သမီးမိုက်(စ/ဆုံး)
—————
ရွာက လူရိုသေ ရှင်ရိုသေ မိသားစု ထဲတွင် မထွေးတင် တို့ မိသားစုလည်း ပါသည်။ မထွေးတင် က အငယ်ဆုံး သမီး။ သူ့အထက်မှာ ကို ကြီး နဲ့ ကိုလတ်။
ကို ကြီး က လူအေး။ ဘာမျမသိ။ ပိုက်ဆံတောင် မကိုင်တတ်။ ကိုလတ်ကတော့ အနည်းငယ် တော်သေးသည်။ သူတို့ ညီအစ်ကို နှစ်ယောက် ပျင်းတာ မဟုတ်ပေမဲ့ လယ်အလုပ်မှာ အီလေးဆွဲနေတတ်သည်။ နွေဦးပေါက်တာတောင် စပါးတွေက လှေ့လို့မ ပြီး။ သိမ်းလို့ မပြီး။
မိခင်ဒေါ်သန်းတင် ကြီးကတော့ သားနှစ်ယောက်ကို တခါတလေ ဆူတတ်သည်။ တဘက်ကလည်း သားတွေကို အကောင်းမြင်ပေးတယ်။
” ငါ့သားတွေ လုပ်တာကိုင်တာ နှေးပေမဲ့ အသောက်အစား မရှိဘူး။”
သည်လိုပဲ ဒေါ်သန်းတင် ကြီးက ဖြေသိမ့်ပြီး သားတွေကို မေတာပေး နေတတ်သည်။
**************************************************************************
။ ထွေးတင် က စိတ်ခံစား မထိန်းနိုင်သူ။ တွေဝေတတ်သူ။ အစ်ကိုတွေ လုပ်ကိုင်တာကိုလည်း အားမရ ဖြစ်နေတတ်သည်။ကိုယ့်မျက်ချေး ကိုယ်မမြင်သလို သူ့မရဲ့
ဗြုတ်စဗြဲနောင်း ဖြစ်သလို နေတတ်တာကို တော့ သူမ မမြင်။
“ထွေးတင် အိမ်ပေါ်မှာ သဲတရှပ်ရှပ်နဲ့ နင်နေနိုင်တယ်။ တံမြက်စည်းလေး ဘာလေး လှည်းပါအုံး”
” အိုး နေ့တိုင်း မလှည်းနိုင်ပါဘူး။ သဲတွေက လှည်းလည်း ပြန်တတက်တာပဲ။ အမေ့သားတွေကို ခြေထောက်သဲပေနဲ့ မတတက်ခိုင်းနဲ့ပေါ့”
ထိုအခါ သူတို့သား အမိ ရန်ပွဲ စပြီ။
” ထွေးတင် ညနေ ထမင်းဟင်း ပန်ကန်တွေ စားပြီးလျင် တခါတည်းဆေးမောက်ထား။ မနက်ကျ အဆင့်သင့် ချက်ရတာပေါ့”
တခါတလေ ဒေါ်သန်းတင် ကလည်း ဘုရားရှိးခါနီးမှ အမြင်မတော်တာကို ေပြာနေတတ်သေးသည်။
” မနက်ကျ အချိန်မီ ပြီးရော မဟုတ်လား” ထွေးတင် ကလည်း ပြန်ပက်တတ်သည်။
” ဟဲ့ မဟုတ်ဘူး။ ထွေးတင်ရဲ့။ ထမင်းဟင်းကျန် အနံ့တွေက ပိုးဟပ်တွေ၊ ကြွက်တွေ လာတတ်တယ်။ အဲဒါကြောင့် တခါတည်း ဆေးခိုင်းတာ”
ထိုညမျိုးဆို ဒေါ်သန်းတင်လည်း ဘုရားဆက် မရှိခိုး ဖြစ်တော့ပေ။
” ထွေးတင် အကျီထမီတွေ တန်းပေါ်မှာ တိုးလိုတန်းလန်း မထားနဲ့။ သပ်သပ်ရပ်ရပ် ခေါက်သိမ်းပါအုံး”
အမေကြီးဒေါ်သန်းတင်လည်း မေနနိုင်တဲ့အဆုံး ကိုယ်တိုင်ပဲ ခေါက်သိမ်း ဖြ
စ်တာက များသည်။
“ထွေးတင် ဟိုဘက်ရွာကို တောလမ်းကနေ တစ်ယောက်တည်း မသွားနဲ့။ မုဒိန်းကျင့်ပြီး ပေါက်တူးနဲ မြှပ်သတ် ခဲ့တာ မျိုးတွေ ရှိဖူးတယ်”
ဒေါ်သန်းတင် က စိုးရိမ်စိတ်နဲ့ သွန်သင်မာန်မဲတတ်သည်။
” ကြံကြောက်လှည်းအောက်မအိပ်နဲတဲ့လား။ ကိုယ်အလုပ်နဲ့ ကိုယ်သွားတာ။ ကြောက်နေလျင် အလုပ်ကပြီးမှာ မဟုတ်ဘူး။ လာလုပ်ကြည့်ပါလား။ သူလည်းလက်နဲ့ ကိုယ်လည်းလက်နဲ့ပဲ။ ”
အမေကြီးဒေါ်သန်းတင် က ဟိုဆို ထွေးတင် က သည်လိုဖြင့် အမြဲခံပက်လေ့ ရှိသည်။ နောက်ပိုင်းတော့ သမီးတစ်ကောင် နွားတစ်ထောင်ကို အလိုက်သင့် နေရတော့သည်။
*************************************************************************
ထွေးတင် တစ်ယောက် စိတ်ရှုပ်စရာ ကြုံရပြီ။ ကိုလတ်က ဆိုင်မဆင့် ဘုံမဆင့် မိန်းမခိုးလာ၍ ဖြစ်သည်။နကိုကတည်း အလုပ်မှာ အီလေးဆွဲသည့် အစ်ကို မိန်းမယူလာတော့ ဘ၀င်မကျ။ ယောက်မ အကြောင်း သိရတော့ ပိုလို့ပင် စိတ်အနှောင့်အယှက် ဖြစ်ရတော့သည်။
” နင့် ယောက်မက ငါတို့ရွားနာကလေ”
“သူတို့မိသားစုတွေက မျိုးနဲ့ရိုးနဲ့ အပျင်းတွေ။ အကြွေးတွေလည်း ဟိုယူသည်ယူ။ အတန်းပညာလည်း မရှိ။ နှစ်တန်းတောင်အောင်တာ မဟုတ်ဘူး။ အခု နင့်အစ်ကိုနဲ့ တခါတည်းလိုက်လာတာလည်း သူတို့အဖွဲ့တွေ မြောက်ပေးပြီး ထောင်ဖမ်းတာ နေမှာပေါ့”
အတင်းပြောသူရဲ့ စကားက ထွေးတင် ၏ ရှုပ်ထွေနေသော စိတ်ကို အကုသိုလ်ဒေါသတွေဆီ အဆုံးထိရောက်အောင် မီးလောင်ရာ လေပင့်သလို ဖြစ်နေတော့သည်။ နဂိုတည်း အားမရသည့် အစ်ကိုက မိန်းမခိုးလာတော့လည်း ပုံမလာဟု တွေးနေမိသည်။ တဘက်မိန်းကလေးအေပါ်တွင်လည်း အလိုလိုပင် အမုန်းစိတ် ကိန်းအောင်းမြန်းမသိ ကိန်းအောင်းနေတော့သည်။
ဒေါ်သန်းတင် ကတော့ ယောက်ခမဆိုတာ တချိန်တုံးက ချွေးမပါပဲ ဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ သားအပေါ် သဘောအကျ မဟုတ်လှသော်လည်း လူကြီးမိဘ အစုံအလင်ဖြင့်
မဂလာ ဆောင်ပေးသည်။
မင်ဂလာပွဲ ပြီးတာနဲ့ ကိုလတ်တို့ လင်မယားလည်း ထွေးတင်မျက်စောင်းကို ရှောင်ချင်တာနဲ့ လယ်ထဲ ပြန်သွာကြသည်။ ကိုလတ်တို့အတွက် လယ်၊လှည်နွားလည်း တခါတည်း ခွဲပေးလိုက်သည်။
ကိုလတ်ကတော့ အိမ်ထောင်ကျစမို့ အဆင်မပြေတာရှိတိုင်းအေမဒေါ်သန်းတင်ဆီ အကူအညီ တောင်းလေ့ရှိသည်။ အမေကြီးကလည်း မပစ်ပယ်ရက်ပဲ အကူအညီပေးလေ့ရှိတယ်။ ဒါကို ထွေးတင် က ဘဝင်မကျ။
” သူတို့ အိမ်ခွဲပေးလိုက်ပြီပဲ၊ ခုထိ နို့သက်ခံ စို့ချင်နေတုံးလား၊ ဘာလို့ ရှုပ်ရှုပ်ရှက်ရှက် လာဆက်နွယ်နေတာလဲ”
“ကိုလတ်ကလည်း ငါ့မိဘ အိမ် ငါလာတောင်းတာ၊ နင်နဲ့ဘာဆိုင်လဲ”
ထိုအခါမျိုးဆို အမေကြီးမှာ စိတ်ဆင်းရဲရုံမှတပါး ဘာမျမတတ်နိုင်။ သွေးတိုးရောဂါ ရရုံသာ ရှိတော့သည်။
**************************************************************************
အမေကြီးလည်း တစ်နေ့ ရုတ်တရက်သွေးတိုးပြီး လေဖြတ်သွားသည်။ ထိုအခါမှပင် ထွေးတင်လည်း တုန်လှုပ်သွားသည်။ နှစ်ရက်အကြာမှာပဲ အမေကြီး ဆုံးသွားသည်။
အမေကြီးဆုံးသွားတာကို ဝမ်းအနည်းဆုံးနဲ့ အစိုးရိမ်ဆုံးက ကိုလတ်မိန်းမဖြစ်သည်။ သူမအတွက် အရိပ်ပင်ကြီး ပြိုလဲသွားသလို ခံစားရသည်။
” ကိုလတ်ရယ်။ ကျွန်မတို့ ရွာပြောင်းရအောင်။ အားကိုစရာ အမေကြီးလည်း မရှိတော့ဘူး”
နောက်ဆုံးတော့ ကိုလတ်လည်း အေခြနေမှန်ကို သုံးသပ်ပြီး သူငယ်ငယ်ကတည်းက လုပ်ကိုင်ခဲ့သော အမေ့လယ်ယာကောင်းကို မရောင်းချင်ပဲ ရောင်းချပြီး သူ့မိန်းမရွာကို ပြောင်းနေလိုက်ရတော့သည်။
ထွေးတင်တို့ အိမ်မှာတော့ လူအေးကိုကြီးရယ် အဖေဖြစ်သူ ဘကြီးသာအောင် ကျန်ခဲ့တော့သည်။ လယ်ယာအလုပ်ကိုတော့ ထွေးတင် က သူကိုယ်သူဒေါင်းထိမောင်ထိ လုပ်ကိုင်နိုင်သူဟု အားသစ်မွေးပြီး လုပ်ကိုင်သည်။ စာရင်းငှား၊ ပျိုးနုတ်သမား၊ကောက်စိုက်မတွေဖြင့် ထိပ်တိုက်ဆက်ဆံ လုပ်ကိုင်ရသည်။ အပေါက်ဆိုးဆိုးထေးတင်ကို ယောက်ျားတွေက ကြောက်ရသည်။
************************************************************************
”မောင်မျိုး အဖေနေမကောင်းလို့ တဲက ကြက်တစ်ကောင် လုပ်ပေးအုံး။
မောင်မျိုးဆိုတာက ထွေးတင်တို့ လယ်ယာမှာ စာရင်းငှားလုပ်တာ သုံးမိုးရှိပြီ။ အနေကြာမို့ စိတ်ချရသည်။ အစ်ကိုကြီးနဲ့ စိတ်မချရသော အလုပ်တွေကို အောင်မျိုးကို မှာခဲ့ရသည်။
” မောင်မျိုး မနက်ဖြန် ပျိုးနုတ်သမားတွေ လာလိမ့်မယ်။ အဲဒါ နုတ်ရမဲ့ လယ်ကွက်တွေကို ပြထားလိုက်။ ငါ အလာနောက်ကျမယ်”
ညနေမစောင်းမီ ထွေးတင် ရွာပြန်သည်။
လယ်တကွက် အရောက်
” မထွေး ကန်စွန်းရွက်ထုတ် ကျန်ခဲ့ပြီ။
မောင်မျိုးအော်သံကြောင့် ထွေးတင် လယ်တစ်ကွက်အကျော်ရောက်မှ ပြန်လှည့်လာသည်။
အောင်မျိုးကလည်း အပြေးလိုက်ပေး ရှာသည်။
အချိန်ကြာလာတော့ ညနေခင်း၏ လေပြည်သည် မထွေးတင်ကို ကြည်နူးစေသည်။ စိတ်ကူးယဉ်စေသည်။ မိန်းမတစ်ယောက်အတွက် နှစ်သက်စရာအကောင်းဆုံး ပုံရိပ်သည် ယောက်ျားတစ်ယေက်၏ ပုံရိပ်ဖြစ်နေတာကို မောင်မျိုးမသိရှာ။ မိန်းမတစ်ယောက်အတွက် အသာယာဆုံးအသံကလည်း ယောက်ျားတစ်ယောက်ရဲ့ အသံဖြစ်နေတာကို မောင်မျိုးမသိရှာ။
**************************************************************************
“မောင်မျိုး ရော့၊ ပ်ျုးနုတ်သမားတွေ အတွက် စားစရာတွေ ပေးလိုက်။ နင်နဲ့ ကိုကြီးအတွက်ကတော့ တဲထဲရောက်မှစားကြ”
လယ်တခွက်အကျော် က ပျိုးနုတ်သမား တစ်ဦးက လှမ်းမေးသည်။
” မထွေးတင် အရက်ကော မပါဘူးလား”
” မပါဘူး သည်နေမှ မှာထားရတာ”
မထွေးတင် က လိုရင်းတိုရှင်း ပြောလိုက်သည်။
မောင်င်မျိုး ကတော့ မထွေးတင် ရဲ့ လုပ်ပုံကိုင်ပုံတွေကို သဘောကျနေမိသည်။
မိန်းမသား တစ်ယောက်အဖြစ်အနေနဲ့လည်း သနားနေမိသည်။
လယ်နီးနားချင်း ကာလသားတချို့ကလည်း နောက်သလိုပြောင်သလို့ ထေ့တတ်ကြသည်။
“မမီတဲ့ ပန်း တုံးခုလို့လှမ်း သတဲ့”
သိင်ဂီရွှေခွက်က ခြင်သေ့ဆီနဲ့မှ ထိုက်တန်ပေငြားသော်လည်း မိန်းမတစ်ယောက်ရဲ့ ရွှေခွက်အတွက် ခြင်သေ့ဆီဆိုတာ ဘယ်ယောက်ျားတစ်ယောက် မဆို ဖြစ်နေတတ်သည်ကို အောင်မျိုးက ကြိတ်ပြီး သိနေသည်။
နောက်ဆုံးတွင် လောကသဘာဝ ထဲက နှစ်သက်စရာစွဲလန်းစရာကောင်းေသာ အထိအတွေ့ကို သူတို့သိသွား ကြလေတော့သည်။
*************************************************************************
” မိုက်လိုက်တာ သမီး”
ဘကြီးသာအောင် ခမြာ ေဖြမ ဆည်နိုင်။
” စိတ်ဖြေပါ ဘကြီးရယ်။ အိုးချင်းနီး အိုးချင်းထိ၊ ကြိုးချင်းနီး ကြိုးချင်းငြိ၊ ဖိုမ သဘာဝ ဖြစ်တတ်ကြပါတယ်၊ သူ့အကြောင်းပါလို့ပေါ့”
မထွေးတင် ကတော့ တူနှစ်ကိုယ်တည်းအိုပျက်မှာ နေရ ချစ်တာပဓာန ကို စတင် သရုပ်ဆောင်ရလေပြီ။ မောင်မျိုး ကလည်း လုပ်ကျွေးရှာသည်။ ချစ်တာပဓာန၊ ချစ်တာသဘာဝဆိုပေမဲ့ တဲတင်းကုတ် အရသာကိုတော့ ခါးသီးစ ပြုလာပြီ။ အဖေ၊အမေတွေကို သတိရ၍လည်း စိတ်မကောင်း ဖြစ်နေမိတတ်သည်။
” အမေသာရှိခဲ့လျင် ဘယ်လောက်စိတ်ဆိုးနေမည် မသိ။ အဖေကော နေကောင်းရဲ့လား။ မတွေးတာပဲ ကောင်းပါတယ်လေ။”
ဘကြီးသာအောင် ကတော့ သားလူအေးကြီး ရဲ့ အစဉ်စဉ်မကျသော ကျွေးမွေးပြုစုမှု အောက်မှာ နေသားကျလို့ နေပါတော့သည်။
*************************************************************************
” ထွေးတင် နင့်အဖေ လေဖြတ်သွားတယ်၊ အဲဒါ လာပြောတာ၊ နင်ပြန်ပြုစုမှ ရမယ်၊ နင့်အစ်ကိုကြီး တစ်ယောက်တည်း မလွယ်ဘူး”
မထွေးတင် ဝမ်းလည်းနည်းသည်။ ဖခင်ကြီး ရုတ်တရက်ဆုံးသွားမှာကို ကြောက်သည်။ တဘက်ကလည်း ဖြည့်တွေးမိသည်။ ဖခင်ကြီးကို ပြန်ပြုစု ရမည်။ သူမရဲ့ အထာမကျသော ဘဝမှလည်း လွတ်မြောက်ချင်သည်။ ဖခင်ကြီးရဲ့ အိမ်ကြီးအိမ်ရိပ်မှ ထာဝရ ပိုင်ဆိုင်လိုသလို ထာဝရလည်း နေချင်မိသည်။
” ထွေးတင် နင်မြန်မြန်သွား။ ဘကြီးလည်း ကျန်းမာရေးမကောင်းတော့ စိတ်ပြေလောက်ပြီ။ တောင်းဆိုး ပလုတ်ဆိုးသာ ပစ်ရိုးထုံးစံ ရှိပေမဲ့ သားဆိးသမီးဆိုးတွေကိုတော့ ပစ်ရိုးထုံးစံ မရှိပါဘူး၊ သူ့သမီးဒုက်ခ ရောက်တာကိုလည်း တကယ်တန်း မမြင်ရက်နိုင်ပါဘူး။ ပြီးတော့နင့်အစ်ကိုလတ်ကလည်း အိမ်ခွဲသွားတယ် ဆိုပေမဲ့ အမွေဆိုင်အိမ်ဆိုပြီး လာပတ်သတ်နိုင်သေးတယ်”
အမျိုးမျိုးသော အကြံပေးမှုတွေ ထွေးတင်ကို ဖခင်အိမ်ပြန်ဖို့ ဆုံးဖြတ်စေသည်။
မထွေးတင်လည်း သမီးလေးကို ရင်မှာပိုက်လို့ ဖခင်အိမ်သို့ ပြန်လာခဲ့သည်။ မောင်မျိုးကတော့ လိုက်မလာ ခဲ့တော့ပေ။
*************************************************************************
တစ်နှစ်ခန့်ကြာသော ဘကြီးသာအောင်လည်း တဖြည်းဖြည်း ကျန်းမာလာသည်။ မိဘအိမ်မှာ စိတ်ခြံုမှု ရှိရုံသာရှိသေး။ မထွေးတင် က ကျန်းမာရေး ဖောက်လာသည်။ ရင်သား ကင်ဆာက မထွေးတင်ကို ဖောက်ပြန်နှိပ်စက် လေပြီ။ ကိုယ့်အသား ကိုယ်ပြန်စားသလို ဖောက်ပြန်သော ကင်ဆာဆဲလ်တွေက ကိုယ့်ခန်ဓာအိမ်ကို ကိုပြန်ဖျက်စီး လေပြီ။
ရင်သားအကြိတ်ကလည်း ကြီးလာသလို မှိုပွင့်ပမာ အနာတွေလည်း ဖောက်ထွက်လာသည်။ တဖြည်းဖြည်း ပိန်လာသည်။ အနာရဲ့ အနံကလည်း မကောင်းပေ။ခပ်လှမ်းလှမ် လေအောက်ကနေလျင် ပင် အနာအနံ့က တပါးသူကို စိတ်လက်သက်မသာ ဖြစ်စေသည်။
ဗူးလေးရာ ဖရုံဆင့် ဆိုသလို ဘကြီးသာအောင် က လေပြန်သည်။ သည်တခါတော့ ဘကြီးသာအောင် အိပ်ယာမှာ လှဲနေရတော့သည်။ သည်တခါမှာ ကိုလတ်တို့မိသားစု က လာရောက်ဝိုင်းကူ ရတော့သည်။ မထွေးတင်ရဲ မာန်မာနတွေသည်လည်း ရောဂါဝေဒနာအောက်မှာ တစစ ပြိုကျလာပါတော့သည်။
” ထွေးတင် အတွက် ခြံထောင့်မှာ အိမ်လေးတစ်ခု အမြန်ဆောက်ပေးပါ။ ထွေးတင်ရဲ့ အနာနံ့တွေကို အဖေ့ကို မရစေချင်လို့ပါ”
မထွေးတင်ရဲ့ တောင်းဆိုမှုကြောင့် စိတ်ချမ်းသာအောင် ဆောက်ပေးကြသည်။ရွာက လမ်းသွားလမ်းလာများက မထွေးတင် ၏ အိမ်လေးကိုကြည့်ပြီး ကရုဏာသက် ကြသည်။ ဘကြီးသာအောင် လည်း သည်တခါ လူကြီးနာကို မကျော်လွားနိုင်ပေ။ အရင်သွား နှင့်လေပြီ။မထွေးတင် အတွက် အိမ်နှင့်ခြံကို ပေးထားခဲ့သည်။ ရွာညတို့သည် တိတ်ဆိသော်လည်း တဲအိမ်ကလေး ထက်က မထွေးတင်၏ နောင်တစိတ်တွေကတော့ မတိတ်ဆိတ်နိုင်။
” အစ်ကိုလတ်၊ ထွေးတင် မှာပရစေ။ အဖေတို့အမေတို့ ဘိုးမွေဘွားမွေ ခြံကို မပျောက်ပျက်အောင် ဆက်ထိန်းပေးသည်။ အမွေခံထိုက်သူက ကိုကြီးတို့၊ကိုလတ်တို့ ပါပဲ။ ထွေးတင် သမီးလေး ကိုလည်း စောင့်ရှောက်ကျွေးမွေးပေးပါ”
ည၏ တိတ်ဆိတ်မှု နှင့်အတူ ထွေးတင်အသံက ကြေကွဲရစေသည်။
ကိုလတ်ကတော့ ညီမဖြစ်သူရဲ စကားအတွက် ဆို့နှစ်ဝမ်းနည်းရုံမှတပါး စကားပင်ပြန်မပြောနိုင်တော့ပေ။
” ပြီးတော့ ့့့့့့့”
စကားသံ၏ ဆို့နှစ်တိမ်ဝင်မှုနှင်အတူ မျက်ရည်များသည် ခေါင်းအုံးပေါ်သို့ ကျလာသည်။
“ပြီတော့ ထွေးတင် သမီးလေးကိုလည်း ထွေးတင်လို အမိုက်မ မဖြစ်အောင် ဆုံးမပေးပါ”
************************************************************************
နံနက်ရောက်သောအခါ ကိုလတ်သည် ညီမဖြစ်သူအတွက် နောက်ဆုံးအကြိမ် ကုသိုလ်ပြုရန် ရွာဦးကျောင်ဆရာတော်ကိုပင့်၍ တရားနားစေသည်။
“ဒကာမ မထွေးတင်၊သတိစိုက်၍ နာေပးပါ။ ”
” အလိုမကျခြင်း၊ မုန်တီးခြင်းတွေက နဂိုကတည်း ရှိနေတတ်တဲ့ ဒေါသ၊ မာန၊ မနာလိုမှုတွေနဲ့ စိတ်ကို ခိုင်းစေပျက်စီးစေတယ်။ ထိုကိလေသာတွေက အကုသိုလ်ကံမြောက်စေတယ်။
ချစ်ခင်တပ်မက်ခြင်းတွေ ကြပြန်တော့လည်း နဂိုတည်းက ပဲ ရှိနေတတ်သော လောဘ၊ရာဂ၊တဏှာ တွေကို ကပ်ငြိတွယ်ခိုပြီး စေခိုင်းတတ်တဲ့ သဘာဝ ရှိပြန်တယ်။ ရုပ်ခန်ဓာ ကလည်း အာရုံငါပါး ကိလေသာတရားတွေရဲ့ ခြယ်လှယ်ခံရပြီး သင်ခါရ ကံတွေ မြောက်စေတယ်။ ခံစားတတ်သော ဝေဒနာသဘောတွေက ဥပါဒန် အဖြစ်စွဲကျန်ရစ်ပြီး ဘဝများစွာ သံသရာ အထပ်ထပ်လည်စေတယ်။ သူငါမဟုတ် အဖန်ဖန် အကြိမ်ကြိမ် ဖောက်ပြန်ပျက်စီးတတ်သော ရုပ်နာမ် နှစ်ပါးသာဖြစ်တယ်။ မသိမှု အဝိဇာ အမှောင်ကို ပယ် ပါ။ အယူမှန်မှု၊သတိ၊ သမာဓိနဲ့ ကျင်ကြံပယ်နိုင်ပါစေ”
တရားသံသည် တဲအိမ်အတွင်းမှ တိတ်ဆိတ်စွာ ထွက်ပေါ်နေသည်။
” ကဲ ရေစက်ချရအောင်”
ကိုလတ်သည် အလှူပစ်စည်း ကို သူ့ညီမလက်နဲ့ ထိစေလိုက်သည်။ မထွေးခင်၏ လက်ချောင်းများသည် တုံ့ပြန်မှုမရှိဘဲ အေးမြနေနှင့်သွားခဲ့လေပြီ။
နောက်တစ်ရက် အတွင်းမှာပင် မထွေးတင်၏ တဲအိမ်လေးသည် လည်း မရှိတော့ပေ။ တဲအိမ်တိုင်များချွတ်ပြီး ကျန်ခဲ့သော မြေစာခဲများသည် မြေပြင်ဝယ် ဟိုတခဲ သည်တခဲဖြင့် မညီမညာ ကျန်ရစ်နေခဲ့တော့သည်။
*****†*******************************************************************