လက်ကျန်ဝဋ်

Posted on

လက်ကျန်ဝဋ်(စ/ဆုံး)

——————–

ကြီးအုံးမြ ကြီးအုံးမြ

အိမ်ရှေ့က တစ်ကြော်ကြော်ခေါ်နေတဲ့ ဖြူဖွေးအသံကြောင့်
ဒေါ်အုံးမြတစ်ယောက် အပင်လေးတွေ မြေဆွပေးနေတာကိုရပ်လိုက်ပြီး

ဟဲ့ ကောင်မ
ကျုပ်ဒီမှာ ဘာတွေများအရေးကြီးလို့ တက်မတတ် ချက်မတတ်အော်နေတာတုန်း
ကျုပ်နောက်ဖေးမှာ လာခဲ့
လို့ပြန်အော်လိုက်ပါတယ်

မဖြူဖွေးတစ်ယောက်လည်း
ငိုမဲ့မဲ့မျက်နှာနဲ့ ကြီးအုံးမြရှိရာထိသွားလိုက်ပြီး

*အကြီး ဖိုးစိန်ကို မနေ့က ပိုက်ဆံပေးလိုက်သေးလား *
လို့မေးလိုက်တော့

ဒေါ်အုံးမြက
*အမယ်လေးတော် ကျုပ်တို့က လူ ဆိုး အားမပေးဘူး*
အရက်သောက်မဲ့ကောင် ပိုက်ဆံပေးစရာလား*

*ဒါဆို ဒင်း ဘယ်က
ပိုက်ဆံနဲ့ အရက်ဝယ်လာလည်း မသိဘူးတော်
ညက သားဖနှစ်ယောက်လုံးမူးပြီး
ကျုပ်ကို သောင်းကျန်းလိုက်ကြတာ
တစ်ညလုံးမအိပ်ရလို့ ကောက်စိုက်တောင်မလိုက်နိုင်ဘူး ကြီးအုံးမြရယ်*

ဒေါ်အုံးမြလည်း
*ဟဲ့ မဲစိန်ဆိုင်က အကြွေးဝယ်မှာပေါ့
ညည်းက အရက်ကြွေးလိုက်ဆပ်ပေးနေတော့ ဟိုက ရောင်းမှာပေါ့*

*အင်းပါ အကြီးရယ်
ဒါဆိုလည်း ကျုပ်ပြန်တော့မယ်*

လို့နှုတ်ဆက်ပြီး မဖြူဖွေးတစ်ယောက်ထွက်သွားလေရဲ့

ထွက်သွားတဲ့မဖြူဖွေးကို
ကြီးအုံးမြ ပြန်လှမ်းခေါ်လိုက်ပြီး

*ဟဲ့ ဖြူဖွေး နေအုံး
ထင်းတဲပေါ်မှာ ချဥ်ပေါင်းရွက်တွေ
လှမ်းထားတယ်
တစ်အိုးတစ်နှပ်စာကြည့်ယူသွား
ငပိအိုးထဲကငပိလည်း နည်းနည်းနှိုက်သွား
အိမ်ရောက်ရင် ငပိလေးနုပ်နုပ်ဆင်းပြီးကြော်ပေါ့အေ*

ဖြူဖွေးတစ်ယောက် ကြီးအုံးမြ ပေးတာလေးတွေယူပြီး ကြီးအုံးမြကို ကျေးဇူးစကားဆိုလိုက်ပါတယ်

ပြီးတာနဲ့ ဖြူဖွေးလည်း
ဒေါ်မဲစိန်အိမ်ဖက် သူ့ယောက်ကျားနဲ့သူ့သားကို
အရက်ကြွေးမရောင်းဖို့ သွားပြောမယ်စိတ်ကူးနဲ့ ခပ်သုတ်သုတ်ထွက်လာပါတော့တယ်

ကြီးအုံးမြလည်း ကွပ်ပြစ်ပေါ်ထိုင်လိုက်ပြီးရေနွေးတစ်ခွက်ငှဲ့သောက်ရင်း ဖြူဖွေးအကြောင်းခေါင်းထဲရောက်သွားပါတော့တယ်

ဖြူဖွေးမှာ သားနှစ်ယောက်ရှိတယ်
အကြီးကောင် ၂၆နှစ်ရှိပြီ
နာမည်က နေထက်လင်း
သူမက နေထက်လင်း အရမ်းကြိုက်တော့ သူ့သားကိုနေထက်လင်း ဆိုပြီးနာမည်ပေးထားတာ

အငယ်ကောင်က အသက်က၁၇နှစ်
နာမည်ကအောင်ကျော်သူ
တဲ့ သူ့နာမည်ကတော့
ရွာက ဗေဒင်ဆရာ ဆရာလေးသိန်းဝင်းပေးထားတာ
ဖြူဖွေးယောက်ကျားဖိုးစိန်ကသိပ်ဆိုးတာ တနေကုန်အရက်သောက်တတ်တဲ့အပြင်
သောက်ပြီးတာနဲ့ မိန်းမကို ဆဲဆို ရိုက်နှက်တတ်တဲ့သူမျိုး
သားကြီးကရော ဘာထူးတုန်း
ဖအေနဲ့တောင်အရက်တူတွဲသောက်ပြီး မအေ ကို ရိုက်တတ်နှက်တတ်တဲ့ လူမျိုးပါပဲ

သူတို့ သားအဖ တော်တော်ဆိုးလာတဲ့အခါမျိုးဆိုရင်တော့
ရွာကျောင်းထိုင်ဦးဇင်း ဒါမှမဟုတ်
ရွာဥက္ကဌ က လာဆူရင် တစ်ပါတ်
တန်သည် နှစ်ပါတ်တန်သည်
ငြိမ်သွားတတ်တယ်
ပြီးရင်တော့ ဒုံရင်းအတိုင်း ပြန်ဖြစ်သွားတာပါပဲ

အငယ်ကောင်လေးကတော့
ကတော့ မဆိုးရှာဘူး
မအေကိုလည်းသိတတ်တယ်
အလုပ်လုပ်လေးလည်း လုပ်ရှာတယ်
ရန်ကုန်မှာ နယ်လှည့်ပြီး ပန်းရံလုပ်တဲ့အဖွဲ့နဲ့ အသက်၁၄နှစ်လောက်ထဲက လိုက်လုပ်ရရှာတာ
တစ်ခါတစ်လေမှသာ အိမ်ပြန်လာနိုင်တယ်
ရတဲ့ပိုက်ဆံ လေးတွေသူ့အမေကိုပို့ရှာတယ်
သူ့အမေနဲ့ ph ပြောလို့ရအောင်ဆိုပြီး ကီးပတ်ph လေးတစ်လုံးလည်းဝယ်ပေးထားသေးတယ်
မဖြူဖွေးရဲ့ ပျော်ရတဲ့အချိန်တွေကတော့ သူ့သားငယ်နဲ့ phပြောရတဲ့ အချိန်တွေပါပဲ

ဖြူဖွေးတို့လင်မယားက အငယ်ကောင်လေးမမွေးခင်
၄နှစ်လောက်ကွဲလိုက်ကြသေးတယ်
ဖိုစိန်တစ်ယောက် အရက်မူးလွန်ပြီး
ခေါင်းကို ရိုက်ခွဲလိုက်တော့
ဖြူဖွေးတစ်ယောက် သူ့မောင်နှမဝမ်းကွဲတွေရှိတဲ့ ရွာကို သွားနေ
တယ်
ဟိုမှာနှစ်နှစ်လောက်နေတော့
ညီကိုမောင်နှမ တွေက သူ့ကို
သင့်တော်တဲ့သူနဲ့အိမ်ထောင်ချပေးလိုက်တယ်
နောက်အိမ်ထောင်က မဆိုးရှာဘူး
လယ်လေး နှစ်ဧက လောက်လည်းရှိတယ် စားဖို့ ဝတ်ဖို့လည်း
မပူရဖူးပေါ့

နောက်အိမ်ထောင်နဲ့ပေါင်းပြီး
နှစ်နှစ်လောက်နေတော့
ရွာမှာ ရှိတဲ့ သူမ ကြီးတော်ကြီးဆုံးတယ်
ဖြူဖွေးတစ်ယောက် ကြီးတော်ကြီး
နာရေးပြန်လာရင်း သားလေးမျက်နှာရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့
နောက်အိမ်ထောင်ဆီမပြန်တော့ပဲ
ဖိုးစိန်နဲ့ ပြန်ပေါင်းထုပ်ကြပြီး
အငယ်ကောင်လေးကိုမွေးတယ်
သူအမျိုးတွေက လည်းစိတ်ဆိုးပြီး
ဖြူဖွေးကို သေခန်းပြတ်လိုက်ကြတယ်

ဖြူဖွေးရဲ့ကံကြမ္မာကတော်တော်ဆိုးတယ်ပြောရမှာပဲ
သူ့သားငယ်လေးကပန်းရံလုပ်ရင်း
သူတို့တည်းတဲ့နေရာမှာ ဧည့်စာရင်းဝင်စစ်တဲ့အချိန်
မှတ်ပုံတင်မရှိတဲ့သူသားလေးပါသွားပြီး
သတင်းအစအန လည်းပျောက်သွားတယ်
ဖြူဖွေးတစ်ယောက်အရူးမီးဝိုင်းပေါ့
ရွာထဲက လူတွေလည်း တတ်နိုင်သမျှစုံစမ်းပေးကြရှာပါတယ်
သတင်းမကြားတဲ့အဆုံး
နင့်သားလေးတော့ ဘယ်တပ်ထဲရောက်နေပြီ အဆင်ပြေတယ် နောက်ကျရင် နင့်ကိုဆက်သွယ်မယ်လို့ပြောတယ် ဆိုပြီး
​တစ်ရွာလုံးပေါင်းညာ လိုက်ကြတယ်

အဲ့ဒီထဲက ​ဖြူဖွေးက
သူ့ph ကို ဘယ်သွားသွား လက်ကမချတော့ဘူး
တစ်ခါတစ်လေကျရင် လူတွေရှေ့မှာ
သူတစ်ယောက်ထဲ ph တွေပြောပြီး
သူ့သားနဲ့ ပြောတဲ့ပုံစံမျိုးလုပ်တတ်သေးတာ
လယ်ထဲရောက်ရင်လည်း
သူသားက သူ့ကို ph ဆက်ကြောင်း
ပိုက်ဆံ လွှဲကြောင်း သူ့အစ်ကိုကိုလည်း အမေ့ကိုမဆိုးနဲ့ပြောကြောင်း တခြားသူတွေကို သူ့စိတ်ကူးထဲက အတိုင်း စီကာပတ်ကုံးပြောတဲ့အပြင်
သူ့သားက ငွေထုပ်ထမ်းပြီး ပြန်လာမှာ လို့ ဆရာလေးသိန်းဝင်းကဗေဒင် ဟောထားတယ်ဆိုတဲ့အကြောင်းကလည်း ပါသေးတယ်
ဒီလိုမျိုးတွေပြောလို့
ဖြူဖွေးရူးနေလားဆိုတော့လည်း
ကျန်တဲ့အချိန်တွေဆိုပုံမှန်လူတစ်ယောက်လိုပါပဲ

ဒါကြောင့်မို့လည်း
ရွာထဲကလူတွေကအသံမမြည်တဲ့
Ph ကိုတတွတ်တွတ်ပြောရင်း
ပြုံးရွှင် နေတတ်တဲ့ ဖြူဖွေးကို
ရေလိုက်ငါးလိုက်ပဲနေလိုက်ကြတော့တယ်

မြဆုမွန်မွန်
5.8.2025