင့်မောင်ကိုလည်း ကံကြမ္မာက မျက်နှာ သာမပေးခဲ့။ ဘာခံစားခွင့်မှမပေးဘဲ အလုပ်ဖြုတ်ပစ် လိုက်သည်။ ဒီအကြောင်းကို ဦးမြင့်မောင်က သေတဲ့အ ထိ တစ်လုံးတစ်ပါဒမှ ဟဟမပြောခဲ့ပါလား။ ကျောင်း အုပ်ကြီးစကားတွေကြောင့် ကျွန်တော် ငွေ့ငွေ့ လေးသာ သိမီခဲ့တဲ့ အတိတ်သမိုင်းဆိုးတို့ ကွင်းဆက်ပြန်မိလာ သည်။ သူတို့မျှော်လင့်ချက်က ပြည့်တန်ဆာတစ်ယောက် ဖောက်သည်မျှော်သလို မျှော်လင့်ချက်မျိုးမဟုတ်။ ဒေါက် ဖြုတ်ခါနီး ကြိုးမိန့်ကျအကျဉ်းသားတစ်ယောက် လွတ် ငြိမ်းချမ်းသာခွင့် မျှော်လင့်သလို သူတို့လည်း အမှောင် ခေတ်ကို ခွင်းနိုင်မယ့် အလင်းတစ်စကို မျှော်လင့်ရင်း ဓားကျိုးကျိုးလှံခွေခွေ ကျည်မှန်ယမ်းမှန် တိုက်ပွဲဝင်ခဲ့ကြ သည်။
ထိုအလင်းတစ်စအတွက် ပန်းပွင့်လေးတွေလို သူ တို့ အခြွေခံခဲ့ရသည်။ ကြွေလွင့်ခဲ့သော ပန်းပွင့်ပေါင်း များစွာထဲမှ ဒီတောမြို့လေးရဲ့ အလှဆုံးတောပန်းလေး တစ်ပွင့် ကျွန်တော့်အနီးဆုံးမှာ ရက်ရက်စက်စက် ဖဲ့ခြွေ နင်းချေခံခဲ့ရတာကို ကျွန်တော် ဘာကြောင့် နှစ်ပေါင်း
များစွာ မသိရှိခဲ့ရသနည်း။ မြို့ကလေးကရော ဘာကြောင့် မေ့မေ့လျော့လျော့နေခဲ့ရသနည်း။ ကျွန်တော်မည်မျှ ငိုင် သွားသည်မသိ။ ကျောင်းအုပ်ကြီးက သူ့ဖုန်းကို ကျွန်တော့် လက်ထဲကနေ လှမ်းယူလိုက်မှ သတိကပြန်ဝင်လာသည်။ ကျောင်းအုပ်ကြီးက ဖုန်းထဲက ကိုလတ်ပုံကို ပြန်ရှာ ပြီး အနီးနားက ပြတင်းပေါင်ပေါ် ဖုန်းကိုထောင်တင် လိုက်သည်။ ပြီးတော့ ခြေစုံရပ်ကာ ကိုလတ်ကို အလေး ပြုတော့ ကျွန်တော်သည်လည်း ရင်ထဲခံစားမှုပေါင်းများ စွာ လှိုက်တက်လာကာ ဦးညွှတ်မိသည်။
လာလမ်းအတိုင်း ပြန်ထွက်ခဲ့ကြပေမဲ့ တိုက်အိုကြီး ကို ရုတ်တရက် မခွဲခွာရက်။ ပြန်ရပ်ကြည့်မိတော့ ကျွန်တော်တို့ တိုးတိုက်မိလို့ ယမ်းခါနေတဲ့ ဘာဂျာတံခါး ကြီးနှစ်ချပ်က ကျွန်တော်တို့ကို ဝမ်းပန်းတနည်း ပြန် နှုတ်ဆက်နေသလိုလို။
ယိုင်နွဲ့နွဲ့ တံခါးကြီးနှစ်ချပ်က သေလုမြောပါးဒဏ် ရာဒဏ်ချက် ဗရပွနဲ့ စစ်မြေပြင်မှာ နောက်ဆုံးကျန်ခဲ့တဲ့ စစ်သားအိုကြီးနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တွဲထူထားပုံမျိုး။ အို.. ဦးလေးဦးမြင့်မောင်၊ အန်တီငြိမ်း တို့ရဲ့ နောက်ဆုံးပုံရိပ်တို့နဲ့ရော တူမနေဘူးလား။ ကျွန် တော် ဆက်မတွေးရဲတော့။
ဒီသော့ခလောက်ကြီးကို ဘယ်သူလာဖွင့်ပေးမှာလဲ တဲ့။ ကျောင်းအုပ်ကြီးရဲ့အမေး။ ကျွန်တော် ပြန်မဖြေမိ။ ဖြေစရာအဖြေလည်း ကျွန်တော့်မှာမရှိ။ အပြန်ခရီးက ဆွံ့အတိတ်ဆိတ်လွန်းစွာ။ သို့သော် မြို့လေးရဲ့ နဖူးပြင် ပေါ်က ကန့်လန့်ဖြတ်ဓားချက်ကြီးနဲ့ တူနေသော်ငြား မြို့လေးအပေါ် သစ္စာတရားကြီးမားစွာ စုန်ဆန်စီးဆင်း နေတဲ့ မြစ်ပြင်ကျယ်ကြီး ဖြတ်ကျော်ကျောခိုင်းရင်း ရင် ထဲ အလိုလို စီးဆင်းကျလာတဲ့ ဆုတောင်းလေးတစ်ခု ကိုတော့ ကျွန်တော့်နောက်ဆုံးထွက်သက်အထိ မေ့အံ့ မထင်။
အို.. စီးဆင်းခဲ့ကြလေသော မျက်ရည်မြစ်အပေါင်း တို့ နာကြည်းခါးသီးဖွယ်ရာ သံသရာကျိန်စာအပေါင်း တို့မှ ခပ်သိမ်းချုပ်ငြိမ်းလွတ်မြောက်ရာ ကောင်းကင်ဘုံ တံခါးဝသို့တိုင် ဆက်လက်စီးဆင်းနိုင်ပါစေသတည်း။ ခေတ်ရနံ့မဂ္ဂဇင်း၊ မတ်၊ ၂ဝ၁၇။