အောင်မြတ်သာနှင့်ကလိန်ငါးဆင့်တောင်

Posted on

အောင်မြတ်သာနှင့်ကလိန်ငါးဆင့်တောင်
စာရေးဆရာ -ဇေယန(ရာမည)

ကျေးငှက်သရကာတို့ရဲ့ အော်မြည်သံအချို့မှအပ တိတ်ဆိတ်ငြိမ်သက်နေတဲ့ မဟာမြိုင်တောအတွင်းထဲကို ယောဂီဝတ်စုံဝတ်ဆင်ထားတဲ့ လူတစ်ယောက်ဝင်ရောက်လာခဲ့တယ်။

သူ့ရဲ့ခြေလှမ်းတွေက တည်ငြိမ်နေပြီး ရုပ်သွင်ကလဲ အေးမြတဲ့သဘောကိုဆောင်နေခဲ့တယ်။ သူ့ရဲ့ဘေးပတ်ပတ်လည်မှာတော့ တောကောင်ငယ်လေးတွေက ဆော့ကစားပြီး လိုက်ပါလာခဲ့တယ်။

အဲဒီလူက တောအတွင်းတစ်နေရာမှာရှိတဲ့ ညောင်ပင်နဲ့သပြေပင်ခြေရင်းကိုရောက်တော့
” အထက်ဆရာကြီးတွေရဲ့ ခွင့်ပြုချက်နဲ့ သင်တို့နှစ်ယောက်ကို ခေတ္တလာခေါ်တာဖြစ်တယ်။ ဒါကြောင့် သင်တို့ တရားဖြုတ်ပြီးတဲ့အချိန် ကျုပ်ဆီလာခဲ့ကြပါ”လို့ပြောပြီး ကျောက်တုံးတွေပေါလောမျောနေတဲ့ စမ်းချောင်းရှိတဲ့ဘက်ကိုထွက်သွားခဲ့တယ်။

အချိန်အနည်းငယ်ကြာတော့ ကျောပေးထားတဲ့အနောက်ဘက်ကနေ ခြေသံကြားလို့ လှည့်ကြည့်လိုက်ရာ ဖြူဝင်းတဲ့အသားအရည်တွေကိုပိုင်ဆိုင်ထားတဲ့ အဖိုးအိုနှစ်ယောက်ကိုမြင်လိုက်ရတယ်။

” မတွေ့တာအတော်ကြာခဲ့ပြီနော် ဆရာ”
” ဟုတ်ပါ့… သင်တို့တောင် ရုပ်သွင်အတော်ပြောင်းလဲသွားကြတာပဲ”
” ကျွန်တော်တို့နှစ်ယောက် ဆရာကိုမျက်နှာမပြဝံ့ပါဘူး”
” ဟင် ဘာဖြစ်လို့လဲ”
” ဆရာက ထွက်ရပ်လမ်းကိုသွားလိို့ရတဲ့ အကျင့်ကိုသင်ကြားပေးခဲ့ပေမယ့် ကျွန်တော်တို့ပြီးဆုံးတိုင်အောင် မကျင့်ကြံနိုင်ခဲ့ဘူး”
” လက်စသတ်တော့ ဒါကြောင့် မျက်နှာမပြဝံ့ဘူးပြောနေတာကိုး… အခုလို အခြေအနေဖြစ်တော့ရော ဘာအရေးလဲ၊ သင်တို့နှစ်ယောက် ကျင့်ကြံခဲ့တဲ့ စွမ်းအားတွေက နောင်တစ်ချိန်အကျိုးရှိလာမှာပါ။ အခုတော့ လူ့ပတ်ဝန်းကျင်ကို ခေတ္တပြန်ဝင်ဖို့ ကျုပ်နဲ့လိုက်ခဲ့ပါ”
” ကျွန်တော်တို့က အရင်ကလို ဆရာ့အနောက်လိုက်ရတော့မှာလား”
” ဒီလိုလဲမဟုတ်ဘူး… သင်တို့နှစ်ယောက်ကို ခေတ္တအနေနဲ့ ပြန်ခေါ်တာဖြစ်လို့ လက်ရှိရင်ဆိုင်ရမယ့် ပြဿနာတွေပြီးရင် ကိုယ့်နေရာကိုယ်ပြန်ကြရမှာပါ”
” ဘာလိုပဲဖြစ်ဖြစ် ဆရာနဲ့လိုက်ပါပြီး တာဝန်ထမ်းခွင့်ရလို့ ကျေနပ်မိပါတယ်။ ဒါနဲ့ ကျွန်တော်တို့က ဒီရုပ်သွင်အတိုင်း လိုက်ပါရမှာလား”
” သမာဓိပျက်ကုန်းပေါ်ကိုရောက်တာနဲ့ အသက်ငါးဆယ်အရွယ်ရုပ်သွင်ကိုပြောင်းလဲဖို့လိုမယ်။ အခုကအချိန်လဲသိပ်မရတာမို့ ပြန်ထွက်ကြရအောင်”

ယောဂီဝတ်စုံဝတ်ထားတဲ့ လူရဲ့စကားအဆုံးမှာ ဘေးမှာဆော့ကစားနေကြတဲ့ တောကောင်ငယ်လေးတွေက အလိုက်သိစွာနဲ့ အဝေးကိုထွက်ပြေးသွားခဲ့ကြတယ်။

မကြာမီအချိန်အတွင်းမှာပဲ မဟာမြိုင်တောအတွင်းမှာရှိနေတဲ့လူသုံးယောက်က စည်းချက်ညီတဲ့ခြေလှမ်းတွေနဲ့အပြင်ကိုထွက်သွားခဲ့ကြတယ်။
+++++
” ဟိတ် အစွဲကောင် နင်ဘာလို့ ကာယကံရှင်ကို သေကြေစီးပွားပျက်အောင်လုပ်ထားတာလဲ ဟမ်”

အောင်မြင်လှတဲ့အသံဩဩနဲ့မေးလိုက်တာကြောင့် တုန်တုန်ရီရီနဲ့ဝင်ပူးနေတဲ့သူက မေးတဆတ်ဆတ်ရိုက်ပြီး
” သူများခိုင်းလို့လုပ်ရတာပါ… သူ့ကိုသိလဲမသိပါဘူး”
” တယ် ဒီကောင်မကတော့ ငါလုပ်လိုက်ရ သေတော့မယ်၊ အခုချက်ချင်း နင်လုပ်ထားတာတွေ ပြန်ယူသွားစမ်း”
” မလုပ်ပါနဲ့ ကြောက်ပါပြီ … အကုန်ပြန်ယူသွားပါ့မယ်”
ကတုန်ကယင်ဖြစ်နေတဲ့ အစွဲကောင်က သူ့ကိုယ်သူလက်နဲ့သပ်ချပြီး ကိုယ်ထဲမှာရှိနေတဲ့ စက်တွေကိုသိမ်းယူနေတဲ့အချိန် ရှေ့မှာထိုင်နေတဲ့သူက မျက်မှောင်ကျုံ့လိုက်ပြီး
“ကုန်ပြီလားဟ”
” ကုန်ပါပြီဆရာ”
” ငါ့ကိုတောင် လိမ်ညာဝံ့တဲ့ ဒီကောင်မကို မထနိုင်အောင် ရိုက်နှိက်ကြစမ်း”
” အမလေး သေပါပြီတော်…. ကြောက်ပါပြီ မလိမ်တော့ပါဘူး ရပ်ပေးပါတော့”
” အင်းစောင့်တွေ ခဏရပ်လိုက်… ပြောစမ်း ဘာတွေကျန်နေသေးလဲ”
” အိမ်ဦးတိုင်အောက်မှာမြုပ်ထားတဲ့ သင်္ချိုင်းမြေအထုပ်ကိုတူးရပါမယ်၊ ပြီးရင် အိမ်လှေကားအောက်မှာမြုပ်ထားတဲ့ ဆံပင်ချည်တွေကိုဖော်ရပါမယ်”
” အဲဒါအကုန်ပဲလား.. လိမ်ညာရင် ပါးစပ်ကိုဆွဲဖြဲပြီး ငရဲမီးနဲ့မြိုက်ပစ်မှာ”
” မလိမ်ဝံ့တော့ပါဘူးဆရာရယ်… အစက မသိလို့ လိမ်ညာပြီးပြောမိတာကို ခွင့်လွှတ်ပေးပါ”
” နောက်ထပ်ဒီလူကို မနှောက်ယှက်ဖို့ သစ္စာရေတော့သောက်ရလိမ့်မယ်”
” သောက်ပါ့မယ် ဆရာ… ပညာတော့ မသိမ်းလိုက်ပါနဲ့ရှင်၊ ကျွန်မတို့က ဒီပညာနဲ့ လုပ်ကိုင်စားသောက်နေရတော့ အခြားဘာမှမလုပ်တတ်တော့လို့ပါ”
” ဒီနယ်တစ်ခွင်မှာ ငါရှိနေသရွေ့ မင်းသတိထားပြီးနေ… နောက်ထပ်ကြားလို့ကတော့ ဒီထက်ပိုနာမယ်၊ အခုတော့သစ္စာလိုက်ဆိုဖို့ပြင်”
ဝင်ပူးနေတဲ့အစွဲလဲ ရှေ့ကနေအမိန့်ပေးလိုက်တဲ့သူရဲ့စကားကိုမလွန်ဆန်နိုင်ပဲ သစ္စာရေသောက်ကာ ထွက်သွားခဲ့တယ်။

” အိမ်ရှင်တွေ ကျုပ်ကိုပြောထားတဲ့ကတိအတိုင်း ခြေကြွခပေးပေတော့”
” ပေးပါ့မယ်ဆရာရယ် ဆရာတောင်းထားတာထက်ကိုပိုပေးပါ့မယ်”
” မလိုဘူး ငါတောင်းသလောက်ပဲပေး… ငါကတန်ရာတန်ကြေးပဲယူတယ်”
လူကန့်လန့် လူ့ဂွစာပုံစံပေါက်နေတဲ့သူက စကားကိုခပ်ပြတ်ပြတ်ပြောပြီး ဖက်ကြမ်းဆေးလိပ်ကိုကောက်ဖွာနေလိုက်တယ်။
မကြာခင် အိမ်ရှင်ဖြစ်သူကန်တော့တဲ့ ငွေအချို့ကို လွယ်အိတ်ထဲထည့်ကာ အိမ်ပေါ်ကအဆင်းသူ့ကို စိုက်ကြည့်နေတဲ့လူသုံးယောက်ကိုမြင်လိုက်ရတယ်။
” ဆရာ….”
နှုတ်ကနေ မသိမသာထွက်သွားတဲ့စကားကြောင့် အပင်ရိပ်အောက်မှာ လက်ပိုက်ပြီးရပ်နေတဲ့လူက လက်ကာပြပြီး
“မင်းလုပ်စရာရှိတာဆက်လုပ်ပါ..ပြီးမှစကားပြောကြတာပေါ့”လို့ပြောလိုက်တာကြောင့် ဖက်ကြမ်းဆေးလိပ်ကိုလက်မှာညှပ်ထားတဲ့လူက သူ့ခြေလှမ်းတွေကို ရွာအပြင်ဘက်ဆီကိုဦးတည်ကာထွက်သွားခဲ့တယ်။
ရွာပြင်ကိုရောက်တော့ လွယ်အိတ်ထဲပါလာတဲ့ငွေအားလုံးကို ထုတ်ယူပြီး အမိုးအကာမလုံဖြစ်နေတဲ့ တဲပေါ်မှာ လဲလျောင်းနေတဲ့ လူမမာလက်ထဲကိုထည့်ကာပြန်ဆင်းလာခဲ့တယ်။
တဲပေါ်ကဆင်းလာတဲ့အချိန် မလှမ်းမကမ်းမှာရပ်စောင့်နေတဲ့လူသုံးယောက်ဆီကိုသွားပြီး
” မတွေ့ရတာ နှစ်အတော်ကြာပြီနော်ဆရာ… ဆရာတို့ပုံစံကြည့်ရတာ ကျန်းမာနေတာမို့ နေကောင်းလားဆိုပြီးတော့မမေးတော့ပါဘူးဗျာ”
” မင်းလဲ အတော်ရင့်ကျက်လာပြီပဲ… ကိုယ်တတ်တဲ့ပညာနဲ့ရတဲ့ငွေတွေကို ခုလိုလှူနေတာမြင်တော့ ပိုပြီးပီတိဖြစ်မိပါတယ်”
” ဆရာချီးကျူးတာမခံရဲပါဘူးဗျာ..ဒါနဲ့ ဘယ်လိုအရေးကိစ္စကြောင့် ကျွန်တော့်ဆီရောက်လာကြတာလဲ”
” ဒီအကြောင်းကိုတော့ အဓိဌာန်ပျက်ကုန်းရောက်ရင်သေချာရှင်းပြပေးပါမယ်”

ဆရာတပည့်တွေလဲ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်းအဓိဌာန်ပျက်ကုန်းရှိတဲ့ဘက်ကို ထွက်လာခဲ့ကြတယ်။ လမ်းခရီးက ဝေးပြီးကြမ်းတမ်းတာကြောင့် ညသန်းခေါင်အချိန်ရောက်မှ အဓိဌာန်ပျက်ကုန်းပေါ်ကိုရောက်လာခဲ့တယ်။
(အဓိဌာန်ပျက်ကုန်းပေါ်ရောက်တော့ အဓိဌာန်အောင်မြင်သွားတဲ့မောင်ကောင်းကို အဖွဲ့သားတွေနဲ့မိတ်ဆက်ပေးခဲ့တဲ့ဖြစ်စဉ်ကို အောင်မြတ်သာနှင့်အဓိဌာန်ပျက်ကုန်းဆိုတဲ့ဝတ္တုမှာဖတ်ရှုနိုင်ပါတယ်)
+++++++

” ကလိန်ငါးဆင့်တောင်ကို မသွားခင် အင်းဆွဲကညစ်တွေကိုအရင်သွားယူကြရလိမ့်မယ်”
အောင်မြတ်သာစကားကြောင့် မောင်စမက
” အင်းဆွဲကညစ်တွေမသုံးပဲ သာမန်ခဲတံသုံးရင်ကော မရဘူးလားဆရာ”
” မရဘူးတော့မဟုတ်ဘူး ရတယ်… ဒါပေမယ့် ငါတို့သွားယူရမယ့် ကညစ်တံတွေက ရှေးအစဉ်အဆက် ခေတ်ထဲက အင်းမစပေါင်းများစွာကိုရေးဆွဲခဲ့ကြတာဖြစ်လို့ ကညစ်တံတွေမှာ အစွမ်းသတ္တိတွေ ကိန်းအောင်းနေကြတယ်။ ဒါကြောင့် အထက်ဆရာကြီးတွေက ငါတို့အတွက် အသုံးပြုဖို့ ခွင့်ပေးလိုက်တာပဲ”
“စိတ်ဝင်စားဖို့အရမ်းကောင်းနေပြီဆရာရေ.. ကျွန်တော်တို့ဘယ်တော့သွားကြမလဲ”
” အချိန်တွေကြာလို့မရတာကြောင့် အခုပဲစထွက်ရမယ်။ ကညစ်တံတွေထားရှိတဲ့နေရာကိုရောက်ရင် ငါ့ခွင့်ပြုချက်မရပဲ ဘာမှမလုပ်ဖို့သတိထားပေးကြပါ”

အောင်မြတ်သာစကားကို ကျန်တဲ့သူတွေအားလုံး ခေါင်းညိမ့်ကာထောက်ခံလိုက်ပြီး သမာဓိပျက်ကုန်းပေါ်ကနေ ဆင်းလာခဲ့ကြတယ်။ တောင်အောက်ရေက်တော့ မြေနီလမ်းအတိုင်း တစ်နာရီလောက်ခရီးဆက်ပြီးချိန်မှာတော့ လူတစ်ကိုယ်သွားလို့ရအောင် ဖောက်ထားတဲ့ လမ်းကျဉ်းတစ်ခုဆီကိုရောက်လာခဲ့ကြတယ်။

လမ်းကျဉ်းထဲကို တစ်ဦးချင်းတန်းစီကာ ဝင်သွားခဲ့ရာ လမ်းအတွင်းပိုင်းက တစ်ဖြေးဖြေး ပိုပြီးကျယ်ဝန်းလာတာကိုမြင်တွေ့လိုက်ရတယ်။ အထဲမှာတော့ ရှေးဟောင်းအုတ်ပြဿဒ်တစ်ခုကိုတွေ့ရပြီး မုဒ်ဦးအဝင်မှာတော့ ကညစ်တံကို ကိုင်ကာရပ်နေတဲ့ဟန်ထုထားတဲ့ ယက္ခနှစ်ကောင်ရုပ်ထုရှိနေခဲ့တယ်။

အောင်မြတ်သာလဲ မုဒ်ဦးပေါက်ဝမှာထုလုပ်ထားတဲ့ ရုပ်ထုအနားကိုကပ်သွားပြီး ပါဠိဘာသာနဲ့ ဂါထာတစ်ပုဒ်ကိုရွတ်လိုက်ရာ ရုပ်ထုနှစ်ခုက အသက်ဝင်သလိုလှုပ်ရှားလာပြီး လက်ထဲကိုင်ထားတဲ့ကညစ်တံတွေကို ကျောအနောက်မှာရှိတဲ့ အပေါက်ထဲထိုးထည့်လိုက်ရာ
“ဂျိမ်း….ဒလိမ်းးး” ဆိုတဲ့အသံနဲ့အတူ ဂူပေါက်ကပွင့်ထွက်သွားခဲ့တယ်။

အတွင်းပိုင်းမှာတော့ ပေါင်တစ်လုံးစာလောက်ရှိတဲ့ ဆီမီးတိုင်တွေထွန်းထားပြီး အမှိုက်တစ်စမှမရှိအောင် သန့်ပြန့်နေတာကိုမြင်လိုက်ရတယ်။ အောင်မြတ်သာတို့လဲ ပွင့်နေတဲ့ဂူပေါက်ထဲကို ဝင်သွားခဲ့ရာ အထဲမှာတော့ ရှေးခေတ်အဆက်ဆက် ဆရာသမားတွေအသုံးပြုခဲ့ကြတဲ့ အင်းပြာခွက်တွေ၊ အင်းဆွဲတဲ့ခုံတွေကို မြင်တွေ့လိုက်ရတယ်။

” ဆရာတို့ရောက်လာကြပီလား…”
ဂူထဲမှာရှိတဲ့အရာတွေကိုစိတ်ဝင်စားနေတဲ့အချိန် ရုတ်တရက်ထွက်ပေါ်လာတဲ့အသံကြောင့်လှည့်ကြည့်လိုက်ရာ သျောင်တစ်စောင်းကို ကျနစွာထုံးထားတဲ့ လူကြီးတစ်ယောက်ကိုမြင်လိုက်ရတယ်။
” သင်ကဘယ်သူပါလဲ”
” ကျုပ်က ဒီဂူကိုစောင့်ရှောက်နေတဲ့သူပါ၊ ဆရာလေးတို့လာရင် ထိုက်တန်တဲ့အင်းဆွဲကညစ်တစ်ချောင်းစီပေးဖို့လဲ အမိန့်ရထားပါတယ်”
” ဒါဖြင့် ကျုပ်တို့ ဘာတွေလုပ်ဖို့လိုအပ်လဲ”
” ဦးဆုံးအနေနဲ့ ကိုယ့်ရဲ့ကိုယ်မှာစောင့်ရှောက်တဲ့ ပုဂ္ဂိုလ်ကိုသိအောင်လုပ်ရပါမယ်၊ ဒီအတွက် ကိုယ်စောင့်ပုဂ္ဂိုလ်ပြတဲ့ရေကန်ထဲကိုဦးဆုံးဝင်ရမှာဖြစ်ပါတယ်၊ဒီဘက်ကိုကြွကြပါ”
အောင်မြတ်သာတို့လဲ လမ်းပြတဲ့သူအနောက်ကိုလိုက်သွားခဲ့ရာ အခိုးငွေ့တွေတထောင်းထောင်းထနေတဲ့ ရေကန်တစ်ခုရှေ့ကိုရောက်လာခဲ့တယ်”

” ပထမဆုံးအနေနဲ့ ဆရာကိုယ်တိုင်ဆင်းရပါမယ်”
အောင်မြတ်သာလဲ လမ်းပြဖြစ်သူပြောတဲ့အတိုင်း ကန်ထဲကိုဆင်းသွားရာ ရေကန်ထဲမှာရှိနေတဲ့ အခိုးငွေ့တွေက ရုတ်ချည်းစုပေါင်းသွားပြီး ညာဘက်လက်မှာကညစ်တံ၊ ဘယ်ဘက်လက်မှာ အင်းဆွဲစာရွက်ကိုကိုင်ထားတဲ့ အဖိုးအိုတစ်ယောက်ပုံရိပ်ပေါ်လာခဲ့တယ်”
ဒါကိုမြင်တွေ့လိုက်တဲ့ အစောင့်ဖြစ်သူက
” ဆရာရဲ့ကိုယ်ကို အင်းတော်ချုပ်အဖိုးဟိမန္တစောင့်ရှောက်ပါတယ်၊ ဒါကြောင့် သူသုံးခဲ့တဲ့ နတ်သတ်နံ့သာဖြူကညစ်ကို ပေးအပ်ပါရစေ” လို့ပြောပြီး လက်ကိုဖြန့်ထုတ်လိုက်ရာ ဆင်စွယ်ရောင်အဆင်းရှိတဲ့ ကညစ်တံတစ်ချောင်းပေါ်လာခဲ့တယ်။

အောင်မြတ်သာလဲ နတ်သတ်နံ့သာဖြူကညစ်ကို လက်ခံရယူပြီးသေချာကြည့်လိုက်ရာ ကညစ်တံရဲ့ထိပ်မှာ သျောင်တစ်စောင်းထုံးထားတဲ့ အဖိုးအိုတစ်ယောက်ရဲ့ ရုပ်သွင်းထွင်းထုထားတာကိုမြင်လိုက်ရတယ်။

ဒီလိုနဲ့ သက်ခိုင်က အင်းစောင့်ရသေ့စောင့်တဲ့ ယမနေကညစ်တံ၊ တောက်ရက နဂါးစောင့်တဲ့ရေဆန်ကျွန်းနက်ကညစ်တံ၊ မောင်စမက ယက္ခစောင့်တဲ့ အဆစ်ပိတ်တံစူးကညစ်တံ၊ မြဒင်က နတ်သားစောင့်တဲ့ ဂမုန်းရိုးကညစ်တံ၊မောင်ကောင်းကတော့ ယက္ခစောင့်တဲ့ သရက္ခံကညစ်တံတွေကို ပိုင်ဆိုင်ခွင့်ရခဲ့တယ်။
အောင်မြတ်သာတို့လဲ အင်းဆွဲကညစ်တွေရပြီမို့ မိမိတို့သွားရမယ့် ကလိန်ငါးဆင့်တောင်ရှိတဲ့ဘက်ကို ထွက်လာခဲ့လိုက်တယ်။
++++++++
ကလိန်ငါးဆင့်တောင်ဆိုတာက တောင်တစ်လုံးပေါ် တစ်လုံးဆင့်ပြီး သဘာဝအတိုင်းတည်ရှိနေတဲ့အပြင် တောင်ငါးလုံးမှာစောင့်ကြပ်တဲ့ နတ်ငါးပါးကလဲ နည်းနည်းလေးမှအမှားမခံတဲ့အတွက် ရွာနီးချုပ်စပ်ကလူတွေအနေနဲ့ ယောင်လို့တောင် မသွားရဲခဲ့ကြဘူး။

ကလိန်ငါးဆင့်တောင်မှာရှိတဲ့ တောင်စောင့်နတ်ငါးပါးကလဲ လူ့ဘဝတုန်းကမုဆိုးအလုပ်နဲ့အသက်မွေးဝမ်းကြောင်းလုပ်ရာကနေ ဓုတင်ဝင်နေတဲ့ ပစ္စေကဗုဒ္ဓတစ်ပါးကို ယာယီတဲကျောင်းဆောက်လုပ်လှူဒါန်းခဲ့တဲ့ကုသိုလ်အဟုန်ကြောင့် နတ်ဘဝမှာလဲ ဘုန်းတန်ခိုးအာဏုဘော်ကြီးမားတဲ့ တောင်စောင့်နတ်တွေ လာဖြစ်ခဲ့ကြတယ်။

မုဆိုးဘဝကနေ နတ်ဖြစ်လာတဲ့အတွက် ဒေါသအမျက်စောင်းအင်မတန်ကြီးမားပြီး အကုသိုလ်စိတ်တွေအများဆုံးကိန်းအောင်းနေတဲ့အတွက် ကလိန်ငါးဆင့်တောင်ပေါ်ကို တရားအားလာထုတ်တဲ့ ရသေ့ရဟန်းတွေကို ရူးသွပ်အောင်၊ ကြောက်လန့်အောင် ဖမ်းစားတတ်ကြတဲ့အတွက် ကလိန်ငါးဆင့်တောင်ဆိုရင် တရားအားထုတ်သူတွေ ခပ်ဝေးဝေးကရှောင်ခဲ့ကြတယ်။
အောင်မြတ်သာတို့လဲ အင်းဆွဲကညစ်တွေရတာနဲ့ လိုအပ်တဲ့အင်းစမတွေကို ကြိုတင်ရေးဆွဲပြီး တောင်ပေါ်ကို စတင်တက်လာခဲ့တယ်။

ဒီတစ်ခါမှာတော့ သက်ခိုင်၊တောက်ရ၊မောင်စမ၊မြဒင်တို့က အောက်ခြေတောင်လေးလုံးကို တာဝန်ယူရပြီး အောင်မြတ်သာနဲ့ မောင်ကောင်းက အမြင့်ဆုံးတောင်ကို တာဝန်ယူခဲ့ကြတယ်။

တောင်စောင့်နတ်တွေကလဲ သူတို့ဆီလာနေကြတာကို ကြိုတင်သိနေတဲ့အလား တောင်ပေါ်ကိုခြေချတာနဲ့ မိုးရိပ်မိုးသားတွေ မဲခနဲတက်လာအောင် ဖန်တီးခဲ့ကြတယ်။

” ဆရာ ဒီကောင်တွေ စတင်တိုက်ခိုက်လာပြီထင်တယ်”

မြဒင်က သူ့ရဲ့နတ်မျက်စိအစွမ်းနဲ့ပတ်ဝန်းကျင်ကို အကဲခတ်ရင်းပြောလိုက်တော့ အောင်မြတ်သာက

” ငါတို့အားလုံး တောင်ကြောအလယ်ကို မရောက်ခင်အထိ မိုးမရွာအောင် ထိန်းထားဖို့လိုမယ်၊ မောင်စမ အနေနဲ့ တန်ပြန်အင်းကို ဖယောင်းတိုင်မှာပတ်ပြီး ကာကွယ်ထား”လို့ပြောလိုက်တော့ မောင်စမက လွယ်အိတ်ထဲအသင့်ပါလာတဲ့ တန်ပြန်အင်းကို ဖယောင်းတိုင်မှာပတ်လိုက်ပြီး မိုးခေါင်ကျော်စွာနတ်ကိုပင့်ဖိတ်ကာ မိုးမရွာအောင် ထိန်းထားစေခဲ့တယ်။

မိုးသားတွေကြားထဲကနေ ရိပ်ခနဲ ပြက်ခနဲလင်းလက်လာတဲ့ မိုးကြိုးလျှပ်စီးတွေထဲမှာတော့ ခါးထောက်ကာ ရပ်ကြည့်နေတဲ့ တောင်စောင့်နတ်ငါးပါးရဲ့ပုံရိပ်ကို အောင်မြတ်သာတို့မြင်တွေ့လိုက်ရတယ်။

” မောင်ကောင်း… တောင်ခါးပန်းကိုရောက်အောင် သွား.. ဟိုရောက်ရင် ဂဝံကျောက်တွေနဲ့ လုပ်ထားတဲ့ နတ်ကွန်းငါးခုကို အချုပ်အင်းနဲ့ ထိန်းထားချေ”

မောင်စမက လေပြင်းတွေတိုက်ခတ်နေတဲ့ကြားမှာ အသံကုန်အော်ဟစ်ရင်း သတိပေးလိုက်တော့မှ တောင်နံရံကိုတွယ်ကပ်ထားတဲ့ မောင်ကောင်းတစ်ယောက် အတင်းဖောက်ထွက်ကာ တောင်ပေါ်ကို ကြိုးစားတက်လာခဲ့တယ်။

သက်ခိုင်နဲ့ တောက်ရကတော့ အောက်ဆုံးမှာရှိတဲ့ တောင်နံရံထဲကနေ ထွက်လာတဲ့ နာနာဘာဝတွေကို တိုက်ထုတ်ရင်း နောက်ချန်နေခဲ့ကြတယ်။ မောင်စမနဲ့ မြဒင်ကတော့ ချောက်ကမ်းပါးထဲကို မပြုတ်ကျဖို့အတွက် ဘေးပတ်လည်မှာပေါက်နေတဲ့ သစ်ပင်သစ်ကိုင်းတွေကိုဆွဲယူရင်း အောင်မြတ်သာရဲ့ ညွှန်ကြားချက်ကိုစောင့်စားနေခဲ့တယ်။

ကျန်တဲ့သူတွေအားလုံး အတားအဆီးအခက်အခဲတွေနဲ့ရင်ဆိုင်နေရပေမယ့် အောင်မြတ်သာကတော့ ဘာမှမဖြစ်တဲ့ဟန်နဲ့ တောင်ခါးပန်းတစ်နေရာမှာ မျက်လုံးကိုစုံမှိတ်ပြီး နှုတ်ကနေ ဂါထာတစ်ပုဒ်ကို မရပ်မနားရွတ်ဖတ်နေခဲ့တယ်။

” ဆရာ … နတ်ကွန်းပတ်ပတ်လည်မှာ မှင်စာတွေအများကြီးပိတ်ထားတယ်ဗျ၊ ကျွန်တော် ဘာဆက်လုပ်ရမလဲ”

တောင်ပေါ်ကနေ အော်နေတဲ့ မောင်ကောင်းအသံကြောင့် အောင်မြတ်သာက ရွတ်နေတာကိုရပ်လိုက်ပြီး

” မြဒင်နဲ့ စမ အပေါ်ကိုလိုက်သွား… အပေါ်ရောက်ရင် အင်းဆွဲကညစ်ကိုထုတ်ပြီး မှင်စာတွေကို ပြလိုက်… အဲဒီလိုပြတဲ့အခါ မှင်စာတွေထဲက တစ်ကောင်က ကြောက်လန့်တဲ့ဟန်ပြပြီး အနောက်ကိုဆုတ်သွားလိမ့်မယ်၊ သူ့ကိုဖမ်းနိုင်ရင် နတ်ကွန်းကိုထိန်းချုပ်လို့ရပြီ” လို့ပြောလိုက်တော့ မောင်စမနဲ့ မြဒင်က တောင်နံရံကိုအားယူကာ အပေါ်ကိုလိုက်တက်သွားခဲ့တယ်။

အပေါ်လဲရောက်ရော ဟင်္သာပြဒါးတွေလို နီရဲနေတဲ့ မှင်စာငယ်လေးတွေက အသံမျိုးစုံပေးပြီး မောင်ကောင်း အနားကိုတိုးကပ်ဖို့ကြိုးစားနေတာမြင်တော့ မောင်စမက

” ဟိတ် ငပုကောင်တွေ ဒီမှာကြည့်စမ်း” လို့ပြောပြီး ကညစ်တံကို ထောင်ပြလိုက်ရာ အကောင်ပေါင်းများစွာထဲက နဖူးမှာ ဘုသီးတစ်လုံးထွက်နေတဲ့ မှင်စာတစ်ကောင် အနောက်ကိုဆုတ်ကာထွက်ပြေးသွားတာမြင်လိုက်ရတယ်။

” ထွက်ပြေးသွားတဲ့ကောင်ကို မလွတ်စေနဲ့ ဖမ်းဟ”

မြဒင်က လက်ညိုးထိုးကာအော်ရင်း ကညစ်တံကို ပြောင်းပြန်ကိုင်ကာ မှင်စာအုပ်ထဲကို တိုးဝင်သွားခဲ့တယ်။

” ဖောက် ပတောက် ပလောက်” ဆိုတဲ့အသံနဲ့အတူ ကညစ်တံနဲ့ထိတဲ့မှင်စာတွေအားလုံး အငွေ့အဖြစ်ပျောက်ကွယ်သွားတာမြင်တော့ နဖူးမှာဘုသီးပါတဲ့မှင်စာက နောက်ကိုလှည့်မကြည့်တော့ပဲ ထိပ်ဆုံးမှာရှိတဲ့ တောင်ပေါ်ကို တက်ပြေးပါလေရော။

လျှစ်ခနဲ လျှစ်ခနဲ ပြေးသွားတဲ့အရှိန်ကြောင့် မြဒင်ခဗျာ ဘယ်လိုမှမလိုက်နိုင်ပဲရှိနေတဲ့အချိန် မောင်ကောင်းလက်ထဲမှာကိုင်ထားတဲ့ ကညစ်တံက အနည်းငယ်လှုပ်ရှားလာတာကို သတိထားမိခဲ့တယ်။

” ဟင် ကညစ်တံထိပ်မှာရှိတဲ့ ယက္ခရုပ်ထုက လှုပ်နေပါလား”

မောင်ကောင်းက အံ့ဩတစ်ကြီးရေရွတ်ရင်း အပေါ်မှာပြေးနေတဲ့ မှင်စာကိုလက်ညိုးထိုးကာ

” ထွက်ပြေးသွားတဲ့ကောင်နောက်ကို ထပ်ချပ်မကွာလိုက်ဖမ်းစေ”လို့အမိန့်ပေးလိုက်ရာ ကညစ်တံထိပ်မှာထုထားတဲ့ယက္ခပုံက အပေါ်ကိုပျံတက်သွားပြီး လေထဲမှာပင် ထန်းတစ်ပင်လောက်ရှိတဲ့ အကောင်အဖြစ်ပြောင်းသွားခဲ့တယ်။

တောင်ပေါ်မှာပတ်ပြေးနေတဲ့ မှင်စာလဲ သူ့အရှေ့မှာပိတ်ရပ်ထားတဲ့ ယက္ခကိုမြင်တော့ ရှေ့ဆက်မတက်တော့ပဲ ပြန်လှည့်လာတဲ့အချိန် မြဒင်က အင်းဆွဲကညစ်တံရဲ့ထိပ်နဲ့ နဖူးကိုထောက်ကာ ဖမ်းဆီးခဲ့တယ်။

အဲဒီအချိန် မိုးသားတိမ်လိပ်တွေကြားထဲကနေ တင်းပုတ်ကိုယ်စီကိုင်ထားတဲ့သူငါးဦး ခုန်ဆင်းလာပြီး အစိမ်းရောင်ပဝါစည်းထားတဲ့ပုဂ္ဂိုလ်က

” တယ် ရာရာစစ ငါတို့ပိုင်နက်ကိုလာပြီး စော်ကားနေတဲ့ ဆရာစုတ်တွေ သေဖို့ပြင်ထားကြ” လို့ကြိမ်းဝါးရင်း မြေကြီးကို တင်းပုတ်နဲ့ထုလိုက်ရာ အရိုးခြောက်အကောင်ပေါင်းများစွာ မြေကြီးထဲကနေ ထိုးထွက်လာခဲ့တယ်။

အဲဒီအချိန် တောင်အောက်မှာရှိနေတဲ့ အောင်မြတ်သာတို့ ရောက်လာကာ တိုးဝင်လာတဲ့ အရိုးခြောက်တွေကြားထဲကို အင်းတစ်ရွက်ပစ်ထည့်ကာ ဂါထာတစ်ပုဒ်ကိုမန်းမှုတ်လိုက်တယ်ဆိုရင်ပဲ အင်းစာရွက်ထဲကနေ အမျှင်အတန်းတွေထွက်ပေါ်လာပြီး အရိုးခြောက်တွေအားလုံးကို လှုပ်မရအောင် ဖမ်းချုပ်ထားခဲ့တယ်။

” မြဒင် မင်းရဲ့နတ်မျက်စိနဲ့ကြည့်ပြီး မူလနတ်ကွန်းကိုရှာကြည့်ပါ”

အောင်မြတ်သာစကားကြောင့် နတ်ကွန်းကိုရှာကြည့်ရာ ဂဝံကျောက်နဲ့တူတာဆိုလို့ ဘာတစ်ခုမတွေ့ခဲ့ဘူး။

” သူတို့ ဖွက်ထားတာများလားဆရာ”

” မဟုတ်ဘူး နတ်ကွန်းက ဒီနေရာမှာပဲသေချာပေါက်ရှိရမှာ”

” ဟားဟားဟား ငါတို့နတ်ကွန်းက စတုမဟာရာဇ်နတ်မင်းတွေကိုယ်တိုင် ဖန်ဆင်းပေးထားတာမို့ နင်တို့လိုဆရာတွေမတွေ့တာနေမှာ” ဆိုပြီးပြောလိုက်တဲ့အသံကိုကြားလိုက်ရတယ်။

” ဒါဆိုတော့လဲ နတ်မင်းတွေကိုပင့်ဖိတ်ပြီး နတ်ကွန်းကိုပြန်သိမ်းခိုင်းရမှာပဲ… ဘာလို့ဆိုတော့ သင်တို့က ကိုယ့်ကိုအပိုင်စားပေးထားတာကိုအခွင့်ကောင်းယူပြီး သတ္တဝါတွေကို ဒုက္ခပေးတဲ့အပြင် တရားအားထုတ်ဖို့လာကြတဲ့ သူတော်စင်တွေကိုလဲ စိတ်ခြောက်ချားအောင်ပြုလုပ်တာကြောင့် ဝိဇ္ဇာအချုပ်ဆရာကြီးတွေကိုယ်တိုင် သင်တို့ကိုဆုံးမပေးဖို့ စေလွှတ်ခဲ့တာပဲ”

အောင်မြတ်သာစကားအဆုံးမှာ တောင်စောင့်နတ်ငါးပါးက စိတ်ဆိုးဒေါသထွက်တဲ့ဟန်နဲ့ ဖနောင့်တစ်ချက်ပေါက်လိုက်ရာ မဲမှောင်နေတဲ့ တိမ်တိုက်တွေကြားထဲကနေ အက်စစ်မိုးတွေရွာချလာခဲ့တယ်။ မိုးရေစက်တွေထိတဲ့သစ်ပင်ကြီးငယ်တွေအကုန် တစ်မဟုတ်ချင်းညိုးနွမ်းသွားပေမယ့် အောင်မြတ်သာတို့ဆရာတပည့်တွေကတော့ မှဲ့တစ်ပေါက်တောင်မစွန်းပဲ ရှိနေတာကြောင့် အမျက်ဒေါသတွေတလိပ်လိပ်တက်လာခဲ့တယ်။

” ဆရာ သူတို့ကို မေတ္တာနဲ့ဆုံးမလို့ရမှာမဟုတ်ဘူးနော်…”

မောင်စမရဲ့ တီးတိုးစကားကြောင့် အောင်မြတ်သာက ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ပြီး ကြေးပြားတစ်ပြားကိုထုတ်ကာ တောင်စောင့်နတ်ငါးပါးရှိတဲ့ဘက်ကို ပစ်လွှတ်လိုက်တယ်။

အင်းပြားက လေထဲမှာဝဲပျံရင်းကနေ ပိုးသားကြိုးတွေဖြာထွက်လာပြီး တောင်စောင့်နတ်ငါးပါးရဲ့ကိုယ်ပေါ်မှာသွားရောက်ရစ်ပတ်နေခဲ့တယ်။

” ငါတို့ကို ဒီလို ပညာလောက်နဲ့ ဖမ်းလို့ရမယ်ထင်နေတာလား ဟမ်”

မျက်လုံးတွေနီရဲပြီး ကြောက်မက်ဖွယ်အသံနဲ့အော်နေရာကနေ ရုန်းလိုက်ရာ ရစ်ပတ်ထားတဲ့ကြိုးတွေတစ်ဖျောင်းဖျောင်းနဲ့ပြတ်ထွက်သွားခဲ့တယ်။ နှောင်ကြိုးတွေပြတ်ထွက်သွားတာနဲ့ တစ်ပြိုင်နက် တင်းပုတ်ကိုင်ထားတဲ့ နတ်ငါးပါးက အောင်မြတ်သာတို့ဆီပြေးဝင်လာပြီး တင်းပုတ်ကြီးတွေနဲ့ တိုက်ခိုက်ပါလေရော။

တော်ရုံနတ်ပုဂ္ဂိုလ်တွေအနေနဲ့ အောင်မြတ်သာအနားကို ကပ်လို့မရပေမယ့် ဒီနတ်ငါးပါးကတော့ အနားထိရောက်လာပြီး တိုက်ခိုက်နေတာကြောင့် ပါလာတဲ့သူတွေအကုန်အံ့ဩပြီး တန်ပြန်တိုက်ရမယ့်အင်းကိုတောင်ထုတ်ဖို့မေ့သွားခဲ့တယ်။

အဲဒီအချိန် မောင်ကောင်းအနေနဲ့ တင်းပုတ်ဒဏ်ကိုရှောင်တိမ်းရင်း ခြေထောက်ချော်ကျသွားတဲ့အချိန် လွယ်အိတ်ထဲမှာပါတဲ့ ကညစ်တံက ပြေးဝင်လာတဲ့ တောင်စောင့်နတ်ရဲ့ ခန္ဓာကိုယ်ကိုထိုးစိုက်သလိုဖြစ်သွားခဲ့တယ်။

” အမလေး ပူတယ် ပူတယ်… နောင်တော်တို့ကယ်ကြပါဦး” ဆိုပြီး လူးလိမ့်နေတာမြင်တော့ အောင်မြတ်သာကလွဲပြီး ကျန်တဲ့သူတွေအားလုံး ကညစ်တံကိုဆုပ်ကိုင်ကာ ကျန်နေတဲ့ နတ်သားလေးပါးဆီကိုပြေးဝင်သွားခဲ့တယ်။ ဒီတစ်ခါတော့ နှစ်ပေါင်းများစွာ ဆရာပေါင်းများစွာအသုံးပြုခဲ့တဲ့ အင်းဆွဲကညစ်ရဲ့သိဒ္ဓိတွေက ပြန်လည်နိုးထလာပြီး အခိုးငွေ့တွေ တထောင်းထောင်းထလာခဲ့တယ်။

ကညစ်တံရဲ့အစွမ်းကို မျက်ဝါးထင်ထင်မြင်လိုက်ရတဲ့ တောင်စောင့်နတ်တွေကတော့ အနည်းငယ်ကြောက်လန့်သွားပြီး အနောက်ကိုဆုတ်သွားခဲ့တယ်။

အဲဒီအချိန် အခွင့်ရေးကိုစောင့်နေတဲ့ အောင်မြတ်သာက သိဒ္ဓီတင်ထားတဲ့ ကွန်ခြာအင်းကို တောင်စောင့်နတ်မင်းထဲက တစ်ပါးဆီပစ်လွှတ်လိုက်တာမြင်တော့ ကျန်တဲ့သူတွေကလဲ အသင့်ရေးဆွဲခဲ့တဲ့ ကွန်ခြာအင်းတွေကိုထုတ်ကာ တောင်စောင့်နတ်တွေရှိရာဘက်ကိုပစ်လွှတ်ခဲ့တယ်။

တောင်စောင့်နတ်တွေ အားလုံး ကွန်ခြာအင်းထဲမှာ ဖမ်းမိပြီး ရုန်းကန်နေတဲ့အချိန် တောင်နံရံမှာရှိတဲ့ မြေသားတွေဝုန်းခနဲပြိုကျလာပြီးအထဲမှာတော့ အလွန်ကိုကြည်ညိုဖွယ်ကောင်းတဲ့ ရဟန်းတစ်ပါးပုံကို ရွှေသားအတိပြီးအောင် ထုဆစ်ထားတာကိုမြင်လိုက်ရတယ်။ ရဟန်းရုပ်ထုဘေးမှာတော့ ကျောက်မျက်ရတနာတွေနဲ့တည်ဆောက်ထားတဲ့ တစ်ပါးကျောင်းလေးတစ်ခုရဲ့ပုံတူရှိနေခဲ့တယ်။

ဒီဖြစ်စဉ်ကိုမြင်တော့ စိတ်ဆိုးဒေါသထွက်ကာ ရုန်းကန်နေကြတဲ့ တောင်စောင့်နတ်တွေအားလုံး ငြိမ်သက်သွားပြီး ခက်ထန်တဲ့မျက်နှာထားတွေကနေ နူးညံ့တဲ့အသွင်ကိုပြောင်းလဲလာခဲ့တယ်။

တကယ်တော့ ဒီရုပ်ထုနဲ့တစ်ပါးကျောင်းပုံတူက ညီနောင်ငါးပါးတောင်စောင့်နတ်စဖြစ်စဉ်က မိမိတို့စိတ်ရိုင်းတွေဝင်တဲ့အခါ ထိန်းနိုင်ဖို့ထုဆစ်ပူဇော်ထားတာဖြစ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ မကောင်းတဲ့စိတ်ဘက်မှာသာ ပျော်မွေ့လာတာကြောင့် နဂိုထားရှိခဲ့တဲ့ကတိတွေကိုဖောက်ဖျက်ကာ ရုပ်ထုကိုဖွက်ထားခဲ့ကြတာဖြစ်တယ်။

” အသင်တို့ ညီနောင်ငါးပါးက အတိတ်ဘဝမှာ ပြုခဲ့တဲ့ကုသိုလ်အဟုန်ကြောင့်အခုလို နေထိုင်ရတာကို ဘာကြောင့်များမာန်တက်နေရတာလဲ”

အောင်မြတ်သာစကားကိုကြားတော့ အငယ်ဆုံးတောင်စောင့်နတ်က ချုပ်နှောင်ခံထားရတဲ့ကြားထဲကနေ အံကိုကြိတ်ဖနောင့်ကိုပေါက်ပြီး မကျေမနပ်ဖြစ်ဟန်လုပ်ပြနေခဲ့တယ်။ အဲဒီအချိန် အသက်အကြီးဆုံးတောင်စောင့်နတ်က ရွှေအတိပြီးတဲ့ ရဟန်းရုပ်ထုကို စောင်းငဲ့ကြည့်ကာ

” ညီနောင်တို့ ငါတို့ကလမ်းမှားနေပြီ… ဒါကြောင့်စိတ်ကိုပြန်ထိန်းကြဖို့လိုမယ်၊ ဒီလိုမှမဟုတ်ရင် ငါတို့ကုသိုလ်အရှိန်ကုန်တာနဲ့ ငရဲကိုတန်းပြီးဆင်းရမှာမလွဲဧကန်ပဲ”

” နောင်တော် ဘာတွေပြောနေတာလဲ ကျုပ်တို့က ဒီတော ဒီတောင်မှာ နေထိုင်ရမယ့်ရက်တွေအများကြီးကျန်နေသေးတာမဟုတ်လား”

” ဘယ်လိုပဲကျန်ရှိပါစေ အချိန်တန်ရင် ပြည့်လာမှာပဲလေ၊ ဒါကြောင့် ဆရာတော်က ငါတို့စိတ်တွေကို ထိန်းသိမ်းနိုင်ဖို့ ရုပ်ထုနဲ့ ကျောင်းသင်္ကန်းကို ထုဖို့မှာခဲ့တာမဟုတ်လား”

ရုတ်တရက်ဆိုသလို ပြောင်းလဲသွားတဲ့ တောင်စောင့်နတ်မင်းတွေကိုကြည့်ပြီး အောင်မြတ်သာတို့အားလုံး ဝမ်းသာသွားကြတယ်။

အဲဒီအချိန်…

” အင်းဆွဲကညစ်တံနဲ့ တောင်စောင့်နတ်မင်းတွေရဲ့ နဖူးကိုထောက်ပြီး စိတ်ရိုင်းတွေထုတ်ပေးလိုက်” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။

အောင်မြတ်သာတို့လဲ အသံကြားတာနဲ့ ချုပ်နှောင်ခံထားရတဲ့ တောင်စောင့်နတ်မင်းတွေရဲ့ နဖူးပြင်ကို အင်းဆွဲကညစ်တံနဲ့ထောက်လိုက်ရာ မီးခိုးရောင်အခိုးငွေ့တွေထွက်ပေါ်လာခဲ့တယ်။ ညိုညစ်ညစ်အခိုးငွေ့တွေတစ်ဖြေးဖြေးကုန်လာချိန်မှာတော့ တောင်စောင့်နတ်တွေရဲ့ စိတ်အခြေအနေက အရင်ထက်ပိုပြီး နူးညံ့သိမ်မွေ့လာခဲ့ကိုမြင်လိုက်ရတယ်။

အောင်မြတ်သာတို့လဲ တောင်စောင့်နတ်မင်းတွေကို နားဝင်အောင်ပြောဆိုဆုံးမပြီး တောင်အောက်ကိုပြန်ဆင်းလာချိန်မှာတော့ နားထဲမှာ ဝူးဝူးဝါးဝါးနဲ့အော်ဟစ်နေတဲ့အသံအပြင် ဌာန်နဲ့မာန်နဲ့ အမိန့်ပေးနေတဲ့ အဘွားအိုတစ်ဦးရဲ့အသံကိုကြားလိုက်ရတယ်။

သက်ခိုင်နဲ့တောက်ရတို့ကတော့ မိမိတို့တာဝန်ပြီးဆုံးပြီမို့ ဆရာဖြစ်သူကိုနှုတ်ဆက်ကာ မဟာမြိုင်တောထဲပြန်ထွက်သွားခဲ့ကြသလို မောင်စမနဲ့ မြဒင်ကလဲ သူတို့ပျော်မွေ့ရာ အရပ်ဒေသအသီးသီးကိုပြန်လည်ထွက်ခွာသွားခဲ့ကြတယ်။

နောက်ဆုံးမှာတော့ အောင်မြတ်သာနဲ့ မောင်ကောင်းတို့နှစ်ယောက်သာ ကလိန်ငါးဆင့်တောင်အောက်မှာကျန်ရစ်ခဲ့တယ်။ ဆရာတပည့်နှစ်ယောက်လဲ ကလိန်ငါးဆင့်တောင်ကနေထွက်လာပြီးနောက်ပိုင်း သမန်းကုန်းရွာလေးကိုရောက်လာခဲ့တယ်။ သမန်းကုန်းရွာကိုရောက်နေတဲ့အချိန် ဘယ်လိုဖြစ်ရပ်ဆန်းတွေနဲ့ကြုံတွေ့ရမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်အာဠာဝကမှော်အင်းဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်

ဇေယန(ရာမည)

#မူရင်းရေးသားသောသူများနှင့်
စာရေးဆရာ-ဇေယန(ရာမည)အားလေးစားလျက်မေတ္တာဖြင့်မျှဝေသည်။🙏🙏🙏

🔰(Like & Share လေးနဲ့အား ပေးသွားခဲ့ကြပါ)🔰