အိမ်မက်အစစ်အလင်းဆောင်စေ(စ/ဆုံး)

Posted on

ထောက်ခနဲ ပြတ်တောက်သွားသော ဂစ်တာကြိုး မျှင်စက လက်ကို အရှိန်နှင့် ထိုးစိုက်မိသည်။ ခံစားချက် ကင်းမဲ့စွာ တီးခတ်မိသော အကြောင်းတစ်ခုကြောင့် ဂစ်တာက ပြန်ပေးလာသော ဒဏ်ရာတစ်ခု ဖြစ်လေမ လား။ သွေးစို့လာသောလက်ကို ပါးစပ်ထက်မှာ တင် မည်ပြင်တော့ ကျောင်းသားတွေကို ဆုံးမနေကျဖြစ်သော ချော၏ စကားတစ်ခွန်းကို သတိရမိပြန်သည်။ လက်ဆို တာက အညစ်အကြေးတွေနဲ့ အထိနိုင်ဆုံး နေရာတဲ့။ လက်ဆေးဖို့ ဆုံးမခဲ့ဖူးသော စကားတွေကို နာကျင်မှ တစ်ဖက်ကြားက ပြန်ကြားယောင်တော့ နာလိုခံခက် ပြင်း ပြစွာဖြင့် ခေါင်းကို ခါယမ်းလိုက်မိသည်။ ဒီစကားတွေ ကို သူ မကြားချင်တော့၊ မကြားလိုတော့။
ကြိုးပြတ်သွားသော ဂစ်တာတစ်လက်သည် သူ့ အတွက် အသုံးဝင်နေသေးလား၊ မဝင်တော့ဘူးလား သူ မတွေးချင်။ မညီညာတော့မည့် သံစဉ်တွေကို ဆက် လက်သီဖွဲ့ဖို့ ကြိုးစားနေမိတာ မှားနေပြီလားဟူသော အတွေးက ခေါင်းထဲ ဝင်လာပြန်သည်။ ဂစ်တာကို ရင် ခွင်ထက်မှာ ထွေးပွေ့မိသော အခိုက်အတန့်မှာတော့
တစ်ချိန်တုန်းက ဆံနွယ်စတွေမှတစ်ဆင့် ပျံ့လွင့်လာ တတ်သော မွှေးရနံ့ခပ်သင်းသင်းတစ်ခုက ရင်ခွင်ကို အရိုင်းဆန်စေခဲ့ဖူးတာကို အမှတ်ရမိပြန်သည်။
ဟင့်အင်း မဖြစ်ဘူး၊ မဖြစ်နိုင်ဘူး။ အကြိမ်များစွာ သူတောင်းဆိုသလောက်ကို မဖြစ်နိုင်ဘူးဆိုသော သည် စကားတစ်ခွန်းဖြင့် ချောက အကြိမ်များစွာ ငြင်းဆန်ခဲ့ဖူး သည်။ ရင်ခုန်သံတွေကို တိုးတိတ် ဆွံ့အသွားစေခဲ့ လောက်အောင် အစွမ်းထက်လှသော စကားတစ်ခွန်း။ ဒီစကားတစ်ခွန်းကြောင့် သူ့ရင်မှာ နာကျင်ကြေမွစိတ် တွေနှင့် ဟာတာတာဖြစ်စေခဲ့ဖူးသည်။ ဒီစကားတစ်ခွန်း ကြောင့် သူ့အိပ်မက်တွေ လေထဲမှာပဲ အကြိမ်ကြိမ် ဇောက်ထိုး မိုးမျှော်ဖြစ်ခဲ့ဖူးသည်။
မဖြစ်နိုင်ဘူးတဲ့လား ချောရယ်။ ရာသီတွေ မှားနေ ခဲ့သလား။ နေရာဒေသတွေ မှားနေခဲ့တယ်တဲ့လား။ တောင်ဇလပ်တွေက မြေပြန့်မှာ ပွင့်လို့ မရဘူးတဲ့လား။ ချောလို့ အဖျားဆွတ်ခေါ်မိတဲ့ ‘ဆာလာချော’ ဆိုတဲ့ တောင်ဇလပ်ပန်းလေးက တောင်ပေါ်ဒေသမှာပဲ ရှင်သန် နေထိုင်ရတာကို သဘာဝတစ်ခုလို ယုံကြည်မြတ်နိုး နေ ခဲ့သတဲ့လား။ ပါးရိုးပါးဆစ်ကြီးကြီးတွေ ကြားမှာ နစ်မြုပ်နေတဲ့ နှုတ်ခမ်းလွှာနှစ်ခုက သဘာဝကျကျ လှပနေ သလောက် သဘာဝလွန်ကဲနေတဲ့ ဒီလို အကျည်းတန် စေတဲ့ စကားတွေ ထွက်လာတတ်သလား။ ချော ပြော လာသမျှ စကားလုံးတိုင်းက သူ့ရင်ကို နာနာကျင်ကျင် ဖြစ်စေခဲ့တယ်ဆိုတာ ချော မသိလေရော့သလား။
“ဆရာတို့က ဒီဒေသကို လာရောက် တာဝန်ထမ်း ဆောင်တယ်ဆိုပေမဲ့ အလည်လာရုံသက်သက်ပဲလေ။ ဝန်ထမ်းဘဝ မလွဲသာလို့ပဲဖြစ်ဖြစ်၊ တာဝန်အရပဲဖြစ်ဖြစ် လာရောက်ပြီး တာဝန်ထမ်းနေကြပေမဲ့ အချိန်တန်ရင် တော့ မြေပြန့်ကိုပြန်ဖို့ ကြိုးစားကြမယ့်သူတွေချည်းပဲ။ ချောတို့ကတော့ ဒီဒေသမှာ မွေးဖွားကြီးပြင်းပြီး ဒီတော၊ ဒီတောင်၊ ဒီမြေ၊ ဒီရေတွေရဲ့ ကျေးဇူးတရားအောက်မှာ ရှင်သန်ပေါက်ဖွားခဲ့ကြရသူတွေလေ။ ဒီဒေသတွေကို ဆရာတို့ ချစ်တယ်ဆိုတာထက် အများကြီး ပိုပြီး ချစ် မြတ်နိုးတယ်”
တောင်တန်းတွေဆီကို သူ့အကြည့်တွေကို ပို့လွှတ် လိုက်မိသည်။ ချော မြတ်နိုးသည်ဆိုသော တောင်တန်း တွေကို သူလည်း မြတ်နိုးခဲ့ဖူးပါသည်။ တောင်တန်းတွေ နှင့် အလှမ်းကွာဝေးလွန်းသော နေရာဒေသတစ်ခုမှာ ရှင်သန်မွေးဖွားလာသူဆိုပေမဲ့ သူလည်း တောင်တန်း တွေကို ချစ်သည်။ တောင်တန်းတွေကြောင့် သူ ပျော်ရွှင် ခဲ့ရဖူးသည်။ တောတောင်တွေကပေးသော ရှင်သန်နွေး ထွေးမှုတွေကို ရင်ခွင်ထက်မှာ မြတ်မြတ်နိုးနိုး တန်ဖိုး ထားခဲ့ဖူးသည်။ ယခုတော့ သူ မုန်းသွားခဲ့လေပြီလား မတွေးတတ်တော့။ ချောစိတ်ကို၊ ချောနှလုံးသားကို ကျော ထက်မြက်စေသော တောင်တန်းတွေကို သူ မုန်း မိလေပြီလား။

တကယ်တမ်းတော့ တောင်တန်းတွေရော ဒီဒေသ မှာပါ ဘာအပြစ်မှ ရှိနေသည်မဟုတ်။ သူတို့သည်ကား သဘာဝအလျောက် ဖြစ်တည်ရှင်သန်နေကြသော သက် မဲ့တွေ။ တကယ်တမ်း အပြစ်တင်ရမှာက လူသားတွေ၏ ကံကြမ္မာတွေ၊ သဘာဝတွေကြားထဲမှာ နစ်မြုပ်နေသည့် ထိုလူသားတွေကြားက မတူညီသော ရှင်သန်မှုတွေ၊ တွေ၊ ဖန်ဆင်းပေးနိုင်မှုတွေ၊ အသိဉာဏ်တွေ၊ စာနာ ထောက်ထားမှု သဘောတရားတွေ။

“ချောတို့နေရာ၊ ချောတို့ဒေသတွေက အစစ အရာ
ရာ နောက်ကျလွန်းနေခဲ့တယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက် မှုတွေကို အမီလိုက်စေချင်တဲ့ စိတ်စေတနာထက် စာ တတ် ပေတတ်တွေနည်းလို့ နောက်ကျနေတဲ့ အတွေး အခေါ် အယူအဆတွေကို ပြောင်းလဲပေးချင်တာ။ နေရာ ဒေသ ဖွံ့ဖြိုးမှုဆိုတာ အရေးပါပေမဲ့ ဒါတွေထက် အရေး ကြီးတာက အသိပညာ ဖွံ့ဖြိုးမှုလေ။ အသိပညာ မရှိရင် ကျန်တဲ့ ဖွံ့ဖြိုးမှုတွေကလည်း အရေးပါမှာ မဟုတ်ဘူး။ ဒီဒေသကလူတွေကို အသိဉာဏ်ပညာ ဖွံ့ဖြိုးစေချင် တယ်။ ဒါ ချောရဲ့ အိပ်မက်မဟုတ်ဘူး။ ဒါတွေက ချောရဲ့ ယုံကြည်ချက်တွေ၊ အဖြစ်ချင်ဆုံးဆန္ဒတွေ။ မဖြစ်မနေ ကြိုးစားရမယ်လို့ ချောယုံကြည်ထားတဲ့ အရာတွေ လူသူမနီးသော တောင်တန်းတွေကြားထဲက ရွာ လေးတစ်ရွာမှာ စာသင်နေရသော ကျောင်းဆရာမလေး တစ်ယောက်အနေဖြင့် ချော၏ စိတ်ကူးအိပ်မက်တွေ ကြီးမား ကျယ်ပြန့်လွန်းသည်ဟု သူ ယူဆမိသည်။ ကျောင်းစာသင်ဖို့ထက် အမဲလိုက်ထွက်ဖို့က ပိုအရေး ကြီးနေတယ်လို့ ခံယူထားသောသူတွေ၊ တောင်ယာလုပ် မှ ထမင်းစားရမှာ၊ စာသင်လို့ ထမင်းစားရမှာ မဟုတ် ဘူးဆိုပြီး မာန်တင်းနေသော လူတွေကြားထဲမှာ ချော စိတ်ကူးတွေက သဲထဲရေသွန်သလို ဖြစ်နေလိမ့်မည်လို့ ချောက ထင်ဟန်မတူ။ နေထိုင်မကောင်းရင်တောင် သောက်ဖို့ထက် ဆေးခါးမျိုမှ ပျောက်မယ်လို့ ယုံကြည် နေတဲ့သူတွေကြားမှာ ချောအိပ်မက်တွေက ဘယ်လောက် အထိ အကောင်အထည်ပေါ်လာလိမ့်မည်လို့ ချော ယုံ ကြည်နေခဲ့ပါလိမ့်။

“မနက်ခင်းဆို နေရောင်က ဟိုးတောင်တန်းတွေ ထက်မှာ စလေ့ရှိတယ် ဆရာ။ တောင်တန်းတွေ ကာဆီး ထားတာမို့ ချောတို့ဒေသက လူတွေဟာ နေရောင်ကို နောက်ကျမှ မြင်ရတယ်။ ဒါပေမဲ့ အချိန်တန်လို့ နေမင်း ကြီးက တောင်တွေကို ကျော်လာတဲ့အချိန်မှာတော့ ချော တို့ဒေသကလူတွေ အလင်းရောင်ကို မြင်ကြရတာပါပဲ။ စောတာနဲ့ နောက်ကျတာပဲ ကွာမှာပါ။ ဆရာတို့ မြေပြန့် က လူတွေ နေမင်းကို မြင်နေရချိန်မှာ ချောတို့ကတော့ မြင်ချင်မှ မြင်ရဦးမှာပေါ့။ ဒါပေမဲ့ အလင်းရောင် တကယ် ရောက်လာတဲ့အခါကျရင် အားလုံးမြင်နိုင်ဖို့တော့ ချော ကြိုးစားပေးရဦးမယ်။
“ပေးဆပ်တယ်ဆိုတဲ့စကားက ချောအတွက် မြင့် မြတ်လွန်းလှပါတယ်ဆရာ။ တကယ်တမ်းတော့ ချော အခုလုပ်နေတဲ့ အလုပ်တွေက လုပ်သင့်တဲ့ အတိုင်းအတာ အတွင်းမှာပဲ ရှိနေပါသေးတယ်။ လုပ်သင့်တာထက်ကို မကျော်နိုင်သေးပါဘူး။ အချိန်ဆိုတာတော့ ယူရမှာပေါ့ ဆရာရယ်။ ကြိုးစားရင် တစ်ချိန်မှာ ဖြစ်လာမှာပါ” အဖြူအစိမ်းဝတ်စုံဆိုတာ မြင်နိုင်ခဲသော ကျောင်း။ ကျောင်းတက်ချိန်ဆိုတာ အချိန်မှန်ဖို့ထက် လူစုံမှ ကျောင်းတက်ခေါင်းလောင်း တီးရသောကျောင်း။ ကျောင်းသားဆိုတာ တစ်ခါတလေ အမဲလိုက်ထွက်ရာ မှာ၊ တောင်ယာမှာ လိုက်ခေါ်နေရသော ကျောင်း။ ဒီလို ကျောင်းတစ်ကျောင်းမှာ သူမဘဝကို မြှုပ်နှံထားဖို့ ထိုက် တန်တယ်လို့ ချော ယုံကြည်သလား။
“ဆရာတို့ ဝန်ထမ်းတွေဆိုတာက ချောတို့ဒေသ တွေကိုလာဖို့ လက်တွန့်လေ့ရှိကြတယ် မဟုတ်လား။ ဆရာတို့ဘဝတွေ တိုးတက်ဖို့အတွက်ပဲ ကြည့်နေသူတွေက များတယ်လေ။ ဒီဒေသမှာ အချိန်ပြည့် တာဝန်ထမ်း ဆောင်ဖို့ထက် အချိန်မတန်သေးခင်မှာ ရုန်းထွက်ဖို့ ကြိုး စားနေကြသူတွေက အများသားပဲ။ ဘယ်လိုလူတွေပဲ ဖြစ်ဖြစ် ချောတို့အဖို့တော့ ကိုယ့်ဆီရောက်လာသူမှန်သမျှ ကို ဧည့်ဝတ်ကျေစွာနဲ့ ကြိုဆိုနိုင်ဖို့ ကြိုးစားနေမှာပါ။ စေတနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အကြောင်း ကြောင်းကြောင့် ရောက်လာခဲ့ရင်တောင် ချောတို့အတွက် တော့ ပျော်နေရတဲ့ ဘဝတွေပါ ဆရာရယ်။ ဆရာပြန် သွားခဲ့ရင်လည်း ဆရာ့နေရာမှာ အစားထိုးရောက်လာ မယ့် တခြား ဆရာအသစ်တွေကို ချောတို့ နွေးနွေးထွေး ထွေး ကြိုဆိုကြရဦးမှာပါပဲ။ ချောအတွက်တော့ ဆရာ့ ကို ဧည့်သည်တစ်ယောက်လိုပဲ တန်ဖိုးထားပါရစေတော့။ ချောဆီက တုံ့ပြန်မေတ္တာကို ဆရာ မမျှော်လင့်စေချင်ဘူး။
“ဟိုးက တောင်တန်းတွေကို ကြည့်လိုက်ပါဆရာ။ တောတွေ၊ တောင်တန်းတွေက မယိမ်းယိုင်တဲ့ သစ္စာ တရားကို ပေးတယ်။ လူတွေက သစ္စာတရားကို ချိုးဖျက် တယ်။ အဲဒီတော့ တောင်တန်းတွေက နာကြည်းမှုတွေနဲ့ ဖောက်ပြန်တဲ့ ရာသီဥတုတွေကို ပေးတယ်။ သစ္စာတရား ကိုတန်ဖိုးထားတတ်တဲ့ ချောတို့လူမျိုးတွေအတွက် သစ္စာ တရားတွေကိုပဲ ချောပြန်ပေးချင်တယ်။ ချော သစ္စာမဖျက်ချင်ဘူး ဆရာ။ ဆရာပြောသလို အလင်းရောင်ကို မျှော်ကိုးလို့ ဆရာ့နောက်ကို ချော လိုက်ခဲ့ပါပြီတဲ့၊ မှောင်ထဲမှာ ကျန်ရစ်မယ့် သူတို့ရဲ့ မျက်ဝန်းတွေကို ချော မေ့ပစ်လို့ရမှာ မဟုတ်ပါဘူးလေ”
ချောပြောသမျှ စကားလုံးတိုင်းမှာ ယုံကြည်ချက် တွေ အဆုံးအစမဲ့ ရှင်သန်နေသလောက် နားစွင့်မိတဲ့သူ့ အတွက်တော့ အရာရာကို ဆုံးရှုံးစေရသလို ခံစားရတယ် ဆိုတာ ချောကို သိစေ၊ မြင်စေချင်မိတယ်။ ချစ်ခြင်းတရား တွေကို မေ့ပစ်လိုက်ပါတဲ့။ မေ့လျော့ခြင်းဟာ မမေ့ချင်သူ အတွက် ပိုပြီး ခက်ခဲစေတတ်တယ်ဆိုတာ၊ မြတ်နိုးမှုကို အခြေခံတဲ့ သံယောဇဉ်တွေကို လွယ်လွယ်ကူကူ စွန့်ပစ် ဖို့ ခက်ခဲတယ်ဆိုတာ မင်းကို သိစေချင်လိုက်တာ ချောရယ်။
[ ၂ ]
“တောင်ပေါ်မြေမှာ.. ပွင့်ဖူးတဲ့… တောင်ဇလပ်ပန်းနီ ကလေးရေ… မင်းဘဝ.. ကြွေလေမလား ကိုယ်တွေး တိုင်း စိုးရိမ်… ချစ်တဲ့ချင်း တောင်ဇလပ်ရေ အကြိမ်ကြိမ် ခံစားရခြင်းသည် စိတ်ကို သွေးရူး သွေးတန်းဖြစ်စေတယ်။ ခံစားချက်သည် အသိစိတ် ထိန်းချုပ်မှုအောက်မှာ လွတ်လပ်စွာ ပေါက်ကွဲခွင့် မရ သောအခါ လူသည် တွယ်ရာမဲ့ နွယ်တစ်ပင်လို လေနှင် ရာသို့ ယိမ်းယိုင်ချင်မိသည်။ နောက်တစ်ပတ်နေလျှင် မြေပြန့်ကို သူပြန်ရတော့မည်။ သူချစ်သော ချောကို ထားပြီးတော့ ပြန်ရမည်ဆိုသောအသိက ရင်မှာ မီးတောင် တစ်ခု တောက်လောင်နေသလို ပူလောင် နာကျင်မိသည်။
ပခုံးပေါ်သို့ တင်လာသော လက်တစ်ဖက်ကြောင့် ဆိုလက်စ သီချင်းသံကိုရော၊ ဂစ်တာတီးလက်စကိုပါ အမှတ်မထင် ရပ်လိုက်မိသည်။ ကြည့်လိုက်တော့ ကို သက်ထွန်း။
“တော်တော် ခံစားနေရသလား ညီလေး” ကိုသက်ထွန်းသည် သူ့ကို ညီလေးဟုသာ ခေါ် သည်။ တကယ်တမ်းတော့ ကိုသက်ထွန်းက ဒီဒေသမှာ သူ့ထက်အရင် ရောက်ရှိ တာဝန်ထမ်းဆောင်နေခဲ့သော စီနီယာတစ်ယောက်။ တောင်ပေါ်ဒေသသို့ ကိုသက်ထွန်း ရောက်နေခဲ့သည်မှာ ငါးနှစ်ကျော်ကာလကို ရောက်ရှိ
နေခဲ့ပြီ။ လူတိုင်း မပျော်ရွှင်နိုင်သော တောင်တန်းဒေသ မှာ သူကတော့ နှစ်လိုလက်ရ တာဝန်ထမ်းဆောင်နေတာ ဖြစ်သည်။ ယခုအချိန်ထိလည်း အရွှေ့အပြောင်းတင်ဖို့ ကြိုးစားတာ မတွေ့ဖူးသေး။
“ဟုတ်တယ်အစ်ကို။ သူဘာဖြစ်လို့ ကျွန်တော့် တောင်းဆိုချက်ကို လက်မခံနိုင်တာလဲဆိုတာကို ကျွန် တော် စဉ်းစားမရဘူး။ ကျွန်တော်ကိုကပဲ ကံဆိုးနေတာ လား မသိတော့ဘူးဗျာ”
“အချစ်မှာ ကံကောင်းတာ၊ ကံဆိုးတာရယ်လို့တော့ ရှိမယ် မထင်ပါဘူးညီလေးရယ်။ ချစ်ခြင်းမေတ္တာရဲ့ သဘောတရားမှာကိုက ကံကြမ္မာဆိုတာ ရှိမနေပါဘူး။ လူတွေရဲ့ နှလုံးသားထဲမှာ အလိုအလျောက် ဖြစ်တည် မွေးဖွားလာတဲ့အချစ်ကို ကံကြမ္မာက လွှမ်းမိုးချုပ်ကိုင်ခွင့် မရပါဘူးလေ။ အပြန်အလှန် နားလည်ယုံကြည်မှု၊ ချစ် မြတ်နိုးမှုတွေကိုပဲ ပါမယ်လို့ ကိုယ်ကတော့ ထင်တယ်။ တကယ်လို့ ညီလေးပြောသလို ကိုယ့်ခံစားချက်အတိုင်း ကိုယ်ချစ်တဲ့သူက လိုက်လျောမပေးနိုင်တာ၊ ကိုယ်လိုချင် သလို မရတာ တစ်ခုဟာ ကံဆိုးတယ်ဆိုရင် ကိုယ်လည်း ကံဆိုးနေသူတစ်ယောက်ပါပဲ”
ကိုသက်ထွန်းဆီမှ မမျှော်လင့်သောစကားကို ကြား လိုက်ရတော့ သူ အံ့အားသင့်သွားမိတာတော့ အမှန်။ သူ သိရသလောက် ကိုသက်ထွန်းသည် အနေအေး သည်၊ စကားနည်းသည်၊ အရှုပ်အရှင်းမရှိ။ ပြီးတော့ အချစ်ဆိုတာ သူနှင့် မသက်ဆိုင်သည့်အလား နေတတ် သူတစ်ဦး။
“အစ်ကို့မှာက အဲဒီလို အကြောင်းတွေ ရှိခဲ့ဖူးသလား”
ကိုသက်ထွန်းက လေးလေးပင်ပင် သက်ပြင်းကိုချသည်။
“ကိုယ်လည်း လူတွေထဲက လူတစ်ယောက်ပါပဲ ညီလေးရယ်။ မကွယ်ဝှက်စတမ်း ပြောရရင်တော့ ကိုယ် လည်းခံစားတတ်တာပေါ့၊ ကိုယ်လည်း ချစ်တတ်တာ ပေါ့။ ကိုယ့်မှာလည်း သံယောဇဉ်ထားမိတဲ့ သူတစ်ယောက် ရှိတယ်။ ဒါပေမဲ့ ကိုယ်ချစ်နေတယ်ဆိုတာကိုတော့ သူ့ကို ဘယ်တော့မှ ပေးမသိပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ် သူ့ကို အရမ်း ချစ်မြတ်နိုးမိလို့လေ”ကိုသက်ထွန်းစကားတွေက ထူးဆန်းမှုတွေ သက်ဝင်နေသလို။
“ဘာကြောင့်လဲဆိုတော့ သူ့ဆီမှာ ကိုယ့်ကိုပြန်ပေး ဖို့ရာ သံယောဇဉ် မရှိဘူးဆိုတာ သိလို့။ သူက သူ့ယုံ ကြည်ချက်၊ သူ့ခံယူချက်တွေကို အောင်မြင်အောင် ကြိုး စားဖို့အတွက် သက်သက် လူဖြစ်လာတယ်လို့ ကိုယ် ခံစားမိတယ်။ ဒါကြောင့် ကိုယ် သူ့ကို ဘယ်တော့မှ ဖွင့်မပြောဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ကိုယ်နာကျင်ရ မှာကို ကြောက်တယ် ညီလေးရာ။ နောက်တစ်ခုကတော့ သူ ယုံကြည်ရာအတိုင်း လုပ်ဆောင်နေတဲ့ သူ့ဆောင်ရွက် မှုတွေမှာ ကိုယ့်ကြောင့် တွေဝေသွားရမှာ၊ အနှောင့်အ ယှက်တစ်ခု ဖြစ်ရမှာကို မလိုလားလို့ပဲ။
“ကိုယ်တို့ ယောက်ျားတွေက အတ္တကြီးတတ်ကြ တယ်။ အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလို့ တစ်သမတ် တည်း တွေးထားတတ်ကြတယ်လေ။ ဒါပေမဲ့ ညီလေး ရယ်၊ အချစ်ဆိုတာ တစ်ခါတလေ အဝေးကနေလှမ်းပြီး ကြည့်နေရတဲ့ ပန်းလေးတစ်ပွင့်ပါပဲ။ အဲဒီပန်းဟာ ပင်ယံ ထက်မှာ အလှပန်းဝေနေတာက သူ့ဘဝ၊ သူ့လောက အတွက် ပိုပြီး အဓိပ္ပာယ်ရှိတယ်လေ။ အဲဒီတော့ ခူးဆွတ် ဖို့တွေးရတာ ပင်ပန်းတတ်တယ်။ ကိုယ့်လက်ထဲကို ရောက်အောင် ခူးဆွတ်ပြီးခါမှ နွမ်းနယ်သွားရင် ခူးဆွတ် သူကိုယ်တိုင်မှာလည်း ဝမ်းနည်းနာကျင်ရနိုင်တာပဲ မဟုတ်လား။ တစ်ခါတလေ တွေးမိတဲ့ အတွေးမှာတောင် လက်လွှတ်ရမှာ သေမလောက် ကြောက်နေမိတဲ့အခါ သူ့အချစ်ကို မကြိုးစားဖို့ ကိုယ်ဆုံးဖြတ်လိုက်တယ်။ “ရယူပိုင်ဆိုင်လိုခြင်း ကင်းလာတဲ့ နောက်ပိုင်းမှာ တော့ ချစ်ခြင်းရဲ့ အနှစ်သာရဆိုတာကို ကိုယ် မရှာဘဲ နဲ့ တွေ့လာခဲ့တယ်။ သူဖြစ်ချင်တာ၊ သူလုပ်ချင်တာတွေ ကို ပါရမီ ဖြည့်ပေးရင်းကနေ သူပျော်နေတာကိုကြည့် ပြီး ကိုယ်ပါ ပျော်ရွှင်လာတတ်တယ်။ သူ ဝမ်းနည်းရင် ဘယ်လို ပျော်ရွှင်စေမလဲဆိုတာကို သိလာတတ်ခဲ့တယ်။ သူ စိတ်ရှုပ်နေရင် ဘယ်လို ဖြေရှင်းပေးသင့်သလဲဆိုတာ ကို တွေးလာတတ်ခဲ့တယ်။ ဒီအချိန်မှာ သူ့ကို ပိုင်ဆိုင် ချင်တာထက် သူ့မျက်နှာမှာ အပြုံးလေး ပျောက်ကွယ် သွားမှာကိုပဲ ပိုစိုးရိမ်တတ်ခဲ့တယ်”ဝှက်ထားသော ကိုသက်ထွန်းရဲ့ ပဟေဠိတွေထဲမှာ
အဖြေတစ်ပိုင်းတစ်စကို သူလှမ်းမြင်လိုက်ရသည်နှင့်အ တူ သူ့စိတ်ထဲမှာ အတွေးတစ်စ ဝင်လာသည်။ ဒါဆိုရင် ကိုသက်ထွန်း၏ ချစ်သူက…။ သူ မမေးရဲ။

ဟုတ်သည် ဟု ဝန်ခံလိုက်မှာကို သူကြောက်နေသည်။ ထိုအဖြစ်မျိုး ကို သူ မကြုံကြိုက်ချင်ပါ။ စေ့စေ့တွေးကြည့်တော့ ရေး ရေးသာမက အရာရာသည် ထင်ထင်ရှားရှား ပေါ်လာ သည်။ သူ့ဘေးမှာ တစ်ချိန်လုံး ရှိနေခဲ့သော လူတစ် ယောက်က သူ့ပြိုင်ဘက် ဖြစ်နေမည်လို့ သူတစ်ခါမျှ တွေးထင် မထားခဲ့ဘူး။ မဟုတ်သေး၊ ပြိုင်ဘက်ဟုလည်း မဆိုသာပါ။ ကိုသက်ထွန်း စကားအရဆိုလျှင် ကိုသက် ထွန်းချစ်နေတာကိုတောင် ချောက သိအံ့မထင်။ ချစ်ခြင်းတရား။ ယောက်ျားနှစ်ယောက်နှင့် မိန်းမ တစ်ယောက်ကြားမှာ ပတ်သက်နေသော အကြောင်း တရား တစ်ခု။ ကိုသက်ထွန်းက သူချစ်နေသောသူ မည် သူဆိုတာကို ဖွင့်မပြောပေသိ သူ့စကား အသွားအလာ အရ ချော ဆိုတာကတော့ ငြင်းပယ်မရ။ ဝေးလံခေါင်သီ လွန်းသော တောင်တန်းဒေသတစ်ခုမှာ ငါးနှစ်ကျော် တာဝန်ထမ်းဆောင်နေခဲ့သော ကိုသက်ထွန်းအတွက် တွန်းအားတစ်ခုမှာ အချစ်ကြောင့်ဆိုလျှင် ထိုအချစ်ကို အပိုင်စားရသူမှာ ချောသာလျှင် ဖြစ်ပေမည်။
သူနှင့် ကိုသက်ထွန်း။ ချစ်ခြင်းတစ်ခုမှာ မမျှော် လင့်ပါဘဲ တူညီနေကြသည်။ သူ့အချစ်ကတော့ ရယူ ပိုင်ဆိုင်လိုခြင်း အတိပြီးပေမဲ့ ကိုသက်ထွန်းမှာတော့ ပေးဆပ်လိုခြင်းတွေ ပါဝင်နေသည်။ မိန်းမပျိုတစ်ဦး တည်းအပေါ်မှာ ကျရောက်နေသော ထိုအချစ်နှစ်ခုသည် ထပ်တူညီပါလေရဲ့လား။ ထိုသို့ဆိုလျှင် ချစ်ကြခြင်းသည် ပိုင်ဆိုင်ခြင်းအတွက် မဟုတ်တော့ပြီလား။ သူ မတွေး တတ်တော့။

ကျောပေါ်မှာ လွယ်ထားသော ကျောပိုးအိတ်ကြီး ကို ခပ်တင်းတင်းဆွဲချည်ပြီးသကာလ ဆိုင်ကယ်ကယ်ရီ ပေါ်သို့ တက်သည်။ နောက်မှာရပ်နေသော ကျောင်းသား တွေကို မြင်တော့ သူ့ရင်ထဲမှာ ဝမ်းနည်း နာကျင်မိနေပေမဲ့ မျက်နှာကို အတတ်နိုင်ဆုံးပြုံးပြီး လက်ပြနှုတ်ဆက်မိ
သည်။ ကျောင်းသားတွေဘေးမှာ ယှဉ်တွဲရပ်နေသော ကိုသက်ထွန်းနှင့် ချောကိုမြင်မိတော့ သူ ဝမ်းနည်းရ သည်။ မနာလိုဝန်တိုစိတ်ကြောင့်တော့ မဟုတ်ပါ။ ပထမတစ်ချက်ကတော့ သူ ချစ်မြတ်နိုးသော ချောအနား မှာနေပြီး ချောယုံကြည်ချက်တွေကို ကိုယ်တိုင်ကိုယ်ကျ ပါရမီ မဖြည့်ဆည်းနိုင်တာကြောင့် ဝမ်းနည်းရပါသည်။ နောက်တစ်ချက်က ကိုသက်ထွန်း။ သိုဝှက်ထားသော မေတ္တာတရားတွေ ရင်ထဲအပြည့်ပေသိ ချစ်မြတ် နိုးသူက မသိစေဘဲ ပါရမီဖြည့်ဖက် တစ်ဦးအဖြစ်နှင့်သာ ရှင်သန် နေသူ ကိုသက်ထွန်းအတွက် သူ ဝမ်းနည်းမိသည်။မေတ္တာ တရားတွေသည် တစ်ခါတစ်ရံ စိတ်ကူးအိပ်မက်သဖွယ် မယုံကြည်နိုင်စရာ ဆန်းပြားလွန်းလှတာကို သူကိုယ် တိုင် မြင်ခဲ့ရလေပြီ။
ကိုသက်ထွန်း ပြောခဲ့ဖူးသော စကားတချို့က နား ထဲ ဝင်လာသည်။
“ချောဟာ လမင်းကြီးတစ်စင်း မဟုတ်သေးရင် တောင် ဒီဒေသအတွက်တော့ အချမ်းပြေစေနိုင်တဲ့ မီးဖို တစ်ခုပါပဲ ညီလေးရယ်။ အမှောင်ကြားမှာ နေနေရတဲ့ သူတို့အတွက် ဒီမီးဖိုလေးက အချမ်းပြေဖို့ စွမ်းဆောင်နိုင် သလို ဒီမီးရောင်ကြောင့်ပဲ သားရဲတိရစ္ဆာန်တွေရန်က လည်း လွတ်ကင်းစေနိုင်ပါတယ်။ အများကြီး မဟုတ် တောင် သူ့အလင်းရောင်ကြောင့် တောက်ပနေရတဲ့ ဒီ ဒေသက ကလေးငယ်တွေကို ထောက်ထားပြီး ကိုယ်တို့ တွေရဲ့ စိတ်ကူးတွေ၊ အိပ်မက်တွေ၊ ချစ်ခြင်းတရားတွေ ကို မေ့ပစ်လိုက်ကြစို့လား ညီလေး။ သူ စွမ်းသမျှ တောက်ပနေတဲ့ ဒီအလင်းရောင်လေးကို ဆက်လက် တောက်ပစေဖို့ ကိုယ်တို့ဆန္ဒတွေကို နောက်တန်းမှာ ထားကြပါစို့ရဲ့လေ။ ဒါဆို သူလည်း ပျော်ရွှင်မှာပါ” ဆိုင်ကယ်လေးက တောင်တက်လမ်းအတိုင်း ရွေ့ရွေ့ တက်လာခဲ့လေပြီ။ ချောအပါအဝင် အားလုံး ကျန်နေခဲ့ပေမဲ့ ချော မြတ်နိုးပါသည်ဆိုသော တောင်တန်း ကြီးကတော့ မကွယ်မပျောက်သေး။ သူ့ကို လိုက်လံနှုတ် ဆက်နေသေးသည်။ တောင်တန်းကြီးထက်ကို မျှော် ကြည့်မိလိုက်တော့ နေမင်းကြီးက လောကကို အလင်း ဆောင်ရန်အတွက် အားယူနေလေပြီ။

“ဆရာတို့ မြေပြန့်ကလူတွေ နေမင်းကို မြင်နေရချိန်မှာ ချောတို့ကတော့ မြင်ချင်မှ မြင်ရဦးမှာပေါ့။ ဒါပေမဲ့ အလင်းရောင် တကယ်ရောက်လာတဲ့အခါကျရင် အား လုံးမြင်နိုင်ဖို့တော့ ချော ကြိုးစားပေးရဦးမယ်”
နားထဲမှာ စကားသံတချို့ကို ပြန်လည် ကြားယောင် လာမိတော့ ဝမ်းနည်းစိတ်က ရင်ကိုဖိုစေပြန်သည်။ ယုံ ကြည်ချက်တွေ အမှန်တကယ်ဖြစ်လာအောင် အကောင် အထည် ဖော်နိုင်ပါစေ ချောရေ။ မင်းပိုင်တဲ့ အလင်း
ရောင်တွေနဲ့ မင်းချစ်တဲ့ တောင်တန်းတွေ ထွန်းလင်း တောက်ပနိုင်ပါစေ။ တစ်ချိန်ကျရင်တော့ မင်းရဲ့ ရှင်သန် ပျိုးထောင်မှုတွေနဲ့အတူ တန်ဖိုးကြီးတဲ့ တောင်ဇလပ်ပန်း တွေဟာ ဟောဒီတောင်တန်းတွေထက်မှာ မွှေးပျံ့ဝေဆာ နေမယ်လို့ ကိုယ်ယုံကြည် နေပါတယ်။ ရင်ထဲမှာ ရှင် သန်ဖူးတဲ့ ချောဆိုတဲ့ တောင်ဇလပ်ပန်းလေး တစ်ပွင့်ကို လည်း ကိုယ် အမြဲတမ်း အမှတ်ရနေမှာပါ ချောရယ်။
ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း၊ ဇွန်၊ ၂ဝ၁၇။

Leave a Reply

Your email address will not be published. Required fields are marked *