အလှဆိုသည်မှာ

Posted on

အလှဆိုသည်မှာ(စ/ဆုံး)
—————————–
“အေမီရေ … လာမယ့်တနင်္ဂနွေ ဘယ်ကို သွားဖို့ရှိသလဲ”

“ဘယ်သွားရမှန်းကို မသိဘူးဟယ် … ရုပ်ရှင်တွေ … ပန်းခြံတွေ … စူပါမတ်ကက်တွေချည်း သွားရတာ ပျင်းတောင်လာပြီ။ အိမ်ကလူကြီးကလည်း တနင်္ဂနွေနေ့ဆို သိတယ်မဟုတ်လား ဂေါက်ကွင်းကို စက်ကျ နေတာ”

“ငါလည်း ဘာထူးသလဲ … တနင်္ဂနွေနေ့မှာ ငါ့အိမ်က ဟာကြီးက အိမ်ကို သူ့သူငယ်ချင်းတွေခေါ်ပြီး ဖဲရိုက်ကြ မလို့တဲ့ … ငါတော့ ပျင်းလို့သေတော့မယ်”

“ဟေ့ … ဒေစီကို ဖုန်းဆက်ကြည့်ပါလား … သူလည်းဘာအစီအဉ်ရှိသလဲလို့”

“အဲဒီကောင်မဆီကို ဆက်ပြီးပြီ … ဘာတဲ့ မဟုတ်တဲ့ကားတွေ ကြည့်ကြမလားတဲ့ … ကောင်မက ခုထိ ထ ရွနေတာပဲ”

“ချယ်ရီရေ … ဒီလိုလုပ်ရအောင် တို့သူငယ်ချင်းသုံးယောက် ပျော်ပွဲစား ထွက်ရအောင်”

“လုပ်မနေနဲ့ ရိုးနေပြီ … ရင်မခုန်ဘူး”

“ငါပြောတာ နားထောင် … ဒီတစ်ခါ ပျော်ပွဲစားထွက်မှာ ကန်တော်ကြီးတို့ မြေပဒေသာတို့မဟုတ်ဘူး … တောဘက်ကိုပြောတာ”

“ဘာ … တောကို ဟုတ်လား”

“ဟုတ်တယ် … အာရုံအလှည့်အပြောင်း တောကိုသွားမလားလို့ … ရန်ကုန်ကနေ မိုင် ၂၀ လောက်ပဲကားမောင်း သွားရင် ငါ့သူငယ်ချင်း ဖိုးမောင်သိတယ်မဟုတ်လား … သူနေတဲ့ ရွာလေးရှိတယ်”

“ဪ နင့် ငယ်ရည်းစားဖိုးမောင်လား”

“ဟုတ်တယ် … သူက အဲဒီရွာလေးမှာ ကျောင်းဆရာတဲ့ … သူ့ဆီကိုလည်ရင်း ငါတို့ရှုခင်း အပြောင်းအလဲ … စိတ် အပြောင်းအလဲလေးပေါ့”

“ကောင်းသားပဲ … ဟဲ့ နင် ဒေစီဆီကို ဖုန်းဆက်လိုက်ဦး … ကောင်မက သူ့ကို မခေါ်ရမလားဆိုပြီး စိတ်ကောက်နေဦးမယ်”

“စိတ်ချ … နင်နဲ့ ဖုန်းပြောပီးတာနဲ့ အဲဒီကောင်မဆီကို ဆက်လိုက်မယ် … ပြီးမှ ခရီးစဉ်ကို အသေးစိတ်ပြောမယ်”

“ဟဲ့ ကောင်မ ကြိုပြောနော် … ကပ်မပြောနဲ့ အိမ်က ဟာကြီးကို အရှောင်အတိမ်းနဲ့ ထွက်ခဲ့ရမှာ”

“အေးပါ … တို့သူငယ်ချင်းသုံးယောက် ဒီတစ်ပတ်တော့ ရွာဘက်မှာ သွားကဲကြမယ်ဟေ့”

ဤသို့ဖြင့် တစ်ခုသော တနင်္ဂနွေနေ့တွင်

အေမီ၊ ဒေစီနှင့် ချယ်ရီတို့ သူငယ်ချင်းသုံးယောက်သည် မြချမ်းသာရွာလေးဆီကို ကားတစ်စီးဖြင့် ပျော်ပွဲစား ထွက်လာခဲ့ကြသည်။

“အိုး … အမေ့ဇင်း … ရှုခင်းတွေက လှလိုက်တာ … မျက်စိထဲမှာ စိမ်းစိုနေတာပဲ”

“ငါပြောသားပဲ အမြင်တွေ ပြောင်းသွားပါ့မယ်လို့”

“ဟေ့ စမ်းချောင်းလေးကလည်း ကြည်နေတာ ရေသွားဆော့ရအောင်”

“အေးဟယ် ဆာလည်း ဆာလာပြီ တစ်ခုခု စားကြမယ်”

သူတို့သည် ကားကို လမ်းဘေးတွင်ရပ်ကာ သစ်ပင်ရိပ်၌ ပါလာသည့် အခင်းကိုခင်းပြီး မြို့ထဲက ဝယ်လာသည့် စားသောက်ဖွယ်ရာများကို ထုတ်စားကြသည်။
လယ်ကွင်းပြင်ကြီးက စပါးတွေ ပျိုးထားသည့်အခင်းကပျိုး၊ စိုက်သည့်အခင်းကစိုက်နှင့် အစိမ်းရောင် ကော်ဇော ပြင်ကြီးကို ခင်းထားသည့်အလားဖြစ်နေသည်။ ရန်ကုန်က စောစောထွက်လာသဖြင့် နေရောင်ကလည်း စိမ်းနေသော ကောဇော်ချပ်ကြီးကို ပိုပြီးတောက်ပအောင် လုပ်ပေးသလိုဖြစ်နေသည်။

အသက် ၄၀ ကျော် ၅၀ နီး သူငယ်ချင်းသုံးယောက်မှာ ကလေးသူငယ်တွေအလား ပျော်ပါးကာ အော်ဟစ် စားသောက်နေကြသည်။

“ဟေ့ … စမ်းချောင်းလေးထဲ ရေသွားဆော့ရအောင်”

သူတို့က အနီးရှိ တံတားလေးတစ်ခုအောက်မှ စမ်းချောင်းလေးဆီကို လျှောက်သွားကြသည်။ ပျော်လွန်းသဖြင့် စမ်းချောင်းထဲဆင်းကာ ရေတွေကို ဆော့ကြသည်။ တစ်ယောက်ကိုတစ်ယောက်ပက်ကာ စကြ၊ နောက်ကြ သည်။

သူတို့သုံးယောက် မောသဖြင့် စမ်းချောင်းဘေးရှိ ကျောက်တုံးများပေါ်တွင် ထိုင်နားကာ ကြည်လင်သော ရေထဲမှ အရိပ်တွေကို ကြည့်နေကြသည်။

“ဟေ့ … တို့အသက်တွေ မငယ်တော့ဘူးနော်”

“အသက်အကြောင်း မပြောနဲ့ဟယ် … စိတ်ပျက်လို့ပါ”

“ဘာဖြစ်လို့ စိတ်ပျက်တာလဲဟ”

“တို့အိမ်က ဟာကြီးတွေက တို့အသက်ထက် ထက်ဝက်လောက် ငယ်တာလေးတွေကိုပဲ မျက်စပစ်နေကြတာ”

“မထူးပါဘူး … အိမ်ကဟာကြီးလည်း ဘာထူးသလဲ … ဒါပဲ ပါတာ … ဘယ်သူက တစ်ပေါက် ပိုပါလို့လဲ … အဲဒါကို ကောင်မလေးတွေများတွေ့ရင် မျက်လုံးကို ပြူးနေတာ”

“အလကား နှာဘူးတွေ … မရခင်တုန်းကတော့ ချောလိုက်တာ … လှလိုက်တာနဲ့ … ခုတော့ သူတို့ကို ညုရင်တောင် စိတ်ပျက်တဲ့မျက်နှာနဲ့ ရှောင်ထွက်သွားတာ”

“ဟဲ့ … ဒေစီ … နင့်လက်စွပ်က ကောင်းလှချည်လား … နင့်ယောက်ျား ပေးထားတာလား”

“ထပ် … သူလား အဲဒီလောက် သတိရမှာ … ဒါကလေ … ဒါကပေါ့ … မသိချင်ပါနဲ့တော့ဟာ”

“ဟေ့ … ဘာပြောပြော တို့အထဲမှာတော့ ငါက အလှဆုံး”

“ချယ်ရီ … ဘယ်သူကပြောတာလဲ … နင့် ဘဲကြီးကပြောတာလား”

“အို … ငါက တက္ကသိုလ်မှာကတည်းက ကွင်းဖြစ်ထားတဲ့သူပါနော်”

“အို နင်တို့ထက် ငါကပိုလှတယ်”

“ငါက လှတယ်”

“ငါက ပိုလှတာ”

“ဟေ့ … ငါက အလှဆုံး”

သူတို့ ကလေးများပမာ ငြင်းခုန်နေကြစဉ် အဘွားအိုတစ်ယောက်သည် ပလိုင်းလေးကိုလွယ်ကာ သူတို့အနားမှ ဖြတ်သွားသည်ကို တွေ့လိုက်သဖြင့် ဒေစီက

“အဘွားခဏ”

“ဟဲ့ ဒေစီ … ဘာလုပ်လို့လဲ”

“လာခဲ့ လိုက်ခဲ့”

“အဘွား … ဒီမှာ သမီးတို့ကို ကြည့်ပါဦး … သမီးတို့ သုံးယောက်မှ ဘယ်သူက အလှဆုံးလဲဟင်”

သူတို့က အဘွားအိုရှေ့တွင် ပြုံးဖြီးဖြီးနှင့် လုပ်နေသည်။

“သမီးလေးတို့ မြို့ကလာတာနဲ့တာတယ်”

“ဟုတ်တယ် … ပြောပါအဘွားရဲ့ ဘယ်သူက အလှဆုံးလဲ”

“အဘွားဗိုက်ဆာလို့ပါကွယ် သွားဦးမယ်”

အဘွားအိုက သူတို့ စားသောက်စရာတွေ ဖြန့်ကျဲထားသည့် အခင်းပေါ်မှ စားသောက်ဖွယ်ရာများကို မျက်လုံးလေး ဝေ့ကာ ကြည့်လိုက်သည်။

“အဘွား ဒီမှာ ဘယ်သူက အလှဆုံးလဲ … ပြောရင် ဟမ်ဘာဂါကျွေးမယ်”

“သမီးကို အလှဆုံးလို့ပြောရင် ပိုက်ဆံပေးမယ်”

အဘွားအိုက စိတ်ပျက်စွာ ခေါင်းခါပြီး ကားလမ်းကို ကူးသွားသည်။ သူတို့ ရပ်ထားသည့် ကားနှင့် မျက်နှာ ချင်းဆိုင် ကုက္ကိုပင်အောက်တွင် လယ်သူမလေးတစ်ယောက်က ထမင်းချိုင့်ကိုဖွင့်ကာ မနက်စာစားနေသည်။ အဘွားအိုက သူမအနီးသို့ ရောက်လာချိန်တွင် ကောင်မလေးက

“အဘွား လယ်တဲက ပြန်လာတာလား”

“အေးကွယ် ရွာထဲကို သွားမလို့”

“လာ အဘွား … ဒီမှာ သမီးအိမ်က ကောက်ညှင်းပေါင်းထည့်လာတယ် … စားလိုက်ဦး”

“အေး … စားတာပေါ့”

“ဒီမှာ အဘွား … နှမ်းထောင်းလေးနဲ့တို့စား”

“အေး”

အဘွားအိုက ချိုင့်လေးကိုဖွင့်ကာ သူ့ကို ကောက်ညှင်းပေါင်း ကျွေးနေသည့် ကောင်မလေးကို စိုက်ကြည့် နေသည်။ အသားညိုညို ဆံရစ်ဝိုင်းနှင့် ကောင်မလေးမှာ သနပ်ခါးကို ပါးကွက်ကြီးနှင့် ဖြစ်သည်။ သူ့နှုတ်ခမ်းတွေက ထူထူ၊ နှုတ်ခမ်းဆိုးဆေးမဆိုး၊ သွေးရောင်က လွှမ်းနေသည်။ မျက်ဝန်းကဝိုင်းဝိုင်း အရောင် လက်ကာတောက်နေသည်။

အဘွားအိုက ကလေးမလေးကို စိုက်ကြည့်နေရာက

“လှလိုက်တာအေ” ဟု ပြောလိုက်ပြီးမှ ကားလမ်းတစ်ဖက်ကို လှမ်းအော်လိုက်သည်

“ဟေ့ … ကလေးမလေးတွေ … ဟောဒီမှ အလှဆုံးကို ကြည့်ချင်ရင် ဒီကိုလာခဲ့ … ဟောဒီမှာအလှဆုံး … နင်တို့လို ရေခဲရိုက်ထားတဲ့ အသားနဲ့ မိတ်ကပ်တွေတင်ထားပြီး ဖောင်းပွပွ မသာမျက်နှာ မဟုတ်ဘူး” ဟု ဂုဏ်ယူကာ ပြောလိုက်သည်။

အဘွားအို အော်ပြောသည်ကို သူတို့ကြားလား … မကြားသလားတော့မသိ။
မြို့သူကြီးသုံးယောက်မှာ သူတို့စားသောက်ထားသည့် အကြွင်းအကျန်တွေကို လမ်းဘေးသို့ ပစ်လိုက်ပြီး အခင်းကိုခေါက်ကာ ကားပေါ်တင်၍ မောင်းထွက်သွားကြသည်။

“တွေ့လား အယုတ်တမာတွေ စားထားတာတွေကို ပစ်ချင်ရာပစ်ပြီး ထွက်သွားကြပြီ … ဒါကြောင့် သူတို့ ကိုကြည့်လိုက် ဘယ်လောက်ကောင်းကောင်းဝတ်ထားထား အရောင်ကို မထွက်တာ”

ကောက်ညှင်းပေါင်းစားနေသည့် ကောင်မလေးကတော့ ပြုံးနေသည်။

#တင်ညွန့်

၅.၇.၂၀၂၂