အိမ်အပြန်(စ/ဆုံး)
—————–
“မခိုင် တရုတ်ပြည်ဘက်ထွက်သွားပြီရှင့်´´
“ရှင်”
အမေ့လက်တွေက ကျွန်တော်တို့မောင်နှမကို တင်းတင်းကျပ်ကျပ်ဆုပ်မိ သွားတာသတိထားမိတယ်။အမေ့နှာဖူးပြင်က ချွေးတွေစီးကျနေတယ်။
အမေက ကျွန်တော်တို့ရှေ့မှာပုံပျက်ပမ်းပျက်မဖြစ်ချင်တာကြောင့်
“အော် ဟုတ်ကဲ့၊ဒါဆိုကျွန်မတို့ကိုဒီမှာတစ်ညလောက်တည်းခွင့်ပြုပါနော်၊ မနက်ထပြန်ပါ့မယ်”
“ဟုတ်ကဲ့ရှင့်၊နားနားနေနေ နေကြပါ”
အိမ်ရှင်အန်တီက ကျွန်တော်တို့ကို တစ်ညတည်းဖို့ခွင့်ပြုလိုက်ပါတယ်။ အမေ့မျက်နှာပေါ်မှာ တော့တစ်ခုခုကို ယူကျုံးမရဖြစ်နေတဲ့ ပုံစံမျိုးကို ကျွန်တော်မြင် နေရပါတယ်။ညမလေးကတော့ ဘာကိုမှ သိပုံမပေါ်။
အမေက မြစ်ကြီးနားအထိလာပြီး အကြွေးလာတောင်းခြင်းဖြစ်ပါတယ်။ ဆွေမျိုးသားချင်းများနဲ့ ဝေးကွာနေတဲ့ကာလ (အဖေနဲ့ တရားဝင်ကွဲကွာပြီးစ အချိန်)မှာ အမေ့ရဲ့စီးပွားရေးအခြေအနေအတော်လေး ယိမ်းယိုင်လာခဲ့ တယ်။ ဖွင့်ထားတဲ့ ငါးခြောက်ဆိုင်ကလေးကလည်း ပြီးခဲ့တဲ့လကတည်းက ရောင်းပြီး အကြွေးဆပ်လိုက်ရတယ်။ လက်ကျန်ငွေလေးကိုထိုင်စား လာခဲ့ ကြတာခုဆို ကုန်သလောက်ဖြစ်နေပြီလေ။ နောက်ဆုံးမှာတော့ အမေ့ဆီက ငွေအလုံးအရင်းချေးခဲ့ဖူးတဲ့ အမေ့သူငယ်ချင်း မခိုင်ဆိုတဲ့ မိန်းမဆီ ကြေးနန်းစာပို့ပြီး အကြွေးပြန်ဆပ်ဖို့ပြောခဲ့ပါတယ်။ ထိုမိန်းမကလည်း လာယူပါဆိုတာကြောင့် အမေ့မှာကျန်သမျှငွေလေးကို လမ်းစရိတ်လုပ်ပြီး သားအမိ သုံးယောက် မြစ်ကြီးနားအထိ ထွက်လာခဲ့ကြတာပါ။ အမေက ကျွန်တော်တို့ကို ထားခဲ့ဖို့လည်း စိတ်မချဘူးမဟုတ်လား။
အလာခရီးကတော့ ရန်ကုန်မန္တလေးရထားကိုခုံဝယ်စီး။ မန္တလေးမြစ်ကြီးနား ရထားကိုတော့ ရဲတွဲတစ်တွဲပေါ်ကနေ မှောင်ခို လိုက်လာခဲ့ကြရပါတယ်။
လာစဉ်ကတော့အမေ့မျက်နှာပေါ်မှာ ပြုံးရီချိုမြမှု အပြည့်နဲ့ရယ်။အခုတော့ မခိုင်ဆိုတဲ့အမျိုးသမီးက တရုတ်ပြည်ဖက် ထွက်သွားပါသတဲ့။ အမေ့မျက်နှာ ကမှိုင်းညို့နေပြီလေ။အမ့သောကကို ရှစ်တန်းကျောင်းသား အရွယ်သာရှိသေးပေမယ့် ကျွန်တော်ကောင်းကောင်း ကြီးနားလည်တတ်နေပါပြီ။ ညမလေးကတော့ ခရီးဝေးထွက်လာရလို့ ပျော်မြူးနေတာကလွဲပြီး အပူပင်ကင်းကင်းနဲ့ရယ်။
ကျွန်တော်တို့ဘယ်လိုရှေ့ဆက်ကြရမလဲ။ သေချာတာကတော့ အမေ့မှာ အပြန်ခရီးစရိတ်တောင် ကျန်မှာမဟုတ်တော့ဘူး။
ကချင်လေရူးက သွေ့သွေ့မြူးနေတယ်။တောင်ခိုးတောင်ငွေ့များရံထားတဲ့ မြို့တော်တစ်ခုမှာ လက်ဗလာနဲ့ သားအမိသုံးယောက်။
(၂)
မြစ်ကြီးနားမြို့လယ်အပေါင်ဆိုင်တစ်ခုမှာအမေဆွဲကြိုးလေးဝင်ပေါင်တာ မြင်တော့ အမေ့ကိုသနားမိတယ်။ အမေက ဆွဲကြိုးကိုဒီမှာထားခဲ့မှာလား။ နားမလည်နိုင်ဖြစ်မိပါတယ်။
ရလာတဲ့ပိုက်ဆံလေးကိုကိုင်ပြီးအံတင်းတင်းကြိတ်ထားတဲ့အမေ့မျက်နှာမှာ ကျွန်တော် မဖတ်တတ်တဲ့အရောင် တစ်မျိုးကို မြင်နေရတယ်။ ကျွန်တော်တို့ကိုလက်ဆွဲခေါ်လာပြီး မီးရထားဝင်းတစ်ခုထဲ အမေဝင်လာခဲ့တယ်။ ထို့နောက် အိမ်အိုလေးတစ်လုံးထဲဝင်ပြီးစကားတွေ ပြောနေခဲ့တယ်။ခဏအကြာ အမေက မိန်းမကြီးတစ်ယောက်နဲ့အတူထွက်လာ ပါတယ်။ ထိုမိန်းမကြီးက
“အမတို့နေရင်ဒီမှာနေပါ။တစ်လတစ်ထောင် တော့ပေး”
ဟုဆိုကာ တဲလေးတစ်လုံးကို လက်ညိုးထိုးပြပါတယ်။အမေက
“ဟုတ်။ကျေးဇူးပါရှင်။လက်ခံပေးတာကိုပဲ ကျေးဇူးတင်ပါနေပါပြီ”
ကျွန်တော်သဘောပေါက်လိုက်ပါပြီ။ အမေက ထိုတဲကလေးကို ငှါးလိုက်တဲ့သဘောပါ။ အမေ့လုပ်ရက်တွေကို တိတိကျကျ မသိပေမယ့် အမေတစ်ခုခုကိုစီစဉ်ထားပြီဆိုတာတော့ ကျွန်တော် သေချာသိနေပါပြီ။
အဲဒီနေ့က နေအတော်ပူပါတယ်။မြစ်ကြီးနား နေမင်းက ဒီလောက်မပူသင့် ဘူးမဟုတ်လား။
(၃)
ပထမဆုံးနေ့မှာ မြစ်ကြီးနားစျေးကနေ အသားငါးနဲ့ ဟင်းသီးဟင်းရွက်တွေ ဝယ်ပြီး အမေချက်ပြုတ်နေတာ မြင်တော့ကျွန်တော်မေးမိတယ်။
“မေမေ ဘာလုပ်တာလဲ၊ များကြီးပဲ၊ စားဖို့လား”
“စားဖို့လည်းပါတာပေါ့သားရဲ့၊အမေတို့ညဘက်ကျရင် ကမ်းနားညစျေးမှာ ရောင်းမလို့ ပြောထားတယ်”
“မေမေကစျေးရောင်းမလို့လား”
“ဒါပေါ့သားရယ်။မေမေတို့ဆွဲကြိုးလေးရွေးဖို့။ သားတို့ကျောင်းအပ်ဖို့နဲ့ အပြန်လမ်းစရိတ် အတွက် ရှာမယ်လေ”
ခေါင်းလေးပွတ်ပြီးအမေပြောခြင်းပါ။ အမေ့မျက်ဝန်းတွေကိုကျွန်တော်ဖတ်ကြည့်တဲ့အခါမိုးသားညို့ညို့ ကြားက သက်တံ တစ်ခုကို မြင်ရသလိုပဲ။အမေကပြုံးပြီးဆက်ပြောပါတယ်။
“မေမေလေ အရှုံးနဲ့တော့မပြန်ချင်ဘူးသား။အနိုင်နဲ့ပဲအိမ်ပြန်ကြမယ်။ သားနဲ့ညီမလေးက ဝိုင်းကူပေးရမယ်နော်”
ကျွန်တော်လည်းအမေ့ရင်ခွင်ထဲကိုမှီနွဲ့ရင်း “ကူမှာပေါ့ မေမေရဲ့” လို့ပြောလိုက်တယ်။
ထိုနေ့ကတော့ နေသိပ်မပူ။အမေ့ မျက်နှာကိုကြည့်ရင်း အေးစိမ့်လာတဲ့ ခံစားမှုကြောင့်ထင်ပါရဲ့။
……………………………….
(၄)
ညစျေးမှာထမင်းရောင်းတော့ ညဖက်ဝိုင်းမော်ဖက်ကပြန်လာတဲ့ လုပ်သားတစ်ချို့၊ဆိုက်ကားသမားတစ်ချို့နဲ့ ကုန်ထမ်းသမားများက အားပေးကြတယ်။ဗမာ ထမင်းဟင်းစားကောင်းကြပါသတဲ့။ ညီမလေးနဲ့ ကျွန်တော်ကတော့ စားပွဲထိုးပေါ့။
“ဟဲ့ ကိုကြီး ဟိုဝိုင်းကို လိုက်ပွဲတဲ့”
“မေမေ ငပိရည်ချပေးရဦးမယ်”
“ဦးဦးဘာနဲ့စားမလဲ”
“လာနော် ရန်ကုန်လက်ရာ ထမင်းဟင်းတွေရပြီ”
သားအမိသုံးယောက်ရဲ့ ပထမဆုံးညခင်းလေးကတော့ ထင်ထားတာထက် ပိုမိုစီဝေခဲ့ပါတယ်။တက်ညီလက်ညီ လုပ်နေကြတဲ့ ကျွန်တော်တို့ကို လမ်းသွားလမ်းလာများက သတိထားမိကြပါတယ်။
…………..
ည တစ်နာရီသာသာမှာ ဧရာဝတီ လေညှင်းက ပြင်းပြင်းပြပြ ဝေ့ဝိုက်လာတယ်။ အနွေးထည်ပါမလာကြလို့ အမေက ကျွန်တော်တို့မောင်နှမကို ရွက်ဖျဉ်မိုး လေးအောက် စောင်ကြမ်းတစ်ထည် ခြုံစေပြီး ထိုင်ခိုင်းထားပါတယ်။ အမေ ကိုယ်ပေါ်မှာတော့ လက်ရှည်အနွမ်းလေးတစ်ထည် ထပ်ဝတ်ထားပါတယ်။ ကျွန်တော်ကတော့ အမေ့ဟင်းတွေအမြန်ကုန်ဖို့ ဆုတောင်းပေးနေရတယ်။ အမေတစ်ယောက်တည်း မနက်၃ နာရီလောက်အထိ ရောင်းပြီး လက်ကျန်ဟင်းအနည်းငယ်ကို ပြန်သိမ်းကာ ငှါးထားတဲ့တွန်းလှည်းပေါ်တင်ပြီး ညစျေး လမ်းတစ်လျှောက် မိသားစု သုံးယောက်အတူ တွန်းခဲ့ကြတယ်။ လမ်းတစ်ဝက်ခန့်မှာ ညီမလေး ကတော့ အိပ်ချင်တယ်ဆို တာကြောင့် လှည်းပေါ်ခွေခွေလေး လိုက်ပါလာခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့ပထမဆုံးညလေးကတော့ မဆိုးလှဘူးဆိုရပါမယ်။ စားရတယ်။ သောက်ရတယ်။ ရောင်းရတယ်။
ကချင်ပြည်နယ်မနက်ခင်း နှင်းငွေ့အေးအေးကို အံတုရင်း တွန်းလာတဲ့ လှည်းကလေးတစ်စီးကတော့ မီးရထားဝင်းရဲ့ မီးရောင်မှိန်မှိန်အောက် ကနေ တဲအိုငယ်လေးဆီ တရွေ့ရွေ့။
………………………………..
(၅)
မနက်လင်းတိုင်းကော်စုဗူးလေးထဲကိုအမေက ငွေစလေး တွေထည့်ပါ တယ်။ညမလေးက တော်ရုံနဲ့မနိုးပေမယ့် ကျွန်တော်ကတော့ စောစော ထပြီး အမေ့ကို ကမ်းနားစျေးမှာစျေးဝယ်ပေးရပါတယ်။ ကမ်းနားစျေးဆိုတာ မြစ်ကြီးနားရဲ့ပင်မစျေး တစ်ခုပါ။ ကားလမ်းပေါက်သော်လည်း သယ်ယူရေး ခက်ခဲတာကြောင့် ကုန်အတော်များများကို ထွန်းဧရာ၊နဒီလှိုင်းအစရှိတဲ့ သဘောင်္တွေနဲ့ပဲ အသုံးပြုနေကြတာပါ။သဘောင်္ဆိုက်ချိန် မီမှ သားငါး ဆီဆား တွေ စျေးချိုချိုနဲ့ရတာ။ကြာတော့ကျွန်တော်လည်း သဘောပေါက်နေပြီလေ။
စျေးကပြန်ရောက်တော့အမေက တရေးပြန်အိပ်ခိုင်းတယ်။ညမလေးက ထပြီး ဝိုင်းကူပေးရပြန်တယ်။
နောက်ပိုင်းမှာတော့ အမေက နေ့လည်ဘက်ဝင်ငွေရအောင်ဆိုပြီး ဟင်းထုပ် လေးတွေ ထုပ်။ တမြို့လုံးက ဆိုင်တွေ အလုပ်ရုံတွေကို လိုက်ရောင်းပါတယ်။အမေရယ်လေ။ ပင်ပမ်းရှာလွန်းလိုက်တာ။ ကျွန်တော်လည်း အကြံ တစ်ခုရပီး ယောကျားစီး စက်ဘီးကြီးတစ်စီးကို နာရီကြေးနဲ့ငှါးပြီး ထမင်းထုပ်၊ ဟင်းထုပ်တွေလိုက်ရောင်းပေးခဲ့ပါတယ်။ စက်ဘီးက မြင့်လွန်းတော့ ဘေးကနေ ခွထိုးစီးရတာပေါ့။
ကြာလာတော့ ကျွန်တော်တို့ရဲ့ လုပ်ငန်းလေးဟာ လူသိများ လာပါတယ်။ တစ်နေ့တစ်နေ့ ထမင်းပုံမှန်မှာတဲ့ အလုပ်ရုံတွေ၊တည်းခိုခန်းတွေပေါလာခဲ့တယ်။ မှတ်မှတ်ရရ စိန်ရွှေငွေ တည်းခိုရိပ်သာတို့၊ Brother တည်းခိုခန်းတို့ဆို ဟင်းတွေတောင် စိတ်ကြိုက် ချက်ခိုင်းပြီးမှာကြတယ်။ အမေလည်း ပီတိတွေဝေလို့။ အမေ့ အပြုံးကိုမြင်ရတိုင်းကျွန်တော်လည်းကြည်နူးမိမြဲပါ။ဘာပဲပြောပြော ကျွန်တော်တို့ရဲ့ စုဗူးလေးထဲကို တစ်နေ့တစ်နေ့ ငွေတိုငွေစလေးတွေ တိုးဝင်လို့။
…………………………………
(၆)
“ဟင်းဟင်း …..ဟင်း”
“သမီးလေး.သမီးလေး ဟင်၊ကိုယ်တွေတအားပူနေပါ့လား”
ညီမလေး ရဲ့ ညည်းသံကတဲအိုလေးထဲလွင့်ပျံ့နေတယ်။အမေရောကျွန်တော်ပါထပြီးညီမလေးကို ရေပတ်တိုက်ပေးရတယ်။ အရွယ်နဲ့မလိုက်အောင် ပင်ပမ်းနေရရှာတဲ့ ညီမလေးရဲ့ညဉ်းတွားသံက အမေနဲ့ကျွန်တော်အတွက် ရင်နင့်မောလျဖွယ်အတိပါ။ အမေက ညီမလေးကိုရင်ခွင်ထဲပွေ့ထားရင်း မျက်ရည် ကျနေတာမြင်ရတယ်။ ကျွန်တော်လည်း ဘာလုပ်ရမှန်း မသိတာကြောင့် ရေနွေးအိုးထ တည် နေမိတယ်။
“မေမေ သမီးခေါင်းကိုက်တယ်”
“အင်းပါသမီးလေးရယ်၊သက်သာသွားမှာပါခဏလေးပဲနော်သမီးလေး”
အမေက ချော့မြူရင်း ကော်စုဗူးလေးကိုလှမ်းယူလိုက်တယ်။ကျွန်တော် ရင်ထဲ တော်တော်လေးဝမ်းနည်းမိသွားတယ်။
“သား”
“ဗျာ မေမေ”
“ညမလေးကို ဆေးခန်းပြမှရမယ်”
ကျွန်တော်တို့ ညီမလေးကို ဘူတာကြီးနံဘေးက တော်ဝင်ဆေးခန်းကို ပြလိုက်ကြရတယ်။ ထိုနေ့က ကျွန်တော်တို့စုဗူးလေးထဲကနေ ငွေလေးရာ ထွက်ခဲ့ပါတယ်။ စုဗူးလေးဟာ ကျွန်တော်တို့ရဲ့အိမ်မက်လေးပါ။ ဒါပေမယ့် ညီမလေးကတော့ ကျွန်တော်တို့ရဲ့တိကျတဲ့အနာဂါတ်လေးတစ်ခုပေါ့။ အနာဂါတ်လေးကသာ အမေနဲ့ ကျွန်တော်တို့အတွက် ပိုသာတဲ့ အိမ်မက် စစ်စစ်မဟုတ်လား။ ညီမလေးသက်သာလာစေဖို့ စုဗူးထဲက ရင်းလိုက်ရတဲ့ တစ်ရက်စာအမြတ်ကလေး ဟာ ဘာမှတော့မဟုတ်လောက်ပါဘူး။ ညနေစောင်းတော့ညီမလေး အဖျားကျသွားပါတယ်။ ဒါပေမယ့် ကျွန်တော် တို့ ဆိုင်မဖွင့် ပဲညီမလေးအနားမှာ အတူနေပေးခဲ့ကြပါတယ်။
မတ်လရဲ့ ကောင်းကင်မှာ ပျံနေတဲ့ငှက်ကလေးများက ကျိုးကျိုးကျွတ်ကျွတ် မြည်သံပေးနေတယ်။ ညလေညှင်းအသွဲ့မှာ နွဲ့ပျောင်းချိုမြိန်ဖွယ် ညပုံပြင်လေးတစ်ပုဒ်ကို မေမေ ကပြောပြပါတယ်။
နောက်တော့ သားအမိသုံးယောက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့ကြပါတယ်။ မြစ်ကြီးနား ရောက် ညခင်းအားလုံးအတွင်း ပထမဆုံး နှစ်ခြိုက်စွာအိပ်ပျော် ခဲ့ကြတဲ့ ည တစ်ည ဆိုလည်း မမှားပါဘူး။
…………………………………
(၇)
နောက်နေ့ရဲ့နောက်နေ့တွေမှာတော့ ကျွန်တော်တို့သားမိ သုံးယောက်ရဲ့ ထမင်းဆိုင် လေး ဟာပုံမှန်အတိုင်းလညိပတ်နေခဲ့ပါတယ်။ မိတ်ဆွေအသစ်များပြားလာခြင်းကြောင့် အမေရဲ့ ထမင်းတွေ မလောက် လို့ ခဏ ခဏ ထပ်ချက်ရတဲ့ အထိပါပဲ။
ဧပရယ်အစောပိုင်းကာလရဲ့ ညချမ်း လေးတွေမှာကျွန်တော်တို့မောင်နှမ ကိုယ်ပေါ် ခြုံနေကျစောင်ကြမ်းလေး ခြုံမြဲ။အမေ ကလည်း ဝတ်နေကျ လက်ရှည်အကျီ်အနွမ်းလေး ဝတ်မြဲ။
“ဦးရေ စားမှာလား”
“အန်တီမြ ကြက်နဲ့တစ်ပွဲစားမယ်တဲ့”
“သားရေဟင်းရည်ပွဲချပေးဟေ့”
ညချမ်းက လမင်းကွေးကွေး လေးနဲ့ ပကတိ လှပနေပါတယ်။ ညစျေးရဲ့ထမင်းဆိုင်လေးကတော့ စီညံလျက်။
………………………………
(၈)
“ဘော်..ဘော်”
မြစ်ကြီးနားမန္တလေးအမြန်ရထားကြီးက ထွက်ခွာဖို့ ဥသြဆွဲနေလေပြီ။
အမေက လက်ထဲက လက်ဆွဲအိတ်ကြီးတစ်လုံးကို ရထားပေါ် မနိုင့်တနိုင်တွန်းတင် နေတယ်။ ညီမလေးကတော့
“ပြန်ချင်သေးဘူး”လို့ တစာစာအော်နေပါတယ်။
ကျွန်တော်တို့သားအမိဟာ ဧည့်သည်တွေပါ။ အိမ်မပြန်နိုင်ခဲ့တဲ့ ဧည့်သည် တွေပေါ့။ ဒီနေ့တော့ကျွန်တော်တို့ အိမ်ပြန်ကြတော့မှာပါ။
ကျွန်တော်တို့ရဲ့ အပြန်ခရီးမှာတော့ ကချင်ရိုးရာလွယ်အိတ်လေးနှစ်အိတ် ပါလာပါတယ်။ ရိုးရာမုန့်တွေပါလာပါတယ်။ ငွေကြေးအမြောက်အများလည်း ပါလာပါတယ်။ အနွေးထည်အသစ်ကလေးတွေလည်း ပါလာပါတယ်။ ပီတိအပြုံးတွေလည်း ဖြိုင်ဖြိုင်ဝေဝေပါလာခဲ့ပါသေးတယ်။ကျွန်တော်တို့ ကိုဒီမီးရထားကြီးပေါ် တင်ပေးခဲ့တာဟာ အရှုံးမပေးလိုစိတ်၊ စုစည်း ညီညွတ်မှုနဲ့ မေတ္တာ တရား တို့ဖြစ်တယ်ဆိုတာ ရဲရဲကြီးပြောရဲပါတယ်။ မြစ်ကြီးနား မှ ရန်ကုန်အိမ်အပြန်လမ်းကလေးမှာ အမေ့လည်တိုင်က ဆွဲကြိုးကလေးလည်း တလက်လက် တောက်ပစွာဖြင့် ဝင့်ဝင့်ထည်ထည်။
မောင်သြလေး
………………