အကြင်နာစစ်စစ်(စ/ဆုံး)
———————-
“မိချို..ညည်းအမေရက်လည်က ဘယ်နေ့လဲ”
“သဘက်ခါပါ”
သူ့ဆီ ကြက်သားဝယ်နေကျ အမေနဲ့ရွယ်တူ အန်တီကြီးမေးတာကို ဖြေရင်း မိချိုမျက်ရည်တွေကျလာပြန်သည်။
“အမေဘာဖြစ်သွားတာလဲ”
နောက်တစ်ယောက်က ထပ်မေးသည်။
“အဆုတ်အအေးမိသွားတာပါ”
“သိတောင်မသိလိုက်ဘူး၊ စိတ်မကောင်းလိုက်တာ”
ကြက်သားဝယ်သူတွေ တစ်ယောက်ပြီး တစ်ယောက် ကို အမေဆုံးသွားသည့်အကြောင်း ဖြေနေရသည်။
ဆယ့်တစ်နာရီလောက် ကြက်သားကုန်သွားသည်။စျေးဘန်းသိမ်းနေတုန်း ဘေးက သစ်သီးရောင်းသည့် ဒေါ်အေးမေက.
“မိချိုရယ်..ငါကြည့်နေတယ်၊ ညည်းအမေဆုံးသွားတာ တစ်ယောက်ပြီးတစ်ယာက်သာ ဘာဖြစ်လဲ မေးကြတာ၊ ရက်လည်အတွက် လှူမယ့်သူ တစ်ယောက်မှမရှိဘူး”
“ပိုက်ဆံအပိုမပါကြလို့နေမှာပါ ကြီးမေ”
“ဘုန်းကြီး ဘယ်နှစ်ပါးပင့်ထားလဲ”
“သုံးပါးပါ”
“မနက်ဖြန် လိမ္မော်သီး၊ သင်္ဘောသီးနဲ့ ပန်းသီးပေးမယ်၊ အချိုပွဲအတွက်နော်”
“မပေးပါနဲ့ကြီးမေရယ်၊ ကြီးမေလည်း အဆင်ပြေတာမှ မဟုတ်တာ”
“တသက်လုံးစျေးအတူရောင်းလာတာ၊ဒီလောက်တော့လှူရမှာပေါ့၊ဒိထက်လှူချင်တာပါအေ”
ပြောရင်းငိုနေသော ကြီးမေကို မိချို ပြန်နှစ်သိမ့်နေရသည်။
ပစ္စည်းတွေသိမ်းရင်း ရက်လည်အတွက် စိတ်ထဲက ဘာတွေချက်ရမလဲ တွေးနေမိသည်။
ကြက်သားဟင်းတစ်ခွက်၊ ဝက်သားသည် အမလှတင်က မနက်ဖြန် ဝက်သားပေးမည်တဲ့။
ငါးသည် မပိုတို့လင်မယားက ငါးမြစ်ချင်းတစ်ကောင်ပေးမယ်တဲ့။
အသီးအရွက်တစ်ခွက်၊ အရည်သောက်တစ်ခွက် ချက်မည်။
ငါးပိချက်အတွက် ပုစွန်ခြောက်သွားမေးသေးသည်။
တစ်ဆယ်သား ရှစ်ထောင်မို့ မချက်တော့ပဲ ငပိရည်၊ တို့စရာပဲ လုပ်တော့မည်။
အဓိက ဝတ္ထုငွေ ကပ်ဖို့ လိုမည်။တစ်ပါးဘယ်လောက်လှူရပါ့မလဲ။
“မိချို”
ခေါ်သံကြား၍ ကြည့်လိုက်တော့ ပလာတာသည် ကိုဖိုးတာ..
“ရော့..နင့်အမေ ရက်လည်အတွက် နင်ကြိုက်တာလှူဖို့”
ယူဖို့တွန်နေသော မိချိုကို ကြည့်၍..
“မများပါဘူးဟ၊ တစ်သောင်းထဲ၊ ငါစုထားတဲ့ပိုက်ဆံထဲက လှူတာပါ”
“ကျေးဇူးပါ ကိုဖိုးတာရယ်”
တကယ်တော့ ကိုဖိုးတာပေးတာ မိချိုမလိုချင်။ သူ့လက်ကိုဆွဲ လက်ထဲ အတင်းထည့်မှဖြင့်..
ကိုဖိုးတာက မုဆိုးဖို ၊ မိချိုကို သဘောကျနေတာ စျေးတန်း တစ်တန်းလုံးအသိ။
♧♧♧♧♧♧♧ ♧♧♧♧♧♧♧ ♧♧♧♧♧♧♧
စျေးသိမ်းပြီး အိမ်မပြန်ရသေး၊ ကြက် ဘဲစျေးတန်းသွားရသည်။
မနက်အတွက် ကြက်မှာ ၊ ကြက်ဖိုးရှင်းပြီးမှ အိမ်ပြန်ရသည်။
အိမ်ရောက်တော့ အမေ့ဓါတ်ပုံလေးနှင့် ပန်းအိုးတင်ထားသောခုံလေးဘေး ထိုင်ငိုမိသည်။စိတ်ထဲက ခံစားရတာတွေ အမေနှင့် စကားပြောသလို ရင်ဖွင့်မိသည်။
” မိချိုကို တစ်ယောက်ထဲ ထားခဲ့တယ်နော်၊ အမေရက်စက်လိုက်တာလို့ အပြစ်မတင်ရက်ဘူး။
ငယ်ငယ်ထဲက အဆုတ်မကောင်းလို့ အမေခံစားရတဲ့ဝေဒနာတွေ မိချို ခဏ ခဏ မြင်နေရတာကိုး။
အမေ လေးရက်လောက်ပဲ အပြင်းအထန်ဖြစ်ပြီး ဆုံးသွားတာ မိချိုကိုညှာတာမို့လား။
ငါအိပ်ရာထဲ အကြာကြီးလဲနေရင် ငါ့သမီးလေး အကြွေးတွေနဲ့ ကျန်ခဲ့မှာလို့ အမေတွေးတာ မိချိုသိတာပေါ့။
အမေ အိပ်ရာထဲ အကြာကြီးလဲသွားရင်လည်း ဒီအိမ်လေးရောင်းပြီး ဆေးကုပေးမှာပေါ့အမေရယ်၊
နောက်ဆုံး ဆေးကုစရာပိုက်ဆံမရှိရင် မိချိုတောင်းရမ်းပြီး ကုပေးမှာ
အမေဆုံးကာနီး မိချိုကို ကြည့် လက်ညှိုးလေးနှစ်ချောင်း ပူးပြတာ အိမ်ထောင်ပြုလို့ ပြောတာလား။
တော်ပါပြီအမေ၊ မိချိုတို့အိမ်ဘေးမှာ နေ့တိုင်းလိုလို လင်မယားတွေ ရန်ဖြစ်ကြ၊ ရိုက်ကြနှက်ကြနဲ့ တွေ့နေရတာ စိတ်ကုန်လွန်းလို့ပါ။
သီလရှင်ဘဝနဲ့လည်း မိချိုမနေနိုင်ဘူး၊ကိုယ်ရှာတာ ကိုယ်လှူချင်တာကိုး။
မိန်းမတစ်ယောက်မှာရှိရမယ့် အလှအပတွေ မိချိုမှာ မရှိလို့ စိတ်မပူနဲ့နော်အမေ”
♧♧♧♧♧♧♧ ♧♧♧♧♧♧♧ ♧♧♧♧♧♧♧
မိချိုတို့ စျေးတန်းလေးကို ဘယ်သူက စဖွင့်သည်မသိ၊ စျေးကြီးတွေနှင့်ဝေးတော့ ဘန်းလေးတွေခင်း စရောင်းရာမှ စျေးတန်းဖြစ်လာတာတဲ့၊
စျေးတန်းလေးဘေးအိမ်တွေလည်း ကုန်ခြောက်ဆိုင်၊ ဆေးဆိုင်၊ အလှကုန်ပစ္စည်းဆိုင်၊ လက်ဘက်ရည်ဆိုင် စသည်ဖြင့် ဖွင့်ကြရာ ခုတော့ အတော်အသင့်ကြီးသော စျေးဖြစ်လာပါပြီ။
အဖေနှင့်အမေက စျေးလေးမှာ ကြက်သားရောင်းသည်။
မိချို လေးတန်းနှစ်တွင် အရက်အလွန်သောက်သော အဖေဆုံးသွားသည်။ ခုအိမ်လေးက အဖေ့မိဘတွေအိမ်၊
အဖေ့မိဘတွေလည်း အသက်သိပ်မကြီးခင် ဆုံးသွားကြသည်ဟု အမေပြောဖူးသည်။
အိမ်ပိုင်လေးရှိ၍ တော်ပါသေး၊ အဖေမရှိတော့ အမေက ကြက်သားဆက်ရောင်းသည်။
ဆက်ဆံရေးကောင်းပြီး လက်သာသော အမေ့မှာ ဖောက်သည်တွေအများကြီး။
တစ်ယောက်ထဲ ကြက်သားခုတ်လိုက် ပိုက်ဆံတွေကိုင်လိုက်နှင့် အဆင်မပြေ၊
နောက်ဆုံး ငါးတန်းနှင့် မိချိုကျောင်းထွက်လိုက်ရသည်။
မိချိုတို့ဆိုင်၏ ဖောက်သည်တွေထဲတွင် ရှမ်းအစားအစာရောင်းသောညီအမက နေ့စဥ် လေးငါးပိသာ ဝယ်နေကျ။
ပိုက်ဆံလည်းရှိသည်။ဘေးသစ်သီးဆိုင်မှာ သစ်သီးဝယ်လျှင် အများကြီး ။
မိချိုက ပြန်ရောင်းဖို့ထင်တာပါ။စားဖို့ဆိုလို့ တအံ့တသြဖြစ်ရသေး။
ဖောက်သည်တွေထဲမှာ မိချိုသဘောမကျသော အဖွားတစ်ယောက်ရှိသည်။ လေသံကလည်းမာသည်။
ဆိုက်ကားပေါ်မှမဆင်း။ သူ့ခွေးကျွေးဖို့ ကြက်သားစ အတိုအထွာတွေ အဆစ်တောင်းတတ်သေးသည်။ပိုက်ဆံအတော် ချမ်းသာသတဲ့။
ဒီနေ့ မိချို စျေးသိမ်းပြီးရင် ကြက် ဘဲစျေး မသွားတော့ပါ၊ အမေ့ရက်လည်အတွက် ချက်ရပြုတ်ရမည်။
ရက်လည်ပြီး နောက်နေ့ မိချို စျေးမထွက်တော့ပါ။
ဝယ်နေကျ ဖောက်သည်တွေ အမေ့အကြောင်းမေး၍ ကြက်သားခုတ်ရင်း မနက်ဖြန်ရက်လည် ဆွမ်းကပ်ပြီး နောက်နေ့ စျေးမထွက်ဖြစ်ကြောင်း ကြိုပြောထားရသည်။
“သနားလိုက်တာသမီးရယ်”
“တစ်ယောက်ထဲကျန်ခဲ့တော့ ဘယ်သူနဲ့နေမလဲ”
“သမီးအမေက သိပ်သဘောကောင်းတာ၊ ကောင်းရာမွန်ရာရောက်မှာပါ”
“ဟယ်..ဖြစ်မှဖြစ်ရလေ၊ဒါကြောင့် မတွေ့တာကိုး၊ စိတ်မကောင်းပါဘူးသမီးရယ်”
တစ်ယောက်ပြီးတစ်ယောက် ပြောသွားကြသော်လည်း မိချိုအမေအတွက် ရက်လည်လှူပေးသူ တစ်ယောက်မှ မရှိပါ။စျေးကွဲစပြုပြီ၊
ထိုအချိန် မိချိုကြည့်မရသော အဖွားဆိုက်ကား ဆိုင်ရှေ့လာရပ်သည်။
“အဖွား၊ဒီနေ့ ဘာထည့်ပေးရမလဲ”
“ဘာမှမယူပါဘူးအေ၊ ရော့..ညည်းအမေအတွက် လှူချင်တာလှူပေး၊ ညည်းလည်း ကျန်းမာရေးဂရုစိုက်ဦး၊
သွားတော့မယ်”
တအံ့တသြနှင့် အဖွားပေးသောစာအိတ်လေးကိုင် ငိုင်နေစဥ်..
“မိချို၊ အဖွားကြီး ဘယ်လောက်လှူသွားလဲ”
သစ်သီးသည် ကြီးမေ မေးတော့မှ စာအိတ်လေးဖွင့်ကြည့်လိုက်သည်။
“အို..ငွေငါးသောင်းတောင်မှလား၊ အဖွားကို အမြဲ စိတ်ခုမိတဲ့ မိချိုကို ခွင့်လွှတ်ပါနော်၊
အိမ်ပြန်ရောက်ရင် အဖွားရဲ့စေတနာကို အမေသိ အောင် မိချိုပြောပြလိုက်ပါ့မယ်။
ပြီးပါပြီ..
♧♧♧♧♧♧♧ ♧♧♧♧♧♧♧ ♧♧♧♧♧♧♧