အောင်မြတ်သာနှင့်ကညင်ပင်စောင့်နတ်

Posted on

အောင်မြတ်သာနှင့်ကညင်ပင်စောင့်နတ်

အောင်မြတ်သာတို့ဆရာတပည့်တွေ ခရီးဆက်လာရင်းသစ်ပင်ဝါးပင်တွေထူထပ်စွာပေါက်နေတဲ့ နေရာလေးတစ်ခုကိုရောက်လာခဲ့တယ်။

တောလမ်းတစ်လျောက် ပြန့်ကျဲနေတဲ့ သစ်ရွက်ဝါးရွက်တွေကလွဲပြီး အမှိုက်တွေမရှိတာကိုကကည့်ချင်အားဖြင့် လူသူအရောက်အပေါက်နည်းတဲ့ဒေသတစ်ခုဖြစ်မယ်ဆိုတာ သက်ခိုင်သတိထားမိလိုက်တယ်။

ဒီလိုဒေသကိုဘာကြောင့်လာရတယ်ဆိုတဲ့အကြောင်းအရာကိုတော့ သက်ခိုင်မသိရသေးပေ။ တစ်ဖြေးဖြေးတွေးရင်းလမ်းလျောက်လာခဲ့တာ ကျယ်ပြန့်ဖြောင့်ဖြူးတဲ့မြေနီလမ်းတစ်ခုဆီကိုရောက်လာခဲ့တယ်။

မြေနီလမ်းဆီကိုရောက်တော့ မလှမ်းမကမ်းမှာ ပလိုင်းတစ်လုံးကိုလွယ်ပြီး လမ်းလျောက်လာတဲ့ ကရင်သင်တိုင်းနဲ့လူတစ်ယောက်ကိုမြင်လိုက်ရတဲ့အတွက် သက်ခိုင်က အနားကိုကပ်သွားပြီး

” ဖထီး ရွာကိုရောက်ဖို့ တော်တော်လိုသေးလား”

ကရင်သင်တိုင်းဝတ်လူကြီးက သက်ခိုင်ကိုခြေဆုံးခေါင်းဆုံးကြည့်ပြီး စကားသံဝဲဝဲဖြင့်

” မကြာတော့ဘူးဝေ့ ဒီလမ်းအတိုင်းတန်းတန်းသွားရင် ရွာစပ်ရောက်ပီ မင်းတို့က ဘယ်သွားကြမလို့လဲ”

ဖထီးရဲ့စကားကြောင့် အောင်မြတ်သာက

” အဇိုင်းရွာကို သွားမလို့ ဖထီး အဲဒီမှာ အသိတစ်ယောက်ရှိလို့”

” အော် အဇိုင်းရွာကိုသွားကြဖို့်လား အဲဒါ ဖထီးမိန်းမရွာလေ ဖြေးဖြေးသွားကြဦးနော့ ဖထီးတောထဲဝင်စရာလေးရှိသေးလို့”

” ကျေးဇူပဲဖထီး လမ်းခရီးဂရုစိုက်ပါဗျ”

အောင်မြတ်သာတို့လဲ ဖထီးကိုနှုတ်ဆက်ပြီး အဇိုင်းရွာဘက်ကိုဆက်ထွက်လာခဲ့လိုက်တယ်။ ဖထီးရဲ့ခဏလေးဆိုတဲ့စကားကို တစ်နာရီနီးပါးကြာအောင်လျောက်ပြီးတဲ့နောက်မှာ အဇိုင်းဆိုတဲ့ရွာကိုရောက်လာခဲ့တယ်။

ရွာ‌ဆိုပေမယ့် အိမ်တွေက ကျိုးတိုးကျဲတဲ တစ်အိမ်နဲ့တစ်အိမ်အော်ခေါ်ရင်တောင် ကြားဖို့မလွယ်တဲ့ လူနေမှုအခြေအနေတွေကိုမြင်တော့ သက်ခိုင်က

” ဆရာ ဒီရွာက လူနည်းလိုက်တာ အိမ်ခြေတွေလဲ သိပ်မရှိဘူး”

” ဟုတ်တယ် ဒီရွာကလူတွေက အိမ်မှာသိပ်မနေကြဘူး တောထဲခြံတွေထဲမှာပဲနေကြတာ အခုမြင်နေရတဲ့အိမ်တွေမှာ အိမ်စောင့်လောက်ပဲချန်ခဲ့တာ”

“ကျွန်တော်တို့ဒီရွာကိုဘာကြောင့်လာရတာလဲဆရာ”

သက်ခိုင်ရဲ့စကားကိုအောင်မြတ်သာက ချက်ချင်းမဖြေပဲ အရှေ့ကိုဆက်ထွက်သွားခဲ့တယ်။ သက်ခိုင်လဲ အောင်မြတ်သာနောက်ကိုဆက်လိုက်သွားရင်း တစ်နေရာရောက်တော့

” သက်ခိုင် အရှေ့က ကညင်ပင်နဲ့ပတ်သတ်ပြီး ဒီရွာကိုရောက်လာပဲ”

သက်ခိုင်လဲ အောင်မြတ်သာပြတဲ့ကညင်ပင်ကိုကြည့်လိုက်တော့ လူကြီးနှစ်ဖက်စာလောက်ကြီးပြီး ပင်စည်ကနေအပေါ်ကို တစ်ဖြောင့်ထဲတက်နေတာမြင်လိုက်ရတယ်။ နောက်တစ်ခုထူးဆန်းတာက ကညင်ပင်ပတ်လည်မှာတော့ ဝါးကပ်တွေနဲ့ ကားထားပြီး ဝါးကပ်တွေပေါ်မှာတော့ ကရင်ဘာသာနဲ့စာရေးထားတာမြင်လိုက်ရတယ်။

ကရင်ဘာသာနဲ့ရေးထားတဲ့အတွက် နားမလည်ဖြစ်နေတဲ့အချိန်

” သက်ခိုင် ဒီစာတွေက အပင်ပတ်လည်ကာရံထားတဲ့နေရာကို ပူဇော်ပသမှုတွေမလုပ်ပဲ မည်သူမှဝင်လို့မရဘူးဆိုပြီးရေးထားတာ”

အောင်မြတ်သာစကားကြောင့် သက်ခိုင်က

” ဘာဖြစ်လို့လဲဆရာ တစ်ခုခုများအကြောင်းရှိလို့လား”

သက်ခိုင်အမေးကြောင့် အောင်မြတ်သာ အဝေးတစ်နေရာကိုကြည့်လိုက်ပြီး

” ရွာခံလူတွေနဲ့တွေ့ရင် မင်းနားလည်သွားမှာပါ လာသွားကြစို့”လို့ပြောပြီး ဆက်ထွက်ခဲ့ကြတယ်။ ရွာလမ်းမကြီးအတိုင်းလမ်းလျောက်လာခဲ့လိုက်တာ ကျွန်းလုံးတွေကိုမခုတ်ထွင်ပဲ အိမ်တိုင်အဖြစ်စိုက်ထားတဲ့ အိမ်မြင့်မြင့်တစ်လုံးရှေ့ရောက်တော့ အောင်မြတ်သာက ဆက်မသွားတော့ပဲ မတ်တပ်ရပ်နေလိုက်တယ်။

ဆယ်ငါ့မိနစ်လောက်ရပ်ပြီးတဲ့အချိန် အိမ်ထဲကနေ တဘက်ခေါင်းပေါင်းထားတဲ့ အမျိုးသမီးကြီးတစ်ယောက်ထွက်လာခဲ့တယ်။

အိမ်ပေါက်ဝကိုထွက်လာတဲ့အမျိုးသမီးကြီးက အောင်မြတ်သာတို့ကိုလဲမြင်ရော ကရင်စကားနဲ့ အိမ်ထဲကိုလှမ်းအော်ပြောလိုက်တယ်။

အမျိုးသမီးရဲ့စကားအဆုံးမှာ အိမ်ထဲကနေ အပေါ်ပိုင်းအင်္ကျီချွတ်ထားပြီး လုံချည်ခါးတောင်းကျိုက်ထားတဲ့ ကရင်အမျိုးသားတစ်ယောက်ပြေးထွက်လာပြီး

” ညက ကျုပ်အိမ်မက်မက်တာ မှန်နေပြီဝေ့ လာကြ လာကြ အိမ်ထဲဝင်ဦး”

ကရင်အမျိုးသားကြီးရဲ့ဖိတ်ခေါ်မှုကြောင့် ‌‌အောင်မြတ်သာတို့လဲ အိမ်ဝိုင်းထဲကိုဝင်လာခဲ့လိုက်တယ်။

“ဒါးရှီးရေ ဧည့်သည်တွေအတွက် ထန်းလျက်နဲ့ရေနွေးချပေးဦး”

“လာပြီ လာပြီ “

အိမ်ထဲကနေ ထန်းလျက်နဲ့ရေနွေးဗန်းကိုင်ပြီး ထွက်လာတဲ့ကရင်အမျိုးသမီးကြီးက အောင်မြတ်သာတို့နဲ့မလှမ်းမကမ်းမှာ ဗန်းကိုချလိုက်ပြီး

” ညကအိမ်မက်မက်တာမှန်နေတယ်နော့ “

ကရင်အမျိုးသမီးစကားကိုအောင်မြတ်သာက မကြားချင်ယောင်ဆောင်ပြီး ရေနွေးကိုခွက်ထဲငှဲ့ထည့်လိုက်တယ်။

ပွက်ပွက်ဆူနေတဲ့ရေ‌နွေးကိုအအေးခံနေတဲ့အချိန် ကရင်အမျိုးသားကြီးက

” ညက ကျုပ်တို့အိမ်မက်ထဲမှာ တွေ့တာလဲ ဒီပုံစံပဲ”

ကရင်အမျိုးသားကြီးရဲ့စကားကို အမျိုးသမီးကထောက်ခံပြီး

” ဟုတ်တယ် ဟုတ်တယ် အိမ်ရှေ့မှာရပ်နေတာချင်းလဲတူတယ် ဝတ်ထားတာလဲတူတယ် အမိုးဖြင့်အံ့ဩလို့ ရုတ်တရက်ဘာလုပ်ရမှန်းမသိဖြစ်သွားတာ”

ဖထီးနဲ့အမိုးရဲ့စကားကြောင့် အောင်မြတ်သာက

” အမိုးနဲ့ဖထီးတို့နဲ့ဆုံရတာ ရှေးဘဝကရေစက်ပါလာခဲ့လို့ပဲ အမိုးတို့ဖထီးတို့ကြုံတွေ့နေရတာတွေကိုလဲ အခွင့်အခါကြုံလို့ ကူညီခွင့်ရတော့မယ် အဲဒီအတွက် ဒီဒေသမှာဖြစ်ပျက်နေတာတွေကို အစအဆုံးကျုပ်ကိုပြောပြပါ”

အောင်မြတ်သာရဲ့အဖွင့်မေးခွန်းကြောင့် ကရင်အမျိုးသမီးကြီးက ဘေးဘီကိုလိုက်ကြည့်ပြီး

” အမိုးရွာအဝင်မှာ ဝါးကပ်တွေနဲ့ကာထားတဲ့ ကညင်ပင်ကိုတွေ့တယ်မဟုတ်လား အဲဒီအပင်ကြောင့် တစ်ရွာလုံးစိတ်ဒုက္ခရောက်နေကြတာ”

အမိုးရဲ့စကားကြောင့် သက်ခိုင်က
“ဘယ်လိုဖြစ်တာလဲအမိုး ဝါးကပ်မှာလဲ မထဲမဝင်ရဘူးလို့ရေးထားတယ်ပြောတယ်”

” ဟုတ်တယ် ဟုတ်တယ် အဲဒီထဲကိုခွင့်မ‌တောင်းပဲဝင်တဲ့ ကျွဲတွေနွားတွေလူတွေအကုန်သေတာ ဒါကြောင့်ဘယ်သူမှဝင်မရအောင် ခြံကာလိုက်တာ”

” ဘာကြောင့် သေတာလဲအမိုး နောက်ပြီး အဲဒီအပင်မှာကဘာရှိလို့လဲ”

” ဘာကြောင့်လဲဆိုတာတော့ ဘယ်သူမှမသိဘူး ဒါပေမယ့် တစ်ချို့လူတွေပြောတာက အဲဒီအပင်မှာ စောစေး‌စေးနေတယ်လို့ပြောတယ်”

” ဟင် စောစေးစေးကဘယ်သူလဲ “

” စောစေးစေးဆိုတာက ရွာလူမိုက်တစ်ယောက် ဝက်တွေနွားတွေပေါ်ရင်သူ့ကိုလုပ်ခိုင်းရတာ လက်ကလဲယဉ် အကုသိုလ်အလုပ်နဲ့လဲအကျိုးပေးတယ် တစ်နေ့ ရွာမှာအလှူလုပ်ဖို့ တောဝက်သုံးကောင်ပေါ်ခိုင်းတာ သူက အလှူအတွက်ဆိုရင် ပိုက်ဆံမယူဘူးအလကားပေါ်ပေးမယ်ဆိုပြီး ဝက်ကိုသတ်တာ ဘာကြောင့်လဲတော့မသိဘူး သေနေတဲ့ဝက်ကထပက်လို့ အဲဒီနေရာမှာပဲ စောစေးစေးသေပါရော”

“ဆက်ပြောပါဦးအမိုး”

” သူသေပြီးနောက်ပိုင်း အဲဒီကညင်ပင်အောက်ကနေဖြတ်တဲ့သူတိုင်း ခြောက်လှန့်တော့တာပဲ အသားစိမ်းငါးစိမ်းတွေများ အပင်အောက်ကိုယူသွားလို့ကတော့ အပေါ်ကနေ လက်အမဲကြီးနဲ့ လှမ်းနှိုက်တာ အဲဒီနောက်ပိုင်းတစ်ဖြေးဖြေး အတင့်ရဲလာပြီး သူ့အပင်အောက်ကို ခွင့်မတောင်းပဲဝင်ရင် ပြုစားတော့တာပဲ အသားစိမ်းငါးစိမ်းနဲ့မဆက်သရင် အဲဒီလူသေတာပဲ လူကြီးပဲလားဆိုတော့မဟုတ်ဘူး ကျွဲနွားတွေဝင်ရင်လဲ ကောက်ကာငင်ကာ နေမကောင်းဖြစ်ရော သူ့ကြောင့် ရွာထဲကလူတွေအကုန်နီးပါး မနေရဲတော့ဘူး တောထဲခြံတွေထဲမှာပဲနေနေရတာ”

အမိုးရဲ့စကားကိုနားထောင်ပြီး အောင်မြတ်သာက
” အမိုးပြောပုံအရ အဲဒီကညင်ပင်ကိုသူအပိုင်ရထားတာဖြစ်မယ် ကညင်ပင်ကဘယ်သူစိုက်ထားတာလဲ”

” အမိုးတို့မှတ်မိသလောက် ငယ်ငယ်က အဲဒီအပင်အောက်မှာကစားနေကြ ဘယ်သူစိုက်တာလဲတော့ မသိဘူး စောထီးရှင်ရောသိလား”ဆိုပြီးကရင်အမျိုးသမီးကြီးက ဘေးမှာထိုင်နေတဲ့ သူ့ယောင်္ကျားကိုလှမ်းမေးလိုက်တယ်။

” သူအ‌ဖေစိုက်ခဲ့တာလို့ပြောကြတယ် အတိအကျတော့မသိဘူး လပြည့်လကွယ်ရက်တွေဆို သူ့အပင်အောက်မှာ သားစိမ်းငါးစိမ်းတွေနဲ့ ဆက်သရတာ”

“အိမ်း ဒီရွာကလူတွေဒုက္ခကလဲ မသေးပါလား ပြိတ္တာတစ်ပိုင်း နတ်စိမ်းတစ်ပိုင်းကို ကြောက်လန့်နေကြရရှာတယ် အမိုးတို့ဖထီးတို့ ရွာကလူတွေရဲ့ဆန္ဒကရော ဘယ်လိုရှိကြလဲ”

အောင်မြတ်သာရဲ့စကားကြောင့် လင်မယားနှစ်ယောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး

” ရွာကလူတွေသဘောက ဒီအပင်ကိုခုတ်စေချင်ကြတာ ဘယ်သူမှမခုတ်ရဲလို့ ခက်နေတာ”

အောင်မြတ်သာတို့လဲ အခြေအနေကိုသိရပြီမို့

” ဒါဆို ရွာသားတွေ ဒီရွာကိုဘယ်ရက်တွေပြန်လာတတ်ကြလဲ”

“လပြည့် လကွယ်နေ့တွေဆိုရင် ပြန်လာတတ်တယ် အဲဒီနေ့ဆိုရင် ကညင်ပင်အောက်မှာ ပူဇော်ပွဲလုပ်ကြတယ်”

“ဒါဆို လပြည့်ရောက်ဖို့ သုံးရက်ပဲလိုတော့တာဆိုတော့ သိပ်မကျန်တော့ဘူး အဲဒီရက်မတိုင်ခင် ကျုပ်တို့သွားစရာလေးရှိသေးတယ် လပြည့်နေ့ရောက်ရင်ပြန်လာခဲ့မယ်”

အောင်မြတ်သာစကားကြောင့် ကရင်လင်မယားနှစ်ယောက် မျက်နှာညိုးသွားပြီး

” တကယ်ပြန်လာကြနော် အမိုးတို့စောင့်နေမယ် အိမ်မက်ထဲမှာတွေ့ရတဲ့သူတွေကို အပြင်မှာမြင်လိုက်ရတော့ အမိုးတို့ကံထူးတာပဲ ထမင်းစားပြီးမှ ပြန်ကြပါလား အမိုးတည်လိုက်မယ်လေ”

“ရတယ် အမိုး မစားတော့ပါဘူး ကျုပ်တို့လဲ လုပ်စရာလေးတွေကျန်သေးလို့ပါ”

အောင်မြတ်သာတို့လဲ ကရင်လင်မယားနှစ်ယောက်ကို နှုတ်ဆက်ပြီး အိမ်ပေါ်ကနေဆင်းလာခဲ့လိုက်တယ်။

အိမ်အောက်ရောက်တော့သက်ခိုင်က
“ဆရာ ကျွန်တော်တို့ ဘယ်သွားကြမလဲ”

” ကညင်ပင်ရဲ့ရာဇဝင်ကိုသိပ်သဘောမတွေ့ဘူး ဘာကြောင့်ဆိုတော့ ဒီလိုဒုက္ခပေးနေတာ စောစေးစေးလား ဒါမှမဟုတ်သူ့နာမည်ကိုအသုံးချပြီး တစ်ယောက်ယောက်က လုပ်နေတာလားဆိုတာ သိရဖို့လိုတယ် ဒါကြောင့် ရွာထိပ်က နတ်နန်းဆီသွားရအောင်”

အောင်မြတ်သာတို့ရွာထိပ်က နတ်နန်းရှိရာဘက်ကိုထွက်လာစဉ် အနောက်ကနေ လိုက်လာတဲ့ခြေသံတစ်ခုကိုကြားလိုက်ရတယ်။

” ဆရာ “

သက်ခိုင်ရဲ့စကားမဆုံးခင်အောင်မြတ်သာက လက်ကာပြပြီး တားလိုက်တယ်။

ခြေသံက ရွာထိပ်ရောက်ခါနီးလောက်မှ ပျောက်သွားတယ်။ ခြေသံပျောက်သွားတော့မှ အောင်မြတ်သာက

” ငါတို့အနောက်ကို လိုက်လာတာလဲသိတယ် ဘယ်အထိလိုက်လာမလဲဆိုတာသိရအောင် မသိချင်ယောင်ဆောင်နေတာ လိုက်လာတဲ့ပုဂ္ဂိုလ်ရဲ့ အပိုင်နယ်မြေက ဒီရွာထိပ်ပဲ “

“ဒါဆို သူကရွာထိပ်ကနေကျော်မရဘူးပေါ့”

” အကျိုးအကြောင်းသိရအောင် ရွာစောင့်နတ်ကိုခေါ်ပြီးမေးရမှာပဲ “

အောင်မြတ်သာက စကားဆုံးတာနဲ့ ရွာထိပ်က သစ်သားစင်လေးနဲ့လုပ်ထားတဲ့ နတ်ကွန်းကို ကိုင်ပြီး

” ဤရွာကိုစောင့်ကြပ်ပါသော ရွာစောင့်နတ်အား ကျွန်ုပ်ပင့်ဖိတ်ပါသည် မြန်မကြာကြွရောက်ပါစေသား”လို့ ပြောလိုက်တာနဲ့ သစ်သားစင်နောက်ကနေ ကရင်သင်တိုင်းအနီရောင်ဝတ်ထားပြီး ပေါင်တွေမှာထိုးကွင်းတွေအပြည့်ထိုးထားတဲ့ ကရင်အဖိုးအိုတစ်ယောက်ကိုတွေ့လိုက်ရတယ်။

ကရင်အဖိုးအိုက အောင်မြတ်သာကိုမြင်တော့

“ခုနက ကျုပ်ကိုခေါ်တာ ဆရာလား”

“ဟုတ်ပါတယ် ဖထီးကိုကျုပ်ခေါ်တာပါ ဒီရွာနဲ့ပတ်သတ်ပြီးနည်းနည်းမေးစရာလေးရှိလို့”

ကရင်အဖိုးကြီးက လုံချည်ကြားထဲမှာ ထည့်ထားတဲ့ကွမ်းတစ်ရာကိုပါးစပ်ထဲထိုးထည့်လိုက်ပြီး

“မေးလေ ကျုပ်သိရင်ဖြေမယ် မသိရင်မဖြေဘူး”

“ရွာထဲက ကညင်ပင်မှာ အခုလက်ရှိနေတာ ဘယ်သူလဲဆိုတာ အဖိုးသိလား”

အောင်မြတ်သာစကားကြောင့် ကရင်အဖိုးကြီး ခဏငြိမ်သွားပြီး

” အဲဒီအပင်မှာ အရင်က စောကျော်အဲနေတယ် သိပ်မကြာခင်ကမှ အသစ်တစ်ယောက်ရောက်လာတယ် သူရောက်လာတဲ့အချိန်ကစပြီး ကညင်ပင်လဲသွေးနံ့တွေလှိုင်သွားတာပဲ”

” အဖိုး အသစ်ရောက်လာတဲ့တစ်ယောက်က လူဘဝက အကုသိုလ်တွေလုပ်ခဲ့တာ ဘယ်လိုကြောင့် ဒီလိုနေရာတစ်ခုရခဲ့တာလဲ”

” လူ့ဘဝကလဲ ပြောရရင်ခက်သကိုး သူ့အကုသိုလ်ကံဘယ်လောက်များများ သူလုပ်ခဲ့တဲ့ ကုသိုလ်လေးတစ်ခုကြောင့် အခုလိုနေရာရလာတာပဲ ဒီကုသိုလ်ကုန်ရင် ငရဲကိုကျမှာအမှန်ပဲ”

” အခုလက်ရှိရွာမှာဖြစ်နေတာတွေ အဖိုးသိရဲ့လား “

” ကျုပ်သိတာပေါ့ ကျုပ်ကဒီရွာစောင့်နတ်ဆိုပေမယ့် သူ့အပိုင်နယ်ထဲကိုဝင်ရှုပ်လို့မရဘူးလေ ဒီလိုမျိုးလုပ်တာကိုလဲ ကျုပ်မကြိုက်ဘူး ဒါပေမယ့် ကျုပ်ဘာမှလုပ်မရဖြစ်နေတာ”

” အရင်နေခဲ့တဲ့ စောကျော်အဲဆိုတဲ့သူကရော အခုဘယ်မှာနေနေလဲ”

” အရင်က ကညင်ပင်မှာပဲနေတယ် အခုတောထဲမှာ တရားကျင့်နေတယ်လို့တော့ပြောတာပဲ ကျုပ်လဲသေချာမသိဘူး”

” အခုလိုပြောပေးတာ ကျေးဇူးတင်ပါတယ်ဖထီး ကျုပ်တို့ကညင်ပင်အောက်သွားကြည့်ဦးမယ် လိုအပ်ရင် လှမ်းခေါ်လိုက်ပါမယ်”

အောင်မြတ်သာတို့လဲ ကရင်အဖိုးကြီးကိုနှုတ်ဆက်ပြီး ကညင်ပင်ရှိရာဘက်ကို ထွက်လာခဲ့လိုက်တယ်။

ကညင်ပင်အနားရောက်တော့ အောင်မြတ်သာက
” အပင်ပေါ်မှာ နေစရာမရှိလောက်အောင် နာနာဘာဝတွေပြည့်နှက်နေကြပါလား ဒီလောက်များတဲ့အပင်တစ်ခါမှမမြင်ဘူးဘူး”

“ဆရာ ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ”

သက်ခိုင်စကားကြောင့် အောင်မြတ်သာ ကညင်ပင်ကိုမော့ကြည့်ပြီး

” သွေးညှီနံ့တွေပျောက်အောင် နှင်ထုတ်ရမှာပေါ့”ဆိုပြီးဖြေးညှင်းစွာပြောလိုက်တယ်။ အောင်မြတ်သာစကားအဆုံးမှာ ကညင်ပင်ကြီးက လေမတိုက်ပဲယိမ်းထိုးလှုပ်ရှားလာခဲ့ပြီး ကညင်ပင်ပေါ်ကနေ တဘုတ်ဘုတ်နဲ့ခုန်ဆင်းလာတဲ့ နာနာဘာဝများစွာကိုတွေ့လိုက်ကြရတယ်။

ကညင်ပင်ပေါ်ကနေခုန်ဆင်းလာတဲ့နာနာဘာဝတွေက ဝါးကပ်ကာထားတဲ့နေရာကနေအပြင်ကိုမထွက်ပဲ အောင်မြတ်သာတို့ကို စားမတတ်ဝါးမတတ်စိုက်ကြည့်နေကြတယ်။

အောင်မြတ်သာလဲ အခြေအနေကို သဘောပေါက်လိုက်ပြီး ဝါးကပ်ကာထားတဲ့ နေရာတစ်ဝိုက်ကို စည်းတစ်ထပ်တားလိုက်တယ်။

အောင်မြတ်သာစည်းတားပြီးတဲ့အချိန်အထဲမှာ ရှိနေတဲ့နာနာဘာဝတွေလှုပ်လှုပ်ရှားရှားဖြစ်လာကိုလဲမြင်လိုက်ကြရတယ်။

သာမန်လူတွေနားမလည်တဲ့ဘာသာစကားနဲ့ အော်ဟစ်ပြီး ဝါးကပ်အထဲမှာပြေးနေတာကိုမြင်တော့သက်ခိုင်က

” ဆရာ သူတို့နေလို့မရတော့ဘူး လွှတ်ပေးပြီးမှဖမ်းမလား”

“ခဏနေဦး ကညင်ပင်ကိုအပိုင်စားရတဲ့သူ ထွက်မလာမချင်း ဘာမှမလုပ်နဲ့”

သက်ခိုင်လဲအောင်မြတ်သာစကားကိုနားထောင်ပြီး စည်းဝိုင်းအပြင်ကနေ ရပ်ကြည့်နေလိုက်တယ်။

သိပ်မကြာခင်မှာပဲ ကညင်ပင်ရဲ့ထိပ်ဖျားကနေ

” ငါ့နေရာကိုလာပြီး ငါ့ကိုအံတုဝံ့တာဘယ်သူလဲ “ဆိုတဲ့အသံပေါ်ထွက်လာခဲ့တယ်။ အောင်မြတ်သာလဲ လိုချင်တဲ့အခြေအနေရောက်ပီမို့

” သင့်ကိုပဲစောင့်နေတာ အခုသင်ရောက်လာပီဆိုတော့ ကျုပ်လုပ်စရာရှိတာလုပ်ရတော့မယ် “လို့ပြောပြီး စည်းဝိုင်းထဲကို အင်းတစ်ရွက်ပစ်ထည့်လိုက်တယ်။

အောင်မြတ်သာ ပစ်ထည့်လိုက်တဲ့အင်းက စည်းဝိုင်းထဲကိုမကျပဲ အပြင်ဘက်ကိုပြန်ဝိုက်ပြီးထွက်လာခဲ့တယ်။

ဒုတိယအကြိမ်ပစ်ထည့်ပေမယ့်လဲ အပြင်ကိုပဲ ပြန်ထွက်လာတယ်။ အဲဒီအချိန်အောင်မြတ်သာနားထဲမှာ

” သူ့ကိုနှင်ထုတ်လို့မရဘူး လူအသတ်မသေအောင်ပဲသင်တားပါ သူ့ကုသိုလ်မကုန်သေးတဲ့အတွက် သင်မောင်းထုတ်လို့မရဘူး”ဆိုတဲ့အသံကိုကြားလိုက်ရတယ်။

အောင်မြတ်သာလဲ ဆရာသခင်တို့ဆီက အမိန့်ကိုရလိုက်တဲ့အတွက် နည်းလမ်းတစ်ခုကိုပြောင်းပြီး ရင်ဆိုင်ဖို့ပြင်ဆင်လိုက်တယ်။

” ကညင်ပင်ပေါ်ကပုဂ္ဂိုလ် သင့်နေရာကို ကျုပ်မထိခိုက်စေလိုဘူး ဒါကြောင့် ကျုပ်ရှိရာကိုဆင်းလာပြီး အပြစ်တွေကိုဝန်ခံပါ “

” အဟက်အဟက် ခင်ဗျားခေါ်တိုင်းလာရအောင် ကျုပ်ကခင်ဗျားအစေခံမဟုတ်ဘူး ဒီနေရာကနေ ကျုပ်ကိုမောင်းထုတ်ဖို့မစဉ်းစားနဲ့ ကျုပ်ဘဝကျုပ်နေချင်သလိုနေမယ် ခင်ဗျားအမိန့်လာမပေးနဲ့”

” ကောင်းပြီလေ ခင်ဗျားကခေါင်းမာနေတော့လဲ ကျုပ်ဘာလဲဆိုတာပြရတာပေါ့ ခင်ဗျားကိုအပင်ပေါ်ကနေ နှင်မချဘူး ခင်ဗျားကိုယ်တိုင်မနေနိုင်အောင် လုပ်ပြမယ်”

အောင်မြတ်သာလဲ ကညင်ပင်ပေါ်က ပုဂ္ဂိုလ်ကို ကြိမ်းဝါးပြီး ဝါးကပ်ကာထားတဲ့နေရာရဲ့အပြင်ပတ်လည်ကို အင်းစာရွက် ၁၆ရွက်တိတိနဲ့ စိုက်ချလိုက်တယ်။

အင်းစာရွက်တွေနေရာကျတာနဲ့ မျက်စိကိုစုံမှိတ်ကာ နှုတ်ကနေ ဂါထာတစ်ပုဒ်ကိုမရပ်မနားရွတ်ပါလေရော။

အောင်မြတ်သာရဲ့နှုတ်ဖျားကထွက်လာတဲ့ ဂါထာမန္တာန်တွေကြောင့် အင်းစာရွက်တွေလေမတိုက်ပဲ တစ်ဖြတ်ဖြတ်လှုပ်ခါလာခဲ့တယ်။

လှုပ်ခါလာတဲ့အင်းစာရွက်တွေက ရုတ်တရက်ဆိုသလို တစ်ရွက်ပြီးတစ်ရွက် အပင်ထိပ်ဖျားဆီကို ပျံတက်သွားပြီး အပင်ထိပ်ဖျားပေါ်မှာ အင်းစာရွက်၁၆ရွက်က တစ်ရွက်နဲ့တစ်ရွက် ယှက်ကာ အုပ်မိုးထားတဲ့ပုံစံလိုဖြစ်သွားတယ်။

ကညင်ပင်အပိုင်ထဲမှာရှိနေတဲ့ နာနာဘာဝတွေရော ကညင်ပင်ထိပ်ဖျားမှာရှိနေတဲ့ ပုဂ္ဂိုလ်ရော အင်းစာရွက်တွေကိုအထူးအဆန်းသဖွယ်ကြည့်နေတဲ့အချိန် အင်းစာရွက်တွေထဲကနေ ရွှေရောင်ကြိုးမျှင်လေးတွေ တစ်ချောင်းချင်းကျလာခဲ့တယ်။

ရွှေရောင်ကြိုးမျှင်လေးတွေက ကညင်ပင်ပိုင်နယ်မြေတစ်ခုလုံးကို ဖုံးအုပ်သွားတဲ့အချိန်ရောက်တော့မှ အောင်မြတ်သာမျက်လုံးအစုံကိုဖွင့်လိုက်တယ်။

အောင်မြတ်သာလဲ ထိုင်နေရာကနေ မတ်တပ်ရပ်လိုက်ပြီး
” ဒီရွှေမျှင်တွေကာထားတဲ့အတွက် အထဲမှာဘာဖြစ်ဖြစ်အပြင်ကိုမထွက်‌တော့ဘူး သင်ခေါင်းဆက်မာနေဦးမယ်ဆိုရင် ကျုပ်အဆိုးမဆိုပါနဲ့”

” ဒီနေရာက ကျုပ်ကိုပေးထားတာ ကျုပ်ကိုနှင်ထုတ်ဖို့ဆိုရင်သင်မှားလိမ့်မယ်”

” ကျုပ်သင့်ကိုနှင်ထုတ်ဖို့ဆိုတာထက် သင်သတ္တဝါတွေကိုသတ်ဖြတ်ပြုစားနေတာတွေကိုရပ်တန်းကရပ်ဖို့အတွက်လုပ်နေတာ သင်အဲဒီလုပ်ရပ်တွေကိုရပ်မယ်ဆိုရင် ကျုပ်ပညာတွေကိုရုပ်သိမ်းပေးမယ်”

” ဟားဟား ကျုပ်ရဲ့ပိုင်နက်ထဲမှာ ကျုပ်လုပ်ချင်တာလုပ်မယ် ဒီနေရာက ကျုပ်အပိုင်စားရထားတဲ့နေရာ ခင်ဗျားပြောတာတွေကို မလိုက်နာနိုင်ဘူး”

“ဒါဆိုလဲ ကျုပ်အလွန်မဟုတ်တော့ဘူး “

အောင်မြတ်သာစကားအဆုံးမှာ ရွှေမျှင်ရောင်အတန်းတွေထဲကနေ မီးတောက်မီးလျှံတွေထွက်လာပြီး ကညင်ပင်တစ်ခုလုံးကို ဖုံးအုပ်သွားတယ်။

” ပူတယ် ပူတယ် လွှတ်ပေးစမ်း ငါ့ကိုလွှတ်ပေး ငါဆိုတဲ့ကောင်က နင့်အမိန့်ကိုမနာခံဘူး ငါကသေပြီးသားလူ နှစ်ခါထပ်မသေဘူး ငါပြန်လွတ်လာရင် တစ်ရွာလုံးကို သတ်ပစ်မယ် ငါ့ကိုလွှတ်ပေး”

အသံနက်ကြီးနဲ့အော်တဲ့အသံက ကညင်ပင်ထဲကနေ ပေါ်ထွက်လာပြီး အဲဒီအသံကိုလဲအောင်မြတ်သာတစ်ယောက်ပဲကြားနေရတယ်။

“အမလေး ပူတယ် ပူတယ် ငါ့ကိုလွှတ်ပေး “

” သင်သတ္တဝါတွေကိုထပ်မသတ်တော့ဘူးဆိုရင် လွှတ်ပေးမယ်”

” ငါလုပ်ချင်တာလုပ်မယ် ငါကတိ‌မပေးနိုင်ဘူး ငါ့ကိုလွှတ်ပေးစမ်း”

” ဒီလောက်ခေါင်းမာနေတဲ့ကောင်ရဲ့တစ်ကိုယ်လုံးကိုကြိုးအထပ်ထပ်ရစ်လိုက်စမ်း”

အောင်မြတ်သာရဲ့စကားအဆုံးမှာ ကညင်ပင်ထိပ်ဖျားကနေ ‌ကြိုးတွေအထပ်ထပ်ရစ်ပတ်ခံရပြီး မြေကြီးပေါ်ကိုကျလာတဲ့ သူတစ်ယောက်ကိုတွေ့လိုက်ရတယ်။

ကညင်ပင်အောက်ရောက်လို့ကြည့်လိုက်တဲ့အခါ တစ်ကိုယ်လုံးအမွှေးအမျှင်တွေထူထပ်စွာပေါက်နေပြီး ရင်ဘတ်မှာအနီရောင်ပိတ်စတစ်ခုစည်းထားတဲ့ပုဂ္ဂိုလ်တစ်ယောက်ကိုတွေ့လိုက်ရတယ်။

အောင်မြတ်သာလဲ ရင်ဘတ်မှာစည်းထားတဲ့ ကြိုးကိုတွေ့တော့

” ဒီလိုနာနာဘာဝက ရင်ဘတ်စည်းကြိုးနဲ့မထိုက်တန်ဘူး နတ်စိမ်းတွေကိုအစိုးရတဲ့ ပုဂ္ဂိုလ်ယခုရောက်စေ ငါအောင်မြတ်သာအမိန့်”လို့ခပ်မာမာပြောလိုက်တဲ့အချိန်

ကညင်ပင်ထိပ်မှာ သန်လျက်ကိုင်ထားတဲ့ ယက္ခတစ်ယောက်ပေါ်လာခဲ့တယ်။

” ကျုပ်ကိုဘာကြောင့်ခေါ်တာလဲ”

” ဒီနာနာဘာဝအဆင့်ပဲရှိတဲ့ကောင်ကို ဘာကြောင့်နတ်စိမ်းအဖြစ်သတ်မှတ်ပြီး ဒီအပင်ကိုအပိုင်စားပေးထားတာလဲ သူကလူ့ဘဝတစ်လျောက်မကောင်းတဲ့သတ်ဖြတ်ခြင်းနဲ့ပဲကုန်လွန်ခဲ့တာ သင်တို့အသိပဲမဟုတ်လား”

အောင်မြတ်သာရဲ့စကားကိုကြားတဲ့ ယက္ခက

” ဟုတ်ပါတယ် ဒါပေမယ့် သူအသက်ရှိစဉ်တုန်းက ဒီကညင်ပင်အောက်မှာ သောက်ရေအိုးစင်တစ်ခုဆောက်လှူခဲ့ဖူးတယ် အဲဒီကုသိုလ်ကြောင့် ဒီနေရာကိုသူခေတ္တအပိုင်ရခဲ့တာ ယခုလို သတ္တဝါတွေကို သတ်ဖြတ်ပြုစားနေတာကို ကျွန်ုပ်တို့မသိရှိခဲ့တဲ့အတွက် သူ့ကိုထိန်းချုပ်တဲ့ ကျွန်ုပ်အနေနဲ့လဲ အပြစ်ရှိပါတယ် ဒါကြောင့် သူ့ကိုအပြစ်ပေးဖို့ ကျုပ်ထံအပ်နှံပါ”

” သင်ရဲ့စကားကိုကျုပ်ယုံကြည်လိုက်မယ် ဒီနာနာဘာဝကိုဒီအပင်အောက်မှာထပ်မမြင်ချင်ဘူး ဒါကြောင့် ကျုပ်အရှေ့ကနေအမြန်ခေါ်သွားပြီးဆုံးမပေးပါ သူ့ကုသိုလ်ကံမကုန်သေးရင်လဲ နောက်ထပ်သတ္တဝါတွေအသက်ကိုမသတ်နိုင်အောင် သင်တို့ကြည့်ရှုပေးပါ “

“ကောင်းပါပြီ ကျွန်ုပ်ကိုသွားခွင့်ပြုပါ”

သန်လျက်ကိုင်ယက္ခလဲ ကညင်ပင်အောက်မှာ လဲကျနေတဲ့ ပုဂ္ဂိုလ်ကိုဆံပင်ကနေဆွဲပြီး ကောင်ူကင်ပေါ်ကိုပျံတက်သွားခဲ့တယ်။

‌အောင်မြတ်သာလဲ ကညင်ပင်အောက်မှာပိတ်မိနေတဲ့ နာနာဘာဝတွေကို ပြန်လွှတ်ပေးခဲ့ပြီး သူတစ်ပါးအသက်မသတ်ဖို့ကတိတောင်းကာ မူရင်းနေရာမှာပြန်ပေးနေခဲ့တယ်။

လပြည့်နေ့လဲရောက်ရော အသားစိမ်းငါးစိမ်းယူလာတဲ့ ရွာသားတွေကို သစ်သီးသစ်ဖုတွေနဲ့ပြန်လဲခိုင်းနေတဲ့ လူငယ်သုံးယောက်ကို မြင်လိုက်ကြရတယ်။

အဲဒီနောက်ပိုင်းအဇိုင်းရွာမှာ လူပသေအပျောက်ထပ်မရှိတော့ပဲ ယခုဆိုရင် ကညင်ပင်အောက်မှာ လွတ်လပ်စွာအနားယူသွားလာနိုင်ခဲ့ပြီဖြစ်ပါတယ်။

အောင်မြတ်သာတို့လဲ ကဇိုင်းရွာမှာရှိတဲ့ ပြဿနာကိုဖြေရှင်းပေးပြီးနောက်ပိုင်း အဇိုင်းရွာရဲ့ နှစ်ရွာကျော်မှာရှိတဲ့ ထီးပလောရွာမှာရှိတဲ့ပြဿနာတစ်ခုကိုလဲဖြေရှင်းပေးခဲ့ကြသေးတယ်။

အဲဒီအကြောင်းအရာတွေကိုတော့ အောင်မြတ်သာနှင့်သစ်စုန်းအတိုက်ဆိုတဲ့ဝတ္တုလေးမှာစောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်။

လေးစားစွာဖြင့်
ဇေယန(ရာမည)