အောင်မြတ်သာနှင့်ကပ်ကျော်နန်းဦးစေတီ
+++++++++++++++++++++++++++++
“ လူလေး… အောင်မြတ်သာ၊ လူလေး…”
နားစည်ထဲမှာ ခပ်တိုးတိုးကြားလိုက်ရတဲ့အသံကြောင့် မျက်လုံးကိုဆတ်ခနဲဖွင့်ပြီး ထထိုင်လိုက်ရာ နံဘေးမှာရပ်နေတဲ့ ရသေ့ကြီးတစ်ပါးကို မြင်လိုက်ရတယ်။
“ ဦးမာဂကြီး… ဘယ်လိုလုပ်ဒီကိုရောက်လာတာလဲ”
“ ကေလာသတောင်မှာ တရားအားထုတ်ဖို့ သွားရင်း လူလေးရှိနေတယ်ဆိုတဲ့သတင်းကြောင့် ဝင်လာခဲ့တာ”
“ ဦးမာဂကြီး လာရင်တော့ အကြောင်းထူးပါလာပြီနဲ့တူပါတယ်”
အောင်မြတ်သာစကားကြောင့် ဦးမာဂကြီးက ပြုံးရုံပြုံးလိုက်ပြီး
“ အကြောင်းကတော့ ဒီမြို့ထဲက နန်းဦးစေတီကို သွားစေချင်တာပဲ လူလေးရေ”
“ ဦးမာဂကြီး သွားစေချင်ရင်တော့ ဒီကိစ္စပြီးတာနဲ့ သွားလိုက်ပါ့မယ်”
“ ဒီတောင်မှာဖြစ်တဲ့ကိစ္စကို လူလေးအရမ်းကြီး စိတ်မပူပါနဲ့၊ ဦးဇင်းလေးက သူ့နည်းသူ့ဟန်နဲ့ ထိန်းသိမ်းသွားပါလိမ့်မယ်”
“ ဒါဖြင့်ရင် ကျွန်တော်တို့ အရုဏ်တက်တာနဲ့ ဘယ်သူမှမသိအောင် သွားလိုက်ပါ့မယ်”
“ နန်းဦးစေတီက လူသွားလူလာအရမ်းနည်းလို့ လူလေးတို့ ရှာမတွေ့မှာစိတ်ပူမိတယ်၊ ဒါကြောင့် အရုဏ်တက်တဲ့အချိန် ကျုပ်ကိုယ်တိုင်လိုက်ပို့ပေးပါမယ်”
ဦးမာဂကြီးက စကားဆုံးတာနဲ့ ပခုံးမှာလွယ်ထားတဲ့ တံပိုးကိုချကာ တောင်အောက်ခြေဘက်မှာရှိတဲ့ ကလေးသိုက်ဘက်ကို ထွက်သွားခဲ့တယ်။ မနက်အရုဏ်မတက်တတက်အချိန်အရောက်မှာတော့ ကလေးတွေရဲ့ရယ်သံမောသံတွေနဲ့အတူ ဦးမာဂကြီးပြန်ရောက်လာခဲ့တယ်။
“ ဦးမာဂကြီးက ဒီဘက်မှာ အသိအကျွမ်း တယ်များတာပဲ”
“ အရင်တစ်ခေါက် မြသပိတ်တောင်မှာ အဓိဌာန်ဝင်တုန်းက ဒီကလေးတွေနဲ့ဆုံခဲ့တာလေ၊ သူတို့က နောက်တစ်ခေါက်လာရင် ဝင်ဖြစ်အောင် ဝင်ခဲ့ပါဆိုလို့ ဒီရောက်တုန်းခဏဝင်တွေ့လိုက်တာ”
“ ဒါဆို အခုသွားကြတော့မလား၊ အရုဏ်လဲတက်ခါနီးနေပြီ”
“ ကဲ .. အားလုံး ကျုပ်ရဲ့ဖန်ရည်ဆိုးအဝတ်စကို ကိုင်ထားကြ”
ဦးမာဂကြီးစကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ အဝတ်စကိုကိုင်လိုက်တဲ့အချိန် မျက်လုံးထဲမိုက်ခနဲဖြစ်သွားတာကြောင့် ဘေးကိုကြည့်လိုက်ရာ အမှိုက်သရိုက်တွေနဲ့ ရှုပ်ပွနေတဲ့ ရင်ပြင်တစ်ခုပေါ်ရောက်နေတာ မြင်လိုက်ရတယ်။
“ ဦးမာဂကြီးပြောတဲ့ စေတီက ဒါလား”
“ ဟုတ်တယ် လူလေး… ဒီရင်ပြင်မှာတော့ တန်ဆောင်းအပျက်တစ်ခုပဲရှိတာမို့ အဆင်သင့်သလိုနေကြပေါ့၊ နောက်တစ်ခု သတိပေးချင်တာက ညဘက်ရောက်ရင် နားကိုသာပိတ်ပြီးအိပ်ကြ၊ ဟဲဟဲ”
ဦးမာဂကြီးက ရယ်ရယ်မောမောပြောပြီး ဒေါက်ချာကိုလက်နဲ့ပုတ်လိုက်ရာ မျက်စိရှေ့မှာတင် ပျောက်ကွယ်သွားပါတော့တယ်။
အောင်မြတ်သာတို့လဲ ရောင်နီပေါ်လာတာနဲ့ ရင်ပြင်တော်ပေါ်မှာရှိတဲ့ အမှိုက်သရိုက်တွေကို ရှင်းလင်းကြရာ မနက်ခုနှစ်နာရီလောက်မှာ အမှိုက်တွေအကုန်ရှင်းသွားခဲ့တယ်။
ဆရာတပည့်တွေလဲ အမှိုက်တွေရှင်းပြီးလို့ တန်ဆောင်းအပျက်လေးမှာ နားနေတဲ့အချိန် အသက်ရှစ်ဆယ်အရွယ်ခန့်ရှိတဲ့ ဘုန်းတော်ကြီးတစ်ပါး သူတို့ရှိရာကို တုန်တုန်ရီရီနဲ့ လျောက်လာတာကိုမြင်လိုက်ရတယ်။
ဘုန်းတော်ကြီးကိုမြင်တဲ့ အောင်မြတ်သာတို့လဲ ထိုင်ရာကနေထလိုက်တဲ့အချိန်
“ ဒကာလေးတို့က ဘယ်အရပ်ကနေ ရောက်လာကြတာလဲ”
“ တပည့်တော်တို့က ခြေဦးတည့်ရာသွားရင်း အကျင့်စခန်းကျင့်ကြံနေတဲ့သူတွေပါဘုရား”
“ ထူးဆန်းလိုက်တာ… လွန်ခဲ့တဲ့တစ်ပတ်က ဘုန်းကြီးနေတဲ့ တစ်ပါးကျောင်းနားကို ရသေ့ကြီးတစ်ပါးရောက်လာပြီး နောက်ခုနှစ်ရက်နေရင် ဒီစေတီကို လူသုံးယောက်လာကြလိမ့်မယ်လို့ပြောခဲ့တာ မှန်နေတာပဲ”
“ အရှင်ဘုရားက ဒီမှာသီတင်းသုံးတာ ကြာပြီလား”
“ နှစ်ပေါင်းလေးဆယ်လောက်ရှိပြီဒကာလေး”
“ အတော်ကိုကြာနေပြီပဲ… ဒါနဲ့ အရှင်ဘုရား အသက်အရွယ်နဲ့ ဆွမ်းကိစ္စဘယ်လိုစီမံပါသလဲဘုရား”
“ အရင်ကတော့ အနီးနားက ရွာတွေထဲ ဆွမ်းခံကြွပြီးစီမံတာပေါ့၊ ဒါပေမယ့် လွန်ခဲ့တဲ့ ငါးနှစ်လောက်ကစပြီး နေ့စဉ်နေ့တိုင်း ဆွမ်းလာကပ်တဲ့သူကြောင့် ဆွမ်းခံမကြွဖြစ်တော့ဘူးလေ”
“ တင်ပါ့ဘုရား… အရှင်ဘုရားရဲ့ ဘုန်းကံကြောင့် ခုလိုမျိုး အလှူရှင်ပေါ်တာနေမှာပါ”
အောင်မြတ်သာရဲ့စကားကို ဘုန်းတော်ကြီးက ဘာမှပြန်မဖြေပဲ ပြုံးရုံသာပြုံးနေခဲ့တယ်။
“ အရှင်ဘုရား… တပည့်တော်တို့ဆီကြွလာတဲ့ အကြောင်းရင်းတစ်ခုခုရှိနေတယ် မဟုတ်လား”
“ ဟုတ်တယ် ဒကာလေး… ဘုန်းကြီးက အသက်ရွယ်ကြီးနေပြီမို့ ဒကာလေးတို့ဆီအမြဲမလာနိုင်ဘူးလေ၊ ဒါကြောင့် အခုထဲက မှာစရာရှိတာ လာမှာတာပဲ”
“ အရှင်ဘုရား မိန့်တော်မူပါ”
“ အရင်ဆုံးပြောချင်တာက ဒီစေတီရဲ့ သမိုင်းကြောင်းပဲ၊ ဒီစေတီက သူရိယစန္ဒာမင်းရဲ့ မြေးတော်တွေဖြစ်တဲ့ မင်းသမီးနှစ်ပါးက တည်ခဲ့တာ၊ သူတို့က သေလွန်တော့လဲ ဒီစေတီကို စိတ်စွဲပြီး အစောင့်လာဖြစ်နေကြတယ်လေ၊ ဒါတွေကိုတော့ ဒကာလေးတို့ မကြာခင်သိရမှာပါ၊ ဘုန်းကြီးပြောချင်တဲ့ အဓိက အချက်က သူတို့က ဘုရင့်မြေးတော်တွေဖြစ်ခဲ့တဲ့အပြင် မာနကလဲရှိတော့ ဒကာလေးတို့အပေါ် အပြစ်လုပ်မိခဲ့တာမျိုးရှိခဲ့သော် သည်းခံပေးကြပါ၊ သူတို့လေးတွေ နားဝင်အောင် ပြောဆိုပေးကြပါ”
“ အရှင်ဘုရား စိတ်ချပါ၊ တပည့်တော်တို့လဲ ဒီစေတီမှာ အဓိဌာန်ဝင်ပြီး ဝေနေယျသတ္တဝါတွေအားလုံးကို မေတ္တာပို့သပေးပါ့မယ်၊ သူတို့တွေကို ထိခိုက်အောင် မလုပ်ပါဘူး”
“ သာဓု သာဓု သာဓုကွယ်… ဒကာလေးတို့ရဲ့ အဓိဌာန်လဲအောင်မြင်ပါစေလို့ ဘုန်းကြီး ဆုတောင်းပေးလိုက်ပါတယ်”
ဘုန်းတော်ကြီးက အောင်မြတ်သာတို့ကို ဆုတောင်းပေးပြီး တုန်တုန်ရီရီနဲ့ ပြန်ထွက်ခွာသွားပါတော့တယ်။
+++++
ဒီလိုနဲ့ အောင်မြတ်သာတို့လဲ ပေရေနေတဲ့ ခန္ဓာကိုယ်ကို တန်ဆောင်းရဲ့ဘေးမှာရှိတဲ့ ရေတွင်းမှာ ဆေးကြောသန့်စင်ပြီး မီးလွတ်မေတ္တာပို့အဓိဌာန်ကို စတင်ခဲ့ကြတယ်။
ဆရာတပည့်သုံးယောက် မေတ္တာသုတ်ကို စေတီတစ်ပတ်ပြည့်အောင် ရွတ်ဖတ်ပြီးချိန်မှာတော့ နေအရမ်းပြင်းလာတဲ့အတွက် တန်ဆောင်းထဲဝင်ပြီး အနားယူနေတဲ့အချိန် စေတီအနောက်ဘက်မှာရှိတဲ့ ထန်းပင်ကြီးက လေမတိုက်ပဲ ဘယ်ညာယိမ်းထိုး လှုပ်ရှားနေတာမြင်လိုက်ရတယ်။
“ မောင်ကောင်း၊ ခွန်းလှ… စေတီအနောက်က ထန်းပင်ကိုကြည့်ဦး”
“ ထန်းပင်က တစ်ပင်ထဲလှုပ်နေပါလား၊ တစ်ခုခုတော့ တစ်ခုခုပဲ”
မောင်ကောင်းက စကားပြောနေရင်း ထန်းပင်ကို စိုက်ကြည့်လိုက်ရာ ရှည်လျားတဲ့အမွှေးတွေဖုံးလွှမ်းနေပြီး ခြေသည်းလက်သည်းတွေ တစ်ထွာလောက်ရှည်ထွက်နေတဲ့ ဘီလူးလိုလို၊ သရဲလိုလိုအကောင်က လှုပ်ယမ်းနေတာမြင်လိုက်ရတယ်။
“ ဆရာ… မြင်ရလား၊ ဒီကောင်က ကျွန်တော်တို့မြင်အောင် တမင်လုပ်နေတာဗျ”
“ သူရှိကြောင်းပြချင်လို့နေပါလိမ့်မယ်၊ မင်းတို့ကို ရန်မပြုသရွေ့ ဘာမှမလုပ်ကြနဲ့”
“ ဟုတ်ကဲ့ပါဆရာ… ကျွန်တော်တို့နားလည်ပါတယ်”
“ ဒီမှာကရက်အတန်ကြာနေရဦးမှာဆိုတော့ မီးလွတ်စားဖို့အတွက် အသီးအနှံနဲ့ရေ လိုလိမ့်မယ်၊ ဒါကြောင့် နေ့ခင်းနားတဲ့အချိန် အနီးနားမှာ လူနေအိမ်တွေရှိမရှိ သွားကြည့်လိုက်ပါဦး၊ ရှိရင်လဲ အသီးအနှံနဲ့ သောက်ရေဝယ်လာခဲ့ကြ”
“ ကျွန်တော်တို့အခုပဲ သွားရှာကြည့်ပါမယ်၊ ခွန်းလှရေ သွားကြရအောင်”
အောင်မြတ်သာက မောင်ကောင်းနဲ့ ခွန်းလှတို့ကို တမင်ပထုတ်လိုက်ပြီး ဘယ်သူမှမရှိတဲ့အချိန်မှာတော့ စေတီအနောက်ဘက်မှာရှိတဲ့ ထန်းပင်အောက်ကို ထွက်လာခဲ့လိုက်တယ်။
ထန်းပင်အောက်ရောက်တော့ အပေါ်ကိုမော့ကြည့်ကာ
“ ဤထန်းပင်မှာနေထိုင်တဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ကျုပ်တို့ပို့သတဲ့မေတ္တာဓါတ်ကို ရကြမယ်လို့ ထင်ပါတယ်၊ သင်တို့အနေနဲ့ ကျုပ်တို့အပေါ် ပြောစရာစကားများရှိက ကိုယ်ထင်ပြပြီး ပြောနိုင်ပါတယ်” လို့ ပြောလိုက်ရာ ထန်းပင်ပေါ်ကနေ ကြမ်းတမ်းတဲ့အမွှေးရှည်ရှည်တွေ တစ်ကိုယ်လုံး ဖုံးအုပ်နေတဲ့အကောင်တစ်ကောင် ဘုတ်ခနဲ ခုန်ချလာခဲ့တယ်။
အသားအရည်ကဆင်သားရည်လိုကြမ်းထော်နေတဲ့အပြင် ခန္ဓာကိုယ်ကလဲပွယောင်းယောင်းနဲ့ အကျဉ်းတန်လှတဲ့ကောင်က ကျောပေးတဲ့အနေအထားနဲ့ တဟင်းဟင်းညဉ်းတွားနေခဲ့တယ်။
“ သင် ကျုပ်တို့ကို သတိထားမိအောင် လုပ်တာ ဘာအတွက်လဲ၊ ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းပြောနိုင်ပါတယ်”
“ နင်တို့ဒီကိုလာတာ ငါတို့မကြိုက်ဘူး၊ နင်တို့ရွတ်ဖတ်တဲ့အသံတွေကြားရင် ပူလောင်ရတယ်၊ ငါတို့အရင်လိုနေလို့ရအောင် ထွက်သွားပေးကြ”
“ ကျုပ်တို့က သင်တို့ပူလောင်ရလောက်တဲ့ထိ ပြင်းထန်တဲ့အရာတွေကို မရွတ်ဖတ်သေးပါဘူး၊ ကျုပ်တို့က မေတ္တာပို့သတာကိုအဓိက ရွတ်ဖတ်တာပါ”
“ မေတ္တာပို့တာလဲ ငါတို့မကြားချင်ဘူး၊ ဟို ဘုန်းကြီးကိုပြောတော့လဲ သူနဲ့မဆိုင်ဘူးပြောတယ်၊ ဒါကြောင့် ဒီအနီးတစ်ဝိုက်ကို ဘယ်သူမှမလာစေချင်တာ”
“ သင်တို့က သာမန်မေတ္တာပို့သတာကိုတောင် မကြားဝံ့တဲ့ ဂ္ဂိုလ်တွေပါလား၊ ဟင်း ဒီလိုဆိုတော့ ကျုပ်တို့လဲ ဘာမှမတတ်နိုင်တော့ဘူး”
အောင်မြတ်သာက စိတ်မကောင်းတဲ့ မျက်နှာနဲ့ ခေါင်းကိုခါယမ်းပြီး တန်ဆောင်းရှိရာကိုအလှည့် အနောက်မှာရပ်နေတဲ့ အမွှေးရှည်ကောင်ဆီကနေ ကျယ်လောင်တဲ့ တောက်ခတ်သံ တစ်ချက်ထွက်ပေါ်လာခဲ့တယ်။
+++++
ညနေ သုံးနာရီလောက်ရောက်ချိန်မှာတော့ ငှက်ပျောသီးတစ်ခိုင်၊ ဝါးပိုးကျဉ်တောက် နှစ်လုံးနဲ့အတူ မောင်ကောင်းတို့ပြန်ရောက်လာခဲ့ကြတယ်။
“ ဆရာ… ရိက္ခာနဲ့ သောက်ရေ အတွက်အဆင်ပြေပြီဗျ၊ ဒီကနေ နာရီဝက်လောက်သွားရတဲ့နေရာမှာ သီးပင်စားပင်တွေစိုက်တဲ့ လူအချို့နေတယ်၊ သဘောလဲအရမ်းကောင်းတာပဲဗျ”
“ မင်းတို့က သဘောကောင်းတဲ့သူတွေနဲ့ ဆုံလာတာကိုး၊ ဒီမှာတော့ အနှောက်အယှက်ပေးမယ့်သူတွေ အများသား”
“ အနှောက်အယှက်ပေးတော့လဲ နောက်မလုပ်ရဲအောင် ပညာပြန်ပေးလိုက်မှာပေါ့ဆရာရယ်”
“ မောင်ကောင်း…”
“ ဟဲဟဲ ကျွန်တော်က စတာပါဆရာရယ်၊ ဧည့်သည်က အိမ်ရှင်ကို မောင်းမထုတ်ပါဘူး”
“ ညနေကျရင် အဓိဌာန်ပြန်စမှာမို့ လုပ်စရာရှိတာလုပ်ထားကြ”
အောင်မြတ်သာတို့လဲ နေအလင်းရောင်ကျတာနဲ့ စေတီရဲ့ တနင်္ဂနွေထောင့်မှာ မေတ္တာသုတ်တစ်ကြိမ်ကို ပုတီးတစ်လုံးချကာ အပတ်ရေ(၉)ပတ်တိတိစိပ်တဲ့ အဓိဌာန်ကိုစတင်ခဲ့ကြတယ်။
အစပိုင်းမှာတော့ ဘာမှအနှောက်အယှက်မရှိပေမယ့် လေးပတ်မြောက်လောက်မှာတော့ စိတ်ထဲကနေ ရွတ်ဖတ်လို့မရအောင် ငိုသံ၊ ရယ်သံပေးခြင်း၊ ကျောအနောက်ဘက်မှာ ခြေထောက်ဆောင့်ခြင်း၊ အပုတ်နံ့ပေးခြင်းစတဲ့ အနှောက်တွေကြုံလာခဲ့ရတယ်။
အောင်မြတ်သာတို့လဲ ကြုံလာတဲ့အဖျက်တွေကို စိတ်မယိမ်းယိုင်ပဲ သတိကပ်ကာ ကျော်ဖြတ်ခဲ့ရာ ပုတီးအပတ်ရေ(၆)ပတ်မြောက်ထိကို ရောက်လာခဲ့တယ်။ အချိန်ကလဲ တစ်ဖြေးဖြေး ကုန်လာသလို စေတီမှာထွန်းထားတဲ့ ဖယောင်းတိုင်တွေကလဲ ငြိမ်းသွားတာမို့ ပတ်ဝန်းကျင်တစ်ခုလုံး နက်နေအောင် မဲမှောင်နေခဲ့တယ်။ အဲဒီအချိန် အောင်မြတ်သာရဲ့ ပုတီးကြိုးကို တစ်ယောက်ယောက်က ဆွဲထားသလို ခပ်တင်းတင်းဖြစ်သွားတာကို ခံစားလိုက်ရတယ်။
အောင်မြတ်သာလဲ အဖျက်ဝင်ပြီဆိုတာသိတာနဲ့ စိတ်ထဲကနေ မေတ္တာနိုင်နိုင်ပို့ပြီး လက်ညိုးနဲ့ ပုတီးကိုဆွဲချပေမယ့် ဘယ်လိုမှဆွဲမရပဲ တင်းသထက် တင်းနေခဲ့တယ်။ ဒါကြောင့် စိတ်ကိုစုစည်းပြီး အာရုံခံကြည့်လိုက်ရာ တစ်ပေသာသာခန့်ရှိတဲ့ မှင်စာနှစ်ကောင်က ပုတီးရဲ့စေတီခေါင်းထိပ်မှာရှိနေတဲ့ ဝါစိမ်းနီကြိုးစကို ခြေကန်ပြီးဆွဲထားတာမြင်လိုက်ရတယ်။
အဲဒီအချိန်
“ ဆရာ… ကျုပ်တို့ကို ဆုံးမခွင့်ပြုပါ၊ မဟုတ်ရင် ဆရာတို့ကို ဒီထက်ပိုပြီး နှောက်ယှက်လိမ့်မယ်” ဆိုတဲ့ အင်းစောင့်တွေရဲ့အသံက အနောက်ဘက်သုံးတောင်လောက် အကွာကနေ ထွက်လာခဲ့တယ်။
ဒါပေမယ့် အောင်မြတ်သာက လုံးဝခွင့်မပြုပဲ မှင်စာလေးတွေကိုစိတ်ညွှတ်ပြီး မေတ္တာကိုသာ တရစပ်ပို့လွှတ်နေခဲ့တယ်။
မေတ္တာပို့တဲ့အကြိမ်ရေများလာတာနဲ့အမျှ မှင်စာလေးတွေရဲ့လက်က တစ်ဖြေးဖြေး ပျော့လာပြီး တင်းနေတဲ့ပုတီးက အနည်းငယ်လှုပ်ရှားလာခဲ့တယ်။ အောင်မြတ်သာလဲ ကိုယ့်ဘက်ကို ပါလာပြီဆိုတာသိတဲ့အတွက် မေတ္တာပို့တာကို လုံးဝမရပ်တော့ပဲ ဆက်တိုက်ဆိုသလိုပို့လွှတ်ပေးခဲ့တယ်။ အဲဒီအချိန် ခြေကန်ဆွဲထားတဲ့ မှင်စာနှစ်ကောင်က ကြိုးစကိုဆွဲထားတဲ့လက်ကို လွှတ်လိုက်ပြီး
“ ဒီလူတွေနဲ့ဆော့ရတာ ပျော်ဖို့မကောင်းဘူး၊ ကိုယ့်နေရာကိုယ်ပြန်ကြရအောင်” လို့ပြောကာ အနောက်ဘက်လှေကားဆီကို ခုန်ပေါက်ပြီး ထွက်ပြေးသွားခဲ့ကြတယ်။
အဲဒီတော့မှ အောင်မြတ်သာလဲ ကျန်နေတဲ့ အဓိဌာန်ကိုပြီးဆုံးတဲ့ထိ ဆက်လုပ်နိုင်ခဲ့တယ်။ အဓိဌာန်ပြီးလို့ မေတ္တာပို့အမျှဝေတဲ့အချိန်မှာလဲ ခြောက်ကပ်ကပ်အော်ဟစ်သံ၊ တောက်ခတ်သံ၊ ကြိမ်းဝါးသံတွေကို ထပ်ကြားလိုက်ရတယ်။
အမျှဝေပြီးတဲ့ချိန်က ညတစ်နာရီထိုးနေပြီမို့ ဆရာတပည့်တွေလဲ စေတီမှာ ဖယောင်းတိုင်သုံးတိုင်ပူဇော်ပြီး မိမိတို့နေတဲ့ တန်ဆောင်းစီကိုပြန်လာခဲ့ကြတယ်။
“ ဆရာ… ဒီည ဘာမှမဖြစ်ဘူးလား”
ကြမ်းပေါ်မထိုင်ခင်မေးလိုက်တဲ့ ခွန်းလှစကားကြောင့် အောင်မြတ်သာက မော့ကြည့်လိုက်ပြီး
“ မင်းတို့ရော ဘာဖြစ်ကြသေးလဲ”
“ ဘာဖြစ်ရမလဲဆရာရယ်… မှင်စာနှစ်ကောင်က ပုတီးစိပ်မရအောင် ကြိုးကိုအတင်းဆွဲထားတာဗျာ၊ တကယ့်ကိုပေကပ်ကပ်ကောင်တွေ”
“ ဟုတ်တယ်ဆရာ… ကျွန်တော်ဆို နားရင်းထအုပ်ချင်တာ၊ ဆရာပြောထားလို့ စိတ်ကိုမနည်းပြန်ထိန်းလိုက်ရတယ်”
“ နောက်တော့ရော ဘယ်လိုလုပ်လိုက်ကြလဲ”
“ ဒီကောင်တွေက မေတ္တာပို့လဲမရ၊ အမျှဝေလဲမရဖြစ်နေကြတာ၊ နောက်ဆုံး ဆရာ့ဘက်ကနေ အရမ်းအေးမြတဲ့ အအေးဓါတ်တွေထွက်လာသလိုခံစားလိုက်ရတယ်။ အဲဒီချိန်မှာပဲ ဒီကောင်တွေ လက်လွှတ်ပြီး ထွက်ပြေးသွားကြတာ”
“ မောင်ကောင်း… မင်းကရော”
“ ကျွန်တော်လဲ ခွန်းလှလိုပဲ၊ ဆရာဆီကနေ အအေးဓါတ်တစ်ခုကို ခံစားလိုက်ရတယ်။ ဆရာ ဘာလုပ်လိုက်တာလဲ”
“ မေတ္တာပို့လိုက်တာပဲလေ၊ မင်းတို့က သိစိတ်ကနေပဲ မေတ္တာပို့နေကြတယ်၊ ငါက သိစိတ်ရော မသိစိတ်ကနေပါ ပို့လိုက်တာ၊ နားလည်အောင်ပြောရရင် မေတ္တာဓါတ်ကိုတစ်ကိုယ်လုံးခြုံလိုက်တာပဲ”
“ ဒီကောင်တွေက အတော်ကို ခေါင်းမာကြတာပဲနော်၊ ဆရာရှိနေလို့ တော်သေးတာပေါ့”
“ ဒါကပထမရက်ပဲရှိသေးတာ၊ နောက်ထပ်ကျန်တဲ့ ရှစ်ရက်မှာ ဘယ်လိုမျိုးနှောက်ယှက်ကြဦးမလဲမသိဘူး၊ မင်းတို့လဲ ဒီထက်ပိုပြီး မေတ္တာဓါတ်လွှမ်းခြုံနိုင်အောင် ကြိုးစားကြပါ၊ ကဲကဲ အနားယူလိုက်ကြဦး”
အောင်မြတ်သာက မောင်ကောင်းနဲ့ ခွန်းလှကို အနားယူခိုင်းလိုက်ပြီး သူကိုယ်တိုင်လည်း မာကြောကြော ကြမ်းပေါ်ကိုလှဲချလိုက်ပါတော့တယ်။
+++++
“ ဂလုန်း ဂလုန်း ဒုန်း”
သွပ်ချပ်တွေပေါ်ကနေ ထွက်ပေါ်လာတဲ့အသံကြောင့် အိပ်ပျော်နေတဲ့ မောင်ကောင်းနဲ့ ခွန်းလှတို့ ထထိုင်လိုက်တဲ့အချိန် သူတို့ဘေးမှာ တရားထိုင်နေတဲ့ ဆရာဖြစ်သူကို မြင်လိုက်ရတယ်။
“ ခွန်းလှ… ခေါင်မိုးပေါ်မှာ ကြောင်တွေ သောင်းကျန်းနေတာလားမသိဘူး”
“ မဖြစ်လောက်ဘူးနော်အကို… အသံက ဆက်တိုက်ဆိုသလိုထွက်နေတာ၊ နောက်ပြီး ကြောင်အော်သံလဲမကြားမိဘူး”
မောင်ကောင်းနဲ့ ခွန်းလှလဲ အသံတွေဆူညံစွာထွက်ပေါ်နေတာကြောင့် ထိုင်ရာကနေ ထပြီး အပြင်ထွက်ကြည့်လိုက်ရာ နားရွက်ကားကား နှာခေါင်းချွန်ချွန်နဲ့ မှင်စာပေါက်စလေးတွေ ခုန်ပေါက်နေတာ မြင်လိုက်ရတယ်။
မှင်စာပေါက်စတွေက မောင်ကောင်းတို့ကိုမြင်တော့ တစ်ထွာလောက်ရှိတဲ့လျာကိုထုတ်ပြပြီး သစ်ကိုင်းခြောက်တွေနဲ့ ပစ်ပါလေရော။
“ ဒီကောင်တွေ တမင်တကာကိုလုပ်နေတာပဲ၊ ငါလုပ်လိုက်ရ နာတော့မယ်”
မောင်ကောင်းက အံကိုကြိတ်ကာ ကြိမ်းဝါးလိုက်ပြီး မြေကြီးပေါ်မှာကျနေတဲ့ ခဲတစ်လုံးကိုကောက်ယူ လိုက်တဲ့အချိန်
“ ကွိကျိ ကွိကျီ ကွိကျိ” ဆိုတဲ့အသံသေးသေးလေးတွေနဲ့အတူ စေတီဘေးအမှောင်ထုထဲကနေ မှင်စာတွေ အုံလိုက်ကျင်းလိုက် ထွက်လာခဲ့တယ်။
“ ခွန်းလှ… ဒီကောင်တွေ ငါတို့ကို ရန်လိုနေကြတာကွ”
“ ကျွန်တော်လဲရိပ်မိတယ်အကို… အခုဘယ်လိုလုပ်ကြမလဲ”
မောာင်ကောင်းနဲ့ ခွန်းလှက ကျောချင်းကပ်ကာ တီးတိုးပြောလိုက်တဲ့အချိန် မှင်စာတွေက ချွန်မြနေတဲ့လက်သည်းတွေကို ထုတ်ပြီး ရှေ့ကို တစ်ဖြေးဖြေးတိုးလာခဲ့ကြတယ်။
အဲဒီအချိန် တန်ဆောင်းထဲကနေ မျက်စိကြိမ်းမတတ်အလင်းရောင်က အုန်းခနဲ ဖြာထွက်လာခဲ့သလို ရှေ့တိုးလာကြတဲ့ မှင်စာတွေအားလုံး အလင်းရောင်ထွက်တဲ့ဘက်ကို အာရုံရောက်သွားခဲ့တယ်။
မှင်စာငယ်တွေက အလင်းရောင်ကိုလဲမြင်ရော မောင်ကောင်းတို့ရှေ့ကနေ ခွာပြီး တန်ဆောင်းကို ဝိုင်းလိုက်ကြတယ်။
“ အကို… အလင်းရောင်က ဘယ်ကနေ လာတာလဲ၊ ဆရာကလဲ အထဲမှာတရားထိုင်နေတာမဟုတ်လား”
“ ငါလဲသေချာမမြင်ရဘူးကွ၊ အလင်းက အရမ်းစူးတယ်”
နှစ်ယောက်သား ဆလိုက်မီးထိုးသလိုထွက်ပေါ်နေတဲ့ အလင်းရောင်ကို အာရုံစိုက်ကာကြည့်နေတဲ့အချိန် အဖြူရောင်အလင်းတန်းက တစ်ဖြေးဖြေးလှုပ်ရှားလာတာကိုမြင်လိုက်ရတယ်။
“ ဆရာ… ဆရာ ကိုယ်ထဲကနေ ထွက်နေတာပဲ”
မောင်ကောင်းက အံ့ဩစွာရေရွတ်လိုက်တဲ့အချိန် မှင်စာငယ်တွေက အလင်းတန်းရှိရာကို သစ်ကိုင်းခြောက်တွေ၊ ခဲလုံးတွေနဲ့ စတင်ပစ်ပါလေရော။
ထူးဆန်းတာက ပစ်ပေါက်သမျှ အရာတွေအားလုံး တန်ဆောင်းထဲကိုမရောက်ပဲ မှင်စာတွေဘက်ကို ပြန်ကန်ထွက်လာတာပဲ။
သိပ်မကြာခင်အချိန်မှာပဲ တန်ဆောင်းရဲ့ အနောက်ဘက် ဝါးရုံတောကနေ အတန်သင့်ပြင်းထန်တဲ့ လေလှိုင်းတစ်ခု လွင့်စင်လာခဲ့ရာ မှင်စာတွေအားလုံး လေနဲ့အတူ စေတီရဲ့အပြင်ဘက်ကို လွင့်ထွက်ကုန်တယ်။
မောင်ကောင်းတို့လဲ လေတိုက်တာကို လက်နဲ့ကာပြီး ဝါးရုံတောဘက်ကိုကြည့်လိုက်ရာ တုန်တုန်ရီရီနဲ့ လမ်းလျောက်လာတဲ့ ဘုန်းတော်ကြီးတစ်ပါးကိုမြင်လိုက်ရတယ်။
ဘုန်းတော်ကြီးက ဘုရားပရဝဏ်ထဲကိုရောက်တာနဲ့ မှင်စာငယ်တွေကို ကြည့်ပြီး
“ အကုသိုလ်ကောင်တွေ ကိုယ့်နေရာကိုယ်နေကြစမ်း၊ မပြောပဲနေနေတာ အတော်အတင့်ရဲနေကြတယ်” လို့ပြောလိုက်ရာ မှင်စာငယ်လေးတွေအားလုံး ဆူညံစွာအော်ဟစ်ရင်း ခြေဦးတည့်ရာကို ထွက်ပြေးသွားခဲ့ကြတယ်။
“ အရှင်ဘုရား ဘယ်လိုဖြစ်ပြီးကြွလာတာလဲ”
“ ဒကာလေးတို့ အနှောက်အယှက်ဖြစ်နေတာကို ကြားလို့ရောက်လာခဲ့တာ၊ ဘာပဲပြောပြော ဘုန်းကြီးပြောတဲ့စကားအတိုင်း မေတ္တာနဲ့နေပေးတာကို အသိအမှတ်ပြုပါတယ်ကွယ်”
“ ဒီစေတီက အတော်ကိုအနှောက်အယှက်ကြမ်းတာပဲနော်”
“ ဟုတ်တယ် ဒကာလေး… ဒါကြောင့်မို့ ဘယ်သူမှမလာရဲပဲ တိမ်မြုပ်နေတာပေါ့”
မောင်ကောင်းနဲ့ ဘုန်းတော်ကြီးတို့ စကားပြောနေတဲ့အချိန် တန်ဆောင်းထဲကနေ အောင်မြတ်သာထွက်လာကာ
“ အရှင်ဘုရားလဲ တပည့်တော်တို့ကြောင့် အလုပ်ပိုရပီ”
“ မဟုတ်တာ ဒကာလေးရယ်… ဘုန်းကြီးက သူတို့လေးတွေကို မေတ္တာထားပေးဖို့ တောင်းဆိုခဲ့ဖူးတယ်လေ၊ အခုတော့ ဘုန်းကြီးပြောထားတာကို ပြန်ရုတ်သိမ်းရတော့မယ် ထင်တယ်”
“ ဘာဖြစ်လို့လဲဘုရား”
“ ညဦးပိုင်းက ဘုန်းကြီးဆီကို မင်းသမီးနှစ်ပါး ငိုကြီးချက်မနဲ့ရောက်လာခဲ့တယ်၊ သူတို့အနေနဲ့ ဒကာလေးတို့ပေးတဲ့ အမျှအတန်းကိုလဲရကြတယ်တဲ့၊ ဒါပေမယ့် သူတို့ ဒကာလေးတို့ဆီမလာရဘူးပြောတယ်”
“ ဗျာ… ဘာဖြစ်လို့လဲဘုရား၊ တပည့်တော်တို့ ဘယ်လိုပုဂ္ဂိုလ်မဆို ရောက်လာနိုင်အောင် စည်းတွေဖွင့်ထားပေးတယ်လေ”
“ ဘုန်းကြီး သိပါတယ်… အခုဖြစ်နေတာက ကျွဲခလောက်ယက္ခဆိုတဲ့ပုဂ္ဂိုလ်က ဒီအနီးဝန်းကျင်ကို လာမရအောင် ပိတ်ပင်ထားတယ်လို့ပြောတယ်”
“ ကျွဲခလောက်ယက္ခဆိုတာက ဘယ်သူများပါလိမ့်”
“ အရင်က ဒီအနားမှာ ကျွဲခလောက်ရွာဆိုတာရှိတယ်၊ ရွာဆိုပေမယ့် အိမ်ခြေဆယ်ဂဏန်းလောက်ပဲရှိတာ၊ ဘုန်းကြီးလဲ ကျွဲခလောက်ရွာကို နှစ်ခါရောက်ဖူးတယ်၊ တစ်နေ့မှာ နွားကျောင်းသားလေးတစ်ယောက်က မြေကြီးထဲမှာမြုပ်နေတဲ့ ယက္ခရုပ်ထုလေးတစ်ခုကို ကောက်ရခဲ့တယ်လေ၊ အဲဒီရုပ်ထုမှာ အလွန်ဆိုးသွမ်းတဲ့ ယက္ခတစ်ကောင်ရှိနေတယ်ဆိုတာ သူမသိခဲ့ဘူး၊ လိုရင်းပြောရရင် နွားကျောင်းသားလေးရဲ့ လုပ်ရပ်က တစ်ရွာလုံးကို ဒုက္ခရောက်စေခဲ့တယ်။ ရုပ်ထုထဲပါတဲ့ ယက္ခကလဲ ကျွဲခလောက်ရွာမှာရှိတဲ့ သူတွေကို ဖမ်းစားခြောက်စားလုပ်ရင်း တစ်ဖြေးဖြေးအကောင်ကြီးလာခဲ့တယ်။ နောက်ဆုံး ကျွဲခလောက်တစ်ရွာလုံးပျက်ပြီးပြေးရတဲ့အထိပဲ။ အခုဒီကောင်က မင်းသမီးတွေကိုပါ ပြဿနာရှာနေပြီ ဒကာလေး”
“ အခု နှောက်ယှက်နေကြတဲ့သူတွေက ကျွဲခလောက်ယက္ခရဲ့ လက်အောက်ငယ်သားတွေလား”
“ အရင်ကတော့ မင်းသမီးတွေရဲ့ ထိန်းချုပ်မှုအောက်မှာနေကြတဲ့သူတွေပေါ့၊ ဒကာလေးတို့မြင်ရတြဲ မှင်စာငယ်လေးငတွေဆို အရင်ကသိပ်ကိုလိမ်မာကြတာ၊ လပြည့်လကွယ်နေ့တိုင်း မင်းသမီးနှစ်ပါးနဲ့အတူ စေတီသန့်ရှင်းရေးလုပ်လေ့ရှိတယ်၊ အခုတော့ အရမ်းကိုဆိုးသွမ်းနေတာ ဒကာလေးတို့ အမြင်ပဲမဟုတ်လား”
“ တပည့်တော်တောင် တွေးနေမိသေးတယ်၊ အရှင်ဘုရားက ဘာကြောင့် ဒီလောက်ဆိုးသွမ်းတဲ့ ကောင်တွေကို ကာကွယ်ပေးနေသလဲပေါ့၊ အဖြေက အခုမှရှင်းတော့တယ်”
အောင်မြတ်စကားကြောင့် ဘေးမှာရပ်နေတဲ့ မောင်ကောင်းက ရှေ့တိုးလာပြီး
“ အရှင်ဘုရား… ဒါဆိုရင် ဒီကောင်တွေကို မှတ်လောက်အောင် ဆုံးမလို့ရပြီမလား”
“ နောက်တစ်ခါ ထပ်ပြီး နှောက်ယှက်မယ်ဆိုရင် ဒကာလေးတို့ သင့်တင့်ရုံဆုံးမနိုင်ပါတယ်”
“ ဟက်ဟက်… တပည့်တော်က ဒီလိုနေ့မျိုးစောင့်နေတာဘုရား”
မောင်ကောင်းက လက်ဝါးနှစ်ဖက်ကိုပွတ်ပြီး ဝမ်းသာအားရပြောကာ စေတီအနောက်ဘက်ရှိ ထန်းပင်ကို လှမ်းကြည့်လိုက်ပါတော့တယ်။
++++++
ညနေသုံးနာရီခွဲလောက်ရောက်တော့ မောင်ကောင်းနဲ့ ခွန်းလှတို့နှစ်ယောက် ပုတီးစိပ်ကိုယ်စီနဲ့ စေတီဘက်ထွက်သွားလို့ အစောကြီးဘာလုပ်မလို့လဲဆိုပြီးလိုက်ကြည့်ရာ တနင်္လာထောင့်မှာ လူတစ်ထိုင်စာကျယ်တဲ့ စည်းတစ်ခုကိုရေးဆွဲနေတာကိုမြင်လိုက်ရတယ်။
“ မင်းတို့ဒါဘာလုပ်နေကြတာလဲ”
“ ဆရာ အဓိဌာန်ဝင်နေတဲ့ချိန် ဘယ်သူမှ မနှောက်ယှက်ရအောင် လုပ်နေတာပါ”
“ မင်းတို့နှစ်ယောက် ဒီနေ့အရမ်းတက်ကြွနေကြပါလား”
“ မဟုတ်ပါဘူးဆရာရယ်… အရင်နေ့တွေလဲ ဒီလိုပါပဲ”
“ အင်း… ညနေ ငါးနာရီ အဓိဌာန်စကြမယ်၊ ကိုယ်လက်သန့်စင်ထားကြဦး”
“ ဟုတ်ကဲ့ဆရာ”
+++++++
“ ဖလပ် ဖလပ် ဖလပ်”
အဓိဌာန်စပြီး နာရီဝက်လောက်အကြာမှာပဲ ထန်းလက်နှစ်ခုကို ရိုက်နေတဲ့အသံထွက်ပေါ်လာခဲ့တယ်။
“ အလကား လူရှုပ်တွေ၊ ကိုယ့်နေရာကိုယ်ပြန်ကြစမ်း”
“ သူတို့ကိုယ်သူတို့ အထင်ကြီးနေတဲ့သူတွေ” စသဖြင့် ထွက်ပေါ်လာတဲ့အသံတွေကို အောင်မြတ်သာတို့ လစ်လှူရှုပြီး အဓိဌာန်ကိုသာ စိတ်နှစ်ထားခဲ့ကြတယ်။
အသံဗလံတွေထွက်လာပြီး မကြာခင်အချိန်မှာပဲ ပုတီးစိပ်နေတဲ့ကျောနောက်ကနေ ရှိုက်ကြီးတငင်ငိုကြွေးသံတစ်ခုထွက်ပေါ်လာပါ တော့တယ်။ ငိုသံက ခပ်မျှင်းမျှင်းလေး ထွက်ပေါ်လာရာကနေ တစ်ဖြေးဖြေးကျယ်လာပြီး အသံကလဲ နီးကပ်လာခဲ့တယ်။ ဒါပေမယ့် ပုတီးစိပ်နေတဲ့ အောင်မြတ်သာတို့က အနည်းငယ်တောင် လှုပ်ရှားမှုမရှိတာကြောင့် ငိုနေတဲ့အသံကနေ ချက်ချင်းဆိုသလို ဟားတိုက်ရယ်မောတဲ့အသံ အဖြစ်ကို ကူးပြောင်းသွားခဲ့တယ်။
သာမန်လူတွေဆိုရင် လက်ထဲကပုတီးကိုချပြီး ထွက်ပြေးရလောက်တဲ့အနေအထားဖြစ်ပေမယ့် သမာဓိကိုခါးဝတ်ပုဆိုးလိုမြဲမြံအောင်ကျင့်ကြံထားတဲ့ အောင်မြတ်သာတို့အဖို့အတွက် ကလေးကစားစရာလိုသာဖြစ်နေခဲ့တယ်။
အောင်မြတ်သာတို့အနေနဲ့ အဓိဌာန်မပြီးမချင်း နည်းလမ်းအမျိုးမျိုးနဲ့ခြောက်လှန့်နေတဲ့ အဖျက်တွေကို သည်းခံလာခဲ့ရာ ညတစ်နာရီအချိန်ခန့်ကိုရောက်လာခဲ့တယ်။
“ ဂျောက်”
ပုတီးအပတ်ရေ ကိုးပတ်မြောက်ရဲ့ နောက်ဆုံးအလုံးကိုရောက်တဲ့ချိန်မှာတော့ စေတီပတ်ဝန်းကျင်တစ်ခုလုံး မူလအတိုင်းပြန်လည်ငြိမ်သက်သွားပါတော့တယ်။
အောင်မြတ်သာတို့လဲ ပုတီးစိပ်ခြင်းအမှု ပြီးဆုံးပြီမို့ ဝေနေယျသတ္တဝါတွေကို မေတ္တာပို့အမျှတန်းပေးဝေပြီးတာနဲ့ ရင်ပြင်ကိုလက်နဲ့ ဝုန်းခနဲရိုက်ချကာ
“ ဤဘုရားပရဝဏ်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပုဂ္ဂိုလ်အားလုံး ချက်ချင်းအရောက်လာစေ၊ အမိန့်ကိုမနာခံပဲ ဖီဆန်ပါက သက်ဆိုင်ရာ အစောင့်အကြပ်များက ဖမ်းဆီးခေါ်ဆောင်လာစေ” လို့အမိန့်ပေးပြီး တင်ပလ္လင်ခွေထိုင်နေခဲ့ရာ စက္ကန့်ပိုင်းအချိန်အတွင်း ရင်ပြင်တစ်ခုလုံး ပုံသဏ္ဍာန်မျိုးစုံ၊ အရွယ်မျိုးစုံ နာနာဘာဝတွေပြည့်နှက်သွားခဲ့တယ်။
“ ဆရာ… ထန်းပင်ပေါ်ကကောင်နဲ့ မှင်စာတွေ မရောက်သေးဘူးနော်”
မောင်ကောင်းစကားကို အောင်မြတ်သာက ဘာမှမပြောပဲ အဝေးတစ်နေရာကို လှမ်းကြည့်နေရင်း
“ သူတို့က ဘုရားပရ၀ဏ်ထဲမှာ နေတာမဟုတ်ဘူးပဲ” လို့ ရေရွတ်ကာ ဘေးမှာချထားတဲ့ လွယ်အိတ်ထဲကနေ ပိုက်ကွန်သဖွယ် စီမံထားတဲ့ စမတစ်ချပ်ကိုထုတ်ယူလိုက်တယ်။
အောင်မြတ်သာက လက်ထဲမှာပါလာတဲ့ စမကို ညာဘက်ဝါးနဲ့ ဖြောင်းခနဲမြည်အောင် ရိုက်ပြီး လေပေါ်ပစ်တင်လိုက်ရာ ရင်ပြင်ပေါ်မှာရှိနေတဲ့ သူတွေအားလုံး လေစုပ်စက်နဲ့ စုပ်ခံလိုက်ရတဲ့ ဖုန်မှုန့်တွေလို စမထဲကိုရောက်သွားခဲ့ကြတယ်။
“ မောင်ကောင်း၊ ခွန်းလှ…. အခုကစပြီး ရင်ပြင်ပေါ်ကို တက်လာတဲ့ ဘယ်လိုသတ္တဝါမဆို လောင်မီးကွန်ချာအင်းနဲ့ ဆွဲဖမ်းပေတော့”
အောင်မြတ်သာစကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှလဲ လောင်မီးကွန်ချာအင်း နှစ်ရွက်စီထုတ်လိုက်ပြီး မုဒ်လေးခုရဲ့ အလယ်မှာ တစ်ရွက်စီချထားခဲ့ကြတယ်။
အောင်မြတ်သာကတော့ စူးရှတဲ့မျက်လုံးတွေနဲ့ အမှောင်ထုထဲကို စိုက်ကြည့်ရင်း နှုတ်ကနေ ဂါထာတစ်ပုဒ်ကိုရွတ်လိုက်တဲ့အချိန်
“ ညောင်… ညောင်”
ရုတ်တရက်ဆိုသလို ကြောင်အော်သံတွေက စေတီပတ်ပတ်လည်ကနေ ထွက်လာပါလေရော။
“ ဆရာ… အမှောင်ထဲမှာ မျက်လုံးနီနီတွေအများကြီးပါလား”
“ အဲဒါမှင်စာတွေပဲ မောင်ကောင်း၊ သူတို့ရဲ့နောက်မှာ ကျွဲခလောက်ယက္ခသေချာပေါက်ရှိနေလိမ့်မယ်”
အောင်မြတ်သာစကားမဆုံးခင်မှာပဲ အညိုရောင်အဆင်းရှိတဲ့ ကြောက်တစ်ကောင်က လောင်မီးကွန်ချာအင်းချထားတဲ့နေရာကို ခုန်ချလာခဲ့တယ်။
“ ဝုန်း… ဂီး ဂီး”
ကြောင်ရဲ့ခြေထောက်က ရင်ပြင်ကိုထိတာနဲ့ အပြာရောင်မီးတောက်တွေ ဟုန်းခနဲထတောက်ပြီး အနောက်ကို လွင့်ထွက်သွားခဲ့တယ်။
ထိုအချိန်မှာပဲ မရေမတွက်နိုင်အောင် များပြားတဲ့ ကြောင်တွေက အနီးအနားမှာရှိတဲ့သစ်ပင်တွေပေါ်ကနေ ရင်ပြင်ပေါ်ကို ခုန်ချလာပါလေရော။ ဒါပေမယ့် ခုန်ချလာတဲ့ကြောင်တွေအားလုံး ခြေချရာနေရာမှာပဲ ဗိုင်းခနဲပစ်လဲကျသွားတာကို မြင်တွေ့လိုက်ရတယ်။
“ ဆရာ… လောင်မီးကွန်ချာအင်းစက်ကွင်းထဲ ရောက်တဲ့ကြောင်တွေအကုန် မှင်စာအသွင်ပြောင်းကုန်ပြီ”
ခွန်းလှက အံ့ဩစွာပြောရင်း အောင်မြတ်သာအနားကို တိုးကပ်လာခဲ့တယ်။
“ ဆရာ… ဟိုမှာကြည့်ပါဦး”
မောင်ကောင်း လက်ညိုးညွှန်ပြတဲ့နေရာကို ကြည့်လိုက်ရာ ရင်ပြင် အနောက်ဘက် အမှောင်ထုထဲမှာ အမွှေးရှည်ရှည် နာနာဘာဝကောင်တွေအထပ်ထပ် ဝန်းရံထားတဲ့ အရိပ်မဲတစ်ခုကို လရောင်အောက်မှာမြင်လိုက်ရတယ်။
“ အဲဒီကောင်က ကျွဲခလောက်ယက္ခပဲ… ဒီကောင်ကို အလွတ်ပေးလို့မရဘူး”
အောင်မြတ်သာက လွယ်အိတ်ကို ဆတ်ခနဲဆွဲယူပြီး အထဲကနေ မိုင်းကိုင်စက္ကူအချို့ကို ထုတ်ယူကာ “ဂငယ်” ပုံစံပြန့်ချဲချလိုက်တယ်။
အင်းကွက်တွေရေးဆွဲထားတဲ့ မိုင်းကိုင်စက္ကူတွေက တစ်ချပ်နဲ့တစ်ချပ် သံလိုက်ကပ်သလိုဆွဲ ကပ်သွားရာကနေ ဒူးတစ်ဖက်ထောင် ဒူးတစ်ဖက်လှဲ သဏ္ဍာန်ရှိတဲ့ ယက္ခတစ်ကောင်ရဲ့ပုံရိပ်အဖြစ် ပြောင်းလဲသွားပါတော့တယ်။
အောင်မြတ်သာလဲ အင်းကွက်တွေကနေ ဖြစ်တည်လာတဲ့ ယက္ခပုံကိုလက်ညိုးထိုးပြီး အသက်သွင်းဂါထာကို ရွတ်ဖတ်လိုက်ရာ အင်းကွက်တွေကြားထဲကနေ မာန်ဟုန်ပြင်းထန်တဲ့ ယက္ခတစ်ကောင် ဝုန်းဒိုင်းကျဲကာ ထွက်လာပါတော့တယ်။
အောင်မြတ်သာဖန်တီးထားတဲ့ ယက္ခကိုမြင်တာနဲ့ အခြားသော နာနာဘာဝတွေအားလုံး ခေါင်းတောင်မဖော်နိုင်ပဲ ဝပ်ဆင်းခဲ့ကြပေမယ့် ဆင်သားရည်မှာ ပင်အပ်တွေ စိုက်ထားသလို ဖြစ်နေတဲ့ နာနာဘာဝတွေကတော့ ကော့တက်နေတဲ့ အစွယ်တွေကိုဖြဲကာ ပြန်လည်မာန်ထောင်နေတာ မြင်လိုက်ရတယ်။
ဒါကိုမြင်တဲ့ အင်းယက္ခက လက်ထဲကိုင်ထားတဲ့ သန်လျက်ကိုဝင့်ကာ လွှားခနဲခုန်ဝင်သွားခဲ့တယ်။ နာနာဘာဝတွေရဲ့အော်ဟစ်သံ၊ အင်းယက္ခရဲ့ ကြုံးဝါးသံတွေက စေတီပတ်ဝန်းကျင်တစ်ခုလုံး ဆူညံသွားသလို အင်းယက္ခရဲ့ သန်လျက်ကြောင့် လဲကျသွားတဲ့ နာနာဘာဝတွေရဲ့ အော်ဟစ်ညဉ်းတွားသံတွေလဲ ထွက်ပေါ်လာခဲ့တယ်။
အဲဒီအချိန် အရှိန်ပြင်းတဲ့ လျှပ်စီးတန်းတစ်ခုက အင်းယက္ခရဲ့ ရင်ဘတ်တည့်တည့်ကို စူးဝင်လာတာကြောင့် အနောက်ကို အနည်းငယ် ယိုင်ကျသွားခဲ့တယ်။
အောင်မြတ်သာလဲ လျှပ်စီးတန်းလာတဲ့ဘက်ကို ကြည့်လ်ုက်ရာ ခက်ထန်ကြမ်းတမ်းတဲ့ရုပ်သွင်ရှိပြီး ခန္ဓာကိုယ်မှာလဲ လက်လေးဖက်ပါတဲ့ ယက္ခတစ်ကောင် ရှေ့ကိုခုန်ထွက်လာခဲ့တယ်။
“ ဆရာ… ဒီကောင်က ကျွဲခလောက်ယက္ခပဲဖြစ်ရမယ်”
“ သူ့ပုံစံက အခြားယက္ခမျိုးနွယ်တွေနဲ့မတူပါလား”
မောင်ကောင်းနဲ့ ခွန်းလှစကားကြောင့် အကဲခတ်ကြည့်လိုက်ရာ သာမန်အဆင့်နိမ့်ယက္ခတွေထက် ကိုယ်ရောင်ကိုယ်ဝါတောက်ပနေတာ သတိထားမိခဲ့တယ်။
အောင်မြတ်သာလဲ လျှပ်စီးဒဏ်ကြောင့် အနောက်ကိုလန်ကျသွားတဲ့ အင်းယက္ခကို ပြန်လည်သိမ်းယူပြီး
“ သက်ဆိုင်ရာပုဂ္ဂိုလ်များ ဒီယက္ခကို ဖမ်းချုပ်ထားစမ်း” လို့အမိန့်ပေးလိုက်ရာ မြေကြီးအောက်ခြေကနေ အနီရောင်ကြိုးတွေ ထွက်လာပြီး ခြေထောက်ကိုရစ်ပတ်ထားခဲ့တယ်။
ဒါပေမယ့် ကျွဲခလောက်ယက္ခက ခြေထောက်ကို အတင်းရုန်းလိုက်ရာ ရစ်ပတ်ထားတဲ့ ကြိုးစတွေအကုန် ပြတ်ထွက်ကုန်တယ်။
“ ဒီကောင်က ဘုမ္မစိုးနတ်ကြိုးအနှောင်အဖွဲ့ကိုတောင် ရုန်းထွက်နိုင်ပါလား၊ ထူးဆန်းလိုက်တာ”
ဒီတစ်ခါတော့ အောင်မြတ်သာ အံ့ဩသွားခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအနှောင်အဖွဲ့နဲ့ ချုပ်နှောင်တာ ခံရတဲ့သူတွေက ရုန်းထွက်ဖို့နေနေသာသာ တုပ်တုပ်မျှပင် လှုပ်လို့မရတာကို ဒီကောင်က ပြတ်ထွက်တဲ့ထိ ရုန်းထွက်နိုင်ခဲ့လို့ပဲ။
“ ဆရာ… သတိထား”
မောင်ကောင်းရဲ့ စကားအဆုံးမှာ ကျွဲခလောက်ယက္ခက အောင်မြတ်သာရှိရာကို ခြေစုံပစ်ခုန်ဝင်လာခဲ့တယ်။
ဒီတစ်ခါတော့ အောင်မြတ်သာရှေ့ကနေ မှန်ခုံးကဲ့သို့ ဒိုင်းကာတစ်ခုပေါ်လာပြီး ကျွဲခလောက်ယက္ခလဲ အနောက်ကို လွင့်ထွက်သွားခဲ့တယ်။
“ ဆရာကိုကာကွယ်ကြ… မကောင်းဆိုးဝါးကောင်ကို သုတ်သင်ကြ” ဆိုတဲ့အသံနဲ့အတူ အင်းစောင့်ဆေးစောင့်တွေရှေ့ကနေ ထွက်ပေါ်လာခဲ့တယ်။
ကျွဲခလောက်ယက္ခလဲအလစ်ငိုက်ခံလိုက်ရတာမို့ လဲကျနေရာကနေ လူးလဲထလိုက်ပြီး မဲနက်နေတဲ့အစွယ်တွေပေါ်အောင် မာန်ဖီရင်း လက်မှာကိုင်ထားတဲ့ လှံတံနဲ့ပစ်လွှတ်လိုက်တယ်။
လှံတံရဲ့အရှိန်က အလွန်မြန်တာကြောင့် လျှပ်စီးကြောင်းတစ်ခုကိုသာမြင်လိုက်ရပြီး “ ထန်း” ဆိုတဲ့အသံနဲ့အတူ လှံတံကဘေးကိုလွင့်ထွက်သွားခဲ့တယ်။
ကျွဲခလောက်ယက္ခလဲ သူ့လက်နက်ကို တားဆီးနေတဲ့ အင်းစောင့်ဆေးစောင့်တွေကို စူးစူးရဲရဲကြည့်ကာ လက်ကိုဖြန့်လိုက်တယ်ဆိုရင်ပဲ လွင့်စင်သွားတဲ့ လှံတံက လက်ထဲပြန်ရောက်လာခဲ့တယ်။
“ ဆရာ… သူ့ကို ဘာမှမလုပ်တော့ဘူးလား”
မောင်ကောင်းရဲ့ မချိတင်ကဲအသံကြောင့် အောင်မြတ်သာက ခေါင်းခါပြပြီး
“ သူ့မှာ မုန်းတီးစိတ်တွေပြင်းထန်နေတယ်၊ နောက်ပြီး သူ့ရဲ့အစွမ်းက ဒီနေရာမှာ ပိုပြီးထက်မြက်နေတာကို သတိထားမိတယ်။ ဒါကြောင့် ဒီစေတီနဲ့တစ်နည်းနည်းပတ်သတ်နေသလားလို့ သံသယဝင်မိတယ်” လို့ပြောလိုက်တဲ့အချိန် စေတီရဲ့မြောက်ဘက် တံခွန်တိုင်ဘေးကနေ မဝံ့မရဲထွက်လာတဲ့ မိန်းကလေးနှစ်ယောက်ကို မြင်လိုက်ရတယ်။
မိန်းကလေးနှစ်ယောက်က အောင်မြတ်သာကို ကြည့်လိုက် ကျွဲခလောက်ယက္ခကို ကြည့်လိုက်နဲ့လုပ်ပြီး
“ ဒီနေရာကို ဘယ်လိုသူတော်ကောင်းမျိုးမှ မလာရဲအောင်လုပ်နေတာ တော်သင့်ပြီလို့ ထင်ပါတယ် စန္ဓရမင်းသား” လို့ပြောလိုက်ရာ ကျွဲခလောက်ယက္ခက စားမတတ်ဝါးမတတ် အကြည့်တွေနဲ့ကြည့်ပြီး
“ နင်တို့က ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ရှေ့ပေါ်လာခဲ့တာလဲ ဟမ်”
“ ဒီတစ်ခါ ငါတို့မထွက်ရင် နောက်ထပ် ဘယ်တော့မှ နင့်ရှေ့ထွက်ရဲမှာမဟုတ်ဘူး၊ ငါတို့တည်ခဲ့တဲ့ စေတီကိုလဲ ဘယ်သူမှ ထပ်ပြီးလာတော့မှာ မဟုတ်ဘူး၊ ဒါကြောင့် ထွက်လာခဲ့တာပဲ”
မိန်းကလေးနှစ်ယောက်ရဲ့စကားကြောင့် အောင်မြတ်သာက ဘေးကိုလှည့်ကြည့်လိုက်ပြီး
“ သင်တို့က နန်းဦးစေတီကို တည်ခဲ့တဲ့ မင်းသမီးနှစ်ပါးများလား”
“ ဟုတ်ပါတယ်… ကျုပ်တို့က စေတီတည်မင်းသမီး နှစ်ပါးပါ”
“ ဒါဆို ဒီပုဂ္ရိုလ်က ဘယ်သူလဲ၊ သင်တို့နဲ့ဘယ်လိုပတ်သတ်နေတာလဲ”
“ သူက ဘုရင့်စစ်သူကြီးရဲ့သား စန္ဒရမင်းသားပဲ၊ လူ့ဘဝထဲက စိတ်ကြမ်းလူကြမ်းနဲ့မို့ သူလာရင် အကုန်ကြောက်ရွံ့ခဲ့တာ၊ ကျွန်မတို့ဘုရားတည်တော့ ဒီနေရာမှာ ခံတပ်ဆောက်ဖို့ အကြံပေးသေးတယ်၊ သူ့အကြံမအောင်မြင်တော့ ကျွန်မတို့ကို ရန်ငြိုးထားတော့တာပဲ၊ လူ့ဘဝကုန်ဆုံးတော့ သူ့ရဲ့ စိတ်သန္တန်အရ အခုလိုဘဝမျိုးရောက်ခဲ့သလို ကျွန်မတို့ကလဲ ဒီစေတီကိုရောက်လာခဲ့တယ်”
“ ကျုပ်သဘောပေါက်ပြီ… ဒါကြောင့်ဦးမာဂကြီးက ဒီကိုလာခိုင်းတာကိုး၊ အခု မင်းသမီးတွေက စေတီတည်တဲ့အလှူရှင်တွေဖြစ်လို့ စိတ်ထဲမှာ ဘယ်လိုတွေစိတ်ကူးရှိပါသလဲ၊ သင်တို့ကို အမြဲတမ်းဟန့်တားနှောက်ယှက်နေတဲ့ ဒီပုဂ္ဂိုလ်ကို နှစ်သက်လက်ခံပါသလား”
“ အို… ဘယ်လိုမှ လက်သင့်မခံနိုင်ပါဘူး”
“ ဒါဆိုရင် ကျုပ်တို့က သင်တို့ရဲ့ဆန္ဒအတိုင်း ဖြစ်မြောက်အောင်ကူညီပေးပ့ါမယ်”
အောင်မြတ်သာက မင်းသမီးနှစ်ပါးစီကနေ ခွင့်ပြုချက်တောင်းပြီးတာနဲ့ လွယ်အိတ်ထဲမှာပါလာတဲ့ ဒေဝယက္ခစမလေးရွက်ကိုထုတ်ကာ လေပေါ်ပြန့်ကျဲချလိုက်တယ်။
စမလေးရွက်က လေပေါ်ရောက်တာနဲ့ ကျွဲခလောက်ယက္ခရှိရာအရပ်ကို လှစ်ခနဲပျံထွက်သွားပြီး ဦးခေါင်းပေါ်ရောက်တာနဲ့ စမထဲကနေ လေးမျိုးသောလက်နက်တွေကိုင်ဆောင်ထားတဲ့ ယက္ခလေးပါး ထွက်ပေါ်လာခဲ့တယ်။
ကျွဲခလောက်ယက္ခကလဲ သူ့အပေါ်မှာမိုးထားတဲ့ ဒေဝယက္ခလေးပါးကို အောက်ကနေ လျှပ်စစ်ကဲ့သို့ မြန်ဆန်တဲ့ လှံတံနဲ့ပစ်ပြီး စတင်တိုက်ခိုက်ပါလေရော။
ဒေဝယက္ခတွေကလဲ နည်းနည်းလေးမှ အလွတ်မပေးပဲ လှံတံကို ကာလိုက်၊ ပုတ်ထုတ်လိုက်နဲ့ ခုခံနေခဲ့တယ်။ တစ်ကြိမ်မှာတော့ ဒေဝယက္ခလေးပါး စုပေါင်းပစ်လွှတ်လိုက်တဲ့ ရွှေပုဆိန်က ကျွဲခလောက်ယက္ခရဲ့ ညာဘက်ပုခုံးမှာစိုက်ဝင်သွားပြီး အနောက်ကို ယိုင်ကျသွားခဲ့တယ်။
ဒီအခွင့်အရေးကိုစောင့်နေတဲ့ အင်းစောင့်တွေက ယိုင်ကျသွားတဲ့ ကျွဲခလောက်ယက္ခရဲ့ ခြေတွေလက်တွေကို ကြိုးကွင်းပစ်ဖမ်းပြီး လေးဘက်လေးတန်ကနေ ခပ်တင်းတင်းဆွဲဖမ်းထားလိုက်ကြတယ်။
“ ငမိုက်သား… အခုထိ အညံ့မခံသေးဘူးလားဟဲ့”
ဒေဝယက္ခလေးပါးက မာန်ပါပါကြုံးဝါးပြီး လက်ကိုင်ရိုးအရှည်တပ်ထားတဲ့ ပုဆိန်နဲ့ ဦးခေါင်းကို အားကုန်လွှဲခုတ်ဖို့ ရွယ်လိုက်တဲ့အချိန်…
“ မလုပ်ပါနဲ့… အရှုံးပေးပါပြီ၊ ချမ်း ချမ်းသာပေးပါ” ဆိုတဲ့အသံထွက်လာခဲ့တယ်။
အဲဒီတော့မှ အောင်မြတ်သာလဲ ကျွဲခလောက်ယက္ခကိုင်ဆောင်ထားတဲ့ လှံတံလေးလက်ကို ဖြုတ်သိမ်းခိုင်းပြီး စေတီပေါ်က တံခွန်တိုင်မှာ သိမ်ကိုးသိမ်ဝင် ချည်မန်းကြိုးနဲ့ တုပ်နှောင်ကာ ဖမ်းချုပ်ထားခဲ့လိုက်တယ်။
မင်းသမီးနှစ်ပါးကတော့ ကျွဲခလောက်ယက္ခကို ဒီအရပ်ဒေသကနေ နှင်ထုတ်ပေးဖို့ တောင်းဆိုတာကြောင့် အောင်မြတ်သာက ဆိုင်ရာပိုင်ရာပုဂ္ဂိုလ်တွေကို အကူညီတောင်းကာ လူသူမရောက်တဲ့ တောအုပ်တစ်ခုထဲမှာ အချိန်ကာလတစ်ခုထိ ပိတ်လှောင်ဖို့ အမိန့်ပြန်ပေးခဲ့တယ်။
ကျွဲခလောက်ယက္ခ ရှုံးနိမ့်သွားတာကြောင့် သူ့ရဲ့ ငယ်သားတွေအဖြစ်ခံယူထားတဲ့ မှင်စာတွေနဲ့ အခြားသော နာနာဘာဝတွေလဲ မင်းသမီးနှစ်ပါးရဲ့ အမိန့်ကိုနာခံဖို့ ပြန်လည်ခိုလှုံလာခဲ့တယ်။
အောင်မြတ်သာလဲ မင်းသမီးတွေလက်အောက် ရောက်လာတဲ့ နာနာဘာဝတွေကို နောက်ထက် သစ္စာမဖောက်ဖို့မှာကြားပြီး သစ္စာရေတိုက်ကာ ကတိတောင်းခံပေးခဲ့လိုက်တယ်။
အဲဒီတော့မှ မင်းသမီးနှစ်ပါးရဲ့ မျက်နှာမှာ ပျော်ရွှင်တဲ့အရိပ်အယောင်တွေပေါ်ပေါက်လာပြီး ဒီစေတီမှာအမြဲတမ်းနေဖို့အတွက် နန်းဆောင် ဆောက်လုပ်ပေးပါလို့ တောင်းဆိုခဲ့တာကြောင့် မင်းသမီးနှစ်ပါးနဲ့ဆက်နွယ်နေတဲ့ ပဌာန်းဆက်တွေကို စေတီကိုရောက်အောင်ခေါ်ဆောင်ပါလို့ အကြံပေးအပ်ခဲ့တယ်။
ဒီကိစ္စတွေဖြစ်ပြီး သုံးနှစ်လောက်အကြာမှာတော့ မင်းသမီးနှစ်ပါးရဲ့ ပဌာန်းဆက်တွေက နန်းဦးစေတီရဲ့ရင်ပြင်မှာ လွန်စွာမှလက်ရောမြောက်တဲ့ ရုပ်ထုနှစ်ခုကို ထုလုပ်ခဲ့ကာ စေတီကိုလဲ ရွှေရောင်တဝင်းဝင်း ဖြစ်အောင် ပြန်လည်မွမ်းမံပေးခဲ့ကြတယ်။
ယခုအခါမှာတော့ နန်းဦးစေတီရဲ့ပရ၀ဏ်ထဲမှာ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိနေပြီး စေတီပတ်ပတ်လည်မှာလဲ လူနေအိမ်တွေနဲ့ စည်းကားတဲ့နေရာတစ်ခုဖြစ်နေခဲ့ပါပြီ။
နန်းဦးစေတီရဲ့ထူးခြားချက်က မိန်းကလေးတွေ အဓိဌာန်ဝင်ပြီးဆုတောင်းရင် ချက်ချင်းပြည့်တယ်ဆိုတာပဲ။
ဒါပေမယ့် မြို့ပေါ်ကလူတွေကိုမေးရင် ဆယ်ယောက်မှာ ကိုးယောက်လောက်က နန်းဦးစေတီကိုမရောက်ဖူးကြဘူး။ ဒါကြောင့် နန်းဦးစေတီကနေ ကပ်ကျော်နန်းဦးစေတီလို့ အမည်တွင်လာခဲ့ပါတော့တယ်။
အောင်မြတ်သာတို့လဲ နန်းဦးစေတီက အနှောက်အယှက်တွေကို ရှင်းလင်းပေးပြီးတဲ့နောက် မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းမှာရှိတဲ့ စမ္ပါန်နဂိုရ်မြို့ဟောင်းတစ်ခုကိုရောက်လာခဲ့ကြတယ်။
ထိုအချိန်က မြို့ဟောင်းနေရာမှာ တောကြီးမျက်မည်းအဖြစ်ရှိနေပြီး အစောင့်အကြပ်၊ အနှောက်အယှက်တွေလဲ အရမ်းပေါများနေတဲ့ ကာလဖြစ်ခဲ့တယ်။
အောင်မြတ်သာတို့ဆရာတပည့်တွေအနေနဲ့ စမ္ပါန်နဂိုရ်မြို့ဟောင်းကို ဘယ်လို ဘယ်ပုံ ရောက်လာခဲ့ကြသလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် စမ္ပါန်နဂိုရ်မြို့ဟောင်းဆိုတဲ့ ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)