အောင်မြတ်သာနှင့်စစ်ထွက်ဘုရား
စာရေးဆရာ -ဇေယန(ရာမည)
” ဒူ………..”
ဟန်ပါပါမာန်ပါပါနဲ့ထုလိုက်တဲ့အောင်စည် အောင်မောင်း အသံက စကားစမြည်ပြောနေကြတဲ့ စစ်သည်တွေအားလုံးကို သတိဝင်စေခဲ့တယ်။ မကြာခင်မှာပဲ အုန်းခွံရောင်မြင်းတစ်ကောင်ကိုစီးပြီး ချပ်ဝတ်ဆန်ဆာတွေဝတ်ဆင်ထားတဲ့ တပ်မှူးတစ်ယောက် ရောက်လာကာ တန်းစီနေကြတဲ့ စစ်သည်တွေရဲ့မျက်နှာကို တစ်စိုက်မတ်မတ် ကြည့်ရှုနေခဲ့တယ်။
အတန်ကြာလှည့်ပတ်ကြည့်ရှုပြီးချိန်မှာတေငာ့ မြင်းဇက်ကြိုးကိုဆွဲကာရပ်လိုက်ပြီး
” ညီနောင်တို့ ငါတို့ဟာ မကြာခင် ကျူးကျော်သူတွေရဲ့ရန်ကို ခုခံတိုက်ခိုက်ကြရတော့မှာဖြစ်တယ်။ မင်းတရားကြီးကလဲ ရန်သူတွေကို ကိုယ်တိုင်ဦးဆောင်ပြီးတိုက်ထုတ်နေသလို ငါတို့ကလဲ ကိုယ့်မြို့ရွာကို အသက်ပေးပြီး ကာကွယ်ကြရလိမ့်မယ်။ ငါတို့ရှုံးနိမ့်လို့မဖြစ်ဘူး… ဒါကြောင့် ငါကိုယ်တိုင်ရှေ့ကနေထွက်ပြီး တိုက်မယ်။ ငါတို့ရဲ့ လက်မှာကိုင်ထားတဲ့ ဓါးလှံတွေမှာ ရန်သူထောင်ပေါင်းများစွာရဲ့သွေးတွေစီးဆင်းစေရမယ်ဟေ့” လို့ပြောကာ ကျောက်စီဓါးကိုဝင့်လိုက်ရာ အောက်မှာရှိနေကြတဲ့ စစ်သည်ရဲမက်ဗိုလ်ပါတွေအားလုံး လက်သီးလက်မောင်းတန်းပြီး အော်ဟစ်လိုက်ကြတယ်။
+++++
ယာယီစစ်ထွက်တဲ တစ်ခုအတွင်းမှာတော့ မြို့စောင့်တပ်မှူးမင်းရဲကျော်သူနဲ့အတူ အခြားတပ်မှူးအချို့ ခေါင်းချင်းဆိုင်ရာ စစ်ရေးဗျူဟာများကို ဆွေးနွေးနေခဲ့ကြတယ်။
” တပ်မှူး .. စစ်ထွက်ဘုရားထဲက ဌာပနာတွေအားလုံး လုံခြုံတဲ့နေရာကိုရောက်ပါပြီ”
” ဟုတ်ပြီနန္နသူ . ဒါနဲ့ ရန်သူတွေ ဘယ်လိုအခြေအနေရှိလဲ”
” သူတို့ဘက်ကတော့ လှုပ်ရှားတာမတွေ့သေးဘူး တပ်မှူး၊ ဒါပေမယ့် အတွင်းလူပေးတဲ့သတင်းအရ မကြာခင်သူတို့လာတိုက်မယ်လို့ထင်မိတယ်”
” မြို့ရိုးတစ်လျောက် ကင်းသမားတွေကို ခေါက်ရှည်အစား ခေါက်တိုပြောင်းစောင့်ဖို့ သတပေးလိုက်၊ ဗိုလ်မင်းနန္နသူကတော့ အမြှောက်၊ ဗုံးဆံတွေလုံလောက်မှုရှိမရှိစစ်ဆေးပါ၊ ဗိုလ်မင်းဆန္ဒကတော့ မြို့သူမြို့သားတွေ စားဝတ်နေရေးအတွက် ရိက္ခာစုဆောင်းနေမှုကိုတာဝန်ယူပေးပါ”
မြို့စောင့်တပ်မှူးရဲ့ စကားကို ဗိုလ်မင်းတွေအားလုံး ခေါင်းညိမ့်ကာ နာခံလိုက်ပြီး စစ်ထွက်ယာယီတဲအတွင်းကနေ အလျှိုလျှိုထွက်သွားခဲ့ကြတယ်။
+++++
” ဒူ…. ဒူ….ဒူ…..”
မြို့ရိုးပေါ်ကနေ အဆက်မပြတ်ထွက်ပေါ်လာတဲ့ သတိပေးမောင်းသံကြောင့် မြို့စောင့်တပ်မှူးမင်းရဲကျော်သူအနေနဲ့ လက်သုံးတော် ကျောက်စီဓါးကို ဆွဲကာ တဲအပြင်ထွက်လာချိန်မှာတော့ ရန်သူတွေက မြို့ရိုးပေါ်ကို အမြှောက်၊ စိန်ပြောင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကိုမြင်လိုက်ရတယ်။
အဲဒါနဲ့ ရဲမက်တွေကို ပြန်လည်တိုက်ခိုက်ဖို့အမိန့်ပေးပြီး တိုက်ပွဲကိုအနီးကပ်ကြီးကြပ်နေတဲ့အချိန် မြို့အနောက်ဘက်တံခါးက ဝုန်းခနဲပွင့်ထွက်သွားခဲ့တယ်။
” ထိုးကြ ခုတ်ကြ သတ်ကြဟေ့… တစ်မြို့လုံးကိုမီးလောင်တိုက်သွင်းကြ..” ဆိုတဲ့အသံနဲ့အတူ သွေးဆာနေကြတဲ့ ကျူးကျော်သူတွေ အုံလိုက်ကျင်းလိုက် ဝင်ရောက်လာခဲ့ကြတယ်။
အရှေ့ကိုအာရုံစိုက်နေချိန် အနောက်ကနေပတ်ဝင်လာတဲ့ ရန်သူကြောင့် ဗျူဟာတွေအားလုံး ပျက်စီးကုန်ပြီး မြို့သူမြို့သားတွေနဲ့အတူ ရဲမက်အချို့ကျဆုံးကုန်တယ်။
” အနောက်တံခါးကို စောင့်တဲ့ ဗိုလ်မင်းက ဘယ်သူလဲကွ”
မြို့စောင့်တပ်မှူးက ဒေါသတစ်ကြီးအော်ဟစ်လိုက်ချိန်မှာတော့ အနားမှာရှိတဲ့ ဗိုလ်မင်းဆန္ဒက ခပ်လှမ်းလှမ်းကို လက်ညိုးထိုးပြပြီး
” ဟာ… နန္နသူ သစ္စာဖောက်ပီ ဗိုလ်မင်း.. ဟိုမှာ မြင်းနဲ့ပြေးပီ” လို့ပြောလိုက်တော့ တပ်မှူးအနေနဲ့ မေးကြောတွေထောင်တဲ့ထိ အံကိုကြိတ်လိုက်ပြီး ဓါးရိုးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ အနားမှာရှိတဲ့ လက်စွဲတော်မြင်းနဲ့ ဒုန်းဆိုင်းလိုက်ပါလေရော။
” တပ်မှူး သတိထား”
ဗိုလ်မင်းဆန္ဒရဲ့ စကားမဆုံးခင်မှာပဲ ရန်သူတွေ ပစ်လိုက်တဲ့မြှားတစ်ချောင်းက မြင်းရဲ့ခြေထောက်ကိုစိုက်ပြီး လိမ့်ကျသွားခဲ့တယ်။
သတိရှိတဲ့ တပ်မှူးကတော့ မြင်းပေါ်ကလိမ့်ကျတာနဲ့ ချက်ချင်းဆိုသလို ကုန်းထပြီး အနားမှာရှိတဲ့ ရန်သူတွေကို လက်သုံးတော်ဓါးနဲ့ ထိုးခုတ်ပြီး ဖောက်ထွက်ဖို့ကြိုးစားခဲ့တယ်။
အနောက်မှာပါလာတဲ့ ဗိုလ်မင်းဆန္ဒရဲ့တပ်တွေကလဲ တပ်မှူးနဲ့အတူတူ ပါဝင်တိုက်ခိုက်ခဲ့တယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ လူသူလက်နက်အင်အားတောင့်တင်းတဲ့ ရန်သူတွေကို မခုခံနိုင်တော့ပဲ လက်အံသေလာခဲ့သလို ဓါးချက်တွေကလဲ နှေးလာခဲ့တယ်။
အဲဒီအချိန်
” ရွှပ်…”
” အား…”
” တပ်မှူး တပ်မှူး … “
ရန်သူတစ်ယောက်ခုတ်လိုက်တဲ့ ဓါးက တပ်မှူးရဲ့ ဘယ်ဘက်မောင်းကိုထိပြီး သွေးတွေ ဖြာခနဲထွက်လာခဲ့တယ်။
” တပ်မှူး ရှောင်မှရတော့မယ် .. အရှေ့တံခါးလဲပွင့်သွားပြီ၊ ရန်သူတွေက မြို့ကိုမးတိုက်ပြီး ရတာအကုန်လုယက်နေကြပီ”
” ဖယ်စမ်း ဆန္ဒ .. ငါက ဒီမြို့ရဲ့ မြို့စားဖြစ်လို့ ငါသေမှ ဒီမြို့ကျမယ်၊ ပေးစမ်း ငါ့ ဓါး”
တပ်မှူးက ဆန္ဒလက်ထဲက ဓါးကိုအတင်းလုပြီး မာန်သွင်းကာ ရန်သူတွေကြားထဲကို ပြေးဝင်သွားခဲ့တယ်။ တပ်မှူးကိုယ်တိုင်တိုက်နေတာမြင်တော့ ကျန်တဲ့သူတွေမနေသာတော့ပဲ ရန်သူတွေအားလုံးကို အတင်းဝင်အတင်းခုတ်ပုံစံနဲ့ ကြောက်မခမ်းလိလိ ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်။
မြို့စောင့်တပ်မှူးနဲ့ ရဲမက်ဗိုလ်ပါတွေရဲ့ ရွပ်ရွပ်ချွံချွံတိုက်ခိုက်မှုကြောင့် ရန်သူရဲ့အနောက်ဘက်စစ်ကြောင်းတစ်ခုလုံး ပျက်လုနီးပါးဖြစ်သွားခဲ့ရတယ်။ ရန်သူတွေဆီီီကနေ ထွက်လာတဲ့သွေးတွေကြောင့် တပ်မှုးရဲ့လက်က ဓါးလက်ကိုင်ရိုးကနေခွာမရတဲ့ထိကပ်ညှိနေခဲ့တယ်။
ဒါပေမယ့် ရန်သူတွေရဲ့ အင်အားက အဆပေါင်းများစွာသာလွန်နေတာကြောင့် ကြာရှည်မခုခံနိုင်တော့ပဲ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးကုန်တယ်။ ဒီလိုနဲ့ မနက်အရုဏ်တက်ချိန်မှာတော့ ပါးစပ်ကနေ သွေးတွေကျကာ ဒူးထောက်လျက်အနေအထားနဲ့ကျဆုံးနေတဲ့ တပ်မှူးကို ဒဏ်ရာရစစ်သည်တွေ နဲ့ ဖမ်းဆီးခံစစ်သည်တွေ စိတ်မကောင်းစွာဖြင့် မြင်တွေ့လိုက်ရတယ်။
ရန်သူတွေကတော့ မြို့ထဲမှာရှိတဲ့ တန်ဖိုးကြီးပစ္စည်းတွေကို လုယက်ယူငင်ပြီး တစ်မြို့လုံးကို မီးတိုက်ကာ ပြာချပစ်ခဲ့တယ်။ အလားတူ မြို့အဝင်မှာရှိတဲ့ စစ်ထွက်ဘုရားရဲ့ဌာပနာတိုက်ကိုဖောက်ထွင်းပြီး ရတနာပစ္စည်းတွေကို လုယက်ဖို့ကြိုးစားကြပေမယ့် အမျှော်မြင်ရှိတဲ့တပ်မှူးရဲ့အကြံကြောင့် ဘာမှမရသွားခဲ့ဘူး။
ဒီလိုနဲ့ တစ်ပတ်လောက်ကြာတဲ့အထိ တစ်မြို့လုံး မီးခိုးလုံးတွေနဲ့အတူ လူသေကောင်ညှော်နံ့တွေက ဖုံးလွှမ်းနေခဲ့တယ်။
+++++++
” အား ကျွတ် ကျွတ် ကျွတ်”
မင်းရဲကျော်သူတစ်ယောက် ရထားတဲ့ဒဏ်ရာတွေကြောင့် ညဉ်းညူရင်းထလိုက်တော့ သူ့ဘေးပတ်လည်မှာ လူသေအလောင်းတွေအပြင် လူယုံသွေးသောက်ရဲမက်တွေကိုမြင်တွေ့လိုက်ရတယ်။
မလှမ်းမကမ်းမှာတော့ လုယက်ယူငင်ထားတဲ့ ရတနာပစ္စည်းတွေကိုခွဲဝေနေကြတဲ့ ရန်သူရဲမက်တွေကိုမြင်တော့ မင်းရဲကျော်သူတစ်ယောက် ဒေါသထွက်သွားပြီး ခါးမှာချိတ်ထားတဲ့ ဓါးကိုထုတ်ကာ အားကုန်လွှဲခုတ်ချလိုက်တယ်။
” ဝှစ်… “
ဓါးသွားက လူကိုမထိပဲ လေကိုခုတ်မိသလိုဖြစ်သွားတာကြောင့် အံ့အားသင့်သွားပြီး နောက်တစ်ကြိမ်ထပ်ခုတ်ချလိုက်တယ်။ ဒီတစ်ခါလဲ ပထမအကြိမ်လို လေကိုပဲခုတ်မိပြန်တယ်။
ဒါကြောင့် လူသေအလောင်းတွေပြန့်ကျဲနေတဲ့ စစ်မြေပြင်ကိုလှည့်ပတ်ကြည့်ရှုလိုက်ရာ အံကိုကြိတ်ပြီး ဒူးထောက်လျက်အနေအထားနဲ့ သေဆုံးနေတဲ့ မိမိကိုယ်ကိုမြင်လိုက်ရတယ်။
” ငါ .. ငါ့ကိုယ်ငါ ပြန်မြင်နေရပါလား… ငါသေသွားတာလား၊ ဟာ မဖြစ်နိုင်တာ ငါ မသေသေးဘူး မသေသေးဘူး”
တစ်ယောက်ထဲ ကြောက်အားလန့်ကြားရေရွတ်ရင်း အနောက်ကိုဆုတ်သွားတဲ့အချိန်
” မြို့စောင့်တပ်မှူး … သင်ဟာ သေလူဖြစ်ခဲ့ပြီ” ဆိုတဲ့အသံကြောင့်ကြည့်လိုက်ရာ ဖြူဖွေးနေတဲ့ဆံပင်ကို သျောင်ထုံးလိုထုံးထားပြီး နဂါးပတ်တောင်ဝှေးတစ်ချောင်းကိုကိုင်ထားတဲ့ အဖိုးအိုတစ်ယောက်ကိုမြင်လိုက်ရတယ်။
” သင်ဘယ်သူလဲ… ဒီနေရာတစ်ဝိုက်မှာ သင့်ကိုမမြင်ဖူးပါဘူး”
” မြို့စောင့်တပ်မှူးက ကျုပ်ကိုမသိပေမယ့် ကျုပ်ကတော့ တပ်မှူးကိုသိပါတယ်။ ကျုပ်အခုလာရတာကလဲ သက်ဆိုင်ရာပုဂ္ဂိုလ်တွေက တပ်မှူးနဲ့နောက်လိုက်အချို့ကို နေရာတစ်ခုဆီကိုခေါ်သွားဖို့ ညွှန်ကြားထားပါတယ်”
” ကျုပ်နဲ့ နောက်လိုက်အချို့ဟုတ်လား… ကျုပ်သွေးသောက်တွေက ဒီတိုက်ပွဲမှာကျရှုံးသွားတာမဟုတ်လား”
” ဟုတ်ပါတယ်… ဒါပေမယ့် သူတို့ရဲ့ ဝိဉာဉ်တွေက တပ်မှူးနောက်ကနေလိုက်ဖို့စောင့်နေကြပါတယ်… ဟိုဘက်ကိုကြည့်လိုက်ပါ”
တပ်မှူးလဲ အဖိုးအိုညွှန်ပြတဲ့နေရာကိုကြည့်လိုက်ရာ လက်နက်တွေကိုင်ဆောင်ထားတဲ့ နောက်လိုက်ဗိုလ်ပါအချို့ကိုမြင်တွေ့လိုက်ရတယ်။ သူတို့ရဲ့မျက်လုံးထဲမှာတော့ နာကျည်းမှုတွေ၊ မုန်းတီးမှုတွေက အခိုးငွေ့တွေလို ထွက်ပေါ်နေတာကိုမြင်လိုက်ရတယ်။
” ကဲ တပ်မှူးတို့အနေနဲ့ စစ်ထွက်ဘုရားပရဝဏ်မှာနေရပါမယ်၊ ဒီဘဝကနေ ကျွတ်လွတ်ဖို့ဆိုရင်တော့ ဘုရားဌာပနာပစ္စည်းတွေကို မူလနေရာကိုပြန်ရောက်အောင်လုပ်ဖို့လိုလိမ့်မယ်”
” ဌာပနာပစ္စည်းတွေက လုံခြုံတဲ့နေရာမှာရှိနေတယ်မဟုတ်လား”
” မဟုတ်ဘူး တပ်မှူး… ဌာပနာပစ္စည်းတွေက နန္နသူရဲ့မရိုးသားမှုကြောင့် အခြားနေရာတစ်ခုကိုရောက်သွားခဲ့ပြီ”
” ဒါဆို ကျုပ်တို့ဘယ်လိုလုပ်ရမလဲ …”
” တပ်မှူးတို့ကို ကူညီပေးမယ့် ပုဂ္ဂိုလ်က နှစ်ပေါင်း ၁၅၀ကျော်တဲ့အခါမှ ဒီအရပ်ဒေသကိုရောက်ရှိလာခဲ့မယ်။ သူကူညီမှ တပ်မှူးတို့ ဒီဘဝကနေ ကျွတ်လွတ်မှာဖြစ်တယ်”
တပ်မှူးလဲ အဖိုးအိုစကားကြောင့် ခေါင်းငိုက်စိုက်ကျသွားပြီး လက်ထဲက ဓါးကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလိုက်တယ်။
မကြာခင် တပ်မှူးမင်းရဲကျော်သူနဲ့တကွ နောက်လိုက်ဗိုလ်ပါအချို့တို့က အဖိုးအိုခေါ်ဆောင်ရာနောက်ကို လေးတွဲစွာဖြင့် လိုက်ပါသွားခဲ့ကြတယ်။ အနောက်မှာတော့ မီးခိုးငွေ့တွေတလူလူထွက်နေတဲ့ မြို့ပျက်ကြီးက ခြောက်ကပ်လျက်။
++++++
ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာလာတာနဲ့အမျှစစ်ထွက်ဘုရားအနီးတစ်ဝိုက်မှာ ခြုံနွယ်ပိတ်ပေါင်းတွေထူထပ်လာပြီးဘုရားပရဝဏ်ကလဲ တိတ်ဆိတ်ကာ ချောက်ချားဖွယ်ကောင်းလာခဲ့တယ်။
စိတ်ထားမမှန်တဲ့သူတွေအနေနဲ့ စစ်ထွက်ဘုရားအနီးကိုလာပါက ဘုရားစောင့်ပုဂ္ဂိုလ်တွေက သွေးပျက်တဲ့အထိခြောက်လှန့်ကြပြီး၊ သဘောရိုးတဲ့သူတွေလာပါက လိုအပ်တဲ့အကူအညီတွေကိုပေးတတ်ကြတယ်။
တစ်ရက်မှာတော့ စစ်ထွက်ဘုရားကိုခေါ်လာတဲ့အဖိုးအိုရောက်လာပြီး
” ဗိုလ်မင်းနန္နသူက မြတ်ကျော်ဆိုတဲ့နာမည်ကိုယူပြီး အခြားနယ်မြို့တစ်ခုမှာ ချက်မြုပ်နေနေတယ်နော် တပ်မှူး”
” ဒါဆို ကျုပ်တို့ဘာလုပ်ရမှာလဲ… သူရှိတဲ့နေရာလိုက်သွားဖို့ကလဲ မဖြစ်နိုင်ဘူးလေ”
” စိတ်မပူပါနဲ့ တပ်မှူးတို့ပိုင်တဲ့ရတနာပစ္စည်းတွေကို သူထုတ်မသုံးရဲသေးဘူး၊ ညတိုင်းလဲ ဌာပနာစောင့် ပုဂ္ဂိုလ်တွေရဲ့ခြောက်လှန့်မှုကိုခံနေရတယ်။ ဒါကြောင့် သူက သူပိုင်ဆိုင်တဲ့ပစ္စည်းအချို့နဲ့ ဌာပနာပစ္စည်းတွေကို လူမသိသူမသိအောင်ဖွက်ဖို့စီစဉ်နေတယ်”
” သူသေသွားခဲ့ရင် ဌာပနာပစ္စည်းတွေကို ယူလို့ရပီပေါ့”
” သူကသေတာနဲ့ ပစ္စည်းတွေကိုစွဲပြီး အစောင့်ဖြစ်မှာ၊ သူသေတာနဲ့ သူ့နောက်လိုက်အချို့ကိုပါ လိုက်သေခိုင်းဖို့ အဆိပ်ရည်တွေကြိုတင်စုဆောင်းနေတာလဲသိခဲ့ရတယ်”
” ဟာ အတော်အကြံပက်စက်တဲ့သူပဲ”
” ဒီအကြောင်းတွေကိုပြောချင်လို့ တပ်မှူးတို့ဆီကိုလာခဲ့တာ၊ ကျုပ်လဲလုပ်စရာတွေရှိသေးတာမို့ ပြန်လိုက်ပါဦးမယ်”
အဖိုးအိုက စစ်ထွက်ဘုရားကို ပဆစ်တုပ်ထိုင်ကာ ကန်တော့လိုက်ပြီး ပြန်ထွက်သွားခဲ့တယ်။
မြို့စောင့်တပ်မှူးမင်းရဲကျော်သူတို့အဖွဲ့လဲ စစ်ထွက်ဘုရားပရဝဏ်အတွင်း နှစ်ပေါင်းများစွာစောင့်ဆိုင်းပြီးတဲ့နောက်မှာတော့ ကျွတ်လွတ်ဖို့အတွက် မျှော်လင့်ချက်ရောင်ခြည်သမ်းလာခဲ့တယ်။
ဘာလို့ဆိုတော့ စစ်ထွက်ဘုရားနဲ့မလှမ်းမကမ်းမှာ ယခင်မင်းတွေလက်ထက်ထဲက တည်ဆောက်ထားတဲ့ ရှေးဟောင်းဟိန္ဒူဘုရားကျောင်းတစ်ကျောင်းဆီကနေ လှုပ်ရှားမှုအရိပ်အယောင်တွေတွေ့လာလို့ပဲ။ ဘုရားကျောင်းပြန်ပေါ်တာနဲ့ ကူညီတဲ့သူရောက်မယ်ဆိုတဲ့ အဖိုးဖြစ်သူရဲ့စကားကလဲ မြို့စောင့်တပ်မှူးတို့အဖွဲ့ကိုအားတက်စေခဲ့တယ်။
တစ်ဖက်မှာလဲ နန္နသူတစ်ဖြစ်လဲ မြတ်ကျော်က သူပိုင်တဲ့ပစ္စည်းတွေနဲ့ ဌာပနာပစ္စည်းတွေကိုစိတ်စွဲပြီးသေတဲ့အတွက် ပုဂ္ဂလိကသိုက်စောင့်အဖြစ်နဲ့ အစွဲကြီးစွာစောင့်နေရတယ်လို့ကြားလိုက်ရတယ်။ ယခင်စိတ်နဲ့ဆိုရင် တောင်ရှည်ကိုတိုတိုဝတ် ဓါးကိုဆွဲပြီး နင်ဘာလဲ ငါဘာလဲရှင်းပစ်လိုက်ချင်ပေမယ့် ခုလိုဘဝမှာတော့ သက်ဆိုင်ရာနယ်မြေကနေ ကျော်ထွက်လို့မရတာကြောင့် အံတကြိတ်ကြိတ် တောက်တစ်ခတ်ခတ်နဲ့ အချိန်ခါကောင်းကိုစောင့်ဆိုင်းနေခဲ့ရတယ်။
တစ်ရက်မှာတော့ စစ်ထွက်ဘုရားရှိတဲ့ဘက်ကို ယောဂီဝတ်စုံဝတ်ထားတဲ့ လူနှစ်ယောက် မယောင်မလည်နဲ့ရောက်လာခဲ့ကြတယ်။ သူတို့ပုံစံတွေက စစ်ထွက်ဘုရားကိုလာတာမဟုတ်ပဲ အခြားနေရာတစ်ခုခုကိုရှာဖွေနေသလိုဖြစ်နေတော့ မြို့စောင့်တပ်မှူးအနေနဲ့ ဘုရားရင်ပြင်ထောင့်ကနေ ထိုင်ပြီး အကဲခတ်နေခဲ့တယ်။ မကြာခင် ဘုရားကျောင်းပျက်ရှိတဲ့ဘက်ကနေ ကြိမ်းဝါးသံ မောင်းထုတ်သံတွေထွက်လာခဲ့ပြီး တစ်ခဏလေးအတွင်းမှာ ပြန်လည်တိတ်ဆိတ်သွားခဲ့တယ်။
အတိုချုံးပြောရရင် ဒီလူနှစ်ယောက်က ရှေးဟောင်းဘုရားကျောင်းပျက်ကိုပြန်လည်ပြုပြင်ဖို့လာရောက်တဲ့သူတွေဖြစ်တဲ့အပြင် စစ်ထွက်ဘုရားရဲ့ဌာပနာတွေကို ပြန်လည်ရှာဖွေပေးမယ့်သူတွေဖြစ်မယ်ဆိုတာ သေချာသိလိုက်ရတယ်။
ဒါတွေကြောင့်ပဲ ဘုရားကျောင်းပျက်ပြန်လည်ပြုပြင်ရေးမှာ စစ်ထွက်စေတီအတွင်းမှီတင်းနေထိုင်ကြတဲ့ အစောင့်အရှောက်တွေအနေနဲ့ မိမိတို့တတ်နိုင်တဲ့ဘက်ကနေ ကူညီလုပ်ဆောင်ပေးခဲ့ကြတယ်။ အားလုံးပြုပြင်ပြီးစီးချိန်မှာတော့ မင်းရဲကျော်သူတို့အနေနဲ့ ယောဂီဝတ်လူနှစ်ဦးထံချဉ်းကပ်ပြီး ဘုရားဌာပနာတွေကိုပြန်လည်ရယူပေးဖို့ အကူအညီတောင်းခံခဲ့ကြတယ်။
ယောဂီဝတ်လူနှစ်ယောက်ကလဲ မင်းရဲကျော်သူတို့ပြောတဲ့စကားကို ဆိတ်ဆိတ်နေခြင်းဖြင့် ဝန်ခံကတိပေးခဲ့ကြပြီး ဌာပနာတွေထားရှိရာနေရာကို သွားရောက်ဖို့အတွက် ပြင်ဆင်ခဲ့ကြတယ်။
++++++
” ဆရာ … ဦးမြတ်ကျော် သိုက်ကိုသွားဖို့အတွက် ဘာတွေပြင်ဆင်ဖို့လိုမလဲ”
မောင်ကောင်းရဲ့စကားကိုကြားတော့ အောင်မြတ်သာက
” ဦးမြတ်ကျော်သိုက်စည်းထဲကို ဝင်ဖို့အတွက်ဆိုရင် ငါတို့ရဲ့ ဂိုဏ်းနတ်အချို့ကိုပင့်ဖိတ်ဖို့လိုသလို စစ်ထွက်ဘုရားမှာရှိတဲ့ အစောင့်တွေကိုလဲ အသုံးပြုဖို့လိုလိမ့်မယ်”
” ဒါဖြင့် အချိန်မနှောင်းခင် ကျွန်တော်တို့သွားကြမလား”
” ခဏလေးနေဦး သိုက်စည်းအစပ်ကိုလမ်းပြပေးမယ့်သူတစ်ယောက်မကြာခင်ရောက်လာလိမ့်မယ်၊ သူရောက်တာနဲ့ ငါတို့သွားကြတာပေါ့”
အောင်မြတ်သာကစကားအဆုံးမှာ ခပ်ရေးရေးမြင်နေတဲ့ တောစပ်တစ်နေရာကိုငေးမောကြည့်ရှုနေခဲ့တယ်။ မကြာခင် တောစပ်ကနေ နဂါးပတ်တောင်ဝှေးကိုတစ်ဒေါက်ဒေါက်ခေါက်ပြီး လမ်းလျောက်လာတဲ့ အဖိုးအိုတစ်ယောက်ကိုမြင်လိုက်ရတယ်။
အဖိုးအိုက အောင်မြတ်သာတို့အနားကိုရောက်တော့ လေးစားတဲ့ဟန်နဲ့ အရိုအသေပေးလိုက်ပြီး
” ဆရာလေးတို့ သွားချင်တဲ့ သိုက်စည်းကို အဖိုးလိုက်ပို့ပေးမယ်၊ ဟိုရောက်တဲ့အခါ စကားတစ်ခွန်းမှမပြောဖို့သတိထားကြပါ၊ မြတ်ကျော်ဆိုတဲ့ သူက သူ့ရဲ့ဆိုးပေ့မိုက်ပေ့ဆိုတဲ့ လူသတ်သမားတွေကို သိုက်စောင့်တွေအဖြစ်ထားထားတာမို့ ဆရာလေးတို့ အန္တရာယ်ဖြစ်မှာစိတ်ပူလို့ပါ”
” စိတ်ပူပေးတာကိုပဲ ကျေးဇူးတင်နေပါပြီအဖိုးရယ်၊ အဖိုးအနေနဲ့ သိုက်စည်းအစပ်ကိုရောက်အောင်သာပို့ပေးပါ..ကျန်တာ ကျုပ်တို့တာဝန်ယူလိုက်ပါမယ်”
အောင်မြတ်သာစကားအဆုံးမှာ အဖိုးအိုက တောင်ဝှေးကိုကမ်းပေးပြီး
” တောင်ဝှေးအစွန်းကို ခေတ္တကိုင်လိုက်ပါဆရာလေး” လို့ပြောတဲ့အတွက် ကိုင်လိုက်ရာ ခေါင်းထဲချာခနဲဖြစ်သွားပြီး မျက်စိတစ်မှတ်အတွင်းမှာ ဂဝံကျောက်တွေနဲ့တည်ဆောက်ထားတဲ့ အုတ်တံတိုင်းတစ်ခုရှေ့ကိုရောက်ရှိသွားခဲ့တယ်။
” ဒီနေရာကတော့ သိုက်စည်းအစပ်ပဲဆရာလေး.. ကျုပ်ကဒီအပြင်မှာစောင့်နေပါ့မယ်။ ဆရာလေးတို့ ဘေးကင်းကြပါစေ” လို့ဆုတောင်းပြီး မလှမ်းမကမ်းမှာရှိတဲ့ စောင်းလျားပင်နောက်ကိုဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့တယ်။
အောင်မြတ်သာတို့လဲ သိုက်စည်းအစပ်ထဲကိုမဝင်ခင် သိမ်ဝင်သပိတ်ကွဲနဲ့ရေးဆွဲထားတဲ့ တန်ပြန်အင်းကို စိုက်ပြီး အထဲကိုဝင်လာခဲ့လိုက်တယ်။
သိုက်စည်းထဲကိုစဝင်တာနဲ့ အလွန်ကိုပုတ်ဟောင်တဲ့ လူသေကောင်နံ့က နှာခေါင်းထဲကိုစူးခနဲဝင်ရောက်လာခဲ့တယ်။ အနံ့ရပြီးမကြာခင်မှာ အဆမတန်ကြီးမားတဲ့ဒူးဆစ်ရိုးကို ထမ်းထားတဲ့ အတ္တဘောပြိတ္တာနှစ်ကောင်က အုတ်ရိုးပေါ်ကနေ ခုန်ချလာပြီး အောင်မြတ်သာတို့ရဲ့မျက်နှာကို ဒူးဆစ်ရိုးနဲ့အားကုန်လွှဲရိုက်ချလိုက်တယ်။
” ဖြောင်း”
အရှိန်ကအလွန်ပြင်းပေမယ့် သတိရှိတဲ့အောင်မြတ်သာက မောင်ကောင်းရဲ့ဂုတ်ကိုဆွဲကာ အနောက်ကို ဆုတ်လိုက်ရာ ရိုက်ချက်က လူကိုမထိပဲ အနားမှာရှိတဲ့ ဂဝံကျောက်တွေကိုထိပြီး မီးစတွေပါပွင့်ထွက်သွားခဲ့တယ်။
မျက်လုံးပြူးပြူး အစွယ်တကားကားနဲ့ ပြိတ္တာကောင်နှစ်ကောင်က မာန်ဖီရင်းထပ်မံပြေးဝင်လာတဲ့ချိန် အောင််််မြတ်သာက လက်နဲ့ကာပြီး ဂါထာတစ်ပုဒ်ကိုရွတ်လိုက်ရာ ပြိတ္တာနှစ်ကောင် ကိုယ့်လည်ပင်းကိုကိုင်ပြီး တအစ်အစ်နဲ့ လူးလိမ့်ပါလေရော။
ပြိတ္တာနှစ်ကောင် လဲကျသွားတာနဲ့ အရိုးကျနေတဲ့ မျက်နှာတွေပိုင်ဆိုင်ထားပြီး လက်ထဲမှာ ဓါးလှံလက်နက်တွေကိုင်ထားတဲ့ ဗလတောင့်တောင့် စစ်သည်အချို့ အုတ်တံတိုင်းထဲကနေ တိုးထွက်လာခဲ့ကြတယ်။
ဒါကိုမြင်တော့ အောင်မြတ်သာက မြေကြီးကို ဖနောင့်နဲ့ပေါက်လိုက်ပြီး ဂါထာတစ်ပုဒ်ကိုမာန်ပါပါရွတ်ဆိုလိုက်ရာ သိုက်စည်းအပြင်ဘက်ကနေ ညာသံပေးပြီးပြေးဝင်လာတဲ့ စစ်သည်အချို့ကိုမြင်လိုက်ရတယ်။
” ဟင် စစ်ထွက်ဘုရားက ရဲမက်တွေပါလား”
မောင်ကောင်းရဲ့ အံ့ဩတဲ့စကားသံအဆုံးမှာ မြို့စောင့်တပ်မှူးဦးဆောင်တဲ့ ရဲမက်အချို့က ရွှေရောင်လည်စီးတွေကိုဝတ်ဆင်ပြီး သိုက်စည်းထဲကိုအတင်းချိုးဖျက်ဝင်ကာ မရပ်မနားတိုက်ခိုက်ပါလေရော။
တကယ်တော့ အောငမြတ်သာက ဒီကိုမလာခင် အထက်ဆရာကြီးတွေထံခွင့်ပြုချက်တောင်းပြီး စစ်သည်တွေကို ခေါ်ဆောင်လာခဲ့တာပဲဖြစ်တယ်။
မြို့စောင့်တပ်မှူးအပါအဝင် ငယ်သားတွေရဲ့ တိုက်ခိုက်မှုကြောင့် သိုက်ပထမစည်းပျက်သွားပြီး ဒုတိယစည်းအစပ်ကိုရောက်လာခဲ့ကြတယ်။
ဒီတစ်ခါမှာတော့ ဦးမြတ်ကျော်ရဲ့ လက်ရင်းတပည့် ငနက်တူဦးဆောင်တဲ့ ကြမ်းပေ့ရမ်းပေ့ အစောင့်တွေထွက်ပေါ်လာခဲ့တယ်။
ပါးစပ်မှာလဲ လူအသွေးသားတွေပေရေနေတဲ့ ဘီလူးသရဲတွေရဲ့နောက်မှာတော့ ဆင်စွယ်ရောင်သိုရင်းအင်္ကျီကိုဝတ်ထားပြီး ကျောက်စီဓါးကိုကိုင်ထားတဲ့ မြတ်ကျော်ကိုမြင်လိုက်ရတယ်။
ဒီတစ်ခါတော့ မြို့စောင့်တပ်မှူးအနေနဲ့ စိတ်ကိုမထိန်းနိုင်ပဲ သိုက်စည်းအတွင်းဘက်ကိုပြေးဝင်သွားခဲ့တယ်။ ဒါပေမယ့်အနားမရောက်ခင်မှာပဲ တွန်းကန်အားတစ်ခုကြောင့်အနောက်ကိုလွင့်ထွက်သွားခဲ့တယ်။
မြတ်ကျော်ကတော့ သူ့အစီအမံကို သဘောကျပြီး ခြောက်ကပ်တဲ့ရယ်သံနဲ့ရယ်ကာ သိုက်အတွင်းစည်းထဲမှာရှိတဲ့ အစောင့်တွေကို ထပ်ပြီးဆင့်ခေါ်လိုက်တယ်။
ဒီတစ်ခါမှာတော့ ထွက်လာတဲ့အင်အားက မြို့စောင့်တပ်မှူးရဲ့တပ်ထက် ငါးဆလောက်များနေခဲ့တယ်။ အဲဒီအချိန်အောင်မြတ်သာက အစထဲကကြိုတင်စီစဉ်ထားတဲ့အတိုင်း ဂိုဏ်းစောင့်တွေကို ဆင့်ခေါ်လိုက်ရာ ကောင်းကင်ပေါ်ကနေ ရွှေရောင်အလင်းတန်းတွေကျလာခဲ့တယ်။ အဲဒီထဲကနေ အင်းစမတွေ အပြည့်ရေးဆွဲထားတဲ့ ရွှေဝါရောင်ဝါးဆစ်ပိတ်တွေကိုင်ထားတဲ့ ပုဂ္ဂိုလ်တွေထွက်လာပြီး ရှေ့ကနေ တိုးဝင်ကာ သာမန်လူတွေမမြင်နိုင်တဲ့ အတားအဆီးတွေကို ရိုက်ချိုးပါလေရော။
အဲဒီချိန်မှာမှ မြတ်ကျော်တစ်ယောက် မျက်စိပျက်မျက်နှာပျက်နဲ့သိုက်ထဲကိုပြေးဝင်ဖို့အလုပ် အောင်မြတ်သာလက်ထဲမှာကိုင်ထားတဲ့ ကိုးသိမ်ဝင်သပိတ်ကွဲစက ဖျတ်ခနဲပျံထွက်ကာ မြတ်ကျော်ရဲ့ ဦးခေါင်းထက်မှာ တစ်ဖျတ်ဖျတ်ခတ်ကာ ဓါးစင်္ကြာတွေ ထွက်ကျလာခဲ့တယ်။
ဒီတစ်ခါတော့ မြတ်ကျော်တစ်ယောက် ရှေ့လဲတိုးမရ နောက်လဲဆုတ်မရနဲ့ ပိတ်မိနေပြီး သူ့တပည့်တွေလဲ အင်းစောင့်တွေလက်ချက်နဲ့ရော မြို့စောင့်တပ်မှူးတပ်တွေလက်ချက်နဲ့ရော အတုံးအရုန်းကျဆုံးကုန်တယ်။
မြတ်ကျော်လဲ သိုက်တံခါးပိတ်ဖို့အတွက် မန္တာန်တစ်ပုဒ်ကိုရွတ်ဆိုတဲ့အချိန် အောင်မြတ်သာက လက်နဲ့ဆွဲချုပ်လိုက်ရာ ဓါးစင်္ကြာတွေက နှုတ်ခမ်းနားထိရောက်လာပြီး ပါးစပ်ကိုဆွဲချုပ်ထားလိုက်ကြတယ်။
အဲဒီတော့မှ အောင်မြတ်သာက သိုက်တံခါးဝကိုသွားပြီး သိုက်ချုပ်သိုက်စောင့်ပုဂ္ဂိုလ်တွေထံခွင့်တောင်းပြီး အမိန့်ပြန်လိုက်ရာ စစ်ထွက်ဘုရားရဲ့ ဌာပနာပစ္စည်းတွေအကုန်လုံး သိုက်အပြင်ဘက်ကို ရေစီးကြောင်းတစ်ခုလို ထွက်ကျလာခဲ့တယ်။
အဲဒီတော့မှ ရတနာပစ္စည်းတွေကို မြို့စောင့်တပ်မှူးရဲ့ ငယ်သားတွေက ခြင်းတောင်းကိုယ်စီနဲ့ထမ်းကာ မူလဌာပနာတိုက်ထဲကိုပြန်သယ်ယူသွားခဲ့ကြတယ်။
ဌာပနာပစ္စည်းတွေ အလုံးစုံကုန်တာနဲ့ ဦးမြတ်ကျော်တို့ကိုချုပ်နှောင်ထားတဲ့အရာတွေအားလုံး ပျောက်ကွယ်သွားပြီး သိုက်စည်းတွေလဲ မူလအတိုင်းပြန်ဖြစ်သွားခဲ့တယ်။
ဌာပနာပစ္စည်းတွေပြန်ရောက်ပြီး သုံးနှစ်လောက်အကြာမှာတော့ စစ်ထွက်ဘုရားကို ပြန်လည်မွမ်းမံမယ့် အလှူရှင်တွေပေါ်လာပြီး နဂိုမူလဘုရားကိုငုံကာ အပေါ်ကနေအသစ်ထပ်မံတည်ထားခဲ့ကြတယ်။ ဘုရားထီးတော်တင် ရေစက်ချပွဲမှာတော့ မကျွတ်လွတ်သေးတဲ့ မြို့စောင့်တပ်မှူးနဲ့တစ်ကွ နောက်လိုက်ဗိုလ်ပါတွေအားလုံးအတွက်ရည်စူးပြီး အမျှတန်းပေးဝေလိုက်ချိန်မှာတော့ အလွန်မွှေးကြိုင်တဲ့ရနံ့ပေါင်းများစွာထွက်ပေါ်လာခဲ့တယ်။
အောင်မြတ်သာတို့လဲ ဌာပနာပစ္စည်းတွေပြန်ရအောင် ကူညီပေးပြီးတဲ့နောက်မှာ လမ်းသွားလမ်းလာတွေကို ခြောက်လှန့်နေတဲ့ လက်ပြတ်သရဲတစ်ကောင်ကိုလမ်းကြုံဝင်ရောက်ဆုံးမခဲ့ရသေးတယ်။
ဒီအကြောင်းအရာကိုတော့ အောင်မြတ်သာနှင့်လက်ပြတ်သရဲဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)
#မူရင်းရေးသားသောသူများနှင့်
စာရေးဆရာ-ဇေယန(ရာမည)အားလေးစားလျက်မေတ္တာဖြင့်မျှဝေသည်။![]()
![]()
![]()
(Like & Share လေးနဲ့အား ပေးသွားခဲ့ကြပါ)![]()