အိမ်ဖော် ဒေါ်ဘု(စ/ဆုံး)
———————-
‘ဒေါ်ဘု’ ဆိုလျှင် အကျဆောင်တဝင်းလုံးက သိကြသည်။ ‘အကျဆောင်’ ဆိုသည်မှာ အဆောင်(၇)(၈)နှင့် တိုးချဲ့ဆောင်တို့ ဖြစ်၏။ အင်းစိန်စံပြ ဗဟိုအကျဉ်းထောင်မှာ (၇)နှင့်(၈)သည် အမျိုးသမီးအကျဉ်းကျသူများ အဆောင်တည်း။ (၈)ဆောင်အပေါ်ထပ်၊ အောက်ထပ်မှာ လူ(၃၀၀)ခန့်နှင့် တိုးချဲ့ဆောင်မှာ (၅၀)ခန့် ရှိတတ်ပြီး (၇)ဆောင်ကား အိပ်ဆောင်မဟုတ်။ အလုပ်လုပ်သော အဆောင်ဖြစ်သည်။ (၇)ဆောင်အောက်ထပ်မှာ ဇာထိုးသော အလုပ်လုပ်သဖြင့် ‘ဇာဆောင်’ဟု ခေါ်ပြီး အပေါ်ထပ်မှာ ပန်းလုပ်သဖြင့် ‘ပန်းဆောင်’ဟု ခေါ်သည်။ ဗြိတိသျှအစိုးရလက်ထက်က ဆောက်လုပ်ခဲ့သော အုတ်တိုက်ကြီးဖြစ်၏။ ထုထည်ကြီးမားပြီး အရပ်အမိုးမြင့်သည်။ အောက်ထပ်မှာ အင်္ဂတေကာ၊ အင်္ဂတေးခင်းဖြစ်လျက် အပေါ်ထပ်ကား ကျွန်းလျှာထိုး၊ စက်ပေါလစ်နှင့် ဖိတ်ဖိတ်လက်နေလေသည်။
ဘာမှုနှင့်ပဲ ကျလာသည်ဖြစ်စေ၊ ပန်းဆောင်ပေါ်မှာ နေလိုကြ၏။ ပန်းဆောင်မှာ နေ့လယ်နေ့ခင်း ကျောခင်း၍ရသည်။ ပန်းလုပ်ရတာက စတိသဘောမျှသာပါ။ မိမိတို့အုပ်စုလိုက် စားစရာအထုပ်တွေ ထားပြီး မနက်စာ၊ နေ့လယ်စာ၊ ညစာကို စားကြသည်။ လူရွေးပြီး နေရာချပေးသဖြင့် လူနည်းသည်။ လူသန့်သည်။ ပြောရလျှင် နရသိန်၏ အထက်တန်းလွှာရပ်ကွက် ဆိုကြပါစို့။
“ဟိုဘက်အိမ်က ဘာဟင်းချက်လဲကွယ်”
“ဟီးဟီး… ငါးပိရည်ဖျော်တယ်။ ချဉ်ပေါင်ဟင်းချက်တယ်”
အရယ်အမောလေး ရှေ့ကခံပြီးဖြေသူကား ဒေါ်ဘုဖြစ်၏။
လေးငါးယောက်တစု၊ စိတ်တူရာစုပြီး စားကြသည်ကို ‘ဟိုဘက်အိမ်’ဟု တမင် စိတ်ပြေလက်ပြေ ပြောကြခြင်းပါ။ ပန်းဆောင်ပေါ်မှာ သည်လို အစုအဖွဲ့လေးတွေ ခြောက်အိမ်လောက်ပဲ ရှိသည်။ ကျယ်ကျယ်ပြန့်ပြန့်၊ သန့်သန့်ရှင်းရှင်း။ အိမ်ကမိသားစုကိုသာ မလွမ်းတတ်ဘူးဆိုလျှင် မနေချင်စရာ ဘာမျှမရှိ။ ကိုယ့်အိမ်ထက်တောင် ကောင်းသေး။
သူတို့က ကြေးရတတ်များ ဖြစ်လေ့ရှိ၏၊ သည်တော့ (၁၅)ရက်တကြိမ် ထောင်ဝင်စာ ပို့ထားသော အစားအသောက်တွေက အလျှံအပယ်ပေါ့။ ဒါ့အပြင် ဒီစနေ သူ့အိမ်ကလာလျှင်၊ နောက်စနေ ကိုယ့်အိမ်ကလာဖို့ အပတ်ခွဲထားလိုက်တော့ နှစ်ပတ် တကြိမ် မဟုတ်တော့ဘဲ အပတ်တိုင်း ဖြစ်နေသည်။ စနေနေ့တိုင်း စားစရာတွေလာသည်။ အစိုအခြောက်၊ တိုလီမိုလီ။ သည်စားစရာတွေကို ကိုယ့်ဟာကိုယ် ပြန်စီစဉ်ဖို့၊ စားပြီး ပလတ်စတစ်ပန်းကန်တွေ ဆေးကြောဖို့ ‘အိမ်ဖော်’လည်း ငှားထားနိုင်ကြပါသည်။ ထောင်ဝင်စာမလာနိုင်သော ဆင်းရဲသူတို့က ဤကြေးရတတ်များထံ အိမ်ဖော်လုပ်ကြသည်။ စားစရာပြင်ဆင်၊ ဆေးကြော၊ အဝတ်လျှော်၊ အဝတ်လှန်း၊ အိပ်ရာပြင်၊ အိပ်ရာသိမ်း … အစစခိုင်းနိုင်သည်။ အိမ်ဖော်အတွက် အဘိုးအခကား တလလုံးမှ ဆေးလိပ် (၂၀၀)၊ (၃၀၀) အများဆုံးပေါ့။ အဲ… ထမင်းတော့ ကျွေးရသည်။ ထမင်းလာလျှင် သွားတန်းစီရမည်။ နေ့ခင်း ရေနွေးလာလျှင် သွားတန်းစီ။ နေ့လယ် Tea Time ပေါ့လေ။
သည်လို အလုပ်လုပ်ဖို့ အိမ်ဖော်တွေ ပေါလှပါသည်။ အိမ်က ထောင်စာ မပို့နိုင်သူတွေက ဒုနဲ့ဒေးကို။ ဒေါ်ဘုကား ဤလို အိမ်ဖော်တဦး ဖြစ်လေသည်။
ဒေါ်ဘုကို တဝင်းလုံးက သိ၏။ တဝင်းလုံးက ချစ်၏။ ဒေါ်ဘုအမည်ရင်းကို ဘယ်သူမျှ မခေါ်။ ခါးမှာ ဘုလုံးကြီးနှင့်၊ ကျောရိုးကုန်းပြီး ပုပုလေးဖြစ်နေသဖြင့် ဒေါ်ဘုဟု ဘယ်သူက စခေါ်ခဲ့မှန်းမသိ။ ဒေါ်ဘုကလည်း သူ့ကို ဒေါ်ဘုခေါ်ခြင်းကို နှစ်သက်စွာ ခံယူသည်။ တကယ်တော့ ဒေါ်ဘုသဘောကောင်းလွန်း၍ ထောင်ကျရသူတည်း။ အပြင်မှာတုန်းကလည်း ဒေါ်ဘုသည် အိမ်ဖော်ဖြစ်သည်။ တအိမ်လုံး၏ ဩဇာကို ပြုံးပြုံးလေး ခံယူလုပ်ကိုင်ပေးနေကျမို့ ထောင်ထဲရောက်တော့လည်း အားလုံးကို ဒေါ်ဘု အောက်ကျခံသည်။ ကိုယ့်အလုပ်ရှင်မဟုတ်သောသူများ၏ အဝတ်တွေ ခြောက်တာတွေ့လျှင် ရုပ်ပြီး ယူလာပေးတတ်သည်။ ယုတ်စွအဆုံး အိမ်သာထိုင်ဖို့ ရေခပ်ပြီး လာပို့စမ်းပါဆိုလည်း… ဟီးဟီး… ဟုတ်ကဲ့ဟု လိုလိုလားလား ပို့တတ်သူတည်း။
“ငါးပိရည်ဖျော်တယ်”ဟု သူပြောရင်း သူက ငါးပိတွေကို ဇွန်းနှင့် ခေါက်နေသည်။ ငါးပိရည်(အရည်)တော့ ထောင်ဝင်စာက ဘယ်လက်ခံပါ့မလဲ။ အလုပ်ကသင်ဆိုသလို လူတွေက တတ်လာကြခြင်းသာ ဖြစ်၏။ အိမ်ကလူတွေက ရေကျိုငါးပိကို တောက်တောက်စင်းပြီး ခြောက်နေအောင် လှော်ပေးရသည်။ ကြောက်တာမဟုတ်။ ငါးပိရည်နံ့ မပျောက်ဖို့ဆိုတာ လှော်မှဖြစ်တာ။ ရေခြောက်အောင် လှော်လိုက်တော့ မသိုးတော့ပေ။ နှစ်ပတ်တော့ ကောင်းကောင်းခံပါသည်။ သည်လို ငါးပိလှော်ကို စားခါနီးကျမှ ရေနွေးနှင့် ကော်ဖီဖျော်သလို ဖျော်ရ၏။ အရိုးလေးတွေ စစ်ချ၊ ငရုတ်သီးမှုန့်နှင့် ရသာချိုမှုန့်ထည့်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူနှင့် ဖျော်ချင်သပဆိုလည်း ကြွပ်ကြွပ်အိတ်ကလေးထဲထည့်ပြီး အပြင်က အုတ်ခဲနှင့် ထုရိုက်နိုင်သည်။ ငရုတ်သီးထောင်းတယ်ပေါ့။
ဒေါ်ဘုက ဒါတွေ ကျွမ်းကျင်သည်။
သူထောင်ထဲ နေလာတာကိုက (၃-၄)နှစ် ရှိပြီပဲ။ ဒေါ်ဘုကို လိုချင်သူများ၏။ ဆေးလိပ်ပိုပေးချင်ကြ၏။ သို့သော် ဒေါ်ဘုက သစ္စာရှိသည်။ သူ အလုပ်လုပ်သော အဖွဲ့(အိမ်)မှာ တာဝန်ကျေအောင်လုပ်သည်။ အချိန်ပိုလျှင် အခြားသူများကို ကူညီသည်။ ဒါ့အတွက် အခကြေးငွေမယူ။ အဝတ်အစားလေး ဘာလေးပေးလျှင်တော့ ယူသည်။ သည်တော့ ဒေါ်ဘုက ပုပုကိုင်းကိုင်းဆိုပေမဲ့ အဝတ်အစား မနွမ်းချေ။ သန့်လည်းသန့်၏။ ကြည့်လိုက်တိုင်း ပြုံးရွှင်ဖျတ်လတ်သူ။ သူ့ကိုသူ ထောင်ကျနေသည်ဟုမှ ထင်ရဲ့လားမသိ။
“ချဉ်ပေါင်ဟင်း နည်းနည်းပေးပါလား”
ဒေါ်ဘုကို တမင်နောက်ပြီး တောင်းကြတာပါ။
ဒေါ်ဘုက သဘောကောင်းသော်လည်း ပိုင်ရှင်မသိဘဲ ဘယ်တော့မှ မပေးချေ။ သူ့အဖွဲ့ခေါင်းဆောင် ‘မမိုး’က ဒေါ်ဘုပေးလိုက်ပါ ဆိုမှသာ ချဉ်ပေါင်ဟင်းပူပူကို ရေနွေးကြမ်းသောက်သော ကော်ခွက်လေးနှင့် ထည့်ပေးတတ်သည်။ အိမ်ရှင့်ပစ္စည်းကို သူ့ပစ္စည်းလိုပဲ နှမြောတတ်သူ ဖြစ်၏။
ချဉ်ပေါင်းဟင်းချက်ပုံက အပြင်မှာလို မီးဖိုပေါ် ဆီသတ်ပြီး မွှေရတာတော့ မဟုတ်ပါ။ အိမ်တိုင်း ထည့်ပေးနိုင်တာမဟုတ်။ လွယ်လည်းလွယ်၊ ကြာကြာလည်းခံအောင် ‘ချဉ်ပေါင်ကြော်’ပဲ ထည့်ပေးကြတာပါ။ သူ့အိမ် ကိုယ့်အိမ် ကွဲပြားသဖြင့် ချဉ်ပေါင်ကြော် ကြော်ပုံကြော်နည်း မတူကြချေ။ တချို့က ပုစွန်ခြောက်နှင့် ကြော်သည်။ တချို့က ပုစွန်အစိုနှင့် ကြော်သည်။ တချို့က အစပ်ကြော်သည်။ တချို့က ငါးပိကဲသည်။ အရသာတွေ တမျိုးစီ။ ဒါတွေကို စားရလွန်းတော့ ပါးစပ်က လက်မခံ ချင်ကြတော့ချေ။ အိမ်မှာတုန်းကလို ဟင်းရည်ပူပူလေးမှုတ်ပြီး သောက်ချင်ကြ၏။ ဤတွင် ဒေါ်ဘုက နေ့ခင်း ရေနွေးလာတာ စောင့်ယူပြီး ချဉ်ပေါင်ကြော်ကို ရေနွေးနှင့်ပြန်ဖျော်လေသည်။ ဆားလေး၊ ရသာချိုမှုန့်လေးထည့်သည်။ အဆင်သင့်ပါက တောင်ယာထဲမှ ပင်စိမ်းပင် အညွှန့်လေးကိုပင် ခိုးချိုးခဲ့ပြီး ဟင်းရည်ထဲ ခပ်လိုက်သောအခါ မွေးပျံ့သော ချဉ်ပေါင်ဟင်းချိုက အကျဉ်းထောင်ထဲမှာဟု မခံစားရတော့ချေ။
“ဒေါ်ဘုက သိပ်ဟင်းချက်ကောင်းတာပဲ”
အဖွဲ့ခေါင်းဆောင် မမိုးက အမြဲချီးကျူးတတ်၏။ သူကို ချီးကျူးတိုင်း မျက်လွှာကလေးချကာ ပြုံးနေတတ်သည်။ ပြီးတော့ “ကန်တော်လေးမှာလည်း ချက်ရတယ်လေ”ဟု ပြန်ဖြေ၏။ ‘ကန်တော်လေး’ဆိုတာ သူအပြင်မှာတုန်းက နေခဲ့သော အိမ်ပါ။ ကန်တော်လေးက လမ်း(၉၀)ဆိုလား၊ (၈၉)လမ်းဆိုလား။ အဲသည်မှာ ဒေါ်ဘု အိမ်ဖော်လုပ်ခဲ့တာတဲ့။
သူ့အိမ်ရှင်က ဒေါ်ဘု အဖမ်းခံရပြီးကတည်းက ရုံးကိုလည်း လိုက်မလာ။ ထောင်ဝင်စာပို့ဖို့ဆိုတာ အဝေးကြီး။ အမှုထင်ရှားသဖြင့် ဒေါ်ဘု ထောင်ကျသည် (၅)နှစ်။
“ပြန်လွတ်ရင် ကန်တော်လေးပဲ ပြန်မှာလား”
မမိုးက ခဏခဏ မေးဖူး၏။
ဒေါ်ဘု မဖြေပေ။
မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်နှင့် ငြိမ်သွားလေ့ရှိ၏။
“ကလေးလေးကို လွမ်းတယ်”
ကလေးဆိုတာ အိမ်ရှင့်ကလေးကို ပြောမှန်း မမိုး သိသည်။ သူက ‘ကလေး’ဟု ဆိုပေမင့် ကလေးက ငယ်ငယ်လေး မဟုတ်။
“ခုဆို ကလေးက ကောလိပ်တက်ပြီထင်တယ်”
“ဒေါ်ဘု ထောင်ကျတော့ ကလေးက ဘယ်နှတန်းတုံး”
“အင်း… ရှစ်တန်း၊ အဲ… ကိုးတန်း”
“ဒေါ်ဘုက ကလေးကိုလွမ်းနေ၊ ကလေးကဖြင့် တခါမှ မလာဘူး”
မမိုးက ဒေါသကလေးဖြင့် ဆိုသည်။
ဒေါ်ဘုက ရီဝေဝေငေးရင်း…
“သူက… ကလေးလေးပဲ။ ကျွန်မ သူ့ကို လသားလေးကတည်းက ပုခက်လွှဲလာရတာ။ ကလေးက လိမ္မာပါတယ်”
“လိမ္မာလို့ပေါ့၊ ဆေးခြောက်ရှူတာ”
“ဒါကတော့ မမိုးရယ်… ”
“သူ့မိဘတွေ မသိဘူးလား”
“ကျွန်မက မတိုင်တာ။ ကလေးက မတိုင်နဲ့ဆိုလို့”
“ဒီလိုပဲ နေ့တိုင်း ဝယ်ပေးရလား”
“အင်း… ဟုတ်တယ်။ ကလေးက မုန့်ဖိုးအများကြီးရတယ်။ ကျွန်မက ကလေးကျောင်းကို တရက်မှာ သူက ကျောင်းရှေ့ကွမ်းယာဆိုင်မှာ ပုန်းနေတယ်။ ကျွန်မကိုမြင်တော့ လက်ယပ်ခေါ်ပြီး ဆိုင်ရှင်ကို တီးတိုးပြောတယ်။ နောက်ဆို ဒီအဒေါ်ကြီး လာယူလိမ့်မယ်တဲ့”
“ဒေါ်ဘုက ဘာမှန်းမသိဘူးလား”
“ပထမတော့ မသိဘူး။ ထမင်းပို့ရင် ကွမ်းယာဆိုင်ရှေ့က ဖြတ်သွားရတာလေ။ ဆိုင်ရှင်က လှမ်းခေါ်ပြီး စက္ကူထုပ်လေးပေးတယ်။ ကျွန်မလည်း ထမင်းချိုင့်အပေါ်ဆင့်မှာ ပေါင်းထည့်ပြီး ကလေးကို ပေးလိုက်တာပါပဲ”
“ပိုက်ဆံချေတော့ကော”
“ကလေးက မုန့်ဝယ်ရင်း ချေတာ ထင်ပါရဲ့”
“ဘယ်လောက်ကြာလဲ”
“တနှစ်လောက်ကြာမယ် ထင်တယ်။ ကလေးလည်း ဘာမှ မပြောရဘူးဆိုလို့ မိဘတွေကို ကျွန်မ မပြောဘူး”
“ဖမ်းတော့ကော ကလေးလက်ထဲမှာ မမိဘူးလား”
“မပေးရသေးဘူးလေ။ ကျွန်မလက်ထဲ အထုပ်ကိုင်ထားတုန်း ရဲတွေက ကျွန်မကို လာချုပ်ပြီး ဖမ်းတာ။ ကလေးထမင်းချိုင့်ပါပြောလည်း မရဘူး။ ထမင်းချိုင့်ပါသိမ်းပြီး ရဲစခန်းကိုခေါ်သွားတာ။ ကလေးနဲ့တောင် မတွေ့ခဲ့ရပါဘူး မမိုးရယ်”
သည်လိုပြောစဉ် ဒေါ်ဘု မျက်ရည်သုတ်သည်။
မမိုးက ဒေါ်ဘုကို ထုချင်ရိုက်ချင်သော်လည်း မထုရက်ပေ။
“ပြန်မသွားနဲ့။ အဲဒီ ကန်တော်လေးကို မပြန်နဲ့။ လွတ်ရင် မမိုးနဲ့ပဲ လိုက်နေ။ မမိုးက အရင်လွတ်မှာနော်။ ဒေါ်ဘု လွတ်မယ့်ရက် မမိုးကိုယ်တိုင် လာကြိုမယ်။ မမိုးမှာလည်း သမီးလေးတယောက် ရှိပါတယ်။ သမီးကတော့ ကြီးပြီ။ မမိုးဂျင်မှုနဲ့ ထောင်ကျတော့ သမီးက တက္ကသိုလ်ကျောင်းသူပေါ့။ မမိုးယောကျာ်းက သင်္ဘောသား။ အိမ်မှာ ဘယ်သူမှမရှိဘူး။ ဒေါ်ဘုလာနေ။ ခုလိုပဲ ချဉ်ပေါင်းဟင်းချက်ပေး။ ဟုတ်ဘူးလား”
မမိုးက ပျော်ပျော်နေတတ်သူမို့ သူစကားပြောပြီးလျှင် တဟားဟား ရယ်တတ်သည်။ ဒေါ်ဘုက လိုက်ရယ်တော့ ရယ်သည်။ မမိုးလို မပွင့်လင်း။
သူ့ ‘ကလေး’ဆီပဲ စိတ်ရောက်နေပုံရ၏။
ပန်းဆောင်လှေကားထိပ်မှာ ခိုနှစ်ကောင် လာနားသည်။ မမိုးက ထမင်းလုံးပက်ကျွေးရင်း…
“မြန်မြန်လွတ်ပါစေလို့ ဆုတောင်းပေးနော်” ဟု ဆိုသည်။
ဒေါ်ဘုက ခေါင်းညိတ်ရင်း ချဉ်ပေါင်းဟင်းကို မွှေနေ၏။
တပေါင်းလေထဲတွင် ခပ်ဝေးဝေးမှ မလေးရှား ပိတောက်နံ့များ ဝေ့လာသည်။ ဒေါ်ဘုကား ချဉ်ပေါင်ဟင်းကို မွှေဆဲ… ။
—
#ရွှေကူမေနှင်း
#အိမ်ဖော်ဒေါ်ဘု