သံဝေဂ(စ/ဆုံး)
————-
မနက်လင်းတော့ တိုက်ကြက်ကြီး သေနေ၏။
ညကပင် တစ်ညလုံး တွန်နေသေးသည်။
သည်ကောင် သေသွားပုံကြည့်ပြီး မိမိပင်လွန်စွာ ထိတ်လန့်သွားရ၏။
သေခြင်းတရားက မည်သူ့ကိုမဆို မျက်နှာသာမပေး။
အချိန်မရွေးခေါ်ဆောင်သွားနိုင်သည် မဟုတ်ပါလား။
=================
မိမိက အိမ်နောက်ဖေးမြေကွက်လပ်လေးမှာ ကျင်းတူးနေ၏။ဤနေရာက တိုက်ကြက်ကြီးမြေမြှုပ်ရန် အသင့်တော်ဆုံးနေရာဖြစ်သည်။
ယခင်က တစ်ခြံလုံးမှထွက်ရှိသောအမှိုက်များကို ကျင်းတူးကာစွန့်ပစ်ခဲ့သော နေရာလေးမို့ မြေဆွေးမြေပွဖြစ်နေကာ တူးဆွရတာသိပ်ပြီး အခက်အခဲမရှိလှ။
ပေါက်တူးဖြင့် မြေကြီးကို
သုံးပေအနက်ခန့် စိတ်ကြိုက်တူးလိုက်ခြင်း ဖြစ်သည်။ထိုစဉ် ဆိုင်းမပါ ဗုံမဆင့် မိမိအိမ်ခေါင်းရင်းမှာနေသော
ဉီးလေးနှင့် ခြေရင်းခြံမှာနေသော ညီငယ်တို့ အလောတကြီး ရောက်လာ၏။
“ဘာလုပ်တာလဲငါ့တူရယ်”
.”ကြက်ဖကြီးမြေမြှုပ်မလို့ ဉီးလေး”
“မင်းနှယ့်အပင်ပန်းခံလို့ကွာ”
“အဲ့လိုလည်းဘယ်ဟုတ်ပါ့မလဲ ဉီးလေးရ”
“နှမျောစရာကွယ် ဉီးလေးကိုပေးလိုက်ပါလား”
“ဟာ မဟုတ်ကဟုတ်က ဉီးလေးကလည်း”
“ဘာလို့မဟုတ်ရမှာလဲ တူမောင်ရဲ့”
“မပေးနိုင်ဘူးဉီးလေးရာ
ကျွန်တော်က မြေပဲမြှုပ်မှာ”
“တော်ကွာ အတော်ဂွကျတဲ့ကောင်ပဲ”
ဉီးလေးက ပြောပြောဆိုဆို မိမိနားမှချာကနဲ လှည့်ထွက်သွားတော့၏။
“ကိုကြီးက ဉီးလေးပြောလည်းပြောချင်စရာပဲ”
“ဟေ့ကောင် မင်းကိစ္စမပါဘူး
အသာနေ”
ဉီးလေးထွက်သွားသော်လည်း ညီငယ်က ကြက်ဖကြီးကိုစိုက်ကြည့်ကာ အနားမှမခွာ။
“မနေနိုင်ဘူးကိုကြီး.”
“ဘာကွ”
.”.ဟုတ်တယ်လေ”
“မင်းကဘုမသိ၊ဘမသိ ဘာလာဟုတ်နေတာလဲ”
“စျေးထဲမှာ ဗမာကြက်တစ်ပိသာ တစ်သောင်းကျော်နေတာ”
“.အဲ့ဒါဘာဖြစ်လဲကွ”
“နှမျောစရာလေ၊ချက်စားဖို့ကျွန်တော့်ကိုပေး ကိုကြီး”
“မပေးဘူးကွ၊မပေးနိုင်ဘူး”
မိမိကဒေါသနှင့် အော်လိုက်၏။
“မပေးလည်းနေဗျာ”
အိမ်ထောင်ခွဲဖြစ်သော ညီလည်းမိမိကို မချေမငံပြောကာ စိတ်ဆိုးလျက် ခြေဆောင့်ထွက်သွားတော့သည်။
ယခုမှပင် ကြက်ဖကြီးကို မိမိစိတ်ကြိုက် မြေကျင်းထဲချရ၏။
“ကောင်းရာမွန်ရာရောက်ပါစေကွာ”
ကြက်ဖကြီးအတွက် မိမိတကိုယ်တည်း ဆုတောင်းရင်း.မြေကြီးများအပြီးသတ်
ဖို့ကာ အိမ်ရှေ့သို့ စိတ်မကောင်းစွာ ထွက်လာခဲ့ပါသည်။
“ကိုကြီးရေ ဒီမှာဖုန်းလာနေတယ်”
“သြော်၊အေးအေးညီမလေး
ပေးပေး ဘယ်သူတဲ့လဲ”
မိမိ အိမ်ရှေ့ပင် မရောက်တတ်သေး။ညီမငယ်ရွှေဘုတ်က ဖုန်းလာပေး၏။
“မသိဘူး ကိုကြီး”
“အေးပါညီမလေးရယ်၊ကိုကြီးမေးလိုက်မယ်”
ညီမငယ်ထံမှဖုန်းကို မိမိ လှမ်းယူလိုက်သည်။
“ဟယ်လို အမိန့်ရှိပါ”
“ကိုကြီးရေ၊ကျွန်တော်ဗြားကြီးပါ”
“ပြောလေ ဗြားကြီး”
“ရွာလယ်လမ်းမှာ နာရေးဖြစ်လို့”
“ဘယ်သူဆုံးတာတုန်း ဗြားကြီးရ”
“ကိုကြီးသူငယ်ချင်း ကိုသိန်းအောင်လေ”
“ဟေ”
“ဟုတ်တယ်၊ကိုသိန်းအောင်မိန်းမက ကိုကြီးကိုအကြောင်းကြားခိုင်းလို့”
“ဟုတ်ပြီဗြားကြီး အစ်ကိုခုလာခဲ့မယ်”
ကိုသိန်းအောင်ဆိုတာနှင့် မိမိဉီးထုပ်ကောက်ဆောင်းကာ အိမ်မှထွက်ဖို့ ပြင်တော့သည်။
“အဆာပြေ ထမင်းဆီဆမ်းလေး စားသွားပါဉီး ကိုကြီးရဲ့”
“မစားတော့ပါဘူး ညီမလေးရယ် ကိုသိန်းအောင်အိမ်သွားဖို့က အရေးကြီးတယ်လေ”
“လုပ်ပြီ ကိုကြီးကတော့”
“ကိုကြီးပြန်လာမှ စားတော့မယ်ညီမလေး”
“ကိုကြီးကလည်း ဒီမှာ
ပြင်ပြီးနေပြီလေ”
မိမိကား ညီမလေးရွှေဘုတ်အား လှည့်မကြည့်ဘဲ နာရေးအိမ်သို့ သုတ်ခြေတင်ခဲ့ပါတော့သည်။
===============
သူငယ်ချင်း ကိုသိန်းအောင်မှာ စိတ်ထားကောင်းလှသည်။သူက မိမိထက် အသက်သုံးနှစ်ခန့်ကြီးသဖြင့် သူငယ်ချင်းဖြစ်သော်လည်းကိုတပ်၍ ခေါ်ခြင်းဖြစ်သည်။
ရပ်ကွက်ထဲမှာ ဆွမ်းလောင်းဓမ္မာရုံဖြစ်မြောက်အောင် သူက မတည်ပေးခဲ့၏။
နှစ်စဉ် ကထိန်ရာသီရောက်တိုင်း ပဒေသာပင်ဖြစ်မြောက်ရေး ကမကထ ပြုခဲ့သူလည်းဖြစ်သည်။
နှစ်ဆန်းတစ်ရက်နေ့ရောက်လျှင် ရပ်ကွက်တွင်း အသက်(၇၅)နှစ်အထက် သက်ကြီးဘိုးဘွားများ ကန်တော့ပွဲကျင်းပရန်နှင့် ပရိတ်ပဌာန်းများ ရွတ်ဖတ်ပူဇော်ပွဲကျင်းပရေး
စိတ်အားထက်သန်စွာ မတည်ဉီးဆောင်ပေးခဲ့သူလည်း ဖြစ်ပါသည်။
ထိုမျှမက။
ရပ်ကွက်ထဲနာရေးဖြစ်လျှင် ကိုသိန်းအောင်အိမ်က ကားသုံးစီး အခမဲ့လိုက်ပါပို့ဆောင်ပေးတတ်သည်။
ကိုသိန်းအောင်မှာ မျိုးရိုးစဉ်ဆက် ငွေကြေးပြည့်စုံသူလည်းဖြစ်ကာ ရပ်ကွက်၏ရွာလယ်လမ်းမှာ ဆန် ဆီ နှင့်ကုန်ခြောက်မျိုးစုံလက်လီလက်ကားဆိုင် ဖွင့်ထားသည်။ထို့ပြင် ရေသန့်ဗူးများ အိမ်တိုင်ရာရောက်ပို့ဆောင်ရောင်းချခြင်းနှင့် အအေးမျိုးစုံ၊မုန့်မျိုးစုံ တို့လည်း ရောင်းချသေးသည်။
ရောင်းရေးဝယ်ရာများ မအားလပ်သည့်ကြား ရပ်ရေးရွာရေးကိစ္စများ ဉီးဆောင်တတ်သူမို့ ရပ်ကွက်ထဲဖွင့်ထားသော ကိုသိန်းအောင်ကုန်မျိုးစုံဆိုင်မှာ စေတနာကောင်းသဖြင့် အကျိုးပေးလည်း ကောင်းကာ စည်ကားနေတော့သည်။
မိသားစုထဲတွင်လည်း ကိုသိန်းအောင်တစ်ယောက် အရှိန်သြဇာ ကြီးမားလှ၏။
သူ့ဆိုင်၌ အလုပ်လုပ်ရင်း မှီခိုနေသူတွေ၊သူ့စီးပွားရေးတွင် ပါဝင်ရင်း သူ့အိမ်ရိပ်ခိုကာရပ်တည် နေထိုင်ကြသူ ဆွေမျိုးတွေ မရေတွက်နိုင်အောင် ပေါများလှသည်။
ကိုသိန်းအောင်အိမ်ကို အလည်သွားတိုင်း ထမင်းဝိုင်းက စဲသည်မရှိ။အိုးကြီးခွက်ကြီးချက်ကာ အလှူအိမ်ပမာ မိသားစုများ၊အလုပ်သမားများ နေ့တဓူ၀ စားကြသောက်ကြတာမြင်ဖူးသည်။
ကိုသိန်းအောင်ကခေါ်သည် ဆိုတာနှင့် အားလုံး “ဟုတ်ကဲ့…”ဆိုကာ ပြာယာခတ်နေတတ်ကြသည်။
ထို့ကြောင့်လည်း မိမိအနေဖြင့် ကိုသိန်းအောင်လုပ်ငန်းနှင့် သူ့ဘဝရပ်တည်နေပုံကိုအလွန်အမင်း အားကျကျေနပ်နေမိတာ အမှန်ပါ။
==============
“ကိုကြီး ခေါင်းရင်းဘက်ကိုကြွပါ”
“ဟုတ် မမထား”
“ရှင့်သူငယ်ချင်းကို ကြည့်ပါဉီးကိုကြီးရယ်”
“ဟုတ်ပါတယ် မမထားရယ် ကျွန်တော်လည်းအိပ်မက်ပမာ မယုံနိုင်အောင်ပါပဲ”
“အီး အဟင့်ဟင့် …ဟီး”
ကိုသိန်းအောင်ဇနီး မမထားကတော့ မိမိကိုမြင်တာနှင့်ချုံးပွဲချ ငိုကျွေးပါတော့သည်။
“မနေ့ကတင် သူနဲ့ကျွန်တော်ဝါတွင်းဆွမ်းလောင်းဖို့ အချိန်အတော်ကြာဆွေးနွေးခဲ့ကြတာ”
“ဟုတ်ပါတယ်ရှင်၊ရှင့်သူငယ်ချင်းက သံဃာတိုးပြီး ဆွမ်းလောင်းချင်တာတဲ့”
“ဟုတ်တယ် မမထား၊သူပြောတဲ့အတိုင်းကျွန်တော်လည်း စီစဉ်ထားပြီးပါပြီဗျာ”
“ဟုတ်ကဲ့ပါရှင်၊ကျေးဇူးရှင်ကြီးရေ၊ရှင့်သူငယ်ချင်း အရင်းကြီး ရောက်လာပြီလေ၊စကားထပြောလှည့်ပါဉီး၊ ဟီး ဟီး…”
မိမိအားမြင်ကာမှ
မမထား အားပါးတရ ငိုကြွေးလေတော့သည်။
မမထားကို မသိကျိုးကျွံပြုကာ ကိုသိန်းအောင်အလောင်းနား မိမိသွားလိုက်သည်။အိပ်နေသလိုပါပဲ။
ညကဆုံးသော်လည်း ကိုသိန်းအောင် ခြေလက်တွေ မတောင့်တင်းသေး။ကွေးလို့ဆန့်လို့ရကြောင်း ဗြားကြီးက အလောင်းပြင်နေရင်းပြော၏။
ကိုသိန်းအောင်မှာ သီလကောင်းသူ၊စိတ်ထား မွန်မြတ်သူ၊ဘာသာရေး ကိုင်းရှိုင်းသူ၊အလှူဒါန ထက်သန်သူတစ်ယောက်။.
ကိုသိန်းအောင်ပြုခဲ့ဖူးသော
ကုသိုလ်ကြောင့် ကောင်းရာသုကတိလားမှာ သေချာသည်။
“ဗြားကြီး အဆင်ပြေရဲ့လားကွ”
ကိုသိန်းအောင်အလောင်း ပြင်နေသော ဗြားကြီးကို စကားမရှိစကားရှာကာ မိမိမေးလိုက်ခြင်းဖြစ်သည်။
“ပြေတယ်ကိုကြီး”
“ဆရာဝန်ထောက်ခံစာကော
အလွယ်တကူရရဲ့လား”
“ရတယ်ကိုကြီး ၊ရပ်ကွက်နဲ့ကျန်းမာရေးမှာတောင် ထောက်ခံစာယူပြီးပြီ”
“ဒါဆို နိဗ္ဗာန်ယာဉ်ကား လာတော့မှာပေါ့”
“ဟုတ်တယ်ကိုကြီး၊ခုလာသယ်တော့မှာ”
ရပ်ကွက်ထဲ နာရေးဖြစ်လျှင် ဗြားကြီးက အလောင်းပြင်ကာ၊လိုအပ်တာလိုက်လုပ်ပေးနေကြလူငယ်ဖြစ်သည်။
နာရေးအတွေ့အကြုံများသူမို့
တစုံတယောက်ဆုံးတာနှင့် ဗြားကြီးကိုလူတိုင်း တမ်းတကြရသည်။တကယ့် ပရဟိတသမားစစ်စစ် လူငယ်တည်း။
နာရေးမြေကျသည်ထိ ဗြားကြီးက လုပ်ကိုင်ပေးတတ်သူ။ငွေကြေးတစ်ပြားတစ်ချပ်မှ မယူ။လူသေကို ကိုင်တွယ်လျှင်လည်း ပယ်ပယ်နယ်နယ် ကျွမ်းကျွမ်းကျင်ကျင် ရှိလှသည်။
“ဗြားကြီးရ နာရေးဘယ်နေ့ချမယ်ပြောလဲ”
ကိုသိန်းအောင်ကတော် မမထား ငိုချင်းချနေသဖြင့် နာရေးချမည့်ရက်ကို သိလိုသိငြား ဗြားကြီးအား တိုးတိတ်စွာ မိမိမေးလိုက်သည်။
“ခုချက်ချင်းတဲ့ ကိုကြီး”
“ဟေ”
==================
မနေ့က သည်အချိန်လောက်မှာ ကိုသိန်းအောင်နှင့်မိမိ ဓမ္မာရုံတွင် ဆွမ်းလောင်းလှူဖို့ အားပါးတရ ဆွေးနွေးခဲ့ကြသည်။
ယခု(၂၄)နာရီအကြာမှာ သူငယ်ချင်းကိုသိန်းအောင်အား မီးသင်္ဂြိုဟ်မည့် ရေဝေးသုသာန်သို့ မိမိရောက်ရှိနေခဲ့ရ၏။
မိသားစုမှာ အရေးပါအရာရောက်သလို ရပ်ကွက်ထဲသြဇာကြီးမားလှသော ကိုသိန်းအောင်အကြောင်းတွေးကာ မိမိရင်ထဲ ကြေကွဲဆို့နင့်နေတာ သေချာသည်။
===============
ရေဝေးမှပြန်တော့ နာရေးအိမ်ပင် လိုက်မသွားတော့ဘဲ လမ်းထိပ်မှာ မိမိဆင်းလိုက်သည်။စိတ်ထဲ ကိုသိန်းအောင်ဇနီး မမထားကို ဘဝင်မကျဖြစ်နေ၏။
“ဘာလို့ ကိုသိန်းအောင်အလောင်းကို သုံးရက်တောင်မထားဘဲ ချက်ချင်း သင်္ဂြိုလ်လိုက်ရတာလဲ”
နေ့မြင်ညပျောက်ဖြစ်သွားသော ကိုသိန်းအောင်ကို ကရုဏာသက်လျက် နှမျော တသစိတ်က ဖျောက်ဖျက်မရ။ထိုအတွေးဖြင့် အိမ်ထဲဝင်ခဲ့၏။မိမိကိုမြင်မြင်ချင်း ညီမလေးက သူ့အစ်ကိုလေး
(ကျွန်တော့်ညီ)အကြောင်း ဆီးတိုင်တော့သည်။
“ကိုကြီး၊ ကိုလေးက ကိုကြီးလည်းထွက်သွားကော မြေမြှုပ်ထားတဲ့ကြက်ဖကြီး ဖော်ပြီးယူသွားလေရဲ့”
“ဘာ”
“ညီမလေးလည်း ဘယ်လိုမှ
ပြောလို့ တားလို့မရဘူး ကိုကြီး”
“ဒီကောင်တော့ကွာ၊တွေ့ရင်သေဖို့သာပြင်တော့”
ရုတ်တရက် ခရီးရောက်မဆိုက် ညီမငယ်
ပြောစကားကြောင့် တိုက်ကြက်ဖကြီး ဖော်ယူသွားသော ညီအား ရိုက်နှက်ရန် ဒေါသဖြင့် သတိလက်လွတ်ကာ မိမိတစ်ယောက် ရပ်ကွက်ထဲ လိုက်လံရှာဖွေ နေမိသည်။
အတန်ကြာ ရှာသော်လည်း ညီဖြစ်သူကို လုံး၀မတွေ့။ မိမိမှာ အစက မကျေနပ်သည့်ဇောနှင့် ဒေါသနှစ်ခုပေါင်းစပ်ကာ ရှာနေမိသဖြင့် မောရမှန်းမသိခဲ့။
ယခုတော့ နှလုံးတွေအဆမတန် ခုန်လာ၏။
မောလွန်း၍ နားထဲမှ လေများပင် ထွက်နေပြီ။ သစ်ပင်ရိပ်မှာ မနားဘဲ ရပ်ကွက်ဓမ္မာရုံရောက်မှ အမောပြေ ခေတ္တ၀င်နားမည် စိတ်ကူး၏။ဤဓမ္မာရုံမှာ ကိုသိန်းအောင်နှင့် ဆွမ်းကိစ္စ၊ရပ်ရေးရွာရေး အကြောင်းအရာတို့ များစွာတိုင်ပင်ခဲ့ဖူးသည်မဟုတ်လား။
ဓမ္မာရုံ ၀င်၀င်ချင်း ဘုရားရှင်၏မျက်နှာတော်ကို ဖူးမျှော်မိရုံမျှ မိမိစိတ်ထဲ အေးချမ်းသွားရသည်။ မိမိဉီးခေါင်းထဲတွင်လည်း အတွေးတစ်စ ခို၀င်လာ၏။
” လူတစ်ယောက်သေသွားရင် ချစ်လွန်းလို့ ငိုကြ၊ခင်လွန်းလို့ တမ်းတကြ၊ မရှိမဖြစ်လွန်းလို့ ပူဆွေးကြ၊တန်ဖိုးရှိလွန်းလို့ မစွန့်လွှတ်နိုင်ကြ ဆိုပေမဲ့”
“တကယ့်တကယ် အိမ်မှာအကြာကြီး မထားချင်ကြဘဲ သုသာန် အမြန်ပို့ဖို့သာ လုံးပန်းကြတယ်”
“ကြက်ဖ တစ်ကောင်ကြတော့ သေလို့ မြေကြီးထဲမြှုပ်ပြီးထားတာတောင် ချက်စားဖို့ ပြန်တူး ယူချင်ကြတယ်”
“သြော်••• လောကကြီးက တော်တော်တရားကျစရာကောင်းပါလား”
အတွေးဆုံးတော့ ဓမ္မာရုံမှ အလိုတော်ပြည့် မြတ်စွာဘုရားကို ရိုသေစွာ
ဉီးသုံးကြိမ်ချရင်း ဒေါသများအလိုအလျောက်ကင်းစင်လျက် ကြည်ကြည်လင်လင် ဖြစ်နေသည်။
ထို့နောက် တည်ငြိမ်သောခြေလှမ်းများဖြင့် မိမိအိမ်သို့ပေါ့ပါးသွက်လက်စွာ•••။
အောင်မြင့်သောင်း(ဘူမိဗေဒ)
===============