အောင်မြတ်သာနှင့်ကိုးမြို့ရှင်အတိုက်

Posted on

အောင်မြတ်သာနှင့်ကိုးမြို့ရှင်အတိုက်
+++++++++++++++++++++++++

နေပျောက်မထိုးအောင် ပိတ်ဖုံးနေတဲ့ သစ်ပင်ကြီးငယ်တွေက ကမ္ဘာပျက်မတတ်ဆူညံနေတဲ့ အသံတွေကိုအပြင်ကိုမရောက်အောင် ကာကွယ်ပေးနေသယောင်။

ဒီတစ်ပင်လှဲပြီးရင် တော်ပီဟေ့. သစ်လုံးတွေကားပေါ်တင်ဖို့လုပ်ကြတော့

သစ်ပွဲစားကိုသစ်ဆန်းစကားကြောင့် ပျဉ်းကတိုးပင်ကို ချိန်းဆောနဲ့ဖြတ်နေကြတဲ့အလုပ်သမားတွေ နဖူးပြင်ပေါ်မှာသီးနေတဲ့ ချွေးစက်တွေကိုသုတ်ကာ ပြတ်လုပြတ်ခင်ဖြစ်နေတဲ့ ပင်စည်ကိုဖြတ်ချလိုက်တယ်။

ဝေါ ဝ ရော. ဝုန်း

အရှိန်နဲ့ပြိုလဲကျသွားတဲ့ အပင်ကြောင့် အနီးနားမှာရှိနေတဲ့ ငှက်တွေနဲ့တောကောင်ငယ်လေးတွေ ခြေဦးတည့်ရာထွက်ပြေးသွားခဲ့ကြတယ်။

အလုပ်သမားတွေလဲ ခုတ်ပြီးသားအပင်တွေကို ကားပေါ်တင်ပြီးထွက်ဖို့အလုပ် တောစီးဖိနပ်သံ တစ်ဂွက်ဂွက်ကြားလို့ကြည့်လိုက်ရာ ဟိုဘက်အကွက်မှာ လုပ်နေတဲ့ မြင့်ထွန်းဖြစ်နေခဲ့တယ်။

ကိုသစ်ဆန်း ပြန်ထွက်တော့မလို့လား ဒီတောင်အဆင်းမှာ သစ်တောကအဖွဲ့တွေ ရှောင်တခင်စစ်မယ်လို့ကြားတယ်နော်

ဟေ ဟုတ်လား မင်းတို့ရော ဘယ်လိုလုပ်ကြမလဲ

ကျွန်တော်တို့ကမနက်ဖြန်မှဆင်းတော့မယ်. ကိုသစ်ဆန်းတို့လမ်းမှာသတိထားရအောင် လာပြောတာ

အေးအေး ငါတို့ ပုံမှန်ဆင်းနေကြအတိုင်းမဆင်းပဲ အခြားလမ်းကနေဖောက်ထွက်သွားမယ် မင်းတို့မနက်ဖြန်ဆင်းရင်လဲသတိထားကြဦး။ ဒီကောင်တွေက စိတ်အခန့်မသင့်ရင် မသင့်သလို လုပ်တာ မင်းအသိပဲ

သိတာပေါ့ဗျာ လိုင်းကြေး ဘယ်လောက်ပေးပေး မယုံရဘူးဗျ

အေးအေး မြို့ပေါ်ရောက်မှ ဆိုင်တစ်ဆိုင်မှာတွေ့ကြတာပေါ့

ကိုသစ်ဆန်းစကားအဆုံးမှာ မြင့်ထွန်းက အတူပါလာတဲ့သူ့တပည့်နဲ့ ပြန်ထွက်သွားခဲ့တယ်။
++++++++

ဟူး နေကလဲပြင်းလိုက်တာကွာ သစ်လုံးတွေခြံထဲပို့ပီးပြီလား

နသယ်စပ်တွေမှာ တွဲခိုနေတဲ့ ချွေးသီးတွေကို ပဝါနဲ့သုတ်ရင်းလှမ်းမေးလိုက်တဲ့ ကိုသစ်ဆန်းစကားကြောင့် တပည့်ဖြစ်သူ ဗလကြီးက လုံချည်နဲ့မျက်နှာသုတ်နေရင်း

မွန်းမတည့်ခင်လေးပြီးသွားတယ်ဆရာ ဒီတစ်ခေါက်ရတဲ့သစ်တွေက အနာအဆာသိပ်မရှိဘူး.. အတော်လှတယ်

ဟဲဟဲ လှတယ်ဆို ရွေးတဲ့သူက အခြားသူမှမဟုတ်တာ မင်းတို့လဲပင်ပန်းသွားကြပြီဆိုတော့ ညနေကျရင် ဝိုင်းတည်ပေးမယ်ဆိုတာအားလုံးကိုပြောပြလိုက်

ကိုသစ်ဆန်းစကားကြောင့် ဗလကြီးမျက်နှာဝင်းသွားပြီး သစ်အလုပ်သမားတွေနားတဲ့ တဲဘက်ကိုထွက်သွားခဲ့တယ်။

ကိုသစ်ဆန်းလဲ အလုပ်တွေနေရာချပြီးပြီမို့ တစ်ရေးတစ်မောအိပ်ဖို့ပြင်နေတဲ့အချိန်

ဆရာ ဆရာ.

ဟေ့ သာဂတိုး ဘာဖြစ်လာတာလဲ

ဟို ဟို ကိုမြင့်ထွန်းတို့ဆင်းလာတဲ့ကား တောင်ခြေမှာဖမ်းခံလိုက်ရလို့တဲ့

ဟေ.

တပည့်ဖြစ်သူစကားကြောင့် ကိုသစ်ဆန်း အိပ်ချင်နေတဲ့စိတ်တွေပျောက်သွားပြီး

ဘယ်လိုဖြစ်တာလဲကွာ မနေ့ကတောင် ငါ့ကိုလာသတိပေးနေသေးတာ

အဲဒါတော့ကျွန်တော်လဲမသိဘူး တောခေါင်းအဖွဲ့တွေက ဒီမနက်မှဖမ်းတာလို့ပြောတယ်

လူတွေကိုရော ဘာလုပ်သွားသေးလဲ

လူတွေကတော့ လွတ်သွားတယ်ပြောတယ်ဆရာ သစ်တွေကတော့ အကုန်သိမ်းခံလိုက်ရတယ်

တော်ပါသေးရဲ့ လူတွေဘာမှမဖြစ်တာ ညနေကျရင် အခြေအနေလေးသွားမေးလိုက်ပါဦးမယ်.. ရော့ရော့ ညနေကျရင် အလုပ်သမားတွေအကြိုက်လုပ်ပေးလိုက်ဦး

ကိုသစ်ဆန်းက အိတ်ကပ်ထဲကနေ ပိုက်ဆံအချို့ကိုထုတ်ကာပေးလိုက်ပြီး မနက်က သွင်းခဲ့တဲ့ သစ်လုံးစာရင်းကို မှတ်တမ်းစာအုပ်ထဲရေးသွင်းနေလိုက်တယ်။

ညနေရောက်တော့ မြင့်ထွန်းနေတဲ့အိမ်ဘက်ကို အကျိုးအကြောင်းသွားမေးတော့လဲ သစ်တောဘက်က လိုက်နေတဲ့အတွက် ရှောင်နေရတယ်ဆိုတာပဲသိလာခဲ့တယ်။

ဒီလိုနဲ့ နှစ်လလောက်ကြာတဲ့အထိ မြင့်ထွန်းကိုမတွေ့ဖြစ်တော့ဘူး။ ကိုသစ်ဆန်းလဲအမှုမဲ့အမှတ်မဲ့နဲ့ နေရင်းအလုပ်တွေလုပ်နေခဲ့ရာ တစ်နေ့မှာတော့

ဆရာ မှုံကြီး မှုံကြီး သစ်လုံးပိလို့

တပည့်ကျော် သာဂတိုးအော်သံကြောင့် တာလီမှတ်နေတဲ့ ကိုသစ်ဆန်း ကမန်းကတမ်းမတ်တပ်ထရပ်လိုက်ပြီး

ဘယ်မှာဖြစ်တာလဲ.

ရေစပ်မှာ သစ်လုံးထမ်းတင်နေရင်း မျက်ဖြူလန်ပြီးလဲကျတာ အနောက်မှာထမ်းတဲ့သူတွေကလဲ မတောင့်ခံနိုင်လို့ လွှတ်ချလိုက်မိတယ်ဆရာ

ဟာ ဘာဖြစ်သွားသေးလဲ

ရေထဲမှာဆိုတော့ ဘာမှသိပ်မဖြစ်ပေမယ့် အောက်ပိုင်းကလှုပ်မရတော့ဘူးပြောတယ်

ဆေးခန်းပို့ရမယ်လေ လှည်းတွေအသင့်ပြင်ထား ငါသွားကြည့်လိုက်ဦးမယ်

ကိုသစ်ဆန်းရောက်သွားတော့ မှုံကြီးက ကြောက်လန့်နေတဲ့မျက်လုံးနဲ့ တောင်ကြည့်မြောက်ကြည့်လုပ်နေပေမယ့် အောက်ပိုင်းကတော့ တုပ်တုပ်ပင်လှုပ်မရဖြစ်နေတာ မြင်လိုက်ရတယ်။

မှုံကြီး ငါ့ကိုသိလား

အင်း အဲ ဆရာ

ဘာမှစိတ်မပူနဲ့ မင်းအမြန်ဆုံပြန်ကောင်းလာအောင်လုပ်ပေးမယ် ဟိုကောင်တွေ သူ့ကိုလှည်းပေါ်တင်ပြီး ခေါ်သွားလိုက်တော့

ကိုသစ်ဆန်းလဲ မှုံကြီးကိုပို့တဲ့ ဆေးခန်းကိုလိုက်သွားပြီး အခြေအနေကိုမေးမြန်းကြည့်တော့

ခါးရိုးနားမှာရှိတဲ့ အာရုံကြောကိုထိသွားတာ ရေထဲမှာဖြစ်လို့ ကံကောင်းတယ်ပြောရမယ် ကုန်းပေါ်မှာဆိုရင် အသက်ပါပါသွားနိုင်တယ် လို့ပြောခဲ့တယ်။

ကိုသစ်ဆန်းလဲ မှုံကြီးအတွက် လိုအပ်တာတွေလုပ်ပေးပြီး အနားယူစရိတ်ငွေကိုထောက်ပံ့ကာပြန်လာခဲ့လိုက်တယ်။

တစ်နေကုန်ပင်ပန်းထားတဲ့ဒဏ်ကြောင့် အိပ်ယာပေါ်ကျောဆန့်လိုက်တာနဲ့ တစ်ချိုးထဲအိပ်ပျော်သွားခဲ့တာ မနက်မှနိုးလာခဲ့တယ်။

မနက်နိုးနိုးချင်း မိန်းမဖြစ်သူပြင်ပေးတဲ့ ထမင်းကြော်နဲ့လက်ဖက်ရည်စားနေတုန်း

ညက ရှင်ဘာမှမသိဘူးမလား

ဟေ ငါကဘာကိုသိရမှာလဲ

အံ့ဩပါ့တော် တစ်ညလုံး ခြံထဲကခွေးတွေ အိမ်ရှေ့တည့်တည့်ကိုကြည့်ပြီး အူတာ ကျွန်မဖြင့် ကြောက်လို့ ငုတ်တုတ်ထထိုင်နေရတယ်

မိန်းမဖြစ်သူစကားကြောင့် ကိုသစ်ဆန်း ရေနွေးကြမ်းကိုငုံ့သောက်နေရာမှ မျက်လုံးကိုလှန်ကြည့်ပြီး

ခါတိုင်းလဲခွေးတွေအူတတ်တာပဲ အခုမှ ဖြစ်တာမှ မဟုတ်တာ

မဟုတ်ဘူးနော်. ညက အိမ်ရှေ့မှာ လူရိပ်ပါတွေ့တာ

ဟေသူခိုးများလား

သူခိုးမဟုတ်ဘူးတော့ ကျုပ်လဲ ကြောက်ကြောက်နဲ့ ပြူတင်းပေါက်ကနေချောင်းကြည့်တာ ဝတ်စုံအနက်ရောင်ကြီးနဲ့အိမ်ရှေ့ကိုကျောပေးပြီးရပ်နေတာအရပ်ကလဲ အမြင့်ကြီးပဲ

မိန်းမဖြစ်သူစကားကြောင့် ကိုသစ်ဆန်း မျက်မှောင်ကျုတ်ကာ စဉ်းစားလိုက်ပြီးမှ

အမြင်မှားတာလဲဖြစ်နိုင်တာပဲ သိပ်လဲစိုးရိမ်မနေပါနဲ့ နောက်နေ့ငါလဲစောင့်ကြည့်ပါ့မယ်

ကိုသစ်ဆန်းကမိန်းမဖြစ်သူကို ဖျောင်းဖျပြီး အလုပ်ခွင်ထဲကိုထွက်သွားခဲ့တယ်။

အိမ်ပေါ်ကဆင်းပြီး ငါးမိနစ်လောက်လမ်းလျောက်ရုံနဲ့ သစ်ခွဲစက်ကိုရောက်ပြီမို့ ဦးထုပ်မဆောင်းပဲ ခပ်သုတ်သုတ်လျောက်လာခဲ့လိုက်တယ်။

လမ်းလျောက်နေရင်း အနောက်ကနေ တစ်ယောက်ယောက်လိုက်လာတဲ့ခြေသံကြားလို့လှည့်ကြည့်တော့လဲ ဘာမှမတွေ့။ အဲဒါနဲ့ စိတ်ကထင်တာဖြစ်မှာပါဆိုပြီး ဆက်လျောက်တော့လဲ ခြေသံကကပ်ပါလာခဲ့တယ်။ နောက်ဆုံး သစ်ခွဲစက်ပရဝဏ်ထဲရောက်တော့မှ အသံပျောက်သွားခဲ့တယ်။

ကိုသစ်ဆန်းလဲ ဒီနေ့ခွဲသားတွေအမှီပေးရမှာမို့ သစ်ခွဲတဲ့ဝိုင်းဆရာတွေကို မှာစရာရှိတာမှာပြီးလှည့်အထွက် သစ်ခွဲစက်မော်တာမှာတပ်ထားတဲ့ ပန်ကာကြိုးပြတ်ထွက်ပြီး ဦးခေါင်းဘေးကနေ ဝှီးခနဲဖြတ်သွားခဲ့တယ်။

ဟာ ဆရာ. ဘာဖြစ်သွားလဲ

ဘာမှမဖြစ်ဘူးရတယ် နားရွက်တော့ ထူပူသွားတာပဲ

ပန်ကာကြိုးက လွန်ခဲ့တဲ့သုံးရက်လောက်ကမှလဲထားတာ ဘယ်လိုပြတ်သွားလဲမသိပါဘူး တော်ပါသေးတယ် ဘေးကဖြတ်သွားပေလို့ နောက်ဆိုမျက်နှာတစ်ခုလုံး စုတ်ပြတ်သတ်သွားမှာ

သမ္ဘာရင့်ဝိုင်းဆရာဦးပွ စကားကြောင့် ကိုသစ်ဆန်း အနည်းငယ်လန့်သွားကာ

ဝိုင်းခုံမှာလိုအပ်တဲ့ပစ္စည်းတွေရှိရင် ကျွန်တော်ကိုပြောဦး..

စိတ်ချ မောင်သစ်ဆန်း .. တစ်ခုခုလိုရင် ငါလာပြောပါ့မယ်

ကိုသစ်ဆန်း ဝိုင်းခုံထဲကအပြင်ကိုထွက်လာတော့ နှာခေါင်းထဲမှာ သဇင်ပန်းအနံ့သဲ့သဲ့ကို ရလိုက်တယ်။

နေ့လည်ထမင်းစားပြီးချိန် အိမ်ရှေ့ကွပ်ပြစ်ပေါ်မှာ ထိုင်ပြီး စာရင်းလုပ်နေတဲ့အချိန်နားထဲမှာ ရှမ်းအိုးစည်သံသဲ့သဲ့ကိုကြားလိုက်ရတယ်။

မိန်းမရေ ဘယ်မှာအလှူရှိနေတာလဲ

ကိုသစ်ဆန်းစကားကြောင့် ကြေးမီးပူထဲကို မီးသွေးခဲတွေထည့်နေတဲ့ မိန်းမဖြစ်သူက

ဒီနားမှာအလှူရှိတယ်လို့ မကြားပါဘူးဘာဖြစ်လို့လဲ

ဟုတ်လား ငါ့နားထဲမှာ အိုးစည်တီးသံကြားနေရလို့ဟ

တော် နားကြားမှားတာ ဖြစ်မှာပေါ့

မိန်းမဖြစ်သူစကားကြောင့် ကိုသစ်ဆန်း လက်ထဲကိုင်ထားတဲ့ ဘောပင်ကိုနားကြားထဲထိုးထည့်ပြီး စာရင်းစာအုပ်ကိုပိတ်ကာ လှချလိုက်တယ်။

ငါ နားကြားများ မှားနေတာလားဒီနေ့တစ်နေကုန် ဘာတွေဖြစ်နေမှန်းမသိပါဘူး

ကိုသစ်ဆန်းစဉ်းစားနေရင်း ထမင်းဆိပ်တက်ကာ မှေးခနဲ အိပ်ပျော်သွားခဲ့တယ်။

ဆရာ ဆရာ ထပါဦး

ပခုံးကို ကိုင်လှုပ်ကာ နှိုးနေတဲ့အသံကြောင့် အိပ်ပျော်နေရာကနေ ကုန်းထပြီးကြည့်လိုက်ရာ ပိန်ပိန်ပါးပါးအရပ်မြင့်မြင့်နဲ့လူတစ်ယောက် ဘေးမှာရပ်နေတာမြင်လိုက်ရတယ်။

မင်းက ဘယ်သူလဲ အလုပ်သမားတွေထဲမှာလဲ မမြင်ဖူးပါဘူး

ကိုသစ်ဆန်း စကားကို ရပ်နေတဲ့သူက ဘာမှပြန်မပြောပဲ စိုက်ကြည့်နေရာကနေ မျက်နှာက တစ်ဖြေးဖြေးခက်ထန်လာခဲ့တယ်။

ဟေ့ မင်းကိုမေးနေတယ်လေ

ဒေါသနဲ့အော်ပြောသံအဆုံးမှာ ရပ်နေတဲ့လူကိုယ်ထဲကနေ အနက်ရောင်အခိုးငွေ့တွေထွက်လာပြီး ကိုသစ်ဆန်းရဲ့နှာခေါင်းပေါက်ထဲကိုဝင်သွားခဲ့တယ်။

ဟေ့ ဟေ့ မင်းက ဘာကောင်လဲ လူလား သရဲလား ငါရှုလိုက်တဲ့အငွေ့တွေက ဘာတွေလဲ

တစ်ယောက်ထဲကြောက်လန့်တစ်ကြားအော်ပြောနေတဲ့အချိန်

ယောင်္ကျား. ဘာဖြစ်နေတာလဲ ဆိုတဲ့အသံကြောင့် သတိပြန်ဝင်လာပြီး

ခုနက လူရော ငါ့ဘေးမှာရပ်နေတဲ့လူရော..ဘယ်ရောက်သွားတာလဲ

ဘယ်သူမှမရှိပါဘူး အိမ်မက်မက်နေတာထင်တယ်

ငါ အိမ်မက်မက်နေတာလား

မိန်းမဖြစ်သူစကားကြောင့် ငေါက်ခနဲထရပ်လိုက်တဲ့အချိန် ခေါင်းထဲမှာ ပိုးအကောင်ပေါင်းများစွာသွားလာနေသလို ဆစ်ခနဲ ဆစ်ခနဲထိုးကိုက်လာခဲ့တယ်။

အား ခေါင်းကိုက်လိုက်တာကျွတ် ကျွတ်..

နေ့ခင်းဘက် အပူရှိန်ကပြင်းလို့ ခေါင်းကိုက်တာဖြစ်မှာပါ.. ဆေးတစ်ဖုံလောက်သောက်လိုက်ဦး

ကိုသစ်ဆန်းလဲ အိမ်ပေါ်ကိုရောက်တော့ မိန်းမဖြစ်သူပေးတဲ့ ဆေးကိုသောက်ကာ မျက်လုံးမှိတ်နေလိုက်တယ်။

ညနေလောက်ရောက်တော့ ခေါင်းကိုက်နေတာသက်သာသွားတဲ့အတွက် ပို့ရမယ့်သစ်ခွဲသားတွေကို စစ်ဆေးရန် ဝိုင်ခုံရှိတဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ်။ အိမ်ပေါ်ကဆင်းတာနဲ့ နှာခေါင်းထဲကို သဇင်ပန်းအနံ့က စူးခနဲဝင်လာခဲ့တယ်။

ကိုသစ်ဆန်းလဲ သဇင်ပန်းအနံ့ရတာကို ထွေထွေထူးထူးမစဉ်းစားနေတော့ပဲ ဝိုင်ခုံဘက်ကိုသွားကာ ပို့ရမယ့်ခွဲသားတွေကို သူ့အပုံနဲ့သူ ခွဲထုတ်စေခဲ့တယ်။ ည၇နာရီလောက်ရောက်တော့ ပို့ရမယ့်သစ်စက်အသီးသီးကို ပို့ပေးဖို့မှာပြီး အိမ်ကိုပြန်လာခဲ့လိုက်တယ်။

အိမ်ရောက်တော့ ရေချိုးထမင်းစားပြီး အိမ်ရှေ့မှာဆေးလိပ်ဖွာနေတုန်း

သဇင်ပန်းအနံ့က မွှေးလိုက်တာ မိန်းမရေ မင်းသဇင်ပန်းတွေဝယ်ထားသေးလား

တော်ကတော့ လုပ်တော့မယ် ဒီလိုနွေခေါင်ခေါင် ဘယ်သဇင်ပန်းရမှာလဲ စဉ်းစဉ်းစားစားလဲပြောပါဦး

ဟုတ်လား ငါ့နှာခေါင်းထဲ သဇင်ပန်းအနံ့ရနေလို့ မေးလိုက်တာပါကွာ

ရှင်နော် အခုတစ်လော သိပ်မူမမှန်ဘူးဖြစ်နေတယ် အလုပ်အဆင်မပြေလို့လား

ဟာ မဟုတ်ပါဘူး အဆင်ပြေပါတယ်

မိန်းမဖြစ်သူရဲ့စိုးရိမ်တဲ့စကားကြောင့် ကိုသစ်ဆန်း ကျေနပ်သွားပြီး မသိမသာပြုံးလိုက်မိတယ်။

မိန်းမ ငါတို့လာမယ့်နှစ် ကလေးယူကြရအောင်..

ကိုသစ်ဆန်းစကားကြောင့် မိန်းမဖြစ်သူ ပါးစပ်အဟောင်းသားဖြစ်သွားပြီး

ဘယ်လို ဘယ်လို ရှင်ပဲ အိမ်ထောင်သက် ငါးနှစ်မှ ကလေးယူမယ်ဆို ခု ဘယ်လိုစိတ်ကူးဖြစ်သွားတာလဲ

ဘယ်လိုမှဖြစ်တာမဟုတ်ပါဘူး ကလေးတစ်ယောက်ရှိတော့ ကိုယ်အလုပ်သွားတဲ့အချိန် မိန်းမအတွက် အဖော်ရှိတာပေါ့

ကိုသစ်ဆန်းစကားကြောင့် မိန်းမဖြစ်သူမျက်နှာမှာ ပျော်ရွှင်မှုအရိပ်အယောင်တွေပေါ်လာတာကိုမြင်လိုက်ရတယ်။ လင်မယားနှစ်ယောက် စကားတစ်ပြောပြောနေလာခဲ့တာ ည၁၀နာရီဝန်းကျင်လောက်ရောက်တော့

ယောင်္ကျား. ခြံရှေ့ ခြံရှေ့မှာ

မိန်းဖြစ်သူလက်ညိုးညွှန်ရာကြည့်လိုက်တော့ အရိပ်မဲမဲတစ်ခုကခြံတိုင်ဘေးမှာ မတ်တပ်ရပ်နေတာမြင်လိုက်ရတယ်။

ကိုသစ်ဆန်းလဲ အိမ်တိုင်မှာချိတ်ထားတဲ့ ဓါးကိုဆွဲယူကာ ခြံထဲဆင်းကြည့်တော့ ဘာမှမတွေ့ရဘူး။ အဲဒီအချိန် ရလိုက်တာကအလွန်မွှေးကြိုင်တဲ့ သဇင်ပန်းအနံ့။

တောက် မျက်လုံးအောက်မှာတင် ပျောက်သွားရတယ်လို့ကွာ.. နောက်တစ်ခါပေါ်လာလို့ကတော့ ဓါးနဲ့ကိုခုတ်သတ်မှာ

ကိုသစ်ဆန်းရဲ့ဒေါသကြီးစွာကြိမ်းဝါးသံနဲ့အတူ ခြံအပြင်ဘက်ကနေ ခြောက်ကပ်ကပ်လှောင်ရယ်သံတစ်ခုထွက်လာခဲ့တယ်။

ရယ်သံက တိုးတိုးလေးကနေ တစ်ဖြေးဖြေးကျယ်လာတာနဲ့အမျှ ကိုသစ်ဆန်းရဲ့ ခေါင်းထဲကနေ တစ်ဆစ်ဆစ်ထိုးကိုက်လာခဲ့တယ်။

အား ခေါင်းထဲက ထိုးလိုက်တာ ကျွတ် ကျွတ်..

လက်ထဲက ဓါးကို ကွပ်ပြစ်ပေါ်ပစ်တင်ပြီး လှဲချလိုက်တဲ့အချိန် အိမ်ပေါ်ကနေပြေးဆင်းလာတဲ့ မိန်းမဖြစ်သူရဲ့ခြေသံနဲ့အတူ ခေါင်းရင်းမှာရပ်နေတဲ့ ပိန်ပိန်မြင့်မြင့်လူတစ်ယောက်ရဲ့နောက်ကျောကို မပီမပြင်ဝိုးတဝါးမြင်လိုက်ရတယ်။

မင်း မင်း ဘယ်သူ

ကိုသစ်ဆန်း စကားကိုဆုံးအောင်မပြောနိုင်ပဲ နားထင်နှစ်ဖက်ကိုလက်နဲ့ဖိကာ မျက်လုံးတွေပြာလာပြီး သတိလစ်သွားခဲ့တယ်။
+++++++

ခြောက်ကပ်နေတဲ့လည်ချောင်းထဲကို တစ်စက်ချင်းကျလာတဲ့ ရေစက်တွေကိုအငမ်းမရမြိုချလိုက်တဲ့အချိန်

ယောင်္ကျား သတိရလာပြီလား ဆိုတဲ့အသံကို ကြားလိုက်ရတယ်။

ဆရာ ဆရာ သတိရလာပြီလား

ရေ ရေ ပေးပါ

ဒီမှာ ရေ လာပြီ အရမ်းကြီးမသောက်နဲ့ ဖြေးဖြေးချင်းသောက်

ကိုသစ်ဆန်းလဲ မိန်းမဖြစ်သူ လှမ်းပေးတဲ့ရေခွက်ကို ယူပြီး သောက်လိုက်တော့မှ လန်းလန်းဆန်းဆန်းဖြစ်သွားခဲ့တယ်။

ငါ ငါဘယ်ကိုရောက်နေတာလဲ

ဆရာ အိမ်ပြန်ရောက်ပါပြီ စိတ်မပူနဲ့တော့ ညတုန်းကတော့ ခေါင်းထိုးပြီးသတိလစ်သွားလို့ ဆရာဝန်ခေါ်ကုခဲ့ရသေးတယ်

အော် အေးအေး သတိရပြီ ဆရာဝန်က ဘာဖြစ်တယ်ပြောလဲ

အာရုံကြောအားနည်းတာတဲ့ အချိန်ရရင် မျက်စိကိုစမ်းကြည့်သင့်တယ်လို့ပြောသွားတယ်

ဟာ မဖြစ်နိုင်တာ ငါ့မျက်စိကအကောင်းကြီးကို..

ဆရာကလဲ မျက်စိကတော့စမ်းသင့်တယ်လေ ဒီတစ်ခေါက် တောမတက်ခင် သေချာလုပ်ထားသင့်တယ်နော်။ တောထဲမှာဆိုရင် ကျွန်တော်တို့လဲ ဘာမှလုပ်တတ်မှာမဟုတ်ဘူး

မိန်းမဖြစ်သူနဲ့ တပည့်တွေရဲ့စကားကြောင့် ကိုသစ်ဆန်း ဘာမှထပ်မပြောတော့ပဲ လှနေရာကနေထထိုင်လိုက်တဲ့ အချိန် အိမ်ပေါက်ဝတည့်တည့်မှာ ကျောပေးပြီးရပ်နေတဲ့ သူတစ်ယောက်ကိုမြင်လိုက်ရတယ်။

ဟာ ဒီကောင် ဘယ်ကနေရောက်လာပြန်တာလဲ.. သာဂတိုး ငါ့ဓါးယူပေးစမ်း အဲကောင်က ငါ့ကိုတစ်ချိန်လုံးဒုက္ခပေးနေတာ

အိမ်ပေါက်ဝကိုကြည့်ပြီး ရုန်းကန်နေတဲ့ ကိုသစ်ဆန်းကြောင့် မိန်းမဖြစ်သူနဲ့တပည့်တွေအားလုံး ရုတ်တရက်မှင်သက်သွားခဲ့တယ်။

ဆရာ အိမ်ပေါက်ဝမှာ ဘာမှမရှိဘူးလေ

မဟုတ်ဘူး ရှိတယ် အဲဒီကောင် ငါ့ကိုလှောင်နေတာ မင်းတို့မမြင်ဘူးလား ဘယ်မှာလဲငါ့ဓါး ပေးစမ်း

ဆရာ ဆရာစိတ်ထိန်းဦးလေ

တပည့်ဖြစ်သူတွေနဲ့ အိမ်နီးနားချင်းတွေအတင်းဝင်ဆွဲပြီး ချုပ်ထားတော့မှ ကိုသစ်ဆန်းငြိမ်သွားခဲ့တယ်။.

ကိုသစ်ဆန်းက တောထဲမှာ အမှားလုပ်မိလို့ အခုလို ရူးကြောင်ကြောင်ဖြစ်နေတာတဲ့

မုန့်ဟင်းခါးထဲကို ပဲသီးတောင့်ချွေထည့်ရင်းပြောလိုက်တဲ့ မခိုင် စကားကြောင့် ဟင်းရည်အိုးကို မွှေနေတဲ့ မမြင့်က

ငါလဲ အဲလိုပဲကြားတယ်.. အရင်ကဆိုရင် ညဘက်ပဲ စိတ်ဖောက်တာ အခုကတော့ စိတ်မထင်ရင်မထင်သလို စိတ်ဖောက်တယ်လို့လဲပြောနေကြတယ်

ငါပြောသားပဲ တောထဲတောင်ထဲသွားရင် စည်းစောင့်ရပါတယ်လို့ အခုစည်းမစောင့်တော့ ခံရပီလေ

ဟဲ့ တော်ပြီ တော်ပြီ ဟိုမှာ သူ့မိန်းမလာနေတယ်

မမြင့်စကားကြောင့် မခိုင် ဘာမှဆက်မပြောတော့ပဲ မုန့်ဟင်းခါးကိုမွှေကာ စားနေလိုက်တယ်။

မမြင့်ရေ မုန့်ဟင်းခါးတစ်ပွဲ လုပ်ပေးပါဦး

ဒီမှာပဲစားမလား နှင်းနု..

မစားတော့ဘူး အိမ်မှာ ကိုသစ်ဆန်း တစ်ယောက်ထဲဖြစ်နေလို့ အမြန်ပြန်ရမယ်

အော် ကိုသစ်ဆန်း အခြေအနေဘယ်လိုနေသေးလဲ

ဒီလိုပါပဲအမရေ တစ်ခါတစ်လေ အကောင်း၊ တစ်ခါတစ်လေကျရင် ထထဖောက်တာ..အခုဆို အလုပ်တွေတောင် နားထားရတယ်

ကိုသစ်ဆန်းကို ကြည့်ရတာ သာမန်မဟုတ်လောက်ဘူး ပယောဂကုတဲ့ဆရာတွေနဲ့များပြကြည့်သေးလား

ပြတာပေါ့ မမြင့်ရယ် အားလုံးက ဟုတ်တိပတ်တိ မပြောကြဘူး နောက်ပြီးခြေကြွခကလဲ မတန်မဆတွေတောင်းတာ

ဟူး ကျွန်မတို့လဲ ဆရာကောင်းတွေရှာကြည့်ထားပေးပါမယ် ဒီမှာ ရပီနော်အစ်မ

ကျေးဇူးပဲနော်

မမြင့်လဲ မုန့်ဟင်းခါးထုပ်ကိုဆွဲကာထွက်သွားတဲ့ နှင်းနုကိုကြည့်ပြီး သက်ပြင်းရှည်တစ်ချက်ချလိုက်မိတယ်။
++++++

သုံးဖီးဆိုင်ကန်တော့ပွဲ သုံးပွဲကို ဘုရားကျောင်းဆောင်ပေါ်တင်ပြီး မန္တာန်တစ်ပုဒ်ကိုရွတ်ဖတ်နေတဲ့ လူအရှေ့မှာတော့ ကိုသစ်ဆန်းက ရီဝေဝေမျက်လုံးအစုံနဲ့ တောင်ကြည့်မြောက်ကြည့်လုပ်နေခဲ့တယ်။

အိမ်း ပြဿနာဇစ်မြစ်ကိုတော့ တွေ့ပြီ

မန္တာန်ရွတ်အပြီးပြောလိုက်တဲ့စကားကြောင့် နှင်းနုက လက်အုပ်လေးချီကာ

ကိုသစ်ဆန်းက ဘာဖြစ်တာလဲဆရာ.

ဘာဖြစ်ရမလဲ သူခုတ်ခဲ့တဲ့သစ်ပင်မှာနေတဲ့ ရုက္ခစိုးကနကျေနပ်လို့ ပြုစားထားတာလေ

ဒုက္ခပါပဲ ကျွန်မတို့ဘယ်လိုလုပ်ရမလဲ ဆရာကို အားကိုးပါတယ်

အခု ဆရာကိုယ်တိုင်သူ့ကိုဖျောင်းဖျပြီး ခွင့်လွှတ်ပေးဖို့မေတ္တာရပ်ခံထားပါတယ် ဒါပေမယ့် ကာယကံရှင်အနေနဲ့ အဲဒီတောထဲကိုထပ်မသွားဖို့တော့လိုမယ်

ထပ်သွားမိရင် ဘာဖြစ်မလဲဆရာ

ဘာဖြစ်မယ်ဆိုတာ ဆရာလဲအတိအကျမပြောနိုင်ဘူး သေချာတာတစ်ခုက ဒီထက်ပိုဆိုးလာပြီး ကံမကောင်းရင် အသက်ပါသေသွားနိုင်တယ်

တစ်လုံးချင်းလေသံအေးအေးနဲ့ပြောသွားတဲ့ လူရဲ့စကားလုံးတွေအောက်မှာ နှင်းနု တစ်ယောက်သွေးပျက်တဲ့မျက်နှာနဲ့

သူနေကောင်းမယ်ဆိုရင် ထပ်မသွားပါဘူးလို့ ကတိပေးပါတယ် သူ့ကိုသာကောင်းအောင်ကုပေးပါ

ကောင်းပါပြီ ကျုပ်ဘက်က နိုင်သလောက် လုပ်ပေးခဲ့ပါမယ်

ပယောဂဆရာက ကိုသစ်ဆန်းကိုကြည့်ပြီး သူ့လက်မှာပတ်ထားတဲ့ အနီရောင်ကြိုးကိုချွတ်ကာ မန်းမှုတ်ပြီး ကိုသစ်ဆန်းလက်ထဲမှာပတ်ထားပေးလိုက်တယ်။

ဒီကြိုးက ရှမ်းရိုးမတောင်ကြောမှာ သုံးလတိတိအဓိဌာန်ဝင်ပြီး စီရင်ခဲ့တာမို့ မကောင်းတဲ့အနှောက်အယှက်တွေ ကာယကံရှင်ဆီမရောက်အောင် တားဆီးပေးပါလိမ့်မယ် စိတ်ဖောက်တဲ့အချိန်တွေဆိုရင် ကျုပ်ပေးခဲ့တဲ့ရေမန်းကိုပဲတိုက်လိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်

ကျေးဇူးတင်ပါတယ်ဆရာ ဆရာတို့အတွက် ခြေကြွခလေး လက်ခံပေးပါဦး

ပယောဂဆရာလဲ နှင်းနုကမ်းပေးတဲ့ ခြေကြွခငွေကို လှမ်းယူကာ ဆေးလွယ်အိတ်ထဲထည့်ပြီး ပြန်သွားခဲ့တယ်။

အိမ်အောက်မှာကြည့်နေကြတဲ့သူတွေကတော့ ပယောဂဆရာရဲ့ အာဘောင်အာရင်းသန်သန် ပြောဆိုချက်တွေကို အားရကျေနပ်နေပေမယ့် မျက်နှာစိမ်းလူနှစ်ယောက်ကတော့ ပယောဂဆရာကို ရွံရှာတဲ့အကြည့်နဲ့ကြည့်နေခဲ့ကြတယ်။
+++++++

တုံ တုံ တုံ တုံ

ညနေ နေဝင်ရီတရောအချိန် စည်းချက်ညီစွာထွက်ပေါ်လာတဲ့ အုန်းမောင်းခေါက်သံကြောင့် အဆောင်အသီးသီးမှာရှိတဲ့ သံဃာတော်တွေ ဘုရားဝတ်ပြုဖို့ထွက်လာခဲ့ကြတယ်။ သံဃာတော်တွေဘုရားဝတ်ပြုနေတဲ့အချိန်မှာတော့ ကျောင်းအောက်ထပ်အဖီလေးအတွင်းကနေ စကားတီးတိုးပြောသံထွက်ပေါ်လာခဲ့တယ်။

နေ့လည်က ကန်တော့ပွဲအုန်းသွားဝယ်တဲ့အချိန် မြင်လိုက်ရတဲ့အဖြစ်က အသည်းကိုယားနေတာပဲဗျာ

ဟုတ်တယ်ဆရာ အဲဒီလူက သူ့ကိုယ်သူ ပယောဂဆရာဆိုပြီး လိမ်နေတာ အသိသာကြီး

လောကမှာ လူကောင်းရှိသလို လူဆိုးဆိုတာလဲရှိတယ် ငါတို့ရဲ့လောကမှာလဲ ဆရာကောင်းတွေရှိသလို ဆရာလိမ်တွေလဲအများကြီးရှိကြတယ် အခုမင်းတို့တွေ့ခဲ့တာ ဆရာလိမ်တွေထဲက တစ်ယောက်ဖြစ်မှာပေါ့

ယောဂီရောင်အင်္ကျီရှည်နဲ့ ပုဆိုးကိုဝတ်ထားပြီး လက်ထဲမှာ ဆီစိမ်စက္ကူစာရွက်ကိုင်ထားတဲ့သူတဲ့စကားကြောင့် ဘေးမှာရှိနေတဲ့သူနှစ်ယောက်လုံး ခေါင်းတညိမ့်ညိမ့်လုပ်ကာ ငြိမ်သက်သွားခဲ့တယ်။ ခဏနေတော့

မဟုတ်ဘူးနော်ဆရာ သူကုတဲ့လူရဲ့ပုံစံက သာမန်ပယောဂနဲ့လုံးဝကိုမတူတာ နောက်ပြီး သူတို့အိမ်ပေါ်အနီးတစ်ဝိုက်မှာသဇင်ပန်းနံ့အပြင် အခြားအမွှေးရနံ့တွေလဲရနေတယ်

ဟုတ်တယ်ဆရာ တောက်ရ ပြောသလို ကျွန်တော်လဲခံစားမိတယ် ကျွန်တော်စိတ်အထင်ပြောရရင် အဲဒီလူနာက နတ်အတိုက်များထိနေသလားလို့

မင်းတို့ပြောတာ ဖြစ်နိုင်တယ်ဆိုရင်ရော ဘယ်လိုလုပ်မယ်စိတ်ကူးထားလဲ

ယောဂီဝတ်လူရဲ့စကားကြောင့် ဆီစိမ်စက္ကူတွေကိုညီညာအောင်စီနေတဲ့လူနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး

ကျွန်တော်တို့ အမှန်တရားကိုဖော်ထုတ်ချင်တယ်ဆရာ မသိနားမလည်တဲ့လူတွေကို ခြိမ်းခြောက်ပြီး မတရားလုပ်နေတာတော့မကြည့်ရက်ဘူး

ကောင်းပြီလေ မင်းတို့နှစ်ယောက်စခဲ့တဲ့ ဇာတ်လမ်းကို ကိုယ်တိုင်အဆုံးသတ်ကြပေါ့ ဒါပေမယ့် တစ်ခုသတိထား

ဟုတ်ကဲ့ဆရာ ကျွန်တော်တို့နားထောင်နေပါတယ်

လူနာဆီမှာ တွယ်ကပ်နေတဲ့ရောဂါကိုဖယ်ထုတ်ရုံပဲ လုပ်ပါ ပြဿနာရဲ့ဇစ်မြစ်အဆုံးထိမလိုက်ကြနဲ့

ဟုတ်ကဲ့ပါဆရာ ကျွန်တော်တို့ လူနာအန္တရာယ်ကင်းတာနဲ့ပြန်လာခဲ့ပါမယ်

ကဲ အခုတော့ သမာဓိတည်ငြိမ်အောင် လုပ်ကြပေတော့

ယောဂီဝတ်လူရဲ့စကားအဆုံးမှာ ဘုန်းကြီးကျောင်းပေါ်ကနေ အမျှဝေတဲ့အသံထွက်ပေါ်လာခဲ့တယ်။

++++++
ဆရာ ပြောတဲ့ စကားထဲမှာ ပြဿနာရဲ့ ဇစ်မြစ်ကိုမလိုက်နဲ့ဆိုတာ ဘာသဘောများလဲ

ဘုန်းကြီးကျောင်းအပြင်ကိုရောက်တာနဲ့ စကားစလိုက်တဲ့ တောက်ရကြောင့် သက်ခိုင်အနည်းငယ်စဉ်းစားပြီး

ဆရာပြောတာက ဒီပယောဂကိုဘယ်သူကခိုင်းလို့ ဘယ်ဆရာကလုပ်တယ်ဆိုတာ မပေးသိနဲ့ဆိုပြီးပြောတာဖြစ်မယ်

ဆရာကဘာလို့ မပေးသိတာလဲ..

အင်း ငါ့အထင်ပြောရရင် ဒီကိစ္စကို ဖန်တီးတဲ့သူက ကာယကံရှင်နဲ့ မလွတ်ကင်းတဲ့သူပဲဖြစ်ရမယ် ငါတို့က ဘယ်သူလုပ်တယ်ဆိုတာ ခေါ်မေးရင် လုပ်တဲ့သူက အမှန်တိုင်းဖြေရမှာပဲလေ ဥပမာကွာ လုပ်တဲ့သူက သူမဟုတ်ပါဘူးလို့ ဗြောင်ငြင်းပြီး ငါတို့ကိုဝိုင်းရိုက်ရင်ရော တစ်ယောက်တစ်ယောက်ချင်းဆို ကိစ္စမရှိပေမယ့် အများနဲ့ဆိုရင် မင်းရောငါရော ပြေးပေါက်မှားနိုင်တယ်

သက်ခိုင်စကားကိုကြားတော့ တောက်ရက ရယ်ကျဲကျဲလုပ်ပြီး

ဟုတ်တယ်နော် ကျွန်တော်တို့က နာနာဘာဝတွေကိုသာနိုင်တာ အများနဲ့တစ်ယောက်ဆိုရင် နိုင်မှာမဟုတ်ဘူး

ဆရာက အဓိဌာန်ကြောင့် မလိုက်နိုင်ပေမယ့် ငါတို့အန္တရာယ်ဖြစ်မှာလဲစိတ်ပူတယ်.. ဒါကြောင့် ဒီစကားကိုပြောခဲ့တာဖြစ်မယ်

သက်ခိုင်နဲ့တောက်ရတို့ စကားတစ်ပြောပြောနဲ့ လမ်းလျောက်လာခဲ့တာ မနေ့က ပယောဂကုတဲ့အိမ်ရှေ့ကိုရောက်လာခဲ့တယ်။ အိမ်ရှေ့ကိုရောက်တော့ ကွပ်ပြစ်ပေါ်မှာ ထိုင်နေတဲ့လူနာအပြင် အခြားလူစိမ်းသုံးယောက်ကိုမြင်လိုက်ရတယ်။

ကွပ်ပြစ်ပေါ်မှာထိုင်နေတဲ့ အမျိုးသမီးက ခြံရှေ့မှာ ရစ်သီရစ်သီလုပ်နေတဲ့သက်ခိုင်တို့ကိုမြင်တော့

ဘာကိစ္စများရှိလို့ပါလဲ

ဟိုလေ ဒီအိမ်က လူနာအခြေအနေလေး လာကြည့်တာပါ

အော် ဒီကလူတွေက မမြင့် လွှတ်လိုက်တဲ့ ပယောဂဆရာတွေလား လာကြပါရှင် လာကြပါ

သက်ခိုင်တို့လဲ ချော်လဲရောထိုင်လုပ်ပြီး အထဲကိုဝင်လာတော့ ကွပ်ပစ်မှာထိုင်နေတဲ့ လူက မုန်ကုတ်ကုတ်နဲ့ကြည့်ပြီး

ကိုသစ်ဆန်းက နေကောင်းသွားပြီမဟုတ်လား ဒီကဆရာတွေမလိုတော့ဘူးလေအစ်မ

နေကောင်းသွားတာတော့မှန်ပေမယ့် .. မမြင့်က တကူးတကလိုက်ရှာပေးထားတဲ့ဆရာတွေမို့ အားနာလို့ပါ ကိုမြင့်ထွန်းရယ်

ဟုတ်ပါပြီ ဟုတ်ပါပြီ ဒါဆိုလဲ ကျွန်တော်ပြန်လိုက်ပါဦးမယ် လုပ်စရာရှိတာဆက်လုပ်ကြပါ

ဧည့်သည်တွေပြန်သွားတော့ အိမ်ရှင်အမျိုးသမီးက သက်ခိုင်တို့ကို ကြည့်ပြီး
လူနာကတော့ မြင်တဲ့အတိုင်းပဲ ဆရာတို့ရေ မနေ့က လာကုပေးတဲ့ဆရာကျေးဇူးကြောင့် အတော်သက်သာသွားတာ ကိုသစ်ဆန်း ဒါက မမြင့် ရှာထားပေးတဲ့ဆရာတွေလေ

တွေ့ရတာဝမ်းသာပါတယ်ဆရာ ကျွန်တော်အတွက်နဲ့ အလုပ်ပိုရပြီ

မဟုတ်တာဗျာ ကျုပ်တို့တာဝန်က လူတွေအသက်ကိုကယ်ဖို့ပဲ ဒီလောက်ကအပန်းမကြီးပါဘူး.. ဒါနဲ့ နေရထိုင်ရတာအဆင်ပြေရဲ့လား

ဟုတ်ကဲ့ ပြေပါတယ် ခေါင်းလဲမကိုက်တော့သလို စိတ်လဲကြည်လာပါတယ်

ကဲဗျာ ကျုပ်တို့ရောက်တုန်းလေး တစ်ချက်ကြည့်ပေးပါမယ် ခြေကြွခပေးစရာမလိုဘူးနော်

သက်ခိုင်စကားကိုကြားတော့ အမျိုးသမီးက အားနာတဲ့ဟန်နဲ့

အိမ်ပေါ်ကို ကြွကြပါဦး

အိမ်ပေါ်ကိုရောက်တော့ သက်ခိုင် နှာခေါင်းထဲမှာ သဇင်ပန်းအနံ့ကိုခံစားမိလိုက်တယ်။ ဒါပေမယ့် မသိဟန်ပြုရင်း ဘုရားဦးချကာ အထက်ဆရာတွေထံကုသခွင့်အရင်တောင်းခံလိုက်တယ် ပြီးတာနဲ့ လူနာရှင်ကို စူးစိုက်ကြည့်လိုက်ရာ အကြည့်မခံပဲမျက်နှာလွှဲသွားတာကိုမြင်လိုက်ရတယ်။

လူနာက အရှင်းမပျောက်သေးဘူးနော် ကိုယ်ထဲမှာ ပယောဂကျန်နေသေးတယ်

သေချာလို့လား ရှင်

ကျုပ်တို့ခဏနေ လက်တွေ့ပြပါမယ် အပန်းမကြီးဘူးဆိုရင် ရေတစ်ခွက်လောက်ရနိုင်မလား

ရပါတယ် ရပါတယ် ခဏလောက်စောင့်ပါ

အိမ်ရှင်အမျိုးသမီးရေသွားယူနေတဲ့အချိန် သမာဓိကိုတည်ငြိမ်အောင်လုပ်ပြီး အိမ်ထဲကိုကြည့်လိုက်ရာ လှေကားအတက်အဆင်းမှာ နံရံကိုမှီကာလက်ပိုက်ကြည့်နေတဲ့ သူတစ်ယောက်ကိုမြင်လိုက်ရတယ်။

တောက်ရ လှေကားအတက်အဆင်းကိုကြည့်စမ်း

ဝတ်စုံအနက်နဲ့ လူတစ်ယောက်ကျွန်တော်တို့ကိုကြည့်နေတယ်ဆရာ

သူဝတ်စားထားတဲ့ပုံအရဆိုရင် ရှမ်းနတ်ဖြစ်ဖို့များတယ်.. သေချာအောင်ခေါ်သွင်းပြီးမေးရမှာပဲ

သက်ခိုင်နဲ့တောက်ရတို့ ပြောနေတဲ့စကားတွေကို အရှေ့မှာထိုင်နေတဲ့လူကြားတော့

ဆရာတို့ပြောတာဖြစ်နိုင်တယ် ဒီကိစ္စတွေမဖြစ်ခင် ကျွန်တော်နားထဲမှာ ရှမ်းအိုးစည်တီးသံအမြဲကြားရတယ်..

ဆရာ ရေ ရပါပြီ

သက််ခိုင်လဲ အိမ်ရှင်အမျိုးသမီးကမ်းပေးတဲ့ရေခွက်ကိုယူကာ ဂါထာတစ်ပုဒ်ကို ကိုးခေါက်ရွတ်ဖတ်ပြီး လက်ညိုးကိုရေထဲနှစ်ထားလိုက်တယ်။

အခုချိန်ကစပြီး ကာယကံရှင်တွေစိတ်ရှင်းအောင် မေးမြန်းတော့မယ် ကျုပ်ခေါ်တဲ့ပုဂ္ဂိုလ်သာ အရှေ့ကိုရောက်စေ မခေါ်ပဲဝင်လာတဲ့သူတွေကိုတော့ ဂိုဏ်းစောင့်နတ်တွေက ကြိမ်ဒဏ်ပေးပြီး ပြန်လွှတ်စေ လို့ပြောပြီး အရှေ့မှာရှိနေတဲ့လူကို ရေနဲ့တောက်လိုက်ရာ လှေကားရင်းမှာမှီနေတဲ့ ပုဂ္ဂိုလ်က ထိုင်နေတဲ့လူဆီချက်ချင်းပြေးဝင်လာပြီး ကြမ်းပြင်ကိုခေါင်းနဲ့ဆောင့်ပါလေရော။

ကိုသစ်ဆန်း ဘာ ဘာဖြစ်တာလဲ

မထိနဲ့ သူဘာမှမဖြစ်စေရဘူးလို့ ကျုပ်တို့အာမခံပါတယ်

သက်ခိုင်စကားကြောင့် ဆွဲထူဖို့လုပ်နေတဲ့အမျိုးသမီး အနောက်ကိုဆုတ်သွားခဲ့တယ်။

ပြောစမ်း သင်ဘယ်သူလဲ

သက်ခိုင်စကားကို ဘာမှပြန်မဖြေပဲ ကြမ်းပြင်ကိုသာခေါင်းနဲ့ဆောင့်နေတာမြင်တော့ လက်ထဲကရေစက်နဲ့တောက်ပြီး မေးလိုက်တော့မှ ရှမ်းဘာသာစကားနဲ့ပြောလာခဲ့တယ်။

သင်ပြောတာ ကျုပ်တို့နားမလည်ဘူး ကျုပ်တို့နားလည်အောင်ပြော သင်ကဘယ်သူလဲ

ငါ ငါက ကိုးမြို့ရှင်လေနော့

ဟော ကိုးမြို့ရှင်က ဘယ်လိုဖြစ်ပြီး နန်းမှာမနေပဲ ဒီကိုရောက်နေရတာလဲ

ငါ့ကိုခိုင်းလို့ လုပ်ရတာလေနော့ ဒီလူကို အလုပ်မလုပ်နိုင်အောင် လုပ်ခိုင်းလို့ ငါကလုပ်ရတာလေနော့

ကိုးမြို့ ကိုးဓါး ကိုးဖလားပိုင်တဲ့ သူကိုတောင် စေခိုင်းတဲ့ပုဂ္ဂိုလ်ကို ကျုပ်တို့တွေ့ချင်မိသေး

သက်ခိုင်က စိတ်ထဲကနေလွှတ်ခနဲပြောလိုက်မိတာကြောင့် တောက်ရက ဘေးကနေ လက်တို့သတိပေးလိုက်ရတယ်။

ကဲ အခု သင်အရှေ့မှာ ရောက်နေတဲ့သူတွေအကြောင်း သိသင့်သလောက်သိတယ်မဟုတ်လား

အင်းလေ ဆရာတို့အကြောင်း ငါသိတယ် ဒါကြောင့် ငါလာရတာပေါ့

ကျုပ်တို့ရဲ့ဆန္ဒက ဒီလူအကောင်းအတိုင်းဖြစ်ဖို့ပဲ ကျန်တာဘာသဘောမှမပါဘူးဆိုတာ သင့်ကိုခိုင်းတဲ့လူကိုပြန်ပြောပြလိုက်

ငါပြောလိုက်မယ်လေ နော့

ဟုတ်ပြီ ဟုတ်ပြီ ဒါဆို အခုက သင်နဲ့ဒီနေရာနဲ့ ဘာမှမဆိုင်တော့ဘူး ကိုယ့်နန်းကိုယ်ပြန်ဖို့ ကျုပ်အမိန့်ပေးတယ်

ငါ ပြန်လို့မရသေးဘူးနော့ ငါ့ ပစ္စည်းဒီအိမ်မှာရှိနေတယ်နော့

သင့်ပစ္စည်းကိုရှာပြီးရင် ပြန်လို့ရပြီမလား

အေး အဲဒီပစ္စည်းမရှိရင်ငါပြန်လို့ရပြီ

ရှမ်းသံဝဲဝဲနဲ့ပြောနေတဲ့စကားအဆုံးမှာ တောက်ရက အလိုက်သိစွာနဲ့ ကြွက်မင်းအင်းကိုမီးရှို့လိုက်တယ်။ ကြွက်မင်းအင်းကနေထွက်လာတဲ့ မီးခိုးငွေ့တွေက အထက်ကိုမတက်ပဲ အိမ်ဦးတိုင်နားမှာဝေ့နေတာမြင်လိုက်ရတယ်။

ပစ္စည်းက အိမ်ဦးတိုင်အောက်မှာရှိရမယ် အမြန်သွားတူးကြည့်

သက်ခိုင်စကားကြောင့် တောက်ရလဲ အိမ်အောက်ကိုဆင်းလာတဲ့အချိန် လှေကားရင်းမှာ ရှိနေတဲ့ ဧည့်သည်သုံးယောက်ကိုမြင်လိုက်ရပေမယ့် မသိသလိုလုပ်ပြီး အိမ်ဦးတိုင်အောက်ကို တူးလိုက်ရာ ဂျုံအရုပ်တစ်ခုကိုအနက်ရောင်ဘောင်းတော်နဲ့ပတ်ထားတဲ့အထုပ်တစ်ထုပ်ထွက်လာခဲ့တယ်။

တောက်ရလဲ ရလာတဲ့အထုပ်ကို အိမ်ပေါ်ယူသွားပြီးပြတော့

အင်း ကိုးမြို့ရှင်နတ်ကွန်းက ဘောင်းတော်နဲ့ ဒီအိမ်ရဲ့အိမ်ထောင်ဦးစီးကို လုပ်ထားတာကိုး

ဒါကို မီးရှို့လိုက်ရမလား ဆရာ

အခုချက်ချင်းမီးရှို့ပြီး ရလာတဲ့ပြာကို ရေထဲမျောခိုင်းလိုက်

တောက်ရလဲ အစီရင်ထုပ်ကို အိမ်အောက်ကိုယူသွားပြီး မီးရှို့လိုက်တဲ့အချိန် အိမ်ပေါ်မှာဝင်စီးနေတဲ့လူအသိစိတ်ပြန်ကပ်လာခဲ့တယ်။

ဒီနေ့ကစပြီး ကျုပ်တို့ပေးတဲ့အဆောင်နဲ့ ရေမန်းကို မပြတ်ဆောင်ထားပါ ဒါဆို ဘယ်သူမှ ဒုက္ခပေးလို့မရတော့ဘူး

ဆရာ ကျွန်မတို့ကိုဒီလိုဖြစ်အောင် ဘယ်သူလုပ်တာလဲ သိပါရစေ

ဘယ်သူလုပ်တယ်ဆိုတာထက် ကာယကံရှင်နေပြန်ကောင်းလာဖို့ကအဓိကမဟုတ်လား သိပ်လဲစိတ်ပူမနေပါနဲ့ သူတို့လဲထပ်မလုပ်လောက်တော့ပါဘူး

သက်ခိုင်လဲ အိမ်မှာလိုအပ်တဲ့ အစီအရင်တွေကို လုပ်ပေးပြီးဆင်းလာတော့ အိမ်အောက်မှာ မျက်စိပျက်မျက်နှာပျက်ဖြစ်နေတဲ့ လူသုံးယောက်ကိုမြင်လိုက်ရတယ်။

ဟယ် ကိုမြင့်ထွန်းတို့ မပြန်ရသေးဘူးလား

ဟုတ်တယ် အစ်မ ပြန်မလို့လုပ်ပြီးမှ ကိုသစ်ဆန်း အခြေအနေသိချင်လို့ စောင့်နေလိုက်တာ ဒီကဆရာတွေက အတော်စွမ်းတာပဲ

ဟုတ်တယ်နော် တစ်ခဏလေးအတွင်း ဘာကြောင့်ဖြစ်တယ်ဆိုတာ အဖြေရှာနိုင်တယ်

ကိုသစ်ဆန်း နေပြန်ကောင်းလာတော့မှာမို့ အရင်လို အလုပ်တူတူတွဲလုပ်ဖို့စောင့်နေတယ်နော်

အလုပ်မလုပ်ခင် ကျွန်မတို့ကို ဒီလိုဖြစ်အောင် ဘယ်သူလုပ်လဲဆိုတာ အရမ်းသိချင်နေတာ

နှင်းနု စကားကြောင့် ကိုမြင့်ထွန်း မျက်နှာပျက်သွားတာကို သက်ခိုင်တို့ သတိထားမိခဲ့ကြတယ်။

ဒါဖြင့် ကျွန်တော်တို့လဲပြန်လိုက်ပါဦးမယ် နောက်မှ အေးဆေးပြန်လာခဲ့မယ်နော်အစ်မ

အေးအေး ဖြေးဖြေးပြန်ကြဦး

နှင်းနုက မြင့်ထွန်းတို့ကိုနှုတ်ဆက်ပြီးတော့ သက်ခိုင်တို့ကို ခြေကြွခအဖြစ် ငွေစက္ကူတွေအတင်းထိုးပေးပါလေရော။

မယူပါရစေနဲ့ဗျာ ကျွန်တော်တို့က လူနာရှင်ဆီကနေ အခကြေးငွေလက်မခံပါဘူးဆိုတဲ့ကတိခံထားရလို့ပါ

ဒီလိုတော့ဘယ်ဟုတ်မလဲ ဆရာတို့ကျေးဇူး ကျွန်မတို့လင်မယားအပေါ်ရှိနေတာလေ လက်ခံပါနော်

ဟုတ်ပါတယ်ဆရာလေး လက်ခံပေးပါဗျာ

လင်မယားနှစ်ယောက်လုံးစကားကြောင့် သက်ခိုင် ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့အချိန်

ဒီလိုလုပ်ဗျာ ငွေတွေကို ကျုပ်တို့နာမည်နဲ့ ဘုရားတစ်ဆူဆူမှာ လှူပေးလိုက်ပါ.. အဲလိုဆိုအဆင်ပြေတယ်မလား

ဆရာတို့သဘောအတိုင်းလုပ်ပေးပါမယ် ကျေးဇူးလဲတင်ပါတယ် ဒါနဲ့ ဆရာတို့နာမည်လေးတွေရေးခဲ့ပေးပါလား ဒါမှ ရည်စူးပြီးလှူလို့ရမှာလေ

သက်ခိုင်တို့လဲ စာရွက်အလွတ်ပေါ်မှာ
အောင်မြတ်သာ၊ သက်ခိုင်၊ တောက်ရ ဆိုတဲ့နာမည်ကိုရေးပေးကာ ပြန်ထွက်လာခဲ့ကြတယ်။

ဘုန်းကြီးကျောင်းပြန်ရောက်တော့ သစ်ရွက်ခြောက်တွေကို သန့်ရှင်းရေးလုပ်နေတဲ့အောင်မြတ်သာကိုမြင်တွေ့လိုက်ရတယ်။

ဆရာ ကျွန်တော်တို့ပြန်ရောက်ပါပြီဒီကောင်တွေက ကိုးမြို့ရှင်နတ်ကို ခိုင်းထားတာဗျ

အချို့အောက်လမ်းဆရာတွေက သူတို့ရဲ့ပညာကိုအသုံးပြုပြီးအထင်ကရနတ်စိမ်းတွေကိုခိုင်းစားတတ်ကြတယ်.. ဒါပေမယ့် မင်းတို့က ကူညီပေးနိုင်ခဲ့တယ်မလား

ဆရာကျေးဇူးကြောင့် ဘာမှမဖြစ်ပဲပြန်လာနိုင်တာလေ.. ဟိုလူတွေက သူတို့နာမည်ထွက်တာနဲ့ ကျွန်တော်တို့ကို တကယ်လုပ််မှာဗျ

သက်ခိုင်စကားကိုကြားတော့ အောင်မြတ်သာ ပြုံးလိုက်ပြီး

လာမယ့် တပေါင်းလပြည့်နေ့ ဒီတောင်ကြောတစ်နေရာမှာ ငွေယားသိုက်တစ်ခုပေါ်လာလိမ့်မယ်

ငွေယားသိုက် ဟုတ်လားဆရာ

ဟုတ်တယ် သက်ခိုင် ငွေယားသိုက်စောင့်တွေအကြောင်းကိုတော့ ညကျမှသေချာပြောပြပေးမယ်။ အခုတော့ ဒီလောက်ပဲသိထားဦး

သက်ခိုင်တို့လဲ အောင်မြတ်သာစကားအဆုံးမှာ ငွေယားသိုက်အကြောင်းသိချင်စိတ်တွေ တဖွားဖွားဖြစ်ပေါ်လာခဲ့တယ်။

သက်ခိုင်တို့သိချင်နေတဲ့အကြောင်းတွေကိုလဲ စာဖတ်သူတို့သိချင်နေကြပြီထင်ပါတယ်။

ဒါဆိုရင်တော့ နောက်အပတ်ထွက်မယ့် အောင်မြတ်သာနှင့်ငွေယားသိုက်ဆိုတဲ့ဝတ္တုကိုစောင့်မျှော်အားပေးကြပါဦးနော်။

လေးစားစွာဖြင့်
ဇေယန(ရာမည)

မူရင်း စာရေးသူအားလေးစားစွာဖြင့် crdပေးပါသည်ခဗျာ။
စာရေးသူ၏ ခွင့်ပြု့ချက်ဖြင့်တင်သည်။