သက်တံစည်း

Posted on

သက်တံစည်း(စ/ဆုံး)
——————

အင်းလျားကန်၏ကို ဖြတ်သန်းတိုက်ခတ်လာသော လေနုအေးများသည်ကား မွန်းကြပ်လှသော မြို့ပြဟန်ကို ခေတ္တမေ့ပျောက်စေလေသည်။

လူအချို့က
ကိုယ့်ရဲ့ ရပ်တည်မှုတွေ
မအားလပ်နိုင်သော အလုပ်တွေကြား စိတ်ပျော်ဟန်၊ အဆင်ပြေဟန်ထင်သော်လည်း ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုသလို ကိုယ့်မွန်းကြပ်မှု ကိုယ်သာသိလေသည်။

သူသည် နယ်မှာသာမွေး၊ နယ်မှာသာကြီးပြီး လုပ်ငန်း အရသာ ရန်ကုန်မှာ ကျင်လည်ရသော်လည်း မပျော်…

အထူးသဖြင့်
ကိုယ့်အပေါ် မိတ်ဆွေစစ်၊ မိတ်ဆွေကောင်း ရှားပါးတဲ့ ခေတ်မှာ သူ့ကိုယ့်အပေါ်ကောင်းသော မိတ်ဆွေ ကောင်းတွေကို တွယ်တာ တတ်လေသည်။

မြန်မာ စကားပုံတစ်ခု ရှိသည်။
သဒ္ဓါလွန်​တော့ တဏှာကျွံတဲ့
ချစ်ခြင်း မေတ္တာဆိုတာ အချို့နေရာတွေအတွက်တော့ နယ်မကျွံသင့်ဘူးဆိုတာ သူ့အသက် ၂၅ ဝန်းကျင် ဆိုသော်လည်း ဖြတ်သန်းမှု
တွေ့၊ ဆုံ၊ ကြုံ၊ ကွဲ ဆိုတဲ့ ဖြစ်လေ့ ဖြစ်ထ သဘောတရားတွေကြား အသားကျနေသော်လည်း
ထိခိုက်မိတဲ့ ဒဏ်ရာ ဘယ်အရွယ်ရောက်မှ ထိထိ နာတာပဲလေ
ငယ်ငယ်က ခလုတ်တိုက် ခြေထောက်ကွဲလည်း နာသလို
အသက်ကြီးလို့ ခလုတ်တိုက်တာ မနာဘူး ပြောမှ မရတာ
အရင်လို မငိုဖြစ်တာသာရှိချင် ရှိမှာ
ဒဏ်ရာ ဘယ်အချိန် ထိထိ နာတာပါပဲလေ…။

ဒီလို ဘဝရပ်တည်မှုတွေကြား တစ်ကိုယ်တည်း အားပြုရပ်တည်ရင်း တစ်ခါတလေတော့ သူ့အပေါ် မိသားစုကဲ့သို့ပင် နွေးထွေးကြသော သူငယ်ချင်းများအနက် နီ (ခေါ်) ဇာနည်ကျော်ကိုတော့ သူ သံယောဇဉ်အတွယ်ဆုံးဖြစ်သည်။
ဒါကိုတော့
သူသာမက အခြားသူတွေလည်း သိသည်။

တကယ်တော့
မွန်းကြပ်သည်ဖြစ်စေ၊ မမွန်းကြပ်သည်ဖြစ်စေ တစ်ပတ်တစ်ခါ မဟုတ်တောင် (၁) လ (၁) ခါတော့ ဘယ်သူမှ မပါဘဲ ဒီကန်ဘောင် ထောင့်ဆုံးခုံလေးမှာဖြစ်ဖြစ်

ခုလိုလူပြည့်နေတဲ့အခါ
သီးခြားအပင်အရိပ်အောက်လေးမှာဖြစ်ဖြစ် သူထိုင်နေတတ်သည်။

ထိုအခါတိုင်း
ကျောက်စရစ်အချို့ကောက်လာပြီး အဓိပ္ပါယ်မဲ့စွာ ကန်ရေပြင်ထဲ ပစ်ချနေမိသည်။

သူကြားဖူးသည်
“ငြိမ်နေတဲ့ ကန်ရေပြင်ကို ခဲပစ်မချရ
ဂယက်ထတတ်သည်တဲ့”

ကိုယ်ပစ်ချမှရယ်မဟုတ်ပါဘူး လေဒဏ်၊ မိုးဒဏ်ကြောင့်လည်း ဂယက်က ထချင်ထမှာမို့ သူ့အတွက်တော့ မွန်းကြပ်မှုများကို လက်ထဲရှိ ကျောက်စရစ်ခဲထဲ အာရုံထည့်၍ ရောပါသွားမယ် အထင်နဲ့ ပစ်ချနေတတ်သည်။

ထို့နောက် အသက်ဝဝရှူနေတုန်း
“လမ်းဆုံမှာ ဘဝမဆုံပါ…” ဆိုတဲ့ အဆိုတော် ဇော်ပိုင်ရဲ့ သီချင်း Ringtone လာရင်ပဲ သူဖုန်းကိုကြည့်လိုက်တော့ ဇာနည်ဆီမှ ဖြစ်သည်။ သူကိုင်လိုက်လိုက်ချင်း

“မိုးညီ
မင်းဘယ်မလဲ…”

“ငါ အပြင်ရောက်နေတယ် နီ
ဘာရှိလို့လဲကွ”

“ ဒီနေ့ Pay Day လေ
အဲ့တာ ဟိုကောင်တွေက ဆိုင်တစ်ခုခုမှာ ဆုံရအောင်တဲ့”

“အင်းလေ
ရတယ် မင်းရောအဆင်ပြေလို့လား
မင်းစော်က လွှတ်လို့လား…”

“ရပါတယ်
သူနားလည်ပေးရမှာပဲလေ ဒီလောက်တော့
အေးပါကွာ …” လို့ သူ အားမပါဘဲ ပြောမိသည်။ ပြီးတော့ သူစိတ်ထဲက
“ငါပါတယ်ဆိုတာ မင်းစော်မသိစေနဲ့” လို့ ပြောချင် သော်လည်း သူမပြောသင့်ဘူး ထင်သဖြင့် မြိုသိပ်လိုက်ပြီး သက်ပြင်းချလိုက်ရင်ပဲ

“ဟဲ့ရောင်
ဘာတွေ သက်ပြင်းချနေတာလဲ
ဘာတွေ စိတ်ညစ်လို့လဲ” လို့ မေးတော့

“ဘာမှ မဟုတ်ပါဘူးကွာ
ဒီကာလ ပျော်တဲ့သူ ဘယ်သူရှိလို့လဲ”

“ဒါနဲ့ ငါတို့ ဘယ်ဆိုင်ချိန်းလိုက်ရမလဲ
သူတို့က ကြာအုံးမှာ နောက် (၁) နာရီ (၂) နာရီလောက်”

“နိ
မင်းအဆင်ပြေတဲ့ နေရာပဲ ချိန်းလိုက်လေ
ငါ ဒီကနေပဲ တန်းလာခဲ့မယ်”

“ဒီကနေဆိုတော့ မင်းဘယ်ရောက်နေတာလဲ မိုးညီ”

“ငါ ကန်ဘောင်မှာကွ”

“ဘယ်သူနဲ့တုန်း ဟ”

“ဘယ်သူမှ မပါဘူး
ငါဒီလိုပဲ တစ်ခါတလေ အထီးကျန်သလို ဖြစ်ရင် လာထိုင်တတ်တာ”

“ဘာလဲ
နယ်က မိဘတွေ သတိရနေတာလား”

“အဲ့လိုချည်းလည်း မဟုတ်ပါဘူးကွာ
သတင်းတွေဖတ်လည်း မပျော်
ဘာလုပ်လုပ် မပျော်လို့ လာထိုင်တာ”

“ဟုတ်ပြီ
ခုမှ (၅) နာရီတောင် မထိုးသေးဘူး
ဒါဆို ငါ (၆) ခွဲ (၇) လောက်ကျ မင်းကို ဝင်ခေါ်လိုက်မယ်”

“အေး အေး
ဒါပဲနော် နီ” ဆိုပြီး သူဖုန်းချလိုက်သည်။

တကယ်တော့
သူသည် နယ်မှ ရန်ကုန်တွင် အလုပ်လာလုပ်ရင်း အခြားသူတွေလို ကုမ္ပဏီဝန်ထမ်း ဆက်မလုပ်ဖြစ်တော့ဘဲ ကိုယ်ပိုင်စီးပွားရေး သေးသေးလေး လုပ်နေတာဖြစ်သည်။ သူတို့ ဒေသထွက်ပစ္စည်းများကို ကိုယ်ပိုင် Brand ဖြင့် ဖြန့်ချိနေတာဖြစ်သည်။ အရမ်းအောင်မြင်နေတာ မဟုတ်သော်လည်း အထိုက်အလျောက် အောင်မြင်နေတယ်လို့ ပြောလို့ရသည်။

တကယ်တော့
ရန်ကုန်တွင် သူတွဲဖြစ်သော (၄) ယောက်အဖွဲ့ထဲတွင်
သီဟဇော်၊ ပြည့်ဖြိုးတို့မှာ သူနဲ့ ငယ်ပေါင်းများ ဒေသတူဖြစ်သည်။

နီသည်လည်း ယခင်က သူတို့နဲ့ ကုမ္ပဏီတူ ဖြစ်ပြီး နောက်မှ ကိုယ်ပိုင်အခြား ကားအပိုပစ္စည်း ရောင်းဝယ်ရေး အလုပ်လုပ်ကိုင်သူဖြစ်သည်။ သူတို့မိတ်ဆက်ပေး၍ သိရသော်လည်း နီနှင့်သူသည် သူတို့ထက်ပင် ပိုမိုခင်မင်လာသော သူငယ်ချင်းဖြစ်သည်။

အခြားသူတွေက နီကို ဇာနည်ဟု ခေါ်သော်လည်း သူက စသလို နောက်သလို နီလို့ ခေါ်ရမှ အကျင့်ပါနေတာဖြစ်သည်။ အထူးသဖြင့် ဇာနည် ခေါ် နီသည် စိတ်ရင်းကောင်းသလို တော်တော်လေးကို Social ကောင်းတယ်လို့ ပြောလို့ရသည်။

ပြီးတော့
သူ့အလုပ်ကြောင့်ပဲ ပြောရမလား
ယောက်ျား၊ မိန်းမ၊ အခြောက် အဲ့လို အမြင်သိပ်မတွေ့ရ
လူတိုင်းကို ပေါ့ပေါ့ပါးပါး ပေါင်းသည်။ ပတ်ဝန်းကျင် ကိုလည်း သိပ်ပြီး အရေးတယူကြီး အရေးစိုက်နေသည့်ဟန် မတွေ့ရ…

နီ ချစ်သူသည်ကား ဟန်နီကို ဖြစ်သည်။
သူမကတော့ ပြည့်ဖြိုးတို့၊ သီဟတို့နဲ့ အဆင်ပြေသော်လည်း သူနဲ့တော့ ဘယ်လိုမှ အဆင်မပြေ…

အဆင်မပြေဘူးဆိုတာလည်း သူ့ဘက်က မဟုတ်
ဟန်နီသည်ကား သူ့ချစ်သူကို နီလို့ ခေါ်ရာက စပြီး မကျေနပ်ခဲ့သည်မှာ
နောက်ပိုင်း
သူ့ကို ပျော့တော့တော့ ထင်တာရော
သူ့ဘဲက သူ့အပေါ် အတော်လေး ဂရုစိုက်ခင်မင်တာကြောင့် ကြည့်မရတာကနေ နောက်ဆုံး သူနဲ့သွားတယ်ဆိုရင်ကိုပင် မရတဲ့အထိ သူပြန်ကြားရသည်။

သို့သော်
သူမသိသလို နေသလို နီဘက်ကတော့ ဘယ်တုန်းကမှ သူ့ကို မပြောခဲ့

သူထင်သည်
နီက သူ့ကို
“စိတ်မကောင်းမှာ စိုးလို့ နေမှာပါ” ဆိုတဲ့ အတွေးနဲ့အတူ သူဒီအကြောင်းတွေကို ခေါင်းထဲက ထုတ်လိုက်ပြီး လက်ထဲရှိ နောက်ဆုံး ကျန်နေသော ကျောက်စရစ်ခဲကို ကန်ရေပြင်သို့ ပစ်ချလိုက်သည်။

🌈🌈🌈🌈🌈

သူပစ်ချလိုက်သည်နှင့်တပြိုင်နက် ထွက်ပေါ်လာသည့် အသံနှင့်အတူ

“မိုးညီ…” ဆိုပြီး သူ့ဘေးက လှန့်သလို သူ့ပခုံးနှစ်ဖက်ကို ကိုင်၍ လှန့်၍ အော်သံကြားလိုက်ရင်ပဲ

“နိ … လန့်တာကွာ
မင်းကလည်း
ဟေ့ရောင် ခုမှ (၅) နာရီသာသာ ရှိသေးတယ်
ဘယ်လိုလုပ်ရောက်လာတာလဲ
မင်းပြောတော့ (၆) ခွဲလောက်မှ လာမှာဆို…”

“အေးဟေ့
ဟုတ်တယ် တကယ်တော့ အဲ့တော့မှ လာမလို့
ဒါပေမဲ့
ငါ့သူငယ်ချင်း ဘာတွေများဖြစ်နေလဲ ဆိုပြီး နေမရတာနဲ့
ရေတောင်မချိုးဘူး အဝတ်လဲပြီး ထွက်ခဲ့တာ” ဆိုသော အဖြေကြောင့် သူကြည်နူးမိသည်။ ဒါ့ကြောင့်လည်း သူ နီအပေါ် သံယောဇဉ်တွယ်မိတာဖြစ်သည်။ ဘယ်သူမှ သူ့အပေါ် ဒီလောက်အထိ အသေးစိတ် အရေးတစိုက်တွေး မပေးဖူးသလို

အပြင်ပန်း သိ၊ မြင်၊ ကြားလောက်တဲ့ အရာတွေလောက်အတွက်သာ အားပေးတတ်သော်လည်း သူ့စိတ်ခံစားချက်အချို့ကို နီလိုတော့ နားလည်းပေးတာ သိပ် မခံစားဖူးသလို
သူမရရှိခဲ့ဖူးခဲ့
ဘဝမှာ မိသားစု
ဆွေမျိုး
နောက်ဆုံး သူငယ်ချင်းအထိ သူ့ဘက်ကသာ နားလည်ပေးရတာ ပိုများလေသည်။

ဘာပဲဖြစ်ဖြစ် နီနဲ့ ဆုံတွေ့ရခြင်းဟာ သူ့အတွက် ဆုလာဘ်တစ်ခုလို့ တွေးရင်း
“ဟေ့ရောင်
ငုတ်တုတ်မေ့နေတာလား” ဆိုပြီး သူ့ဘေးထိုင်လျှက်

“ငါ အိမ်က ကားယူလာတယ်
ဟိုကောင်တွေကလည်း ဒီပဲလာခဲ့မယ် ဆိုင်မချိန်းတော့ဘူးတဲ့
ပြီးမှ ကြိုက်တဲ့ဆိုင် ဝင်ထိုင်ကြမယ်တဲ့ …”

“ဒါဆို သူတို့လာတော့မှာလား”

“ဘယ်လာအုံးမလဲကွ
ငါက (၆) နာရီလောက်မှ ထွက်ခဲ့မယ် ပြောထားတာ
သူတို့ ဆက်ပြီးမှ
မင်းတစ်ယောက်တည်းလို့ တွေးပြီး ထွက်ခဲ့လိုက်တာ…”

“ကျေးဇူးပါကွာ
မင်းအဲ့လို ဂရုစိုက်တာကြောင့် ငါမင်းကို
ငယ်သူငယ်ချင်းတွေထက်ကို ပိုသံယောဇဉ်တွယ်မိတာ…” လို့ မိုးညီ မရဲတရဲ ဆိုရင်း မျက်ဝန်းမှာလည်း မျက်ရည်အခိုးအငွေ့တွေ နီမြင်သော်လည်း မသိဟန် ထားလိုက်သည်။

ထို့နောက်
ဟိုးအဝေးကို ငေးကြည့်နေသော မိုးညီကို

“အေးပါကွာ
မင်းစိတ်ထဲက ခံစားချက်တွေအားလုံး ငါမသိချင်ဘူး
အချို့အရာတွေ ငါနားလည်ခဲ့ရင်တောင် နားမလည်သလိုပဲ နေမှာ မိုးညီ
အဲ့တာက ပိုကောင်းတယ်”

“အေးပါကွာ” လို့ ဆိုရင်း တဆက်တည်း ပြောရကောင်းမလား မပြောရကောင်းမလား တွေးဟန်ဖြင့်
“ဒါနဲ့ …” ဆိုပြီး သူစကားကို တန့်လိုက်သည်။

“ဟာ လုပ်ပြီ
မင်းကလည်း ဘာမေးမလို့လဲ”

“ဘာမှ မဟုတ်ပါဘူး” ဆိုပြီး သူ မမေးလိုသော်လည်း

“ငါအဲ့တာ မကြိုက်တာပဲ
ယောက်ျား မဟုတ်ဘူးလား
မပြောရင် အစကတည်းက မပြောနဲ့
အဲ့လို ပြောပြီး တိုးလို့ တန်းလန်းလုပ်တာလောက် စိတ်တိုတာ မရှိဘူး” ဆိုတော့ သူ နီကို စိတ်မတိုစေချင်

“မဟုတ်ပါဘူးကွာ
မင်းခု ငါ့ဆီလာတာ မင်းစော်သိလား” ဆိုတော့ ခုတစ်ခါ ဟိုးအဝေးကို ငေးမိသည်ကား နီအလှည့်ဖြစ်သည်။

ထို့နောက်
“ဒီလိုပါပဲ
ထားပါ မိုးညီရာ
အချို့အရာတွေက ပြောပြဖို့မှ မလိုတာ
ငါမဟုတ်တာ လုပ်နေတာမှ မဟုတ်တာ”

“နီ
မင်းငါ့ကို ပေါင်းရတာ စိတ်မပျက်ဘူးလား”

“ဘာကိုလည်း မိုးညီ”

“ငါ့ရဲ့ တစ်ခါ တစ်ခါ ပျော့တဲ့ ပုံတွေ
မင်းစော်က မင်းငါနဲ့ ပေါင်းတာ မကြည်တာရော
တစ်ခါ တစ်ခါ
ဘော်ဒါအရင်း ပြည့်ဖြိုးနဲ့ သီဟကတောင် နောက်ချင်နေတာလေ….” ဆိုတော့ သူ ခေါင်းကို တဆတ်ဆတ် ငြိမ့်လို့ တစ်ခုခုကို လေးလေးနက်နက် စဉ်းစားလိုက်သည်။

ပြီးတော့

“နီ …
သူတို့ ပြောတာတွေက မှန်လား
မင်းရင်ထဲမှာ ဘာတွေရှိလဲ ငါမသိချင်ဘူး
ငါမင်းကို နားလည်တယ်

ပြီးတော့
မင်းရဲ့ နောက်ခံအခြေအနေတွေရော
မင်းကို ငါ့သူငယ်ချင်းဆိုတာထက် ငါ့ညီလိုကို ခင်မင်တယ်
ငါမင်းအပေါ်လည်း သံယောဇဉ်ရှိတယ်

မင်းတော့ ဖတ်ဖူးမလား ကြိုက်မကြိုက်တော့ မသိဘူး….” လို့ တည်တည်ငြိမ်ငြိမ်ပြောသော နီကို မိုးညီကြည့်ရင်း

“ဘာလဲ နီ”

“ငါဆယ်ကျော်သက်က ဖတ်ဖူးတဲ့ တာရာမင်းဝေရေးတဲ့ စောင်းကြိုးပြတ်ရွာဆိုတဲ့ ဝတ္ထုထဲက အကြောင်းလေးတစ်ခုက ငါ့စိတ်ကို စိုးမိုးနေတယ်” ဆိုပြီး နီက သူ့ကို ကြည်လို့ တည်တည်ငြိမ်ငြိမ်ပဲ စကားဆက်လေတယ်

“အဲ့ဒီ ဝတ္ထုထဲမှာ
ယောက်ျားလေး သူငယ်ချင်းနှစ်ယောက်ရှိတယ်

သူတို့တွေက အတန်းထဲမှာရော အပြင်မှာပါ အဆင့်ဆိုလည်း (၁) (၂) နေရာ အလှည့်ကျဆိုသလို
အခြားဥာဏ်ရည် ဉာဏ်သွေးတွေမှာလည်း သူမသာ ကိုယ်မသာပဲ

ပတ်ဝန်းကျင်ရဲ့ အမြင်မှာ သူတို့တွေကို ပြိုင်ဘက်တွေလို့ သတ်မှတ်ပေမဲ့ သူတို့အချင်းချင်းကတော့ အခင်မင်ဆုံး သူငယ်ချင်းတွေတဲ့

ဘယ်သူတွေ ဘာပြောပြောသူတို့ ခင်မင်မှု မပျက်ခဲ့ဘူး
တစ်နေ့တော့ သူတို့နှစ်ဦး အားလပ်ချိန်တွေ အပန်းဖြေမှုတွေထဲမှာ စွဲစွဲမြဲမြဲ လုပ်တတ်တဲ့ SCRABBLE ကစားနည်း ပါတယ်တဲ့”

“ဖြတ်ပြောတာမဟုတ်ဘူး နီ
အဲ့တာ ဘာကစားတာလဲ”
“အဲ့တာက
သစ်သားစာလုံးလေးတွေကို အမှတ်ကြေးဆက်တာ
ဝေါဟာရ ကြွယ်တဲ့သူက နိုင်စတမ်းပေါ့
ကံကြမ္မာပေါ်လည်း မူတည်တယ်
ဘယ်လောက်ပဲ ဝေါဟာရ ကြွယ်နေ ကြွယ်နေ ကိုယ်နှိုက်လို့ရတဲ့ စာလုံးတွေ မကောင်းရင် ကားချပ်ပေါ်မှာ ဆက်ရမယ့်နေရာကောင်းနဲ့ မတိုးရင် အလကားပဲလေ”

“ငါတို့က တောမှာကြီးလာတော့ အဲ့တာနဲ့ ဝေးတယ်”
“ငါလည်း သိပ်မကစားဖူးပါဘူး
ဒါပေမဲ့ အလွယ်နည်း ငါတို့ စာလုံးဆက်ကြသလိုပေါ့” လို့ဆိုပြီး

“ငါ လမ်းကြောင်းပြောင်းသွားမှာ စိုးလို့ စကားဆက်လိုက်မယ်” ဆိုတော့ သူ သဘောဘာတူတဲ့ အဓိပ္ပါယ်ဖြင့် ခေါင်းငြိမ့်လိုက်သည်။

“အဲ့လိုကစားရင်း
အနိုင်အရှုံးအကဲဖြတ်မယ့် နောက်ဆုံးပွဲမှာ Scrying ဆိုတဲ့ စကားလုံးကို တစ်ဦးက ဆက်ပေမဲ့ ဒီစာလုံးရဲ့ အဓိပ္ပါယ်ကို ရှာမရခဲ့ကြဘူး
တစ်ဦးက ရှိတယ်
တစ်ဦးက မရှိဘူး
တကယ်လို မရှိရင် ဆက်သူရှုံးပြီး
ရှိရင် ဆက်တဲ့သူ နိုင်မှာဆိုတော့
အဘိဓါန်မှာရှာမရသလို နီးစပ်သူတွေ မေးတော့လည်း မသိဘူး

နောက်ဆုံး
လူကြီးတွေပါပါပြီး ရှာမရတဲ့အခါ ဆက်တဲ့သူရှုံးပြီး တစ်ဖက်က နိုင်လိုက်တယ်ပေါ့

ဒါပေမဲ့
သူနိုင်လိုက်တယ်ပဲထင်တာ အဲ့သူငယ်ချင်းရှက်သွားတယ်ထင်တယ်
နောက်ပိုင်း
အရင်လို သူ့အပေါ် မနွေးထွေးတော့ဘူး

အရင်ဆက်ဆံရေးတွေ မရှိတော့ဘူး
သူ သူငယ်ချင်းတစ်ယောက်ကို ဆုံးရှုံးခဲ့တယ်
အဲ့သူငယ်ချင်းလည်း သူတို့မြို့လေးက မကြာခင် ပြောင်းသွားတယ်

ပိုဆိုးတာက နောက်ကျမှ ဒီစာကားလုံးဟာ ရှိကြောင်း သိရတဲ့ အချိန် သူပိုခံစားခဲ့ရတယ်တဲ့

သူဘာသိလိုက်လဲဆိုတော့
သူ ကိုယ်ပေါင်းလာတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ စိတ်ကို သိဖို့ကောင်းတယ်တဲ့

ငါ့သူငယ်ချက်းဟာ ဒီအမှတ်လေးအတွက်နဲ့ ငါ့အပေါ် မတရား အနိုင်ယူမှာ မဟုတ်ဘူးဆိုတာ တွေးမိသင့်တယ်တဲ့

ဒါပေမဲ့
သူတွေးမိတဲ့အချိန်မှာ နောက်ကျသွားပြီတဲ့

သူလိုအပ်တာ
အနိုင်၊ အရှုံးလည်း မဟုတ်ဘူး
တော်တယ်၊ တတ်တယ်လည်း မဟုတ်ဘူး
ကစားပွဲ ရမှတ်လည်း မဟုတ်ဘူး
သူငယ်ချင်းပဲတဲ့…” ဆိုပြီး သူ့ကို တည့်တည့်ကြည့် နေသော နီကို အရင်ကထက်ပင် ပိုလေးစားသလို ကြည့်မိရင်း….

🌈🌈🌈🌈🌈

သူတို့ နှစ်ယောက် ထိုအကြောင်းတွေ ပြောပြီး ကိုယ့်အတွေးနဲ့ကိုယ် ကန်ရေပြင်ကို ကြည့်နေမိသည်။
ထို့နောက် နီ ဘက်ကပဲ

“မိုးညီ
ငါ့အတွက်လည်း မင်းဟာ သူငယ်ချင်းကောင်းပဲ
ပြီးတော့
ဒီစာထဲကလို ငါ ကိုယ်ပေါင်းတဲ့ သူငယ်ချင်းစိတ်ကို ကောင်းကောင်းသိဖို့လိုတယ်
ငါ မပြောရင်သာ နေမှာ
ငါမင်းစိတ်ကို နားလည်တယ်…

ဒါနဲ့
မင်းဘဝမှာရော ဒီစာထဲကလို နောင်တ ရှိဖူးလား…” ဆိုပြီး တည်တည်ငြိမ်ငြိမ်နဲ့ အမေးကို သူဘာဖြေရမယ် မသိ

“ဘာလဲ
ငါ့ဘက်ကတောင် မင်းကို ပွင့်ပွင့်လင်းလင်းပြောပြတာ
မင်းက ဘာလို့လဲ” ဆိုတော့ သူသက်ပြင်းချလိုက်သည်။

ထို့နောက်

“ငါ့ဘဝက မင်းလောက် မရိုးရှင်းဘူး နီ
ငါဝန်ခံတယ်
မင်းဘဝက လောကကြီးက ပေးတဲ့ သဘာဝအတိုင်း ရှင်သန်ပြီး သဘာဝအတိုင်းဖြတ်သန်းလာတာ

အချို့ မျက်နှာပြင်တွေက သိသာ သိစေ မမြင်စေနဲ့ ဆိုတာလည်း ရှိတယ်
ပြီးတော့
နားလည်ပေးမယ်ဆိုတိုင်းလည်း ထုတ်မပြတာကောင်းတယ်

အမှန်တိုင်းပြောရရင်
ဘဝမှာ ချစ်ရတဲ့ ခင်ရတဲ့ သူတွေကို အကြောင်းအမျိုးမျိုးနဲ့ ဆုံးရှုံးခဲ့ဖူးတယ်

နောင်တတွေ အများကြီးပေါ့နီရာ”

“ငါ မင်းကို မညာတမ်းပြောပြမယ် မိုးညီ
ငါမင်းကို ဘာ့ကြောင့် ပိုနားလည်တာလည်း သိလား” ဆိုတော့ သူ မသိကြောင်း ခေါင်းခါမိသည်။

ထို့နောက်

“ငါ State ကျောင်းတုန်းက
သူများတွေက ခေါ်တဲ့ အခြောက်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်
သူက မိန်းကလေးတွေနဲ့ အများဆုံးပေါင်းတယ်
ပြီးရင် သူ့ကို ဆရာမတွေတအားချစ်ကြတယ်

အဲ့အချိန်တုန်းက ငါတို့မိသားစုမှာ ငါ့အဖေက အိမ်ထောင်ရေးဖောက်ပြန်တဲ့ ပြဿနာနဲ့ နယ်မြို့မှာ နာမည်ကြီးတယ်
အထူးသဖြင့်
သမီးအရွယ်လောက် ကောင်မလေးနဲ့ပေါ့

မင်းစဉ်းစားကြည့်လေ
အသက် (၁၄) နှစ်ကျော်အရွယ် ကြီးကောင်ဝင်စ ယောကျာ်းတစ်ယောက်
သူငယ်ချင်း ဘော်ဒါတွေဆိုတာလည်း စကားလုံးကြမ်းကြမ်းတွေ စပြောတဲ့ အရွယ် ငါသူတို့ကို ရှောင်ဖယ်ချင်လာသလို သိမ်ငယ်လာတယ်

ပြီးတော့
မိန်းခလေးတွေဆိုတာလည်း ငါ့ကို အနည်းငယ်ရှောင်ကြတယ်

အဲ့အချိန်မှာ သူငါ့အနားမှာ အမြဲရှိပေးတယ်
ပြီးတော့
သူများတွေပြောသလို အခြောက်ဆိုတာ ဘာကိုခေါ်တာလဲ
ယောကျာ်းတစ်ယောက်ကို ယောက်ျား တစ်ယောက်က စိတ်ဝင်စားတာကိုလား

ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ ဆက်ဆံခြင်းလား

အချို့မိသားစုတွေ ရှိသေးတယ်
ခလေးတစ်ယောက် ဖြူဖြူစင်စင်နဲ့ မွေးလာတာ
ပျော့တော့တော့လေး ဖြူဖတ်ဖြူရှော်လေး တွေ့တာနဲ့ အခြောက်ကလေး အခြောက်ကလေးဆိုတာတွေ
သူမပြောရင်တောင် ပတ်ဝန်းကျင်က
ပြောလိုက်ရင် ချစ်လို့ စတာ
တကယ်က
ဘာမှ မသိတဲ့ အပြစ်ကင်းတဲ့ ခလေးကို လိင်ပိုင်းဆိုင်ရာ နှုတ်ဖြင့် သက်သက်စော်ကားခြင်းပဲ

အဲ့လုပ်ရပ်က ချစ်တယ်လို့ သူတို့ သတ်မှတ်ရင်တောင်
ငါ့အတွက် အဲ့လိုပြောတဲ့သူဘက်က ခံစားပေးလို့ မရဘူး

ဒါပေမဲ့
ငါအရင်တုန်းက အဲ့တာတွေ နားမလည်ဘူး
သူငါ့အပေါ် တအား ကာကွယ်တယ်
ငါကျောင်းမတက်နိုင်တဲ့ ရက်တွေ
စိတ်ဓါတ်တွေ ပြိုလဲနေတဲ့အခါ ငါ့စာတွေကူးပေးတယ်

ငါ့ကို စာနားလည်အောင် ရှင်းပြတယ်
ငါ့အပေါ်မှာ ဘာမှ မရိုးသားတာ မရှိဘူး
သူ့အကူအညီတွေ များစွာနဲ့ပဲ ငါဆယ်တန်းအောင်ခဲ့တယ် ပြောလို့ရတယ်

ဒါပေမဲ့
ငါတက္ကသိုလ်တက်တဲ့အခါ သူ့နဲ့ ပေါင်းရမှာ ရှက်လာတယ်
ငယ်ငယ်က ကျောင်းကလူတွေက ငါ့ကို နားလည်ပေမဲ့ နယ်ပယ်သစ်မှာ ငါတို့တွေကို စကြနောက်ကြတဲ့ဒဏ် ငါ မခံနိုင်ဘူး

နောက်ဆုံး
ငါသူနဲ့ ဝေးသွားတယ်

ခုဆို သူဘယ်မှာနေလဲ ငါမသိဘူး
ငါတို့တွေ ရိုးသားတယ်
ဖြူဖြူစင်စင် ခင်မင်ပါလျက် ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုတွေကို ကိုယ်မမှားတာကို ရဲရဲဝံ့ဝံ့ မမှားကြောင်း သက်သေမပြခဲ့နိုင်ဘူး

ပြီးတော့
ငါ့ဘဝ လူတကာ တံတွေးခွက်ထဲ ကာလမှာ ငါ့ကို ကာကွယ်ပေး
ငါ့ကို အဖော်ပြုပေးတဲ့သူကို
ငါရပ်တည်နိုင်ချိန် သူ့ဘက်က ငါ မကာကွယ်ပေးနိုင်ခဲ့ဘူး မိုးညီ

အဲ့ဒီ့အထိ ငါ သူ့အပေါ်နားမလည်ခဲ့ဘူး
ဆရာ တာယာမင်းဝေရဲ့ အဲ့ဒီ့စာအုပ်လေး ဖတ်မှ ငါဖတ်ရင်းနဲ့ စာကြောင်းတိုင်းမှာ မျက်လုံးထဲ သူ့ပဲ မြင်လာတယ်

ငါ ငါ့သူငယ်ချင်းအပေါ် နားလည်မပေးနိုင်ဘူး
ငါလိုချင်တာ
ငါက လူကောင်းပါ၊ ဖြူစင်ပါတယ် ဆိုပြီး ချီးမွန်း (၇) ရက် ကဲ့ရဲ့ (၇) ရက်ဆိုတဲ့ ပတ်ဝန်းကျင်စကား မဟုတ်ဘူး
ဒါပေမဲ့ ပတ်ဝန်းကျင်ကြောင့်
ငါ့အပေါ်ကောင်းတဲ့ သူငယ်ချင်းကို ငါဆုံးရှုံးခဲ့တယ်” ဆိုပြီး ဟိုးအဝေးကြီးကို ကြည့်ပြီး သူနင့်နင့်နဲနဲခံစားနေကြောင်း မျက်လုံးတွေက သက်သေပဲလေ

“ငါ ခုလို ပြောလို့
မင်းကို Gay နေပါတယ်လို့ ပြောတာမဟုတ်ဘူး
အဲ့ဒီ့အကြောင်းလည်း ငါစိတ်မဝင်စားဘူး

ငါက လူကို လူလို့ပဲမြင်တယ်
ကျန်တာ မင်းရဲ့ ဖြစ်တည်မှုပဲလေ
မင်းရဲ့ ဖြစ်တည်မှုဟာ
ငါနဲ့ သူငယ်ချင်းမဟုတ်ဘဲ မင်းနဲ့ အခြားပေါင်းဖက်မှုမျိုးအတွက် လိုအပ်ပေမဲ့ ငါ့အတွက် မလိုအပ်ဘူး

အချို့အရာတွေအတွက်တော့
အပေါင်းကြောင့် ဂုဏ်တက် အပေါင်းကြောင့် ဂုဏ်ပျက်ဆိုတာတွေ ငါလက်မခံချင်ဘူး မိုးညီ

ငါ့ကို မင်းနဲ့ ပေါင်းလို့ မကောင်းဘူး ပြောရင်
ပြောတဲ့ လူတွေက မင်းနဲ့ မပေါင်းတဲ့အခါ မင်းလို လာကောင်းပေးမှာလား

လာကောင်းခဲ့ရင်တောင်
ငါ့စိတ်ထဲက သူတို့ကို စစ်မှန်တဲ့ ခင်မင်မှုရှိမယ်တဲ့လား

အချို့အရာတွေက လုပ်ယူတာမပါဘူး
လူတစ်ယောက်ကို လူတစ်ယောက်က အများပြောသလို ရေစက်ကြောင့်ဖြစ်စေ
စိတ်ခံစားမှု တစ်ခုအရဖြစ်စေ နားလည်ပေးချင်းပဲ…

အရင်တုန်းက စိတ်မျိုးနဲ့ဆို
ငါမင်းကို ပေါင်းဖြစ်ရင်မှ ပေါင်းဖြစ်မယ်

အထူးသဖြင့်
ပတ်ဝန်းကျင်ဆိုတာထက် ငါ့ဘဝလက်တွဲဖော်အဖြစ်သတ်မှတ်ထားတဲ့ ဟန်နီကြောင့်ပေါ့

ဒါပေမဲ့
ငါတို့မမှားနေတဲ့ဟာ
စစ်မှန်တဲ့ ခင်မင်တဲ့ ဆက်ဆံရေးကို သံသယတစ်ခုနဲ့ ငါအဆုံးရှုံးမခံဘူး

မင်းကို ခင်မင်မှု မဆုံးရှုံးသလို ငါသူရဲ့ ချစ်ခင်မှုလည်း ဆုံးရှုံးခံမှာမဟုတ်ဘူး
ဒါပေမဲ့
သူ့လည်း ငါအပြစ်မတင်ဘူး

ခေတ်ကာလအရရော သူချစ်ရတဲ့ ယောကျာ်းတစ်ယောက်ကို သူသဝန်တိုခွင့်ရှိတယ်
ဒါပေမဲ့
ဒီနေ့ခေတ်မှာ သဝန်တိုရုံနေရုံ ချစ်နေရုံနဲ့ မလုံလောက်ဘူး ယုံကြည်ပေးဖို့လည်း လိုတယ်
ငါ့ဘက်ကလည်း ယုံကြည်အောင် နေပြဖို့လိုတယ်

တစ်ခါ တစ်ခါ
သူယုံကြည်အောင် မလုပ်ဘဲနဲ့ သူလက်ခံအောင် ငါမင်းကို မပေါင်းဘူး ဆိုကြပါစို့

သူက မင်းကို မကြိုက်တာ မဟုတ်ဘူး
မင်းလို အပြုအမူနဲ့ ပေါင်းတဲ့ လူတိုင်းကို သူမကြိုက်ရင် တွေ့သမျှလူ၊ ဆက်ဆံသမျှလူ ငါက မပေါင်းရတော့ဘူးလား
ဒါဆို တဖြည်းဖြည်း ငါ့ဘဝက ဘောင်ကျဉ်းသွားလိမ့်မယ်

ဒီလိုပဲ
သူဟာ မိန်းမ တစ်ယောက်ကို မယုံကြည်တာ မဟုတ်ဘူး
မိန်းမအားလုံးကို မယုံကြည်တာဆိုရင် ငါ မိန်းမတိုင်းကို မဆက်ဆံရတော့ဘူးလား

အချို့အရာတွေက အဲ့လူကို မပေါင်းနဲ့
အဲ့လူနဲ့ မလုပ်နဲ့ဆိုပြီး တစ်ဖက်သတ်ထိန်းသိမ်းတာထက်
ကိုယ်ချစ်တဲ့သူ၊ ကိုယ့်နံဘေးက လူကိုပဲ ယုံယုံကြည်ကြည်ရှိလာအောင် ပျိုးထောင်သင့်တယ် မိုးညီ

ငါ သူ့ကိုချစ်တာပေါ့
မင်းနဲ့ မပေါင်းလို့ အရာအားလုံးပြီးပြတ်မယ် ဆိုရင် ငါလုပ်ပေးမိမလားတောင်မသိဘူး” ဆိုပြီး အပြောကို သူ မျက်ရည်ဝဲစွာနဲ့ ကြည့်နေမိသည်။

ပြီးတော့ သက်ပြင်းချနေတုန်း

“မိုးညီရာ …” ဆိုပြီး သူ့ဆံပင်ကို သူငယ်ချင်း ဘော်ဒါအရင်းထက် ညီတစ်ယောက်လို ထိုးဖွရင်း

“ငါ ဒါပြောလို့ စိတ်မကောင်းဖြစ်မနေနဲ့
သဘောပြောပြတာ
ဒါပေမဲ့
မင်းနဲ့အဆုံးသတ်သွားမှာမဟုတ်ဘူး
မင်းလိုပုံစံ၊ အပြုအမူဖြစ်စေ
သူစိတ်မချတတ်တဲ့ လူတိုင်းနဲ့ ဖြစ်နေမှာလေ”

“ငါ့ကို မင်းနားလည် ပေးတာ ကျေးဇူးတင်တယ် နီ
တစ်ခါ တလေကြတော့လည်း ပတ်ဝန်းကျင်ဆိုတဲ့ အရာဖြစ်စေ
ကိုယ့်ဖြစ်တည်မှုကြောင့်ဖြစ်စေ
ကိုယ်မလိုလားတဲ့ ဖြစ်တည်မှုကြောင့်ဖြစ်စေ ငါ့စိတ်တွေ တအားမွန်းကြပ်တယ်သိလား

လူတွေကို ဒါမှန်ပါတယ်
ဒါမှားပါတယ်လို့ ဝန်မခံချင်ဘူး”

“မလိုပါဘူး မိုးညီရာ
ပတ်ဝန်းကျင်ဆိုတာ မပြောနဲ့
ငါ မင်းကို သေလောက်အောင်ခင်၊ သေလောက်အောင် သံယောဇဉ်ရှိရှိ
လူတွေဟာ ကိုယ်လုပ်တာ ကိုယ်ခံရမှာပဲ
ငါက ကြားက ဝင်ခံပေးလို့ မရဘူး
ဖေးမပေးလို့ပဲ ရတယ်

မင်းက ဖွဟဲ့ တစ်ခုခု Accident ဖြစ်တယ်
ဟေ့ရောင် မင်းနာတာ ငါခံပေးမယ်
မရဘူး
နာတာတော့ မင်းခံရမှာပဲ
ငါက ကိုယ့်သူငယ်ချင်း အနာသက်သာအောင် ဘာလုပ်ပေးရမလဲပဲ လုပ်ပေးလို့ရတယ်

ဒါ့ကြောင့်
ပတ်ဝန်းကျင်ဆိုတာ ဂရုစိုက်ဖို့လိုပေမဲ့ အရမ်းကြီး အလေးအနက်ထားစရာတော့ မလိုဘူး မိုးညီ

အထူးသဖြင့်
ခုလို ရန်ကုန်မြို့ကြီးမှာ မင်းကို ဘယ်သူမှ အဲ့လောက် အချိန်ပေးလိုက်မကြည့်နိုင်ဘူး”

“အင်းပါ
ငါက မင်းကို အားနာတယ်
ငါပြန်ကြားတယ်လေ မင်းစော်နဲ့ မင်း ငါနဲ့ပတ်သက်ပြီး ပြဿနာတွေဖြစ်တယ်လို့

ငါ့မာနအရဆို ငါမင်းကို မပေါင်းချင်ဘူး
ဒါပေမဲ့
ဒါတွေက သူစွပ်စွဲသလို ဟုတ်ပါတယ်၊ မဟုတ်ပါဘူးလို့ ငါဝန်ခံစရာလဲ မလိုသလို
ငြင်းလည်း မငြင်းဘူး

ဒါပေမဲ့
လူတွေက ဘာတွေတုန်း
လူတစ်ယောက်ရဲ့ အသွင်အပြင်ဖြစ်စေ
ကိုယ့်ကို ကြင်နာလို့၊ ကိုယ့်ကို နွေးထွေးတဲ့သူ
ကိုယ့်စိတ်ထဲရှိတဲ့သူကို နွေးနွေးထွေးထွေး ဆက်ဆံရုံတစ်ခုနဲ့ ခေတ်ရေစီးကြောင်းကိုကြည့်ပြီး မရိုးသားဘူးလို့ စွပ်စွဲတာ
လွန်လွန်းတယ်လို့ ထင်တယ်…” ဆိုပြီး နာကြည်းစိတ် အနည်းငယ် စွက်နေသော မိုးညီကို သူ နားလည်ပေးနိုင်ခြင်းမှ အပ…..

🌈🌈🌈🌈🌈

ထို့နောက် သူ ပြုံးစိစိဖြင့်
“ဟေ့ရောင် မိုးညီ
ပြောလက်စနဲ့ မထူးဘူးငါပြောပြမယ်
ငါပြောလို့ မင်းငါ့စော်ကို စိတ်မဆိုးနဲ့အုံး”

“အင်းပါ…”

“ဒီဖြစ်စဉ်မှာ ငါက မင်းထက် အရိုက်ခတ်ခံရတာပါ
ငါရီစရာပြောပြအုံးမယ်
ငါ့စော်က ပြောသေး
အဲ့တစ်ယောက်ကို ဘယ်လိုကြည့်မရမှန်းမသိဘူးတဲ့

ဘာလို့လဲ ဆိုတော့
မိဘတွေကတောင် ဒီလောက် ယောက်ျားပီသအောင် ပေးထားတဲ့ ဇာနည်ဆိုတဲ့ နာမည်

သူ့ကျမှ တစ်ခါမှ မကြားဖူးဘူး နီတဲ့
ငါ့ဘဲကို မဂေး ဂေးအောင် မြူစွယ်နေတာလား မသိဘူးတဲ့

ရှင်ကရော ဒါကို လက်ခံတာပဲလားတဲ့…” ဆိုတော့
သူက ချက်ချင်း

“အေး ငါလည်း အဲ့တာ သိချင်တာ
ငါက မင်းကို မိတ်ဆက်ပေးတုန်းက စသလိုလိုနဲ့
ဇာနည်ဆိုတော့ နီပေါ့ ဆိုပြီး ခေါ်တာ အစပိုင်းမို့ အားနာနာနဲ့ မင်းသည်းခံတယ်ထင်တာ
ဘာပြန်ဖြေလိုက်လဲ…”

“ဟီး ….” လို့ သူပြုံးရင်း

“ဘာမဖြစ်ဘူးလို့
ငါ့စိတ်ထဲ နွေးထွေးတယ်လို့ပဲ ခံစားရတယ်လို့”

“ကျေးဇူးပါ…
မင်းငါ့ကို နားလည်ပေးသလို သည်းခံပေးလို့”

“ဟုတ်ဘူး မိုးညီ
ငါနားလည်ပေးတယ် ဆိုတာထက်
မင်းက ငါယုံကြည်အောင်နေလို့

တစ်ခါတလေ
သူတို့ပြောသလို အခြေအနေတစ်ခုသာကြုံရင်အထိ အစက တွေးဖူးတယ်

ဒါပေမဲ့
ငါသိတယ် မင်းငါတို့ ဒီလိုခင်မင်တဲ့ ဆက်ဆံရေး ပျက်လောက်အောင်
ငါလက်မခံနိုင်တဲ့ အပြုအမူ ဘယ်တော့မှ မင်းလုပ်မှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ်” လို့ဆိုရင်း

“ဒီမှာ မိုးညီ
တစ်ခါ တစ်ခါ ပတ်ဝန်းကျင်တစ်ခုလုံးက မှားနေတယ် ဆိုရင်တောင်
ပတ်သက်ဆက်ဆံမယ့် လူနှစ်ယောက် လက်ခံနိုင်ရင် မှန်နေတတ်တာမျိုးလည်းရှိတယ်

နောက်တစ်ခုက
ငါလက်မခံနိုင်တာ တစ်ခုတည်းနဲ့ မင်းဖြစ်တည်မှု မှားနေတယ်လို့ ငါမစွပ်စွဲဘူး
ငါလက်မခံနိုင်တာကို မကျူးလွန်ဖို့ပဲ လိုတယ်

တကယ်လို့ ကျူးလွန်ရင်လည်း
ကျောင်းတုန်းက ကြားဖူးမှာပေါ့
ဘာစည်းကမ်းတွေ လိုက်နာရမယ်
စည်းကမ်းဖောက်ဖျက်ရင် ဆိုတာနဲ့ အပြစ်ဒဏ်ဆိုတာ ပါလာမှာပဲလေ

ငါတို့ လက်ခံထားတဲ့ နှစ်ဦးကြားက စည်းမဖောက်သရွှေ့ အဲ့အပြစ်ဒဏ်ဆိုတာရှိလာမှာ မဟုတ်ဘူး

ပြီးတော့
မင်းမမှားဘဲ မင်းကို စွန့်ခွာလောက်တဲ့သတ္တိ
သူငယ်ချင်းတစ်ယောက်ဆုံးရှုံးရလောက်အောင် မဲ့တဲ့ အသိဥာဏ် မရှိသလို
ငါတန်ဖိုးထားပါလျက် မှားလို့ ဆုံးရှုံးရရင်လည်း ငါဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး မိုးညီ

ငါသိတယ် သိလား
စည်းဆိုတာ သတ်သတ်မှတ်မှတ်ရှိစေတဲ့ အပိုင်းအခြားပဲ
အဲ့ဒီ့သတ်မှတ်ချက်ထဲမှာ မင်းနဲ့ငါနေသရွှေ့ ဘယ်သူတွေဘာပြောပြော ဘယ်လိုစွပ်စွဲ စွပ်စွဲ ငါဂရုမစိုက်ဘူး မိုးညီ

ပြီးတော့
စည်းဆိုတာ တစ်ဦးစောင့်ထိန်းရမယ့်အရာရှိသလို
နှစ်ဦး နှစ်ဖက်
ဒါမှမဟုတ် ပတ်သက်ဆက်နွယ်သူတိုင်း စောင့်ထိုင်းရမယ့် အရာတွေလည်း ရှိတယ်

တစ်ဖက်သူ လက်ခံရင် စည်းပျောက်ပြီး
တစ်ဖက်သူ လက်မခံရင်တော့ စည်းဖောက် တာပေါ့ကွာ…

ထားပါ
မင်းစိတ်ညစ်နေပါတယ်ဆိုမှ ငါစကားတွေ အများကြီး ပြောမိပြီ”

“ဟာ
မင်းနဲ့ငါ ခင်မင်မှုသာ အဓွန့်ရှည်နေတာ အချို့အရာတွေ မပွင့်လင်းသလို
စိတ်ထဲရှိနေတဲ့ မွန်းကြပ်မှုတွေကို မင်းထုတ်ပေးတာ ကျေးဇူးပါ

စိတ်ချပါ မင်းပြောသလို
ငါလိုချင်တာ ဘာလဲ
ငါအဆုံးရှုံးမခံနိုင်တာ ဘာလဲ ဆိုတာ သိနေတာမို့ စိတ်ခံစားမှု တစ်ခုရှိခဲ့ရင်တောင်
ငါ မင်းနဲ့ ခင်မင်တဲ့ ဆက်ဆံရေးတွေ အထိပါး ခံမှာ မဟုတ်ဘူး…” ဆိုတဲ့ သူ့စကားကို နီ မသိသလိုနှင့် မတ်တပ်ရပ်လို့

“မိုးညီ
ဟိုမှာကြည့်စမ်း သက်တံကြီး…” ဆိုပြီး သူ့ကို ခလေးတစ်ယောက်လို ပြသလိုနဲ့ စကားလွှဲသွားသော နီပြရာ သူကြည့်နေလိုက်မိသည်။

သိပ်မကြာလိုက်
နောက်မှ

“ဟေ့ စုံတွဲ
မင်းတို့ ဘာလုပ်နေတာလဲ…” ဆိုသော စကားနှင့်အတူ ပြည်ဖြိုးနဲ့ သီဟဇော်စကားကို အရင်တုန်းက ကြားရင် မိုးညီ စိတ်မလုံမှာ သေချာသော်လည်း ခုတော့…

အလားတူ
နီမှ

“မင်းတို့ ငါ့လည်း ဖုန်းမဆက်ဘူး
ပြီးတော့ နေရာ တန်းသိနေပါလား”

“အမလေး ဟေ့ရောင်
ကန်ဘောင်က ရှာရခက်တယ်ဆိုတော့
ပြီးတော့ မင်းတို့ နှစ်ယောက် ဘာလုပ်နေလဲ သိချင်လို့ ပတ်ရှာတာ”

“မင်းတို့ ခု စောပါရော”

“စောမှာပေါ့
အိမ်ပြန် ရေမိုးမချိုးဘဲ အလုပ်က တန်းလာတာ

ငါသိသားပဲ
မင်းက ဒီ့ကောင့်ဆို ဦးစားပေးနေကြ
ဒီကောင် မနေဘူးလို့
ဟိုကောင် တစ်ယောက်တည်းဆို သွားမှာဆိုပြီး တစ်သောင်းနည်းတောင် လောင်းလာသေး” ဆိုပြီး သီဟဇော်က ပြည်ဖြိုးကို

“ဟေ့ရောင် ညီအစ်ကိုက ညီအစ်ကို
စပါးပေးက စပါးပေးပဲ” ဆိုပြီး ဥပမာပေး၍

“ပေး တစ်သောင်း” ဆိုတော့
“ဇာနည် ငါက မင်းယုံမိတာ တစ်သောင်းပါပြီ
မင်းဆိုတာလည်း မိုးညီဆိုတာနဲ့ကို ဖင်တကြွကြွနဲ့ …” ဆိုပြီး သူ့တစ်သောင်း ရှုံးတာ မဆီ မဆိုင်အပြစ်တင်နေသော ပြည့်ဖြိုးကို ကြည့်၍ တဟားဟားရယ်ရင်း

“ကဲ
ဒါဆို ထိုင်အုံးမလား
သွားကြမလား”

“ထိုင်တော့ဘူးလေကွာ
အချိန်ရရင် သောက်စားပြီး နည်းနည်း ဟဲရအောင်” ဆိုပြီး သီချင်းဆိုဟန်လုပ်ပြသော သီဟဇော်ကို ဇာနည် ပုခုံးပုတ်လို့

“ဟုတ်ပါပြီကွာ
ဒါဆို မုကြရအောင်” လို့ဆိုရင်း ကန်ဘောင်မှ သူ့ကားရှိရာဆီသို့ ….

အင်းလျားကန်ဘောင်မှ ကြည့်လျှင် မြင်ရသော သက်တံကြီးသည်ကား နေဝင်ချိန် ကြက်ဥရောင်သန်းနေသော ကောင်းကင်တွင် အထင်းသား ပေါ်သလို မှောင်ရိပ်တို့သည်ကား တဖြည်းဖြည်း အနည်းငယ် အုံ့ဆိုင်းလာလေသည်။

ထို့နောက်
ဇာနည်က မောင်း မိုးညီက ရှေ့ခန်းထိုင်၍
သီဟနဲ့ ပြည့်ဖြိုးတို့က နောက်ခန်း ဝင်ထိုငမလိုက်သည်။

ကားလေး တလိမ့်လိမ့်ထွက်ရင်း မိုးညီ ကားပြတင်းမှ ကျန်နေခဲ့သည့် သက်တံကြီးကို လွမ်းသလိုကြည့်ရင်း သူ့စိတ်ထဲ

“နီ
ငါမင်းအပေါ် ခင်မင်မှု လွန်ကဲခြင်းဟာ
အခြားသူတွေ စွပ်စွဲသလို စိတ်ခံစားမှုတစ်ခု
ဒါမှ မဟုတ်
အများတွေ သုံးနှုံး ကိုယ်စားပြုတဲ့ သက်တံတစ်ခု ဖြစ်ခဲ့ရင်
အဲ့ဒီ့သက်တန့်ဟာ အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်း ဆိုတဲ့ အရောင် (၇) မျိုးပဲပါတာပါ

သက်တံမှာ အဖြူရောင် ပါမလာခဲ့ဘူး နီ

ဒါပေမဲ့
မင်းပြောတဲ့စကားလို
စည်းတစ်ခုဟာ တစ်ဖက်က လက်ခံနိုင်တဲ့အခါ
စည်းပျောက်ပြီး
တစ်ဖက်က လက်မခံနိုင်တဲ့အခါ စည်းဖောက်တာဆိုသလို

ငါလိုချင်တဲ့ ရေရှည်ဆက်ဆံရေးအတွက် စည်းခြားပေးသလိုနဲ့ အသိတရားပေးခဲ့တဲ့ မင်းကို ကျေးဇူးတင်ပါတယ်” ဆိုတဲ့ အတွေးနဲ့ ဆွေးသလို ငေးနေသော သူ့ကို

“ဟေ့ရောင် မိုးညီ
ဘေးနားမှာ အားလုံးရှိနေတာ မင်းက ကားပြတင်းကြီးကနေ ဘာတွေငေးပြီး ဘာတွေတွေးနေတာလဲ” ဆိုတဲ့ ပြည့်ဖြိုး အသံနှင့်အတူ
သူတို့ သူငယ်ချင်း (၄) ဦးသည်ကား တစ်သားတည်းကျလျက် …..

ဆြာချစ်
(၂၀၂၂ ဩဂုတ် ၁၈)