အရိပ်နွေ

Posted on

အရိပ်နွေ(စ/ဆုံး)

—————

“ဟဲ့…ဟိုကောင်လေးက ချောတယ်နော်။ ကိုရီးယား မင်းသားလေးကျလို့ ’’

“အမလေး ..သွားကြွေမနေနဲ့။ သူက မစားကောင်းတဲ့ အသီးဟဲ့…”

တစ်ရပ်ကွက်တည်းနေ မမျိုးနှင့် မျက်နှာစိမ်း မိန်းမပျိုတို့၏ စကားသံတိုးတိုးကို ကျွန်တော် ကြားဖြစ်အောင် ကြားလိုက်သည်။
လမ်းတွင်မျက်နှာချင်းဆိုင်ရှောင်ရင်း ကျွန်တော် ခပ်လှမ်းလှမ်းရောက်မှ သူတို့ပြောသွားတာမို့ အမှတ်တမဲ့ဆိုလျှင် ကြားနိုင်မည်မဟုတ်။ ကျွန်တော်ကိုယ်တိုင်က စိတ်မလုံခြုံ၍ အာရုံစိုက် နားထောင်မိသောကြောင့် ကြားရခြင်းဖြစ်မည်။

အထင်သေးရွံရှာသလိုလို အကြည့်အပြောတွေကိုခံရတာ အကြိမ်ပေါင်း မရေတွက်နိုင်သော်လည်း ပထဆုံးအကြိမ် ခံစားရစဉ်ကဝေဒနာအတိုင်း ကျွန်တော့် ခန္ဓာကိုယ်တစ်ခုလုံး အငွေ့ပျံပျောက်ဆုံးသွားချင်သည့် စိတ်က ဖြစ်မြဲဖြစ်ဆဲပင်။ ကြည့်သူ ပြောသူများကို ဒေါသတော့မဖြစ်။ ဒေါသဖြစ်မည်ဆိုလျှင် ကျွန်တော့် ဒေါသမုန်တိုင်း၏ ဦးတည်ရာသည် ကျွန်တော့ဘဝ၏ တစ်ဦးတည်းသော ချစ်ခင်တွယ်တာရသူ ကျွန်တော့မိခင်ပင်ဖြစ်နေလိမ့်မည်။ ကျွန်တော် ဒီအရွယ်ရောက်သည်အထိ အသက်ရှင်သန်လာအောင် ကျွေးမွေးစောင့်ရှောက်လာသည့် မိခင်ကို ဒေါသမဖြစ်ရက်ပါ။ သို့သော်လည်း ဒီပုံစံနှင့် ကျွန်တော့်ကို အသက်ရှင်သန်အောင် ပြုစုစောင့်ရှောက်ပေးမည့်အစား ငယ်စဉ်ကတည်းက သေအောင်ပစ်ထားခဲ့စေချင်သည်။

ကျွန်တော် အမေ့ကို သိပ်ချစ်ပါသည်။ မိသားစုအတွက် ယခုဘဝရော နောင်သံသရာအတွက်ပါ မကောင်းသည့် ဒုက္ခတွင်းထဲသို့ ခုန်ဆင်းခဲ့ရှာသည့် အမေ့ကို သနားသည်။ သို့သော်လည်း ပတ်ဝန်းကျင်က လူတွေကြားတွင် အားငယ်ရှက်ရွံ့၍ သိမ်ငယ်စိတ်လွှမ်းမိုးခံရတာ အမေ့ကြောင့်ဆိုသည့် အတွေးကို ဖျောက်လို့မရခဲ့။

“ပတ်ဝန်းကျင်ကို ဂရုစိုက်စရာ မလိုဘူး သား။ လူ့လောကမှာ လူတွေလက်တွေ့ကိုးကွယ်နေကြတာက ငွေပဲ။ သားမှတ်မိမှာပါ။ အမေတို့ မိသားစုတွေ ဆင်းရဲမွဲတေနေတုန်းက ပတ်ဝန်းကျင်ကလူတွေ ဘယ်လောက်အထိ ရက်စက်ခဲ့ကြသလဲ။ ဗိုက်ဆာလို့ငိုနေတဲ့ သားသမီးတွေကိုကြည့်ပြီး အမေဘယ်လောက် ရင်နာလဲဆိုတာ သားသိမှာမဟုတ်ဘူး။ သားအဖေလူမိုက်ကြီး ကျန်းမာရေးမကောင်းတော့ သုံးနှစ်ကြာအောင် အကောင်းဆုံးဆိုတဲ့ ဆရာဝန်နဲ့ ဆေးကုပေးနိုင်ပြီး သေတဲ့အချိန်မှာ ညင်ညင်သာသာ အသက်ထွက် ရတာလည်း ဒီငွေကြောင့်ပဲ သား။ အမေသာ ဒီအလုပ်မလုပ်ခဲ့ရင် အမေနဲ့သား လမ်းဘေးမှာ ခွက်ဆွဲတောင်းစားနေရပြီ။ ကံကြမ္မာကို အမေဖြစ်တဲ့နည်းနဲ့ တွန်းလှန်ခဲ့ရတာမို့ အမေ့ကို နားလည်ပေးစေချင်တယ်။ ခုသား ဘာလိုချင်လဲ ဘာလုပ်ချင်လဲ ကြိုက်တာပြော။ ပျော်သလိုနေ။ လူတွေကို ဂရုမစိုက်စမ်းနဲ့သား ”

အမေ့ ဒဿနတွေက လက်တွေ့ဘဝက ရလာတာတွေမို့ မှားသည်ဟု ငြင်း၍မရသော်လည်း အမှန်မဟုတ်ပါဘူးဟု အမေလက်ခံလာအောင် ကျွန်တော် မပြောတတ်။ အမေပြောသလို လမ်းဘေးခွက်ဆွဲတောင်းစား ရလျှင်တောင် လူတွေ၏ ရွံ့ရှာသော အကြည့်တွေကို ခံရလိမ့်မည်မဟုတ်။ ယခုတော့ ကြိုက်တာဝယ် ကြိုက်တာစားရသည့် ငွေတွေက မသန့်သည့်ငွေ။ သူများ၏ အသွေးအသားကရသည့် ငွေတွေမို့ စားရသည့် ကျွန်တော်တို့က သားစားဘီလူးနှင့် ဘာတွေများ ခြားနားနေမည်နည်း။

“သားပြောပြောနေတဲ့ ပတ်ဝန်းကျင်ကလူတွေ အမေ့ကို ကွယ်ရာမှာသာ မျက်နှာရှုံ့ကြတာပါ။ ရှေ့တင်ဆို မမဇင်.. မမဇင်.. ဒါလေး ဝယ်ပါအုံး ၊ ဒါလေး အားပေးပါအုံးဆိုပြီး ခခယယ ပြောနေကြတာ သားမြင်တယ်မို့လား။ အဲဒါက အမေ့ လက်ထဲကမှာရှိတဲ့ ငွေမျက်နှာကြောင့်ပဲသား။ ဒီငွေတွေ အမေတို့မှာ ရှိနေသ၍ လူတွေကအမေ့တို့ကို မခေါ်ချင်လည်း ခေါ်နေကြမှာပဲ။ လောကကိုရင်ဆိုင်ဖို့ အရာရာကို ဖန်တီးနိုင်တဲ့ ငွေရှိဖို့ပဲလိုတယ်။ လောကမှာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် ကနိုင်ဖို့ပဲလိုတယ် ”

လောကဓံဆိုး၏ နှိက်စက်မှုဒဏ်ကို ခံခဲ့ရသည့် အမေ။ ငွေဆိုသည့် လက်နက်ကြောင့် ဘဝပျက်ခဲ့ရသည့် အမေက ငွေကို လက်နက်တစ်ခုအဖြစ် ပြန်လည်အသုံးချချင်သည်။ ငွေ၏ သားကောင်ဖြစ်ခဲ့ဖူးသည့် အမေ သူကိုယ်တိုင်က ငွေကိုလက်နက်အဖြစ် အသုံးချမည့် မုဆိုးဖြစ်အောင် ကြိုးစားခဲ့သည်။ မုဆိုးကျင့်ဝတ်ကို ကျေညက်နားလည်သည့် မုဆိုးကောင်းတော့မဖြစ်ခဲ့။ အမေအားကိုးသည့် ငွေကိုရဖို့အရေး အမေသည် လူတစ်ယောက်၏ ဂုဏ်သိက္ခာတွေ၊ အရှက်တွေရင်းခဲ့သည်။

“ ဂုဏ်သိက္ခာဆိုတဲ့ နာမည်ကောင်းရဖို့ ထိန်းသိမ်းရတာသာ မလွယ်တာ။ တကယ်တော့ အဲဒီဂုဏ်သိက္ခာဆိုတာက ကိုယ့်ဘဝရှင်သန်ရပ်တည်မှုအတွက် အစိမ်းသောက်ချင်သောက် ပြုတ်စားချင်စားလို့ရတဲ့ ကြက်ဥတစ်လုံးလောက်တောင် လက်တွေ့ဘဝမှာ အသုံးမကျဘူး”တဲ့။

ကျွန်တော် အမေ့ကို ဒီအလုပ်မလုပ်ဖို့ တားလာသည်မှာ နှစ်ကာလတွေသာ ရှည်လျားလာသည်။ ကျွန်တော့စကားတွေကို အမေ ဂရုမစိုက်ခဲ့။ ဘုရားရှင်ကိုယ်တိုင်ဆင်းပြီး တရားဟောလျှင်တောင် အမေ ကျွတ်တန်းဝင်နိုင်ပါ့မလားဟု ကျွန်တော် သံသယဝင်မိသည်။

အခန်း(၂)

“ဟဲ့သား..အပြင်သွားမယ်ဆို ဘာလို့ချက်ချင်း ပြန်လှည့်လာတာလဲ။ သြော်..အမေသိပြီ ပိုက်ဆံအိတ် မပါသွားလို့လား ။။အမေ သားရဲ့ အံဆွဲထဲမှာ မနက်ကတင် ပိုက်ဆံထည့်ပေးထားတယ်။ ဝင်ယူမနေပါနဲ့တော့ အမေ့ဆီကပဲ ထပ်ယူသွားလိုက်”

အမေ့အသံကြားမှ ကျွန်တော်အိမ်ပြန်ရောက်နေပြီမှန်း သိလိုက်ရသည်။ ကိုယ့်ကိုယ့်ကိုယ် ခြေလှမ်းတွေ ဘယ်လှမ်းနေမှန်းမသိအောင် ကျွန်တော်စိတ်တွေ လွင့်မျောနေခဲ့သည်ပဲ။

“တော်ပါတော့ အမေရယ် ။ အမေ့ဆီက အချိန်ပြည့် ငွေအကြောင်းပဲ ကြားနေရတာ သားစိတ်ညစ်တယ်။ အမေက ငွေတွေရှိနေရင် ပျော်နိုင်ပေမယ့် သားကတော့ အမေ့ငွေတွေ သုံးနေရတာကို စိတ်ကုန်လှပြီ”

ကျွန်တော် ပြောနေကျစကားတွေမို့ အမေဂရုစိုက်မည်မဟုတ်မှန်း သိနေသော်လည်း မပြောဘဲမနေနိုင်။ ကျွန်တော် စိတ်ချမ်းသာမည့်လမ်းကို အမေလျှောက်ဖို့ ဆန္ဒမရှိ။ တစ်ခါတရံ အမေ့စိတ်တွေ ပုံမှန်မှ ဟုတ်ရဲ့လားဟု ထင်မိသည်။ ငွေကို အစွန်းရောက်အောင် ကိုးကွယ်နေတာတော့ သေချာသည်။ မိန်းမသားဖြစ်ပြီး ဒီအလုပ်ကို လုပ်ဝံ့သည်မှာ တော်တော်တန်တန် ငွေမက်သည့်စိတ်နှင့် မဖြစ်နိုင်။

“ သားဘာလို့ ဒီလိုစကားတွေချည်း ပြောပြောနေရတာလဲ။ အမေ ဒီအလုပ်ကို ပျော်လို့လုပ်နေတယ် ထင်နေတာလား။ တစ်ခုခုကို လိုချင်ရင် တစ်ခုခုတော့ စွန့်လွှတ်ရတာ သဘာဝပဲသား။ လူတွေရဲ့ ပါးစပ်ဖျားက စကားဆိုတာ အချိန်တန် လေထဲပျောက်သွားတာပဲ ။ ငါ့သားက ဘာလို့ နားထဲထားနေရတာလဲ ”

“အမေရယ် မဟုတ်သေးပါဘူး ….သား ပြောတာက…..”

“မာမီဇင်…”

ခေါ်သံကြောင့် ကျွန်တော် စကားကို ရှေ့မဆက်ဖြစ်။ အသံထက်အရင် ဝင်လာသည်က ရေမွှေးနံ့ပြင်းရှရှနှင့် အပေါစား မိတ်ကပ်နံ့။ ကျွန်တော် လှည့်ကြည့်လိုက်တော့ အမေ့အလုပ်သမ မီးလေး။ မီးလေးနောက်မှာတော့ Sexy model ရှုံးအောင် ပြင်ဆင်ခြယ်သထားသည့် မိန်းကလေးတစ်ယောက်။ ထိုမိန်းကလေး၏ ခပ်ရဲရဲအကြည့်ကြောင့် ကျွန်တော် စိတ်ပျက်လွန်းစွာ ခေါင်းငုံ့ထားလိုက်ရသည်။

“ ပြော… မီးလေး ဘာကိစ္စလဲ”

“သူ့ နာမည်က ဖြူဖြူတဲ့ မီးပြောဖူးတဲ့ သူငယ်ချင်းလေ။ မာမီဇင်ဆီမှာ အလုပ်ဝင်ချင်လို့တဲ့ ”

“ဒါများ.. ငါ့ကိုဖုန်းဆက်လိုက် ပြီးရော။ ညည်းတို့ကို အရေးမကြီးဘဲ ဒီအိမ်ဘက်ကူးမလာပါနဲ့ ပြောထားလည်း မှတ်မထားဘူး။ ငါသိနေတယ်နော်။ မပြောချင်ဘူး ။ ဟဲ့..သား မင်းအခန်းထဲကို သွားတော့ ”

အမေဆက်နေခိုင်းလျှင်တောင် ကျွန်တော် ဆက်နေဖို့ဆန္ဒမရှိ။ စိတ်ပျက်လွန်း၍ နေရာကမထဖြစ်ပဲ ဆက်ထိုင်နေတာပါ။ အမေက ကျွန်တော်ကို သူ့အလုပ်သမတွေနှင့် ရင်းနှီးမှာစိုးရိမ်သည်။ အမေကသာ ကျွန်တော့်ကို မင်းသားတစ်ပါးလို မြှောက်စားထားသော်လည်း ပတ်ဝန်းကျင်တွင် ကျွန်တော်သည် တိရိစ္ဆာန်တစ်ကောင်လောက်ပင် တန်ဖိုးမရှိသည်ကို အမေမသိခဲ့။

အခန်း(၃)

လူပျိုကတည်းက အရက်သောက်ဖို့ကလွဲလျှင် အလုပ်ကို လက်ကျောတင်းအောင် မလုပ်ချင်သည့် အဖေ့ကို ချစ်သည့်စိတ်ကြောင့် ရွေးချယ်ခဲ့သည်မှာ အမေ့၏ ပထမဆုံးအမှားပင်ဖြစ်မည်။ သားသမီး သုံးယောက်ရလာသည်အထိ အဖေ့အချိုးတွေ ကမပြောင်းလဲခဲ့။ စီးပွားရေးအနေဖြင့် ငွေလည်းရ အရက်လည်း သောက်ချင်တိုင်းသောက်လို့ရရန် အရက်ရောင်းသည့်အလုပ်ကိုတော့ အဖေ ရွေးချယ်တတ်ခဲ့သည်။ အမြဲမူးနေတတ်သည့် အဖေ့ကြောင့် အရက်လာသောက်သူတွေ၏ ထိကပါးရိကပါးဒဏ်တွေကို အမေခံရသည်။ မိသားစု စားဝတ်နေရေးအတွက် အမေ အပြုံးမပျက်ရဲခဲ့။
ကလေးသုံးယောက် အမေဆိုသော်လည်း ငယ်ရွယ်ပြီး အလှကြွယ်နေဆဲအမေ့ကို လက်တည့်စမ်းချင်သူတွေကလည်းမရှား။

အမေက အဖေ့ကို သိပ်ချစ်သည်။ အမေဘယ်လောက်ပင် စိတ်ဆင်းရဲရပါစေ အဖေ့ကို ငြူစူခဲ့သည်မရှိ။
အဖေ အရက်သောက်များကာ လေဖြတ်သွားတော့ အမေ့ဒုက္ခတွေက ဆထက်ထမ်းပိုးတိုး၍လာခဲ့သည်။ အဖေ့ကို ဆေးကုရမည့်စရိတ်ကပါ အမေ့ခေါင်းပေါ်ဝန်ပိစေ၏ ။ အရက်ရောင်းသည့် အလုပ်မှာလည်း လိုင်စင်ကိစ္စတွေတင်းကျပ်လာတော့ ဆက်ရောင်းခွင့်မရှိ ပိတ်လိုက်ရပြန်သည်။

အမေ့ကို ကယ်တင်ရှင်ယောင်ဆောင်ကာ မလွတ်နိုင်တော့မည့် ဒုက္ခနွံ့ထဲ ဆွဲနှစ်မည့်လူပေါ်လာသည်။ နာမည်က ဦးအောင်ကြီး ။ သားသမီးကြီးတွေနှင့် မုဆိုးဖို။ အမေလိုသည့် ငွေတွေထုတ်ချေးပြီး သူတစ်ယောက်တည်းနေသည့် အိမ်တွင် အိမ်အကူလုပ်ပေးဖို့ တောင်းဆိုလာတော့သည်။
ဒီယုန်မြင်၍ ဒီခြုံကို ထွင်ထားသည်မို့ အချိန်တန်တော့ အမေ ဦးအောင်ကြီး၏ တိတ်တိတ်ပုန်းမယားဘဝ ရောက်ရ တော့သည်။ ဦးအောင်ကြီး၏ သားသမီးတွေ သိသွားတော့ အမေ့ကို ပြဿနာရှာ အရှက်ခွဲလိုက်သည်မှာ ပတ်ဝန်းကျင် တံထွေးခွက်တွင် အမေ့အရှက်နှင့် သိက္ခာတွေ အဖက်ဆယ်မရတော့ပေ။

ကံဆိုးမသွားရာ မိုးလိုက်လို့ရွာတာကို မိုးစိုချည်ရဲ့လို့ အမေ ဂရုစိုက်မနေအား။ မိုးလင်းကတည်းက အပြင်ထွက် ငွေရှာသည်။ အသက်(၇)နှစ်သာရှိသေးသည့် ကျွန်တော်နှင့် ကျန်းမာရေးမကောင်းသည့် အဖေ၊ ညီလေး ၊ ညီမလေးကိုထားခဲ့ရသည်။ တစ်နေ့ ညီလေးနှင့်ညီမလေး အစားမှားကာ ဝမ်းလျှောကြသည်။ အမေ ပြန်လာမှ ကလေးနှစ်ယောက်ကို ဆေးခန်းသွားပြသော်လည်း မသက်သာဘဲ ရက်ပိုင်းသာခြား၍ ညီလေးနှင့် ညီမလေး ဆုံးသွားပြန်သည်။ အမေကတော့ အပြင်းအထန် ငိုကြွေးကြေကွဲခြင်းလည်း မရှိသလို အရယ်အပြုံးလည်းမရှိတော့ဘဲ စက်ရုပ်မျက်နှာလို အပြောင်းအလဲမရှိ အေးစက်မာကျောလာသည်။

ရက်လည်ကိစ္စတွေပြီးစီး၍ တစ်လခန့်အကြာ ကျွန်တော်တို့ အိမ်ရှေ့သို့ ကုန်တင်ကားတစ်စီး ရောက်လာသည်။ လူမမာ အဖေနှင့် ကျွန်တော့်ကို ကားပေါ်တင်၊ ရှိသမျှ ပစ္စည်းသိမ်းဆည်းပြီး နေလက်စအိမ်မှ လူနေအိမ်နည်းပါးသည့် ချောင်ကျကျ ရပ်ကွက်ထဲ ပြောင်းခဲ့ရတော့သည်။

သုံးနှစ်ခန့်ကြာတော့ အဖေဆုံး၏။ အမေကတော့ ထုံးစံအတိုင်း မျက်ရည်မကျ။ အဖေမဆုံးခင်ကတည်းက ကျွန်တော်တို့ ခြံဝင်းနောက်ဘက်ခြမ်းတွင် အိမ်ထပ်ဆောက်ပြီး ထိုအိမ်တွင် အမျိုးသမီးသုံးလေးယောက်ထားသည်။ ခြံဝန်းကိုလည်း လုံခြုံအောင်ကန့်ပြီး ကာလိုက်သည်။ အမေပြောသည်ကတော့ အိမ်ငှားထားသည်ဆိုလား။ ထိုအိမ်သို့ အမေ မကြာခဏသွားနေလေ့ရှိသည်။ ညဆိုလည်း ကျွန်တော်သာ အိပ်ပျော်သွားသည်။ အမေက ထိုအိမ်မှပြန်မလာသေး။ ကျွန်တော့်ကို ထိုအိမ်သို့မသွားရဟု တင်းကျပ်စွာ တားမြစ်ထားသော်လည်း ယောက်ျားကြီးငယ် အသွယ်သွယ်ကတော့ ထိုအိမ်သို့ ဝင်လိုက်ထွက်လိုက်ပင်။
ကျွန်တော် သည်ရပ်ကွက်ကို ရောက်လာတော့ (၁၃)နှစ်သားအရွယ်သာ ရှိသေးသည်။

ကျွန်တော် အရွယ်ရောက်သည့် အချိန်တွင်တော့ ပြည့်တန်ဆာခေါင်းဆိုသည့် အဓိပ္ပါယ်ကို နားလည်လာပြီ။ ထိုအလုပ်ကို လုပ်သူက ကျွန်တော့်အမေဖြစ်နေသည်တဲ့။ ကျောင်းတွင် သူငယ်ချင်းများ၏ မိဘများက သူတို့သားသမီးကို ကျွန်တော်နှင့်မပေါင်းရန် တားမြစ်လာကြသည်။ သူငယ်ချင်းတွေက မခေါ်ချင်သလို မပြောချင်သလိုရှောင်ဖယ်လာကြချိန်တွင် ကျွန်တော်မခံစားနိုင်၍ ထိုအလုပ်ကိုဆက်မလုပ်ရန် အမေ့ကို တောင်းပန်သော်လည်း မရခဲ့။

“ပေါက်တဲ့နဖူး မထူးပါဘူး သားရယ်။ အနာကျက်ရင်တောင် အနာရွတ်ထင်နေမှာပါပဲ။ ”ဟု ဆင်ခြေပေး၏။
ကျွန်တော်ဆယ်တန်း နှစ်ခါကျပြီးပြီ။ အမေက အကောင်းဆုံးဆိုသည့် ဘော်ဒါတွင် ကျွန်တော်ကို ထားပေးသော်လည်း နှစ်ကုန်အောင် ကျွန်တော်မတက်ခဲ့။ ကျွန်တော်လိုကောင်က ပညာတတ်ဖြစ်လျှင်လည်း ထိုပညာကို ဘယ်နေရာမှာ အသုံးချ၍ ရမည်နည်း ။ အလုပ်ကောင်းကောင်းရလာလျှင်လည်း ကျွန်တော့်အတိတ်ကို မေ့ဖျောက်ပြီး ရင်ကော့ မျက်နှာမော့နေရဲမည်မဟုတ်။ အမေ့အရိပ်မည်းအောက်က ကျွန်တော် လွတ်လမ်းမမြင်။ ဖြတ်သန်းနေရသည့် နေ့ရက်တွေတိုင်း အသက်ရှုမဝသလို မွန်းကျပ်လှပြီ။ ဒီဝေဒနာကို ကျွန်တော် ခံနိုင်ရည်မရှိတော့။

အခန်း(၄)

“မောင် အိပ်ပျော်နေတာလား။ နေမကောင်းဘူးလားဟင် ”

“နိုးနေပါပြီ သက်ထားရဲ့။ မောင်နေကောင်းပါတယ်”

သက်ထားအမေးကို ဖြေရင်း ကျွန်တော် အိပ်ရာမှ ထလိုက်သည်။ မနေ့ညက အမေ့ကို သတိရ၍ အိပ်မပျော်ခဲ့။ အမေ့ကို သတိရမိသည့် ညတိုင်း ကျွန်တော် အိပ်မရခဲ့တာ ညပေါင်းမနည်းတော့ပြီပဲ။ အမေ့ အတွက် “အိမ်ကထွက်သွားပြီ”ဟု စာတိုလေးတစ်စောင်သာချန်၍ မလေးရှားနိုင်ငံသို့ ကျွန်တော် ထွက်လာခဲ့တာ ငါးနှစ်ပြည့်ခဲ့ပြီ။ မှတ်မှတ်ရရ အမေ့ယောက်ျားဆိုသူ ဦးချစ်မောင် အိမ်ပေါ်တက်လာပြီး နောက်တစ်ရက်တွင်ဖြစ်သည်။ ကျွန်တော့်မပြတ်သားနိုင်သည့် တွေဝေစိတ်ကို အမေကပင် ဖြတ်ပေးလိုက်ပြီမို့ အမေ့အနားက ခွဲခွာလာခဲ့တော့သည်။

“အမေ့လို ဥပဒေဘောင်အပြင်ကနေ ယောက်ျားတကာနဲ့ အလုပ်လုပ်နေသူအတွက် အမေ့ရှေ့က မားမား မတ်မတ်ရပ်တည်ပေးမယ့် ယောက်ျားတစ်ယောက်တော့ လိုတယ်သား”

အမေ့အကြောင်းပြချက်က လှသည်။ ဟုတ်တော့လည်း ဟုတ်ပါသည်။ ကျွန်တော်လို ဘာမှအားမကိုးရသည့် သားထက် အသက်ကြီးကြီး ရုပ်ကြမ်းကြမ်းနှင့် ဦးချစ်မောင်လို လူတစ်ယောက်က အမေ့အတွက် ပို၍အသုံးဝင်လိမ့်မည်။ ခြံစောင့်ခွေးကို အရိုးကျွေးမွေးထားသင့်သည်ပေါ့။
မလေးရှားရောက်ခါစ နေ့ရက်တွေကတော့ ကျွန်တော့်အတွက် ခက်ခဲလွန်းခဲ့သည်။ စားသောက်ဆိုင်တွင် ပန်းကန်ဆေး၊ စားပွဲထိုးဖြစ်သော်လည်း အလုပ်မကျွမ်းကျင်မှု ဘာသာစကားမကျွမ်းကျင်မှုကြောင့် စိတ်ပင်ပန်း လူပင်ပန်းခဲ့သည်။ သို့သော် အမေ့ဆီတော့ မပြန်ချင်။ ပင်ပန်းသော်လည်း လစာထုတ်သည့်အခါ ရသည့်ငွေကိုမြင်ရလျှင် အမောပြေသည်။ သန့်ရှင်းသည့်ငွေမို့ မက်မောသည်။ သုံးနှစ်ခန့်အကြာတွင် လုပ်ငန်းကျွမ်းကျင်လာ၍ ကျွန်တော်သည် ဆိုင်တွင် လူယုံစာရင်းကိုင်ဖြစ်လာခဲ့ပြီ။ မလေးရှားမှာ အလုပ်လာလုပ်သည့် မြန်မာမလေး သက်ထားနှင့် အိမ်ထောင်ကျကာ သမီးလေးတစ်ယောက်ပင်ရခဲ့ပြီ။

“မောင် မောင့်မေမေဆီက ဖုန်းလာတယ်”

“အမေ သားပါ ၊ အမေ နေကောင်းရဲ့လား”

“သား …အမေသားကို သတိရလို့ ဖုန်းဆက်လိုက်တာ။ အမေ နေကောင်းပါတယ် ။ အမေ့မြေးနဲ့ ချွေးမလေးကော နေကောင်းကြလား။ သားပို့ပေးတဲ့ ဓာတ်ပုံလေးတွေကြည့်ပြီး အမေအလွမ်းဖြေရတယ်”

“အမေ ..သားကို တကယ်ချစ်ရင် သားနဲ့လာနေပါလား။ သား အမေ့ကို လာခေါ်မယ်လေ”

“အမေ သားနဲ့လိုက်နေလို့ မဖြစ်ပါဘူး။ ကိုချစ်မောင်ကလည်း ရှိသေးတယ်။။ သူ့မှာ သားမရှိကတည်းက အမေ့အနားမှာ နေပေးခဲ့တာ ။ အခုအချိန်မှ ပစ်မထားခဲ့ချင်ဘူး”

အမေ့ကို ကျွန်တော် ဘာဆက်ပြောရမှန်းမသိတော့။ သားမရှိလို့ သူနေပေးတာလား သူရှိလို့ သားထွက်ပြေးရတာလားဟု အမေ့ကို မေးလိုက်ချင်သော်လည်း မမေးမိအောင် ထိန်းလိုက်ရသည်။

“အမေ့ အနားမှာရှိတဲ့သူနဲ့ အမေအဆင်ပြေတယ်ဆိုရင်လည်း သားကိုလွမ်းမနေပါနဲ့ အမေ။ အမေသားဆီ လိုက်လာနိုင်တဲ့ တစ်နေ့မှ အတူနေကြတာပေါ့။ သားကတော့ တစ်သက်လုံး မြန်မာနိုင်ငံကို အခြေချတော့မှာ မဟုတ်ဘူး အမေ”

“သား ..”

အမေ့စကားတွေကို ကျွန်တော် ဆက်မကြားလိုတော့၍ ဖုန်းပိတ်လိုက်သည်။ ကျွန်တော်ကလည်း အမေ့အနားမှာမနေနိုင်။ အမေကလည်း ကျွန်တော့အနားမလာနိုင်တာ သေချာနေပြီ။ အမေ့ကို ကျွန်တော်ခေါ်နေတာ ဒီတစ်ကြိမ်မှမကတော့ပဲလေ။ ကျွန်တော့်ထက်ပိုချစ်ရသူ ရှိနေသည့် အမေ့ကို ကျွန်တော်စိတ်နာချင်သည်။ ကျွန်တော် အမေ့ကိုလွမ်းလှပြီလေ။

နိဂုံး

အမေ့ကို ကျွန်တော် အဆက်အသွယ်ဖြတ်ကာ ဖုန်းမဆက်ဖြစ်သည်မှာ (၈)လခန့်ရှိပြီ။ ကျွန်တော်သာ အမေ့ကို အဆက်အသွယ်ဖြတ်ထားလိုက်လျှင် အမေကျွန်တော့ကိုသတိရစိတ်ဖြင့် မနေနိုင်ဖြစ်ကာ ကျွန်တော့်ဆန္ဒကို လိုက်လျှောလေမလားဟူသည့် အတွေးကြောင့်ဖြစ်သည်။ သို့သော် အမေရက်စက်သည်။ ကျွန်တော် မအား၍ ဖုန်းမဆက်မိလျှင်ပင် ကျွန်တော့်ကို ဖုန်းဆက်တတ်သည့် အမေ သည်တစ်ခါ ကျွန်တော့်ကို ဖုန်းမဆက်။ အမေတောင်နေနိုင်သေးတာ ကျွန်တော်ကစပြီး ဖုန်းစမဆက်ဘူးဟု ဆုံးဖြတ်ထားလိုက်သည်။ ထင်သည့်အတိုင်း သိပ်မကြာခင် အမေ့ဖုန်းနံပါတ် ကျွန်တော့ဖုန်းတွင်ဝင်လာလျှင် ဝမ်းနည်းဝမ်းသာစိတ်ဖြင့် ဖုန်းကိုအလျှင်အမြန်ဖွင့်ကာ

“ အမေ..နေနိုင်တယ်နော် ။ အမေ သားကို ဖုန်းမဆက်တာ ကိုးလပြည့်တော့မယ်။ သားက အမေ့ကို သားနဲ့လိုက်နေစေချင်လို့ တမင်စိတ်ဆိုးပြီး ဖုန်းမဆက်တာပါ။ အမေနေကောင်းရဲ့လားဟင်”

“မောင်ဇင်မင်း …မင်းအမေ မဟုတ်ဘူး။ ဦးလေးချစ်မောင်ပါ ”

“ခင်ဗျားကဘာလို့ ကျွန်တော့်ကို ဖုန်းဆက်တာလဲ။ အမေ့ကို ဖုန်းပေးလိုက်ပါ။ ကျွန်တော် အမေနဲ့ပဲပြောမယ်”

“ဦးလေးပြောတာ သေချာနားထောင်ပါ မောင်ဇင်မင်း။ မင်းအမေက မင်းအဖေမဆုံးခင်ကတည်းက HIV ရောဂါပိုးကူးစက်ခံထားရတယ်။ ဒါကို မင်းအမေသိတော့ ဒီအလုပ်ကိုလုပ်ပြီး မင်းအတွက် ငွေရှာခဲ့တယ်။ သူသိတာက သူမသေခင် မင်းအတွက်ငွေတွေများများရှာပေးနိုင်ခဲ့ဖို့ပဲ။ နောက်ပြီး မင်းအရွယ်ရောက်တဲ့ အချိန်အထိ သူအသက်ရှည်ချင်တယ်။ အသက်ရှည်ဖို့ အတွက်ဆေးဝါး၊ ဓာတ်စာတွေလိုတယ်။ အရင်ခေတ်က အခုခေတ်လို ထောက်ပံ့ဆေးဝါးတွေ မရသေးဘူး။ ဆေးကို စျေးကြီးပေးဝယ်သောက်ရတယ်။ ဒါကြောင့် မင်းမလုပ်စေချင်တဲ့ အလုပ်ကို သူလုပ်ခဲ့ရတာ”

“ဒီမှာ..ဦးလေး..ကျွန်တော့အသက် (၂၅)နှစ်ရှိပြီ အဖေဆုံးတာပဲ (၉) နှစ်ရှိပြီ။ အမေ့ရောဂါက ဒီလောက် အကြာကြီးအသက်ရှင်နိုင်လား။ ရှင်နိုင်တယ်ပဲထားပါဦး ဒီရောဂါရှိရက်နဲ့ ဦးလေးကို ထပ်အိမ်ထောင် ပြုတာတော့ မဖြစ်နိုင်ဘူး။ ကျွန်တော့်ကို ပြန်လာစေချင်လို့ ဇာတ်လမ်းထွင်ရင်လည်း ဖြစ်နိုင်ခြေရှိတာကို ပြောပါလား ”

“ ဦးလေးနဲ့ လက်ထပ်ထားတယ်ဆိုတာက တကယ်တော့ ပါးစပ်နဲ့တင်ပါ။ HIVကတစ်ဆင့် AIDS ရောဂါဖြစ်နေပြီဖြစ်တဲ့ သူ့ဘဝကို ဦးလေးသိတယ်။ သူအဆင်ပြေအောင် ဦးလေးက ကူညီသလို ဦးလေးရဲ့ အခက်အခဲတွေ သူကပြန်ကူညီပေးတယ်။ ဘဝဆိုးသူအချင်းချင်းမို့ တစ်ယောက်ကိုတစ်ယောက် ကူညီစောင့် ရှောက်လာကြတာပါ။ မင်းထွက်သွားပြီးနောက်ပိုင်းတော့ သူ့ရောဂါပိုဆိုးလာတယ်။ ဒါတွေကို မင်းမသိစေချင်လို့ မင်းဆီသူမလိုက်လာတာ။ ခုလည်းသူက မင်းနာမည်နဲ့ ဘဏ်မှာ သူပိုင်ဆိုင်သမျှ ရောင်းချပြီး ငွေအပ်ပေးထားတယ်။ မင်းကြိုက်သလို စီမံလို့ရတယ် ”

“ဒါတွေကို အမေကိုယ်တိုင် ကျွန်တော့်ကို ဘာလို့မပြောတာလဲ ။ အမေ့ကို ဖုန်းပေးလိုက်ပါ ဦးလေး”

“မင်းအမေ မင်းကို ဘယ်တော့မှ ဖုန်းခေါ်တော့မှာ မဟုတ်သလို ၊ မင်းဖုန်းကိုခေါ်ရင်လည်း သူဘယ်တော့မှ ဖုန်းပြောနိုင်တော့မှာ မဟုတ်တော့ဘူး မောင်ဇင်မင်း။ ဒီအချိန်မှ မင်းကိုပြောပေးဖို့ သူတာဝန်ပေးခဲ့တယ်။ ဦးလေးရဲ့ နောက်ဆုံးတာဝန်ကျေပြီမို့ ဖုန်းချလိုက်ပြီ”

တတီတီမြည်ကာ ပြတ်တောက်သွားသည့် ဖုန်းသံနှင့်အတူ ကျွန်တော်သည်လည်း လောကကြီးနှင့် ခဏတာ အဆက်အသွယ်ပြတ်ကာ အမေ….အမေ..ဆိုသည့် နာမ်စားကိုသာ တဖွဖွရေရွက်နေမိပါတော့သည်။ အမေ့ အချစ်တွေကို ကျွန်တော်တစ်ယောက်တည်း အပိုင်ရခဲ့သော်လည်း ကျွန်တော်အသိနောက်ကျခဲ့လေပြီ။

နှင်းနွယ်(ကလေး)

မူရင်းရေးသားသူအား လေးစားစွာဖြင့်