ဝဋ်ကြွေးထက်ပိုသော(စ/ဆုံး)
——————————-
“ခင် ကိုယ့်ကိုယူလို့ ခင်စိတ်မဆင်းရဲစေရပါဘူး
ကိုယ် ခင့်ကို စိတ်ချမ်းသာအောင်ထားမှာပါ”
“အို ခင်က မိန်းမသားပဲ လွယ်လွယ်ယုံလို့ဘယ်ဖြစ်ပါ့မလဲ ကိုကျော်မောင်တို့ ယောက်ျားတွေက မရခင်ဖျာလိုလိပ်ပြီးရပြီးကာမှ ဖျာလိုခင်းပြီးနင်းတတ်ကြတာလေ”
“အဲလို ယောက်ျားမျိုးထဲမှာ ကိုယ်မပါပါဘူး ခင်ရယ်”
ဒီစကားတွေ ယုံပြီး ကိုကျော်မောင့်ကို သူမယူခဲ့တာ ခုဆို သမီးတောင် အသက်၅ နှစ်ရှိပြီ။ယူကာစကတော့ အဆင်ပြေသယောင်ရှိပေမယ့် ကြာလာတော့ သူ့ရဲ့စရိုက်အမှန်တွေ ပြပါလေတော့ ဘယ်တတ်နိုင်မလဲ…ခါးစည်းရင်စည်း ခံယုံပေါ့….။အရက်မသောက်တာက လွဲရင် လောင်းကစား အပျော်အပါး မက်လိုက်သည့်ဖြစ်ခြင်း….အိမ်ထောင်ကျတဲ့ သက်တမ်းတစ်လျှောက် ဟိုအလုပ်လုပ်သလို ဒီအလုပ်လုပ်သလို ဘာတစ်ခုမှ မယ်မယ်ရရမရှိ…ဖဲရိုက်ဖို့ ပိုက်ဆံကိုလက်ဖြန့်တောင်း မရရင် ရိုက်နှက်…. ဒီလိုနဲ့နှစ်ပါးသွားခဲ့တာ မခင်မြရဲ့ သမီး ငါးနှစ်သို့ရောက်ခဲ့ပြီ.။
သူမမှာ မိဘတွေမရှိလေတော့ အဒေါ်ဆီမှာကပ်နေ အဒေါ်ကမကြည်ဖြူတော့ လင်တစ်ယောက်ယူပြီး လင်တစ်မျက်နှာ တစ်ရွာထင်ပြီး မျက်စိစုံမှိတ် လိုက်ခဲ့ကာမှ ဒုက္ခတွေက ပင်လယ်ဝေခဲ့ပြီ။မသောက်တတ် မစားတတ် လူရိုးလူကောင်းဟုမှတ်ကာ အထင်ကြီးခဲ့လေသမျှ လောင်းကစားမက်မှန်း အသိနောက်ကျခဲ့ပြီပဲ…..။မတတ်နိုင် သူ မရှာကျွေးတော့ ဝမ်းရေးအတွက် စျေးဗန်းခေါင်းရွက် ဖြေရှင်းရတာပဲပေါ့။စိုက်ခင်းပိုင်ရှင် အသိတစ်ယောက်ဆီမှာ ဟင်းရွက်လေးတွေဝယ်ရင်း စျေးဖိုးရင်းရတာပါပဲ။တစ်ခါတလေ ဒင်းဖဲကြွေးတွေကြောင့် လုံးပါးပါးပြီး စျေးရင်းဖို့တောင်မရှိတော့တဲ့အထိပါပဲ။အိမ်စရိတ်သာမပေးတာ ဒင်းက အဆင်သင့်အိမ်မှာ လက်ထိုးလာစားတော့တတ်တယ်တော့…။
“မခင်မြ ရေ ငါဗိုက်ဆာတယ်ဟ ဘာချက်ထားလဲ”
ဟောပြောရင်း ဆိုရင်း လာနေပါပြီတော်။
“ဒီနေ့တော့ စျေးရင်းဖို့မရှိတော့လို့ ငါးပိရည်တို့စရာနဲ့ ကန်စွန်းရွက်ကြော်ထားတယ်”
“ဟ ဒီမိန်းမတော့ ငါအသားငါး မပါရင် မစားဘူးဆိုတာ သိရဲ့သားနဲ့”
“သိပါ့တော် သိပါ့ အဲဒီအသားငါးဝယ်ဖို့ ပိုက်ဆံက ရှင်ဖဲရိုက်လို့ ကုန်ပြီလေ..ကျွန်မက ဘာအခနဲ့ ချက်ရမလဲ”
“တောက် ဒီမိန်းမတော့ ငါလုပ်ရင် သေတော့မယ် သွားကွာ မစားဘူး”
ဟုဆိုကာ ထမင်းစားပွဲကို မှောက်ပစ်လိုက်လေရာ
“ကိုကျော်မောင် ရှင်ဘယ်လိုလုပ်လိုက်တာလဲ မစားချင်မစားနဲ့ပေါ့တော် ထမင်းစားပွဲ မှောက်စရာလား ”
“ဟာဒီမိန်းမ တော်တော် စကားများတယ် ကဲကွာ များချင်အုံး ဖြန်းးးးး”
မခင်မြ ကိုကျော်မောင်ရိုက်လိုက်တဲ့ပါးတစ်ဖက်ကို ကိုင်ကာ အံကိုတင်းတင်းကြိတ်သည်။
အမေကိုရိုက်နေတာမြင်တော့ အနားမှာကစားနေတဲ့ သမီးက ပြေးဝင်လာပြီး….
“ဖေကြီး မေကြီးကို မရိုက်ပါနဲ့ အီးဟီး….မေကြီးကို မရိုက်ပါနဲ့”
ဖအေဖြစ်သူကို အတင်းဒူးဖက်၍ ငိုယိုတောင်းပန်လေရာ
“ဟာကွာ ရှုပ်ရှုပ်ယှက်ယှက် ကလေး ကလေးလိုမနေဘူး ကဲကွာ ကဲကွာ ဝင်ရှုပ်ချင်ချင်အုံး”
ဟုဆိုကာ အတင်းရိုက်နှက်တော့သည်။
ကလေးကို တရစပ် ရိုက်နေသော ကိုကျော်မောင်ကိုကြည့်ရင်း သူမ သည်းမခံနိုင်စွာဖြင့်.
“ကိုကျော်မောင် ရှင် ကလေးကို ရိုက်စရာမလိုဘူး
အလကား လူစိတ်မရှိတဲ့ကောင်”
“ဘာ မင်းက ငါ့ကို လူစိတ်မရှိတဲ့ကောင် ဟုတ်လား
ငါလုပ်လိုက်ရ နာတော့မယ်”
တစ်ယောက်တစ်ခွန်းစကားများကြရင်း ကိုကျော်မောင်ရဲ့ အိမ်တွင်းအကြမ်းဖက်ရိုက်နှက်မှုဒဏ်ကို မခင်မြအလူးအလဲ ခံရလေသည်။
သူမတို့အိမ် ဆူညံနေတော့ အနီးမှာရှိတဲ့ လူကြီးတွေလာပြီး
“ဟာ မင်းတို့ လင်မယားကလည်းကွာ အားအားရှိ ရန်ဖြစ်နေကြတော့တာပဲ ပတ်ဝန်းကျင် ကိုအားနာအုံးမှပေါ့ကွ”
“ဟေ့လူ လူကြီးက လူကြီးလိုနေ သူများလင်မယားကိစ္စ ဝင်မပါနဲ့”
ကိုကျော်မောင်ကတော့ လူကြီးတွေကို ရမ်းရမ်းကားကားပြောပြန်ပါပြီ…။
လူကြီးတွေကလည်း ဖြစ်မြဲပြဿနာ ကြား ဝင်ပါမိကြတာမို့
“အေး မောင်ကျော်မောင် လူကြားမကောင်းသူကြားမကောင်း ရန်ဖြစ်နေကြလို့ လာပြောရတာဟေ့….နောက်မင်းတို့ကြားဘယ်တော့မှ မဝင်ဘူး”
“သွား မဝင်နဲ့ ကိုယ့်ဘာသာကိုယ်နေကြ အရေးမပါတဲ့ဟာတွေ တောက်…”
ဒေါသ တကြီး တောက်ခတ်ပြီး အပြင်ကိုပြန်ထွက်သွားတဲ့ ကိုကျော်မောင်ကိုကြည့်ပြီး သူမ နာကြည်းမုန်းတီးစိတ်တွေက တဖွားဖွား…….ကွာပေးဆိုတော့လည်း မကွာပေး….ထွက်ပြေးလွတ်မြောက်ဖို့ဆိုတာလည်း ဆွေမျိုးဥာတကာက မရှိ….ဆိုးလိုက်တဲ့ သူမဘဝ…သမီးလေးရဲ့ ကိုယ်သေးသေးလေးကိုသာ ဖက်ပြီး ရှိုက်ကာ ငိုမိတော့တယ်။
“မေကြီး မငိုနဲ့နော်…..သမီးရှိတယ်”
ဟုဆိုကာ သူမလေးရဲ့လက်သေးသေးလေးတွေနဲ့ မအေဖြစ်သူကို မျက်ရည်တွေသုတ်ပြီး နှစ်သိမ့်ရှာသည်။ဒီအဖြစ်ကြောင့် မခင်မြသမီးကိုယ်လေးကို ကျစ်ကျစ်ပိုက်ကာ ငိုကြွေးမိလေသည်။
“သမီးရယ်…ဟင့်…ဟင့်…”
ဒီလိုနဲ့ သူမ တို့ဘဝဟာ လုံးလည်ချာလည်လိုက်နေခဲ့ပါပြီ။ကိုကျော်မောင့်ဘဝကတော့အေးအေးဆေးဆေးပဲ ဘယ်အိမ်မှာ ဖဲဝိုင်းထောင်တယ် ဝိုင်းကောင်းတယ် အပေါင်းအသင်းတွေ လာခေါ်တော့လည်း လိုက်တာပဲ။
အချိန်တန် အိမ်ပြန်အိပ်ပြီး အချိန်မှန်ပြဿနာရှာတတ်တာနဲ့ အချိန်တန် လက်ထိုးပြီး လာစားတတ်လေသည့်အပြင် မထင်ရင်မထင်သလို မယားဖြစ်သူကိုလည်း ရိုက်နှက်ညှင်းဆဲတတ်ပါသေးသည်။
…………
တစ်နေ့ သူမ နေမကောင်းလို့ အိပ်နေတုံး
“ဟဲ့ မခင်မြ ”
အသံကျယ်ကျယ်ခေါ်ပြီး အိမ်ပေါ်တက်လာတဲ့ ကိုကျော်မောင်ပါပဲ..
“ဘာလဲတော် ရှင်ကလဲ ကျွန်မ နေမကောင်းလို့ အိပ်နေတာ ဘာကိစ္စလဲ”
“ငါဖဲ ရှုံးလာတယ် မင်းမှာ ပိုက်ဆံ ဘယ်လောက်ရှိလဲ”
မခင်မြက လှဲနေရာမှ လူးလဲထလိုက်ကာ
“ကျွန်မ မှာ ဘယ်လိုလုပ် အပိုငွေ ရှိမှာလဲ မနက်ကျရင် စျေးရင်းဖို့ ဒေါ်ငွေကြည်ဆီမှာ ချေးထားတဲ့ ပိုက်ဆံပဲရှိတယ်”
“အေးပေးစမ်း ငါ့ကို အဲဒီ ပိုက်ဆံ”
“ရှင့်ကိုပေးလို့ ဘယ်ဖြစ်မလဲ ကျွန်မစျေးဖိုးရင်းရမယ့် ပိုက်ဆံလေ….အကြွေးတောင်မကျေသေးဘူး”
“ဟာ လျှာကိုရှည်တယ်ကွာ ဘယ်မှာသိမ်းထားလဲ ပေး”
ပြောပြောဆိုဆို ဘီရိုကိုလှန်လှောရှာပြီး ပိုက်ဆံအိတ်ထဲက စျေးဖိုးအကုန်လုံးကို ယူသွားလေပြီ။
နောက် သူမ နားကိုကြည့်ပြီး
“ပေး မင်းနားကပ်ပါ ဒီပိုက်ဆံနဲ့ လောက်မှာမဟုတ်ဘူး”
“ကျွန်မနားကပ်ကိုပေးလို့မဖြစ်ဘူးလေ ဒါကျွန်မအမေ ကျွန်မကို အမွေပေးထားတာ ရှင်လိုချင်တဲ့ပိုက်ဆံရပြီးပြီပဲ ဒါလေးတော့ချမ်းသာပေးပါရှင်”
“ဟာ ပေးကွာ…စကားကိုများတယ်”
ဟုဆိုကာ မခင်မြနားရွက်က နားကပ်ကလေးကိုအတင်းဆွဲဖြုတ်သွားတော့ မခင်မြ နားမှ သွေးတွေထွက်ကျလာသည်။
“ကိုကျော်မောင် ရှင်ရက်စက်လှချည်လား ”
နာကျင်လှသော နားရွက်ကိုကိုင်ကာ မခင်မြ မျက်ဝန်းမှာ မျက်ရည်တွေစီးကျလာသည်။
သူမခြေစောင့်လက်စောင့်ထားထားတဲ့ခြယ်နားကပ်လေးကိုလည်း ယူသွားပြန်ပါပြီ ဝဋ်ကြွေးရှိရင် ကြေပါစေတော့ဘုရား….ဟု မခင်မြ တိုးတိုးလေးဆုတောင်းမိသည်။နာကျင်မှုနှင့် နာကြည်းမုန်းတီးမှုတို့က ထပ်တူကျစွာဖြင့် …
……………………..
“ဟေ့ကောင် ကျော်မောင် ဒီတစ်ခါလည်း မင်းရှုံးပြန်ပြီ ဟားဟား ဘယ်လိုလုပ်မှာလဲ မင်းငါ့ဆီက ချေးမှာလား”
“ချေးမယ်ကွာ…ချ ဟေ့ကောင်”
“သေချာလို့လားကွ မင်းပြန်မဆပ်နိုင်ပဲနေမယ်နော်”
“ရတယ်ကွာ ထည့်”
ကိုကျော်မောင်တစ်ယောက် ဖဲတွေအကြိမ်ကြိမ်ရှုံးပြီး နောက်ဆုံးတော့ အကြွေးတွေတင်ကာ အပူမီးဝိုင်းနေတော့သည်။
“ဟေ့ကောင် မင်းငါ့အကြွေး ဘယ်လိုဆပ်မှာလဲ”
“ခုလောလောဆယ် မရနိုင်သေးဘူးကွာ ငါ့ကို ခဏစောင့်ပေး”
“ဟာဟာ ဟေ့ကောင် မရဘူး ဟေ့ ”
“ငါ့မှာမှ မရှိတာကွာ”
“မင်းမိန်းမရှိတယ်လေ…..မင်းမိန်းမက မပျက်စီးသေးဘူးကွ ကလေးတစ်ယောက်အမေသာပြောတာ ဟီးဟီး ငါ့ကိုပေးအိပ်မလား ”
“ဘာကွ မင်း ”
“ဒေါသမကြီးပါနဲ့ကွာ မင်းကလဲ မင်းမှာ တခြားနည်းလမ်းမှမရှိတော့တာ မင်းဖဲကြွေးတွေချေပေးပြီးတော့ အပိုငွေပါထပ်ဆောင်းပေးအုံးမှာ ဘယ်လို လဲ ဟီးဟီး ”
ဖဲဝိုင်းက တဏှာရူးအပေါင်းအသင်းများ၏စကားကို စဥ်းစားကာ
ကိုကျော်မောင် ခေါင်းတချက်ကုတ်လိုက်ပြီး …
“ကဲလုပ်ကွာ ဒီနည်းလမ်းပဲရှိတော့တာ”
ကိုကျော်မောင် အိမ်သို့ပြန်လာပြီး….
“မခင်မြ ဟေ့ မခင်မြ”
ဟု အိမ်ဝမှအော်ခေါ်လေသည်။
“လာပါပြီတော် အော်ကြီးဟစ်ကျယ်နဲ့”
“ငါဖဲရှုံးပြီး အကြွေးတင်လာတယ်”
လှေကားရင်း၌ထိုင်ကာဖြင့် စိတ်ပျက်လက်ပျက်ပြောလေသည်ကို
“ကျွန်မဆီမှာတော့ ပ်ိုက်ဆံမရှိတော့ဘူးနော်”
မခင်မြကလည်း ကြိုတင်ပြောရလေသည်။
“အေးငါလည်း အဲဒါ ပြောမလို့ မင်း ငါ့သူငယ်ချင်း မျိုးမင်းနဲ့ သွားအိပ်ပေး”
“ဘာ ရှင်ဘာပြောလိုက်တယ်”
မခင်မြ နားမလည်စွာ အော်မေးလိုက်မိလေသည်။
ဒီစကားကို သူမို့ပြောထွက်တယ်….ကိုယ့်မယားကိုသူများနဲ့ပေးအိပ်တယ်ဆိုတာ ဘယ်လောက်ထိအောက်တန်းကျသွားပြီတဲ့လဲ။ကိုကျော်မောင်ကတော့ ဘာမှထူးမခြားနားစွာပင်
“အေးကြားတဲ့အတိုင်းပဲကွာ… သူကမင်းအဲလို လုပ်ပေးရင် ဖဲကြွေးတွေ အကုန်ချေပေးတဲ့အပြင် အပိုဆောင်းငွေပါပေးမှာ အဲဒီငွေတွေ ငါယူလာပြီးပြီ မင်းသွားအိပ်ပေးဖို့ပြင်တော့..”
ဟုသွေးအေးအေးနဲ့ပြောနေတာကို မခင်မြ မခံမရပ်နိုင်စွာဖြင့်
ကိုကျော်မောင့် အကျင်္ီစ ကို ဆွဲရင်း….
“ဟင် ကိုကျော်မောင် ရှင်လူမှ ဟုတ်သေးရဲ့လား ဟင် ရှင် အသိစိတ်ရော ရှိသေးရဲ့လား ကျွန်မကို ဘယ်လိုအစားမျိုးအောက်မေ့နေတာလဲ”
ကိုကျော်မောင်က သူမကို တွန်းချလိုက်ပြီး….
“ဒီမိန်းမ သွားဆို သွားလိုက်ပေါ့…စကားကိုရှည်တယ်
ဟေ့ သွားရင်လည်း သပ်သပ်ရပ်ရပ် လုပ်ပြီးသွား.ဟိုကောင်စိတ်ပျက်သွားလို့ ငါရပေါက်ပိတ်နေမယ်”
ဟုဆိုကာ အိမ်ထဲသို့ခြေဆောင့်နင်းကာ ဝင်သွားလေတော့သည်။
လုပ်ရက်လိုက်လေခြင်း ကြားလို့မှ ကောင်းရဲ့လား….ယောက်ျားလုပ်သူက ကိုယ့်မယားကို အပျက်မဇာတ် သွင်းတာ…..ဘယ်တတ်နိုင်မလဲ ဝဋ်ကြွေးရှိလို့ပေးဆပ်ရမယ့်အဖြစ်မျိုးပါလား..ဟင့်အင်း သူမအဖြစ်က ဝဋ်ကြွေးဆိုတာထက်ကို ပိုနေပါရောလား..။
………….
သို့နှင့်
မခင်မြ ရေမိုးချိုးပြီး ကိုကျော်မောင့်သူငယ်ချင်းဖြစ်သူ မျိုးမင်းတို့အိမ်ဘက် ထွက်ခဲ့တယ်။ဟိုရောက်တော့…..
သူမမြင်လိုက်ရတာ ယောက်ျားသုံးယောက်
“မခင်မြ ရောက်လာပြီလား ဟဲဟဲ လာထိုင်ပါအုံး”
အဆီပြန်တဲ့မျက်နှာတွေနဲ့ တဏှာမီးဝင်းဝင်းတောက်စွာဖြင့် မျက်နှာရူးလေသည်။
သူမက ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ရင်ထဲမှာတော့ ပူလောင်လှလေသည်။
ထိုလူတွေကတော့ တဏှာမီးတောက်မျက်လုံးတွေနှင့်မခင်မြကို အာသာငမ်းငမ်းကြည့်ကြသည်။မခင်မြက ကလေးတစ်ယောက်အမေဆိုပေမယ့် အရွယ်ရှိရှိ ရွက်ကြမ်းရေကျိုထဲကဖြစ်သည်မို့ တဏှာကိုတပ်မက်သူ ယောကျ်ားတို့ အကြိုက် ကိုယ်လုံးကိုယ်ပေါက်မျိုးလည်းရှိလေသည်။
ဝက်ဖြစ်မှတော့ မစင်ကို ဘယ်ကြောက်လို့ဖြစ်ပါတော့မလဲ။သန်းခေါင်ထက်လည်း ညမနက်နိုင်တော့တဲ့ သူမဘဝ. ကံဇာတ်ဆရာ ကြိုးဆွဲရာသာ ကရပေဦးတော့မည်။
ထိုနေ့ဟာ သူမအတွက် မုန်တိုင်းကြားထဲက လှေငယ်တစ်စင်းလို လမ်းပျောက်လို့ ပျက်စီးခဲ့ပါပြီ…….။အဲဒီနောက်တော့
ကိုကျော်မောင်ဟာ စီးပွားရေးခွင်အကြီးကြီးတည့်ကာ မခင်မြကို အရပ်ပျက်ဇာတ်သွင်းလေတော့သည်။မှီခိုအားထားစရာဟူ၍မရှိတော့သည့် မခင်မြဘဝဟာ လှိုင်းကြမ်းကြမ်းထဲမှာ မျောပါနေတဲ့ လှော်တက်မဲ့တဲ့လှေငယ်တစ်စင်းလို ရေစုန်ရော ရေဆန်ရော မျောလို့နေချေပြီ။
“ဟဲ့ ခင်မြက ဟိုဟာလုပ်စားနေတာတဲ့အေ့”
“ဟယ် မထင်ရဘူးနော် ကျွန်မတို့က သူ့ကိုရိုးရိုးသားသားရှာဖွေစားလို့ သနားနေတာ အံ့သြပရှင်”
အပေါ်ယံကိုသာ ကြည့်၍ ဆုံးဖြတ်တတ်သော ပတ်ဝန်းကျင်၏ မျက်လုံးတွေကြား
မမြခင်ဘဝက သူများတံတွေးခွက်မှာ ပက်လက်မျောခဲ့လေပြီ။
ဒီလိုမျိုးပတ်ဝန်းကျင်က ပြောစကားတွေလည်း သူမခံနိုင်ရည်မရှိတော့ဘူး….သူမဘာလုပ်ရမလဲ သူမဘေးကိုကြည့်လိုက်တော့ာ အပူအပင်ကင်းစွာ
အိပ်ပျော်နေတဲ့ အပြစ်မဲ့တဲ့ သမီးလေး..
သူမ တစ်စုံတစ်ခုကို ဆုံးဖြတ်ချက်ချလိုက်တယ်။ပြီးတော့ သူမပြုံးလိုက်တယ်။သူမနဲ့ချစ်ရတဲ့သမီးလေးဟာ ဒီဝဋ်ကြွေးတွေဆီက ထာဝရလွတ်မြောက်သွားတော့မယ်။
……..
အဲဒီနေ့က
“ဟဲ့ မခင်မြ ငါထမင်းစားမယ် ဘာချက်ထားလဲ ”
“အော် ကိုကျော်မောင့်အကြိုက်လေ ကြက်သားအာလူးကာလသားချက်ရယ် ကင်ပွန်းချဉ်ရွက်ဟင်းချိုလေးရယ် ငါးပိရည်တို့စရာ အစုံနဲ့ပါရှင်”
ပုံမှန်နေ့တွေထက် ချိုသာပျူငှာနေတဲ့ မခင်မြကိုကြည့်ရင်း အံ့သြနေသူက ကိုကျော်မောင်
“မခင်မြ မင်းဒီနေ့ တယ်ချိုသာနေပါလား”
“အော် ကိုယ့်ယောက်ျားဆိုတော့လည်း ချိုချိုသာသာဆက်ဆံရမှာပေါ့ရှင် ထည့်စား ထည့်စား ရှင့်အတွက်ပဲ ချက်ထားတာ”
“မင်းရော တစ်ခါထဲစားလေ ”
“ကျွန်မ မဆာသေးလို့ရှင်ပဲစားပါ”
မခင်မြက ပြောလည်းပြော ယောကျ်ားဖြစ်သူပန်းကန်ထဲလည်း ဟင်းတွေထည့်ပေးနေသည်။
“ကောင်းလိုက်တာကွာ စားလို့ကောင်းလိုက်….
ပြောရင်းနှင့် ကိုကျော်မောင်မျက်လုံးပြူးမျက်ဆံပြူးကာ
“မင်း မင်းဒီထဲ ဘာထည့်ထားတာလဲ ”
“ကြွက်သတ်ဆေးတွေ ထည့်ထားတာလေ စားလို့ကောင်းရဲ့လား ဟင်းဟင်းဟင်း စားပါအုံး မကုန်သေးဘူးလေ”
ပြောလို့မှ မဆုံးခင် ကိုကျော်မောင်တစ်ယောက် အမြုပ်တစီစီထကာ ထမင်းစားပွဲတွင် ငြိမ်သက်သွားလေတော့သည်။
ငြိမ်သက်နေတဲ့ သူ့ ရဲ့ အတ္တဘော ခန္ဓာကြီးကို အိပ်ရာထက်သို့ လှမ်းရွှေ့ကာ စောင်သေချာခြုံပေးလိုက်ပြီး သူ့မျက်နှာကိုစေ့စေ့ကြည့်ကာ
“ကိုကျော်မောင် ဒီဘဝတော့ ဒီမျှပါပဲလေ”
သိက္ခာတွေ အဖတ်ဆယ်မရတော့တဲ့ ကျွန်မနဲ့ ကျွန်မအရိပ်တွေ လွှမ်းမိုးနေတဲ့ ကျွန်မ သမီးအတွက်ကရော….”
တစ်ယောက်ထဲရေရွတ်ပြီး သူမ အပြင်ကိုကြည့်လိုက်တော့ ပျော်ရွှင်စွာ ကစားနေတဲ့သမီးဖြစ်သူကိုတွေ့ရသည်။
“သမီးရေ ကစားနေတာရပ်ပြီး ရေလာချိုးဟေ့ ညနေစောင်းနေပြီ ”
သူမက သမီးကိုရေချိုးပေးပြီး အဝတ်အစားအသစ်တွေ ဝတ်ပေးတော့
“မေမေ ဘာလို့ အဝတ်သစ်တွေ ဝတ်ရတာလဲ ”
ဟု ကလေးမလေးက မေးလေသည်။
“အော် မေမေတို့ လည်လည်သွားမလို့လေ သမီးရဲ့”
“ဖေဖေရော ပါမှာလား”
“သမီးအဖေက အိပ်နေတာ မနှိုးတော့ဘူး…မေမေတို့ပဲ သွားရအောင်”
“ဟေး..လည်လည်ထွက်ရတော့မယ်ဟေ့…”
သမီးလေးက ပျော်ရွှင်လို့နေသည်။
ပြင်ဆင်ပြီးတာနဲ့ သူမသမီးရဲ့လက်ကို ဆွဲပြီး အပြင်ကိုထွက်ခဲ့တော့ တော်တော်တောင်မှောင်နေပါပြီ….
သွားရင်းနဲ့ ရေနက်တဲ့ ချောင်းအပေါ်ကဖြတ်ဆောက်ထားတဲ့ တံတားပေါ်မှာရပ်ရင်း..သမီးကိုငုံ့ကြည့်ကာ ဤသို့ပြောလေသည်။
“သမီး မေမေတို့သွားမယ့်နေရာက ဒီကနေ ဖြတ်ရမှာ
အဲဒါ ဟိုကိုရောက်ရင် လူကွဲသွားလိမ့်မယ် သမီးလက်နဲ့ မေမေ့လက်ကို ဟောဒီ ပဝါလေးနဲ့ ချည်ထားမယ်နော်”
ဟုဆိုကာ ပဝါဖြူလေးဖြင့် သမီးလက်နှင့်သူမ၏လက်ကိုဆုပ်ကိုင်လျက်တွဲချည်လိုက်လေသည်။
“ဟုတ်ကဲ့ မေမေ သမီးတို့သွားမယ့်နေရာက ပျော်စရာကောင်းလားဟင်”
“အင်းပေါ့ သိပ်ပျော်စရာကောင်းတာ ကဲ သမီး အဆင်သင့်ဖြစ်ပြီလား…..”
“ဟုတ်ကဲ့မေမေ ဟေး း း ပျော်စရာကြီးဟေး”
“အဲဒါဆို သွားရအောင်….၁ ၂ ၃….”
……………
နောက်သုံးရက်အကြာမှာတော့ ချောင်းရေအတိုင်းမျောလာတဲ့ လက်မှာ ပဝါချည်ထားတဲ့ သားအမိနှစ်ယောက်………
ရှင့်မျက်နှာတစ်ရွာထင် လို့ ရှင်ပေးတဲ့ဒုက္ခဟာ ပန်းတွေမှတ်လို့ ရှင်ခင်းတဲ့လမ်းဟာ ဆူးဖြစ်နေရင်တောင်ကျွန်မ အနာခံပြီး လျှောက်ခဲ့တယ်…..ခုတော့……..ကျွန်မနဲ့အတူ အပြစ်မရှိတဲ့သမီးလေးဟာ မြေစာပင်လေးဖြစ်လို့ပေါ့။ဒီဘဝတော့ ဒီမျှပါပဲ ကိုကျော်မောင်……။
ကြုံတွေ့ဖူးသော တကယ့်အဖြစ်အပျက်အား အမည်များလွှဲပြောင်း၍ ရေးသားခြင်းဖြစ်သည်။မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုခြင်းမရှိပါ။
#နွေးနွေးအေးချမ်း