*ဝဋ်လည်ပြီ*📖📖📖
*********************************
#သိပ္ပံမောင်ဝ
မောင်လူအေးတို့ ကျောက်ဆည်မှာတုန်းက မောင်လူအေး၏ အစ်မကြီး မခင်မေနှင့် မောင်လူအေး၏ တူကလေး မောင်မြသိန်းတို့ အလည်ရောက်လာကြသည်။ မောင်မြသိန်းကား မောင်လူအေး၏ညီ မောင်လူထွေး၏ သားထွေးကလေးဖြစ်၏။ သူ၏မိခင် မအေးသည် သူ့ကို မွေးပြီး ခြောက်လ ရသောအခါ အနိစ္စရောက်သွားရှာသည်။ သူ၏ မိခင် အနိစ္စရောက်ကတည်းက မောင်လူအေး၏ အစ်မကြီး မခင်မေက သားရင်းကဲ့သို့ ထိန်းသိမ်း စောင့်ရှောက်လာ၏။ အပျိုကြီးများသည် တူ ကလေးများအား အသက်ပေး၍ ချစ်ကြလာသည်မှာ ဓမ္မတာပင်ဖြစ်လေ သည်။ မခင်မေနှင့် မောင်မြသိန်းတို့ မောင်လူအေးတို့အိမ်သို့ အလည် ရောက်စဉ်က မောင်မြသိန်းမှာ သုံးနှစ်သားခန့်သာ ရှိသေး၏။
အဘိုးအဘွား လက်တွင်ကြီးသော ကလေး၊ ကြီးတော်အဒေါ်လက် တွင် ကြီးသော ကလေးတို့သည် စည်းပျက်ကမ်းပျက်ဖြစ်တတ်သည်ဟု ဆိုစမှတ်ရှိလေသည်။ ဤသို့ ဆိုစမှတ်ရှိသည့်အတိုင်းလည်း ဟုတ်မှန် လှပေ၏။ မောင်မြသိန်းသည် မခင်မေ အပေါ်၌ ဆိုးချင်သလို ဆိုးလျက် နေလေတော့သည်။ နေပူထဲ ထွက်ကာ ပြေးလွှား ကစားနေသောကြောင့် မခင်မေက နေရိပ်ထဲသို့ ယူသွင်းရန် သွားချီပေမင့် လိုက်ချင်မှ လိုက်၏။ ထွက်ပြေးလို ထွက်ပြေး၊ အော်ပြီး ငိုလိုငို၊ အလွန်တေသော ကောင်ကလေးဖြစ်သည်။ ဤအခြင်းအရာကို မောင်လူအေးမြင်လျှင် မျက်စောင်း ထိုးကာ ကြည့်မိ၏။ မကျေမနပ်ဖြစ်၏။ ဤအစ်မကြီးလက်တွင် ဤက လေး ပျက်တော့မည်တကားဟု တွေးမိ၏။ တစ်ခါ တစ်ခါ ကောင်က လေးကို ငေါက်လိုက်ချင်သောစိတ် ပေါက်လာ၏။ အစ်မကြီး စိတ်ဆိုး သွားမည် စိုးသောကြောင့်သာ အသာကြည့်နေလိုက်ရလေသည်။
ညနေ ရေချိုးချိန်ကျ၍ မခင်မေက ရေချိုးပေးရန် ခေါ်သော်လည်း မရ၊ တိုင်ကို ပတ်ကာ ပြေး၏။ ဝရန်တာတွင် လျှောက်ကာ ပြေး၏။ နောက်ဆုံး သူ့ကိုဖမ်း၍ မိသွားသောအခါ ငိုလိုငို၊ မခင်မေကို ထုလိုထု၊ ရိုက်လိုရိုက်၊ ရေချိုးခန်းထဲ ရောက်သွားသောအခါလည်း သူ၏ ငိုချင်း မတိတ်၊ တစ်အိမ်လုံးဆူညံ၍ နေလေတော့သည်။ တစ်ခါ တစ်ခါ အရွဲ့ တိုက်ကာ မခင်မေကိုပင် ရေနှင့် ပက်သောကြောင့် မခင်မေမှာ တစ်ကိုယ်လုံး ရွှဲရွှဲစို ဖြစ်သွားလေ့ရှိ၏။ ဤအခြင်းအရာကိုမြင်လျှင် မောင်လူအေး ၏ စိတ်ထဲတွင် “သည်ကလေးတော့ ပျက်တော့မှာပဲ . . ပျက်တော့မှာပဲ” ဟု တွေးမိလေသည်။ အော်လိုက် ငေါက်လိုက်ချင်၏။ သို့သော် မခင်မေ စိတ်ဆိုးမည် စိုးသောကြောင့် မိမိဆန္ဒကိုသာ မျိုသိပ်ကာ ထားလိုက်ရ လေသည်။
ထမင်းစားချိန်ကျ၍ ထမင်းကျွေးသော်လည်း ကောင်းကောင်း မစား၊ ပြေးလွှား ခုန်ပေါက်ကာ နေလေ့ရှိ၏။ ထမင်းတစ်လုတ် စားလိုက်၊ ပြေးလွှား ခုန်ပေါက်လိုက်နှင့် လုပ်နေတော့၏။ မခင်မေ ခမျာမှာ ချော့ကာ မော့ကာ ကျွေးနေရှာလေသည်။ တစ်ခါ တစ်ခါလည်း တစ်လုတ် နှစ်လုတ် စားပြီးလျှင် မဝခင်ပင် တော်လိုက်၏။ မခင်မေ မည်သို့ပင် ချော့မော့ကာ ကျွေးရှာသော်လည်း မစားတော့ပြီ။
လူကြီးများ ထမင်းစားသောအခါ ကောင်ကလေးကို တစ်လုတ် ခွံ့လေသည်။ ကလေးကို ခွံ့နေရသည်နှင့်ပင် သူ ထမင်းကောင်း ကောင်း မစားရတော့ပြီ။ မောင်လူအေး မကျေနပ်၊ သည်တစ်ခါ အရဲ စွန့်၍ ပြောတော့မည်ဟု ဆုံးဖြတ်ပြီးလျှင် မောင်လူအေး ဤသို့ဆို၏။
“မမကလည်း ကလေးကို သိပ်အလိုလိုက်တာပဲ၊ အလိုလိုက်တာက တော့ ကောင်းပါရဲ့၊ ကောင်ကလေးက စည်းပျက် ကမ်းပျက်ဖြစ်နေပြီ။ ကလေးဆိုတာမျိုးဟာ သူ့အချိန်နဲ့သူ အိပ်၊ သူ့အချိန်နဲ့သူစားမှ ကောင်း တယ်။ အခုတော့ ဖြစ်ချင်သလို ဖြစ်နေတော့တာပဲ”
ဤသို့ဆိုကာ မောင်လူအေးသည် ကလေးဘက်သို့ စောင်းငဲ့၍ကြည့်လိုက်၏။ ကောင်ကလေးက ကောင်းကောင်းနားလည်လေသည်။ မျက်နှာ အတန်ပျက်သွား၏။
“သည်လိုပေါ့ကွယ်၊ ကလေးဆိုတာ တေတာမျိုးပေါ့၊ နောင်ကြီး ပြင်းလာတဲ့အခါကျတော့လည်း စည်းနဲ့ ကမ်းနဲ့ ဖြစ်လာတာမျိုးပဲ၊ အခုအရွယ်မှာ စည်းကမ်းမရှိပေမယ့် ကိစ္စမရှိပါဘူး’ ဟု မခင်မေက ပြန်၍ ပြော၏။
“ဟာ ငယ်ငယ်ကလေးထဲက စည်းကမ်း မသေရင် ကြီးလာတဲ့အခါလည်း စည်းကမ်းသေဖို့ ခဲယဉ်းတယ်”
ဤသို့ ပြောဆိုရင်းပင် ထမင်းစား၍ ပြီးကြသဖြင့် အားလုံးပင် ဧည့်ခန်းထဲသို့ ဝင်သွားကြလေသည်။ မောင်မြသိန်းကား ကျေနပ်ပုံမရ။ မခင်မေအနားမှ မခွာတော့ပြီ။ မောင်လူအေးအား အတော်ချဉ်သွားပုံ ရလေသည်။ မောင်လူအေးသည် အမှုမဲ့ အမှတ်မဲ့ နေလိုက်၏။
နောက်တစ်နေ့ ထမင်းစားပွဲတွင် လူကြီးများ ထိုင်ကြသောအခါ မောင်မြသိန်း ပေါက်လာပြန်၏။ သို့သော် ယခင်ကဲ့သို့ ဟိုဟာစားမယ်၊ သည်ဟာစားမယ် မဆိုတော့ပြီ။ မခင်မေ အနားတွင် အသာကပ်ထိုင် နေပြီးလျှင် “ဟောဟိုဟာ ဘာလဲ မမကြီး၊ ဟောသည်ဟာ ဘာလဲမမကြီး” ဟု ဟင်းများကို လက်ညှိုးထိုးကာ ပြလျက်နေ၏။ မခင်မေကား ကျွေးချင်လှပြီ။ မောင်လူအေး ကဲ့ရဲ့မည် စိုးသောကြောင့်သာ မတုန်မလှုပ် နေလိုက်လေသည်။ မောင်လူအေး အလစ်တွင် ဟင်းများ၊ အကြော်များ ကို ကောင်ကလေး ပါးစပ်ထဲသို့ ထည့်လိုက်လေ့ရှိ၏။ မောင်လူအေးကား အကြောင်းကို ရိပ်မိသဖြင့် ထမင်းကို မြန်မြန်စားပြီးလျှင် မခင်မေနှင့် မခင်သန်းမြင့်တို့ကို မစောင့်ဘဲ ဧည့်ခန်းထဲသို့ ထွက်သွားလေသည်။ ဤအခါကျမှ မောင်မြသိန်းနှင့် မခင်မေတို့ ထင်သလို ကျဲနေကြလေ တော့သတည်း။
ထိုအခါ မောင်လူအေးတွင် သားသမီးတစ်ယောက်မျှ မရှိသေး။
ယခုအခါတွင်မူကား မောင်လူအေး၏ သားဦးကလေး မောင်လူမွှေးမှာ အသက်တစ်နှစ်နှင့် ခြောက်လရှိလေပြီ။ ပြေးတတ်၊ လွှားတတ်၊ အော်တတ်၊ ဟစ်တတ်၊ ခုန်တတ်၊ ပေါက်တတ်၊ ချစ်စရာကောင်းတုန်း အရွယ် ဖြစ်၏။ စကားကိုကား မပြောတတ်သေးပေ။
နံနက်မိုးလင်း ကာဖီသောက်ပြီးလျှင် အိမ်ရှေ့ စာရေးစားပွဲတွင် မိမိ၏ ရုံးအလုပ်များကို လုပ်အံ့ဟု မောင်လူအေး ထိုင်နေသည်ကိုမြင်လျှင် အိမ်အောက် ပန်းခြံထဲသို့ ဆင်းရန် အတင်း ပူဆာတော့၏။ လှေကားဘက်သို့ လက်ညှိုးထိုးကာ “အင်း အင်း” ဟုဆိုလျက် မောင်လူအေးအား ဆွဲခေါ်တော့၏။ သူ ဤသို့ ဆွဲခေါ်ပါလျက် မလိုက်နာနေခဲ့ သော် ခြေကိုဆောင့်ကာ အော်ဟစ်ကာ ငိုလေတော့၏။ မောင်လူအေး မနေနိုင်တော့ပြီ။ ရုံးအလုပ်များကို အသာခေါက်ထားခဲ့ပြီးလျှင် သားက လေးကို ချီကာ ပန်းခြံထဲသို့ ဆင်းရလေတော့၏။
ပန်းခြံထဲသို့ ရောက်သော် လက်ပေါ်တွင် ငြိမ်ငြိမ်မနေ၊ လက်ပေါ် မှ အတင်းလျှောဆင်းပြီးလျှင် ပြေးလွှား ခုန်ပေါက်၍ ကစား၏။ သဲများ ကို ကျုံး၍ ပက်ကစား၏။ ကျောက်စရစ်ခဲများကို ကောက်ကာ ပေါက်ကာ ကစား၏။ ပန်းပင်ကြို ပန်းပင်ကြားထဲ ပြေးလွှားဝင်ကစား၏။ ဂဏန်း တွင်း၊ ခရုတွင်းကလေးများကို နှိုက်၍ကြည့်၏။ တမာပင်များမှ ကြွေကျ သော တမာသီး၊ ညောင်ပင်မှ ကြွေကျသော ညောင်သီးများကို ကောက်၍ စား၏။ မောင်လူအေးမှာ သားကလေးနောက်က ကောက်ကောက်ပါအောင် လိုက်နေရလေတော့သည်။
မပြောရက် မဆိုရက် မအော်ရက် မငေါက်ရက်၊ ရိုက်ရန်ကား ဝေးလှလေသည်။ ပန်းခြံထဲတွင် ပြေးလွှား၍ အတန်ကြာမှ အိပ်ပေါ်သို့ ပြန် ၍တက်လေသည်။ မောင်လူအေး မအား၍ အထိန်းနှင့်ဆင်းလည်း ဆို ၍မရ။
အိမ်ပေါ်သို့ ရောက်ပြန်ကလည်း စားစရာများ ထည့်ထားသော ဗီရိုကိုသာလျှင် လက်ညှိုးထိုး၍ “အင်းအင်း – အဲအဲ’ ဆိုကာ အဖွင့်ခိုင်း တော့၏။ သားငယ်အလိုကို မငြင်းပယ်ရက်၊ မငြင်းပယ်နိုင်သောကြောင့် ဗီရိုကိုဖွင့်ပြီးလျှင် ထန်းလျက်၊ ဆီးသီး၊ ချောကလက်၊ သကြားလုံး ကြိုက်ရာကိုယူ၍ပေး၏။ မောင်လူမွှေးက ယူပေမင့် လူကြီးက ကြိုက်ရာကို မယူ၊ မိမိကြိုက်ရာကိုမှ ကျေနပ်လေသည်။ သို့မဟုတ်လျှင် ငိုလေ၏။ သူနှင့် သင့်သောအစာကို ပေးမိလျှင် တော်ပါသေး၏။ သူနှင့်မတည့်သော အစာကို ယူပေးမိပြန်လျှင် ခင်သန်းမြင့်က ဆူသောကြောင့်တစ်ခက်။
မောင်လူအေး အောက်ထပ်သို့ ထမင်းစား ဆင်းသောအခါများ တွင်လည်း မကြာ မကြာ ငိုလိုက်၏။ ခင်သန်းမြင့်တို့ ကလေးထိန်းလက်တွင် ထားခဲ့သော်လည်း မောင်လူအေးကမူကား အောက်ထပ်သို့ ခေါ် ဆင်းခဲ့လေ့ရှိသည်။ ထမင်းစားပွဲ နားတွင် ကုလားထိုင်တစ်လုံးနှင့် နေရာ ချထား၏။ ကောင်ကလေးက မိမိထိုင်နေရာမှနေ၍ မြင်ရာဟင်းများကို လက်ညှိုးထိုးကာ “အင်း အင်း အင်း’ နှင့်တောင်း၏။ တောင်း၍ မပေးလျှင် ငိုလေတော့သည်။ မောင်လူအေး သည်းမခံနိုင်၊ အာလူးကြော် ပဲသီး စသည်တို့ကို ကျွေးလေ၏။ သားကလေးနှင့် သင့်သောအစာကို ကျွေးမိလျှင် တော်၏။ မသင့်သော အစာကို ကျွေးမိသည်ဖြစ်အံ့၊ မောင်လူအေးအား ဝိုင်း၍ ဆူကြလေသည်။ “ကလေးကို မသင့်တဲ့အစာတွေကို ကျွေး၊ တော်တော်ကြာ တစ်ခုခုဖြစ်ရင် ပူရဦးမယ်၊ တယ်ခက်တာကိုး” ဟု ခင်သန်းမြင့်က ဆို၏။ “ဟာ ဖြစ်တော့ ဆေးကျွေးတာပေါ့၊ သူ စားချင်တာ စားပါစေဗျာ’ ဟု မောင်လူအေးက ဖြေ၏။ ညနေခင်း ဦးမိုးနက်တို့၊ ကိုချစ်တင်တို့ အလည်အပတ်ရောက်လာ ၍ သံပုရာရည်၊ လိမ္မော်ရည်များကို တိုက်သောအခါ မောင်လူမွှေး ပေါက်လာပြန်ပြီ။ ဧည့်သည်များထံမှ အခွန်ကောက်ကာ ဖျော်ရည် များကို သောက်၏။ ဧည့်သည်များပင် ကောင်းကောင်းမသောက်ရ။ သူသောက်သည်နှင့်ပင် ကုန်လေတော့၏။ မောင်လူအေးလည်း တားဆီးခြင်းကို မပြု၊ ကြည့်၍သာ နေလေသည်။ ဤအခြင်းအရာကို မြင်လျှင် ခင်သန်း မြင့်က မကျေနပ်။
“သည်ကလေးဟာ သူ့အဖေ ဖျက်တာနှင့် စည်းပျက်ကမ်းပျက်ဖြစ် နေပြီ” ဟု ညည်း၏။
“ကလေးဆိုတာ ဘာသိတာမှတ်လို့၊ ကြီးလာတော့ စည်းသေကမ်းသေ ဖြစ်လာမှာပေါ့၊ အခုကတည်းက စည်းတွေ ကမ်းတွေကို ပေးနေစရာမလိုပါဘူးဗျာ” ဟု မောင်လူအေးက သားကလေးဘက်က ထောက်ခံ ပြောဆိုလေသည်။
“ငယ်ငယ်ကတည်းက စည်းမသေလာတဲ့ ကလေးဟာ ကြီးပြင်းလာရင် ဘယ်တော့မှ စည်းသေမှာ မဟုတ်ဘူးမှတ်ပါ”
“ငယ်ငယ်က စည်းသေလာပေမယ့် ကြီးလာရင် မေ့ကုန်တာပဲ”
“အခုမှ သည်စကားမျိုးကို ပြောတယ်၊ အရင်မခင်မေနှင့် မောင်မြသိန်းတို့ အလည်လာတုန်းကတော့ ကလေးဟာ စည်းကမ်းသေမှလေး ဘာလေးနဲ့ ပြောတယ် မဟုတ်ဘူးလား၊ အခု မေ့ကုန်ပြီပေါ့လေ”
“ဘယ်မေ့မတုံး၊ ဟိုအခါတုန်းကတော့ ကိုယ့်မှ သားသမီးမရှိသေးဘဲ သားသမီးအကြောင်း မသိသေးဘူးပေါ့၊ သည်တော့ သူတကာ သား သမီးကို ကဲ့ရဲ့တတ်တာပေါ့ ”
“အင်း ကောင်းတယ်၊ အခုမှ ကောင်းကောင်း ဝဋ်လည်တော့တာပဲ သည်သားအဖ ဖြစ်ပျက်နေပုံကို လာကြည့်ကြပါဦး လို့ မခင်မေဆီကို တစ်နေ့ စာရေးလိုက်မယ်၊ မှတ်ကရော”
‘သဘောပါပဲ” ဆိုကာ မောင်လူမွှေးကို ပွေ့ချီပြီး နမ်းရှုပ်လိုက်လေ သတည်း”
ဥပဒေသ။ ။ သားသမီး မရှိသေးသော သူသည် သူတကာ၏ သား သမီးတို့အား ကဲ့ရဲ့ ရှုတ်ချခြင်းကို မပြုရာ၊ ဝဋ်လည်တတ်သည်။
ဒဂုန်၊ တွဲ-၁၉၊ မှတ်-၂၂၈၊ (ဩဂုတ်လ၊ ၁၉၃၉)
တော်ဝင်မြို့မစာအုပ်တိုက်
ချစ်ခြင်းများစွာဖြင့်