အတိတ်ည လူကြမ်း(စ/ဆုံး)
————————
“မောင်တို့ချယ်ရီမြေ”
ညက တီဗီအဖွင့် ဝင်းဦးနှင့် ခင်သန်းနု၏ မောင်တို့ချယ်ရီမြေသီချင်းဆိုနေသော အခန်းလေးကို တိုက်တိုက် ဆိုင်ဆိုင် သွားကြုံသည်။
ထိုနေ့ညကို ကျွန်တော် ကောင်းကောင်းသတိရနေမိသည်။
တစ်ခုသောည
အတိတ်ညတစ်ည
“အစ်ကို … ဝင်းဦးကားအသစ် ရုံတင်တယ်တဲ့”
“ဟုတ်တယ် … မောင်တို့ချယ်ရီမြေတဲ့”
“ကြည့်ချင်တယ်”
“ဒီအချိန်ဆိုရင် လက်မှတ် ဘယ်လွယ်မလဲ”
“ဟင့်အင်းကွာ … ကြည့်ချင်တယ် … ကျောင်းတွေပိတ်ရင် ချိန်းဖို့ သိပ်မလွယ်တော့ဘူး … လက်မှတ်ရအောင် လုပ်ပေး”
“လက်မှတ်ဝယ်တာတော့ ဟုတ်ပါပြီ … အစ်ကို့မှာ ပိုက်ဆံမရှိဘူး”
“ညနေ ကျောင်းဆင်းရင် ပေးလိုက်မယ် … ရအောင်လုပ်”
“အေးလေ … ကြိုးစားကြည့်မယ်”
ညနေ ကျောင်းအဆင်းတွင် အတာက သူ့ကို ပိုက်ဆံ ၅ ကျပ်လာပေးသည်။
“နှစ်ကျပ်ခွဲတန်းက နှစ်စောင်နော်”
“ည ၇ နာရီမထိုးမီလည်း ရောက်အောင်လာဦး”
“မီးသတ်ရှေ့ ဗာဒံပင်အောက်မှာ စောင့်နေမယ် … ရုံထဲ တူတူဝင်သွားလို့ မဖြစ်ဘူး …”
“သိပါတယ် … အဲဒီကပဲစောင့်”
ဝင်းဦးကားဆိုလျှင် တစ်မြို့လုံးကြိုက်သည်။ ညနေ ၅ နာရီ လက်မှတ်ကိုလာပြီး တန်းစီသည်။ လက်မှတ် ပေးသည့်အခါတွင် လူတွေကတိုးကြသည်။ တန်းပျက်သွားသည်။ သူက မတိုးနိုင်သဖြင့် လက်မှတ်မရလိုက်။ မှောင်ခိုတွေလက်ထဲ လက်မှတ်ရောက်သွားပြီး ၂ ကျပ်ခွဲတန်းကို ၅ ကျပ်ရောင်းနေသည်။ ယခုမှ ခက်ပြီ။ အတာက ညဆိုလျှင် ထွက်လာမည်။
သူက အိမ်ကို စက်ဘီးနှင့် ပြန်ပြေးရသည်။ အိမ်တွင် ချောင်ကြို ချောင်ကြားမကျန် ပိုက်ဆံလိုက်ရှာကြည့်သည်။
ငါးမူးစေ့လေးတစ်စေ့သာတွေ့သည်။ အမေ့ထံကလည်း ပိုက်ဆံမတောင်းရဲ။ နောက်ဆုံး မီးဖိုချောင်ထဲက ဒန်အိုး ကြီးတစ်လုံးကို ပုဆိုးနှင့်ထုပ်သွားပြီး သွားပေါင်ရသည်။ ၇ ကျပ်ပဲရသည်။
သူက ရုပ်ရှင်ရုံရှေ့ အမြန်ပြန်လာသည်။
မှောင်ခိုလက်မှတ်ရောင်းသူများထံမှ ၂ ကျပ်ခွဲတန်းကို ၅ ကျပ်နှင့် လက်မှတ်နှစ်စောင် ဝယ်လိုက်ရသည်။
ည ထမင်းစားသောက်ပြီး ရုပ်ရှင်ရုံကိုလာခဲ့သည်
သူနှင့် အတာ ချစ်သူတွေဖြစ်သည်မှာ ၂ နှစ်ကြာခဲ့ပြီ။ ယခုတစ်ကြိမ်တွင် အတာက သူ့ကို ပထမဆုံး ရုပ်ရှင် အတူတူကြည့်ရန် အခွင့်အရေး ပေးခြင်းဖြစ်သည်။ သူတို့ အပြင်တွင်လည်း တစ်ကြိမ်မျှ မချိန်းတွေ့ဖူးကြ။ ယခု ပထမဆုံး နှစ်ဦးတည်း ရုပ်ရှင်အတူကြည့်ရတော့မည်။
၆ နာရီခွဲလောက်ကတည်းက သူ ဗာဒံပင်အောက် ရောက်နေသည်။ မကြာမီ အတာက စက်ဘီးလေးနှင့် ရောက် လာသည်။
“စက်ဘီးကြီးနဲ့ပါလား”
“စက်ဘီးကို သွားအပ်လိုက်ဦးမယ်”
သူက ရုပ်ရှင်ရုံရှေ့ စက်ဘီးအပ်သည့် နေရာတွင် စက်ဘီးအပ်ပြီး သူရှိရာ နေရာကိုလာသည်။
“အိမ်ကို စာသွားလုပ်မယ်ဆိုပြီး လိမ်ထွက်ခဲ့တာ”
“ဟုတ်လား … ဒီမှာ လက်မှတ်တွေ”
“ဘယ်ဆိုးလို့လဲ … တော်တော်မှ တိုးလိုက်ရသလား”
“ဆိုပါတော့”
“နေဦး … အတာ အရင်ဆုံး ဝင်သွားမယ် … အစ်ကိုက ရုပ်ရှင်ပြလို့ မှောင်မှ ဝင်ခဲ့နော် … သူများတွေ မြင်ကုန်မယ်”
“ပေးလေ ကိုယ့်ကို လက်မှတ်တစ်စောင်”
သူက အတာထွက်သွားသည်ကို ငေးကြည့်နေသည်။ ရုပ်ရှင်ပြရန် ခေါင်းလောင်းထိုးသည်။ နိုင်ငံတော် သီချင်း အသံကြားမှ သူက ဗာဒံပင်အောက်က ထွက်ခဲ့ပြီး ရုပ်ရှင်ရုံထဲဝင်လိုက်သည်။
C 1, C2 ဆိုတော့ အစွန်ဆုံးဖြစ်သည်။ သူက လက်မှတ်လေးကိုကိုင်လာပြီး A, B, C ရေတွက်ကာ C အတန်းထဲ ဝင်ပြီး အစွန်ကိုလျှောက်လာသည်။
“အစ်ကို ဒီမှာ”
အတာက သူ့လက်ကို ဆွဲချကာ ထိုင်ခိုင်းလိုက်သည်။]
ရုပ်ရှင်ပြပြီ
ခင်သန်းနု၏ စွဲမက်စရာကောင်းသည့်အလှ၊ မခို့တရို့အကြည့်နှင့် ဝင်းဦး၏ ညုတုတုအမူအယာတွေ အားပြိုင် ကြပြီ။ ပန်းခြံထဲတွင် သီချင်းဆိုသည့် အခန်းကို ရောက်လာသည်။ အတာက သူ့လက်မောင်းလေးကို လာဆုပ် လိုက်သည်။
“ခင်သန်းနုက ချောလိုက်တာ”
“အင်း”
သူ့ရင်တွေ ခုန်နေသည်
အတာက သူ့ပခုံးပေါ် ခေါင်းလေး လာမှီသည်။
ရုပ်ရှင်ထဲကအတိုင်းဖြစ်သည်။ သူက လက်လေးတစ်ဖက်နှင့် အတာ့ ပခုံးလေးကို ဖက်ရန် ပြင်လိုက်ပြီးမှ သက်ပြင်းချကာ လက်ကို ပြန်သိမ်းလိုက်သည်။
“ဘာဖြစ်လို့လဲ”
“ဘာမှ မဖြစ်ပါဘူး”
“အို … မောင် … နော်ဇာရွှေကုံး ဂမုန်းခိုင်ရေ
ဟင်း …
ဆောင်ပို့မယ် မောင်တို့ ချယ်ရီမြေ
အတူတူလိုက်မလားသွားမယ်မေ အချစ်ရေ …
စိမ်း စိုတင့်မော ယိမ်း မလိုဆင့်နှော ဟို… ချယ်ရီမြေ
လန်းတယ် ထိုပန်းကလေးက တဝေဝေ
နမ်းဘွယ် ကိုယ်လှမ်းပေးစရာ တချွေချွေ
ဂန္ဓရုံထဲ နှံ့စွာ ထုံစွဲ သာယာမယ်လေ
ချစ်သူပျော်ဖို့ မောင်တို့ချယ်ရီမြေ
ဖွင့်ယူခေါ်လို့ မောင်တို့ချယ်ရီမြေ ဟေး…
နှစ်ဖြာတွေးတဲ့ ယနေ့ညအချေ ကမ္ဘာဝေးစေ မမေ့ပေ
ရွှင်မဆုံးပြုံးပန်းပွင့်နေ ခင်ရေ
ကြယ်ကလေးများ အဆုံးသို့လေ
ရှုစားပုံမျက်လုံးတွေ မေကစားကာတဝင့်ဝင့် ပါနေ
ချစ်သဲစွဲရစ်ပေါ့မေ
ရစ်ဝဲပလေ မြဲတဲ့နှစ်ဦးမေတ္တာ သစ္စာမိုးစွေ
စိတ်ကူးနဲ့ မြူးတဲ့ဖေ
တကယ်ခင်လျှင် လာပါမေ
မောင်တို့… မောင်တို့… ချယ်ရီမြေ
အို မောင်… နော်ဇာရွှေကုံး ဂမုန်းခိုင်ရေ
ဟင်း… ဆောင်ပို့မယ် မောင်တို့ ချယ်ရီမြေ
အတူတူလိုက်မလားသွားမယ်မေ အချစ်ရေ …”
သူတို့နှစ်ယောက်စလုံး သီချင်းထဲတွင် နစ်မျောသွားကြသည်။
“ကောင်းလိုက်တဲ့ သီချင်းနော် … ခင်သန်းနုက အရမ်းအသံကောင်းတာပဲ”
“အဲဒါ ခင်သန်းနု အသံမဟုတ်ဘူး … အဆိုတော် ထားအသံနဲ့ တူတယ်”
“သီချင်းကို အရမ်းကြိုက်တာပဲ”
ရုပ်ရှင်ကိုပြီးမှာပင်စိုးရိမ်နေမိသည်။ အတာက သူ့ရင်ခွင်ထဲတွင် ခေါင်းလေးကို မှီထားသည်။
“ရုပ်ရှင်မကြည့်တော့ဘူးလား”
“ဟင့်အင်း … အစ်ကို့ရင်ခုံသံတွေကိုပဲ နားထောင်နေတော့မယ်”
“အရူးမလေး … ထကြည့်လေ … ဟိုမှာ ဝင်းဦး ပေါက်ကွဲနေပြီ”
“အစ်ကိုက အတာအဲသည်လိုလုပ်ရင် ဒေါသထွက်မှာလား”
“မထွက်ပါဘူး”
ရုပ်ရှင်ပြီးတော့မည်
“အစ်ကို အတာ အရင်ထွက်နှင့်မယ်နော်”
“သွားလေ … နောက်က လိုက်ခဲ့မယ်”
ပြီးပါပြီ
ရုပ်ရှင် စာတန်းအထိုး မီးအဖွင့် သူက လူတွေနှင့်ရောပြီး လိုက်ထွက်လာသည်။ ရုပ်ရှင်ရုံအဝတွင် အတာက စက်ဘီးလေးနှင့်စောင့်နေသည်။
“အစ်ကို စက်ဘီးနင်းလေ”
“ဘယ်သွားမလို့လဲ”
“မပြန်ချင်သေးဘူး … တစ်နေရာရာသွားမယ်”
“သွားလေ”
သူက စက်ဘီးကိုယူလိုက်ပြီး လူရှင်းသည့်ဘက်က နင်းလိုက်သည်။ အတာက နောက်မှတက်ပြီး သူ့ခါးကို ဖက်ထားသည်။
“အစ်ကို”
“ဘာလဲ”
“ရုပ်ရှင်ကြည့်တာ ကောင်းလား”
“ကောင်းတာပေါ့”
“နောက်ကြည့်ဦးမယ်”
“ဘယ်တော့လဲ”
“မနက်ဖြန်”
“ဘာကားလဲ”
“ဒီကားပဲ ထပ်ကြည့်ချင်တယ်”
“ကြည့်လေ”
“ဒီတစ်ခါ အစ်ကို ပြရမယ်”
“ကောင်းပြီလေ”
သူက စက်ဘီးကို နင်းလာသည်။ အတာက ခါးကိုဖက်ထားရာမှ သူ့ကျောကို မျက်နှာလေး အပ်ထား လိုက်သည်။
“ဖောင်း”
“အို … ဘယ်လိုလုပ်လိုက်တာလဲ … မလုပ်ပါနဲ့ … ကယ်ကြပါရှင်”
ဈေးဘက်ကို စက်ဘီးအကွေ့လိုက်တွင် သူ့မျက်နှာကို လူတစ်ယောက်က တုတ်တစ်ချောင်းဖြင့် ဖြတ်ရိုက် လိုက်သည်။ သူက သတိထားပြီး လက်ကို ကာလိုက်သဖြင့် မျက်နှာကိုမထိ။ သို့သော် ဟန်ချက်ပျက်ပြီး စက်ဘီးလဲသွားသည်။
“ခွေးမ … တိရစ္ဆာန်မ … လာခဲ့”
“အစ်ကို ပြေး … ပြေး”
သူက လက်ကိုကိုင်ပြီး မတ်တတ်ရပ်လိုက်လိုက်သည်။ တစ်ယောက်က ဝင်ထိုးပြန်သည်။ သူ့ပါးတွင် ကျင်ခနဲ ဖြစ်သွားပြီး မျက်စိထဲ၌ ပြာသွားသည်။
“တော်ပါတော့ … မလုပ်ကြပါနဲ့ … တော်ပါတော့”
လူတွေ ဝိုင်းလာကြသည်
“တစ်ယောက်မှ မကပ်နဲ့ … ဒါ ကျုပ်ညီမ … ကျုပ်ညီမကို ကျုပ်လာပြန်ခေါ်တာ”
“အဖေ … အဖေ … မလုပ်ပါနဲ့”
အတာ့အဖေက သူ့ကို ပြေးကန်သည်။ သူက ဗိုက်ကိုနှိပ်ထားလိုက်ပြီး ဒူးထောက်ရက်လဲသွားသည်။
“တော်ပါတော့ … ဟိုမှာ အတော်နာနေပြီ … ခင်ဗျားတို့တော်တော့”
ဆိုက်ကားဂိတ်မှ ဆိုက်ကားသမားများက လာဆွဲကြသည်။
“ညီလေး ရလား”
“ဟုတ်ကဲ့ … ရပါတယ်”
အတာ့ကို သူ့အဖေနှင့် အစ်ကိုများက ဆွဲခေါ်သွားကြသည်။
သူက ဗိုက်ကိုနှိပ်ရင်း အိမ်ပြန်လာသည်။ အိမ်တွင် အမေရောက်နေပြီ
“သားရေ … ဟင် ဘာဖြစ်လာတာလဲ”
“စက်ဘီးလဲလို့ အမေ”
“ဘယ်စက်ဘီးက လဲတာလဲ … မင်းစက်ဘီးက ဟိုမှာ”
“အောင်တင်နဲ့ စက်ဘီးအတူစီးရင်း လဲကျသွားလို့”
“နေဦး အမေ … မေးဦးမယ် … မနီဆီမှာ သားဒန်အိုး သွားပေါင်တယ်ဆို … ဘာလုပ်တာလဲ ပြောစမ်း”
“သား ပိုက်ဆံ နည်းနည်း လိုနေလို့ပါအမေ”
“ဘာလဲ ရုပ်ရှင်သွားကြည့်ဖို့မဟုတ်လား”
“အမေ ဘယ်လိုသိ …”
“သားရယ် … အမေက လိမ်ရင် အရမ်းမုန်းတာ … စောစောကပဲ ကောင်မလေး အဖေနဲ့ အစ်ကိုတွေ အိမ်ကို လာသွားတယ် … သူတို့သမီးကို လာရှာတာ … အမေက ရုပ်ရှင်လဲရင် သူကြည့်နေကျလို့ ပြောလိုက်တယ်။ နောက် ပိုက်ဆံလိုရင် အိမ်ကပစ္စည်းတွေ သွားမပေါင်နဲ့ … အမေ့ကိုပြော”
“ဟုတ်ကဲ့”
“ပြစမ်း … ပါးစပ်ကသွေးတွေ ထွက်နေပါလား”
ကျွန်တော့်အတိတ်တွေက ရုပ်ရှင်ကြည့်နေရသလို ပြန်ပေါ်လာသည်။
ဝင်းဦးက ခင်သန်းနုကိုဖက်ပြီး သီချင်းလေး ညည်းလိုက်သည်။
“အို မောင်… နော်ဇာရွှေကုံး ဂမုန်းခိုင်ရေ
ဟင်း …
ဆောင်ပို့မယ် မောင်တို့ ချယ်ရီမြေ
အတူတူလိုက်မလားသွားမယ်မေ အချစ်ရေ …”
တင်ညွန့်
၂၃.၃.၂၀၁၉
လူကြမ်း
——–
သူ့ပါးကို အမေက ကျပ်ထုပ်ထိုးပေးနေသည်။
“အား … အမေရယ် နာလိုက်တာ ဖြည်းဖြည်းလုပ်ပါဗျ”
“သား … မင်းဘာဖြစ်လို့ ဒီဒဏ်ရာ ရခဲ့သလဲ အမေမသိဘူး … ဒါပေမဲ့ မင်းညံ့လို့ ခံခဲ့ရတာပဲ … အမေ ပြောချင်တဲ့ ညံ့လို့ဆိုတာ ခံပြီးတော့ မထိုးနိုင်ခဲ့လို့ မဟုတ်ဘူး။ မင်း ဒီလို မဖြစ်အောင် မနေနိုင်ခဲ့တာကို ညံတယ် လို့ပြောတာ”
“အမေရယ် စက်ဘီးလဲတာပါ”
“မိန်းမတွေနဲ့ ပတ်သက်ရင် သားလည်း လိမ်တတ်လာပြီပဲ”
ထိုစဉ်
“အစ်ကို… အစ်ကို…”
“ဟဲ့ … ဘယ်သူလဲ”
အမေက ထသွားပြီး တံခါးဖွင့်ပေးလိုက်သည်။ အခန်းထဲကို ဝင်လာသူက အတာ
“ဟယ် … အတာ”
“သား … သူက ဘာဖြစ်လို့ …”
“အတာ ဘာဖြစ်လို့ ဒီကိုလာတာလဲ”
“အတာ အိမ်က ထွက်ပြေးလာခဲ့ပြီ အစ်ကို”
“ဟင် … ဘယ်လို လုပ်ရမလဲ … အမေ … ဒုက္ခတွေ များကုန်တော့မယ်”
“ဟုတ်တယ် … ဒုက္ခတွေ အကြီးကြီး ဖြစ်လာတော့မယ် … ပထမဆုံး သမီး အိမ်က လိုက်လာမယ် … အမေတို့ ဖြေရှင်းကြရတော့မယ်”
“အစ်ကို … အတာ အိမ်မပြန်တော့ဘူး … ထွက်ပြေးကြမယ်”
“အမေ … ဟုတ်တယ် … သူ့ကို တစ်နေရာ ခေါ်သွားမှ ဖြစ်မယ် … သူ့အိမ်က လိုက်လာရင် ဘယ်လို လုပ်မလဲ … သူ့ကို ရိုက်ကြမှာ”
“နေဦး … နေဦး … ခေါင်းအေးအေးထား … သမီး ထွက်လာတာ သူတို့ သိသလား”
“မသိဘူး … သမီးကို အခန်းထဲ ထည့်ပိတ်ထားတာ … ရအောင်ခိုးထွက်ခဲ့တာ”
“ဘာကြောင့် ဒီလို ထွက်လာတာလဲ … သမီး”
“သမီးကို ဝိုင်းရိုက်ကြတယ် … ပြီးတော့ … အစ်ကိုနဲ့ သဘောမတူဘူး … ခွဲကြလိမ့်မယ် …”
“သမီးရယ် … သူတို့ အချိန်မရွေးရောက်လာနိုင်တယ်”
“ဒါကြောင့်ပြောတာအမေ … အတာ့ကို ဘကြီးတို့အိမ်မှာ သွားဝှက်ပေးထားမယ်”
“မဖြစ်ဘူးသား … လာမယ့်ဘေး ရှောင်ပြေးတာ အမေမကြိုက်ဘူး … လာမယ့်ဘေး ပြေးတွေ့ရမယ် … ပထမဆုံး သားကို မေးမယ် … မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ဆီကို အားကိုး တကြီးနဲ့ အိမ်ကဆင်းလာပါပြီလို့ ပြောနေတယ် … ဒီအချိန်မှာ သားအဆုံးအဖြတ်က အရေးကြီးတယ် … သား ဘက်က သူ့ကို လက်ခံဖို့ အဆင်သင့်ဖြစ်ပြီလား”
သူငိုင်နေသည်။ အတာက သူ့ဘေးကို တိုးလိုက်ပြီး သူ့လက်မောင်းကို ကိုင်ထားသည်
“အစ်ကို ဘယ်လို လုပ်မလဲဟင် … အတာတော့ မပြန်ဘူး”
ထိုစဉ် အိမ်ရှေ့မှ ကားရပ်သံကြားလိုက်ရသည်
“ဟေ့ … တံခါးဖွင့်စမ်း … တံခါးဖွင့်”
အမေက တံခါးကို ဖွင့်ပေးလိုက်သည်။ ရပ်ကွက်လူကြီးတွေအပြင် အတာ့ အဖေနှင့်အမေ
“မိတာ လာစမ်း”
အတာက သူ့ကိုဖက်ထားလိုက်ပြီး
“အစ်ကို အတာ ပြန်မလိုက်သွားဘူး … အစ်ကိုနဲ့ပဲ နေမယ် … မလိုက်ဘူး … သမီး ခိုးရာလိုက်လာတာ”
“မိတာ … လာလို့ ပြောနေတယ်နော်”
သူ့အမေက အတာ့ကို ဝင်ဆွဲသည်။ အတာက သူ့ကိုဖက်ထားသည်။ သူ့အဖေကပါ ရောက်လာပြီး သူ့ကို ထိုးသည်။ သူက သူ့အဖေလက်ကို ပုတ်ထုတ်လိုက်ပြီး
“ကျုပ်ပြောတာနားထောင် … ခင်ဗျားတို့ ကျုပ်အိမ်ပေါ်ကိုလည်း တက်လာသေးတယ် … ဒီလိုစော်ကားလို့ မရဘူး … ဒီတစ်ချီ ခင်ဗျားထိုးတာကို ငုံ့ခံမယ့်သူမဟုတ်ဘူး”
“အောင်မယ် … ခွေးမသား လူပါးဝလို့”
“ခင်ဗျား မိုက်ရိုင်းလှချည်လား ကျုပ်အမေကိုများ …”
သူက လက်သီးကိုဆုပ်လိုက်ပြီး အတာ့အဖေကို တစ်ချက်တည်း ထိုးချလိုက်သည်။ အတာ့အဖေက နောက်ပြန် ဖင်ထိုင်ကာ လဲကျသွားသည်။
“အို … အဖေ … အစ်ကို ဘယ်လို လုပ်လိုက်တာလဲ”
“ခင်ဗျား … လူပါးမဝနဲ့ … စောစောကတည်းက လမ်းမှာ မလုပ်ချင်လို့ … ကိုင်း”
သူက နောက်တစ်ချက်ထိုးရန်ပြင်လိုက်ရာ သူ့ကို လူကြီးတစ်ယောက်က ဝင်ချုပ်သည်။
“ဟေ့ကောင် တော်စမ်း … အေးအေးဆေးဆေးပြောကြမယ်”
“တက်လာကတည်းက အဲသည်လို လုပ်ပါလား”
အတာ့အဖေက
“တောက် … လူပါးဝလို့ … တွေ့လား ခွေးမ … နင့်ကြောင့် ငါတို့ လူကြားထဲမှာ တစ်စက်မှ သိက္ခာ မရှိတော့ဘူး”
“သိက္ခာရှိချင်ရင် သိက္ခာရှိရှိ လူကြီးလူကောင်းလို ဖြေရှင်းရတယ်ရှင့် … ရှင်တို့ သမီးက သူ့ဘာသာသူ ရောက်လာတာ … ကျွန်မတို့ ဘာမှ မလုပ်ဘူး … ထိုင်စကားပြောနေတာ … မကျေနပ်ရင် ပြန်ခေါ်သွားကြလေ”
အမေက ဝင်ပြောလိုက်ခြင်းဖြစ်သည်။ အတာက သူ့ကို ကြည့်နေသည်။ သူ့အဖေက
“ငါ့သားတွေ ပါလာလို့ကတော့ မင်း တစ်စစီဖြစ်သွားမယ်”
“ဦးလေး … စကားကို ဆင်ခြင်ပြောပါ … ကျွန်တော် ဦးလေးသမီးကို ဘာမှ မလုပ်ဘူး။ သူ့ဘာသာ ရောက်လာတာ … မေးကြည့် … ခုလည်း ပြန်ခေါ်သွားလို့ရတယ် … စိတ်မဝင်စားဘူး”
“အစ်ကို ဘယ်လိုပြောလိုက်တာလဲ”
“ဟုတ်တယ် … စိတ်ထဲရှိတဲ့အတိုင်း ပြောလိုက်တာ … စိတ်မဝင်စားဘူး … မိန်းမတဲ့ … ဘာမိန်းမလဲ … အဆင့်အတန်းမရှိ။ ပိုက်ဆံရှိတယ် … လူကြီးလူကောင်းတွေတဲ့ … တစ်ပြားမှ မတန်တဲ့ဟာတွေ … ထွက်သွား … ခင်ဗျားတို့ ထွက်သွားကြ”
“အေးဗျာ … ခင်ဗျားတို့ သမီးကို ပြန်ခေါ်သွားကြပါတော့ … ကျွန်တော်တို့ သူတို့သားအမိအကြောင်း ကောင်းကောင်းသိတယ်။ ကောင်းကောင်းမွန်မွန် ရိုးရိုးသားသားတွေ … ခု ခင်ဗျားတို့ သမီးကို ဒီအတိုင်းပဲ တွေ့ရပြီ မဟုတ်လား … ပြန်ခေါ်သွားပါ”
“လာ … သမီး”
အတာ့အမေက သူ့သမီးကို ဆွဲခေါ်သွားသည်။ အတာက သူ့အမေနောက် ပြန်လိုက်သွားသည်။ သူတို့ အားလုံး အိမ်ပေါ်က ဆင်းသွားကြချိန်တွင် အမေက တံခါးကို သွားပိတ်လိုက်သည်။
“အမေ”
“ဘာလဲသား”
“သား လုပ်လိုက်တာ မှန်သလားဟင်”
“မှန်တယ်သား … မှန်တယ် … သားဆုံးဖြတ်လိုက်တာ အရမ်းကောင်းတယ်”
“အမှန်တော့ သားက အတာ့ကိုချစ်တာ အမေရယ် … ဒါပေမဲ့ အမေမျက်ရည်တွေကျနေတာကိုကြည့်ပြီး ချက်ချင်းကို လူကြမ်းကြီးထလုပ်လိုက်တာ။ သားမရိုင်းချင်ပါဘူးအမေ။ ကိုယ့်အဖေလောက်အရွယ်ကိုလည်း မထိုးချင်ပါဘူး။ ဒါပေမဲ့သားက ဒီလိုမှ မလုပ်ရင် …”
“သားရယ် … အမေ့သားလေး … အမေ့သားလေး”
(အတာရေ … မင်း ခုချိန်မှာ ဒီစာကို ဖတ်မိနိုင်ပါစေ)
…
တင်ညွန့်
၂၄.၃.၂၀၁၉