အိမ်နီးနားချင်း(စ/ဆုံး)
—————————–
ကိုသန်းဌေး မအေးသင်းနှင့် ၈တန်းကျောင်းသား
မောင်ထက်စိုးဝေ
အသွားကတည်းက ဝင်ပြောကြည့်ပါလား
ကိုသန်းဌေးရယ်
ကျမသားလမ်းလျှောက်ကျောင်းတက်နေရတာစိတ်မကောင်းဘူး
ဟဲ့ အေးသင်း စက်ဘီးတစီးကိုဘယ်လောက်ဖြစ်နေလဲနင်သိလား
သားကဘာမှမပြောဘူးနင်က ဖြစ်နေတာ
ငါပြောပါအုန်းမယ်
နင်တို့ငါတို့ ကျောင်းနေတုန်းက ဒီကျောင်းဒီလမ်းပဲလေ
မနက်တခေါက်ကျောင်းသွား
နေ့လည်ထမင်းပြန်စားတခေါက်
ညနေကျောင်းဆင်းတခေါက်
အားလုံးလမ်းလျှောက်ကြတာပဲလေ
မြောက်ပိုင်းဒီလုံးချိုင့်က ကျော်ဦးတို့
သံချောင်းတို့လည်းထမင်းစားပြန်ကြရတာခြေလျင်ပဲ နင်မသိတာမဟုတ်ဘူး
ခုဟာက ဝယ်နိုင်တဲ့ သူများမိဘတွေက
ဝယ်ပေးတိုင်း ကိုယ်တွေ ဝယ်မပေးနိုင်ဖြစ်နေတဲ့ကာလ အတေအထား
ဒါ ရှက်စရာလား
ကျပ်တည်းနေတာမို့ ငါပြောနေတာပါ
ငါတို့သားလေး လမ်းလျှောက်ရတာနင်ကရှက်နေတယ် သိမ်ငယ်နေတယ်ပေါ့ဟုတ်လား
ကဲပါကိုသန်းဌေးရယ် သွားပါတော့
ရော့ထမင်းဂျိုင့်
ဘေးအိမ်တွေကြားမကောင်းဘူး
ထိုအသံများကတော့
အိမ်ဆောက်ပစ္စည်းဆိုင်မှာကုန်တင်ချအလုပ်လုပ်သူကိုသန်းဌေးနှင့်
အိမ်နားကမူလတန်းကျောင်းရှေ့မှာကြာဇံသုပ်လေးနှင့် ရာသီပေါ်သီးနှံလေးများ သင့်သလို ရောင်းသူ
မအေးသင်းတို့ လင်မယားရဲ့ မနက်ခင်းအလုပ်မသွားမီစကားသံများသာ
သူတို့လင်မယား နှစ်ယောက်စလုံး လက်လှုပ်လက်စား ဖြစ်ကြပေမယ့် အနေအထိုင် စားရေးသောက်ရေးမှာ စည်းစနစ်ရှိကြသူများဖြစ်ကြသည်
သူတို့နှင့်
ဘေးချင်းကပ်အိမ်မှာနေသူများကတော့
ကိုစာကြီး မထားလင်မယား
သမီးလေးက ၅တန်းကျောင်းသူ သုသု
ကိုစာကြီးက ကားမောင်းသူမို့အသင့်အတင့်အဆင်ပြေ၏
ညဘက်အရက်သောက်တဲ့ပြသနာလေးရှိသည်
အဲ့ဒါကတော့ အရက်မူးပြီဆိုတာနှင့်
ည ၈နာရီတီဗီသတင်းကို အသံ အကျယ်ကြီးဖွင့်ခြင်းပါ
တနေ့တွင်
မနက်ခင်းစျေးဘက်ကပြန်လာသူ
မထားနဘေးသို့ ဆိုင်ကယ်တစီးရပ်လိုက်သည်မို့
မထား အသာလှည့်ကြည့်လိုက်ပါသည်
နှစ်လုံးဇယားသမား သီသီအေး ဖြစ်သည်
ဆိုင်ကယ်ခြေတဖက်ထောက်ပြီးသည်နှင့် မထားအား သီသီအေးမှခုလို ရန်တွေ့သည်
ဟဲ့မထား ခုပဲ နင့်လင်ကလေ ကားဂိတ်မှာငါ့ဆိုင်ကယ်ကိုတားပြီး
စိတ်ဆိုးမာန်ဆိုးနဲ့ ငါ့ကိုပြောလိုက်တယ်
ဘာပြောလိုက်လို့လည်း မသီရယ်
ငါနောက်ဆုံးပြောမယ်တဲ့
ငါ့မိန်းမကို နှစ်လုံးအကြွေးရောလက်ငင်းရောမရောင်းနဲ့ နောက်တခါအကြွေးပြသနာအသံကြားရင် ငါ ရဲနဲ့ပဲရှင်းမယ်သိလားတဲ့
တောက်
အေးပါ ငါလည်းမထိုးတော့ပါဘူး မသီ
စိတ်ညစ်လိုက်တာ
ဒါဆို
ကျန်တဲ့ပိုက်ဆံတွေကရောနင်ဘယ်လိုရှင်းမှာလဲ
နင်လိုချင်လို့ နင်ထိုးတာလေ
နင့်လောဘနဲ့နင်ပဲ ပေါက်တာ မပေါက်တာ
ငါနဲ့မဆိုင်ဘူး
ငါဘယ်လိုလုပ်ရမယ်ဆိုတာမပြောတတ်သေးဘူး
မသီရယ်
ခဏဆက်စောင့်ပေးနော်
သီသီအေးဆိုင်ကယ်ခပ်ပြင်းပြင်းမောင်းထွက်သွား၏
ဆောက်လုပ်ရေးပစ္စည်းဆိုင်ကြီးမှ
ကုန်တင်ချအလုပ်သမား ကိုသန်းဌေးညနေ၆နာရီခွဲခန့်ပြန်ရောက်၏ ရေချိုးသည်
ရေချိုးအပြီးသူတို့၏သားလေးလည်း
ကျူရှင်ကပြန်လာသည်
ထမင်းစားကြမယ်ကိုသန်းဌေး
သားရေလာ ဟေ့
ဟုတ်ကဲ့
ထမင်းစားကြရင်းဖခင်မှ
သား စာတွေရလား
ဆရာမတွေနဲ့ရော အဆင်ပြေလား
ချစ်အောင်နေနော်
ရတယ်အဖေ အဆင်ပြေပါတယ်
သားလိုပဲ ခြေလျင်ကျောင်းတက်တဲ့သူတွေ ရှိတယ်မဟုတ်လား
အများကြီးရှိတယ် သားတို့သူငယ်ချင်းတွေ ၅ယောက်တောင် မနက်တိုင်း အတူသွားတာလေ
အမေ မအေးသင်းဘာမှဝင်မပြောပါ
ထိုစဥ်သားဖြစ်သူမှ
နေ့လည်ကသားသူငယ်ချင်း လင်းလင်းကလေ
သူ့ထမင်းဂျိုင့်ထဲကဝက်သားတတုံးထည့်ပေးတာစားရတယ် အမေ
အချိုချက်လို့ပြောတယ် ကောင်းလိုက်တာ
ချိုတယ်သိလား ဘယ်လိုချက်တာလဲ မသိဘူး
အေးပါသား စားစား ထမင်းထည့်လေ
အဖေလုပ်သူကိုသန်းဌေးမှ
သားစားချင်တာလား
အဖေမနက်ဖန် ထမင်းဆိုင်က
ဝယ်ခဲ့မယ် ဝက်အချိုချက် ၁၅၀၀ ဘိုးဆိုရပါတယ်
သားအမေ က အချိုချက်မချက်တတ်ဘူး
တရုတ်တွေချက်တဲ့နည်းကွ သားရဲ့
သြော် ဟုသားလေးကပြန်ပြောသည်
ထမင်းဝိုင်းသိမ်းကြသည်
မအေးသင်းဆေးကြောနေ၏
သားအဖနှစ်ယောက်အိမ်ရှေ့မှာထိုင်ရင်း
အဖေတို့လည်းဆယ်တန်းအထိခြေလျင်ကျောင်းတက်ခဲ့ရတာ သားလေး
ယုံလား
အမေပြောတယ် ယုံပါတယ် အဖေကလည်း
သားလေးက ဝက်သားအချိုချက်ဆိုလို့ကွာ ငါတောင် သတိရမိတယ် ဟေဟေ့
ရှင် ဘာကို လဲ
ဟိုးတုန်းက ဒို့ဘုန်းကြီးကျောင်းက
အလှူကြီးတွေ မှာ ဦးလေးဝင်းတို့အဖွဲ့မိုးပြဲဒယ်နဲ့ချက်တဲ့
ဝက်အချိုချက်သုံးထပ်သား အတုံးကြီးတွေသတိရတယ်ဟာ
ပြောမနေပါနဲ့တော့ အစစ ပေါများခဲ့တဲ့အချိန်ကပါ
ကွာပါ့ ခုကာလနဲ့
ထိုစဥ်ဆိုင်ကယ်မီးထိုးဝင်လာ၏
တောရွာမှာအိမ်ထောင်ကျနေသူ
ကိုသန်းဌေးရဲ့ညီမဖြစ်သူတို့
လင်မယား
၃နှစ်သမီးလေးလည်းပါသည်
ဟဲ့ ညီမလေးတို့ဘယ်လိုဖြစ်လာကြလဲ
ကလေးရင်ကြပ်လို့လာပြတာ မိုးနဲ့လေနဲ့
ဒီမှာညအိပ်မလို့အကိုကြီး
အေးအေး လာလာ
မအေးသင်းမှလည်းယောင်းမမိသားစုအားခုလိုလှမ်းခေါ်ပါသည်
လာညီမ ပြပြီးတော့ ကလေး သက်သာလား
အင်း
ဆေးတိုက်ထားတယ်သက်သာပါတယ်မမ
ရှိတာလေးနဲ့ထမင်းပြင်လိုက်အုန်းမယ်
ဆေးခန်းနားက ထမင်းနဲ့ဟင်း ကျနော်ဝယ်လာတယ်
မမတို့စားပါအုန်းလား
ငါတို့စားပြီးပြီ စားကြနော်
ကဲဧည့်စာရင်းသွားတိုင်အုန်း ကိုသန်းဌေး
၂ယောက်ဆိုတထောင်ယူသွား
စကားကိုအဆင်ပြေအောင်ပြောနော် ကိုသန်းဌေး
သူတို့ခေတ်ဆိုတာမမေ့နဲ့
အေးပါဟယ်
ည၈နာရီထိုးပြီ
ဘေးအိမ်က ကားသမား
ကိုစာကြီး တီဗီသတင်းကိုခါတိုင်းနေ့ထက်ပိုကျယ်အောင်ဖွင့်ထားတာ မအေးသင်းကြား၏
ခက်တယ် ညီမလေးရေကြားတဲ့အတိုင်းပဲ ငါတို့လင်မယားအတော်သည်းခံရတယ်
ထိုစဥျ
ကိုသန်းဌေးဧည့်စာရင်းစာရွက်လေးကိုင်ကာလူကြီးအိမ်မှ
ပြန်လာ၏
ဟာ တရားလွန်ပါလား ဆူညံနေတာပဲ
တခါလည်း
ငါပြောထားပြီးပြီ ဒီကောင်တော့ကွာဆိုကာ
ဘေးအိမ်ကိုခြံဝကလှမ်းအော်၏
ကိုစာကြီးလင်မယား တီဗီသံကြောင့်
မကြားလို့ခြံဝကနေ ကိုသန်းဌေး ဝင်သွားသည်
ဟေ့ ငစာကြီးရေ မင်းတီဗီကမင်းတို့မိသားစုသုံးယောက်ကြားဘို့ပဲဖွင့်ပေါ့
ဘေးအိမ်တွေနားဆူတယ်ကွ
ငါ့အိမ်မှာခုည ငါ့ညီမရဲ့ ကလေးနေမကောင်းလို့ရောက်နေတယ်ကွာ
ဘာသဘောနဲ့ မင်း အကျယ်ကြီး
ဟာကိုသန်းဌေးကလည်း ဒါကျနော့
အခွင့်အရေးလုပ်ပိုင်ခွင့်ပါ ကျနော့အိမ်မှာကျနော်
ဖွင့်တာပဲ
သွားစမ်းပါ ဟု
အရက်မူးသံနဲ့အော်ပြောသည်
ဘာကွ
ဟေ့ကောင်အရက်သမားမင်းဆင်းခဲ့စမ်း
မူးလာတိုင်းမင်းဒီလိုချည်လုပ်တယ်
ပြသနာတက်ကုန်ပြီလုပ်ကြပါအုန်း
ဟဲ့နင်ကတီဗီပိတ်လိုက်လေ မထားရဲ့
မင်းစော်ကားတာအခါခါရှိပြီကွ
ကိုသန်းဌေးနဲ့ကိုစာကြီးတို့ကို ဘေးက ဆွဲကြလဲကြအိမ်အပြင်လမ်းဘေးမှာ ထိုးကြိတ်ဖြစ်နေကြသည်
ရပ်ကွက်လူကြီးရောက်လာပြီး ပြောဆိုမှပြီးသွားသည်
တလခန့်အကြာ
ကားသမားကိုစာကြီးရဲ့မိန်းမ မထားတယောက်
မသန်းဌေးကျောင်းစျေးရောင်းပြီးအပြန်မှာ
ဝင်လာပြီး
မမ ကျမသမီးလေးစက်ဘီးခဏအပေါင်ခံပါလား ကူညီပါ မမရယ်
ကျမအတော့ကိုဒုတ္ခရောက်နေလို့
ဟဲ့အမယ်လေး မလုပ်ပါနဲ့
နင့်ေယာက်ကျားပြသနာကောင်ကြီးကိုကြောက်လို့ပါ လာမပတ်သက်ပါနဲ့
မထား မျက်နှာငယ်ဖြင့်ခပ်သုတ်သုတ်ပြန်ထွက်သွား၏
သမီးလေးကိုခြေချင်ကျောင်းသွားခိုင်းပြီး
ခုလို သူ ကြံရခြင်းဖြစ်သည်
တရက်မှနှစ်ရက် ကိုစာကြီးမှောင်မှပြန်လာသဖြင့် သမီးလေး စက်ဘီးပေါင်ထားတာမသိသေး
တနေ့မှာတော့သူ့သမီးလေးကျောင်းလာချိန် မှာ
ကိုစာကြီးရဲ့ကားက မထွက်သေး၍ သမီးလမ်းလျှောက်လာတာကို
မြင်သွား၏
ထိုည
သမီးအဖေ့ကိုမညာနဲ့( အရက်မူးသံဖြင့်)
သမီးလေးမှာကြောက်၍ငိုရင်း
အမေဖြစ်သူမထားကိုလှမ်းကြည့်၏
ကျမသမီးကိုမအော်နဲ့ ရှင်ဘယ်သူ့ကိုမှ
ရမ်းစရာမလိုဘူး
ရှင်မထိုးရဘူးပြောတဲ့နေ့ကစပြီးကျမလုံးဝမထိုးတာဒီနေ့အထိပဲ
ဒါပေမယ့်အရင်ပေးဘို့ကျန်တဲ့ပိုက်ဆံ
၅သောင်းကိုမဖြစ်မနေဖြစ်လာလို့ကျမ
သမီးစက်ဘီးကိုလေးသောင်းနဲ့ပေါင်လိုက်တာ
ဟင် တော်လှချည်လားဟေ မထား
(အသံကုန်အော်၏)
အေး ဘယ်မှာပေါင်တာလဲ တရားဝင်အပေါင်ဆိုင်မဟုတ်လို့ကတော့မနက်ကျတွေ့မယ်
ဟုကျိန်းမောင်းပြီးဖုန်းဆက်သည်
ဟလို အေးဝင်းငါမနက် ကား တရက်နားတယ်အရေးကြီးကိစ္စရှိလို့အုန်နာကို အခုပြောပေးကြားလား.
ဟုတ်ကဲ့ကိုစာကြီး မူးနေပြီပေါ့
ဟာ ခုညတီဗီသတင်းမဖွင့်တော့လည်းလင်မယား ဆူညံနေပါလားဟု ဘေးအိမ်က ကိုသန်းဌေးစိတ်ပျက်သံဖြင့်ပြောလိုက်သည်
သြော် ရှေ့ ဘဝက ရေစက်ပေါ့ကိုသန်းဌေးရယ်
အိမ်နီးချင်းလေ
သမီးလေးသနားပါတယ်
ထိုအခိုက်
ကိုသန်းဌေးမှစာကျက်နေသူသားလေးအား ပြုံး၍
ကြည့်ရင်း
သားရေစက်ဘီးအသစ်လေးကြိုက်ရဲ့လားကွ
ကြိုက်တယ်အဖေ ဂွတ်ရှယ်ပဲ သားကြိုက်တဲ့အနီရောင်
အေးကွာ အဖေလည်းဝမ်းသာနေတာ
စာလည်းကြိုးစားနော် ပိုကြိုးစားကွာ
ဟုတ်ကဲ့ပါ အဖေကလည်း
သားအဖနှစ်ယောက်စက်ဘီးအသစ်လေးအကြောင်းပြောနေတာကို မနက်အတွက်စျေးဗန်းလေးကို သန့်ရှင်းရေးလုပ်ရင်းပြုံးနေသူက
အမေမအေးသင်း
မအေးသင်းရေ ဆိုင်ကိုတလ၂သောင်း
၅လဆက်ဆပ်ရမယ်သိလား
ရပါတယ် စုရမှာပေါ့
ခြိုးခြံသုံးသင့်တာလည်းသုံးရမယ်
ကျမလည်းပျော်တာပေါ့
နောက်နေ့မနက် ကိုစာကြီးတယောက်
အရက်သောက်ပြီး
သူ့မိန်းမရဲ့စက်ဘီးအပေါင်ခံတဲ့ ငဝင်းတို့လင်မယားအိမ်ကို သွားရမ်း၏
နောက်လူကြီးအိမ်သွားတိုင်၏
လူကြီးကဖျောင်းဖျသော်လည်းမရသည့်အဆုံး
မထားဆီက
အကြွေးတောင်းသူ နှစ်လုံးရောင်းတဲ့သီသီ ရယ်
လိုင်စင်ရမဟုတ်ပဲ စက်ဘီးအပေါင်ခံသူ
အရက်ဆိုင်က
ငဝင်း တို့နှင့်ကိုစာကြီးပါ
အားလုံးစခန်းထဲရောက်နေကြသည်
ဘေးအိမ်က
ကိုသန်းဌေး ထိုအဖြစ်အပျက်များအား မသိယောင်ဆောင်ပြီး
ထမင်းချိုင့်ယူကာအလုပ်သွား၏
မအေးသင်းလည်း ကြာဇံသုပ်လင်ဗန်းရွက်ကာ
အိမ်နားကကျောင်းလေးသို့သွား၏
မနက် ၈နာရီထိုးသည့်အခါ ကိုသန်းဌေး မအေးသင်းတို့၏
သား
၈တန်းကျောင်းသားလေးက
စက်ဘီးအသစ်လေးထုတ်ကာကျောင်းသွားဘို့ခြံတံခါးပိတ်နေ၏
သူတို့အိမ်လေးတိတ်ဆိတ်သွား၏
ဘေးအိမ်လေးလည်း တိတ်ဆိတ်နေ၏
သို့သော်တိတ်ဆိတ်ခြင်းတူသော်ငြား တိတ်ဆိတ်ရသည့် အကြောင်းကား ဆန့်ကျင်ဘက်ဖြစ်နေရပါသည်
ကိုယ့်အထွာနှင့်ကိုယ် ရောင့်ရဲတတ်ကြစေလိုပါသည်
စိတ်အယဥ်နဲ့ အရိုင်းကို သိလျှက်
အယဥ်ဘက်ကို လေးစားပြီး အရိုင်းစိတ်ကိုပြင်သင့်လျှက် ပတ်ဝန်းကျင်ကို အရေးမလုပ်ခြင်း
အမူအကျင့်ကိုသာ လူနေမှု စရိုက်မှန်လို့
ထင်တလုံးဖြင့် ခရီးဆက်နေသူ အိမ်ထောင်ဦးစီး အဖို့
မိသားစုသာ နိမ့်ပါးလာပြီး
ကြပ်တည်းမှု ကြေကွဲဝမ်းနည်းမှုတို့ကိုကြုံလာ
ရတတ်ပေမည်မှာဧကန်ပင်ဖြစ်တော့သည်။