ပုသိမ်ရန်နောင်စိုး
အလုပ်ဆိုသည်မှာ ကံ
“ဟဲ့ … ပိုးဥတို့ပါလား”
“အမယ် … မိလမ်းတို့တောင်မှ ပြန်လာကြပြီဘဲ”
ထိပ်သီးနှင့် ပိုးဥတို့က ထိန်ပင်ကွေ့သို့ အရောက်မှာ ငပိန်နှင့် မိလမ်းတို့လင်မယားနှင့် ဘွားခနဲ မျက်နှာချင်းဆိုင် ဆုံတွေ့လိုက်သောကြောင့် မိလမ်းနှင့် ပိုးဥတို့ အပြန်အလှန် နှုတ်ဆက်လိုက်ကြသည်။
“မင်းတို့လင်မယားက တယ်လဲ ဝီရိယကောင်းနေပါလားကွ ဟေ … မှန်းစမ်း ကြည့်ရအောင်”
ထိပ်သီးက မိလမ်း လွယ်ထားသည့် ပလိုင်းဝကို ဆွဲယူပြီး ကြည့်သည်။ ပလိုင်းထဲမှာတော့ ငါးမျိုးစုံ သုံးပိဿာလောက်တော့ ရှိနေမည်ထင်သည်။
“ငါးတွေ ရသားဘဲကွ။ မင်းတို့လင်မယား ဘယ်မှာ
သွားပက်တာလဲ”
“နဘဲပင်သရွတ်မှာ”
ထိပ်သီးအမေးကို ငပိန်က ဖြေသည်။
“သာမောင့်သရွတ်မှာ ဘယ်သူတွေပက်တာ တွေ့လဲကွ”
“မတွေ့သေးဘူးကွ၊ ငါး အခိုကောင်းပေမယ့် ဝေးတော့ သွားပြီး မပက်ကြဘူးနဲ့ တူပါတယ်ကွာ။ ခု မင်းတို့ သွားပက်ကြပါလား”
“ဟုတ်လား … ဒါဆို တို့လဲ အဲဒီကိုပဲ သွားပက်ကြမယ်”
“မြန်မြန်သွားကြ။ သုံးနာရီလောက်တောင် ရှိနေပြီလား မသိဘူး”
ငပိန် ပြောသည့်အတိုင်း သာမောင့်သရွတ်ချောင်ဘက်သို့ ထိပ်သီးတို့လင်မယား အပြေးတစ်ပိုင်းနှင့် ချီတက်လာခဲ့ကြသည်။
ထိပ်သီးက ပေါက်တူးကိုထမ်းပြီး လက်တစ်ဖက်က ဓားမကို ကိုင်ထားသည်။
ပိုးဥကတော့ ပလိုင်းကိုလွယ်ထားပြီး ခနွှဲကိုလည်း ထမ်းထားသည်။ လက်တစ်ဖက်က သံပုံးကို ကိုင်ထားသည်။
သည်ရာသီက ရွာလုံးကျွတ်ငါးပက်ကြသည့် ရာသီ၊ တံငါစစ်စစ်တွေသာမက တံငါ ကပြား၊ တံငါ ကကတစ်တွေပါ ငါးပက်ကြသည်။
မြောင်းတွေ၊ သရွတ်တွေ၊ ချောင်းဦးတိုတွေ၊ အိုင်ကွက်တွေမှာ ငါးပက်ကြခြင်းဖြစ်သည်။ ငါးပက်သည်မှာ တံငါတို့၏ အတတ်ပညာ ဘာမှမလို။ တမံကို မကျိုးအောင် ခိုင်ခိုင်တုတ်ပြီး ရေကို ပြောင်သွားအောင် ပက်ထုတ်ကာ တွေ့သမျှ ငါး၊ ပုစွန် များကို ဖမ်းယူရုံလေးသာ။
သံပုံးစုတ်၊ တောင်းစုတ်ရှိနေပါက ငါးပက်စားလို့ ရနေပြီလေ။
သာမောင့်သရွတ်ချောင်သို့ ရောက်လာတော့ ငပိန်ပြောသလို မဟုတ်တော့။ သရွတ်ချောင် တစ်ချောင်လုံး အကန့်လိုက် အကန့်လိုက် ငါးပက်ထားကြသည်မှာ ဖုံလဖွားထနေတော့သည်။
သည်တစ်ရက် နှစ်ရက်အတွင်းလေးမှာ ငါးပက်ထားသည်ဆိုတာကို တမံတွေနှင့် ရေအိုင်တွေက သက်သေခံနေသည် မဟုတ်လား။
“ငပိန် ပြောတာနဲ့ တခြားစီပါလားဟ။ အင်း … ဒီညနေတော့ ငါးပိနဲ့ပြန်ပြီးညားဖို့ ကျိန်းသေသွားပြီဟေ့”
“အစ်ကိုနဲ့ ကျွန်မ မဖြစ်တာ အဲဒါတွေဘဲ။ ငါးပက်ဖို့လာတာ လက်ချည်းပြန်လို့ ဖြစ်မတဲ့လား။ ငါး ပုစွန် လက်ကျန်လေး ဘာလေးတော့ ရှိနေဦးမှာပေါ့”
ပိုးဥက ဗျစ်တောက်ဗျစ်တောက်နှင့်ပြောရင်း ပလိုင်းသံပုံးနှင့် ခနွှဲကို ပစ်ချထားခဲ့ပြီး မြောင်းထဲသို့ဆင်းကာ သူများပက်ထားပြီးသား တမံဟောင်းကို ရွှံ့တွေထပ်တင်ကာ တမံဖို့လေတော့သည်။
သည်တော့ ထိပ်သီးလည်း မနေသာ။ ဆေးလိပ်တိုကို ပါးစောင်မှာခဲရင်း ပိုးဥနှင့်အတူ မြောင်းထဲဆင်းကာ တမံ ကူဖို့ရတော့သည်။
“အမယ် … မင်းတို့လင်မယားက သူများပက်ပြီးသား နေရာကိုများ ထပ်ပြီး ပက်ဦးမယ်ပေါ့လေ … ဟုတ်လား”
အသံလာရာသို့ မော့ကြည့်လိုက်တော့ သရွတ်မြောင်း ပေါင်ပေါ်မှာ ပေါက်ပြားကိုထမ်းရင်း အခန့်သားရပ်နေသည့် သာမောင့်ကို တွေ့ရသည်။
“ငပိန်လင်မယားနဲ့ ထိန်ပင်ကွေ့မှာတွေ့လို့ မေးကြည့် တော့ မင်း သရွတ်ကို ဘယ်သူမှ မပက်သေးဘူးလို့ ပြောတာနဲ့ တို့လဲ ဒီကို စိုင်းချလာတာ။ ဒီကိုရောက်တော့ ခု မင်းမြင်တဲ့ အတိုင်းပဲလေ”
“ငပိန်က မင်းတို့ကို အဲဒီလိုပဲ ပြောလိုက်သလား”
“အေး”
“ငပိန့်စကားများ ဟုတ်ဟုတ်ငြားငြား မင်းတို့လင်မယားမို့ ယုံတတ်ပလေကွာ။ ချေးကိုစားပြီး ပြောတောင်မှ ငပိန် ချေးကြိုက်လို့ စားတယ်လို့သာယုံ။ အဲဒီခွေးမသား သောက်ကျင့်က အဲဒီလိုပဲ။ သူများတကာကို ချောက်တွန်းရမှ အစာကြေ ရင်ချောင်ပြီး လေလည်တတ်တဲ့ မသာမျိုး”
“ဘယ်လိုကွ … ချောက်တွန်းရမှ ဟုတ်လား”
ထိပ်သီးက နားထပ်မလည်သဖြင့် ထပ်မေးနေသည်။
“ဘယ်လို့ရမှာလဲကွ။ မနေ့ညနေက ငါနဲ့ မကျေးလဲ ငါးပက်စားမယ်ဆိုပြီး ဒီကို ထွက်လာကြတာ။ လာလား … ဒီကိုရောက်တော့ ငပိန်တို့လင်မယား ငါးပက်နေလိုက်ကြတာ တစ်ကန့်ပြီး တစ်ကန့်ပဲ။ ခေါင်းတောင် မဖော်ဘူး။ ငါလဲ သောက်မြင်ကပ်ကပ်နဲ့ မအေနဲ့ကလော်ပြီး တုတ်ပစ်ခဲ့သေးတယ်”
“မအေရိုး ငပိန်။ ငါတို့ကို သက်သက်ချောက်ချတာပဲ”
ထိပ်သီး ဒေါသထွက်သွားသည်။
“ကိုယ့်သရွတ်ဆိုပြီး တစ်နှစ်နေလို့ တစ်ခါ ငါးမပက်ရပါဘူးကွာ။ ဒီကို ဝေးလို့ ဘယ်သူမှ မလာဘူး။ နှစ်စဉ်နှစ်တိုင်း ပိန်လင်မယားပဲ လာလာပြီး ပက်နေကြတာကွ”
“နေဦး … သူများကို ချောက်ချတဲ့ ငပိန်တော့ ငါနဲ့တွေ့မယ်”
“ဒီမအေရိုးက ကြောင်ရိုက်မနာကောင်။ ပြီးတော့ သောက်မှတ်လဲမရှိ၊ သောက်ရှက်လဲ လုံးဝမရှိတဲ့အကောင်”
“ဒါနဲ့ မင်းက ပေါက်တူးကြီးထမ်းပြီး ဘာလျှောက်လုပ်တာလဲ”
“မိုးက မလာတော့ဘူးကွ။ ရေမလုံတဲ့ ကန်သင်းတွေ လိုက်ပိတ်နေတာ။ မင်းတို့လင်မယားလဲ ပက်မနေပါနဲ့တော့ကွာ။ ငပိန်လင်မယား ပက်သွားလို့ ဗျိုင်းကောက်ဖို့တောင် မကျန်တော့တဲ့ဥစ္စာ”
“ကိုသာမောင်ကလဲလေ။ ဒီလောက်အဝေးကြီး လာပြီးမှတော့ လက်ချည်းပြန်လို့ ဘယ်ဖြစ်ပါ့မလဲ။ ဟင်းချိုခတ်ရ နည်းသလား။ အလုပ်ဆိုတာကံ၊ ကံဆိုတာ အလုပ်တဲ့ရှင့်”
“အေး … အေး ကံကောင်းပါစေဟာ။ နင်တို့ ကံကောင်းရင် အပြန် ဟင်းစားဝင်ပေးဖို့ မေ့မနေကြနဲ့ဦးနော်”
သာမောင်က တဟဲဟဲရယ်မောရင်း သူ့လယ်ကန်သင်းများအတိုင်း တရွေ့ရွေ့ လျှောက်သွားလေတော့သည်။
X X X X
အမှန်က သာမောင်တို့မှာ ထိပ်သီးတို့လို မျိုးရိုးအလိုက် တံငါစစ်စစ်တွေမဟုတ်။ လယ်သမားမျိုးရိုးသာဖြစ်သည်။ သာမောင့်အဖေနှင့် ဘကြီးဘထွေးတို့မှာ ကိုယ့်လယ်ထဲ ကိုင်းထောက်၊ ပုံးထောင်၊ မြှုံးထောင်ပင် အလျဉ်းမလုပ်ကြ။
သာမောင်တစ်ကောင်သာ ချွန်ပြီး တံငါအလုပ်ကို ဝါသနာထုံပြီး လုပ်ကိုင်နေသူ ဖြစ်သည်။
မကျေးနှင့် အိမ်ထောင်ကျတော့ သူ့မိဘတွေက သာမောင်တို့လင်မယားကို လယ်သုံးဧက ခွဲပေးသောကြောင့် သာမောင်တစ်ကောင် တံငါတစ်ပိုင်း လယ်သမားတစ်ဝက် ဖြစ်နေခြင်းဖြစ်သည်။
တမံကို ကျကျနနတုတ်ပြီးသွားတော့ ထိပ်သီးက ငါးပက်ဖို့ ခနွှဲကို ဆင်သည်။ ပိုးဥက သရွက်မြောင်းပေါင်ပေါ် တက်ထိုင်ရင်း ထိပ်သီး ခနွှဲဆင်နေတာကို ကြည့်နေသည်။
သရွက်မြောင်းပေါင်ပေါ် တစ်ဘက်တစ်ချက်မှာတော့ သစ်ပင်ချုံနွယ်တွေ ပိန်းပိတ်အောင် ပေါက်နေသဖြင့် ငါးများ ပျော်ပါးခိုအောင်းနေကြခြင်း ဖြစ်သည်။ ထို့ကြောင့် ငါးပေါသည့် သာမောင့်သရွတ်ချောင်ကို ငပိန်တို့လင်မယား မဲပြီး ရှာဖွေခြင်းဖြစ်သည်။
ခနွှဲဆင်ပြီးသွားတော့ ထိပ်သီးက တဖြောဖြောတသောသော တဝေါဝေါနှင့် ရေတွေကို ပက်တော့သည်။
မိနစ်နှစ်ဆယ်ခန့် အားစိုက်ခွန်စိုက် ရေတွေကို ပက်ထုတ်လိုက်တော့ တမံအကန့်ထဲမှာ ရေ ခြေကျင်းဝတ်လောက်သာ ကျန်တော့သည်။
ငါးပုစွန်တွေ ခုန်တာပျံတာ တစ်ချက်ကလေးမှ မတွေ့ရသေး။ တမံအတွင်းရှိ ရေပြင်ကတော့ ဣန္ဒြေကြီးလိုက်ပါဘိ။
“အင်း … ငါးပိဖျော်တောင် ရမယ်မထင်ဘူး”
“ဒါလေးများ ဘာခက်တာမှတ်လို့။ တံငါပဲ ငါးမရလဲ ရေချိုးပြန် အရင်းတိုက်ပဲ မဟုတ်လား”
စပ်ဖြဲဖြဲ ပိုးဥမျက်နှာကို တစ်ချက်စွေကြည့်ပြီး ခနွှဲကို လွှဲကာလွှဲကာနှင့် မဲပြီး ထိပ်သီးတစ်ယောက် ရေတွေကိုသာ ပက်ထုတ်နေသည်။
ပိုးဥကတော့ ငါးတွေ ပုစွန်တွေ ဟိုကထိုးပေါ်လာနိုး သည်ကထိုးပေါ်လာနိုးနှင့် မျှော်ကိုးရင်း မျက်တောင်မခတ်တမ်း ကြည့်နေသည်။
တကယ်တန်း ငါးပုစွန်ရှိနေသည့် နေရာသာဆိုပါက ဗြောင်း ဒိုင်း နှင့် ငါးတွေ ခုန်ပျံနေပြီး ရေနောက်ရိုက်ထားသောကြောင့် ပုစွန်တွေလည်း နှုတ်ခမ်းမွေးတကားကားနှင့် မူးဝေကာ ရေပေါ်သို့ ပေါ်လာမည်မှာ မုချ။ ခုတော့ ဘာငါး ဘာပုစွန်မှ မတွေ့ရ။
ထိပ်သီးက ခနွှဲကိုရပ် ခါးကိုဆန့်ပြီး ခြေဖမိုးလောက်သာ ရှိတော့သည့် ရေပြင်စပ်ကျင်းလေးကို ကျီးကန်းတောင်းမှောက် ကြည့်နေသည်။
“အစ်ကို နားထောင်စမ်း… နားထောင်စမ်း။ ဘာသံလဲမသိဘူး”
ပိုးဥစကားကြောင့် ထိပ်သီး နားစွင့်ပြီး ငြိမ်နေသည်။
“ဟဲ့ … ဘာသံမှလဲ မကြားပါလား”
“ဂလုပ်ဂလုပ် … ဂလုပ်ဂလုပ်ဆိုတဲ့ အသံတွေ”
“ဘယ်ကလဲ ဟ…”
“ဒီနေရာကလားလို့”
ထိပ်သီးက ပိုးဥ ထိုင်နေရာသို့ လျှောက်လာပြီး ပိုးဥ
ညွှန်ပြရာ သရွတ်မြောင်းပေါင်မြေကြီးကို နားရွက်တစ်ဘက်နှင့် ကပ်ပြီး နားထောင်ကြည့်သည်။
“ဟာ … ဟုတ်ပြီဟေ့၊ ပွပေါက်ပဲ”
ထိပ်သီးက အသံပြဲကြီးနှင့် ထအော်သည်။
“ဘယ်အပေါက်က ပွတာလဲ”
“ဂုတ်တွင်းကွ … ဂုတ်တွင်း”
“ဘာလဲ … ဂုတ်တွင်း”
“မင်း မသိပါဘူးကွာ”
သရွတ်မြောင်းထဲကနေ လွှားခနဲခုန်တက်ပြီး ထိပ်သီး တစ်ယောက် ဟိုကြည့် သည်ကြည့်နှင့် လိုက်ကြည့်နေသည်။
ပိုးဥကလည်း ယောင်နနနှင့် လိုက်ပြီး ကြည့်သည်။
“တွေ့ပြီဟေ့ … ဒီမှာ ဂယ်ပေါက်။ ပေး,ပေး … ပေါက်တူးပေး”
ပိုးဥ လှမ်းပေးသည့် ပေါက်တူးကို ဆွဲယူပြီး ထိပ်သီးက မြေကြီးကို တဖုန်းဖုန်း အသံထွက်အောင် ပေါက်ဆွလေတော့သည်။
ပေါက်တူးကို အားနှင့်ပေါက်လိုက်၊ မြေကြီးကိုယက်ထုတ်လိုက်နှင့် ဆယ်ချက်လောက် ပေါက်လိုက်တော့ တွင်းခေါင်းကြီးတစ်ခုကို တွေ့ရလေတော့သည်။
“ကျိန်းသေပြီကွ … ဒီမှာ ကြည့်စမ်း”
ပိုးဥလည်း ရှေ့သို့တိုးပြီး တွင်းခေါင်းကြီးထဲသို့ ကြည့်လိုက်သည်။
“အားပါးပါး … ငါးခူတွေပါလား။ အများကြီး … အများကြီးပါလား”
ပိုးဥ လည်ချောင်းဝမှာ ဝမ်းသာလုံးကြီးဆို့သွားသည်။
ဟုတ်ပါ၏။ တောင်းဝလောက်ရှိသည့် တွင်းခေါင်းကြီးထဲမှာ နွံပျစ်တွေနှင့် ဒလိန်းထိုးပြီး ငါးခူတွေ အုပ်သင်းဖွဲ့ကာ လုံးထွေးတိုးဝှေ့နေကြသည်မှာ တကယ့်ကို အသည်းယားစရာ ပျော်စရာကြီးပါ။
“သံပုံးနဲ့ ပလိုင်း ယူဟေ့ … မြန်မြန်”
ပိုးဥတို့ကလည်း မနှေးပါ။ ပလိုင်းနှင့် သံပုံးကို ပြေးယူပေးသည်။
“အစ်ကို ကျွန်မလဲ ဖမ်းမယ်နော်”
“မလုပ်နဲ့ … မြွေတွေလဲ ဝင်ပြီး လုံးနေတတ်တယ်။ ငါးခူဆူးတောင် ခတ်မိရင်လဲ မသက်သာဘူးကွ။ ဂုတ်တွင်းဆိုတာ သတိထားပြီး ဖမ်းရတယ်။ လောဘတကြီး လုပ်လို့မဖြစ်ဘူး”
ထိပ်သီးက ပြောလည်းပြော ငါးခူတွေကိုလည်း ကျင် လည်စွာဖမ်းပြီး ပလိုင်းထဲသို့ ထည့်နေသည်။
ပိုးဥက ဝမ်းသာပီတိ လွှမ်းနေသည့် မျက်ဝန်းအစုံနှင့် မျက်တောင်မခတ်တမ်း ကြည့်နေသည်။
ပလိုင်းတစ်လုံး ပြည့်သွားတော့ သံပုံးထဲသို့ ငါးခူတွေကို ထည့်သည်။ ငါးခူအားလုံးလိုလိုမှာ ဝတုတ်နေပြီး ဘို့တက်ငါးခူတွေချည်း ဖြစ်သည်။ သံပုံးတစ်ဝက်ကျော်လောက်ရပြီးနောက် ဂုတ်တွင်းထဲမှာ ငါးခူတွေ ကုန်သွားတော့သည်။
ပလိုင်းမှာ အခင်ရှိနေသောကြောင့် ငါးခူတွေ မထွက်နိုင်။ သံပုံးက အပေါ်ပိုင်းဟောင်းလောင်းပေါက်ကြီးမို့ ငါးခူတွေ ခုန်မထွက်နိုင်အောင် သစ်ရွက်သစ်ခက်တွေ ချိုးထည့်ကာ သံပုံးဝကို ပိတ်ဆို့ထားရသည်။
ထိပ်သီးက ပလိုင်းကိုလွယ် ပေါက်တူးနှင့် ခနွှဲကိုထမ်း၊ ပိုးဥက သံပုံးကိုရွက်၊ လက်တစ်ဖက်က ဓားကို ကိုင်ပြီး ခြေလှမ်းသွက်သွက်နှင့် ပြန်ခဲ့ကြသည်။
သူတို့လင်မယား၏ ရင်ထဲမှာတော့ ကုလားဘုရားပွဲလှည့်သလို တဒိန်းဒိန်းနှင့် ဆူညံနေပြီး တသိမ့်သိမ့် လှိုက်ခုန်ကာ ဝမ်းသာ၍ မဆုံးနိုင်။
“ဪ … အစ်ကိုရေ”
“ပြော”
“ကိုသာမောင် မကျေးတို့ကိုလဲ ဝင်ပေးဦးမှပေါ့”
“ဟုတ်ပါ့ … ဟုတ်ပါ့။ တံငါ ငါးရရင် ဆွေမျိုးမေ့ဆိုတာ ငါမှအစစ်။ မင်းပြောလို့သာ သတိရတာဟေ့။ ဒါနဲ့ မင်းက ဘယ်လောက်ပေးမယ်လို့ စိတ်ကူးထားလဲ”
“ကျွန်မ ရွက်ထားတဲ့ သံပုံးထဲက ငါးတွေအားလုံး ပေးလိုက်ရင် ကောင်းမလားလို့။ အစ်ကို့ သဘောကိုလဲ ပြောပါဦး”
“အေး … ကောင်းတယ်။ ဒါ သူတို့ပိုင်တဲ့ သရွတ်ပဲ။ သူတို့လဲ ရသင့်တာပေါ့ကွာ။ အားလုံး ရှစ်ပိဿာလောက်တော့ ရှိမလား မသိဘူး။ မင်းရွက်ထားတဲ့သံပုံးထဲမှာတော့ သုံးပိဿာလောက်တော့ ရှိမယ်ထင်တယ်”
“ရှိနိုင်တာပေါ”
X X X X
ထိပ်သီးနှင့် ပိုးဥတို့လင်မယား သာမောင်တို့ ခြံဝင်းထဲသို့ ဝင်လိုက်တော့ အိမ်ရှေ့ကွက်သာပြောင် ဖုတ်သောသောမှာ ကျကျနနထိုင်ကာ ကျောပြောင်ပြောင်နှင့် သာမောင် နှီးထိုးနေသည်။
မကျေးကတော့ ခွေးကတက်မှာထိုင်ကာ ကလေး နို့တိုက်နေသည်။
“ဟဲ့ … ဟဲ့ … အထမ်းတွေ အရွက်တွေနဲ့။ ဗလာတိုက်လာကြပြီ မဟုတ်လား”
ထိပ်သီးနှင့်ပိုးဥကို တွေ့လိုက်သည်နှင့် သာမောင်က လှမ်းနောက်သည်။
ထိပ်သီးနှင့် ပိုးဥတို့က ဘာမှ ပြန်မပြော။ ထမ်းရွက်လာတာတွေကို မြေကြီးပေါ်သို့ ချသည်။
“မင်းတို့လင်မယား ဒီမှာ လာကြည့်စမ်း။ ကမ္ဘာ့အံ့ဖွယ် ဖြစ်သွားလိမ့်မယ်”
“ဘာတွေမို့လဲ ကိုထိပ်သီးရဲ့”
မကျေးက လှမ်းမေးသည်။
“မေးမနေနဲ့။ အပြေးသာ လာကြည့်လှည့်”
ပိုးဥကလည်း ဝင်ပြောလိုက်သောကြောင့် ကလေးကို ပွေ့ချီရင်း အပြေးတပိုင်းနှင့် မကျေး ရောက်လာသည်။
သာမောင်ကလည်း နှီးပြားနှင့် ဓားကို ပစ်ချထားခဲ့ပြီး ပြေးလာသည်။ ထိပ်သီးနှင့် ပိုးဥတို့က ပလိုင်းအခင်နှင့် သံပုံးထဲက သစ်ရွက်သစ်ခက်များကို ဖယ်ထုတ်ပြီးပြသည်။
“ဟယ် … ငါးခူတွေတော့ အများကြီးပဲ။ ဘယ်က ရတာလဲဟေ ပိုးဥ”
“ဟာ … ဟုတ်ပါရဲ့ … မနည်းပါလားကွ။ တယ်လဲ ဟုတ်ကြပါလား”
မကျေးနှင့် သာမောင်တို့ လင်မယား ပါးစပ်တွေ ပြိုင်တူပြဲကာ အကြီးအကျယ် အံ့ဩနေကြသည်။
ထိပ်သီးက ဂုတ်တွင်းကိုတွေ့ပြီး ငါးခူတွေ ရခဲ့ကြောင်း ပြောပြကာ ငါးခူတွေထည့်ထားသည့် သံပုံးကို သာမောင်သို့ လှမ်းပေးသည်။
“ဟာ … များတယ်ကွာ။ တစ်ပိဿာလောက်ပဲ ပေးခဲ့ပါ။ မင်းတို့လုပ်အားနဲ့ ရလာတဲ့ငါးတွေကို အားမနာ ပါးမနာ မယူချင်ပါဘူးကွာ”
“ဟုတ်တယ် … တစ်ပိဿာလောက်ဆို တော်ပြီ။ ဒါတောင် များနေသေးတယ်။ ဟဲ့ … ပိုးဥ မလုပ်နဲ့ …. နင်တို့သံပုံး ပြန်ယူသွား”
“ဘယ်ဟုတ်ပါ့မလဲ မကျေးရယ်။ တို့ ကံကောင်းလို့ ရတယ်လို့ ဆိုပေမယ့် နင်တို့ပိုင်တဲ့ သရွတ်က ရလာတဲ့ ငါးတွေပဲဟာ။ နင်တို့လဲ ရသင့်တာပေါ့ဟာ”
ပိုးဥက အတင်းပင် ဝင်ပြောသည်။
“ဟေ့ … အချိန်ကုန်တယ်၊ မိုးချုပ်တော့မယ်။ တို့ပေး တာကို မလိုချင်လဲ မြစ်ထဲသာ သွားသွန်ချလိုက်ဇရ ကဲ … ပိုးဥ ပေါက်တူးနဲ့ ခနွှဲကို ယူဟေ့”
ထိပ်သီးက ပြောလည်းပြော ငါးပလိုင်းကိုကောက်လွယ်ကာ ဓားမကိုပါ ကောက်ယူလိုက်ရာ ပိုးဥလည်း ခနွှဲနှင့် ပေါက်တူးကို ကောက်ထမ်းပြီး သာမောင်တို့ခြံထဲကနေ နှစ်ယောက်သား ခပ်သွက်သွက်ပင် ထွက်လာခဲ့ကြသည်။
ငါးခူတွေ ထည့်ထားသည့် သံပုံးကြီးကိုတော့ သာမောင်နှင့် မကျေးတို့ရှေ့မှာ သည်အတိုင်းပင် ငုတ်တုတ်ထားပစ်ခဲ့လေသည်။
X X X X
“ဟဲ့ … အစ်ကို”
“ဟေ”
“ငါးခူတွေ ဘာဖြစ်လို့ ဂုတ်တွင်းထဲမှာ အုပ်သင်းဖွဲ့နေ တာလဲဟင်”
“မင်းသိတော့ကော ဘာလုပ်တတ်မှာလဲကွာ”
“သူကလဲ ဈေးကိုင်နေပြန်ပြီ။ ဒီက မုန့်ဟင်းခါးသည် မဟုတ်တော့ဘူးရှင့်။ တံငါ့မယား ငါးစိမ်းသည် မပိုးဥ။ ငါးတွေရဲအကြောင်း ငါးတွေရဲ့သဘာဝကို နားလည်ထားသင့်တာပေါ့တော့”
ပိုးဥက စိတ်စိတ်ပေါက်ပေါက်နှင့် ခပ်တောက်တောက်ပင် ပြောချလိုက်သည်။
“ပိုးဥတို့ စိတ်ကလဲ ဖင်ဝတစ်နေတာပဲဟာ”
“အစ်ကိုနော် … မစုတ်ပဲ့နဲ့”
“ကဲပါ … အချစ်ကလေး သိချင်နေလဲ မောင်မောင်ထိပ် ပြောပြရတာပါ့”
ပိုးဥက ဟက်ခနဲ တစ်ချက်ရယ်ပြီး ထိပ်သီး ကျောပြင်ကို အုံးခနဲမြည်သွားအောင် လှမ်းပြီး ထုထည့်လိုက်သည်။
ရေရှိ ငါးရှိသည်ဟု ပြောကြသော်လည်း ရေရှိတိုင်းငါးခူ မရှိနိုင်။ ပင်လယ်ထဲမှာ ရေချိုငါးခူ မနေ၊ ပင်လယ်ငါးခူသာ နေသည်။
မြစ်တိုင်း၊ ချောင်းကျယ်တိုင်းမှာ ငါးခူတွေ မပျော်ပိုက်။ ငါးခူ အရှင်တွေကို မြစ်ထဲ ချောင်းကျယ်ကျယ်ထဲ သွားလွှတ်ကြည့်။ ကမ်းဘေးကနေ ဝေးဝေးကိုကူးခပ်မသွား၊ ကမ်းဘေးမှာသာ ကပ်နေလိမ့်မည်။
ကမ်းဘေးတစ်လျှောက် ကူးခတ်နေကြပြီး ချောင်းရိုး၊ မြောင်းရိုး၊ သရွတ်ရိုးတွေကရေတွေ မြစ်ထဲ ချောင်းကျယ်ထဲသို့ စီးဆင်းကျလာနေတာကို တွေ့ပါက အမြီးခတ် ဆူးတောင်နှင့် ကုတ်တက်ပြီး ချောင်းမြောင်းသရွတ်တွေထဲသို့ ဝင်သွားကြပေလိမ့်မည်။
မြစ်ကြီးချောင်းကြီးတွေထဲမှာတော့ ငါးခူတွေ ဘယ်သောအခါမှ မနေ။
ချောင်းငယ်၊ မြောင်းငယ်၊ သရွတ်တွေနှင့် လယ်ကွင်း အင်းအိုင်တွေထဲမှာသာ ငါးခူတွေ နေကြသည်။
သူတို့ ပျော်ပိုက်သည့် ချောင်း၊ မြောင်း၊ သရွတ်၊ လယ်ကွက်နှင့် အင်းအိုင်တွေ ရေခန်းတော့မည်ဆိုတာကိုလည်း ငါးခူတွေ ကြိုတင်သိရှိနေကြသည်မှာ သူတို့၏ ပင်ကိုသဘာဝပင် ဖြစ်သည်။
ထို့ကြောင့် တွင်းခေါင်းတွေ့သည်နှင့် တစ်ကောင်စ နှစ်ကောင်စ ဝင်ပြီးလူးရင်း ဆူးတောင်နှင့်ခတ်ရင်း တွင်းခေါင်းက တဖြည်းဖြည်းနှင့် ကျယ်ကျယ်လာလေသည်။
တွင်းခေါင်းကျယ်လာသလို ငါးခူတွေလည်း တဖြည်းဖြည်း တွင်းခေါင်းထဲမှာ အဝင်များလာလေရာ နောင်ဆုံးမှာ ငါးခူတွေ ရာချီကာ အုပ်သင်းဖွဲ့နေသည့် ဂုတ်တွင်းကြီး ဖြစ်သွားလေတော့သည်။
ဂုတ်တွင်းထဲမှာ နေကြသည့် ငါးခူတွေမှာ ရေတက် ရေပြည့်ချိန်၌ နဂိုတွင်းဟောင်းအပေါက်ကနေ ထွက်လာပြီး အစာရှာဖွေစားကြသည်။ ရေပြည့်ပြီး ရေပြန်ဆွဲသည်နှင့် ဂုတ်တွင်းထဲသို့ ပြန်ဝင်ပြီး နေကြသည်။
သည်လိုနှင့်ပင် တစ်ဆောင်း တစ်နွေ ဂုတ်တွင်းထဲမှာနေပြီး မိုးကျ ရေဝင်လာသည့် အချိန်ကျတော့မှ ဂုတ်တွင်းထဲကနေ အလျှိုအလျှို ထွက်လာကြပြီး ချောင်း၊ မြောင်း၊ သရွတ်၊ လယ်ကွင်းနှင့် အင်းအိုင်တွေအနှံ့ လျှောက်သွားကာ မိတ်လိုက်၊ ဥချ သားပေါက်တတ်ကြသည်။
ငါးခူတွေ ဂုတ်တွင်းဖွဲ့ခိုအောင်းတတ်သည့် နေရာတွေ ကတော့ တက်ရေအဝင်အထွက်ရှိနေပြီး ချုံနွယ်ပိတ်ပေါင်းထူထပ်သည့် ချောင်းငယ်၊ မြောင်းငယ်၊ သရွတ်တွေမှာသာ ဂုတ်တွင်းဖွဲ့ ခိုအောင်းနေတတ်ကြသည်။
ငါးခူဂုတ်တွင်းများကို ငါးပုစွန်ရှာဖွေကျွမ်းကျင်သူတိုင်း၊ တံငါတိုင်း မတွေ့နိုင်၊ မရနိုင်။ အင်မတန်ကံကောင်းပြီး ရသင့်ရထိုက်သူမှသာ ဂုတ်တွင်းကိုတွေ့ပြီး ငါးခူတွေကို ရနိုင်သည်။
“ငါးခူတွေ ဂုတ်တွင်းထဲမှာ အုပ်သင်းဖွဲ့ပြီးနေတဲ့ အကြောင်းတွေကို သိရလို့ အထူးပဲ ကျေးဇူးတင်ပါသတဲ့ရှင်။ ကျေးဇူးတင်တဲ့အနေနဲ့ ဒီညနေစာ ငါးခူကို ဆီရွှဲရွှဲ၊ ငရုတ်သီးစပ်စပ်လေးနဲ့မွှေ၊ ပင်စိမ်းလေးအုပ်ပြီး အစ်ကို့ကို ကျွေးမယ်နော်။ မနက်ဖြန်မနက် ငါးခူငါးဆုပ် ချဉ်ရေ၊ ညနေ ငါးခူကြော်…”
“ကဲ … တော်ပါတော့၊ ထမင်းဆာရတဲ့ အထဲ“
“ဂုတ်တွင်းထဲက ငါးခူတွေကို ဘယ်သူ့ကြောင့်ရတာလဲဆိုတာကိုကော အစ်ကို သိရဲ့လား”
“သိတာပေါ့၊ ဟောဒီက ချစ်နှမချောလေး မပိုးဥ ကြောင့် ရတာ”
“မပြည့်စုံသေးဘူး … စဉ်းစားဦး”
“စဉ်းစားနေစရာ မလိုဘူးခင်ဗျ။ ဂုတ်တွင်းထဲက ငါးခူတွေ ဂလုပ်ဂလုပ်နဲ့ တိုးဝှေ့နေတာကို မင်းကြားရလို့ ရတာမဟုတ်လား”
“အဲဒီလို ကျွန်မနားမှာ ကြားရတာ ကံကြောင့်ရှင့် … ကံကြောင့်”
“ကံကြောင့်”
ထိပ်သီးက နားမလည်ဟန်နှင့် ပိုးဥကို ပြန်မေးသည်။
“ဟုတ်တယ်လေ။ သူများ ငါးပက်ပြီးသားနေရာပဲဆိုပြီး ငါးပက်တဲ့အလုပ်ကို မလုပ်တော့ဘဲ အိမ်ကိုသာပြန်ခဲ့ရင် ရမှာမဟုတ်တော့ဘူး။ ငါးပက်တဲ့အလုပ်ကို လုပ်လိုက်တော့ ကံကောင်းသွားတာပေါ့။ အလုပ်သည်ကံ၊ ကံသည် အလုပ်တဲ့ရှင့်”
“ဟုတ်ပဗျား … ဟုတ်ပ။ မပိုးဥလေးပြောတာ မှန်သဗျ”
– ပြီး –
စာရေးသူ – ပုသိမ်ရန်နောင်စိုး
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
(နောက်ပိုင်း Facebook က စာတင်လို့မရတော့လျှင် စာဆက်ဖတ်နိုင်ဖို့အတွက် အောက်က Telegram ကို Joint ထားကြပါဗျ)