အမွေ

Posted on

အမွေ(စ/ဆုံး)
——-

” မမကြီး အမေဆုံးတော့ ဘာတွေပေးခဲ့သေးလဲ ”

ခပ်တင်းတင်းမေးနေတဲ့ ညီမလတ် မိမိလတ်ကိုကြည့်ပြီး မိမိမြတ် သက်ပြင်းမောတချက်ခိုးချလိုက်မိသည် ။

မိမိလတ်အိမ်ထောင်ပြုပြီးနောက်ပိုင်း အမေနဲ့ပြောကြဆိုကြတာပြန်ကြားယောင်မိသည် ။

ထိုအချိန်က မိမိလတ်ယူသည့်သူက ရန်ကုန်မှာ ကားပွဲစားလိုလို အိမ်ခြံမြေပွဲစားလိုလို ။
မိမိလတ်ရဲ့သားလေးဘုန်းမြတ် ၅နှစ်သားအရွယ်လောက်ထိ အမေ့ဆီမကြာခဏ အလည်လာတတ်သည် ။

နောက်ပိုင်းအမေကျန်းမာရေးမကောင်းတဲ့အချိန်မှာတော့ ယောက်ကျားဖြစ်သူစီးပွားရေးထဲ ငွေထည့်ရင်းမည်ဟုအကြောင်းပြပြီး အမေ့ဆီကနေ အမွေသဘောမျိုးတောင်းခဲ့တာ ။
အမေကလည်း ထိုအချိန်ကတည်းက ရှိသည့်အတွင်းပစ္စည်းကို ၃ပုံ ပုံပြီး မောင်နှမမျက်နှာစုံညီ တပုံကို သမီးလတ်ကိုအပြတ်ပေးလိုက်သည် ။

မကြာမီမှာပဲလက်ကြောတင်းတင်းဘာမှ မလုပ်ချင်ပဲ အမေ့အိမ်ပေါ် ချွေးမခေါ်တင်လာပြီး မိမိမြတ်ချက်ပြုတ်ကျွေးတာ လင်မယား၂ယောက်လုံး အဆင်သင့်ထိုင်စားနေတဲ့ အငယ်ကောင်ကိုကိုထွေးကလည်း မိန်းမရှိရာမြို့မှာ ယောက္ခမတွေနဲ့အတူ စီးပွားရေးလုပ်ချင်သည်ဟု အရေးဆိုလာတာကြောင့် သားလင်မယားအတွက် တပုံပေးခဲ့သည် ။

ကျန်သည့်တပုံနဲ့အိမ်ကတော့ အမေ့ကိုကျွေးမွေးစောင့်ရှောက် စရိတ်စကအကုန်ထုတ်နေသည့် မိမိအတွက်ဟုအမေကအပြတ်ပြောခဲ့သည် ။

ထိုအချိန်တုန်းကတော့ အားလုံးသဘောတူညီခဲ့ကြပြီး ရသည့်အမွေတွေပိုက် အိမ်ကနေထွက်သွားကြတာ ပြန်ကိုမပေါ်လာကြတော့သလောက် ။

အခန်း ၂

အမေအသည်းအသန်စဖြစ်တော့ ရပ်ဝေးမှာ အခြေချနေကြသည့် ညီမနဲ့မောင်ကို အကြောင်းလှမ်းကြားပေမဲ့ အကြောင်းပြချက်မျိုးစုံနဲ့ဘယ်သူမှ မရောက်လာခဲ့ကြ ။

ဆုံးပြီဆိုတော့မှ ရောက်ချလာပြီး ဘယ်ကဘယ်လိုကြားလာသလဲမသိတဲ့ အမွေကိစ္စ မေးကြသည် ။
သူတို့ပြောတာတွေ မိမိမြတ်မသိ ။ မသိလို့ မသိဘူးပြောတာကိုလည်းမယုံကြ ။
မိမိမြတ်အမေဆီမှာ ဘိုးစဥ်ဘောင်ဆက်စုဆောင်းလာသော တသက်စားမကုန်သော ရွှေဒင်္ဂါးတွေတပုံကြီးရှိသည်ဆိုသောစကား ။
ထိုစကားသည် ဘယ်ကဘယ်လိုစ ကြားလာသည်လဲ မိမိမြတ်မသိပေမဲ့ အိမ်မှာတော့ အတော်လေးဂယက်ထခဲ့ရသည် ။
အမေက တကွက်ချန်ပြီး သူ့အနားနေတဲ့ မိမိကိုလက်သိပ်ထိုးပေးခဲ့သလိုလို ။
တခြားသားသမီးတွေကို မဖြစ်စလောက်ပေးပြီး နှင်ထုတ်လိုက်သလိုလို ။
တကယ်တော့ ထိုအကြောင်းကို ကွယ်လွန်သွားသည့်အမေကလည်း အရိပ်အယောင်တောင်မပြောပြခဲ့ မသိခဲ့ ။
ဒါကြောင့်လည်း မိမိမြတ်က အငယ်၂ယောက်ကို ကျိန်ဆိုပြီး ယုံကြည်အောင် ပြောပြရသည်မှာလည်း အါပေါက်မတတ် ။
ထိုသို့ပြောပြတော့လည်း သူတို့စိတ်ထဲ အဖိုးအဖွားတွေက အမေမသိအောင်တနေရာရာမှာ ဖွက်ခဲ့ပြီး မပြောဖြစ်တာဖြစ်မည်ဟုတွေးကြပြန်သည် ။

အခန်း ၃

ကောလဟာလသတင်းစကားနဲ့လောဘအတွေးတွေကြား ထိုရွှေတွေသည် အဖိုးအဖွားတွေလက်ထက်ကဆောက်ခဲ့သော အိမ်ရဲ့တနေရာရာမှာ ရှိနေနိုင်သည်ဟုတွေးကြပြီး တိုက်ထဲမသင်္ကာသည့်နေရာမှန်သမျှ တူးဆွ ရှာဖွေထားကြသည်မှာ ပွစာကျဲ ။
စိတ်တိုင်းကျရှာဖွေပြီး မတွေ့တဲ့အဆုံးခြံထဲမှာ အမေစိုက်ပျိုးထားတဲ့ပန်းအိုးတွေကို ရိုက်ခွဲရှာကြပြန်သည် ။
မိမိမြတ်ကတော့ ထို ကောလဟာလစကားကို အယုံအကြည်မရှိ ။
အကယ်၍ရှိခဲ့တောင်မှ အမွေသည် ထိုက်မှစားရသည့် ပဥ္စလက်ဆန်သောအရာမျိုး ။
အငယ်တွေကိုကြည့်ပြီး ပူလောင်လွန်းလှသည် ။
မိမိတယောက်တည်း အိမ်မှာစတိုးဆိုင်လေးဖွင့်ပြီး ငြိမ်းငြိမ်းချမ်းချမ်းစားသောက်နေထိုင်နိုင်တာမလို့ ဘာမှထပ်ပြီးလောဘမတက်တော့ ။
ဆွေစဥ်မျိုးဆက်စားမကုန်အောင်ချမ်းသာသည်ဟု နာမည်ကြီးနေသော အမေ့တွင် နောက်ဆုံးအနေနဲ့ရွှေ ၃ ပိသာကို တယောက် တပိသာအမွေခွဲပြီးတဲ့နောက် အမေ့လက်ထဲဘာမှမကျန်တော့တာ မိမိအသိဆုံး ။
အငယ်တွေကတော့ နေ့နေ့ညည အိမ်ထဲ ခြံထဲ တူးဆွမွှေနှောက်ရှာဖွေနေကြသည်မှာ အမေတယောက်လုံးလုံးဆုံးပါးသွားသည့်အရေးမှာ သူတို့နှင့်မဆိုင်သလိုလို ။
အိမ်ထောင်ကျသွားရင် ခုလိုပဲ မိဘအပေါ်သံယောဇဥ်နည်းပါးသွားကြတာလားဟု မိမိမြတ်တွေးမိပြန်သည် ။
ဒါသည်လည်း လူတိုင်းတော့မဖြစ်နိုင် ။
လောဘသက္ကာယ အလွန်ကြီးကြသည့် လူမျိုးတွေမှာမှ ရှိနေသည့် စိတ်မျိုးဖြစ်မည် ။
ငယ်ငယ်ကအတူစား အတူကစား မိမိထိမ်းကျောင်းခဲ့ရသော မောင်နဲ့ညီမသည် ခုတော့ မယုံကြည်နိုင်လောက်အောင်ပြောင်းလဲသွားခဲ့သည် ။

အခန်း ၄

အိမ်ကို အမွေခွဲကြမည်ဟုပြောလာကြတော့ မိမိမြတ်ထူးပြီး မအံ့သြတော့ ။
စိတ်တိုင်းကျမွှေနှောက်တူးဖွရှာဖွေထားပြီးတဲ့နောက် ထိုစကားကို အငယ်ဆုံးမောင်လေးကဆိုလာခြင်းဖြစ်သည် ။
ဒီအိမ်သည် အမေ့တသက်ပြုစုစောင့်ရှောက်ခဲ့သောမိမိအတွက် အမေပေးခဲ့တာ အကုန်သိကြသည် ။
ထိုအချိန်တုန်းကတော့ အားလုံးကြည်ဖြူစွာလက်ခံခဲ့ကြသည် ။
အခုတော့ အိမ်ကိုရောင်းပြီး အမွေခွဲကြမည်ဟု ဆိုလာကြပြန်သည် ။

ခုချိန်မှာ အကြောက်အကန်တွေလည်း ထပ်မဖြစ်ချင်တော့ ။
အမေ့ကိုလည်း ရောက်ရာဘုံဘဝမှာ ငြိမ်းချမ်းစေချင်သည် ။
မောင်နှမတွေ ရန်ထဖြစ်နေရင် အမေစိတ်ချမ်းသာမည်မဟုတ် ။
အိမ်နဲ့တဆက်တည်း စတိုးဆိုင်ဖွင့်ထားတာကြောင့် မိမိမြတ်အတွက် အပိုအသုံးစရိတ်ဘာမှမကုန်ုန် ။
ဆိုင်ကအမြတ်အစွန်းနှင့်သားအမိ၂ယောက် ကောင်း၂ရပ်တည်နေနိုင်ခဲ့သည် ။
ဒါကြောင့်လည်း အမေအမွေပေးခဲ့သောရွှေကိုမတို့မထိပဲ နောက်ဆုံးအချိန်ထိ အမေ့ကိုပြည့်ပြည့်စုံစုံ ထားနိုင်ခဲ့သည် ။
ဘိုးဘွားပိုင်အိမ်မလို့ မိမိမြတ်ရောင်းဖို့တော့ စိတ်မကူး ။
အမွေပြသနာဖြစ်ကြ၍ ရောင်းပြီဆိုလည်း မတန်မရာ ရသည့်စျေးနှင့်ထိုးကြိတ်ရောင်းရအုန်းမည် ။
သူတို့ကတော့ ရေကြည်ရာမြက်နုရာ လင်နဲ့သားနဲ့မယားနဲ့နေကြတာကြောင့် အိမ်ကိုသံယောဇဥ်မရှိကြပေမဲ့ မိမိမြတ်ကတော့ အစွဲအလန်းကြီးသည်ဟုပဲဆိုဆို မိဘ ဘိုးဘွားတွေ ခေါင်းချခဲ့သည့်အိမ်မလို့ လက်လွတ်စပယ် မရောင်းရက် ။
အခု အငယ်နှစ်ယောက်က အိမ်ကိုရောင်းချပြီး အမွေပေးရမည်ဆိုတော့ မိမိမြတ်အိမ်ကိုပြန်အမ်းယူဖို့သာ ဆုံးဖြတ်လိုက်တော့သည် ။

အခန်း ၅

အိမ်ရှေ့နံရံမှာချိတ်ဆွဲထားသည့် ပန်းချီကားကြီးထဲမှာတော့ အဖိုးနဲ့အဖွားသည် ငယ်ရွယ်လှပပြီးကျက်သရေရှိလှသည် ။
မိမိမြတ်က အဖိုးနဲ့အဖွားကိုကြည့်ပြီး တချက်ပြုံးပြလိုက်မိသည် ။
အမေ့ဘက်က အဖိုးနဲ့အဖွားဖြစ်ပြီး အဖိုးဖြစ်သူသည် ဝန်ထောက်မင်းဖြစ်ခဲ့သည်ဟု အမေဂုဏ်ယူစွာပြောပြလို့သိခဲ့ရသည် ။
အမေ ကျန်းမာချိန်တုန်းကတော့ သူ့အဖေနဲ့အမေရဲ့ပုံတူ မှန်ဘောင်သွင်းပန်းချီကားကြီးကို အမြဲပြောင်လက်နေအောင် မှန်ကိုသုတ်သည် ။
ထိုပန်းချီကားကြီးကို အဖိုးဖြစ်သူက အဖွားဖြစ်သူအတွက် ချစ်သက် လက်ဆောင်အဖြစ်ပေးခဲ့တာဖြစ်​သည်ဟုတော့ အမေပြောပြဘူးလို့ သိရသည် ။
မြန်မာဆန် မဟာဆန်သောအဖွားနှင် ဗိုလ်ဆန်လှသောအဖိုးတို့ ဘယ်လိုစတွေ့ ချစ်ခဲ့ကြသည်မသိ ။
အမေရှိစဥ်က မေးလဲမမေးမိ ။
အဖိုးအဖွားတင်မဟုတ် ။
အမေနဲ့အဖေ့ကိုလည်း ဘယ်လိုတွေ့ကြိုက်လာသည်လဲဟုမမေးမိခဲ့ ။
အပျိုကြီးဇာတာပါလာတာကြောင့်လားမသိ ။ ထိုကိစ္စမျိုးဆို မေးရမှာ နှုတ်ကတွန့်သည် ။
အငယ်ဆုံးမောင်လေး ၃နှစ်အရွယ်မှာ အဖေဆုံးပါးသွားခဲ့ပြီး ထိုအချိန်က မိမိက ၉ နှစ်သမီးသာရှိသေးသည် ။
အဖေနဲ့ပတ်သက်ပြီးလည်း သိပ်များများ အမှတ်ရစရာ မိမိဥာဏ်ထဲ မကျန်ျန်ခဲ့ ။
အမေနေမကောင်းချိန်မှာတော့ ရွာကနေ ရီခင်ဆိုတဲ့ကလေးမလေးတယောက်ကို လက်တိုလက်တောင်းခေါ်ထားတာ အခုဆို မိသားစုသဖွယ် စိတ်ချအားကိုးနေရပြီ ။
ထိုကလေးမလေးကလည်း အမေဆုံးပြီးတဲ့နောက် ခွင့်ခဏယူပြီးရွာပြန်သွားတာ ပြန်မလာသေး ။
မလာသေးတာပဲကောင်းသည်ဟု မိမိမြတ်တွေးမိသည် ။
နိ့မို့ဆိုလျှင် ခုလို ရှက်စရာမြင်ကွင်းမျိုးကို သူစိမ်းရှေ့မှာ ပြနေရအုန်းမည် ။
သူတို့မရှက်ပေမဲ့ သူတို့လုပ်ရပ်တွေကိုကြည့်ပြီး မိမိမြတ်ရှက်သည် ။
မိဘဘိုးဘွားဂုဏ်သိက္ခာမှမထောက် လောဘဇောတွေတက်နေတာ တယောက်ယောက်များ မြင်တွေ့လျှင် ရှက်စရာကောင်းပါဘိ ။
အမွေ အမွေ ။
သူတို့ရှာနေသည့် အမွေပစ္စည်းဆိုတာကလည်း တကယ်ရှိခဲ့တောင်မှ ရှာတိုင်းတွေ့မည်တဲ့လား ။
စားထိုက်မှ စားရသည်ကို သူတို့တွေ မသိလေရော့လား ။

အခန်း ၆

ရန်ဖြစ်နိုင်သည့် စကားမျိုးတွေလည်းမပြောချင်တော့တာကြောင့် လက်ထဲရှိတဲ့ရွှေရောင်းပြီး အိမ်ကိုစျေးဖြတ် ပြန်အမ်းလိုက်သည် ။
လိုတာရသည်နှင့်တပြိုင်ထဲ ညီမနဲ့မောင်ကလည်း အချိန်မဆိုင်းတော့ပဲ အသီးသီး ပြန်ကုန်ကြတော့သည် ။
အိမ်ထဲ ခြံထဲ ပွစာကျဲနေတာတွေကိုတော့ မိမိမြတ် လူငှားရှင်းရပေအုန်းမည် ။
နောက်ရက်မှာတော့ တူးဖွထားတာတွေ​ ပန်းရံဆရာခေါ်ပြီး ပြင်ဆင်ရသလို ခြံထဲကပန်းအိုးအကွဲတွေကိုရှင်းလင်းပစ်ရသည် ။
အိုးသစ်တွေနှင့်အမေစိုက်ပျိုးခဲ့သည့်အပင်​​​​တွေကိုပြန်ထည့်စိုက်ရသည် ။
တပတ်​​ကျော်ကျော်လောက်မှာတော့ အားလုံးနေသားတကျ ရှင်းလင်းလုပ်ကိုင်ပြီးခဲ့သည် ။
စတိုးဆိုင်လေးကို ခုရက်ပိုင်းပြန်ဖွင့်တော့မည်ဖြစ်ပြီး ကလေးမလေး ရီခင်ကိုလည်း ပြန်ခေါ်ရမည် ။
တခါတလေတော့လည်း ခင်ရာဆွေမျိုးဆိုသလို ရီခင့်ကို မွေးစားလိုက်ရမလားဟုလည်းတွေးမိသည် ။
တူ တူမတွေအကြောင်းတွေးမိတော့လည်း အဝင်အထွက်မရှိသလောက် သံယောဇဥ်တွေကနည်းလွန်းကြသည် ။
သွေးကရေထက်ပျစ်သည်ဟူသောစကားပုံကိုသတိရသွားတော့ မိမိမြတ်ပြုံးမိပြန်သည် ။
လောလောဆယ်တော့ တအိမ်လုံး မိမိတယောက်ထဲ ။
ဘုရားခန်းထဲဝင်ပြီး သောက်တော်ရေချမ်း၊ ဆီမီးတိုင် ၊ အမွှေးတိုင် ကပ်လှူပူဇော်ပြီး ပုတီးစိတ်သည် ။
ဒါကတော့ မိမိမြတ်ရဲ့နေ့စဥ်ဝတ္တရားမပျက် အလုပ် ။
မြတ်စွာဘုရားရှင်ရဲ့ အရဟံ ဂုဏ်တော်ကို စိတ်မှာအထပ်ထပ်အာရုံပြုထုံမွှမ်းနေချိန်မှာပဲ

” ဒုန်း!!!!!! ”
ဆိုတဲ့အသံအကျယ်ကြီးကို အိမ်ရှေ့ဧည့်ခန်းထဲကကြားလိုက်ရတာကြောင့် မိမိမြတ်ပုတီးလေးအသာချပြီး ဧည့်ခန်းဘက်အပြေးတပိုင်းထွက်လာမိတော့သည် ။

ဧည့်ခန်းကြမ်းပြင်မှာတော့ ညမီးအရောင်အောက်မှာ ရွှေရောင်လက်လက်ထနေတဲ့ဒင်္ဂါးပြားတွေ ။

မိမိမြတ် ကိုယ့်မျက်လုံးကို မယုံနိုင်သလို ပွတ်ပြီးထပ်ကြည့်သည် ။
ရွှေရောင်တလက်လက်ကြားမှာတော့ အဖိုးနဲ့အဖွားပန်းချီကားချပ်ကြီးက ခန့်ခန့်ညားညားပြုံးလို့ ။

မိမိမြတ်အပြေးအလွှား ပန်းချီကားကို ထောင်ပြီးကြည့်လိုက်တော့
ပန်းချီကားက သာမန်ပန်းချီကားတချပ်မဟုတ်ပဲ ပန်းချီကားနဲ့သစ်သားဘောင်ကြား ဒင်္ဂါးပြားတွေထည့်ထားလို့ရအောင် စနစ်တကျ လုပ်ထားခဲ့တာ ။

အခုမှ ချိတ်ထားတဲ့ သံချက်ကဆွေးပြီးအောက်ကိုပြုတ်ကျလာရာမှာ အရှိန်နဲ့ ကျောဘက်ကသစ်သားအပိတ်က ကွဲထွက်ပြီး ဒင်္ဂါးတချို့ လွင့်စင်ကျလာတာ ။

မီးရောင်အောက်မှာပုံထားတဲ့ရွှေဒင်္ဂါးတွေကိုကြည့်ပြီး မိမိမြတ် အာရုံထဲ လောဘတွေဖုံးလွှမ်းနေတဲ့ ညီမငယ်နဲ့မောင်ငယ်ရဲ့ပုံရိပ်တွေကနေရာယူလာပြန်သည် ။

အမွေနဲ့ပတ်သက်လာရင် သွေးကရေလောက်မပျစ်တော့တာမျိုးလား ၊
ဆွေမျိုးအရိပ်က သစ်ရိပ်ဝါးရိပ်လောက်မအေးမြတော့တာလား ။

ဘာပဲဖြစ်ဖြစ် မိမိမြတ် မျှော်လင့်ပါအုန်းမည် ။

တနေ့နေ့တချိန်ချိန်မှာ ဆွေမျိုးအရိပ်က အေးမြတယ်ဆိုတာကို ခံစားနိုင်ဖို့ ။
သွေးက ရေထက်ပျစ်တယ်ဆိုတာ သက်သေပြနိုင်ဖို့ ။

သို့သော်

ထိုတနေ့နေ့သည် ဘယ်နေ့မှန်းတော့ မိမိမြတ်ကိုယ်တိုင်လည်း မခန့်မှန်းတတ်ပေ ။ ။

ယဥ်ယဥ် ( ရွှေခယ််မြေ )