သတင်းလေလား အတင်းလား

Posted on

သတင်းလေလား အတင်းလား(စ/ဆုံး)
————————————–
•••ထွေးတင်ရေ နင်သိပြီးပြီလား။

ဘာတုန်း ကောင်မရဲ့။

ဒေါ်အေးကြည် သမီးလေ။

သူ့အမေအိပ်နေတုန်း သူ့အမေရဲ့နားကပ်ကို တိတ်တိတ်လေး လာဖြုတ်လို့တဲ့။

ဟယ်။
မဟယ်နဲ့ ကောင်မရေ။

အဲဒါအမေဖြစ်သူက မသိချင်ယောင်ဆောင် နိုးချင်ယောင်ဆောင်ပြီး အပေါ့အပါးထသွားရတယ်။

မအိပ်ရဲတော့လို့ တစ်ညလုံးငုတ်တုတ်နေရသတဲ့။

သူက သူ့သမီးနဲ့ ဘေးချင်းကပ်အိပ်တာလေ။

မနက်ကျတော့ ငါ့အမေ့ဆီမှာ ငိုယိုပြီးသူ့နားကပ်လေးကို ချွတ်တယ်။

အမေ့ကို ခဏ သိမ်းထားပေးဖို့လာအပ်ထားတာ တွေ့တယ်အေ။

ထမီအကောင်းတွေဆို တစ်ထည်မှ မရှိတော့ဘူးတဲ့။

သူ့သမီးက ခိုးပြီးပေါင်စား ရောင်းစားတာတဲ့လေ။

ထမင်းပေါင်းအိုးတောင် မချန်ဘူးတဲ့။

သူ့သမီးရဲ့ကောင်လေးက ဆေးသမားတဲ့အေ။

ကဲဟယ်…ကြားရတာစိတ်ထဲမကောင်းလိုက်တာ။

သမီးမိန်းကလေး မွေးထားရတာလည်း စိတ်ညစ်ရပါလားနော်။
.

.
.
.
•••သိန်းခင်ရေ.. ညည်းတို့လမ်းထဲကငါတို့စျေးထဲမှာရွှေဆိုင်ဖွင့်တဲ့ ဟိုလူကြီးနဲ့ကောင်မလေးတို့မတွေ့တော့ပါလားအေ့။

ဟုတ်ပအေ။
ငါလဲ အဲဒါ ပြောချင်နေတာနဲ့အတော်ပဲ။

ကောင်မလေးက ကာရာအိုကေမှာအလုပ်လုပ်တာ။

အဲဒီလူကြီးက လူပျိုကြီးလို့ပြောတာပဲ။
သူဌေးတဲ့။

ကောင်မလေးက သူ့သမီးအရွယ်လေး။

ကာရာအိုကေမှာတွေ့ပြီး အဲဒီလူကြီးကကောင်မလေးကို ဂရုဏာသက်မိတယ်နဲ့တူတယ်။

ကောင်မလေးကလည်းရုပ်ရည်လေးက သနားကမားလေးလေ။

သနားလို့ဆိုပြီး စျေးထဲမှာရွှေဆိုင်ဖွင့်ပေးတာ။

ကာရာအိုကေမှာလည်းမလုပ်ခိုင်းတော့ဘူး။

ဦးလေးကြီးက သူ့ပိုက်ဆံတွေအရင်းအများကြီးစိုက်ထုတ်ပြီးရွှေဆိုင်ကိုအကျအနဖွင့်ပေးတာအေ။

ကောင်မလေးကိုလည်းရွှေပညာတွေသင်ပေးတယ်။

အဲဒါကိုကောင်မလေးအမေက သူ့သမီးကိုမတော်လောဘတွေနဲ့ဥာဏ်နီဥာဏ်နက်တွေပေးတယ်အေ။

ဟိုလူကြီးကို ငြိဖို့။
နီးစပ်ဖို့။
ဆွဲဆောင်ဖို့။

ကောင်မလေးခမြာ သူ့နည်းသူ့ဟန်တွေနဲ့ အမျိုးမျိုးဆွဲဆောင်ခဲ့ပေမယ့် မရပါဘူးအေ။

လူကြီးကရိပ်မိပြီး ရွှေဆိုင်ကိုပိတ်။

ရွှေတွေကိုပါယူပြီး သူတို့တွေကိုပါအဆက်အသွယ် ဖြတ်သွားတယ်။

ဟိုလူကြီးက ရိုးရိုးသားသား ကူညီတာပါ။

သားသမီးလို သဘောထားပြီးကောင်မလေးကို စိတ်ရင်းအမှန်နဲ့ ကူညီတာ။

အဲဒါကိုကောင်မလေးအမေက လူကြီးနဲ့အတင်းညားခိုင်းတော့ ခက်ကုန်တာပေါ့။

အခု ကောင်မလေးကကော။
ကာရာအိုကေမှာပဲလေ။
ဒုံရင်း…ဒုံရင်းပဲပေါ့။
.
.
.
•••ဟဲ့အေးခင်..နင်တို့အိမ်ရှေ့ကထင်ဦးမိန်းမ လင်ငယ်နောက်လိုက်သွားလို့ဆို။

ဟုတ်ပအေ။
ကောင်လေးက လူပျိုလေးပါ။

သူတို့အအေးဆိုင်ကိုလာ လာပြီးခြေရင်းအိမ်က မိပုညီမလေးကို လာပိုးနေတာ။

ထင်ဦးမိန်းမ မသက်က အောင်သွယ်ပေးတာ။

မသက်တို့မှာ ကလေးနှစ်ယောက်ရှိတယ် မဟုတ်လား။
ရှိတယ်လေ။

ကောင်လေးကက ငါးတန်း။
ကောင်မလေးက လေးတန်း။

မသက်အမေလည်း သူတို့နဲ့အတူနေတာမဟုတ်လား။

ဟုတ်တယ်လေ။
ထင်ဦးကလည်း ဆိပ်ကမ်းမှာ အလုပ်လုပ်ရတာပင်ပန်းတယ်။

ဒါနဲ့များဟယ်… မိသားစုကိုမငဲ့ကွက်ပဲ ဟိုလူပျိုနောက်ကို လိုက်သွားရတယ်လို့။

မသက်နဲ့အဲကောင်လေးက အသက်ဆယ်နှစ်လောက် ကွာတယ်လေ။

သူကလည်း တခြားနယ်ကအလုပ်လာလုပ်တဲ့သူဆိုတော့ မသက်တို့အိမ်ကိုစားအိမ် သောက်အိမ် ဖြစ်နေတာပေါ့။

မသက်ကလည်း ကောင်လေးကို တယုတယင်လုပ်နေတော့ ခက်ကုန်တာပေါ့ဟယ်။

ထင်ဦးကလည်း မိုးစုန်းစုန်းချုပ်
မှ အလုပ်က ပြန်လာတာလေ။

လူပျိုက မသက်ကိုသာယာတယ်နဲ့ တူပါတယ်။

ခုတော့ ထင်ဦးခမြာ အရက်သမားကြီးလုံးလုံး ဖြစ်ပါရော့လား။

အရက်တွေမူးပြီး အသက်ရေ အသက်ရေနဲ့ တကြော်ကြော်အော်ခေါ်နေတာများ ညလုံးပေါက်အေ။

အရက်သမားဖြစ်ရတဲ့အထဲ ဆိုင်ကယ်တိုက်မိလို့ ခြေထောက်တွေမှာ ဒဏ်ရာရလို့လေ။

မသက်အမေမှာ ရှက်လို့ဆိုပြီး အိမ်ထဲက အိမ်ပြင်တောင် မထွက်ရဲရှာဘူး။

အောင်သွယ်နဲ့ ညားသွားတဲ့ ဇာတ်လမ်းပေါ့အေ။
အေးပေါ့။
.
.
.
•••မိအေးမိုးတို့ လမ်းထိပ်အိမ်က အဖိုးကြီးအိမ်ထဲမှာ တစ်ယောက်ထဲနေပြီး ဆုံးပါးသွားလို့ဆို။

ဟုတ်ပအေ။
ငါဆိုခုပြော ခုအော်ဂလီ ဆန်တယ်။

ပက်လက်ကုလားထိုင် ယိုင်နဲ့နဲ့မှာ ဘယ်ရက် ဘယ်အချိန်ထဲက ဆုံးပါးသွားတယ် မသိပါဘူး။

ဘေးအိမ်ကလူတွေက ဒီအဖိုးကြီးအသံလည်းမကြား ထွက်လာတာလည်းမတွေ့ဆိုတာနဲ့ အိမ်ထဲကိုချောင်းမြောင်းကြည့်ကြတယ်။

ကုလားထိုင်ပေါ်မှာ ခေါင်းစွပ်ဦးထုပ်လေးစွပ်ပြီး ထိုင်နေတာတွေ့တော့မှ အော်..သူဘာမှမဖြစ်ပါဘူးလေဆိုပြီး ဒီအတိုင်းနေကြတာ။

ဟို စပ်စုမ ခင်စိန်လေ ။
အိမ်ရှေ့ကနေ ဘဘကြီး ဘဘကြီးဆိုပြီးသွားအော်ဟစ်ခေါ်သတဲ့။

အဲဒါဟိုက ဘာမှပြန်မထူးဘူးဆိုပြီးမသင်္ကါလို့ ဘေးဘီဝဲယာတွေကိုအကူအညီတောင်းတယ်။

ရပ်ကွက်လူကြီးတွေကိုခေါ်ပြီး အိမ်တံခါးကို ရိုက်ဖွင့်တက်ရတော့တာပေါ့။

ကုလားထိုင်ပေါ်မှာအေ ဘိုးတော်ကဘယ်နှစ်ရက်နေ့ထဲက ကွယ်လွန်နေတယ်မသိ။

ခေါင်းစွပ်ကိုချွတ်လိုက်တာ ဆံပင်တွေဆိုတာကျွတ်ပြီးပါလာလိုက်တာအထွေးလိုက်ပဲ။

ကုလားထိုင် ယိုင်နဲ့နဲ့ကလည်း တခါထဲကျိုး။

အဖိုးကြီးပိန်ပိန်လေးက မနည်း မ ယူရတယ်။

မစင်တွေ ထွက်ထားတာကလည်း နံစော်နေတာအေ။

ငါဆို ခုချိန်ထိ တွေးမိတိုင်းမြင်ယောင်ပြီး အန်ချင်တုန်း။

အော်ဂလီ ဆန်တုန်းအေ့။
အဖိုးကြီးက ကပ်စေးနဲကြီး။

ဘယ်သူ့မှမပေး မကျွေးဘူး။
သူ့ဗိုက်တောင်သူ မသထာဘူး။

ဘယ်အမျိုးကိုမှလည်း ခေါ်မထားဘူး။

တခါများအေ။
သူ့တူမလင်မယား ဖောင်ကြီးကနေတောင်သူ့ဆီလာပြီးခြံရှင်း သစ်ပင်ခုတ် အမှိုက်လှဲ လာလုပ်ပေးတာ။

နေ့တစ်ဝက်လည်းကျရော ဘာကအဆင်မပြေဖြစ်တယ်မသိဘူး။

တူမလင်မယားကို မောင်းထုတ်ပါလေရော။

ဟိုလင်မယားခမြာ ထမင်းတောင် မစားသွားရရှာဘူး။

အလုပ်လုပ်နေရင်းတန်းလန်း ချွေးတွေရွှဲရွှဲ မျက်ရည်စိုစိုနဲ့ထပြန်သွားရရှာတယ်။

သူတို့အရပ်ရောက်ဖို့ လေးနာရီလောက်ကားစီးပြန်ရမှာ။

ကားခတောင်ပါရဲ့လားမသိပါဘူးအေ။

အဖိုးကြီးက အကုန် သူမှန်တာကြီးပဲဆိုတော့လူနဲ့ မတည့်ဘူးပေါ့။

တစ်ယောက်ထဲနေတော့ နေထိုင်မကောင်းရင် ရေတစ်ခွက်ခပ်တိုက်မယ့်သူတောင်မရှိဘူးလေ။

သူများကို စေတနာမရှိတဲ့ အကျိုးတွေပေါ့အေ။

ခုတော့ သူ့ပစ္စည်းတွေ အိမ်ယာတွေကို သူ့ညီမ နဲ့သူတူမတွေ ရသွားတာပေါ့။

အိမ်က ဂရံမြေ။
ပေနှစ်ဆယ် ပေခြောက်ဆယ်အေ။
တန်ကြေးရှိလိုက်တာများ။

ငါတို့အမေက ဆယ်ပေရောင်းပြီး အလှုအတန်းလေးလုပ်။

ကိုယ်ကြိုက်တာလေးလည်း ဝယ်စား။

ဆေးဖိုးဝါးခလည်းချန်လို့အကြံပေးတာကိုသူက ဆဲလိုက်တာများဆိုတာအေ။

မိုးလင်းမိုးချုပ်ကို ဆဲတာ။

ငါတို့ကသာ သူဆဲဆိုတာမခံနိုင်လို့ဆွဲမယ် ဖြဲမယ် ချမယ် ဆိုပြီးဒေါသထွက်တာ။

ငါ့အမေက ငယ်စဥ်ထဲကအတူနေလာတဲ့ငယ်မွေးခြံပေါက်တွေဆိုတော့ သည်းခံတယ်အေ။

ခုတော့ အရသာရှိတာ သူဘာမှလည်းစားမသွားရ။

ဆေးကောင်းဝါးကောင်း ဓာတ်စာကောင်းကောင်းလည်းမမှီဝဲခဲ့ရနဲ့ သူနှမြောတဲ့ သူပိုင်ပစ္စည်းတွေ သူများအတွက် ဖြစ်သွားရတာပေါ့။
.
.
.
•••ဟဲ့••ဟဲ့••ဟိုကောင်မတွေ။
ညည်းတို့အရပ်ထဲက အတင်းအဖြင်းတွေ ရပ်တော့ဟေ့။

ဟိုမှာ…စတုဒီသာ ကျွေးပြီတဲ့။

ကြက်သားဟင်းအနံ့လေးက ဒီအထိမွှေးနေတယ်။

ဖိုးပု လော်နဲ့ အော်နေပြီ။

လာ…သွားကြမယ်။
လာပြီ…ကြီးတော်ရေ..လာပြီ။
.
.
.
#ခင်လှမြတ်ခိုင်