အောင်မြတ်သာနှင့်ဝိဥာဉ်ချုပ်အစီအရင်ရှာတမ်း

Posted on

အောင်မြတ်သာနှင့်ဝိဥာဉ်ချုပ်အစီအရင်ရှာတမ်း
စာရေးဆရာ -ဇေယန(ရာမည)

အောင်မြတ်သာတို့ဆရာတပည့်လဲ ဝိဥာဉ်ချုပ်အစီအရင်ကိုရှာမတွေ့တဲ့အတွက် ကြို့ကုန်းရွာနဲ့ မလှမ်းမကမ်းမှာရှိတဲ့တောင်ပေါ်စေတီလေးတစ်ဆူမှာ အဓိဌာန်သုံးလတိတိဝင်ဖြစ်ခဲ့ကြတယ်။

အဓိဌာန်ဝင်နေစဉ်အစောပိုင်းကာလတွေမှာ ဘာအနှောက်အယှက်အခက်ခဲမှမရှိပဲ အဆင်ပြေချောမွေ့ခဲ့ပေမယ့် အဓိဌာန်ပြီးဆုံးဖို့ဆယ်ရက်လောက်အလိုမှာတော့ ပုတီးစိပ်နေတဲ့အချိန်တွေဆိုရင် နှာခေါင်းထဲကို အလွန်ကိုပြင်းထန်တဲ့ဘိလပ်မြေအနံ့က စူးစူးရှရှဝင်ရောက်လာခဲ့တယ်။

အစောပိုင်းမှာတော့ စေတီမှာရှိတဲ့ ဘိလပ်မြေနံ့လို့ထင်မိခဲ့ပေမယ့် နောက်ပိုင်းပြန်လည်ဆန်းစစ်ကြည့်ချိန်မှာတော့ စေတီကလာတဲ့အနံ့မဟုတ်ပဲ တစ်စုံတစ်ခုကိုရည်ညွှန်းတဲ့အနံ့ဖြစ်ကြောင်း သတိထားမိခဲ့တယ်။ ဒါပေမယ့် အဓိဌာန်မပြီးဆုံးသေးတာမို့ စွဲကပ်လာတဲ့ အာရုံကို ရသလိုဖြတ်ထုတ်ပြီး နောက်ဆုံးရက်ရောက်တဲ့အထိ သည်းခံစောင့်ဆိုင်းပေးခဲ့တယ်။

မောင်ကောင်းအနေနဲ့ ဆရာဖြစ်သူနဲ့အတူ အဓိဌာန်တူတူဝင်ရောက်နေတဲ့အတွက် ယခင်ကရရှိဖူးခဲ့တဲ့သမထစွမ်းအားတွေက ခန္ဓာကိုယ်ထဲကို အတန်သင့်ဝင်ရောက်နေရာယူနေတာကို ရိပ်မိလာခဲ့တယ်။

ဘာကြောင့်ဆိုတော့ ပုတီးစိပ်နေတဲ့ မောင်ကောင်းရဲ့ နှာခေါင်းထဲမှာလဲ ဘိလပ်မြေအနံ့က အမြဲလိုလိုရနေတာကြောင့်ပဲဖြစ်တယ်။

အဓိဌာန်ပြီးဆုံးတဲ့နေ့မှာတော့ အောင်မြတ်သာက

“ ဒီအနီးတစ်ဝိုက်မှာ မကြာသေးခင်ကမှ အင်္ဂတေနဲ့ပြုလုပ်ထားတဲ့အရာတစ်ခုရှိနိုင်တယ်လို့ထင်တယ်”

“ ဆရာလဲ အဓိဌာန်ဝင်နေတဲ့အချိန် ဘိလပ်မြေအနံ့ရနေလို့များလား”

“ ဟုတ်တယ် … ဒီအနံ့က ငါတို့ကို ဘာကြောင့်ပေးရတာလဲ ဆိုတဲ့အဖြေကိုရှာဖို့ တောင်စောင့်နတ်ကွန်းကိုသွားကြရအောင်”

“ တောင်စောင့်နတ်ကွန်းဆိုရင် ကျွန်တော်တို့တက်လာတဲ့ လမ်းမှာတွေ့ခဲ့တဲ့ နတ်ကွန်းပဲ..”

“ သူ့တောင်ကြောမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို သူ့အနေနဲ့သေချာပေါက်ကိုသိရမယ်”

အောင်မြတ်သာက ပြောပြီးတာနဲ့ တောင်စောင့်နတ်ကွန်းရှိတဲ့ဘက်ကိုဆင်းသွားခဲ့တယ်။ အတန်ကြာဆင်းလာပြီးတဲ့ နောက်မှာတော့ သစ်ခုတ်သမားတွေ ဆောက်ထားတဲ့ နတ်ကွန်းတစ်ခုရှေ့ကိုရောက်လာခဲ့တယ်။

“ ဆရာ… နတ်ကွန်းရှေ့တော့ရောက်လာပြီ။ အခုပဲခေါ်မေးမှာလား”

“ သူ့ကိုမေးကြည့်ရင်တော့ သဲလွန်စတစ်ခုခုတော့ရမှာပဲ။နောက်ပိုင်း ငါမရှိတဲ့အချိန် မင်းအနေနဲ့ တာဝန်ယူလုပ်ရမယ့်ကိစ္စတွေအများကြီးပေါ်လာနိုင်တယ်။ ဒါကြောင့် ကိုယ့်ပညာရပ်ကို ဆန်းစစ်တဲ့အနေနဲ့ မင်းကိုယ်တိုင်ခေါ်ပြီးမေးကြည့်”

အောင်မြတ်သာရဲ့ ခွင့်ပြုချက်ကိုရတော့ မောင်ကောင်း မျက်နှာပြုံးဖြီးဖြီးဖြစ်သွားကာ လုံချည်ကိုခပ်တင်းတင်းပြင်ဝတ်လိုက်ပြီး

“ ဘုရားငါးဆူတို့၏အမိန့်၊ အထက်ဆရာကြီးများ၏အမိန့်၊ ငါ၏အမိန့်ဖြင့် တောင်စောင့်နတ်အား ပင့်ဖိတ်လိုက်သည်။ အမိန့်ကိုလက်ခံရရှိပါက နတ်ကွန်းမှာရှိတဲ့ ပန်းကို လှုပ်ပြစေသား” လို့ပြောလိုက်တာနဲ့ နတ်ကွန်းထဲက ပန်းအိုးမှာတင်ထားတဲ့ ဂန္ဓမာပန်းအဖြူက လေမတိုက်ပဲ ယိမ်းထိုးလှုပ်ရှားလာတာကိုမြင်လိုက်ရတယ်။

“ သင်ရောက်လာပြီဆိုတာ မှန်ရင် ကျုပ်မေးတာကို မခြွင်းမချန်ဖြေစေ… အခု သင်ပိုင်တဲ့တောင်ကြောပေါ်မှာ မကြာသေးခင်အချိန်တုန်းက အင်္ဂတေနဲ့အသစ်တည်ထားတဲ့ အရာများရှိပါသလား..ရှိတယ်ဆိုရင် ပန်းပွင့်ကိုတစ်ချက်လှုပ်ပြစေ”

အကြားအမြင်မရသေးတဲ့ မောင်ကောင်းရဲ့ ပါးနပ်မှုကိုမြင်တော့ အောင်မြတ်သာက နှစ်ခြိုက်စွာပြုံးလိုက်ပြီး ပန်းအိုးကိုကြည့်လိုက်ရာ တစ်ပွင့်ထဲသောပန်းက ဖျတ်ခနဲတစ်ချက်လှုပ်ရှားသွားခဲ့တယ်။

“ ဆရာ… မြင်လိုက်တယ်မဟုတ်လား၊ တောင်ပေါ်မှာ တစ်ခုခုရှိနေတာသေချာပြီ”

“ ဟုတ်ပါပြီ … မင်း သိချင်တာရှိသေးရင် သူ့ကိုဆက်မေးကြည့်ပါဦး”

မောင်ကောင်းလဲ အောင်မြတ်သာစကားကြောင့် နတ်ကွန်းကိုကြည့်ကာ

“ အသင်တောင်စောင့်နတ်မင်းအနေနဲ့ ကျုပ်တို့သွားလိုတဲ့နေရာကို အကောင်အထည်ပြပြီးဖြစ်စေ အမွှေးနံ့ပေးပြီးဖြစ်စေလမ်းညွှန်ပေးစေချင်ပါတယ်” လို့ပြောလိုက်တဲ့အချိန် အလွန်မွှေးပျံ့တဲ့နှင်းဆီပန်းရနံ့က တောင်လေနဲ့အတူထွက်ပေါ်လာခဲ့တယ်။

“ ဆရာ အမွှေးနံ့တော့ရပြီ လေက တောင်ဘက်ကလာတာဆိုတော့ ကျွန်တော်တို့ တောင်ဘက်ကိုဆက်တက်ကြမလား”

မောင်ကောင်းစကားကို အောင်မြတ်သာက သဘောတူတဲ့ဟန်နဲ့ခေါင်းညိမ့်ပြလိုက်ပြီး

“မင်းရဲ့ပညာကို ဒီနေ့ထုတ်ပြဖို့အကြောင်းဖန်လာပြီမို့ အကောင်းဆုံးကြိုးစားပါ”လို့ပြောကာ တောင်ဘက်ကို တက်သွားခဲ့တယ်။

အောင်မြတ်သာတို့လဲ အမွှေးနံ့ရတဲ့ဘက်ကို အတန်ကြာအောင်တက်လာပြီးချိန်မှာတော့

“ ဆရာ ကျွန်တော် ခေါင်းတစ်ခုလုံး ထူပူပြီးကိုက်ခဲသလိုဖြစ်လာတယ်…နောက်ပြီးမျက်လုံးတွေလဲ လေးပြီးအိပ်ချင်လာသလိုပဲ”ဆိုပြီးပြောလို့ကြည့်လိုက်ရာ မောင်ကောင်းရဲ့ဦးခေါင်းထက်မှာ ပြိုးပြိုးပျက်ပျက်အရောင်တွေနဲ့အတူ ရှုပ်ထွေးနေတဲ့ စက်ကြိုးအချို့ကိုမြင်တွေ့လိုက်ရတယ်။

“ မင်းကပညာနုသေးတော့ အနီးတစ်ဝိုက်မှာရှိတဲ့ စက်တွေက မင်းဆီစုပြုံရောက်လာလို့ဖြစ်တာပါ။ အခုချက်ချင်း ခေါင်းပေါ်ကလေကိုညာလက်နဲ့ဖမ်းဆုပ်ပြီး ဖနောင့်တစ်ချက်ပေါက်လိုက်ရင်ပျောက်သွားလိမ့်မယ်”

မောင်ကောင်းလဲ အောင်မြတ်သာစကားကြောင့် ခေါင်းပေါ်ကိုမျက်လုံးလှန်ကြည့်ပြီး ညာဘက်လက်နဲ့ဆုပ်ယူကာ ဖနောင့်တစ်ချက်ပေါက်လိုက်မှ ရှုပ်ထွေးနောက်ကျိနေတဲ့ စိတ်တွေချက်ချင်းဆိုသလို ပြန်လည်ကြည်လင်လာခဲ့တယ်။

“ ဟုတ်တယ်ဆရာ.. ကျွန်တော်ခေါင်းတွေ ပြန်ကြည်လာပြီ”

“ ဒီပုံတိုင်းဆိုရင် အနားတစ်ဝိုက်မှာ အောက်လမ်းပညာနဲ့စီရင်ထားတဲ့အရာတစ်ခုရှိနေပြီ…ဒါကြောင့် စက်တွေက ငါတို့ဆီရောက်လာတာပဲ”

“ ဒါဆို အမိန့်ပြန်ပြီး အတိုက်တွေကိုခေါ်ကြည့်ရင်ကော.. တစ်ခုခုတော့ထူးခြားလာမယ်လို့ထင်တယ်ဆရာ”

“ မင်းအနေနဲ့ စိတ်အားထက်သန်နေရင် ပတ်ပတ်လည်ကိုစည်းချပြီး ခေါ်ကြည့်လိုက်ပါ”

မောင်ကောင်းလဲ ခွင့်ပြုချက်ရပြီမို့ အတန်ငယ်ပြန့်ပြူးနေတဲ့မြေနေရာကိုရွေးချယ်ကာ လေးဘက်လေးတန်စည်းချလိုက်ပြီး

“ ဘုရားငါးဆူတို့၏အမိန့်… အထက်ဆရာကြီးများအာဏာကြောင့် ဤပတ်ဝန်းကျင်မှာရှိတဲ့မကောင်းတဲ့ အောက်လမ်းအတိုက်၊ အစီအရင်များအားလုံးရဲ့ စက်ကြိုးတွေအကုန်ပြတ်ထွက်စေသား”လို့ပြောလိုက်တာနဲ့ ဘယ်ကနေတိုက်လာမှန်းမသိတဲ့လေပြင်းတွေထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ တော်လဲသံကြီးတွေပေါ်ပေါက်လာခဲ့တယ်။

“ သူတို့အချင်းချင်းဆက်သွယ်ကာရံထားတဲ့ စက်ကြိုးတွေကို အင်းစောင့်တွေဖြတ်ပစ်လိုက်ပြီ… ဒါကအခွင့်ကောင်းဖြစ်လို့ အကြီးဆုံးအကောင်ကို အမိန့်ပြန်ပြီးခေါ်ပေတော့”

ဘေးကနေ ညွှန်ကြားလိုက်တဲ့ အောင်မြတ်သာစကားကြောင့် မောင်ကောင်းက ခါးကိုကော့နေအောင်မတ်လိုက်ပြီး

“ ဒီနယ်မြေကိုအပိုင်စားရထားတဲ့ မကောင်းတဲ့မိစ္ဆာကောင် အခုချက်ချင်းငါ့အရှေ့ရောက်စေ” လို့ပြောကာ မြေကြီးကို ဖနောင့်နဲ့ပေါက်လိုက်ရာ တဝီးဝီးမြည်သံနဲ့အတူ လင်ဗန်းချပ်လောက်ရှိတဲ့ တောပိတုန်းတစ်ကောင် ထွက်ပေါ်လာကာ မောင်ကောင်းကို ထိုးတုပ်ဖို့ပျံဝဲနေခဲ့တယ်။

ပိတုန်းဆိုရင် လက်သန်းလောက်ပဲမြင်ဖူးတဲ့ မောင်ကောင်းက အခုမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အံ့ဩပြီးကြည့်နေတဲ့အချိန်

“ သူတို့တွေက သက်မဲ့ကိုနာမ်သွင်းထားတဲ့အကောင်တွေပဲ ဒါကြောင့် မင်းအနေနဲ့ကြောက်နေဖို့မလိုဘူး ကိုယ်ဖြစ်ချင်တာကိုအမိန့်ပေးလိုက်” ဆိုတဲ့အသံကြားမှ သတိဝင်လာပြီး ပိတုန်းရှိတဲ့ဘက်ကို လက်ညိုးထိုးကာ

“ မကောင်းတဲ့နာမ်ရုပ်အသွင်ဆောင်ထားတဲ့ ပိတုန်းဆိုရင် မူလပြန်စေ”လို့ပြောလိုက်တာနဲ့ ပျံဝဲနေတဲ့ပိတုန်းက ဘုတ်ခနဲအောက်ပြုတ်ကျကာ လက်သီးဆုပ်သာသာရှိတဲ့ ကျောက်ပိတုန်းအဖြစ်ပြောင်းသွားခဲ့တယ်။

“ ဒီကောင်က ပထမအဆင့်အဟန့်အတားပဲ ဒါကြောင့် နှုတ်မိန့်ကိုမခံနိုင်ပဲ ချက်ချင်းမူလပြန်ခဲ့တာ”

“ ဒါဆို ကျွန်တော်တို့ ရှေ့ဆက်သွားမယ့် လမ်းမှာ ဒီထက်ကြမ်းတဲ့အစောင့်တွေကြုံရဦးမယ်ဆိုတဲ့သဘောလားဆရာ”

“ ဒါကတော့ ဆက်သွားကြည့်ရင်သိရမှာပဲ… ကဲ အချိန်လဲသိပ်မရှိတော့တာမို့ ဆက်သွားရအောင်”

အောင်မြတ်သာတို့လဲ တောပိတုန်းထွက်လာတဲ့ လမ်းအတိုင်းဆက်သွားခဲ့ရာ တစ်နေရာကိုရောက်တော့ အရှေ့ကသွားနေတဲ့ မောင်ကောင်းရဲ့ အင်္ကျီစကို အနောက်ကနေလှမ်းဆွဲတာခံလိုက်ရလို့ကြည့်လိုက်တဲ့အချိန်

“ သိပ်မလောနဲ့ မောင်ကောင်း… ဒီနေရာတွေက ခြေတစ်လှမ်းမှားတာနဲ့ ငါတို့အတွက်အန္တရာယ်ကြီးပဲ”

“ဆရာ ဘာကိုသတိထားမိနေလို့လဲ”

“ ငါ့နှာခေါင်းထဲမှာ ဆနွင်းမှိုင်းနံ့နဲ့အပုတ်နံ့ကိုရောပြီးရနေတယ်…”

“ဗျာ…ကျွန်တော်ကတော့ ဘာအနံ့မှမရဘူးဆရာ”လို့ပြောတော့အောင်မြတ်သာက ညာဘက်လက်ဝါးနဲ့မောင်ကောင်းရဲ့နှာခေါင်းတစ်ဝိုက်ကိုသပ်ချလိုက်တဲ့အချိန်

“ ထွီ…ဝေါ့ ဝေါ့”ဆိုတဲ့အသံနဲ့အတူ မောင်ကောင်းတစ်ယောက်ပျို့တက်လာခဲ့တယ်။

“ ဟုတ်တယ်ဆရာ… အခုမှအနံ့ရတယ် အတော်ဆိုးတဲ့အပုတ်နံ့ပဲဗျာ”

“ မင်းအနေနဲ့ သမာဓိအားကောင်းအောင် ကျင့်ကြံရဦးမယ်ဆိုတာသိလိုက်ပြီမဟုတ်လား”

“ သိပါတယ်ဆရာ…”

“ အခုမင်းရဲ့ အာရုံခံမှုအပိုင်းကိုဖွင့်ထားပေးတာမို့ ပတ်ဝန်းကျင်ကိုပိုဂရိုစိုက်ဖို့လိုမယ်။ ငါအမြင်ပြောရရင် ဒီတစ်ခေါက်ကြုံတွေ့ရမယ့်အစောင့်က မီးနေသည်အစိမ်းတိုက်ဖြစ်ဖို့များတယ်”

“ စီရင်တဲ့သူက ဒေသအပိုင်းခြားတစ်ခုဆီမှာ အစောင့်တစ်မျိုးစီထည့်ထားတဲ့သဘောပေါ့”

“ ငါတို့လိုချင်တဲ့နေရာမရောက်သရွေ့ အတားဆီးဘယ်နှစ်ခုကိုဖြတ်ကျော်ရမှာမသိလို့ အာရုံကိုပဲစူးစိုက်ထား”

အောင်မြတ်သာလဲ မောင်ကောင်းကို သတိထားဖို့မှာကြားပြီး ရှေ့ကိုဖြေးဖြေးချင်းတိုးသွားတဲ့ချိန် အပုတ်နံ့ကလဲပိုဆိုးလာခဲ့တယ်။

“ ခိုးကြောင်ခိုးဝှက်နဲ့ ပုန်းမနေပဲ ခုချက်ချင်း အရှေ့ထွက်လာစမ်း”

တစ်ခုခုကိုသတိထားမိတဲ့ အောင်မြတ်သာက လျောက်နေတဲ့ခြေလှမ်းတွေကိုရပ်လိုက်ပြီး ဩဇာအပြည့်ပါတဲ့အသံနဲ့ အမိန့်ပေးလိုက်ရာ မလှမ်းမကမ်းမှာရှိတဲ့ သစ်ပင်အနောက်ကနေ ထွက်လာတဲ့လူရိပ်တစ်ခုကိုမြင်လိုက်ရတယ်။

နေ့ခင်းဘက်ဖြစ်လင့်ကစား သစ်ရွက်သစ်ခက်တွေနဲ့အုံ့ဆိုင်းနေတဲ့တောင်တက်လမ်းမှာတော့ အလင်းရောင်က မှိန်ပြပြပဲရနေခဲ့တဲ့အတွက် မောင်ကောင်းအနေနဲ့ ထွက်လာတဲ့အရိပ်ကိုသေချာကြည့်လိုက်ရာ သွေးတွေစွန်းထင်းနေတဲ့မာစရိုက်ပွင့်ရိုက်ထဘီကိုရင်လျားထားပြီး မတ်တပ်ရပ်နေတဲ့မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။

“ ဟီးးးးး ဟီးးးးးဟီးးးးးး အသေဆိုးနဲ့သေချင်လို့ ဒီနေရာကိုလာကြတာလား “

ပြာနှမ်းပြီးခြောက်ကပ်နေတဲ့နှုတ်ခမ်းအစုံရဲ့ လှုပ်ရှားမှုကိုမတွေ့ရပဲထွက်လာတဲ့အသံကြောင့် မောင်ကောင်းက မျက်မှောင်ကျုတ်ပြီး

“ ဆရာ…ဒီသရဲမခြေထောက်အောက်ကသွေးကွက်တွေမှာအုံခဲနေတဲ့ယင်မဲတွေကို သတိထားရမယ်”

“ ဘာဖြစ်လို့လဲ မောင်ကောင်း”

“ ကျွန်တော်ဆရာနဲ့မတွေ့ခင် ဒီလိုမီးနေသည်အစိမ်းသေတွေနဲ့ကြုံတွေ့ခဲ့ဖူးတယ်။ ဒါပေမယ့် အခုလို ယင်မဲတွေအုံခဲနေတဲ့နှစ်ချို့သရဲမကိုတော့ မမြင်ဖူးဖူး”

“ ဒီသရဲမရဲ့ သက်တမ်းက အနည်းဆုံး ငါးဆယ်အထက်မှာရှိလိမ့်မယ်။ သူတို့တွေကို သေချာမကိုင်တွယ်တတ်ရင် ဆရာကိုပါပြန်ပြီး ဒုက္ခပေးတဲ့အမျိုးပဲ။ ဒါပေမယ့် ငါတို့ကရှေ့ကိုဆက်တက်ရမှာမဟုတ်လား”

အောင်မြတ်သာက ပြောပြီးတာနဲ့ အောင်ပွဲရစစ်သူကြီးတို့ရဲ့ခြေလှမ်းအတိုင်းရှေ့ကိုဆက်တိုးသွားခဲ့တယ်။ ဒါကိုမြင်တဲ့ သရဲမက ဒေါသထွက်ပြီးသွေးပုတ်တွေကျနေတဲ့ သူ့ပါးစပ်ကို လက်နှစ်ဖက်နဲ့ဆွဲဖြဲလိုက်တဲ့အချိန်

“ ဝီးးးးးးဝီးးးးးးဝီးးးးး”ဆိုတဲ့အသံနဲ့အတူ မဲနက်နေတဲ့ယင်ကောင်တွေက ပါးစပ်ထဲကနေ အုံလိုက်ကျင်းလိုက်ထွက်လာခဲ့တယ်။

အောင်မြတ်သာကတော့ သူ့ဆီဝါးလုံးထိုးဝင်လာတဲ့ ယင်မဲတွေကိုလမ်းလျောက်နေရင်းနဲ့ပဲ လက်ပြန်ရိုက်ချကာ ဟန့်တားခဲ့တယ်။

“ နင် နင်တို့ ငါနေရာကနေ အခုထွက်သွားကြစမ်း..”

ဒေါသပါတဲ့ရင်ခေါင်းသံနဲ့အော်ရင်း သွေးတစ်စက်စက်ကျနေတဲ့ဝမ်းဗိုက်ကိုချွန်ထက်တဲ့လက်သည်းတွေနဲ့ ဖြဲထုတ်လိုက်တဲ့အချိန် ချက်ကြိုးတစ်ခုထဲကနေ မွေးကင်းစကလေးတစ်ယောက်အပြင်ကိုပြုတ်ကျလာခဲ့တယ်။

ဒီလိုအဓိဌာရုံမြင်ကွင်းကိုမြင်တော့ အောင်မြတ်သာက ရှေ့ဆက်မသွားတော့ပဲ ရပ်လိုက်ပြီး

“ မောင်ကောင်း မမြင်ဖူးရင်ကြည့်ထား…ဒါက မီးဖွားရင်းတန်းလန်း ကလေးရောအမေရောသေတဲ့သူကို အောက်လမ်းနည်းနဲ့ မွေးထားတဲ့ မီးနေသည်အတိုက်ပဲ” လို့ပြောလိုက်ရာ မောင်ကောင်းက

“ စီရင်သူက အတော်ကြောက်ဖို့ကောင်းတာပဲဗျာ” လို့သာရေရွတ်နိုင်ခဲ့တယ်။

သွေးမရှိလို့ဖြူဖတ်ဖြူလျော်ဖြစ်နေတဲ့ မွေးကင်းစကလေးက မြေကြီးပေါ်ရောက်တာနဲ့ တစ်မဟုတ်ချင်းကြီးထွားလာပြီး အစွယ်တွေလက်တွေထွက်လာကာ ကုန်းထလာခဲ့တယ်။

“ ရှေ့မှာရှိနေတဲ့သူတွေရဲ့ ဗိုက်ကိုဖောက်ပြီး အသွေးအသားတွေကိုစိတ်ကြိုက်စားစမ်း သားရေ”

အက်ကွဲခြောက်ကပ်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့အသံအဆုံးမှာ ချက်ကြိုးတန်းလန်းနဲ့ဖြစ်နေတဲ့ကောင်က အောင်မြတ်သာတို့ရှိတဲ့ဘက်ကို တစ်ဖြေးဖြေးတိုးဝင်လာခဲ့တယ်။

“ မောင်ကောင်း သူအနားရောက်လာရင်တောင် မင်းနောက်ပြန်မဆုတ်မိစေနဲ့…ဒါမှ ငါတို့ဂိုဏ်းရဲ့ပညာကို မျက်ဝါးထင်ထင်မြင်တွေ့ရလိမ့်မယ်”

အောင်မြတ်သာရဲ့ စကားကြောင့် မောင်ကောင်းက လှုပ်ရှားမှုကိုမပြုတော့ပဲ ရပ်ကြည့်နေခဲ့တယ်။

ချက်ကြိုးတန်းလန်းနဲ့ကလေးသရဲက မလှမ်းမကမ်းကိုရောက်တော့ ပါးစပ်ထဲကနေ အချွဲတစ်ပျစ်ပျစ်ကျနေတဲ့လျာကိုထုတ်ကာ မောင်ကောင်းရှိတဲ့ဘက်ကို ဦးတည်လာခဲ့တယ်။

“ ဆရာ ဟိုကောင်က ကျွန်တော်နဲ့ သုံးပေလောက်ပဲဝေးတော့တာနော်”

တစ်ဖြေးဖြေးနီးကပ်လာတဲ့ ကလေးသရဲကြောင့် မောင်ကောင်းစိတ်တွေ လှုပ်ရှားလာပြီး ဘေးမှာ တုံတိဘာဝေရပ်နေတဲ့ အောင်မြတ်သာကြားအောင် လှမ်းပြောလိုက်တယ်။

“ မင်းဘာမှမဖြစ်ပါဘူး ဒီတိုင်းပဲနေနေလိုက်”

ထွက်လာတဲ့အဖြေက မောင်ကောင်း လိုချင်တာမဟုတ်ပေမယ့် ဆရာအမိန့်ကိုနာခံတဲ့အနေနဲ့ နီးကပ်လာတဲ့ မသတီဖွယ်ရာအကောင်ကိုသာစိုက်ကြည့်နေလိုက်တယ်။

ဒီလိုနဲ့ အနားရောက်ဖို့တစ်ပေလောက်အလိုမှာတော့ ကလေးသရဲက သူ့ရဲ့လျာကိုဆန့်တန်းပြီး မောင်ကောင်းခန္ဓာကိုယ်ထဲကိုဖောက်ဖို့လုပ်တဲ့အချိန် ကြေးခေါင်းပေါင်းတွေကိုဝတ်ဆင်ထားပြီး ဓါးလွတ်နှစ်လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ အစောင့်လေးယောက် ရုတ်တရက်ပေါ်လာကာ လျာတန်းလန်းနဲ့အနားကပ်လာတဲ့ ကလေးသရဲကို ထိုးနှက်တိုက်ခိုက်ကြပါလေရော။

“ ရွှပ်…..ရွှပ်…. အင့်… ကျား…… “

“ အားးးး…. “

ဓါးလွတ်ကိုင် အစောင့်တွေရဲ့တိုက်ခိုက်မှုကြောင့် ကလေးသရဲရဲ့ ခြေတွေလက်တွေ တစ်စစီပြတ်ထွက်ပြီး အပိုင်းပိုင်းအစစဖြစ်သွားခဲ့တယ်။

မောင်ကောင်းလဲ ရုတ်တရက်ထွက်လာတဲ့အစောင့်တွေကြောင့် အံ့ဩမဆုံးဖြစ်ကာ ဘေးကိုကြည့်လိုက်တဲ့အချိန် အောင်မြတ်သာရဲ့ဘေးပတ်ပတ်လည်မှာလဲ ရွှေခေါင်းပေါင်းတွေကိုဝတ်ထားပြီး ရွှေဓါးနှစ်လက်ကိုကိုင်ထားတဲ့ အစောင့်လေးယောက်ကိုမြင်လိုက်ရတယ်။

“ မင်းကို ဘာကြောင့်နောက်မဆုတ်ခိုင်းလဲ သဘောပေါက်ပြီမဟုတ်လား”

အောင်မြတ်သာစကားကြောင့် မောင်ကောင်း မျက်နှာပြုံးရွှင်သွားပြီး ဘာမပြောညာမပြောနဲ့ အရှေ့ကိုပြေးထွက်သွားခဲ့တယ်။

မောင်ကောင်းပြေးတာမြင်တော့ အစောင့်တွေက ဘေးကနေထပ်ချပ်မကွာလိုက်ပါပြီး ရှေ့မှာရှိတဲ့ သရဲမကို ထိုးခုတ်တိုက်ခိုက်ခဲ့ကြတယ်။

သရဲမလဲ အင်းစောင့်တွေရဲ့တိုက်ခိုက်မှုကို မခံနိုင်ပဲထွက်ပြေးဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့် ဖြစ်စဉ်ကိုကြိုတင်ရိပ်မိနေတဲ့အောင်မြတ်သာက အချုပ်အင်းတစ်ချပ်ကိုပစ်လွှတ်ပြီးပြေးမရအောင်ဖမ်းချုပ်ထားလိုက်တယ်။

ဒီလိုအဖြစ်အပျက်တွေကို မျက်ဝါးထင်ထင်မြင်လိုက်ရတဲ့ မောင်ကောင်းအဖို့ ဆရာဖြစ်သူရဲ့ အစွမ်းကိုယခင်ကထက်ပိုပြီးယုံကြည်လေးစားလာခဲ့တယ်။

အောင်မြတ်သာတို့လဲ မီးနေသည်အစိမ်းတိုက်ကို အောင်မြင်ပြီးနောက်မှာတော့ နှင်းဆီအမွှေးရနံ့ခေါ်ဆောင်တဲ့နောက်ကိုဆက်ပြီးလိုက်ခဲ့ကြတယ်။

သဘာဝအလျောက်ဖြစ်ပေါ်နေတဲ့ လူသွားလမ်းအတိုင်း ဆက်လျောက်လာခဲ့ပြီးနောက်မှာတော့ ကြခတ်ဝါးရုံတွေ ထူထပ်စွာပေါက်နေတဲ့ နေရာတစ်ခုကိုရောက်လာခဲ့တယ်။ ဝါးရုံတန်းအနားကိုရောက်တော့ မွှေးကြိုင်တဲ့ရနံ့တွေအားလုံး ရုတ်ချည်းပျောက်ကွယ်သွားတာကိုသတိထားမိခဲ့တယ်။

အောင်မြတ်သာနဲ့မောင်ကောင်းလဲ ရနံ့တွေပျောက်သွားတာနဲ့ ခြေလှမ်းတွေကိုရပ်လိုက်ပြီး

“ အမွှေးနံ့က ဒီနေရာမှာပျောက်သွားပုံထောက်ရင် ထူးခြားတာတစ်ခုခုကြုံရတော့မယ်ထင်တယ်”

“ဒီနေ့ကတော့ ဘဝမှာမမြင်ဖူးတဲ့ အရာတွေကြုံတွေ့ရမယ့်နေ့လားမသိပါဘူးဗျာ”

မောင်ကောင်းစကားကြောင့် အောင်မြတ်သာက နှုတ်ခမ်းလေးလှုပ်ရုံပြုံးလိုက်ပြီး

“ လောကမှာ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ ထူးဆန်းမှုတွေ ဒုနဲ့ဒေးရှိကြတယ်။ ဒါကြောင့် သက်ဆိုင်ရာပုဂ္ဂိုလ်တွေက မမြင်ထိုက်သူမမြင်ရအောင် သူတို့အစွမ်းတွေနဲ့ဖုံးကွယ်ထားခဲ့ကြတာ။အခုငါတို့ကြုံနေရတာကတော့ မကောင်းတဲ့အတတ်နဲ့ဖုံးကွယ်ထားတဲ့အရာတွေပဲ”

“ ဒါဖြင့် အခုဘာတွေကြုံတွေ့ရမလဲဆိုတာ သိချင်နေပြီဗျာ.. ဒီတစ်ခါ ကျွန်တော်ကိုယ်တိုင်စမ်းကြည့်ပါရစေ”

“ မင်းအနေနဲ့ ရှေ့ဆက်လုပ်ရမယ့်ကိစ္စတွေအများကြီးရှိတာမို့ ကိုယ်တိုင်လုပ်ဆောင်တာကပိုသင့်တော်ပါတယ်။ ငါတို့ဂိုဏ်းက အထက်ဝိဇ္ဇာလမ်းဖြစ်တဲ့အတွက် ဘယ်လိုအောက်လမ်းအနှောက်အယှက်ကမှ အသက်သေဆုံးအောင်လုပ်နိုင်စွမ်းမရှိတာကိုခေါင်းထဲအပြီးတိုင်ထည့်ထားရမယ်။ ဒီမှတ်ဥာဏ်က မင်းကို အထောက်အကူဖြစ်စေမှာပါ”

မောင်ကောင်းလဲ ဆရာဖြစ်သူစကားကိုကြားတော့ ကြက်သီးမွှေးညှင်းတွေတဖျဉ်းဖျဉ်းထပြီး မသိစိတ်ထဲမှာခွန်အားတွေဖြစ်လာခဲ့တယ်။

မကြာသေးမီကမှ အကြားအမြင်တွေဖွင့်ထားပေးတဲ့အတွက် မာန်တက်နေတဲ့မောင်ကောင်းလဲ ယုံကြည်မှုအပြည့်နဲ့အရှေ့ကိုတိုးလိုက်ပြီး

“အလွန်တရာဘုန်းတန်ခိုးအာနုဘော်ကြီးမြတ်လှပါသော ဘုရားငါးဆူတို့၏အမိန့်၊ အထက်ဆရာကြီးများနှင့် ဥပဇ္ဇျယ်ဆရာအောင်မြတ်သာ၏ အာဏာကြောင့် သာမန်မျက်စိဖြင့်မမြင်နိုင်အောင် ဖုံးကွယ်ထားသော အောက်လမ်းအတိုက်၊ အနှောင်အယှက်ပယောဂများအားလုံး လယ်ပြင်မှာဆင်သွားသလို ထင်ထင်ရှားရှားပေါ်ပေါက်စေ” လို့ပြောပြီးလက်နဲ့သပ်ချလိုက်ရာ အရှေ့မှာရှိနေတဲ့ ကြခတ်ဝါးတောတွေက သက်ရှိတွေအလားယိမ်းထိုးလှုပ်ရှားကာ ဘေးကိုကွဲထွက်သွားခဲ့တယ်။

မောင်ကောင်းရဲ့အမိန့်အာဏာကြောင့် ဖယ်ထွက်သွားတဲ့ ဝါးရုံပင်တွေအလယ်မှာတော့ အဆစ်ကိုးဆစ်ပါတဲ့ကြခတ်နက်တောင်ဝှေးကိုလက်မှာကိုင်ပြီး မတ်တပ်ရပ်နေတဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။

“ ဟိတ် သင်ဘယ်သူလဲ…”

မောင်ကောင်းရဲ့ အသံက တိတ်ဆိတ်နေတဲ့ တောင်ကြောတစ်ခွင်ပဲ့ထင်သွားခဲ့တယ်။

“ ငါမေးနေတာ မဖြေပဲ ဘာလုပ်နေတာလဲ ဟမ်”

ငယ်စဉ်ထဲက အောက်လမ်းပညာနဲ့ရင်းနှီးဖူးသူဖြစ်တဲ့အတွက် အရှေ့မှာရပ်နေတဲ့မိန်းမက စက်ကြိုးစီးနိုင်တဲ့ ကဝေအဆင့်လောက်ရှိမှန်းရိပ်မိပေမယ့် ကာယကံရှင်ရဲ့ နှုတ်ကထွက်လာတဲ့စကားကို အတည်ပြုချင်တာမို့ ဒုတိယအကြိမ်ထပ်မေးလိုက်ခြင်းဖြစ်တယ်။

“ ငါက ဒီနေရာကိုစောင့်ကြပ်ဖို့ တာဝန်ပေးခံထားရတဲ့ စက်ကြိုးကဝေသဲညှာပဲဟေ့”

မောင်ကောင်းလဲ သူခန့်မှန်းထားတဲ့အတိုင်းမို့ ဘေးမှာရှိနေတဲ့ အောင်မြတ်သာကိုလှမ်းကြည့်လိုက်တဲ့အချိန်

“ မင်းကိုအာဏာကုန်လွှဲထားတာမို့ အသာတကြည်ပြောမရရင် အင်းစောင့်တွေကိုဥာဏ်ရှိသလိုခေါ်ပြီး ဆုံးမလို့ရတယ်” ဆိုတဲ့စကားကိုကြားလိုက်ရတယ်။

နဂိုထဲက သွေးကခပ်ကြွကြွဖြစ်နေတဲ့ မောင်ကောင်းလဲ ခွင့်ပြုချက်ရတာနဲ့ ရင်ကိုကော့လိုက်ပြီး

“ ငါတို့က အာရုံမှာပေါ်လာတဲ့ နေရာကိုသွားရမှာမို့ ရှေ့ကနေ အသာတကြည်ဖယ်စမ်း”

“ ဟီးးးဟီးးး ဆရာပေါက်စက တယ်လေကျယ်သကိုး… သဲညှာကလဲ နင့်လိုဆရာပေါက်စတွေရဲ့ လည်မြိုကိုနင်းပြီး ကစားရတာကြိုက်သကွဲ့”

အရိုးခေါင်းတပ်ထားတဲ့ တောင်ဝှေးကို တဒေါက်ဒေါက်ခေါက်ရင်းထီမထင်တဲ့ မျက်နှာပေးနဲ့ပြောလိုက်တာကြောင့် မောင်ကောင်းက ဖြူဖွေးနေတဲ့သွားတွေပေါ်အောင် ရယ်လိုက်ပြီး

“ ငကောင်းကလဲ နင်တို့လို ကဝေမတွေရဲ့ပါးကို ယောင်ကားအောင်ရိုက်လာတဲ့သူကွ… အသာတကြည်ပြောမရရင် ငါ့အဆိုးမဆိုနဲ့”

“ အဟက် အဟက်… လေကျယ်ပြီး မာန်တက်နေတဲ့ကောင် သေဖို့ပြင်ပေတော့”

ကဝေမက စကားဆုံးတာနဲ့ ဘေးမှာရှိတဲ့ သစ်ရွက်တွေကို တောင်ဝှေးနဲ့တို့လိုက်ရာ အစွယ်တကားကားနဲ့သွေးဆာနေတဲ့ နှစ်ချို့လင်းနို့တွေအဖြစ်ပြောင်းသွားခဲ့တယ်။

”“ ငါ့ကလေးတွေ သွေးဆာနေကြပြီမဟုတ်လားကွဲ့… အခုမင်းတို့ရှေ့မှာရှိတဲ့လူရဲ့ဂုတ်သွေးကို စိတ်ကြိုက်သုံးဆောင်ကြပေတော့”

ကဝေမကြီးရဲ့အမိန့်ပေးသံအဆုံးမှာ နံပြားတစ်ချပ်စာလောက်ကြီးမားတဲ့လင်းနို့အကောင်ပေါင်းများစွာက တောင်ပံတစ်ဖျတ်ဖျတ်ခတ်ကာ တိုးဝင်လာခဲ့တယ်။

မောင်ကောင်းလဲ သူ့ဆီဝင်လာတဲ့ လင်းနို့တွေကိုမြင်တော့ ညာဘက်လက်ညိုးနဲ့ကြက်ခြေခတ်ပုံစံလုပ်ကာ

“ အနှောက်အယှက်မှန်သမျှ မူလအသွင်ရောက်စေ” လို့ပြောလိုက်တာနဲ့ ပျံလာတဲ့ လင်းနို့တွေအားလုံး သစ်ရွက်တွေအဖြစ်ပြောင်းသွားကာ မြေကြီးပေါ်တစ်ဖြုတ်ဖြုတ်ကျသွားခဲ့တယ်။

ဒီအဖြစ်ကိုမြင်တော့ အောင်မြတ်သာက ခပ်ပြုံးပြုံးမျက်နှာထားနဲ့ကြည့်ကာ အသိအမှတ်ပြုပေးခဲ့တယ်။

“ ဘယ်လိုလဲ ကဝေမကြီး ကျုပ်လိုဆရာပေါက်စတောင် သင့်ပညာကိုအလွယ်တကူချိုးဖျက်နိုင်နေပါလား”

မောင်ကောင်းရဲ့ မထိတထိစကားကြောင့် ဘေးမှာရပ်နေတဲ့ အောင်မြတ်သာက

“ မောင်ကောင်း မင်းအနေနဲ့ တစ်ဖက်လူကို လေးစားမှုထားသင့်တယ်။ ဒါကြောင့် အခုလိုမျိုး ရိသဲ့သဲ့ပြောတာ မလုပ်ပါနဲ့” လို့ပြောလိုက်တော့မှ ငြိမ်သွားခဲ့တယ်။

ကဝေမကြီးလဲ သူ့ပညာကို အသာယာဖယ်ရှားနိုင်ခဲ့တဲ့ မောင်ကောင်းကို အထင်မသေးရဲတော့ပဲ သူတတ်ထားတဲ့ပညာတွေဖြစ်တဲ့ နွယ်ကို မြွေအဖြစ်ပြောင်းတဲ့အတိုက်၊ အင်မတန်အားကောင်းတဲ့စက်တွေပစ်လွှတ်တဲ့ စက်အတိုက်တွေကိုအသုံးပြုခဲ့တယ်။

ဒါတွေကိုလဲ မောင်ကောင်းက အသာတကြည်အနိုင်ယူပြလိုက်တဲ့အချိန်မှာတော့ ကဝေမခဗျာ မနိုင်တော့မှန်းသိလို့ စက်ကြိုးကိုစီးကာ ထွက်ပြေးဖို့ကြိုးစားပါလေရော။

“ ကဝေမ ပြေးတော့မယ်… သူ့ရဲ့စက်ကြိုးကိုဖြတ်ပြီး လှုပ်မရအောင်ချုပ်ထားလိုက်”

ပညာရည်ဝနေတဲ့အောင်မြတ်သာက အခြေအနေအရပ်ရပ်ကို အကဲခတ်ပြီးပြောလိုက်တာကြောင့် မောင်ကောင်းလဲ စက်ကြိုးကိုစီးကာထွက်ပြေးဖို့လုပ်နေတဲ့ ကဝေမရှိရာကို လက်ဝါးဇောင်းနဲ့ခုတ်ချလိုက်ပြီး

“ ရှိသမျှ စက်ကြိုးအကုန်ပြတ်ပြီး ဆိုင်ရာပုဂ္ဂိုလ်တွေက လှုပ်မရအောင် ချုပ်ထားလိုက်စမ်း” လို့ပြောလိုက်ရုံနဲ့ ေလေပေါ်ကို တစ်လံလောက်ရောက်နေတဲ့ ကဝေမကြီးခဗျာ မြေကြီးပေါ်ကို ဗိုင်းခနဲပစ်လဲကျကာ လူးလွန့်နေခဲ့တယ်။

“ ဆရာ ကဝေမတော့ လှုပ်မရအောင် မိနေပြီ… ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ”

“ ဒီကဝေမက သစ္စာဆိုခိုင်းလို့ရတဲ့ထဲမပါတဲ့အတွက် သူ့ဝိဥကို သင့်တော်သလို ချုပ်နှောင်ထားရလိမ့်မယ်… ဒါကြောင့် ကဝေတို့ရဲ့အချုပ်ဖြစ်တဲ့ ရေယဉ်ကတော်ကိုပင့်ဖိတ်အကူညီတောင်းထားပါတယ်”

“ ဗျာ ရေယဉ်ကတော်ဟုတ်လားဆရာ… ဆရာက ရေယဉ်မယ်တော်ကြီးကိုပါလိုသလိုခေါ်လို့ရနေတာလား”

မောင်ကောင်းရဲ့ အံ့ဩမှုအပြည့်ပါတဲ့စကားကို အောင်မြတ်သာကဘာမှပြန်မပြောပဲ ရှေ့ကိုဆက်သွားခဲ့တယ်။

“ ဆရာ… ဆရာ ကျွန်တော်ကို စောင့်ပါဦး”

မောင်ကောင်းတစ်ယောက် ရှေ့ကိုထွက်သွားတဲ့ ဆရာဖြစ်သူနောက်ကိုပြေးလိုက်ရင်း အနောက်ကိုလှည့်ကြည့်လိုက်ရာ ကိုးတောင်ကျားရဲ့ ကျောလယ်မှာ ဓါးကိုလက်မှာကိုင်ထားပြီး ဒုံထဘီနှစ်ထပ်နားကိုဝတ်ဆင်ကာ မတ်တပ်ရပ်နေတဲ့ရေယဉ်ကတော်ရဲ့ကျောဘက်ကို မြင်လိုက်ရတယ်။ ကိုးတောင်ကျားရဲ့ အမြှီးဖျားမှာတော့ တစ်ကိုယ်လုံးတောင့်တင်းနေတဲ့ ကဝေမကြီးက တရွတ်တိုက်အနေအထားနဲ့ လူးလိမ့်နေဆဲ။

++++++++

“ ဆရာ…. ဖြေးဖြေးလျောက်ပါဗျ… ခြေထောက်တွေလဲ ကြိမ်းစပ်နေပါပြီ”

မောင်ကောင်းလဲ ကျောက်တုံးတွေပေါများပြီး မတ်စောက်တဲ့တောင်ပေါ်ကို ဖက်ရွက်တစ်ရွက်လို လျှစ်ခနဲ လျှစ်ခနဲတက်သွားတဲ့ အောင်မြတ်သာရဲ့နောက်ကို အမှီလိုက်နိုင်အောင် ကြိုးစားရင်း ဆက်တက်လာခဲ့တယ်။ အဲဒီအချိန် အောင်မြတ်သာက ခြေလှမ်းတွေကို ရုတ်တရက်ရပ်လိုက်တာကြောင့် မောင်ကောင်းက ဖားဖိုဆွဲနေတဲ့ရင်ဘတ်ကိုလက်နဲ့ဖိကာ

“ ဆ ဆ ဆရာ… ဘာ ဘာ ဖြစ်လို့လဲ”

“ ဟိုမှာကြည့်စမ်း… “

မောင်ကောင်းလဲ အောင်မြတ်သာ လက်ညိုးထိုးပြတဲ့နေရာကိုကြည့်လိုက်ရာ

“ ဟင် ကျောက်ဘီလူးရုပ်ထုပါလား… သူ့လက်ထဲမှာလဲ လူဦးခေါင်းတွေကိုင်ထားတဲ့ပုံထုထားတယ်ဆရာ”

“ ဒါက ငါတို့ရှာနေတဲ့ အရာပဲဖြစ်လိမ့်မယ်… “

အောင်မြတ်သာက စကားပြောနေရင်း ရုပ်ထုအောက်ခြေနားကို မျက်မှောင်ကျုံ့ကာ ကြည့်လိုက်ပြီး

“ ရုပ်ထုတစ်ခုလုံးကိုဆေးသုတ်ထားပေမယ့် အောက်ခြေခုံကဘာဖြစ်လို့ အသစ်တိုင်းဖြစ်နေတာလဲမသိဘူး…. အင်းးး ငါထင်တာမှန်ရင်တော့ ဒီရုပ်ထုအောက်ခြေခုံထဲမှာ အရေးကြီးတဲ့အစီအရင်တစ်ခုခုရှိရမယ်”

“ ဖြစ်နိုင်တယ်ဆရာ… ဒီရုပ်ထုဆီလာတဲ့ လမ်းတစ်လျောက်လဲ အတားအဆီးတွေအများကြီးစီရင်ထားတာကြောင့် သာမန်အစီအရင်တော့မဖြစ်နိုင်ဘူး။ သေချာအောင် ကျွန်တော်သွားကြည့်လိုက်မယ်”

“ ခဏနေဦး မောင်ကောင်း…. “

အောင်မြတ်သာက ရှေ့တိုးဖို့ပြင်နေတဲ့ မောင်ကောင်းကို လှမ်းတားလိုက်ပြီး လွယ်အိတ်ထဲမှာပါလာတဲ့ အင်းတစ်ကွက်ကိုထုတ်ကာ ရုပ်ထုရှိရာဘက်ကိုပစ်လွှတ်လိုက်တယ်။

“ ဖောက် ဖောက် ဖောက် ပတောက် ပတောက်”

လေထဲဝဲပျံသွားတဲ့ အင်းက ရုပ်ထုနားကိုရောက်တာနဲ့ မီးပန်းမီးစတွေထွက်လာပြီး အနောက်ကိုပြန်လွှင့်လာခဲ့တယ်။

“ ရုပ်ထုနားမှာလဲ အားကောင်းတဲ့စက်တွေလွှတ်ထားတယ်။ ဒါပေမယ့် စက်တွေမှာ အထိန်းအကွပ်မရှိဘူး”

“ စက်တွေမှာ အထိန်းအကွပ်မရှိဘူးဆိုတာက ဘာကိုပြောချင်တာလဲဆရာ”

“ ရုပ်ထုကိုစီရင်တဲ့သူအနေနဲ့ အပြီးသတ်မလုပ်နိုင်ခင် သေဆုံးခဲ့တဲ့ပုံပဲ…ဒါကြောင့် အတားအဆီးအနေနဲ့ လွှတ်ထားတဲ့စက်တွေက ဦးတည်ရာမရှိပဲ ပျံ့လွှင့်နေတာ။ ငါတို့ပညာအယူအဆအရပြောမယ်ဆိုရင် ဒီစက်တွေကို ပိုင်ရှင်မဲ့စက်လို့ခေါ်တယ်”

“ ဒါဆို တောင်ပေါ်စတက်တုန်းက ကျွန်တော်ခေါင်းပေါ်ဝဲနေတဲ့စက်တွေကရော ပိုင်ရှင်မဲ့စက်တွေပဲလား”

“ မဟုတ်ဘူး မောင်ကောင်း…. အဲဒီစက်တွေက ကဝေမဆီကလွှတ်တဲ့စက်တွေပဲ။ အခုစက်တွေက ခိုင်းစေမယ့်သူမရှိလို့ ယခင်ထားခဲ့တဲ့နေရာမှာပဲ တစ်ဝဲလည်လည်ဖြစ်နေတာ”

“ ဒါဆို စက်ဖြတ်ပြီးတာနဲ့ ရုပ်ထုအောက်မှာဘာရှိလဲ ကြည့်လို့ရပီပေါ့”

“ လက်လွတ်စက်တွေကို ဒီတိုင်းဖြတ်လိုက်ရင် စကြာဝဠာအတွင်းပျံ့သွားလိမ့်မယ်။ ဒါကြောင့် ပျံ့ကျဲနေတဲ့စက်တွေကို မုန်ညှင်းစေ့လောက်ဖြစ်အောင် စုစည်းပြီး အင်းနဲ့ချုပ်တာကပိုသင့်တော်တယ်”

“ အစီအရင်ဖျက်တဲ့အကောင်းဆုံးနည်းကတော့ မီးရှို့ပြာချလိုက်တာပါပဲ… ဒီအရာတွေက အကုသိုလ်အရမ်းများလို့ ငါတို့လက်နဲ့ထိရင် ပူလောင်မှုကိုခံစားရတာပဲ”

အောင်မြတ်သာ က မောင်ကောင်းနားလည်အောင်ရှင်းပြပြီးတာနဲ့ လွယ်အိတ်ထဲကနေ မိုးကြိုးလောင်မီးအင်းကို ထုတ်ယူကာ ယွန်းဘူးထဲ ပစ်ထည့်လိုက်တဲ့အချိန် အပြာရောင်မီးတောက်မီးလျှံတွေ ဝုန်းခနဲထွက်ပေါ်လာခဲ့တယ်။

မီးတောက်မီးလျှံတွေရဲ့ အခိုးငွေ့တွေကြားထဲမှာတော့ ချုပ်နှောင်ခံထားရတဲ့သူတွေရဲ့ ဝိဥာဉ်တွေက ရယ်မောပျော်ရွှင်စွာထွက်ပေါ်လာခဲ့တယ်။

ဒီနေရာမှာပဲ အောင်မြတ်သာနှင့်ဝိဥာဉ်ချုပ်အစီအရင်ရှာတမ်းဆိုတဲ့ဝတ္တုလေးပြီးဆုံးခဲ့ပါပြီ။

+++++

နောက်ဝတ္တုမှာတော့ ချေးထားတဲ့ပိုက်ဆံမပေးချင်တဲ့အတွက် အကြွေးရှင်ကို သေတဲ့အထိဖြစ်အောင်လုပ်ထားတဲ့ဖြစ်ရပ်တစ်ခုအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းအရာကိုတော့ အောင်မြတ်သာနှင့်ရွာတော်ရှင်အတိုက်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်

ဇေယန(ရာမည)
#မူရင်းရေးသားသောသူများနှင့်
စာရေးဆရာ-ဇေယန(ရာမည)အားလေးစားလျက်မေတ္တာဖြင့်မျှဝေသည်။🙏🙏🙏

🔰(Like & Share လေးနဲ့အား ပေးသွားခဲ့ကြပါ)🔰