ခင်မောင်အေး(မန္တလေး)
ဝိုင်းစိန်မရဲ့ ပိတောက်လမ်း (အပိုင်း ၁)
မြင်ကွင်းက မကြည့်ဝံ့ မရှုရဲစရာ။ အနိဋ္ဌာရုံမြင်ကွင်း။ တော်ရုံတန်ရုံ စိတ်ထားမျိုးနှင့်များဖြင့် ရဲရဲပင် ကြည့်ဝံ့ဖို့ မဆိုထားဘိ၊ ကြားရုံမျှနှင့် နှလုံးလေရိုက် မိုက်ကနဲ ဖြစ်သွားချိမ့်မည် မုချ။
စိတ်မခိုင်သူတို့မူ “ဟင်” ကနဲ “ဟာ” ကနဲ အာမေဍိတ်သံ ညည်း၍ “ဟီး” ကနဲ “ဟင်း” ကနဲ ပင့်သက်လုံးကြီးများ ချလိုက်မိကြသည်ချည်းပင်။
သွေးညှီနံ့များသည်လည်း ဝန်းကျင်တခွင်တွင် ပျံ့နှံ့ လျက်ရှိနေသည်။ လေတိုက်သည့်အခိုက် ရှူရှိုက်လိုက်ရသည့် သည်သွေးညှီနံ့သည် ရင်တွင်းမှ ပျို့၍ အာခံတွင်းမှ လေအချို့ကို ထွက်လာလုမတတ် ခံစားရသည်။
ဝါးရုံ ကိုင်းဖျားများ အချင်းချင်း ဖြိုးဖြိုးဖြောင်းဖြောင်း ထိခတ်လှုပ်ရှားလျက် ရှိသည်က ပရိသတ်၏ စိတ်ဓာတ်ကို ချောက်ချားသွားစေသည်။
မင်္ဂလာမရှိသော မြင်ကွင်း။ မသဒီစရာဖြစ်ရပ် ဖြစ်စေကာမူ သည်မြင်ကွင်း သည်ဖြစ်ရပ်ကို ရှု့မြင်နေရသည့်သူများ၏ ရင်တွင်းမှာ နှလုံးတလှိုက်လှဲလှဲ ကြေကွဲဝမ်းနည်းနေကြရသည်ကတော့ အမှန်ပင် ဖြစ်ပါချေသည်။
နက်ရှိုင်းသော ဟေဝန်စုံမြိုင်အလယ်မှာ ကူကယ် သူကင်းဝေး အန္တရာယ်ဘေးနှင့် ရင်ဆိုင်ကြုံတွေ့လျက် အသက်ဆုံးခဲ့ရရှာသော ဝိုင်းစိန်မ။
နန်းအိုင် ရွာသူရွာသားတိုင်း ဝိုင်းစိန်မကို မုန်းကြသူ မရှိ။ မိခင်မုဆိုးမကြီး ရီးစံမယ်အပေါ် ထားရှိကြသော ကရုဏာထက် ဝိုင်းစိန်မအပေါ် ထားရှိကြသော အကြင်နာ မေတ္တာတို့က ပိုသည်ဟု ဆိုင်နိုင်ပါသည်။
ဆယ့်သုံးနှစ်သမီးငယ် အကလေးသာသာအရွယ်ဖြစ်ပေမယ့် ဝိုင်းစိန်မ က ချက်ချက်ချာချာရှိသည်။ သွက်သည်။ ပီယဝါစာစကား ဆိုတတ်သည်။
ကြီးငယ်ရွယ်လတ်မဟူ ကူညီသည်။
“အဘ ဝိုင်းစိန်မ ဘာလုပ်ပေးရမလဲဟင်… အဘ တောင်းကြီးက လေးနေပြီ။ ပေး အဘ … ဝိုင်းစိန်မသယ်ခဲ့မယ်လေ””
“ဟင်-မောင်လေး ကြည့်စမ်း၊ မိုးရွာထဲမှာ ကျောင်း ကပြန်လာတာ အဆောင်းလဲမပါဘူးကွယ်။ ရော့ … ရော့ မဝိုင်း ခမောက်ဆောင်းထား”
ဝိုင်းစိန်မက သည်သို့ ကူညီတက်သည်။ မိခင်မုဆိုးမ ကြီး ရီးစံမယ်၏ အခါမလပ် သွန်သင်မှုကို ထာဝစဉ် နာယူသည်။ အိမ်မှုကိစ္စ ဝေယျာဝစ္စ အဝဝကို မနားမနေ လုပ်ကိုင်သည်။
ဝိုင်းစိန်မတို့ သားအမိမှာ နွားတရှဉ်း၊ လှည်းတစီး ရှိသည်။ ကွယ်လွန်သူ ဦးဘိုးထိုက်က သင်းတို့သားအမိအတွက် ထားရှိရစ်သည့် တခုတည်းသော အမွေ။
သည်နွားနှစ်ကောင် လှည်းတစီးဖြင့် ဝိုင်းစိန်မက သင်းတို့သားအမိ စားဝတ်နေရေးကို ဖြေရှင်းရုန်းကန် ရသည်။
ဦးဘိုးထိုက် ကွယ်လွန်ချိန်မှာ ဝိုင်းစိန်မ ဆယ်နှစ် သမီး။ ရီးစံမယ်က ပရိဒေဝမီးတောက်လောင်နေရ စေကာမူ သားအမိ၏ဘဝရပ်တည်ရေးအတွက် ရှာရဖွေရသည်။
ဦးဘိုးထိုက်ရှိစဉ်က တောတက်၍ ဝါးခုတ်၊ ထင်းခုတ်သည်။
ရီးစံမယ်တို့ သားအမိကတော့ သည်မျှ ပင်ပင်ပန်းပန်းလုပ်ရသည့် လုပ်ငန်းမျိုးကို မလုပ်နိုင်ပါ။ ဂဝံ ကျောက်များကို ကားလမ်းဘေးအရောက် တိုက်ပို့ပေးရသည့် လုပ်ငန်းမျိုးလောက်သာ လုပ်နိုင်သည်။
သားအမိနှစ်ယောက် ပင်ပန်းတကြီး ရှိလှသည်။
ရီးစံမယ် က နဂိုကပင် ခပ်ယဲ့ယဲ့။ ကျန်းမာရေးက သိပ်မကောင်းလှ။ အာဟာရဓာတ်လိုမျိုး အားပြည့်ဝစေသော ကလိုရီဆိုတာမျိုး သည်သားအမိမှာ မရှိရှာပါ။
ရွှေဘိုခွန်နီလို ဆန်မျိုးကိုချက်လျှင် ထမင်း အေးက မာနေသော ထမင်းမျိုးနှင့် ငါးပိရေကျဲကျဲမျှသာ စားနိုင်ကြသည့် သားအမိ။
ကာယစိတ္တနှစ်ပါးစလုံး မချမ်းမြေ့ မကြည်လင်နိုင်ကြပါ။
မည်သို့ပင်ရှိပေစေ၊ ရီးစံမယ်က စိတ်ထားအရာမှာတော့ ကြံ့ခိုင်သည်။ ပြင်းထန်သည်။ ကြမ်းတမ်းခက်မာသော သည်ဘဝ ဆိုသည်မျိုးကို ခိုင်ကြည်ရဲဝံ့သော စိတ်ဓာတ်ဖြင့် ခုခံအံတုသည်။
သည်သို့သော ရီးစံမယ်၏ အားကျအတုယူဖွယ်ရာ လောင်းရိပ်အောက်မှာ ကြီးပြင်းလာခဲ့ရသည့် ကလေးမ ဝိုင်းစိန်မ။
“အမေရယ်၊ ဝိုင်းစိန်မလေ ငယ်သေးလို့ သိလား။ ကြီးများ ကြီးယင်-အားရှိယင် အဘလိုတောတက်၊ ဝါးတိုက်၊ ထင်းခုတ်လိုက်ရလို့များကတော့ အမေရယ်- ဝိုင်းစိန်တို့အိမ်လေး မဓမတိုင်တွေလဲ၊ သက်ငယ်မိုးတွေပြင်၊ အို အခါလွန်ယင်ဖြင့် အိမ်လေး….. အိုးလေး သစ်သစ်လွင်လွင်။ ဟီး-ဟီး ဝိုင်းစိန်လဲ ပါတိတ်တွေ ဘာတွေ ဝယ်ကြည့်ချင်ပါသေးတယ် အမေရယ်”
“ဆရာတော် ဘုရား…. ရီးစံမယ် သားအမိ ဆွမ်း ဘုရား… ရီးစံမယ် ဟင်းလာကပ်ပါတယ် ဘုရာ့၊ ဆရာတော်ဘုရားအတွက် ပိန္နဲသီးချဉ်ရေဟင်း ဘုရာ့၊ ဖျာပုံပုစွန်ခြောက်နဲ့ အာပဲ့ခြောက်စွက်ပြီး အစပ်တဲ့အောင် ကြိုးစားထားပါတယ်။ ဘဘဘုန်း ခံတွင်းပျက်နေဘယ်ဆိုလို့ ရီးစံမယ်သားအမိ လာ ကပ်တာပါဘုရား”
သို့ကလို ရွာဦးကျောင်း ဆရာတော် ဦးတေဇနိယသို့ တိုင် ဝိုင်းစိန်မတို့ သားအမိ၏ စေတနာ ရောင်ပြန်ရိပ် ရိုက်ခတ်ခဲ့ရသည်က အမှန်ပါ။
နုန်းအိုင်ရွာမှ ရီးစံမယ်နှင့် ဖတဆိုးသမီးကလေး ဝိုင်းစိန်မ ..သို့မဟုတ် မဝိုင်းစိန်၊ အညာမတော့ မဝိုင်းစိန်ကို ပြောင်းပြန် ဝိုင်းစိန်မလို့ပဲ…။
ယခုမတော့ ဝိုင်းစိန်မခမျာ အနိဋ္ဌာရုံ မသဒီစရာ ဖြစ်ရရှာပါပြီ။
တန်ခူးလ။
မှန်ပါသည်။ အတာကူးသည့် တန်ခူးလ။ သည်လ၊ သည်သမယ၊ သည်အခါမှာပါ။
(တစ်)
စိတ်မချမ်းမြေ့ဖွယ် သည်မြင်ကွင်းကို ဝိုင်းအုံ ကြည့်ရှု့နေမိကြသော ပုဂ္ဂိုလ်များ၊ နုန်းအိုင်ကျေးရွာသူ ကျေးရွာသားများ၊ ရှေ့တူရူမှာ မြင်တွေ့နေရသည့် မြင်ကွင်းသည် ရင်ထဲ နှလုံးသားထဲမှာ လှိုက်လှဲကြေကွဲ ဝမ်းပန်းတနည်း ဖြစ်နေအောင် နှိပ်စက်ကလူ ပြုနေသည်ကတော့ စင်စစ် ဧကန်အမှန်ပင် ဖြစ်ပါသည်။
နုန်းအိုင်ရွာ၏ သမီးကလေး ဝိုင်းစိန်မခမျာ အသက် ဝိညာဉ် ကင်းမဲ့နေချေပြီ။ ခါးအောက်ပိုင်းတခုလုံး ပုံသဏ္ဌာန် ပီပြင်မှု မရှိပြီ။ နုတ်နုတ်စဉ်းထားသည့် အသားတစ်များပမာ ရှိနေသည်။ သွေးများက မြင်မကောင်း၊ ရှု့မကောင်း ရွှဲရွှဲစိုနေသည်။
ဝိုင်းစိန်မရယ်လို့ အမှတ်သညာ ပြုစရာက သနားကြင်နာဖွယ်ရာ ကလေးမ၏ မျက်နှာဝိုင်းဝိုင်းကလေး။
အသက်ထင်ရှား ရှိနေစဉ်တုန်းကကဲ့သို့ပင် မျက်လုံး ပြူးပြူးလေး။ နှုတ်ခမ်းကလေးအစုံက မဟတဟနှင့်။ ဟို…. ယခင် ရှေးက အတိုင်းပါပဲ။
“ဝိုင်းစိန်မ ဘာများ လုပ်ပေးရပါ့မလဲ ဦးကြီးရယ်”
လိုများ ဆိုလိုက်တော့ မယောင်ပင်။
သို့တစေ… ယခုမှာတော့ ဝိုင်းစိန်မ သေရှာပါပြီ။
လေညှင်းက တသင်းသင်း တိုက်ခတ်လာနေသည်။ သစ်ခက် သစ်ရွက်များကို ပွတ်သပ်တိုးဝှေ့လာသော လေညှင်းကို ဟီးလေးခို၍ သင်းပျံသောရနံ့က ဝိုက် ဝဲပျံကာ ပါလာသည်။ သင်းသင်းလေး မွှေးရနံ့ ထုံ လျက်ရှိသည်။ ရနံ့ကား ပိတောက်ပန်း ရနံ။
တပေါင်းကုန် နွေအကူး အတာကျူးတော့မည့်သမယ၊ လတန်ခူး ပေကိုး။
ဝိုင်းစိန်မ၏ အသုဘမှာ ပိတောက်ကလည်း သူ့ဆင်း ရနံ့မွှေးဖြင့် အလေးဂရုပြုပေးလိုက်လေသည်လား မဆိုနိုင်ပါ။
“သမီးလေးရယ် … အမေ ဘယ်လိုဖြေရပါ့မလဲကွယ်။ မင်း ချစ်လှပါတယ်ဆိုတဲ့ နုန်းအိုင်က လူတွေကို မင်းထပြီး ကူညီပါအုံးလား ကလေးရယ်…”
ရီးစံမယ်က ဆို့ဆို့နင့်နင့်ပင် ငိုညည်းလိုက်ရှာသည်။
ရီးစံမယ်သည် စိတ်ဓာတ်ကြံ့ခိုင်မာကျောသော အမျိုးသမီးကြီး ဖြစ်သည်။ ခင်ပွန်း ဦးဘိုးထိုက် ဆုံးစဉ်တုန်းကလည်း အံကြိတ်၍ ခံသည်။ ရင်ထဲတွင် သောက ဗျာပါဒများ အပြည့်အသိပ် ရှိနေသည့်တိုင် မျက်ရည်ပေါက်ပေါက်သာ ကျ၍ အော်ကြီးဟစ်ကျယ် အသံထွက်၍ မငို။
ရင်က ဖားဖိုသဖွယ် လှုပ်ရှားယိမ်းထိုးလျက်၊ အတွင်း က ခြိမ့်သည်းဝမ်းနည်းနေရသည့်တိုင် အံ့ကို တင်းတင်းကြိတ်၍ သောကကို လူတကာမသိရအောင် သိုဝှက်ခဲ့သည့် အမျိုးသမီးကြီး။
ယခုတော့ တဦးတည်းသော သမီးလေး ဝိုင်းစိန်မကပါ ရီးစံမယ်ကို လောကအလယ်မှာ တကိုယ်တည်း အထီးကျန် ထားရစ်ခဲ့ရှာပြီလေ။
နုန်းအိုင် တရွာလုံး ဝိုင်းစိန်မကို သည်သို့သော အဖြစ် ဆိုးမျိုးနှင့် တိုးအောင် ဖန်တီးပေးလိုက်သည့် တရားခံအား နုတ်နုတ်စဉ်း၍ မှုန့်မှုန့်ညက်ညက် ချေပစ်လိုက်ချင်နေကြသည်။ နာကျည်းကြေကွဲ ဝမ်းပန်းတနည်း ဖြစ်နေကြသည်။
သို့တစေ ဖြစ်ရပ်ကတော့ လွန်ခဲ့ပေပြီ။ ဝိုင်းစိန်မ၏ နိဂုံးက သူတို့တတွေ၏ ရှေ့မှောက်မှာ လက်တွေ့ မျက်မြင် ထင်ထင်ရှားရှား တွေ့နေရပြီ။ သွေးရဲရဲ သံရဲရဲ။ အဝတ်အစားများ အစိတ်စိတ်အမွှာမွှာ စုတ်ပြဲလျက် ခန္ဓာကိုယ်အောက်ပိုင်းတခုလုံး မရှိရှာတော့လောက်အောင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေရရှာပါပြီ။
သည်သို့ သည်နှယ် ကြေကွဲနာကျည်းဖွယ် ဖြစ်ရပ်ကို ဖန်တီးခဲ့သူ လက်သည်တရားခံကမူ ဂန္ဓမာရွာမှ အစပြု၍ လူသားကို စားသုံးဝါးမျိုလာခဲ့သော ဂန္ဓမာ လူသားစား ကျား။
(နှစ်)
မုန့်ထည့် ပန်းကန်အကြီးစားတချပ်မက ကြီးမားလှ သော သည်ခြေရာများကို မြင်လိုက်ရသည်နှင့် ဟင်းမျိုးကြီး၏ ပမာဏကို ခန့်မှန်းနိုင်ခဲ့မိပါသည်။ သည် နေရာတဝိုက်မှာ ထယ်ထိုးထားသည့်နှယ် ဟင်းမျိုး၏ ခြေရာများက ဗလအနှံ့ ကြဲပြန့်လျက်ရှိသည်။
ဒရွတ်ကြောင်းများကလည်း သားကောင်ကို တောက်လျှောက် ဆွဲလာခဲ့သည့် ပုံသဏ္ဌာန်ကို ဖော်ညွှန်းလျက် ရှိသည်။
သားကောင်က ရုန်းကန်၍ ဟင်းမျိုးက ဆွဲခါလိုက်သည့်အခါ သွေးစက်များက အနီးအနားတဝိုက်မှာ ဖျန်းပက်ထားသလို ရှိနေသည်။
ထမ်းပိုးကျည်းများ ကျိုးပဲ့လျက်ရှိသည့် လှည်းက မလှမ်းမကမ်းမှာ မြေပြင်သို့ခေါင်းငိုက်လျက်ရှိသည်။ ပေါက်ကျော်နှင့် ညိုကြီးတို့ နွားတစုံက ဘယ်ဆီဘယ်ကမ်း ဘယ်စခန်းသို့ ရောက်ရှိနေလေပြီ မဆိုနိုင်။
ထမ်းပိုးကျည်းများ ကျိုးပဲ့အောင် နဖါးကြိုးများ ပြတ်အောင် ရုန်းကန် ပြေးထွက်သွားကြရသည့် နွားကရှဉ်းကို အချိန်တော်တော်ယူ၍ ရှာရဖွေရချိမ့်ဦးမည်။
ဖြစ်ရပ်ဖြစ်စဉ်ကို လေ့လာသုံးသပ် ယူမှတ်ရသည်မှာဟင်းမျိုးက သားကောင်ကို လှည်းပေါ်မှ ကိုက်ချီဆွဲယူသွားဟန် တူသည်။ ဟင်းမျိုး၏အနံ့ကို ရရုံမျှနှင့် ပေါက်ကျော်နှင့် ညိုကြီးတို့နှစ်ကောင်သား လှည်းကို ဆွဲမိဆွဲရာ အပြေးအလွှား တအားရုန်းကန် ဆွဲပြေးသွားကြပုံ ရသည်။
နွားနှစ်ကောင်ကို အတင်းဆွဲလျက် လှည်းကိုထိန်းယင်း ကြောက်အားလန့်အား လိုက်ပါခဲ့ရရှာသော ဝိုင်းစိန်မကို ကျားက လှည်းထက်သို့ ခုန်တက် ကိုက်ဆွဲလိုက်ဟန် တူသည်။
ကြီးမားအားကောင်းသော ဟင်းမျိုးကြီး လှည်းပေါ် အရောက်မှာ နွားနှစ်ကောင် မတ်မတ်ရပ်၍ တောင့်ခံနိုင်တော့ပုံ မရ။ လှည်းဦးစိုက်၍ နွားတစုံလုံး မြေသို့လဲသွားပြီးနောက် နဖားကြိုးပြတ်အောင် ရုန်းကန် လျက် အန္တရာယ်မှ ကင်းဝေးရာသို့ အတင်းပြေးကြရ ခြင်းဖြစ်ပေမည်။ လှည်းဦးက မြေပေါ်တွင် အတော် နက်နက် စူးဝင်နေပြီး ထမ်းပိုးကျည်းများလည်း ကျိုးပဲ့လျက် ရှိခြင်းက သက်သေပြသည်။
ဝိုင်းစိန်မခမျာ အသက်ဘယ်သို့ ထွက်သွားလိုက်ရသည်ကိုပင် သိလိုက်ပုံမရနိုင်ပါ။ ကြောက်မက်ဖွယ် ဟင်းမျိုးကြီး၏ ရှေ့လက်တဘက်ဖြင့် ပုတ်လိုက်ရုံမျှနှင့် လူ့လောကမှ ထာဝရထွက်ခွာသွားရမည်က ဧကန်အမှန်ပင် ဖြစ်ချေသည်။ ဟင်းမျိုးက ဝိုင်းစိန်မ၏ ခန္ဓာကိုယ်တခြမ်းကို အစာအဖြစ် စားသုံးသွားခဲ့လေသည်။
ဝိုင်းစိန်မ၏ ရုပ်အလောင်းကို သည်အတိုင်းထား၍ ဟင်းမျိုးကျားအား စောင့်ဆိုင်းသုတ်သင်ရန် အဆိုပြုချက်ကို ရီးစံမယ်က လုံးလုံးကြီး ငြင်းဆိုသည်။
ဖတဆိုး သမီးကလေး။ တဦးတည်းသာ ရှိသော ရင်သွေးကလေး၏ နောက်ဆုံးနိဂုံးကို အလှပဆုံး ဖန်တီး ဖုတ်ကြည်း သင်္ဂြိုဟ်ပါရစေတော့ဟု မချိတင်ကဲ ဝမ်းပန်းတနည်း တောင်းဆိုလာသည်။
နုန်းအိုင်ရွာလူကြီးများကလည်း ရီးစံမယ်၏ အလို ဆန္ဒကို ငြင်းဆိုလိုခြင်း မရှိကြပါ။ ကျားဆိုးကို သုတ် သင်လိုသည့် ပြင်းပြသော ဒေါသများကို ရီးစံမယ်၏ ပရိဒေဝ သောကဗျာပါဒများက အနိုင်ယူသွားခဲ့ပါပြီ။
သည်သို့နှင့် ဝိုင်းစိန်မ၏ ကြွင်းကျန်ရစ်သော ရုပ် အလောင်းကို ရွာသို့ ပြန်သယ်ယူ၍ ရီးစံမယ်၏ အလိုဆန္ဒအတိုင်း သိုက်သိုက်ဝန်းဝန်း စည်စည်ကားကား သင်္ဂြိုဟ်ပေးလိုက်ကြသည်။ ရီးစံမယ်၏ လှည်းကို ပြန်လည်ယူဆောင်လာပြီး ဝိုင်းဝန်းပြုပြင်ပေးကြသည်။
ခြေဦးတည့်ရာ ထွက်ပြေးခဲ့သော နွားနှစ်ကောင်ကိုလည်း နွားကျောင်းသားများ ရှာဖွေတွေ့ရှိ ဖမ်းယူလာကာ ရီးစံမယ်တို့ အိမ်တိုင်ယာရောက် လာရောက်ပို့ဆောင်ပေးကြသည်။
ဝိုင်းစိန်မအတွက် သက်ပျောက်ဆွမ်းကိုလည်း ရွာဦး ကျောင်း ဆရာတော်ဘုရားထံ ကပ်လျက်လည်းကောင်း၊ ရီးစံမယ်၏ အိမ်အိုကလေးကိုလည်း နုန်းအိုင်တရွာလုံး တယောက်တလက် တတပ်တအားဖြင့် မဓမတိုင်များ လဲ၊ သက်ငယ်သစ်များ မိုး၊ ထရံသစ်များ ကာပြီး ပြင်ဆင်ပေးခြင်းဖြင့်လည်းကောင်း တရွာလုံး ဝိုင်းဝန်းပံ့ပိုး ကူညီခဲ့ကြသည်။
ရီးစံမယ်လို အမေအိုကြီးအတွက် လက်ကတုံးတောင်ဝှေး လဲခဲ့ရပြီဖြစ်ရကား ဘဝခရီးတလျှောက် အထီးကျန် ရုန်းကန်လျက် စားဝတ်နေရေးတည်းဟူသည့် ကိစ္စရပ်ကြီး ပြေလည်ရာ ပြေလည်ကြောင်း လုပ်ကိုင်ပြီးမြောက်ရန်မှာ မလွယ်ကူလှပါ။
သို့တစေ နုန်းအိုင် ရွာသူရွာသားတို့၏ မေတ္တာ စေတနာဖြင့် တယောက်က စေတနာ၊ တယောက်က မေတ္တာဖြင့် ဝိုင်းဝန်းပံ့ပိုး ကူညီခဲ့ကြသည့် အခါမူ။
ရီးစံမယ်အတွက် အိုကံကောင်းပြီ။ သားအမိနှစ် ယောက် တသက်လုံး ကုန်းရှာသည့်တိုင် သည်မျှသော ငွေကြေး ရနိုင်ကောင်းအံ့မထင်။
ငွေသား တစ်ထောင့်ငါးရာကို နုန်းအိုင်သားတို့က ရီးစံမယ်အတွက် စုဆောင်းကောက်ခံ ထောက်ပံ့ခဲ့ကြသည်။ ချစ်စဖွယ် သမီးငယ်လေး ဝိုင်းစိန်မ၏ ကုသိုလ်လို့ပဲ ဆိုကြပါတော့။ ရီးစံမယ် အိုကံကောင်းပါပြီလေ။
(သုံး)
နုန်းအိုင်ရွာလူကြီး ဦးအောင်ဒင်၏ ဝိုင်းထဲမှာ လူကတော်တော်စုံနေပြီ။ တက်ကြွလျက်ရှိသော ရွာသားများ လူစုံတက်စုံနီးပါးလောက် ရှိနေကြပြီ။
သည်အထဲမှာ မုဆိုးက ဧည့်သည်။
သူတို့တတွေ ဆွေးနွေးကြသည့် အကြောင်းရင်းက ဂန္ဓမာကျားကို မည်သို့မည်ပုံ သုတ်သင်ကြမည် ဆိုသည့် ကိစ္စပဲ ဖြစ်ပါသည်။
ဂန္ဓမာလူသားစားကျားသည် စင်စစ်မူလ ဟိုလွန်လေပြီးသော နှစ်နှစ်ကျော်ကာလက ကျွဲ၊ နွား တိရစ္ဆာန်တို့ကိုသာ အစာအဖြစ် ဖမ်းယူစားသောက်ခဲ့သည့် ကျားတကောင်ဖြစ်သည်။
သင်းသောင်းကျန်းလွန်း၍ ဂန္ဓမာရွာနှင့် အနီးတဝိုက်မှ ရွာသူရွာသား အတော်များများမှာ ကျွဲ နွား တိရစ္ဆာန်တို့ အဆုံးအရှုံး များလာကြသည်။ သည်အခါ ကျွဲနွားများကို တောသို့လွှတ်၍ ကျောင်းခြင်းမပြုတော့။ ရွာအနီးအပါးတွင်သာ လွှတ်၍ အစောင့်နှင့် ကျောင်းကြသည်။ ရွာစွန်တွင် နွာခြံကြီးတခု ဆောက်၍ ရွာနွားများကို စုပေါင်းထည့်လှောင်လာကြသည်။
ဂန္ဓမာကျားသည် စုပေါင်းနွားခြံကို ခုန်ဝင်သည်။ နွားအုပ်ထဲမှ ဆူဖြိုးသော နွားပေါက်တကောင်ကို ခုန်အုပ်လျက် လည်တိုင်ကို ခဲသည်။ သည့်နောက် နွားပေါက်ကို မသေမရှင် လည်ကုပ်မှ ခဲလျက် ခြံစည်းရိုးကို ခုန်ထွက်သည်။
သည့်နောက် နီးရာလျှိုတခုအတွင်းသို့ ဆွဲသွားပြီး တဝတပြဲ စားပစ်သည်။ ပြီးတော့ ဂန္ဓမာကျားသည် နွားသေကို ဘိစပ်ချီတခုအတွင်းသို့ ဆွဲသွင်းကွယ်ဝှက်ထားခဲ့ပြီး တောင်ကြောပေါ်သို့ သွားရောက် အိပ်စက်နေခဲ့လေသည်။
တနေ့နှင့် တည လွန်မြောက်သည့်အခါ သင်းကိုက်သတ်ထားခဲ့သည့် နွားသေရှိရာသို့ ပြန်လာသည်။
ကျားသည် ယေဘုယျအားဖြင့် အသိဥာဏ် လွန်စွာ နည်းပါးသည်။ အနံ့အသက်နှင့် အာရုံကိုမသိချေ။ အမြင်နှင့် အကြားကိုသာ အားထားသည်။
နွားသေမှာ သင်းဝှက်ကွယ်ထားခဲ့သည့် နေရာတွင် မရှိတော့။ ဘိစပ်ချုံနှင့် ပေနှစ်ဆယ်ခန့်အကွာ ကွင်းပြောင်ထဲမှာ ရောက်နေခဲ့ပြီ ဖြစ်သည်။
ထို ထူးခြားချက်ကိုလည်း ဂန္ဓမာကျားက သတိမမူခဲ့ပဲ အငမ်းမရ ပြေးဟပ်အစားတွင် သေနတ်သမား မုဆိုးတဦး၏ မသေမချာ ပစ်ချက်ဖြင့် ညာလက် တဘက် ကျိုးအောင် ဒဏ်ရာရခဲ့သည်။ သည်ဒဏ်ရာက ဂန္ဓမာကျားအား သုံးချောင်းထောက် ကျားငကျိုးအဖြစ် ပြောင်းလဲသွားစေခဲ့ခြင်း ဖြစ်ပေသည်။
ကျားငကျိုးသည် ညာလက်တဘက် မသန်တော့သည့်အတွက် သန်စွမ်းသော နူပျိုသော ကျားများလို အစာအဖြစ် သားကောင်များကို ရှာဖွေဖမ်းယူရန် ခက်ခဲလာသည်။ မသန်မစွမ်းသော ကျားတကောင်အဖို့ အသက်လု၍ ပြေးရသော သားကောင်များကို အပြေးအလွှား အရှိန်အဟုန်နှင့် လိုက်လံဖမ်းယူ စားသောက်ရေးမှာ မဖြစ်နိုင်တော့။
သည်အခါ ရှာရဖွေရ လွယ်ကူသော သားကောင်ကို ရှာသည်။ မနုဿသားကောင်သည် ကျားငကျိုးအတွက် လက်တကမ်းမှာပင် ရှိသည်။ ခြေနှစ်ချောင်းနှင့် မနုဿများသည် ကျားငကျိုး၏ အစာများ ဖြစ်လာသည်။
နွားကျောင်းသားများ၊ ဖက်ခူး၊ ထင်းခွေများ၊ ထင်းခုတ်၊ ဝါးတိုက်သူများ၊ ပဒတ်တူး၊ မှိုရှာများ။
သို့တစေ လွယ်ကူသည်လည်း ရှိသလို အခက်အခဲများလည်း ရှိလာသည်။
ရွာသားတို့က တဦးချင်း၊ တယောက်ချင်း အသွားအလာ မလုပ်ကြတော့။ အပေါင်းနှင့် အသင်းနှင့် စုစည်းလာသည်။ အန္တရာယ်ကို တညီတညွတ်တည်း ကာကွယ်ရန် ကြိုးစားလာသည်။ ခိုင်ခံမြင့်မားသော ခြံစည်းရိုးများ တည်ဆောက်လာသည်။ လုံခြုံစွာ ကျားရှာ ကျားလန်များဖြင့် ပြုပြင်ထားသော နွားခြံများ ပြုလုပ်ထားကြသည်။ တုတ်၊ ဓား၊ လေးမြား စွဲလျက် ခရီးခတင်းသွားလာ ကြသည်။
ဂန္ဓမာကျားသည် သားကောင်ကို မရမနေ ရှာရသည်။ နေ့လယ်ကြောင်တောင် အကာအရန် ခနော် ခနဲ လယ်တဲ ယာတဲအထိ ဇွတ်ဝင်၍ သားကောင်ကို ဆွဲရသည့်အခါမျိုးလည်း ကြုံရသည်။ အတင့်ရဲသည်ထက် ရဲ ၊ သဲကြီးမဲကြီး သရဲစီးသလို ဇွဲကြီးသည့် ကျားဆိုးတကောင် ဖြစ်လာရသည်။
အလှည့်အပတ် အရှောင်အတိမ်း ကောင်းလာသည်။ သေနတ်သမားများကို လုံအောင် ရှောင်ပုန်းသည်။ ပရိယာယ်ဝေဝုစ် ကြွယ်ဝလာသည်။ သည်တောမှ ဟို တော၊ ဟိုတောမှ သည်တော ပြောင်းရွှေ့ခိုအောင်း တိမ်းရှောင် ပုန်းခိုနေတတ်သည်။
တော်ရုံဇွဲနှင့် မုဆိုးများ လက်လျှော့သွားကြရသည်။
အစာနှင့်မျှား၍ လင့်စီးပေမယ့် ဂန္ဓမာကျားက ပေါ်မလာတတ်။ တခါစားပြီးလျှင် နောက်တကြိမ် ပြန်မလာသည်က များသည်။ သင်း၏ ညာလက်ကျိုးခဲ့ရခြင်းကို အစဉ်သဖြင့် သတိရနေ၍လည်း ဖြစ်နိုင်စကောင်းသည်။
မည်သို့ပင် ဖြစ်စေကာမူ ကျားငကျိုးသည် ကာလကြာမြင့်စွာ ဂန္ဓမာရွာကို ဗဟိုထား၍ မတ္တရာသစ်တောကြိုးဝိုင်းတခွင်တွင် အမည်သတင်း ထင်ရှားကြီးကျယ်နေသည်က အမှန်ဖြစ်ပါသည်။
ခြေရာခြေကြောင်းခံ၍ လိုက်သော မုဆိုးများရှိကြပါ၏။ သို့တစေ ကျားငကျိုးကို ရှာဖွေမတွေ့ရှိခဲ့။ တခါတရံ ကျားက တရွာမှာ သတင်းရသည်။ မုဆိုးက နောက်ရွာမှာ ရှိနေသည်။ ရှေ့ရွာသို့ မုဆိုးရောက်လျှင် ကျားသတင်းက ပျောက်သွားသည်။ ရှေ့သို့ ခရီးဆက်မည့် ကြံခါ ရှိသေးသည်။ ကျားက နောက်ရွာသို့ ရောက်နေတတ်ပြန်သည်။
“ဘယ်လိုပဲ ဖြစ်ဖြစ်ဗျာ၊ သုံးညအိပ်လောက်တော့ လိုက်ကြည့်အုံးမယ်။ ရွာဆက် သတင်းရဖို့သာ ခင်ဗျား တို့က ကျုပ်ကို ကူညီပေတော့။ သတင်းဆက်ကို ရရချင်း ကျုပ်ဆီ ဆက်သွယ်နိုင်မှ အပိုင်သုတ်သင်နိုင်မှာပဲ။ မဟုတ်ဘူးလား ကိုကျော်ဆင့်”
“ဟုတ်ပါတယ်လေ၊ ကျုပ်တို့ စိုးရိမ်တာက ခင်ဗျား တယောက်တည်း ခြေရာနောက်လိုက်နေလို့ အန္တ ရာယ်များနေမလားလို စဉ်းစားနေတာပါ။ ရွာဆက် သတင်းရဖို့ကတော့ မပူနဲ့။ ဒီက ကိုစိန်မောင်ရှိတယ်။ ရှားပင်က ကိုမြဒင်ရှိတယ်၊ ကျုပ်တို့ ဆက်ထားမယ်”
ကိုကျော်ဆင့်က အားပါးတရ ပြောနေသည်။ ကိုကျော်ဆင့်တို့ ဂန္ဓမာ တရွာလုံးက သည် ကျားငကျိုး ကို သုတ်သင်လိုကြသည်။ ကျားငကျိုးလက်ချက် ဖြင့် ဂန္ဓမာ ရွာသူရွာသားနှစ်ဦး အသက်ဆုံးခဲ့ရပြီ။ ကျွဲ နွား ဆိုတာကတော့ သည်ကျား စသောင်းကျန်း ကတည်းကပင် အတော်ကြီးကို ဆုံးရှူံးခဲ့ပြီး ဖြစ်သည်။ အကောင် အစိတ် သုံးဆယ် ထက် မနည်းတော့။
“ဒါ့ထက် ခရီးစဉ်တော့ ပြောထားအုံးဗျာ။ ရွာဆက် ရယင် ဘယ်ရက်မှာ ဘယ်တော့လောက် ရောက် နေမယ်ဆိုတာ ကျုပ်တို့ခန့်မှန်းနိုင်တာပေါ့ ကိုရင်ရ”
ဘဘိုးရက ဆိုသည်။
ဘိုးရနှင့် မုဆိုးက ကျွမ်းဝင်ရင်းနှီးလှသော မိတ်ဆွေချင်း ဖြစ်သည်။ တောလိုက်မုဆိုး ဆိုသည်များက တောလည်ပြီဆိုလျှင် အသက်တဝက် ပေးထားရပြီးသား။ သားကောင်က ငါးဆယ်၊ မုဆိုးက ငါးဆယ်။ သူလျင် သူစား၊ ကိုယ်လျင် ကိုယ်စားစတမ်း ဖြစ်ပေသည်။
တောဘုရင် ဟင်းမျိုး ကျားလို သတ္တဝါကြီးများနှင့် သူနိုင်ကိုယ်နိုင် ပြိုင်ကြရစတမ်းဆိုလျှင် လွယ်လွယ်ကူကူနှင့် အနိုင်ရရိုး ထုံးစံမရှိ။
ကျားဆိုသော တောမုဆိုးကလည်း ပါးလှနပ်လှသည်။ အရှောင်အတိမ်း ကောင်းသည်။ အပုန်းအကွယ် လျင်သည်။ သဘာဝကို ကောင်းစွာ နားလည်သည်။ ကျားဆိုသော အဟန့်က သင်းမှာ ရာနှုန်းပြည့်ရှိပါသည်။
ယုန်သူငယ်မှအစ တောတွင်းသားကောင်များ ဖြစ် ကြသည့် သမင်၊ ဒရယ်၊ ချေ၊ ဝက်၊ စိုင်၊ ဆတ် စသော သားကောင်များအနေဖြင့် ကျားကို ဖိန့်ဖိန့်တုန်အောင် ကြောက်ကြရသည်။ ပြေးကြ လွှားကြ ရှောင်ကြ ရှားကြသည်။ အသက်ဘေးက လွတ်အောင် တိမ်းရှောင်ကြသည်။ တကွက်မှားက တချက်တည်းနှင့် ကျားစာဖြစ်ပြီး အစားခံလိုက်ကြရစမြဲ။
သည်ကဲ့သို့ တောကျွမ်းသော ဟင်းမျိုးကို လိုက်ရသည့် မုဆိုးဆိုလျှင်လည်း တောကျွမ်းဖို့ အဓိက၊ မျက်စိ
လျင်ဖို့ ၊ နားပါးဖို့။ ချက်ဆို နားခွက်က မီးတောက်မှ။
လက်နက်ကို ကျွမ်းကျင်မှ။ လက်ကလည်း ဖြောင့်ပါမှ ဖြစ်ချိမ့်မည်။
ကြည့်ပါအုံးတော့။ ဂန္ဓမာလူသားစားကျား သောင်း ကျန်းခဲ့ရသည့် လက်သယ်အစစ်အမှန်မှာ ကျား၏ ရှေ့ ညာလက်တဘက်ကျိုးအောင် မရေမရာ မသေမချာ ပစ်ခတ်ခဲ့သော သေနတ်သမားသာ ဖြစ်ချေသည်။ ရှေ့ လက်တဘက်ကျိုးရုံပစ်ပြီး သွေးစက်ခံကာ ကျားကို ရေဆုံးရေဖျားလိုက်၍ အပြီးအပိုင် သုတ်သင်ပစ်သင့်သည်။ သူရဲဘောကြောင်စွာ လက်ကျိုးရုံ ပစ်ပြီး မလိုက်ဝံ့ခဲ့ခြင်းက ကျားငကျိုးကို လူသားစား ကျားဆိုးတကောင်ဖြစ်အောင် ဖန်တီးခဲ့ခြင်း ဖြစ်လေသည်။
သူရဲဘောကြောင်သော သေနတ်သမား၏ ပယောဂကြောင့် မတ္တရာ သစ်တောကြိုးဝိုင်းတခွင်မှ ရွာသူရွာသား ဆယ်လေးဦးမျှ အသက်ဆုံးရှူံးခဲ့ရပြီ။
“ခရီးစဉ်က ထူးထူးထွေထွေ ရှိ မထင်ပါဘူးဗျာ။ ဂန္ဓမာအနောက်ကြော ထွက်ကြည့်မယ်။ အဲဒီမှာ ခြေရာ ခြေကြောင်းရယင် ပြင်ကြီးတောင်ကြော လှည့်ရှာမယ်။ ဖြတ်ဆင်းလိုက်ယင် ရှားပင်ရှိတယ်၊ တောင်ဘက်မှာ လျှော်ပင်ရှိမယ်။ အဲဒီတောတွေ သင်းခိုတတ်တာပဲ မဟုတ်လား”
“ဟုတ်တော့ ဟုတ်ပါရဲ့ဗျာ။ အစအမှတ် မတွေ့ပဲ လုံးချင်းလိုက်လို့ အကြောင်းထူးပါ့မလား။ ငကျိုး ဝေး ဝေး သွားခိုမယ်လို့ ကျုပ်တော့ မထင်ဘူး။ မြောက် ချောပြင် ကိုင်းထဲ ရှိမလားပဲ။ လူအားများများနဲ့ တောမောင်းလိုက်ရ ကောင်းလိမ့်မလားလို့”
“ဟုတ်တယ်ဗျာ … ဟုတ်တယ်၊ ဖြစ်နိုင်တယ်။ လုံးချင်း တခါတည်းတန်းပြီး လိုက်သွားတာထက် ဒီတဝိုက် အစအမှတ်လဲ တွေ့လိုတွေ့ငြား ဟင်းမျိုးက မြောက်ချောပြင် ကိုင်းထဲ ခိုနေလဲ တိုးလိုတိုးငြား မောင်းလိုက်ကြတာပေါ့”
ဘဘိုးရကပါ ထောက်ခံလာသည်။
သည်တဝိုက်က တောသမားများထဲမှာ ဘဘိုးရက အတွေ့အကြုံအများဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ အမြော် အမြင်လည်း ကြီးသည်။ သားကောင်တို့၏ အထာကိုလည်း ကောင်းစွာနားလည်သည်။ မတ္တရာကြိုးဝိုင်းတခွင်ကို လက်ဖဝါးပေါ်တွင် တင်ထားသလို တောကျွမ်းသည်။
ဘဘိုးရ၏ စကားကို မုဆိုးက ပယ်ရှားခြင်းမပြု။ မြောက်ချောပြင် ကိုင်းတောကို တောမောင်းကြည့်ဖို့ သဘောတူသည်။ သေနတ်သမားလည်း အသင့်ရှိနေ သည်။ ဝသုန္တရမှ တက်လာခဲ့သော ကိုစိန်ဝင်းတို့ အဖွဲ့ ရှိနေသည်မဟုတ်လား။
(လေး)
လေသည် ဝန်းကျင်တဝိုက်မှာ ငြိမ်သက်နေသည်။ သစ်ခက် သစ်ရွက်ကလေးများ အချင်းချင်း ပွတ်သပ်တိုးနေသည်ကိုပင် မတွေ့မမြင်ကြရ။ မွန်းတည့်နေသည် ကျဲကျဲတောက် ပူလောင်လှသည်။ သက်ငယ်ပင်မြင့်မြင့် အဖျားမှာ တွဲရရွဲ ခိုလျက် တည်ဆောက်ထားသည့် စာဗူးတောင်းသိုက်ကလေးများသည်ပင် လှုပ်ရှားယိမ်းနွဲ့နေခြင်း မရှိ။ ပကတိ တည်ငြိမ်နေသည်။
မြောက်ချောပြင် ကိုင်းတောသည် ဂန္ဓမာရွာမြောက် ဘက်တွင် ရှိသည်။ တမျှော်တခေါ်ကြီး ရှည်လျားသည်။ အနံတို၍ အလျားရှည်သည့် တောကို သုံးပိုင်းပိုင်း၍ မောင်းကြမည်ဖြစ်၍ လေးသမားရော ခြောက်သမားပါ မပင်ပပန်း လက်နိုင်ခြေနိုင်ဖြစ်သည်။
လေးသမားများမှာ စောင့်ကြမည်။ သေနတ်သမားက ငါးယောက်မို့ ထွက်လမ်းလုံပြီ။ ခြောက်သမားများကလည်း အားရှိသည်။
ခြောက်သမားများအတွက် သားကောင် ပြန်မလှန်အောင်၊ လှန်ရင်လည်း အန္တရာယ်ကင်းအောင် ဘိုးရက ရိုင်ဖယ်တလက်ကိုင်သည်။ ဘိုးရက မုဆိုးနှင့် တွဲ၍ အကြိမ်ကြိမ် တောလည်ဘူးသော ဝါရင့်ဌာနေမုဆိုး။ သေနတ်မှန်သမျှကိုလည်း ကျွမ်းကျင်စွာ ကိုင်တွယ်နေကျ တောသမား။
ခြောက်သမားထဲမှာ ဘိုရပါမည်ဆိုတော့ နုန်းအိုင်သားတို့ အားရှိသည်။
နေကျဲကျဲ ပူနေပြီ။ လေးသမားများကို သူ့စည်း ကိုယ့်စည်း ခွဲ၍ နေရာချအပြီးမှာ လက်ဖျားက ခြောက်သမားများ အသံကို တိုးတိုးသံလေး စတင်ကြားကြရသည်။
ဝေးလံလှသော မြောက်ချောပြင် ကိုင်းတော၏ ဟိုးအစွန်ဆီက စတင်၍ တောမောင်းလာကြခြင်း ဖြစ်သည်။
တောခြောက်သမားများ၏ အသံက တစထက်တစ နီးလာသည်။ သက်ငယ်တောကို နင်း၍ တောမောင်းလာကြခြင်း ဖြစ်၍လည်း ဖြိုးဖြိုးဖြောင်းဖြောင်း ထောင်းလမောင်းကြေအောင် အသံဗလံတွေ ဆူညံနေသည်။
“ဟေး”” ကနဲ “ဟား” ကနဲ ဟိုနေရာကဆူ၊ သည်နေ ရာကညံ့ အသံတွေ များလာသည်။
ဝိုင်းစိန်မအတွက် လက်စားချေလိုစိတ်က နုန်းအိုင်သားတွေကို လှုံ့ဆော်နေလေသည်လား မဆိုတတ်နိုင်။
ကိုင်းတော၏ အလယ်ဗဟိုသို့ လူသံနှင့် လူအုပ်က တစထက် တစ နီးလာသည်။ တဝေါင်းဝေါင်း ဟောင်ကာ ပြေးလွှားလာသော တောလိုက်ခွေးများ၏ အသံသည်ပင် ပီပြင်လာသည်။
“ဝူး” ကနဲ “ဝေါ” ကနဲ တောကြက်အုပ်များက ကိုင်း တောတွင်းမှ အထိတ်တလန့် ပျံထွက်လာကြသည်။ ရွက်ခြောက်ကိုင်းကျိုးများကို တဖြောဖြော တဖြောင်းဖြောင်းနင်းလျက် ဒရယ်တအုပ်က ခြေဦးတည့်ရာသို့ ကသောကမျော ပြေးထွက်လာကြသည်။ မုဆိုးက မျက်စိကိုဖွင့် နားကိုစွင့်၍ သားကောင်ထွက်လမ်းတလျှောက် နေရာမလပ် သတိချပ်၍ ကြည့်ရှု့စောင့်ဆိုင်းနေမိသည်။
သည်အခိုက် “အီ” ကနဲ “အီ” ကနဲ စီစီညံညံ ဟစ် ကြွေးအော်မည်၍ တောကောင်တချို့ ကိုင်းတောတွင်းမှ ထွက်လမ်းရှိရာ ပြေးထွက်လာနေသည်။ ကိုင်းပင်များက လေယူရာတိမ်းသွားသည့်နှယ် ယိမ်းယိုင်လဲကျလာနေသည်။ ကိုင်းပင်အခြေမှ ကြီးမားလေးလံသော သတ္တဝါတကောင်ကောင် ကျော်နင်း၍ ပြေးလွှာသွားပုံရသည်။
“စူးဟေ့ … စူးဟေ့”
တောခြောက်သမားတို့၏ စူးဟစ်သံက ပိုမိုကျယ်လောင်လာသည်။ ခြောက်သမားများက သားကောင်ကို တွေ့မြင်ရလေသည်လား၊ သတိထားမိကြလေသည်လား မပြောတတ်နိုင်။
ဖြောင်းကနဲ ဖြောင်းကနဲ ကိုင်းပင်ခြောက်များကိုသားကောင်နင်း၍ ဖြိုးဖြိုးဖြင်းဖြင်း မြည်သံများကို အတန်ကြာမျှ ကြားလိုက်ရပြီးသည့်နောက် ထွက်လမ်းသို့ မွဲတဲတဲ မည်းမှောင်မှောင် တောကောင်တအုပ် ပြေးထွက်လာသည်။ ဇောင်းမွေးများထောင်လျက် ဝါးလုံးတန်းထိုးလိုက်သလို လျင်မြန်လှသော အဟုန်ဖြင့် ပြေးလာကြသည်ကား … တောဝက်များပင် ဖြစ်သည်။
ဝက်အုပ်သည် တမိသားတည်း ဖြစ်ပုံရသည်။ စုစုပေါင်း လေးကောင်ဖြစ်သည်။ မြင်ကွင်းမှာ စက္ကန့်သုံးဆယ်ခန့် မြင်လိုက်ရပြီးနောက် ဦးတည်ရာ တိုးဝှေ့ပြေးလွှားပျောက်ကွယ်သွားသည်။
မုဆိုးက ဟင်းကနဲ ပင့်သက်တလုံး ချလိုက်သည်။
ဒရယ်လို တောဝက်လို သားကောင်များ ခိုအောင်းလျက်ရှိရာ သည်ကိုင်းတောတွင်းမှာ ဟင်းမျိုးကို တွေ့ရန် မဖြစ်နိုင်တော့ပါ။ သားကောင်ငယ်များက ဟင်းမျိုးရှိရာ တောမျိုးမှာ ခိုအောင်းရိုး မရှိသည်က သေချာသည်။
ခြောက်သမားများက ထွက်လမ်းသို့ ပေါက်လာကြ သည်။ မျှော်လင့်ထားသော တောကောင်ကို မတွေ့ရ၍ စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။ ခြောက်သမား အရှေ့က ထွက်လာကြသော ဒရယ်အုပ်နှင့် တောဝက်အုပ်ကို သူတို့ကလည်း သတိထားလိုက်မိကြသည်ကိုး။
– ဆက်ရန် –
စာရေးသူ – ခင်မောင်အေး(မန္တလေး)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ