ရင်ညွန့်နေရာက စူးစူးပြီးထိုးအောင့်တာ အခံရ အခက်ဆုံးပဲ။ အဲကွန်း တပ်ထားတဲ့ ရုံးခန်းထဲမှာတောင် ချွေးစေးတွေကလည်း ပြန်နေသေးတယ်။ အသက်ရှူရ တာလည်း နည်းနည်းလေးမှ မဝဘူး။ စောစောကပဲ ကြည့်၊ ရုံးခန်းနဲ့ ဆယ့်လေးငါးပေလောက်ပဲ ဝေးတဲ့ အိမ်သာကို လျှောက်သွားတာတောင် မောလိုက်တာ မပြောပါနဲ့တော့။
ဒီနေ့မှပဲ အလုပ်ကလည်း များလိုက်တာ လွန်ပါ ရော။ ညွန်မှူး တောင်းထားတဲ့ စာရင်းဇယားတွေက လည်း နက်ဖြန် နောက်ဆုံးထားတင်ရမှာ။ တကယ်ဆို သူ့အောက်မှာ ကျုပ် အပါအဝင် လက်/ ညွှန်မှူး ၃ ယောက်တောင်ရှိတဲ့ဥစ္စာ။ ကျုပ်လောက်အလုပ်မများတဲ့ ဟို ၂ ယောက်ကို ခိုင်းလည်းရသားနဲ့။ အေးလေ… ကျုပ် ကို ဦးဆုံး ရာထူး တိုးပေးချင်လို့ ပိုပြီးတာဝန်များများ ပေးတာပဲ ဖြစ်မှာပေါ့လေ။
ဆိုးတာက ကျုပ်ရဲ့ ကျန်းမာရေးပဲ။ ဒီနှစ်ထဲမှာ ပိုပြီး ဖောက်လာတယ်။ တစ်ခုခုတော့ ရွေးမှ ဖြစ်တော့မယ်။ ဆေးလိပ်နဲ့ ကျန်းမာရေး ကြိုက်တာရွေးဆိုတဲ့ ဟို ဆောင် ပုဒ်ထဲကလို ဖြစ်နေပြီ။ ရာထူးနဲ့ အသက်.. ဘယ်ဟာ မက်ရမလဲ။ အို ကိုယ့်အသက်ထက်တော့ ဘယ်ဟာမှ ပိုပြီး တန်ဖိုးမထားနိုင်ပါဘူး။ ဟုတ်တယ် ခွင့်ယူပြီး ဆေးခန်း ပြေးမှပဲ ဖြစ်မယ်။ ဟာ… ဆေးခန်းဆိုမှ သတိရတယ်။ ဆေးမှတ်တမ်းစာအုပ်က ဒီနေ့မှ ရုံးကို မယူလာခဲ့မိပြန် ဘူး။ မနက်က အတက်ချီကေ့စ်ထဲက ထုတ်ကြည့်ပြီး
အိမ်က စားပွဲပေါ်မှာ ထားခဲ့မိတယ် ထင်တယ်။ တတ်နိုင် ဘူး၊ မိန်းမဆီ ဖုန်းဆက်ပြီး ဆေးမှတ်တမ်းစာအုပ်နဲ့ ရွှေ ဘုံသာလမ်းကနေ စောင့်နေဖို့ ပြောမှပါပဲ။ ဒါပေမဲ့.. ကျုပ်မှ မဆက်ရသေးခင် ဖုန်းက အရင်မြည်လာ တယ်။ စကားပြောခွက် မပြီး ဟဲလို လို့ဖြေလိုက်တော့ အပြင်ကို ခိုင်းလိုက်တဲ့ ကျုပ်တပည့်ဆက်တာ။ သူပြော တာတွေ နားထောင်နေရင်းနဲ့ အို အို… မူးလိုက်တာ… မူးလိုက် တာ.. ဘုရား ဘုရား…
မနက်ထဲက ဆရာ့ကိုကြည့်ရတာ သိပ်ဟန်ပုံ မပေါ် ဘူး။ မျက်နှာကြီးကလည်း နီလို့၊ အသားဖြူတဲ့လူဆို တော့ ပိုသိသာတယ်။ သွေးတိုး ထသလား၊ နှလုံး ဖောက်သလား၊ တစ်ခုခုတော့ တစ်ခုခုပဲ။ ခက်တာက ကိုယ့်ဆရာ။ “အစားအသောက်” ကလည်း တစ်စက်က လေးမှ မဆင်ခြင်ဘူး။ မနေ့ညနေကလည်း ရုံးအဆင်းမှာ ကိုယ့်ကို အသာလေးလက်တို့ပြီး ခေါ်ပြောတယ်။ ဒီညနေ မင်းနဲ့ငါနဲ့ နှစ်ယောက်ထဲ ဘီယာ သွားသောက်ရအောင်တဲ့။
ဆရာသမားက ချစ်ဖို့ကောင်းတာ အဲဒါပဲ။ ကိုယ့်ကို လွှတ်အားကိုးတယ်။ အဆင့်အတန်းလည်း လုံးဝ မခွဲ ဘူး။ တကယ်ဆို တော်ရုံ လက်၊ညွှန်မှူး တစ်ယောက် ယောက်က ကိုယ့်လို စာရေးလေးနဲ့ ဘီယာဆိုင်မှာ ဘယ် တွဲထိုင်ပါမလဲ။ ခုတော့ ဒီနေ့ သူအဆင်ပြေတာ ကိုယ့်
ကြောင့်မို့ ပြုစုချင်လို့ပါတဲ့။ တစ်ခုပဲပေါ့လေ… ခါတိုင်း သူနဲ့အဆင့်တူ အတန်းတူလူတွေနဲ့ သွားနေကျဆိုင်ကို တော့ မသွားဘူး…တဲ့။ ဒါလည်း စိတ်ကွက်စရာ မဟုတ် ပါဘူး။ ဘယ်ဆိုင်မှာ သောက်ရ သောက်ရ… ဘီယာ တဝ သောက်ရ ပြီးတာပဲ။
ဒါနဲ့ ဆိုင်ရောက်လို့ သောက်ကြတော့ စကား တပြောပြောနဲ့ တွယ်လိုက်ကြတာ… ဘာပြောကောင်း မလဲ၊ စည်ဘီယာ ဖန်ခွက်တွေ စားပွဲနဲ့ဖြစ်ပြီး နေရာ ကျပ်လာလို့ တစ်ဖြတ်အရင်ရှင်းလိုက်ရသေး။ ဆရာဆို တော့လည်း တော်ပါတော့လို ့ မတားရဲတာရော၊ ကိုယ်တိုင်ကလည်း တွယ်ချင်တာနဲ့ မတားမိဘူးပေါ့။
ဒီမနက်တော့ ကိုယ့်ဆရာ ပုံစံက သိပ်မဟန်ပေမဲ့
ဝါသနာ တူချင်းမို့ ညက မက်တဲ့ ကိုယ့်အိပ်မက် အကြောင်း ဆရာ့ကို ပြောပြမိတယ်။ တိုက်ဆိုင်လိုက်တာ ဗျာ… သူလည်း ကိုယ့်အိပ်မက်နဲ့ အတော်ကြီးတူတဲ့ အိပ်မက်တစ်ခု မက်တယ်ဆိုပဲ။ ဒါနဲ့ ကိုယ့်ကို သူ့ရုံးခန်း ထဲခေါ်ပြီး နှစ်ယောက်သား ခေါင်းချင်းဆိုင်ရင်း အိပ်မက်ကို အဖြေထုတ်ကြည့်ကြတယ်။ နောက်ဆုံး တော့.. နှစ်ယောက်စလုံး သဘောတူတဲ့ အဖြေနှစ်ခုရပြီး အဲဒီနှစ်ခုကိုပဲ အပိုင်တွယ်ဖို့ ဆုံးဖြတ်မိကြတယ်။ ဒီတစ်ခါ အချီကြီး တက်ကိုင်ဖို့လည်း ဆုံးဖြတ်မိကြတယ်။
အပြင်သွားကာနီး ကိုယ်က ဘယ်ကငွေနဲ့ ကိုင်ရ မလဲဆိုတဲ့ သဘောနဲ့ လက်ညှိုးနဲ့ လက်မကို ဝိုင်းပြလိုက် တော့ ဆရာသမားက ထုံးစံအတိုင်းပေါ့ကွာ ဆိုတဲ့ သဘောနဲ့ မျက်စိတစ်ဖက်မှိတ်ပြတယ်။ ခေါင်းတော် ညိတ် စိတ်တော်သိတဲ့ တပည့်ပီပီ ကိုယ်ကလည်း ဆရာ မှာတဲ့အတိုင်း လုပ်ပေးဖို့ ထွက်လာခဲ့တယ်။ အမယ်… ဆရာက မှာသေးသဗျ။ အဖြေကို စောင့်ရင်း… ကြာချင် ကြာပါစေ တဲ့။ အိုကေရင်… ငွေထုပ်ပိုက်ပြီးမှ ပြန်လာ ခဲ့တဲ့။
ဒါပေမဲ့… ဒါပေမဲ့ပေါ့ဗျာ။ သူ့အိပ်မက်လည်းလွဲ၊ ကိုယ့်အိပ်မက်လည်း ချော်… ဖြစ်သွားပါလေရောလား။ ဒါနဲ့ ခေါင်းနားပန်းကြီးပြီး ဆရာ့ဆီ ဖုန်းလှမ်းဆက်ရ တယ်။ ဒီအခါ ဆရာ့ဘက်က ဟဲလိုဆိုတဲ့ အသံပဲကြား ရပြီး နောက်ဆက်တွဲ ကိုယ်ဆက်ပြောပြနေတာတွေ သူကြားလား.. မကြားလားလည်း မသိရဘူး။ မဟန်ဘူး
ဆိုပြီး ဖုန်းချပြီး ရုံးကို ပြန်ပြေးလာလို့ ရုံးလည်း ရောက်ရော-
အိမ်ကဟာကြီး.. ခုတစ်လော ရုံးမှာ တော်တော် အဆင်ပြေနေပုံရတယ်။ ရုံးကပြန်လာတိုင်း အိမ်သားတွေ ဖို့ စားစရာတွေ ဝယ်ဝယ်လာတာ နေ့တိုင်းနီးပါးပဲ။ ဒံပေါက်၊ ခေါက်ဆွဲကြော်ဆိုတာ ညတိုင်းလိုလို စားနေရ တယ်။ တစ်ခါတစ်ရံတော့လည်း ကျွန်မကို မျက်နှာလုပ် ချင်လို့ ထင်ပါရဲ့၊ ဘူးပါတိတ်တို့၊ လက်ကိုင်အိတ်တို့ တောင် ပါလိုက်သေး။ ကိုယ့်ယောက်ျားက သိတတ်လို့ ဝယ်လာတော့လည်း ဝမ်းသာရတာပေါ့လေ။ ပီတိလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ခက်တာက ကျွန်မ လိုချင်တာ အဲဒါတွေချည်းပဲ မဟုတ်ဘူးလေ ငွေ ငွေ ငွေ … , လိုချင်တာ။
အိမ်စားရိတ်ကတော့ ယောက်ျားက လုံလောက် အောင် ပေးပါတယ်။ သာရေး၊ နာရေး၊ လူမှုရေး မင်္ဂလာ ဆောင်လက်ဖွဲ့.. အဲဒါမျိုးတွေ အတွက်လည်း တောင်းတဲ့ ငွေထုတ်ပေးတာချည်းပါပဲ။ ဒါပေမဲ့ ကျွန်မ သုံးချင်တဲ့ ဟိုကိစ္စအတွက်ကျတော့… ဘယ်ခေါင်းစဉ်နဲ့ တောင်းရမှာလဲ။
အဲဒီကိစ္စကို ကျွန်မကလည်း မတရား ဝါသနာပါ တာ။ မနက် မနက် ဈေးသွားရင် ဈေးထဲမှာ ဒီပြင် အိမ် ရှင်မတွေ ကံစမ်း နေကြတာ မြင်တော့… ကျွန်မလည်း စိတ်ပါမိတာပေါ့။ ပြောရရင် ဈေးသွားဖြစ်တဲ့ နေ့တိုင်း မစမ်းမိဘူး ဆိုတာ မရှိပါဘူး။ ဒါပေမဲ့ တစ်ရာဖိုး၊ နှစ် ရာဖိုးလောက်ပဲ ကံစမ်းနိုင်တာကို ကျွန်မ အားမရတာ။ ဖြစ်နိုင်ရင် တစ်ထောင်ဖိုး၊ နှစ်ထောင်ဖိုးလောက် စမ်း ကြည့်ချင်တာ။ ခုဟာက ဈေးဖိုးထဲက ဖဲ့ဖဲ့လုပ်ရတာဆို တော့ အားမရဘူး။ အိမ်သားများတဲ့ အိမ်မို့ ဈေးဖိုးက လည်း မသေးဘူးလေ။
ရောင်းတဲ့ မိန်းမဆီမှာရှိတဲ့ အနီရောင် အစိမ်းရောင် စာရွက်လေးတွေကိုတော့ ကျွန်မက ခေါင်းရှုပ်လို့ တစ်ခါ မှ မဝယ်ဖြစ်ပါဘူး။ ကိုယ့်ဘာသာ အိပ်မက်တို့၊ အတိတ် နိမိတ်တို့နဲ့ပဲ ကံစမ်းချင်တာ။ ဥပမာ.. ကျီးသာရင် နှစ် ခြောက်.. အဲသလိုမျိုးပေါ့။
ကံ မထသေးလို့ ထင်ပါရဲ့။ တစ်ခါမှတော့ ပွပေါက် မတိုးဖူးသေးဘူး။ တခြားမိန်းမတွေ ဈေးလာရင်း ငွေ အရင်ထုတ်ပြီးမှ တစ်ပုံတစ်ခေါင်းကြီး ဟင်းစားတွေ ဝယ်ခြမ်းသွားတာ မြင်ရရင် ဘာအားကျသလဲ မမေးနဲ့၊ အခုလည်း ဈေးလာရင်း “ခွေးချေး” နင်းမိတယ်လေ။ ဒါဆို နှစ်ပူးပေါ့။ ဈေးဖိုး ပိုတဲ့ ပိုက်ဆံလေး ၅ဝဝ နဲ့ပဲ စမ်းလိုက်နိုင်တော့တယ်။ မျက်ခုံးတွေကလည်း တအား လှုပ်နေတော့ သေချာပါပြီလို့ ထင်ပါတယ်။
ဒါပေမဲ့ နေ့လယ်လည်းရောက်ရော ဖုန်းလာတယ်။ ကိုင်လိုက်တော့ ကျွန်မ ယောက်ျားရဲ့ ရုံးကဆက်တာ။ ကြားလိုက်ရတဲ့ သတင်းကတော့ ခေါင်းပေါ် မိုးကြိုး ပစ်ချသလိုကြီးပါလား။ အမလေးလေး…
ကျုပ် သတိရလာတော့ အေးလိုက်တာ လွန်ပါရော ဗျာ။ ဒါနဲ့ ငါ ဘယ်ရောက်နေပါလိမ့်ဆိုပြီး ဘေးဘီကို လှည့်ကြည့်လိုက်တော့… အမေလေးဗျာ အလောင်းတွေ အလောင်းတွေ ကျား၊ မ၊ ကလေး၊ လူကြီးအရွယ်စုံပါ လား။ ဘုရား ဘုရား ကြောက်လိုက်တာ။ ကြောက်ကြောက်နဲ့ အဲဒီသေမတတ် အေးတဲ့ အခန်းကြီးထဲကနေ လွတ်အောင် ပြေးထွက်လိုက်ပြန် တော့ ဘာဆိုဘာမှ မမြင်ရတဲ့ အမှောင်ထုကြီး တစ်ခုထဲ ကို ရောက်သွားပြန်တယ်။ အဲဒီ အမှောင်ထုထဲမှာပဲ ဘယ်လောက်ကြာသွားလဲ မသိပါဘူး။ တစ်ရက်လား နှစ်ရက်လား မသိဘူးဗျာ။
ကျုပ်တကယ် သွားချင်တာက အိမ်ကိုပါ။ မိသားစု ရှိတဲ့ အိမ်ကိုပါ။ ဒါပေမဲ့ ဘယ်က ဘယ်လို သွားရမှန်း မသိဘူး။ ကျုပ်ဘာဖြစ်နေတာလဲ။ အဲဒီ အမှောင်ထုထဲ မှာပဲ ကျုပ်လိုမျိုး လေထဲလွင့်နေတဲ့ ဟာကြီးတွေနဲ့လည်း တွေ့တယ်။ အများကြီးပဲ။ သူတို့ကို အိမ်ပြန်ဖို့ လမ်းလေး ဘာလေး မေးမယ်ကြံတော့လည်း ကျုပ်ဆီက ဘာသံမှ ထွက်မလာဘူး။
ပြီးတော့ အဲဒီဟာကြီးတွေထဲက တချို့ကလည်း ကျုပ်ကို ရန်လိုတဲ့ ပုံစံနဲ့ တွန်းလွှတ်ကြတယ်။ တချို့က တော့ ကြောက်စရာ မျက်နှာပေးကြီးတွေနဲ့ ကျုပ်ကို ဝိုင်း ဆွဲကြပြန်ရော။ ကျုပ်လည်း ကြောက်လွန်းလို့ သူတို့နဲ့
ဝေးရာကို ပြေးထွက်လာခဲ့မိတယ်။ အလင်းရောင် ပျပျ မြင်ရတဲ့ဘက်ကို စွတ်တရွတ်ပြေးထွက်လာရင်းနဲ့။ ဟော ဗျာ… ကံကောင်းလိုက်တာ.. ကျုပ်ရဲ့ အိမ်ပေါ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ပြန်ရောက်လာတယ်ဗျို့။
ဟော ဟိုမှာ ကျုပ်မိန်းမ ခုတင်ပေါ်မှာ အိပ်ပျော် နေတယ်။ အိပ်ပါစေလေ မနှိုးတော့ပါဘူး။ ဒါနဲ့ ဧည့်ခန်း ထဲ ရောက်လာတယ်။ အမယ်… ကျုပ်ရဲ့.. ညီနဲ့ ညီမ နှစ်ယောက် စုစုပေါင်း သုံးယောက်သား လက်ဖက်လေး စားလိုက်၊ ရေနွေးကြမ်းလေး သောက်လိုက်နဲ့ လေပန်း နေကြတာကိုး။ ဒါပေမဲ့ဗျာ သူတို့ဘေး ဝင်ထိုင်လိုက် တော့မှဘဲ ဒေါသချောင်းချောင်း ထွက်စရာ စကားတွေ ကြားလိုက်ရတော့တာပါပဲ။
“အစ်ကိုကြီးရဲ့ အသုဘက စည်တာတော့ တအား
“ဟဲ့ မစည်ဘဲနေပါမလား။ အစ်ကိုကြီးက အငြိမ်း စားကြီးမှ မဟုတ်တာ အင်ဆားဗစ်လေ လက်ထောက် ညွှန်ကြားရေးမှူးလေ။ ရုံးမှာ သူ့အထက်မှာဆို ညွှန်မှူး တစ်ယောက်ပဲ ရှိတော့တဲ့ ဥစ္စာ”
“ပြီးတော့ တာဝန်ထမ်းဆောင်နေတုန်းကြီး ဆုံးတာ ဆိုတော့ ဌာနက လူတွေက ပိုဂရုစိုက်တာပေါ့” “ဒါပေမဲ့ဟယ် ရုံးစားပွဲပေါ်ခေါင်းစိုက်ပြီး ထိုင်လျက် သားကြီး အသက် ပျောက်သွားတာဆိုတော့ အရမ်း ထိခိုက်စရာ ကောင်းလိုက်တာ။ မသကာ ဆေးရုံလေး ဘာလေး တင်ပြီး ကုလိုက်ရရင်တောင် ဖြေသာပါသေး တယ်”
“တို့တွေပေါ်မှာ… ကျေးဇူးအရမ်း ကြီးပါတယ်။ အစ်ကိုကြီး အဖအရာဆိုတဲ့စကားနဲ့ ညီအောင် နေသွား ခဲ့ရှာတာပါ”
“ကဲ ကဲ… စိတ်မကောင်းဖြစ်နေလည်း ဘာမှ တတ် နိုင်တော့တာမှ မဟုတ်တာ။ ဒီတော့ ဟဲ ဟဲ တို့တွေ အစ်ကိုကြီးရဲ့ အသက်ကို ကံစမ်းကြည့်ရရင် မကောင်း ဘူးလား။ အစ်ကိုကြီး အသက်က ငါးဆယ့်နှစ် နှစ်ဆို တော့ တည့်ယူရင် ၅၂ ပေါ့။ အဲဒါလေး.. အောလိုက်ကြ ရအောင်”
“နေဦး ၅၂ ပြည့်ပြီး ၅၃ ထဲ ဝင်နေတုန်း ဆုံးတာဆို တော့ ၅၃ လေးလည်း ရံလိုက်ရင်ကောင်းမယ်”
“ဟာ လုပ်မယ်လုပ် နှမြောမနေနဲ့ ၅၂ ရော၊ ၂၅ ရော၊ ၅၃ ရော၊ ၃၅ ရော လေးကွက်လုံး၊ ကိုင်လိုက် ဒါ… ပိုစိတ်ချရမယ်”
“ကောင်းတယ် ကောင်းတယ်။ ကဲ.. အစ်ကိုကြီး ရေ ညီလေး ညီမလေးတွေကို နောက်ဆုံးအနေနဲ့ မလိုက် ပါဦးနော်”
တောက်၊ မိုက်ရိုင်းလိုက်ကြတာ… ဒီကောင်နဲ့ ကောင် မတွေဟာ ကျုပ်ရဲ့ ညီ… ညီမအရင်းတွေပါ။ ကျုပ်တို့ အဖေက ဒင်းတို့ ငယ်ငယ်လေးတွေထဲက ကွယ်လွန် သွားလို့ ကျုပ်ပဲ အစ်ကိုကြီး အဖအရာ ဆိုသလို ကျောင်း ထားပေးခဲ့၊ ကျွေးမွေးစောင့်ရှောက်ခဲ့တာပါ။ ဒင်းတို့ကို ပညာတတ်ကြီးတွေ ဖြစ်စေချင်လွန်းလို့ ကျုပ်ကိုယ်တိုင် တောင် အလုပ်စောစောဝင်ပြီး လုပ်သားကောလိပ်ပဲ တက်ခဲ့တာပါ။ သူတို့အပေါ် ညီ၊ ညီမ အချစ်တင်မ ကဘဲ အသက်ကွာတော့ သားသမီးလေးတွေလို ချစ်ခဲ့ တာပါ။ ခုတော့ဗျာ…
ကျုပ်အတွက် ဘယ်လိုဘယ်ပုံ ကုသိုလ်ကောင်းမှ တွေ၊ ဒါနတွေ လုပ်လိုက်မယ်၊ အမျှဝေလိုက်မယ်လို့များ တိုင်ပင်နေကြသလား မှတ်ပါတယ်။ လက်စသတ်တော့ ကျုပ်အသက်ကို လောင်းကစားလုပ်ဖို့ ကြံနေကြတာကိုး။ စိတ်ပေါက်ပေါက်နဲ့ ဒင်းတို့ကို လည်ပင်းညှစ်သတ်ချင် စိတ်တောင်ပေါက်လာတယ်။ ခက်တာက ကျုပ်မှာ လက်တွေလည်း မရှိတော့ပါလား။ ကျုပ်.. ဘာဖြစ်နေပြီလဲ။
အင်း… ပြန်စဉ်းစားကြည့်လိုက်တော့ ကျုပ်မှတ်မိလာ
တာက ရုံးခန်းထဲမှာ ထိုင်နေတုန်း ကျုပ်တပည့်ဆီက ဖုန်းလာတယ်။ ဆရာရေ… ကျွန်တော်တို့တော့ ကွဲပြီတဲ့။ ငါးသောင်းတန် ၂ ကွက်စလုံး ပလုံပြီတဲ့။ ပြဿနာတက် ပြီပေါ့ဗျာ။ အဖြစ်က ဒီလို။ ကျုပ် ထိန်းသိမ်းထားပြီး ဒီကောင့်ကို ဘဏ်သွားသွင်းခိုင်းရမဲ့ ဌာနပိုင်ငွေတွေကို မကြာမကြာ လှည့်ယူပြီး ကျုပ်ကံစမ်းနေခဲ့တာလေ။ ဒါကို ကျုပ်နဲ့အဲဒီတပည့်ပဲသိတယ်။ ငွေတွေကို ဘဏ် မသွင်းသေးဘဲ ခဏဆိုင်းထားလို့ ရတာကလည်း ကျုပ် တာဝန်ယူရင် ရတယ်လေ။
ဒီလိုနဲ့ပဲ ခဏ လှည့်သုံးလိုက် ခွင်တဲ့သွားတဲ့အခါ ဆပ်တဲ့သဘောနဲ့ ဘဏ်ထဲသွင်းလိုက်လုပ်လုပ်လာတာ ကြာပြီပဲ။ ဒါပေမဲ့ တွက်ကြည့်ရင်တော့ ကျေအောင်မဆပ် နိုင်သေးဘူး။ စာရင်းချုပ်ကြည့်ရင် ကျုပ်ဆွဲလှည့်ထားတာ ငါးသိန်းနဲ့ ဆယ်သိန်းကြားမှာပဲ။
ဒါကြောင့်လည်း.. ကွဲမယ့်နေ့ကတော့ တစ်ချီထဲ ကျေ အောင်ဆပ်မယ်ဆိုပြီး ကိုင်နေကျထက် ပိုတက်ပြီး အပွကြံ ကံစမ်းလိုက်တာဗျ။ ခုတော့…
ခုတော့ အကြွေးထုပ်ကြီး ဝန်ထုပ်ဝန်ပိုးကြီး ထပ်ပိ ပါပေါ့လားလို့ တွေးလိုက်မိတဲ့အချိန်မှာပဲ နှစ်လုံးကြောင့် နှလုံးကို လေတက်ဆောင့် အလုံးဆို့ပြီး ကျုပ်ဘဝ ပြောင်း ခဲ့ရပါရောလားဗျာ။ ။
ပင်းယမဂ္ဂဇင်း၊ ဧပြီလ၊ ၂၀၁၃)