“အညာမှာသာတဲ့လ”(စ/ဆုံး)
————————-
“ခိုင် ဒီနှစ် နွေရာသီ ကျောင်းပိတ်ရင် မောင်တို့ အညာကို ဆွေပြမျိုးပြ အနေနဲ့ ဘုရားဖူး သွားကြရအောင်။”
“ကောင်းသားပဲ မောင်။ခိုင်လည်း အညာဘက်ကို ရောက်ဖူးချင်နေတာနဲ့ အတော်ပဲ။ဒါနဲ့ နေပါဦး။မောင့်ကို ခိုင် မသိလို့ မေးပါရစေဦး။မောင်က တောင်ငူသား မဟုတ်ဘူးလား။ဆွေးပြမျိုးပြဆိုတော့ မောင်က အညာမှာ အမျိုးတွေ ဘာတွေရော ရှိလို့လား။”
“သိပ်ရှိတာပေါ့ ခိုင်ရယ်။မောင့်မေမေရဲ့ ဇာတိက မင်းဘူးလေ။မေမေက မင်းဘူးသူ။ဖေဖေက တောင်ငူသား။မေမေက ဖေဖေနဲ့ အိမ်ထောင်ကျပြီး ယောင်နောက်ဆံထုံးပါ ဆိုသလိုပဲ ဖေဖေ့နောက်လိုက်ခဲ့ရတာလေ။ဒါကြောင့် တောင်ငူကို ရောက်သွားတာ။”
“ဪ ဟုတ်လား။ဒါဆို မောင်တို့ အမျိုးတွေ မင်းဘူးမှာ အများကြီး ရှိကြတာပေါ့။”
“အင်း ဟုတ်တယ် ခိုင်။မင်းဘူး၊မကွေးနဲ့ ရေနံချောင်း၊ချောက်တို့ ဘက်မှာ မေမေ့ဘက်က အမျိုးတွေ အများကြီးရှိကြတယ်။”
“ဟာ ဒါဆို အတော်ပဲ။ဒီနှစ် သားနဲ့ သမီး ကျောင်းပိတ်ရင် ခိုင်တို့ မိသားစု အညာကို ဘုရားဖူးထွက်ကြတာပေါ့ နော် မောင်။”
“မောင် ငယ်ငယ်က မင်းဘူးကို မေမေနဲ့ အတူ မကြာမကြာ သွားလည် ဖြစ်ကြတယ်လေ။အဲဒီတုန်းက မင်ဘူးမှာ ဖိုးဖိုးတို့ ဖွားဖွားတို့လည်း သက်ရှိထင်ရှား ရှိကြသေးတာကို။ရွှေစက်တော် ဘုရားပွဲသွားရတာဆို အရမ်း ပျော်ဖို့ ကောင်းတာပဲ သိလား ခိုင်။”
“အခု နောက်ပိုင်း ဖိုးဖိုးတို့ ဖွားဖွားတို့လည်း မရှိကြတော့ သလို မေမေလည်း အသက်ကြီးလာတော့ သူ့ဇာတိကို သိပ်မပြန်ဖြစ်တော့ဘူးလေ။တခါတလေ အရေးကြီးတဲ့ ကိစ္စရှိမှ သွားဖြစ်တာ။ဖိုးဖိုးတို့ ဖွားဖွားတို့ မရှိတော့တာကြောင့် မသွားဖြစ်တော့တာလည်း ပါတာပေါ့။”
“မောင်တို့လည်း ကျောင်းက တဖက်၊အလုပ်က တဖက်နဲ့ တဖြည်းဖြည်း ကြီးပြင်းလာကြတော့ မေမေ့နောက်ကို ငယ်ငယ်ကလို သိပ်မလိုက်ဖြစ်တော့သလို အညာကို တော်ရုံနဲ့ မရောက်ဖြစ်ကြတော့ဘူး။”
“ဒီနှစ်တော့ မောင်လည်း အညာကို မရောက်တာ ကြာပြီ။ကလေးတွေလည်း ကျောင်းပိတ်တုန်း မင်းဘူးက ကြီးကြီးကလည်း အလှူရှိလို့ မောင့်တို့ မိသားစုကို လာခဲ့ဖို့ တကူးတက လှမ်းဖိတ်တာနဲ့ အညာကို သွားရင် ကောင်းမလားလို့။”
“ကောင်းတာပေါ့ မောင်ရယ်။ခိုင်လည်း အညာကို ရောက်ဖူးသွားတာပေါ့။တိုက်တိုက်ဆိုင်ဆိုင် ခိုင်လည်း အညာကို ရောက်ဖူးချင်နေတာနဲ့ အတော်ပဲ မောင်ရဲ့။ရောက်တုန်း ရောက်ခိုက် ရွှေစက်တော်နဲ့ မကွေးက မြသလွန် ဘုရားလည်း ဖူးကြတာပေါ့။”
“နတ်မောက်က ဗိုလ်ချုပ်အောင်ဆန်းရဲ့အိမ်ကိုလည်း ဝင်ကြည့်ကြမယ်။အညာ စားစရာတွေလည်း တဝစားဖူးတယ်ရှိအောင် စားကြည့်ရဦးမယ်။ခိုင်က အညာသူ မဟုတ်ပေမဲ့ အညာမြေကိုတော့ ချစ်တယ် မောင်။ခိုင်ကြိုက်တဲ့ စာရေးဆရာ တော်တော်များများကလည်း အညာသူ၊အညာသားတွေ များတယ်လေ။”
•••••••••••••••••••••••••••••••••••••••••••••••••
ခိုင် ရောက်ဖူးချင်တဲ့ အညာမြေကို စတင်ခြေချခွင့်ရခဲ့ပါပြီ။အညာမြေကို ရောက်ပြီ ဆိုတာနဲ့ တမာနဲ့ ထနောင်းပင်တန်းတွေက အရင် ဦးဆုံး ခိုင့်ကို ကြိုဆို နှုတ်ဆက်ကြတယ်။အညာမြေရဲ့ရာသီဥတုဟာ အလွန် ပူပြင်းပြီး ခြောက်သွေ့လှပါတယ်။
ခိုင် သဘောအကျရဆုံးကတော့ လမ်းဘေး တဖက်တချက်မှာ စိုက်ပျိုးထားကြတဲ့ နှစ်ချို့တမာပင်တန်းကြီးတွေပါပဲ။တချို့နေရာတွေမှာ တမာပင်ကြီးတွေက ဟိုဖက်၊ဒီဖက် ခက်ချင်းယှက်ကာ လမ်းပေါ် အုပ်မိုးထားကြတဲ့ မြင်ကွင်းမျိုးကိုလည်း တွေ့ရတယ်။
ဒီလို မြင်ကွင်းမျိုးကို တအံ့တဩ ရင်တခုန်ခုန်နဲ့ ကြည့်ရ၊မြင်ရတဲ့ အရသာမျိုးကို ခိုင်အလွန်ပဲ သဘောကျနှစ်သက်မိပါတယ်။ဒီမြင်ကွင်းလေးက ပူပြင်း ခြောက်သွေ့လှတဲ့ အညာမြေရဲ့အိုအေစစ်တခုလို့လည်း ပြောလို့ရသလို ခိုင်ရဲ့စိတ်ထဲလည်း ဒီအတိုင်းပဲ ခံစားမိပါတယ်။
တမာဟာ အညာရဲ့အလှတခုလို့ ပြောရင်လည်း မှားမယ် မထင်ပါဘူး။နှစ်ချို့ တမာပင်တန်း အုံ့အုံ့ကြီးတွေကို ကြည့်ပြီး ရင်မှာ တသိမ့်သိမ့်နဲ့ ကြည်နူး လှိုက်ဖိုစွာ ခံစားရသလို ဒါဟာ ငါတို့ နိုင်ငံမှာရှိတယ်ဆိုတဲ့ အသိနဲ့ မျိုးချစ်စိတ်များလည်း တဖွားဖွား ပေါ်ပေါက်မိပါရဲ့။အမှန်တကယ် ဖြစ်ပေါ်ခံစားရတာပါ။ရန်ကုန်မှာ ကျန်ခဲ့ကြတဲ့ ခိုင့်ရဲ့မိတ်ဆွေ သူငယ်ချင်းတွေကို ခေါ်ပြီး ပြေးပြချင်လိုက်တာ။
ကားနောက်ခန်းမှာ သားလေးနဲ့ သမီးလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြတယ်။ခိုင်ကတော့ ကားရှေ့ခန်းမှာ မောင့်အနား ထိုင်ရင်း မောင် မပျင်းအောင် ထွေရာလေးပါး စကားတွေ ပြောပေးရင်း၊လမ်းဘေးဝဲယာ မြင်ကွင်း၊ရှုခင်းတွေကို ငေးမောကြည့်ရှုရင်း လိုက်ပါလာခဲ့တယ်။ကားမောင်းရင်း မောင်က ရေဘူးလှမ်းတောင်းတယ်။
“နေကလည်း ပူလိုက်တာကွာ။ခြစ်ခြစ်တောက်နေတာပဲ။အာခြောက်လိုက်တာ။ခိုင် ခြင်းထဲမှာ ရေသန့်ဘူး ရှိသေးလား။ရှိရင် မောင့်ကို ပေးပါဦးကွာ။မောင် ရေသောက်ချင်လို့။”
“ဟုတ်ကဲ့ မောင်။ခဏနော် ခိုင် ယူပေးမယ်။”
ခိုင်က နောက်သို့ လှည့်လိုက်ရင်း ကားနောက်ခန်းမှာ ချထားတဲ့ ခြင်းထဲမှ ရေသန့်ဘူးကို လှမ်းနှိုက်လိုက်တယ်။ရေသန့်ဘူးကို ကြည့်ပြီး ခိုင် ထံမှာ အာမေဋိတ်သံ တချက် မသိမသာ ထွက်ကျလာတယ်။
“ဟောတော့။ဒုက္ခပါပဲ။”
ခိုင့်ထံမှ ညည်းညူသံကြောင့် မောင်က ကားမောင်းနေရာမှ ချက်ချင်း လှမ်းကြည့်ပြီး မေးလာတယ်။
“ဘာဖြစ်တာလဲ ခိုင်။ဘာဖြစ်လို့လဲ။”
“ဘာဖြစ်ရမှာလဲ မောင်။ရေသန့်ဘူးထဲမှာ ရေက တစက်မှကို မကျန်တော့ဘူး။မောင့်သားနဲ့ သမီး အကုန်လုံး သောက်ပစ်လိုက်ကြပြီ ထင်တယ်။ခြင်းထဲမှာ မုန့်နဲ့ စားစရာတွေလည်း ဘာတခုမှ မကျန်တော့ဘူး။”
“သူတို့ ဗိုက်ဆာလို့ စားလိုက်တာ ဖြစ်ပါလိမ့်မယ်ကွာ။ကလေးတွေပဲ။ဘယ်နားလည် မလဲ။ပြောမနေပါနဲ့။နေပါစေတော့။မောင် မသောက်တော့ပါဘူး။”
“နောက်ထပ် နည်းနည်း ထပ်မောင်းရင် နတ်မောက်ကိုတော့ ရောက်တော့မယ်။နတ်မောက်ရောက်မှပဲ မောင်တို့ ထမင်းဝင်စားရင်း ခဏတဖြုတ် ဝင်နားကြတာပေါ့။”
လမ်းဘေးဝဲယာကို ရေရလိုရငြား ခိုင် အကဲခတ်ကြည့်မိပါသော်လည်း အခြေအနေက မဟန်။လမ်းက လူနေအိမ်ခြေတွေရှိတဲ့ ရွာတွေနဲ့ ဝေးရာ လမ်းပြတ်တခု ဖြစ်နေတာကို သတိထားမိလာတယ်။မောင်ကတော့ ဘာမှ မပြောတောဘဲ ကားကိုပဲ အာရုံစိုက်ပြီး ဆက်မောင်းနေတယ်။
နာရီကို လှမ်းကြည့်မိတော့ နေ့လည် ၁၂နာရီကျော်နေပြီ။ဘုရား ဘုရား ထမင်းစားချိန်တောင် ကျော်ကုန်ပြီ။ခိုင် အခုမှ ဗိုက်ဆာရကောင်းမှန်း သိလာခဲ့တယ်။ရေမရှိတော့ဘူးဆိုမှ ရေက ပိုငတ်လာသလိုလိုပါ။
တယောက်တည် စိတ်ညစ်နေစဉ် ကားက မထင်မှတ်ဘဲ ဘာဖြစ်မှန်းမသိ ထိုးရပ်သွားပြန်တယ်။မောင်က အကြိမ်ကြိမ် ကြိုးစားပြီး ထပ်နှိုးကြည့်သော်လည်း ကားက စက်မနိုးလာတော့ပါ။ဆီကို သေချာ စစ်ကြည့်မိတော့ မှ အဖြေက ပေါ်တယ်။ဆီက လုံးဝ မရှိတော့ဘူး။
“ခိုင်ရေ ကားက ဘာမှ ဖြစ်တာ မဟုတ်ဘူးကွ။ဆီကုန်သွားတာ။ဆီဝယ်ရမယ်။ဒီနားမှာ ဆီဆိုင်လည်း မရှိဘူးထင်တယ်။မရှိရင်တော့ နတ်မောက်အထိ သွားရမှာပဲ။ဒီကနေ နတ်မောက်ကို သွားရင်တော့ သိပ်မဝေးတော့ပါဘူး။”
မောင့်စကားကြောင့် ခိုင် ငိုချင်သွားတယ်။ရေကလည်း ငတ်၊ဗိုက်ကလည်း ဆာ ဝမ်းထဲမှာ တကြုတ်ကြုတ်နဲ့ သံစုံ မြည်နေကြပြီ။ဘယ်လို လုပ်ရပါ့။ခိုင် ဘာလုပ်ရမှန်း မသိ အကြံအိုက်နေစဉ် ကားနောက်ခန်းမှ သားနဲ့ သမီးက နိုးလာပြန်တယ်။
“မေမေ ဘယ်ရောက်နေတာလဲ။ကားက ဘာဖြစ်တာလဲ။သား ဗိုက်ဆာတယ်။ထမင်းဆိုင် မရောက်သေးဘူးလား။”
“သမီးရောပဲ မေမေ။သမီးလည်း ကိုကိုလို့ပဲ ဗိုက်အရမ်းဆာနေပြီ။”
“အေးပါကွယ်။ခဏ စောင့်ဦးနော်။သားတို့ သမီးတို့လိုပဲ မေမေလည်း ဆာတာပဲ။အခု လောလောဆယ် ကားက ဆီကုန်သွားလို့ ဆက်မောင်းလို့ မရတော့ဘူး။သားတို့ ဖေဖေ ကြိုးစားနေတယ်။ဒီကနေ လမ်းကြုံ တခုခု ရှာပြီး ဆီဆိုင်မှာ ဆီဝယ်ပြီးမှ ကားက ဆက်မောင်းလို့ ရမယ်လေ။မေမေတို့ ခဏ သည်းခံပြီး စောင့်ရမှာပေါ့ကွယ်။”
ခိုင့်စကားကြောင့် သားနဲ့ သမီးရဲ့မျက်နှာလေးတွေ အလိုမကျရိပ်တွေနဲ့ ခပ်မှိုင်မှိုင် ဖြစ်သွားကြတယ်။သူတို့ ဗိုက်ဆာနေကြတာကိုလည်း မျက်နှာကို မြင်တာနဲ့ သိသာလှတယ်။သားနဲ့ သမီးကို ကြည့်ပြီး ခိုင် စိတ်ထဲမကောင်း။သနားသွားရတယ်။တဆက်တည်း စဉ်းစားမိတာက မောင်လည်း ခိုင်တို့လို ဗိုက်ဆာနေရောပေါ့။
မောင်က ကားပေါ်က ဆင်းပြီး ကားဘေးမှာ ရပ်ကာ လမ်းရဲ့ဟိုဘက်၊ဒီဘက်ကို ရပ်ကြည့်နေတယ်။နတ်မောက်ဘက်ကို ဆီဝယ်သွားရန် လမ်းကြုံတခုခု ရှာနေခြင်းပါ။နေ့လည်နေ့ခင်းမို့ထင်တယ်။နေကလည်း တံလျှပ်တငြီးငြီးနဲ့ အလွန်ကို ပူပြင်းလှပါတယ်။
လမ်းပေါ်မှာ လူ အသွားအလာ ယဉ်အသွားအလာ ရှင်းလင်းလှတယ်။ထိုအခိုက် ခပ်လှမ်းလှမ်းမှ နွားလှည်းတစီး ဖြတ်မောင်းလာတာကို တွေ့လိုက်တယ်။လမ်းပေါ်မှာ ထိုနွားလှည်း တစီးမှအပ လမ်းကြုံလိုက်စရာ ဘာယဉ် တခုတလေမှ မတွေ့ရပါ။
လှည်းပေါ်မှာလည်း အသက်ခပ်ကြီးကြီး အဖိုးအို တယောက်နဲ့ အသက် ၁၂နှစ်အရွယ် ကောင်လေး တယောက်တို့ လိုက်ပါလာကြတယ်။မြေးအဖိုး ဖြစ်ပုံရတယ်။အဖိုးအိုက ကျောပြောင်ကြီးနဲ့ အညာဖျင်တဘက်ကို ခေါင်းပေါင်း ပေါင်းထားတယ်။ထိုနွားလှည်းကို ကြည့်ပြီး ခိုင် စိတ်ညစ်သွားတယ်။
အနီးသို့ ရောက်လာတဲ့အခါ လှည်းပေါ်မှ အဖိုးအိုက လှည်းကို ရပ်ပြီး ကားဘေးမှာ ရပ်နေတဲ့ မောင့်ကို လှမ်းမေးတယ်။
“ဘာဖြစ်တာလဲ လူလေး။ကားပျက်တာလား။”
“ဆီကုန်သွားတာပါ အဘ။ဆက်မောင်းလို့ မရတော့ဘူး။ဒါကြောင့် နတ်မောက်ဘက်ကို ဆီဝယ်ဖို့ လမ်းကြုံလိုက်ချင်လို့ စီးစရာ တခုခု စောင့်နေတာပါ။”
အဖိုးအိုက ကားပေါ်မှာ ထိုင်နေကြတဲ့ ခိုင်တို့ သားအမိကို တချက် အကဲခတ်သလို ကြည့်လိုက်ပြီ
“ထမင်းစားချိန်တောင် ကျော်လွန်နေပြီပဲ။ထမင်းရော စားပြီးကြပြီလား လူလေးတို့။”
“မစားရသေးဘူး အဘ။နတ်မောက်ရောက်မှ စားမလားလို့ တွေးထားခဲ့တာ။အခုလို ကားက ရုတ်တရက် ဆီကုန်သွားတော့ ကျွန်တော်တို့မှာ အခက်အခဲ ဖြစ်နေတာပေါ့။ကူညီလို့ရရင် ကျွန်တော်တို့ကို ကူညီပါဦး အဘရယ်။”
“မိန်းမနဲ့ ကလေးတွေ ဗိုက်ဆာနေရောပေါ့။လာ လာ အဘတို့ အိမ်ကို အားလုံး လိုက်ခဲ့ကြ။မင်းတို့ အားလုံးကို အဘ ထမင်းကျွေးမယ်။”
“ဟုတ်ကဲ့ အဘ။ဗိုက်ကတော့ အားလုံး ဆာနေကြပြီ။အဘတို့ အိမ်က ဘယ်နားမှာလဲ။ကျွန်တော်တို့ အားလုံး လိုက်လို့ရော အဆင်ပြေပါ့မလား။”
“ဘာလို့ မပြေရမှာလဲ။ဒုက္ခရောက်လို့ ကူညီတာပဲ။ကိုယ့်လူမျိုးအချင်းချင်း အဘတို့ ဒီလောက်တော့ စေတနာထားပြီး ကူညီရမှာပေါ့ကွယ်။ဒါနဲ့ လူလေးတို့က ဘယ်က လာကြတာလဲကွဲ့။”
“ရန်ကုန်ကပါ အဘ။မင်းဘူးမှာ အမျိုးတွေ ရှိလို့ ရွှေစက်တော် ဘုရားဖူးရင်း လာလည်ကြတာပါ ခင်ဗျ။”
“ရန်ကုန်က ဆိုတော့ အဝေးကြီးပဲ။ဟိုရှေ့ ကွင်းထဲက မန်းကျည်းပင်စုကို တွေ့လား လူလေး။အေး အဘတို့ အိမ်က အဲဒီမှာ ရှိတယ်။အဘတို့က ရွာအပြင် ယာခင်းထဲမှာ တဲထိုးပြီး နေကြတာလေ။”
“ရွာကတော့ တံခွန်တိုင် ရွာလို့ ခေါ်တယ်ကွဲ့။ဒီကနေဆို သွားရမှာ နည်းနည်းတော့ လှမ်းသေးတယ်။လူလေးတို့ ဒီမှာ စောင့်နေရင် နေကလည်း ပူ၊ဗိုက်ကလည်း ဆာနဲ့ ပင်ပန်းနေကြလိမ့်မယ်။”
“မဖြစ်ဘူး။အဘတို့ အိမ်မှာ လိုက်နားကြပါ။အဘ လူကလေးတို့ မိသားစုကို ထမင်းကျွေးပါ့တယ်။ပြီးရင် နတ်မောက်ကို ဆီသွားဝယ်ဖို့ ကိစ္စကိုလည်း အဘ အားလုံး စီစဉ်ပေးပါ့မယ်။အားလုံး လှည်းပေါ်ကို တက်ပြီး လိုက်ခဲ့ကြပါ။”
အဖိုးအို စကားဆုံးတာနဲ့ မောင်နဲ့ ခိုင် တယောက်ကို တယောက်ကြည့်ပြီး ပြုံး၍ ပြိုင်တူ ခေါင်းညိတ် ပြလိုက်ကြတယ်။
“ဟုတ်ကဲ့ အဘ။ကျွန်တော်တို့ လိုက်ခဲ့ပါ့မယ်။ဝမ်းသာလိုက်တာ အဘရယ်။ဒါဆို ခဏနော် အဘ။ကျွန်တော် ကားသော့ခတ်လိုက်ဦးမယ်။”
••••••••••••••••••••••••••••••••••••••••••••••••
သားနဲ့ သမီးက နွားလှည်းစီးရတာကို အထူးအဆန်းသဖွယ် ပျော်ရွှင် မြူးတူးလို့ နေတယ်။ခိုင်လည်း နွားလှည်း မစီးရတာကြာလို့ နွားလှည်းစီးရတာ သဘောကျနေမိတယ်။ငယ်ငယ်ကတော့ ခိုင်တို့ နယ်ဘက်မှာ နွားလှည်းတို့၊မြင်းလှည်းတို့ကို ခဏ ခဏ စီးဖူးတယ်။
ဒီဘက်ခေတ်ရောက်လာတော့ မော်တော်ကား၊ဆိုင်ကယ်၊လယ်ထွန်စက်၊ထော်လာဂျီ စတဲ့ ယဉ်အမျိုးမျိုး များပြား ပေါ်ထွန်းလာတာကြောင့် နွားလှည်းတို့ မြင်းလှည်တို့လည်း တစတစနဲ့ တိမ်ကော ပျောက်ကွယ်လို့ သွားခဲ့ပါတယ်။
အညာမှာတော့ အခုထိ နွားလှည်းတွေ အသုံးပြုနေကြသေးတယ်ထင်ပါရဲ့။ချစ်စရာကောင်းတဲ့ အညာကျေးလက်အလှတခုပါပဲ။မြန်မာတို့ရဲ့မြတ်နိုးစရာ ရိုးရာယဉ်ကျေမှု အမွေအနှစ်တခုကို အခုထိ ထိန်းသိမ်းထားနိုင်ဆဲမို့ ဂုဏ်ယူကျေနပ်မိတယ်။
နွားလှည်းစီးရင်း တမာတောကို ဖြတ်ကြတဲ့ အခါ ခိုင် ဖတ်ဖူးတဲ့ ဆရာကြီး မြသန်းတင့်ရဲ့ တမာနုချိန်စစ်တမ်းကို ပြေး၍ သတိရမိတယ်။တမာနုချိန်စစ်တမ်းထဲမှာ အညာသားဖြစ်တဲ့ ဆရာကြီးဟာ တမာနုချိန်ရောက်ရင် အညာကို အလွန် လွမ်းမိပါသည်တဲ့။ဘယ်လောက်အထိ လွမ်းသလဲဆိုရင် မျက်ရည်ကျတဲ့အထိ ဖြစ်ခဲ့ရပါတယ်တဲ့။
ဒါ့အပြင် တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ ချိုပြုံးရဲ့တမာလမ်းက ပြန်ခဲ့ပါသီချင်းကို သတိရမိလို့ တိုးတိုးလေး ညည်းမိသေးတယ်။မောင်နဲ့ အဘကတော့ လှည်းပေါ်မှာ အပေးအယူတည့်ကာ စကားတွေ ဖောင်ဖွဲ့လို့ ပြောလို့ မကုန်၊ဆိုလို့မကုန်အောင် ဖြစ်နေကြတယ်။အဘပြောစကားအရ အဘနာမည်က ဦးဖိုးဆောင်ဆိုတာကိုလည်း သိလိုက်ရတယ်။
မကြာမီ အဘ ညွှန်ပြတဲ့ မန်ကျည်းပင်တော စုစုထဲက အဘတို့ရဲ့တဲအိမ်လေးရှေ့သို့ ရောက်လာခဲ့တယ်။တဲလေးက ထန်းလက်မိုး ထန်းရွက်ကာ ဝါကြမ်းခင်းနဲ့ တဲလေး ဖြစ်ပါတယ်။တဲရှေ့ မန်ကျည်းပင်းရိပ်မှာ ထန်းလက်ထိုင်ခုံလေး နှစ်လုံးနဲ့ ဝါးကွပ်ပျစ် တလုံးကိုလည်း ချထားတာ တွေ့ရတယ်။
လေလေးက တဖြူးဖြူး။တဲလေးရဲ့ပတ်ဝန်းကျင်မှာ တမာပင်၊ထနောင်းပင်၊မန်ကျည်းပင်၊ကုက္ကိုပင်စတဲ့ အညာရဲ့အပူဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ အရိပ်ရအပင်ကြီးတွေနဲ့ မြင်ရတာ စိတ်အေးချမ်းလှတယ်။တဲရှေ့ကို ရောက်တာနဲ့ အဘက လှည်းကို ရပ်လိုက်တယ်။ပြီးတော့ ခိုင်တို့ မိသားစုကို လှည်းပေါ်မှ ဆင်းခိုင်းတယ်။အဘက လှည်းပေါ်မှ နေ၍ တဲထဲသို့ လှမ်းကြည့်ကာ အော်ပြောလိုက်တယ်။
“မယ်စိုးရေ့ ဒီမှာ ဧည့်သည်တွေ ပါလာတယ်ဟေ့။လာကြိုပါဦးဟ။”
အဘ စကားဆုံးတာနဲ့ တဲထဲမှ ခပ်ပိန်ပိန် အဖွားအို တဦး ထွက်လာတယ်။အဖွားအိုက ထမိန်ကို ရင်လျားထားတယ်။တဲရှေ့မှာ ခိုင်တို့ကို တွေ့တာနဲ့ အဖွားအိုက မျက်နှာရှေ့မှာ လက်ကလေး တဖက်ကို ကွယ်ကာရင်း ခိုင်တို့ကို သေချာ ကြည့်နေတယ်။
“ဘာကြည့်နေတာလဲ မယ်စိုး။ဒါ ငါ့ ဧည့်သည်တွေ။လမ်းပေါ်မှ ကားပျက်နေလို့ ဒုက္ခရောက်နေတာနဲ့ ကူညီပေးဖို့ ခေါ်လာခဲ့တာပဲ။အခု လောလောဆယ် သူတို့ကို ထမင်းကျွေးရအောင်။လုံမလေး မိကျေးရော ဘယ်မှာလဲ မယ်စိုး။လုံမကိုလည်း မမြင်ရပါလား။လုံမရေ လုံမ ဟေ့ လုံမ ဘယ်ရောက်နေတာလဲကွယ်။”
“ရှိပါတယ်ရှင်။မြေမလေး အိမ်နောက်ဖေး မန်ကျည်းပင်ပေါ်မှာ မန်ကျည်းရွက် တက်ခူးနေလေရဲ့။ ခဏလေး တော့်မြေးကို ကျုပ်ခေါ်ပေးပါ့မယ်။”
“အေးအေး။လုံမကို မြန်မြန်ခေါ်ပြီး ဒီက ဧည့်သည်တွေကို ထမင်းကျွေးဖို့ မြန်မြန် ပြင်ဆင်ပေးဦးလို့ တခါတည်း သွားပြောချေကွာ။”
“ဟုတ်ကဲ့ပါ ကိုဖိုးဆောင်ရယ်။ကျုပ် နားလည်ပါတယ် တော်။ကျုပ် အခုပဲ လုံမကို သွားပြောပေးပါ့မယ် တော်။”
“လာ လာ သားတို့ သမီးတို့ ဒီမှာ လာထိုင်ကြ။အေးအေးဆေးဆေး ခဏ နားကြဦးပေါ့။ကလေးတွေလည်း ပါလာကြတာကို။နေပူထဲကလာတာ ရေဆာနေကြရောပေါ့။ဟောဒီမှာ ရေနွေးကြမ်းရယ်၊ဇီထန်းညက်လေးရယ်၊နှမ်းမုန့်လေးရယ် ရှိတယ်။အဆာပြေ ခဏ စားထားကြဦးနော်။သားတို့ သမီးတို့ကို ထမင်းကျွေးဖို့ အမေကြီးလုံမလေးကို ခေါ်ပြီး အခုပဲ ပြင်ဆင် လိုက်ဦးမယ်။”
“အားနာလိုက်တာ အမေကြီးရယ်။ခိုင်လည်း အမေကြီးတို့နဲ့ အတူ ထမင်းပွဲပြင်ဖို့ ဝိုင်းကူလုပ်ပေးပါရစေ။”
“ရပါတယ် သမီးရယ်။အေးအေးဆေးဆေး ထိုင်ပြီး နားနားနေနေ နေပါ။အမေကြီးတို့ကို ဘာမှ အားနာနေစရာ မလိုဘူး။သမီးတို့က ကိုယ့်နယ် ကိုယ့်ဒေသကို လာလည်ကြတဲ့ ဧည့်သည်တွေပဲ။ကြုံကြိုက်လို့ တခါတလေမှ လာနိုင်တာလေ။အမေကြီးတို့က တတ်နိုင်သလောက် ဧည့်ဝတ်ပြုရမှာပေါ့ကွယ်။ဒါဟာ မြန်မာတို့ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတခုပဲ။”
အညာသူ၊အညာသားတွေ ရိုးသားဖြူစင်ပြီး သဘောကောင်းကြတယ်ဆိုတာ အရင်က စာပဲ ဖတ်ဖူးတာ။အခု တော့ ခိုင် မျက်ဝါးထင်ထင် လက်တွေကျကျ မြင်လိုက်၊တွေ့လိုက်ရပါပြီ။ရင်မှာ ကြည်နူးရတယ်။အေးချမ်းရတယ်။ဪ ရိုးသားဖြူစင်ပြီး စိတ်သဘောထား ကောင်းလှတဲ့ အညာသူ၊အညာသားတွေ။
“ဒါက အမဲခြောက်ဖုတ်ဆီဆမ်း၊ဒါက မန်ကျည်းရွက်သုပ်၊ဒါက ကလေးတွေအတွက် ကြက်ဥမွှေကြော်၊ဒါလေးက လက်ပံခေါင်း ချည်ရည်ဟင်း၊ဒါက ငပိရည်နဲ့ ဘူးညွန့်၊သခွါးသီး တို့စရာ။စားကြနော် လူလေးတို့။ဘာမှ အားမနာကြနဲ့။ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားပြီး အားရပါးရသာ စား။”
“စိတ်ချ အဘရေ့ မစားမှာတော့ လုံးဝ မပူနဲ့ဗျို့။အများကြီးစားမှာ သိလား။ထမင်းပွဲမြင်တာနဲ့ သွားရည်ယိုနေပြီ။အခုတောင် ဗိုက်က တော်တော် ဆာနေပြီဗျ။”
အငွေ့တထောင်းထောင်းနဲ့ စားချင်စဖွယ် ပူပူနွေးနွေး ပြင်ဆင်ထားတဲ့ ထမင်းပွဲလေးကို ကြည့်ရင်း ခိုင်တို့ မိသားစု ဟန်မဆောင်နိုင်တော့ပါ။ဆာဆာနဲ့ ခေါင်းမဖော်စတမ်း လွေးလိုက်ကြတာ ထမင်းအိုးတောင် ပြောင်သလင်း ခါသွားပါလေရော။ခင်ရာဆွေမျိုး၊မြိန်ရာ ဟင်းကောင်းဆိုတဲ့ စကားပုံဟာ တကယ့်ကို မှန်ပါတယ်။
မေတ္တာထမင်း၊မေတ္တာဟင်းလေးကို စားစေချင်တဲ့ စေတနာ ဗရပွနဲ့ ကျွေးလို့လား မသိ။စားလို့ကောင်လိုက်တာ မပြောပါနဲ့တော့။ရန်ကုန်မှာ ခိုင်ချက်နေကျ ကြက်သားဟင်း၊ဝက်သားဟင်းတွေနဲ့ ဘာမှကို မဆိုင်။အရသာက ကောင်းချက် ဘာနဲ့မှကို မလဲနိုင်ဘူး။
ခါတိုင်းဆို အိမ်မှာ ထမင်း တပန်းကန်တောင် အနိုင်နိုင်မနည်းကုန်အောင် စားနေခဲ့ရတဲ့ ခိုင် အခု ထမင်းနှစ်ပန်းကန် တိတိ စားမိပြီ။မောင်ကတော့ ဘာပြောကောင်းမလဲ။ချွေးတလုံးလုံးနဲ့ အားရပါးရစားနေလိုက်တာ။ကြည့်လို့တောင် ကောင်းနေပါသေးရဲ့။
သူ့မှာ ငရုပ်သီးစိမ်းကြီးကိုက်လိုက်၊သခွါးသီးကြီးကိုက်လိုက်နဲ့ လက်ထဲက ထမင်းလုတ်ကြီးကလည်း နည်းတာကြီး မဟုတ်။ရှူးရှူးရှဲရှဲ တကျွတ်ကျွတ် တဂွမ်းဂွမ်းနဲ့ ပလုတ်ပလောင်း စားနေတာ တကယ့်ကို အားရစရာကြီးပါ။မောင်က အရင်ကလည်း စားနိုင်သူဆိုတော့ အခုလည်း အားမနာစတမ်း စားလိုက်တာ သုံးပန်းကန်တိတိ။
အဘနဲ့ အမေကြီးတို့ လင်မယားကတော့ ခိုင်တို့ မိသားစု သူတို့ ကျွေးတဲ့ ထမင်းဟင်းတွေကို အားရပါးရ စားနေ၊သောက်နေကြတာကို ကြည့်ပြီး ဘေးမှာ ပျော်တပြုံးပြုံးနဲ့ ကြည်နူးနေကြတယ်။
“အဘတို့က ဆင်းရဲတော့ မြို့ကြီးမှာ လူလေးတို့ စားနေကျ ဟင်းလျာတွေလို ဖွယ်ဖွယ်ရာရာတော့ မပြင်ဆင်၊မကျွေးမွေးနိုင်ဘူးပေါ့ကွယ်။အဲဒီအတွက် စိတ်မကောင်းတော့ ဖြစ်မိပါတယ်။အဘတို့မှာ ရှိတာလေးနဲ့ ပြင်ဆင်ပြီး ချက်ပြုတ်ကျွေးမွေးရတော့ ဟင်းမကောင်းလို့ လူလေးတို့ စားမှစားနိုင်ပါ့မလားလို့ အားနာမိပါတယ်။”
“ထမင်းကလည်း ကြမ်းတယ်လေ။မစားနိုင်လောက်ဘူး ထင်ထားတာ။အခုလို လူလေးတို့ အားရပါးရ စားကြ၊သောက်ကြတာကို မြင်ရ၊တွေ့ရတော့ အဘလေ ရင်ထဲ ဖော်မပြတတ်အောင်ကို အတိုင်းမသိ ကြည်နူး ပီတိဖြစ်မိပါတယ်ကွယ်။”
“ဆာနေလို့လား မသိဘူး အဘရယ်။ဟင်းတွေက အကုန်လုံးကို ကောင်းနေတော့တာပဲ။ကျွန်တော့်မိန်းမလည်း ဟင်းချက်လက်ရာ အရမ်းကောင်းတဲ့ သူပဲ။ဒါပေမဲ့ အခု အဘတို့ ကျွေးတဲ့ ထမင်းတနပ်က စားစေချင်တဲ့ စေတနာ၊မေတ္တာတွေ ပါနေလို့လား မသိဘူး။အိမ်မှာ စားနေကျ ကျွန်တော့်မိန်းမ လက်ရာထက်တောင် ပိုကောင်းနေသလိုပဲ။စားကောင်းလိုက်တာ အဘရယ်။ကျွန်တော်ဖြင့် စားလိုက်တာ ဗိုက်ကို ကားရောပဲ။မထနိုင်တော့ဘူး။”
“ဟုတ်တယ် အဘ။ဟင်းတွေက အရမ်း ကောင်းတာပဲ။သမီးတောင် အရင်ကထက် ပိုစားနိုင်တယ်။”
“ဟင်းတွေက ကောင်းတာ မဟုတ်ပါဘူး။လူလေးတို့က ဆာနေတဲ့ အချိန်မို့ စားကောင်းနေကြတာပါကွယ်။”
“ဘာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ထမင်း အရမ်းဆာပြီး ဒုက္ခရောက်နေတဲ့ အချိန်မှာ ကျွန်တော်တို့ကို အခုလို ထမင်းကျွေးလို့ ကျေးဇူး အရမ်း တင်မိပါတယ် အဘရယ်။အဘတို့ကို ကျွန်တော် ဘယ်လို ကျေးဇူး ဆပ်ရမှန်းတောင် မသိတော့ပါဘူးဗျာ။”
“မလိုပါဘူးကွယ်။အဘတို့က ဆင်းရဲတော့ သူများတွေလို အလှူကြီးအတန်းကြီးလည်း များများစားစား မပေးနိုင်ပါဘူးကွယ်။ဒါ အဘတို့ရဲ့အလှူပေါ့။အလှူလို့ သဘောထားလိုက်ပါ လူလေး။”
“မလိုအပ်တဲ့ နေရာတွေမှာ အလျံအပယ်လှူနေတာထက် အခုလို အခါခွင့်ကြုံလို လိုအပ်တဲ့ အချိန်မှာ လိုအပ်တဲ့ လူတွေကို ကူညီလှူဒါန်းခွင့်ရတဲ့ နည်းတဲ့ ကုသိုလ်လား။ဒီလို အလှူမျိုးကို ကာလဒါနလို့ ခေါ်တယ်ကွဲ့။ပကာသနမပါတဲ့ စေတနာသန့်သန့်နဲ့ လှူတဲ့ အလှူမျိုးပေါ့။အင်မတန် မွန်မြတ် သန့်စင်ပြီး အလွန်လည်း ကုသိုလ်ရတဲ့ အလှူမျိုး ပေါ့ကွယ်။”
“ဒါကြောင့် ဗုဒ္ဓစာပေတွေမှာ ညောင်စေ့လောက် လှူပေမဲ့လည်း စိတ်ထားတတ်တော့ ညောင်ပင်ကြီးလောက် အကျိုးများတယ်လို့ ဆိုကြတာပေါ့ကွယ်။တချို့ အလှူတွေကျတော့ ပကာသန ဖက်ပြီး မလိုအပ်တဲ့ နေရာတွေမှာ အလျံအပယ် လှူတယ်။”
“ဂုဏ်ချင်းပြိုင်ပြီး စိတ်ထားမတတ်၊အလှူမတတ်တော့ ညောင်ပင်ကြီးလောက် လှူပေမဲ့လည်း ညောင်စေ့လောက်ပဲ အကျိုးဖြစ်ထွန်းမှု ရကြတယ်လေ။အဓိက စိတ်ပဲ။စိတ်ထားတတ်ဖို့ကသာ အရေးကြီးဆုံးပါ။”
သက်ကြီးစကား သက်ငယ်ကြား ဆိုတဲ့ စကားအတိုင်းပါပဲ။အဘနဲ့ စကားပြောရတာ ပညာလည်းရ၊အသိပညာ ဗဟုသုတလည်း တိုးပွါးရပါတယ်။အတွေ့အကြုံရင့်ကျက်ပြီး ပညာဗဟုသုတ ပေါကြွယ်ဝတဲ့ လူကြီးသူမတွေနဲ့ စကားပြောရခြင်းကလည်း မြတ်သောမင်္ဂလာ တပါးပါပဲ။
အိမ်ရှေ့ဝါးကွပ်ပျစ်လေးမှာ ထိုင်ရင်း ခိုင်တို့ လင်မယား အဘတို့ အမေကြီးတို့နဲ့ စကားလက်ဆုံကျနေခိုက် တဲရှေ့ကို ဆိုင်ကယ်တစီး ထိုးရပ်လာတယ်။ဆိုင်ကယ်စီးလာတဲ့ လူတွေက အသက်၄၀ ဝန်းကျင်ခန့် အမျိုးသားတဦးနဲ့ အဘရဲ့မြေးဖြစ်တဲ့ မောင်မြင့်ကျော်လေးတို့ ဖြစ်ပါတယ်။အဘက ထိုလူကို မြင်တာနဲ့ ခိုင်တို့နဲ့ စကားပြောနေရာမှ ချက်ချင်း ရပ်လိုက်ပြီး
“ဟော မောင်သန်းအောင် ရောက်ပြီလားကွဲ့။လာ လာ ဒီမှာ ခဏ လာထိုင်ပါဦးကွယ်။”
ထိုလူက ဆိုင်ကယ်ကို ရပ်ပြီး ခိုင်တို့ ထိုင်နေကြတဲ့ ဝါးကွပ်ပျစ်လေးဆီ လျှောက်လာရင်း ဝင်ထိုင်လိုက်ပါတယ်။အရပ်မတိုမရှည်၊အသားမဲမဲ၊ခပ်ဖိုင့်ဖိုင့် ပုံစံရှိတဲ့ထိုလူဟာ ကွမ်းလည်း အလွန် ကြိုက်ပုံရတယ်။ကွမ်းသွေးဖြင့် နှုတ်ခမ်းတို့က နီစွေနေပြီး အခုလည်း ကွမ်းတွေကိုပါးစပ်ထဲမှာ ငုံထားဟန်ရှိတယ်။
သူ့ကို မြင်တာနဲ့ အညာသား တယောက်ဖြစ်မှန်း ခန့်မှန်းနိုင်ပါတယ်။အသားမဲမဲနဲ့ အရုပ်ဆိုးပေးမဲ့ သူဟာ စိတ်သဘောထားတော့ အလွန်ကောင်းပုံရတယ်။မျက်နှာလေးက ခင်မင်နှစ်လိုဖွယ် ပြုံးပြုံးလေးနဲ့ အလွန်ကို ခင်မင်ချင် စရာကောင်းတဲ့ ရုပ်ရည်မျိုးပါ။အဘက ထိုလူနဲ့ မောင့်ကို မိတ်ဆက်ပေးတယ်။
“လူလေး ဒါက မောင်သန်းအောင်တဲ့။သူက တံခွန်တိုင်ရွာထဲမှာ နေတယ်။အဘနဲ့ဆို ဆွေမျိုးနီးစပ်ပဲ။တူတော်တယ်လေ။သူက ဆိုင်ကယ် ကယ်ရီဆွဲတယ်။သူ့ကို ခေါ်ဖို့ အဘ စောစောကပဲ မြေးလေးကို ရွာထဲ အခေါ်လွှတ်လိုက်တာလေ။လူလေး နတ်မောက်မှာ ဆီသွားဝယ်တဲ့ အခါ လူလေးနဲ့ အတူ သူ့ကို ခေါ်သွားလို့ ရတာပေါ့။”
အဘ ရှင်းပြတော့မှ မောင်က သဘောပေါက်သွားပြီး ထိုလူ့ကို ပြုံးပြလိုက်တယ်။
“ဪ ဟုတ်ကဲ့။ကျေးဇူးတင်လိုက်တာ အဘရယ်။ဒါဆို အတော်ပဲ။ကျွန်တော်တို့ အခုပဲ နတ်မောက်ကို ဆီ သွား ဝယ်ကြတာပေါ့။”
မောင်က ကိုသန်းအောင်နဲ့ အတူ ဆီဝယ်ဖို့ နတ်မောက်ကို ထွက်သွားခဲ့တဲ့ အခါ ခိုင်တို့ သားအမိ သုံးယောက် အဘတို့ရဲ့တဲလေးမှာ ကျန်ခဲ့ကြတယ်။
•••••••••••••••••••••••••••••••••••••••••••••••
“မကြီး ရော့ စားပါဦး။”
“ဘာလဲ မိကျေး။အဲဒါက ဘာစားစရာလေးတွေလဲ။”
မိကျေး ယူလာပေးတဲ့ ပန်းကန်လုံးလေးထဲက အရာကို ကြည့်ပြီး ခိုင် သိချင်စိတ်ဖြင့် မေးမိတယ်။
“ဒါက သီးသီးကို ထန်းညက်နဲ့ ရောပြီး ခလောက်ထားတာလေ။အရသာက ချဉ်ချိုချိုလေးနဲ့ အရမ်းစားကောင်းတာ မကြီးရဲ့။စားကြည့်ပါ။ဒီစားစရာမျိုးက အညာမှာပဲ ရနိုင်တာလေ။”
“ဟုတ်လား။သီးသီးတဲ့လား။မကြီး တခါမှ မကြားဖူးသေးပါဘူးကွယ်။ပေးပေး မကြီး မြည်းကြည်မယ်။”
မိကျေးလှမ်းပေးတဲ့ ပန်းကန်လုံးထဲမှ ထန်းညက်နဲ့ ရောပြီး ခလောက်ထားတဲ့ သီးသီး အနှစ်ဖတ်ကလေးတွေကို ခိုင် ဇွန်းလေးနဲ့ ခပ်ပြီး အနည်းငယ် ကော်စားလိုက်မိတယ်။မိကျေးပြောသလို ချဉ်ချိုချိုလေးနဲ့ အရမ်း စားလို့ ကောင်းတာမို့ ဆက်စားနေမိတယ်။
“အရမ်း စားလို့ကောင်းတာပဲ မိကျေး။သူ့အသီးနဲ့ အပင်က ဘယ်လို နေသလဲ။မကြီးကြည့်ချင်လို့ လိုက်ပြပါလား။”
“အိမ်နောက်က နွားတင်းကုတ်နားမှာ ရှိတယ်လေ။လာ မကြီး။မိကျေး လိုက်ပြမယ်။”
မိကျေးဟာ ဆင်းရဲပြီး ရိုးသားဖြူစင်တဲ့ တောသူလေးတယောက်ပါ။အရပ်ရှည်ပြီး ပိန်ပိန်သွယ်သွယ်လေးနဲ့ သနပ်ခါးလည်း အလွန် ကြိုက်တတ်ပုံရပါတယ်။အညာသူမို့ အသားညိုတယ်ဆိုပေမဲ့ အလွန် ယဉ်ပါတယ်။မျက်နှာ ဝိုင်းဝိုင်း၊မျက်လုံးဝိုင်းဝိုင်းကလေးတွေနဲ့ အလွန်လည်း ချစ်စရာကောင်းပါတယ်။
မိကျေးကို မြင်မြင်ချင်း ခိုင် ကိုယ့်ညီမငယ်လေး တယောက်လို တကယ့်ကို ခင်မင် နှစ်လိုမိပါတယ်။မိကျေးလေးက ငယ်ရွယ်သူမို့ ဖျတ်လတ်တယ်။သွက်လက်တယ်။အနေအေးတယ်။ယဉ်ကျေးသိမ်မွေ့တယ်။
ခိုင် မြင်ချင်တယ်ဆို၍ အိမ်နောက်ဖေး နွားတင်းကုတ်နားက သီးသီးပင်ကို သူ လိုက်ပြတယ်။သီးသီးပင်ဆိုတာ နှစ်ရှည်ပင် တမျိုးပါ။နှစ်ကြာရင် ကြာသလောက် အပင်က ကြီးတယ်။အသီးတွေက ဥသျှစ်သီးလို ပုံစံမျိုးဆိုပေမဲ့ ဥသျှစ်သီလောက်လည်း မကြီးပါ။အပင်ပေါ်မှာ ညှာတံရှည်ရှည်လေးတွေနဲ့ တွဲရရွဲလေး သီးနေကြတယ်။
“ဒီအပင်က အညာမှာပဲ ရှိနိုင်တဲ့ အပင်မျိုးလေ မကြီး။အောက်ပြည် အောက်ရွာဘက်မှာတော့ သိပ်မရှိဘူး။ရှားတယ်လို့ ပြောကြတယ်။အမှည့်ကိုကျ ထန်းညက်နဲ့ ခလောက်ပြီး စားလို့ရသလို သူ့အတိုင်းလည်း စားနိုင်တယ်။အရင့်ကိုကျ အဲလို စားလို့မရဘူး။သူ့အရသာက ချဉ်ဖန်ဖန်လေးမို့ ငရုပ်ဆုံထဲထုထောင်းပြီးမှ သကြားတို့ဆားတို့ ထည့်ပြီး စားရတာလေ။”
“အညာမှာတော့ ဒီသီးသီးလေးတွေက ဆင်းရဲတဲ့ ကလေးတွေနဲ့ လူကြီးတွေအတွက် သဘာဝက လက်ဆောင်ပေးထားတဲ့ အညာရဲ့သွားရည်စာ စားစရာတမျိုးပေါ့ မကြီးရယ်။”
မိကျေးလေးက စောစောက သူခူးထားတဲ့ မန်ကျည်းရွက်နုနုလေးတွေကို လွယ်အိတ်ထဲက ထုတ်ပြီး နှီးဗန်းလေးထဲထည့်ကာ ပုဆိုးစုတ်ကို ရေဆွတ်ရင်း အပေါ်က ဖုံးနေတာကို ခိုင် ရပ်ကြည့်နေမိတယ်။ဒါကို အမေကြီးက တွေ့သွားပြီး ခိုင့်ကို ရှင်းပြတယ်။
“မန်ကျည်းရွက်ကို အဲလို ရေဆွတ်ပြီး အုပ်ထားတော့ မနက်ကျ လတ်လတ်ဆတ်ဆတ်နဲ့ ရောင်းလို့ရတယ်လေ သမီးရဲ့။အညာမှာတော့ မန်ကျည်းသီး၊မန်ကျည်းရွက်၊လက်ပံခေါင်း၊ဘူးညွန်ဆိုတာ ဇာတ်လိုက်ပဲ သမီးရေ့။အမေကြီးတို့က ဒါလေးတွေနဲ့ပဲ ကြော်ချက်ပြုတ်သောက်သုပ်စားရင်း အသက်ဆက်နေကြရတာလေ။”
“ရာသီစာ၊တောစာလေးတွေ စားရတာက ကျန်းမာရေးနဲ့ ညီညွတ်တာပေါ့ အမေကြီးရယ်။ဓာတုဆေးဝါး၊ပိုးသတ်ဆေးတွေ မပါတော့ဘူးလေ။အမေကြီးတို့ အခုချိန်ထိ အသက်ရှည်ရှည်၊အနာရောဂါကင်းကင်းနဲ့ နေနိုင်တာ ဒါတွေ စားလို့လည်း ပါတာပေါ့ အမေကြီးရယ်။”
“မြို့ကြီးပြကြီးတွေမှာ ရောင်းချနေကြတဲ့ တချို့ အသီးအရွက်တွေက ခေတ်မှီဓာတုဆေးဝါး၊ပိုးသတ်ဆေးတွေ သုံးစွဲပြီး စိုက်ပျိုးထားတော့ ရောဂါများတယ်။ကျန်းမာရေးနဲ့ မညီညွတ်ဘူး အမေကြီး။”
“ခိုင်ဆို ဒီနေ့ အမေကြီးတို့ ချက်ကျွေးတဲ့ ထမင်းဟင်းလေးတွေကို အရမ်း သဘောကျတာပဲ။အညာတောသဘာဝ ကျေးလက်ရိုးရာဟင်းလျာလေးတွေချည်းပဲ။စားလို့လည်း အရမ်းကောင်းသလို ခံတွင်း မြိန်လိုက်တာလည်း မပြောပါနဲ့တော့ အမေကြီးရယ်။”
“ငါ့သမီးဆီက အခုလို စကားမျိုးကြားရလို့ အမေကြီး ဝမ်းသာပါတယ်။”
“ဟော အမေကြီး ဒါက လက်ပံပွင့်လေးတွေ မဟုတ်လား။ဘယ်က သွားကောက်လာတာလဲ။ဘယ်လို ချက်စားမလို့လဲ အမေကြီး။”
နောက်ဖေး ရေကပြင်လေးမှာ နှီးတောင်းလေးနဲ့ ထည့်ထားတဲ့ လက်ပံပွင့်တချို့ကို တွေ့ရသဖြင့် ခိုင် မေးလိုက်မိတယ်။
“သမီးရဲ့အဘနဲ့ မြင့်ကျော်လေးတို့ ယာခင်းထဲ သွားပြီး အပြန် ကောက်လာတာလေ။အမေကြီးတို့ ယာခင်းထဲမှာ လက်ပံပင် အကြီးကြီး တပင်ရှိတယ်သမီးရဲ့။အရမ်းပွင့်တာ။အခုချိန်ဆို နီရဲနေတာပဲ။ဒီလက်ပံပွင့်တွေ ကောက်လာတာက လက်ပံခေါင်း ခြွေပြီး အခြောက်လှန်းမလို့လေ။”
“လက်ပံခေါင်းခြောက်က အညာမှာဆို အရမ်း အသုံးဝင်တာပေါ့။သူ့ကို အချဉ်ရည်ဟင်း ချက်သောက်လို့ ရသလို ငါးသလောက်နဲ့လည်း ပေါင်းစားလို့ ရတယ်။လက်ပံခေါင်းကို ဒီလိုလေး ခြွေပြီး အခြောက်လှန်းထားတော့ အထားခံတယ်လေ။နွေမိုးဆောင်း ဘယ်အချိန် ထချက်ချက် စားချင်တဲ့အချိန် စားလို့ ရတာပေါ့ သမီးရယ်။”
“ဒါနဲ့ မိကျေးနဲ့ မြင့်ကျော်လေးတို့က အမေကြီးရဲ့မြေးတွေဆိုတော့ သူတို့ မိဘတွေက ဘယ်သွားကြတာလဲဟင် အမေကြီး။”
ခိုင့်အမေးကြောင့် အမေကြီး မျက်နှာ ချက်ချင်း တည်ငြိမ်သွားတယ်။ပြီးတော့ သက်ပြင်း တချက်ကို ချလိုက်ရင်း
“ဟင်း ပြောရမှာတော့ အရှည်ကြီးပဲ သမီးရေ့။ပြောလည်း မပြောချင်ဘူး။ဒါပေမဲ့ သမီး သိချင်ရင် အမေကြီး ပြောပြပါ့မယ်။မိကျေးနဲ့ မြင့်ကျော်လေးတို့ရဲ့အမေက အမေကြီးရဲ့သမီးလေ။အမေကြီးတို့မှာ ဒီသမီး တယောက်ပဲရှိတာ။မိကျေး ၄နှစ်သမီးအရွယ်မှာ အမေကြီး သမီးက မြင့်ကျော်လေးကို မွေးတယ်။”
“မြင့်ကျော်လေးကို မွေးပြီး သူ့သားမျက်နှာတောင် သူသေချာမမြင်ရဘဲ အမေကြီးသမီးက မီးတွင်းထဲမှာ ပဲ ဆုံးသွားရှာတာလေ။အမေကြီး သမီး ဆုံးပြီးပြီးချင်း မြင့်ကျော်လေးကို သမီးရဲ့ကိုယ်စား အမေကြီးကပဲ တာဝန်ယူ ပြုစုစောင့်ရှောက် ကျွေးမွေးလာခဲ့ရတာပေါ့။”
“မိကျေးတို့ အဖေကတော့ မြင့်ကျော်လေး အခါလည်သားလောက်မှာ ရေနံချောင်းဘက် အလုပ်သွားလုပ်မယ်ဆိုပြီး ထွက်သွားခဲ့တာလေ။ထွက်သွားပြီး သိပ်မကြာဘူး။အဲဒီမှာ နောက်အိမ်ထောင် ထပ်ပြုလိုက်တယ်ဆိုပါတော့ကွယ်။”
“နောက်အိမ်ထောင်ပြုပြီးတာနဲ့ သံယောဇဉ်ပြတ်သွားလိုက်တာ။သူ့သမီးနဲ့ သူ့သား ဒီမှာ ရှိနေတာကိုတောင် ဒီကို တခေါက်တလေ၊တချက်လေးတောင်မှ လာကြည့်ဖော် မရတော့ဘူး။ရက်စက်လိုက်တဲ့ အဖေမျိုးပါအေ။”
“နောက်အိမ်ထောင်နဲ့ သူလည်း စီးပွါးရေး အဆင်မပြေလို့ ဖြစ်မှာပေါ့ အမေကြီးရယ်။”
“မပြေပေမဲ့ ဒီမှာ သူ့သားနဲ့ သူ့သမီးရှိနေသေးတာပဲ။သူက ဖအေ မဟုတ်ဘူးလား။ပိုက်ဆံကြေးငွေ မထောက်ပံ့နိုင်ရင်တောင်မှ တခါတလေ လောက်တော့ ကိုယ့်သားသမီးလေးတွေ ဘယ်လိုနေသလဲ။ဘယ်လို စားသလဲဆိုတာ တချက်လောက်တော့ လာကြည်သင့်ပါတယ်အေ။သူကိုက နေနိုင်လွန်းအားကြီးပါတယ်။”
“အခုဆို သူ့သားဖြစ်တဲ့ မြင့်ကျော်လေးတောင် အသက်၁၂နှစ်ထဲရောက်နေပြီ။သူက အခုချိန်ထိ တခေါက်မှ ရောက်မလာခဲ့ဘူး။ဒါကြောင့် သူ့သားနဲ့ သမီးက သူ့အဖေကို စိတ်နာနေကြတာပေါ့။သူတို့ရှေ့မှာ သူတို့အဖေ အကြောင်း လုံးဝ သွားပြောလို့ မရဘူး။ခါးခါးသီးသီးကို ငြင်းကြတာ။သူတို့ အဖေက မရှိတော့ဘူး။သေသွာပြီတဲ့။”
“အမေကြီးတို့ကတော့ သားအဖတွေ အချင်းချင်း ကြားမှာ ဒီလို မဖြစ်စေချင်ပါဘူး။ဒါပေမဲ့ ဖအေ လုပ်သူကလည်း သူတို့ကို လာမကြည့်ဘဲ နှစ်ရှည်လများစွန့်ပစ်သလို လုပ်သွားခဲ့တော့ သူတို့ စိတ်နာမယ်ဆိုလည်း နာလောက်ပါတယ်အေ။အင်း ဖအေကလည်း ဖအေလုပ်သူပါပဲ။နေနိုင်လိုက်တာ လွန်ပါရောလား။”
အညာသံဝဲဝဲလေးနဲ့ ပြောနေရှာတဲ့ အမေကြီးကို ကြည့်ရင်း ရင်ထဲမကောင်းနိုင်တာကြောင့် ကြားကနေ ဖျောင်းဖျကာ ဝင်ပြောရတယ်။
“အမေကြီးတို့က သူတို့ရဲ့ဘိုဘွားအရင်းကြီးတွေဆိုတော့ သူလည်း စိတ်ချနေလို့ ဖြစ်မှာပေါ့ အမေကြီးရယ်။သူလည်း ဖအေ အရင်းခေါက်ခေါက်ပဲ။သူ့သားသမီးတွေကိုတော့ မချစ်ဘဲ နေပါ့မလား။သူလည်း အကြောင်းကြောင်းကြောင့် လာမကြည့်နိုင်တာ ဖြစ်ပါလိမ့်မယ်။”
“အေးပါအေ။အမေကြီးတို့က ဒီလိုပဲ အကောင်းဘက်က တွေးပြီး ဖြေသိမ့်နိုင်ပါတယ်။ဒါပေမဲ့ သူ့သားသမီးတွေက သူ့ကို စိတ်နာနေကြတာတော့ ခက်တာပေါ့အေ။”
“သူတို့ အဖေက အခု ဘယ်မှာလဲ အမေကြီး။သူ့အကြောင်း နောက်ထပ် သတင်းရော ထပ်မကြားရတော့ဘူးလား။”
“အရင်ကတော့ ရေနံချောင်းဘက်မှာ နေတာပဲ။နောက်အိမ်ထောင်နဲ့ လည်း မမြဲဘူး ကြားတယ်။နောက်အိမ်ထောင်နဲ့ ကလေးလည်း ထပ်မရပါဘူး။သူ့လက်ထဲမှာ နောက်အိမ်ထောင်က တခြားယောက်ျား တယောက်နဲ့ ဖောက်ပြန်လို့ သူနဲ့ ရန်ဖြစ်စကားများပြီး ကွဲသွားတယ်လို့ ပြောကြတာပဲအေ။”
“အိမ်ထောင်ကွဲပြီး သူလည်း ထိုင်းဘက်ထွက်သွားတယ်ဆိုလားပဲ။သတင်းတော့ ခပ်သဲ့သဲ့ကြားမိပေမဲ့ သေတော့ မသေချာဘူး သမီးရယ်။အခု သူ ထိုင်းမှာပဲ ရှိနေသေးလား။သေသလား။ရှင်သလား။သူ ဘယ်ရောက်နေမှန်းတောင် အမေကြီးတို့ မသိရတော့သလို၊သတင်းလည်း ထပ်မကြားရတော့ပါဘူးကွယ်။”
“ဒါဆို သူတို့ အဖေက အခုချိန်ထိ သက်ရှိထင်ရှားရှိနေသေးသလား။သေသလား။ရှင်သလားဆိုတာ သူတို့ကိုယ်တိုင် အခုထိ မသိကြတော့ဘူးပေါ့။ဟုတ်လား အမေကြီး။”
“ဒါပေါအေ။ဖြစ်သမျှ အကြောင်း အကောင်းချည်းပဲလို့ တရားသဘောနဲ့ ဆင်ခြင်ပြီး မှတ်ယူ ရတော့မှာပဲ။
“ဖြစ်ရလေ။”
မိကျေးတို့ မြင့်ကျော်လေးတို့ရဲ့ဘဝဇာတ်ကြောင်းကို နားထောင်ရ၊ကြားရပြန်တော့ ခိုင် ရင်ထဲမကောင်းသလိုစိတ်မကောင်းလည်း အတော်လေး ဖြစ်သွားခဲ့ရပါတယ်။သူတို့ရဲ့ခံစားချက်ကိုလည်း ရင်ထဲမှာ စာနာ နားလည်နေမိသလိုလိုပါ။
သူတို့နေရာမှာ ကိုယ်ဆိုရင်ရော ကိုယ်လည်း ဒီလိုပဲ ခံစားရမှာပဲ မဟုတ်လား။
•••••••••••••••••••••••••••••••••••••••••••••••••
မောင်တို့ ပြန်ရောက်တဲ့ အချိန်က ညနေစောင်းချိန်ဖြစ်နေပါပြီ။အချိန်ကလည်း အတော်လေး နောက်ကျနေပြီဖြစ်ပါတယ်။အဘတို့ လင်မယားကလည်း အတင်းခေါ်နေတာနဲ့ ခိုင်တို့ မိသားစု အဘတို့ အိမ်မှာ တညအိပ်ပြီး မနက်ကျမှ ထပြန်ကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။
ညနေစာကိုတော့ နှမ်းဖတ်ချဉ်သုပ်၊ကြက်ကာလသားချက်၊ဘူးညွန့်ကြော်၊ခရမ်းချဉ်သီး ပန်ထွေဖျော်နဲ့ အဘတို့ ခြံထွက် တို့စရာအသီးအရွက်အစုံပါ။အဘတို့ ဧည့်ခံကျွေးမွေးတဲ့ ဟင်းလျာလေးတွေက ရိုးရှင်ပြီး ပကာသနမပါပေမဲ့ ခံတွင်းမြိန်ပြီး စားကောင်းလှတယ်။
ထမင်းစားပြီးတော့ အမေကြီးက သူကိုယ်တိုင်လုပ်ထားတဲ့ အညာနှမ်းထောင်းမုန့်လေးနဲ့ ရေနွေးကြမ်းကို ချကျွေးပါတယ်။အဲဒီညက လပြည့်ညမို့ ကြည်လင် သာယာတဲ့ ကောင်းကင်ပြာကြီးမှာ ကြယ်တာရာပေါင်း များစွာ ဝန်းရံခစားလို့ လမင်းကြီးက ထိန်ထိန်သာနေတယ်။
ခိုင်တို့ မိသားစုနဲ့ အဘတို့ မြေးအဖိုးတွေက ညနေစာ ထမင်းစားသောက်ပြီးလို့ တဲရှေ့ကွပ်ပျစ်လေးမှာ အားလုံး စုပြုံကာဝိုင်းထိုင်ကြရင်း နှမ်းထောင်းမုန့်လေးစားလိုက်၊ရေနွေးကြမ်းလေး သောက်လိုက်နဲ့ စကားလက်ဆုံ ပြောဖြစ်ကြတယ်။
တဲထရံမှာ ချိတ်ထားတဲ့ တယောတလက်ကို တွေ့တာနဲ့ မောင်က မေးကြည့်တဲ့အခါ အဘက အနုပညာဘက်မှာ ဝါသနာပါသလို ပါရမီလည်းရှိပြီး တယောလည်း ကောင်းကောင်း ထိုးတတ်တယ်လို့ သိရပါတယ်။မောင်က တူရိယာထဲမှာ တယောလက်သံကို အနှစ်သက်ဆုံးမို့ အဲဒီညက မောင်တောင်းဆိုလို့ အဘက ခိုင်တို့ အားလုံးကို တယောထိုးပြပါတယ်။
အဘရဲ့တယောလက်သံက နားထောင်လို့ အလွန် ကောင်းပါတယ်။အဘဟာ တယောကို ပညာရှင်အဆင့် နီးနီး ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင် ထိုးတတ်တာကိုလည်း တအံ့တဩ တွေ့ရပါတယ်။လကလေးက သာသာ၊တယောသံလေးက ငြိမ့်ငြိမ့်ညောင်းညောင်း ဆွဲဆွဲငင်ငင်လေးနဲ့။ လွမ်းစရာကြီးပါ။ဒီလို ညမျိုးမှာ ဒီလို တယောသံလေးကို နားထောင်ရတာ အင်မတန်မှ လိုက်ဖက်ညီပြီး နဝင်ပီယံရှိလှတယ်လို့ ထင်မိပါတယ်။
အားလုံးရဲ့အာရုံတွေက အဘရဲ့ညှို့အားပြင်းတဲ့ တယောလက်သံကြားမှာ နစ်မျောပျော်ဝင်လို့ နေကြတယ်။ဘယ်သူမှလည်း စကားမပြော။တယောက်တမျိုး အတွေးကိုယ်စီနဲ့ပေါ့။တယောလက်သံက ကောင်းလွန်းလို့ ရင်ထဲမှာ ဘယ်သူ့ကို လွမ်းလို့ လွမ်းရမှန်း မသိအောင် စိတ်ခံစားချက်က ဖြစ်တည်လာတယ်။
အဲဒီအချိန် ခိုင်တို့ ထိုင်နေတဲ့ ကွပ်ပျစ်ရှေ့ကို အသားညိုညို၊အရပ်ထောင်ထောင်မောင်းမောင်းနဲ့ အသက်၄၀ ဝန်းကျင်ခန့် လူလတ်ပိုင်း ယောက်ျားတစ်ဦးရောက်လာခဲ့တယ်။သူ့လက်တဖက်က ခရီးဆောင်အိတ်ကို ဆွဲပြီး ကျောပေါ်မှာလည်း ကျောပိုးအိတ်တလုံးကို လွယ်ထားသေးတယ်။သူဟာ ခရီးဝေးက လာခဲ့ဟန်တူတယ်။
“အဖေ။အမေ။သမီး။သား။”
ထိုလူထံမှ အဖေဆိုတဲ့ ခေါ်သံကို စတင်ကြားရတယ်။သူ့အသံကို ကြားပြီး သူ့ကို မြင်တာနဲ့ အဘက တယောကို ဆက်မထိုးတော့ဘဲ ချက်ချင်း ရပ်တန့်ပစ်လိုက်တယ်။ပြီးတော့ သူ့ကို ဘာစကားမှ မပြောဘဲ စူးစူးဝါးဝါး စိုက်ကြည့်နေတယ်။
အဘရဲ့ထူးဆန်းလှတဲ့ အမူအရာကြောင့် အားလုံးရဲ့အာရုံတွေက အဘလှမ်းကြည့်ရာ ထိုလူဆီသို့ စုပြုံကာ ရောက်လာကြတယ်။ထိုလူကို မြင်တာနဲ့ အမေကြီးက ဘာမှ မပြောနိုင်ဘဲ ပါးစပ် အဟောင်းသားနဲ့ ကြက်သေသေပြီးဆွံ့အ နေပါတယ်။
မိကျေးကလည်း ထိုလူကို မြင်သွားပြီး ရုတ်တရက် မှင်သက်ကာ အံ့ဩနေတယ်။နောက်မှ သတိဝင်လာပြီး အင့်ခနဲ့ တချက်ရှိုက်ငိုကာ မျက်နှာကို လက်ဝါးနဲ့ အုပ်ရင်း နေရာမှ ထထွက်ပြေးသွားတယ်။
ထိုလူရဲ့အကြည့်တွေက မိကျေးနောက်သို့ လိုက်ပါသွားပြီး သူ့နှုတ်မှ ဆို့နစ်ကြေကွဲသံကြီးဖြင့် သမီး၊သမီးလို့ မပီမသခေါ်သံကြီးကို ကြားလိုက်ရတယ်။မြင့်ကျော်လေးကတော့ ဘာမှ မပြောဘဲ ထိုလူကို အံ့ဩထူးဆန်းသလို ငူငူကြီး ရပ်ကြည့်နေတယ်။
ထိုလူက လက်ထဲမှ အိတ်ကို မြေပေါ်သို့ ဖုတ်ခနဲ ပစ်ချလိုက်ပြီး မြင့်ကျော်လေးရှေ့သို့ ခြေလှမ်းကျဲများနဲ့ သွားကာ မြင့်ကျော်လေးကို ရင်ခွင်ထဲထည့်ရင်း တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်တယ်။သူ့မျက်ဝန်းမှ မျက်ရည်ကြည်တွေ ပိုးပိုးပေါက်ပေါက် စီးကျလာတာကို ခိုင် လရောင်ဖြင့် မသဲမကွဲ တွေ့နေရတယ်။
“သား သားလေး မြင့်ကျော်။ဖေဖေ့ သားလေးတောင် ဒီအရွယ်ကြီး ရောက်နေပြီလားကွာ။ကြည့်စမ်းပါဦး။သား ဖေဖေ့ကို မှတ်မိလား။ဖေဖေက သားရဲ့ဖေဖေ မြမောင်လေကွာ။သား ဖေဖေ့ကို မှတ်မိတယ် မဟုတ်လား။ဖေဖေပြောတာကို ကြားလား။ဖေဖေ့ကို ကြည့်ပါဦးကွာ။”
ဒီစကားနားထောင်ရတာနဲ့တင် ဒီလူဟာ မိကျေးတို့ မြင့်ကျော်တို့ရဲ့အဖေ ကိုမြမောင် ဖြစ်မယ်ဆိုတာ ခိုင် တထစ်ချ သဘောပေါက်လိုက်ပါပြီ။မြင့်ကျော်ကလည်း သူ့အဖေကို စိုက်ကြည့်ရင်း ဘာစကားမှ မပြောနိုင်ဘဲ မျက်ရည်တွေ တသွင်သွင် စီးကျလို့ နေတယ်။ဒီမြင်ကွင်းကို ကြည့်ရင်း ခိုင့်ရင်ထဲ ထိခိုက်ရပါတယ်။ဆို့နစ်ရပါတယ်။
“ဖေဖေ သားတို့ကို အချိန်အကြာကြီး ပစ်ထားတာ မဟုတ်ပါဘူးကွာ။ဖေဖေ ထိုင်းမှာ အလုပ်လုပ်ရင်း မတော်တဆ ပြစ်မှုနဲ့ ထောင်ကျနေလို့ပါ။ဖေဖေ ထောင်ထဲကနေပြီး သားနဲ့ သမီးကို နေ့တိုင်း လွမ်းနေရတာပါ။ဖေဖေ့သားနဲ့ သမီးကို ဖေဖေ အရမ်း ချစ်တာပါကွာ။”
“ဖေဖေ သားတို့ကို ဘာမှ ပြောမသွားဘဲ ထိုင်းကို ထွက်သွားခဲ့တာလည်း သားတို့ ဘဝရှေ့ရေးအတွက် စဉ်းစားပြီး ငွေရှာမယ်။အဖေနဲ့အမေကို အိမ်လေး ဆောက်ပေးမယ်။ငါ့သားသမီးတွေကို လူတန်းစေ့ထားနိုင်ရမယ်။လူတလုံး၊သူတလုံးဖြစ်ပြီး ပြည့်ပြည့်စုံစုံ ထားနိုင်တဲ့ တနေ့ကျမှ ငါ့သားသမီးတွေဆီ ငါပြန်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထွက်သွားခဲ့တာပါ သားရယ်။”
“ဖေဖေ့ကို စိတ်မနာကြပါနဲ့။ဖေဖေ တောင်းပန်ပါတယ်ကွာ။ဖေဖေ့ကို အားလုံး နားလည်ပေးကြပါ။အခုလည်း ဖေဖေ့ရည်ရွယ်ချက်တွေ အားလုံး ပြည့်လို့ ဖေဖေ ဒီကို ပြန်လာခဲ့တာပါ။အဖေနဲ့အမေကို အိမ်ဆောက်ပေးမယ်။သားကို ဖေဖေ ကိုယ်တိုင် ရှင်ပြုပေးမယ်။သမီးကို နားသမယ်။အဖေနဲ့အမေတို့ လှူချင်နေတဲ့ အလှူပွဲကြီးကို သား တတ်နိုင်သလောက် အင်အားနဲ့ လုပ်ပေးဖို့ ပြန်လာခဲ့တာပါ။သားမှာ အခု ငွေအလုံအလောက်ပါလာပြီ အဖေနဲ့ အမေ။”
“ကျွန်တော့်ကိုယ်စား ကျွန်တော့်သားနဲ့ သမီးကို ဒီအရွယ်ထိရောက်အောင်၊လူလားမြောက်အောင်၊လူတလုံး၊သူတလုံးဖြစ်အောင် ကျွေးမွေးပြုစုပေးခဲ့တဲ့ အဖေနဲ့ အမေကိုလည်း သား ကျေးဇူးအများကြီး တင်မိပါတယ်။အမှားရှိရင် သားကို ခွင့်လွှတ်ကြပါ။အဖေနဲ့အမေကို သား ကန်တော့ပြီး တောင်းပန်ပါတယ်ဗျာ။”
ယောက်ျားကြီး တန်မဲ့ မျက်ရည်လည်ရွဲနဲ့ သားကို ဖက်ရင်း ကတုန်ကရင် အသံဖြင့် ရှင်းပြနေရှာတဲ့ ကိုမြမောင် အဖြစ်ကလည်း သနားစရာပါ။
ကိုမြမောင်က မြေပေါ်မှာ ဒူးတုတ်ကာ ထိုင်ချလိုက်ရင်း အဘနဲ့ အမေကြီးတို့ လင်မယားကို ကန့်တော့နေတယ်။အမေကြီးက မျက်ဝန်းမှာ မျက်ရည်တွေ စီးကျရင်း ခေါင်းတညိတ်ညိတ်နဲ့ ပြုံးနေသလို အဘကို ကြည့်လိုက်ပြန်တော့လည်း အဘက ယောက်ျားမို့ မျက်ရည်မကျပေမဲ့ ပြုံးနေသည်ပါပဲ။
အဲဒီအချိန် မိကျေးက တဲထဲမှ ပြေးထွက်လာကာ သူ့အဖေ ကိုမြမောင် ကိုယ်ကြီးကို ဖက်တွယ်ရင်း ရှိုက်ကြီးတငင် ငိုချပစ်လိုက်တယ်။သူလည်း သူ့အဖေပြောတာကို ကွယ်ရာကနေ နားထောင်နေသည်ထင်။ကိုမြမောင်က သားနဲ့သမီးကို တဖက်စီ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ရင်း ခေါင်းလေးတွေကို ပွတ်သပ်ကာ နမ်းနေပါတယ်။ကိုမြမောင် မျက်ရည်ကျနေဆဲပါ။။
“ဖေဖေ သားနဲ့ သမီးအပေါ် ဥပက္ခာပြုပြီး ရက်စက်စိမ်းကားသွားတာ မဟုတ်ပါဘူးကွယ်။သားတို့ သမီးတို့ရဲ့ဖိုးဖိုးဖွားဖွားတို့ လက်ထဲမှာမို့ စိတ်ချလက်ချထားခဲ့မိတာပါ။ဖေဖေ့ရင်ထဲမှာ ဖေဖေ့သားနဲ့ ဖေ့ဖေ့သမီး အမြဲ ရှိပြီးသားပါ။သားနဲ့ သမီးကို အခုလို အကြာကြီး ခွဲထားရတဲ့အတွက် ဖေဖေ့ကို နားလည်ပေးကြပါ။ခွင့်လွှတ်ကြပါ သားနဲ့ သမီးတို့ရယ်။”
သူတို့ အားလုံး မျက်ရည်ကျနေကြတယ်။ဒါပေမဲ့ ကြေကွဲလို့ ကျတဲ့ မျက်ရည်မျိုးတော့ မဟုတ်နိုင်ပါဘူး။မိသားစု ပြန်ဆုံလို့ ကြည်နူးလို့ ကျတဲ့ မျက်ရည်မျိုးပဲ ဖြစ်ပါလိမ့်မယ်။ဒီမြင်ကွင်းကို ကြည့်ရင်း ခိုင်နဲ့ မောင်တို့ ရဲ့ရင်ထဲမှာလည်း ဝမ်းသာ၊ဝမ်းနည်း ကြည်နူးပီတိဖြစ်မှုကို ခံစားရပါတယ်။
အညာမှာ သာတဲ့ လပြည့်ညတွေထဲမှာ ဒီလပြည့်ညကတော့ အသာဆုံးပဲ ဖြစ်ပါလိမ့်မယ်။
မနက်၇နာရီလောက်ကျတော့ ခိုင်တို့ မိသားစု အမေကြီးချကျွေးတဲ့ ကောက်ညှင်းပေါင်းနဲ့ ပဲပြုတ်ကို စားပြီး အဘတို့ မိသားစုကို နှုတ်ဆက်ကာ တံခွန်တိုင်ရွာလေးမှ ထွက်ခွါလာခဲ့ပါတယ်။မထွက်ခွါခင် အဘတို့ကို ခိုင်တို့ လင်မယားက ငွေနှစ်သိန်းနဲ့ ကန်တော့ခဲ့ကြတဲ့အခါ အဘတို့က လက်မခံခဲ့ကြပါ။အတင်းပဲ ငြင်းကြတယ်။
နောက်ဆုံး လက်မခံတဲ့ အဆုံး မြင့်ကျော်လေးကို ရှင်ပြုတဲ့အခါ ခိုင်တို့လည်း ကုသိုလ်အလှူပါဝင်ချင်လို့ ငွေနှစ်သိန်းကို အလှူငွေအဖြစ် ထည့်ပါရစေလို့ အတင်းပြောမှ လက်ခံခဲ့ကြတယ်။
ဘာပဲဖြစ်ဖြစ် အညာကို အလည်ရောက်တုန်းရောက်ခိုက် ကြုံကြိုက်စရာ ခဏတာ ခရီးလမ်းမှာ အဘတို့ အမေကြီးတို့ ချက်ကျွေးတဲ့ မေတ္တာထမင်း၊မေတ္တာဟင်းများကိုလည်း အားရပါးရ စားသုံးခဲ့ရတယ်။
အညာသူ၊အညာသားတွေဖြစ်ကြတဲ့ အဘ ဦးဖိုးဆောင်နဲ့ အမေကြီး ဒေါ်မယ်စိုးတို့ရဲ့စိတ်သဘောထား ဖြူစင်ပြည့်ဝပုံ၊မေတ္တာကြီးမားပုံ၊စေတနာသဒ္ဓါတရား ထက်သန်ပုံ၊ဖော်ရွေးသဘောကောင်းပုံ၊ကူညီတတ်ပုံကိုလည်း လက်တွေ့သိမြင်ခွင့်ရခဲ့တယ်။
ပြီးတော့ လသာတဲ့ ညလေးတညမှာ နှစ်ပေါင်းများစွာ ကွဲကွာနေကြတဲ့ သားအဖ ပြန်ဆုံပွဲကြီးကိုလည်း ကြည်နူးစွာ မြင်ခဲ့၊တွေ့ခဲ့ရတယ်။ဒီလိုအရသာ၊ဒီလိုမြင်ကွင်းမျိုးကို ခိုင် တသက် ဘယ်တော့မှ မေ့နိုင်လိမ့်မယ် မထင်တော့ပါဘူး။
ရှေးခေတ်စာဆိုရှင်တွေက လမင်းနဲ့လရောင်ခြည်ကို မေတ္တာတရားနဲ့ ခိုင်းနှိုင်းတင်စားကြတယ်လို့ ဆိုကြတယ်။
ဒါဆိုရင် အညာသူ အညာသားကြီးတွေ ဖြစ်ကြတဲ့ ရိုးသားလှတဲ့ အဘနဲ့ အမေကြီးတို့ရဲ့သူတပါး ဒုက္ခရောက်ချိန်မှာ ကူညီကယ်တင်လိုတဲ့ စိတ်စေတနာကောင်းပုံ၊သဒ္ဓါတရားထက်သန်ပုံ၊မနောလှပုံတွေကို တင်စားရမည်ဆိုပါက အညာမှာ သာတဲ့လ။အညာမှာ သာတဲ့ လပဲပေါ့။
•••••••••••••••••••••••••••••••••••••••••••••••••
အားပေးမှုကို ကျေးဇူးတင်လျက်
ဆက်လက်ကြိုးစားပါဦးမည်။
စစ်နိုင်ထွန်း