အမုန်းနဲ့ပျိုးရသောပန်း

Posted on

အမုန်းနဲ့ပျိုးရသောပန်း(စ/ဆုံး)

——————————

“ထွန်းမောင်ရေမနက်ဖန်မင်းအလုပ်လာရင် ငါ့အိမ်ကနေအတူသွားမယ်သူငယ်ချင်း။ မနက်ပိုင်းဦးသာစိန်အိမ်ကရေမြောင်းဖော်မယ်။ညနေဘက် ဒေါ်အေးပုအိမ်မှာ မြက်ရှင်းပေးကြမယ်”

ထွန်း​မောင်နှင့် ဌေးလွင်တို့နှစ်ဦးသည် မြို့၏
မလှမ်းမကမ်းတွင်ရှိသောဆင်းရဲသားရပ်ကွက်တွင်အတူနေထိုင်ကြသည့်သူငယ်ချင်းများဖြစ်သည်။။နေ့စဥ်မြို့ပေါ်ရပ်ကွက်များကိုလှည့်လည်၍ ကြုံရာကျပန်းအလုပ်များလုပ်ကိုင်ရင်းအသက်မွေးကြသူများဖြစ်သည်။ ညနေပိုင်းအလုပ်သိမ်းချိန်ဖြစ်သောကြောင့် ဌေးလွင်က မနက်ဖန်လုပ်ကိုင်မည့်အလုပ်များကို ထွန်းမောင်ကိုကြိုတင်ပြောကြားထားခြင်းဖြစ်ပေသည်။

ထွန်းမောင်တို့မိသားစုတွင်ဇနီးသည်က
သားငယ်မွေးပြီးသုံးနှစ်ခန့်တွင်ဆုံးပါးသွား
ခဲ့သည်။ သားသမီးသုံးယောက်ကိုသူသာ
အဖေ၊သူသာအမေဘဝဖြင့်ရှာဖွေကျွးမွေး
စောင့်ရှောက်ခဲ့ရသည်။သမီးကြီး စန္ဒာကမိခင်မရှိတော့ကတည်းက ကျောင်းထွက်ပြီးအိမ်မှုကိစ္စ
လုပ်ခဲ့ရသည်။သားလတ်စိုးရန်နိုင်ကဆယ်တန်း
အရောက်တွင်အပေါင်းအသင်းစုံသဖြင့် စာမလိုက်နိုင်တော့ဘူးအကြောင်းပြချက်ဖြင့်ထွန်းမောင်အတန်တန်တားမြစ်သည့်ကြားမှကျောင်းထွက်ခဲ့သည်။ သားငယ်လေးကတော့ရှစ်တန်း
ဖြစ်သည်။ ပညာထူးချွန်သူဖြစ်၍ ထွန်းမောင်
အတွက် ခွန်အားဖြစ်စေပါသည်။

ထွန်းမောင်တို့မိသားစုတွင် သူ၏ဝင်ငွေကလေး
ဖြင့်သာဘဝရပ်တည်နေကြရသည်။ သားလတ်စိုးရန်နိုင်က အသက်နှစ်ဆယ်လူလွတ်ဆိုသော်လည်း ဘာတခုမှအားမကိုးရ။ တစ်နေ့တနေ့အပေါင်းအသင်းများဖြင့်အရက်ကလေးတမြမြနှင့်အပြင်မှာအချိန်ကုန်သည်။ ညနေဘက်ပြန်လာလျှင်အစ်မဖြစ်သူချက်သည့် ထမင်းဟင်းက ပျော့သလိုလို၊ငန်သလိုလို​ပြစ်တင်​ပြောဆိုတတ်သေးသည်။ထွန်းမောင်သူ့သားကို အမျိုးမျိုးဆုံးမကြည့်ပါသည်။သို့သော်ဆုံးမတုန်းခဏသာခေါင်းညိမ့်ပြီး ပိုနေမြဲကျားနေမြဲသာဖြစ်သည်။မိသားစုတစ်ခုလုံးမိမိဝင်ငွေကိုသာအားကိုးနေရသည်ဖြစ်၍ ထွန်းမောင်အတွက်ယောင်လို့တောင်မဖျားမနာရဲပေ။သူ့လက်လှုပ်မှ သူ့သားသမီးများအားလုံးပါးစပ်လှုပ်ရမည်မဟုတ်ပါလား။

( ၂)

” မင်းသား အပြင်မှာဖဲတွေရိုက်နေတယ်လို့
ငါကြားတယ် ထွန်းမောင်။ကိုယ့်သားကိုကိုယ်
ဆုံးမပေးဦး။တော်ကြာမဖြစ်သင့်တာတွေဖြစ်
ကုန်ဦးမယ် ”

” အရက်ဆိုင်မှာ ဟိုဘက်လမ်းက တင်စိုးရဲ့သားနဲ့ စိုးရန်နိုင်အော်ကြီးဟစ်ကျယ်ရန်ဖြစ်နေတာမနေ့ကငါတွေ့ခဲ့တယ် ထွန်းမောင်”

အပေါင်းအသင်းအချို့မှတဆင့်သိခဲ့ရသော
သူ့သားစိုးရန်နိုင်၏သတင်းများက ထွန်းမောင်
၏နားကွဲမတတ်ပင်ဖြစ်သည်။သမီးကြီးနှင့်သားငယ်မှာလိမ္မာရေးခြားရှိသလောက်သားလတ်
အတွက်တွေးရင်း ရင်မောနေမိသည်။တစ်နေ့နေ့
ရက်ကွက်နေရာစုံလှည့်ပြီးအလုပ်လုပ်ရင်း
အချိန်ကုန်ရသူမို့ သူ့အတွက်သားသမီးများနှင့်
စုံလင်စွာတွေ့ဆုံရချိန်သည်ညစာစားချိန်ပင်​​ဖြစ်ပါသည်။

ညစာထမင်းဝိုင်းတွင်ထွန်းမောင်သည် စိုးရန်နိုင်ဘက်လှည့်ပြီးပြောလိုက်သည်။

” သားလတ် မင်းအလုပ်တခုခုလုပ်ပါလားကွာ
အဖေရှာပေးမယ် ”

“မလုပ်ချင်ပါဘူးအဖေ။အဖေ့တို့အလုပ်က အရမ်းပင်ပန်းတာ”

သားလတ်၏ငြင်းဆိုသောစကားသံကြောင့်
သူ့အစ်မစန္ဒာကကြားဝင်၍ပြောပြန်သည်။

” မပင်ပန်းပဲ အချောင်ပိုက်ဆံဘယ်ကရမှာလည်းမောင်လေးရယ်။ နည်းနည်းတော့ကိုယ့်ဘက်ကခွန်အားတော့စိုက်ရမှာပေါ့။အဖေတောင် တို့ငယ်ငယ်ကတည်းကခုချိန်ထိ မပင်မပန်းနဲ့ရှာကြွေး
ခဲ့တာ ပင်ပမ်းလိုက်တာလို့ဘယ်နှခါငြီးတွားခဲ့
ဘူးလို့လည်း။ အဖေ့ကိုလည်းသနားဦး”

“သြော်… အစ်မရယ် ငါကမပင်မပန်းပဲ
ပိုက်ဆံများများရတဲ့အလုပ်မျိုးလုပ်ချင်တာ
ချွေးထွက်မဲ့အလုပ်မျိုးစိတ်မဝင်စားဘူး။ခုတော့
မလုပ်သေးဘူး။တနေ့နေ့တော့ငါအလုပ်လုပ်မှာပါ”

စိုးရန်နိုင်၏စကားများကြောင့် အစ်မဖြစ်သူသည်
ဖြစ်ပေါ်လာသည့်ဒေါသကိုထိန်းသိမ်းရင်းသက်ပြင်းရှည်တစ်ခုချလိုက်သည်။သားထံမှကြား
ရသောဒီစကားများက သူအကြိမ်ကြိမ်နားထောင်ဘူးသဖြင့် ကိုထွန်းမောင်အတွက်အထူးအဆန်းမဟုတ်တော့ပေ။သို့သော် လောင်းကစားကိစ္စများကိုတော့အချိန်မှီတားဆီးရမည်မှာသူ့တာဝန်ဖြစ်သည်။ ထို့လောင်းကစားနှင့်ပတ်သက်ပြီးအခြားဒုစရိုက်အလုပ်များကပ်ပါလာမှာ သူအလွန်စိုးရိမ်
သည်။

“မင်း ဖဲတွေရိုက်နေတယ်အ​ဖေကြားတယ်။ပိုက်ဆံတွေဘယ်ကရလာတာလည်း ”

” သားသူငယ်ချင်းဆီကခဏလှည့်တာပါအဖေရယ်။မယုံသွားမေးကြည့်ပါ။တစ်ခါတလေအပြင်းပြေလေးဆော့တာပါ”

” အေး သူများဆီကခဏချေးတာဆိုရင်တော့
ဘာမဖြစ်ပါဘူး။ပိုက်ဆံဆိုတာ သမ္မာအာဇီဝ
ကျကျရှာဖွေတာပဲကောင်းတယ်ငါ့သား။သူများ
မျက်ရည်ပေါက်ကြီးငယ်ကျမှ ကိုယ်ဝမ်းဝမယ်
ဆိုတဲ့အလုပ်မျိုးကိုတော့ တသက်လုံးမလုပ်မိစေ
နဲ့။ကိုယ်စားတဲ့ထမင်းတလုပ်ဟာဖြူစင်ဖို့အရေး
ကြီးတယ်”

“ဒီမယ် သားတို့သမီးတို့…အဖေ့တသက်သူများ
ရဲ့ပစ္စည်းကိုမတော်လောဘနဲ့ယူပြီး သားတို့သမီး
တို့ကို တစ်ကြိမ်တခါမှအပူစာနဲ့မကျွေးခဲ့ဘူး။
ငွေကြေးမပြည့်စုံပေမဲ့အဖေ့ရဲ့ကိုယ်ကျင့်တရား
ကချမ်းသာဖြူစင်တယ်။ သားတို့သမီးတို့ကိုလည်းအဖေ့လိုဖြူစင်စေချင်တယ်”

“ဟုတ်ကဲ့ပါ ဖေကြီး။ကြိုးစားပါ့မယ်”

ထွန်းမောင်၏စကားများကို သမီးကြီးနှင့်သားငယ်လေးကစိတ်ဝင်တစားနားထောင်ရင်းကတိ
ပေးကြသည်။စိုးရန်နိုင်ကတော့ စိတ်မဝင်စား
သည့်ဟန်ဖြင့်ထမင်းကိုအမြန်စား၍ မီးဖိုချောင်ထဲဝင်သွားသည်။

( ၃ )

“ထွန်းမောင်ရေ သွားကြမယ်ဟေ့။မိုးတောင်
ချုပ်နေပြီ။တို့နှစ်ယောက်ကို အလှူရှင်တွေမျှော်
နေတော့မယ် ”

အိမ်ရှေ့က ဌေးလွင်၏ခေါ်သံကြောင့်ထွန်းမောင်
စားလက်စညစာထမင်းကိုအမြန်ကုန်အောင်စား
လိုက်ပြီးသမီးကြီးကိုမှာစရာရှိတာမှာလိုက်သည်။

“သမီးရေ ဒီညအဖေ ရပ်ကွက်ဓမ္မာရုံမှာမနက်ဆွမ်းလောင်းဖို့သွားကူလုပ်လိုက်ဦးမယ်။၁၁နာရီလောက်မှပြန်ရောက်မယ်။တံခါးတွေပိတ်သာထားနော် အဖေပြန်ရောက်မှနှိုးမယ် ”

” ဟုတ်ကဲ့ အဖေ”

သမီးကြီးကိုမှာပြီး ဌေးလွင်နှင့်ခပ်သွက်သွက်ထွက်လာခဲ့သည်။လမ်းတွင် အိမ်သို့​ပြန်လာ​​သောသူ့သားစိုးရန်နိုင်နှင့်တွေ့သည်။

” ဟ အဖေ မိုးချုပ်မှပျာပျာသလဲလဲဘယ်သွား
ကြမလို့လည်း ”

“မနက်ဖန်ရပ်ကွက်ဆွမ်းလောင်းဖို့ ဓမ္မာရုံမှာ
သွားကူလုပ်မလို့။စောစောပြန်နော်သား။အိမ်မှာမင်းအစ်မကြီးနဲ့ ညီလေးကိုစောင့်ရှောက်လိုက်ဦး။
အဖေ ၁၁နာရီလောက်ပြန်ရောက်မယ် ”

“စိတ်ချအဖေ။သားခုပြန်တော့မှာ ”

” အေး အေး”

ဆွမ်းချက်ဓမ္မာရုံသို့သူတို့နှစ်ဦးရောက်တော့
ရပ်ကွက်က လူအတော်များများရောက်ရှိနေကြ
ပြီဖြစ်သည်။ထွန်းမောင်က ထင်းဂိုထောင်ထဲက
ထင်းတွေကို သယ်ထုတ်ပေးသည်။ရေပုံးနှစ်ပုံး
ဖြင့် ရေတုံကင်ကရေကိုဆွဲပေးသည်။ဌေးလွင်က
အိုးခွက်ပန်းကန်များဆေးကြောနေသည်။အမျိုး
သမီးများက ချက်ပြုတ်ကြော်လှော်နေကြသည်။
ထွန်းမောင်တသက်ငွေကုန်ကြေးကခံ၍အလှူအ
အတန်းများမပြုလုပ်ခဲ့ဘူးပါ။သူ့ဘဝက စားဖို့တောင်အနိုင်နိုင်ရှာစားနေရတာမဟုတ်လား။
သူ့အတွက်လှူနိုင်တာဆိုလို့ဝေယျာဝစ္စအလှူပင်ရှိပါသည်။ထို့ကြောင့် အလှူပွဲတိုင်းအလှူ့ရှင်စိတ်ချမ်းသာစေရန်အောက်ခြေသိမ်းအလုပ်မျိုးစုံကို အပင်ပမ်းခံပြီးသူလုပ်ပါသည်။

ရေသယ်ရင်း မီးဖိုချောင်အဝင်ဝတွင်ခြေဖနောင့်ဖြင့်နင်းမိသည့်အရာတစ်ခုကြောင့် ထွန်းမောင်
ခြေထောက်ကိုကြွပြီးကြည့်မိရာ ပြတ်နေသော
ရွှေဆွဲကြိုးတစ်ကုံးဖြစ်နေသည်။ ဓမ္မာရုံအတွင်း
ချက်ပြုတ်လုပ်အားပေးနေကြသည့်အမျိုးသမီး
တစ်ဦးဦးမှပြတ်ကျသည့်ဆွဲကြိုးဖြစ်မှန်း ထွန်းမောင်သိလိုက်သည်။ ထွန်းမောင်ပတ်ဝန်းကျင်
ကိုအကဲခပ်ကြည့်လိုက်သည်။သူဆွဲကြိုးကိုကောက်ယူလိုက်သည်ကိုမည်သူမျှမြင်တွေ့ရဟန်မရှိချေ။ ဒီဆွဲကြိုးကသူ့မိသားစုစားဝတ်နေရေးအတွက် အတိုင်းအတာတခုအထိအကူအညီရနိုင်
မှန်း ထွန်းမောင်သိပါသည်။ သို့သော်သူများအပူစာနဲ့ဘယ်တော့မှ သူ့မိသားစုကိုမကျွေးဘူးဆိုသည့် သူ့ လက်စွဲတော်စကားအတိုင်းဆွဲကြိုးကောက်ရကြောင်းကို လူသိရှင်ကြားပြောပြ၍ ပိုင်ရှင်ဖြစ်သူ မအေးစန်းကို ပြန်လည်အပ်နိုင်ခဲ့သည်။

” ကျေးဇူးတင်လိုက်တာ ထွန်းမောင်ရယ်။ဒီခေတ်မှာနင့်လို ရိုးဂုဏ်ရှိတဲ့သူအရမ်းရှားသွားပြီသိလား ”

“ဥစ္စာဓနဆင်းရဲလို့အပါယ်မကျဘူး။ကိုယ့်ကျင့်တရားဆင်းရဲရင်တော့အပါယ်ကျမယ်မအေးစန်းရေ။ဘဝပေးကုသိုလ်ကြောင့် ကျွန်တော်ဆင်းရဲပေမဲ့ကိုယ်ကျင့်တရားမဆင်းရဲအောင်အထူးသတိထားနေပါတယ်။ ကိုယ်ကျင့်တရားဟာ ကျွန်တော်တို့ဆင်းရဲသားတွေအတွက် အကောင်းဆုံးအရင်းအနှီးပါပဲဗျာ”

“သာဓု ပါထွန်းမောင်ရယ်။အဲဒီ့စိတ်ထားကြောင့်
နင်တစ်နေ့ကြီးပွားဦးမှာပါ”

မအေးစန်း၏မှတ်ချက်စကားက ထွန်းမောင့်ရင်
ထဲ အေးချမ်းသွားသလိုခံစားမိပါတယ်။ချက်ပြုတ်ပြင်ဆင်မှုများပြီးစီးပြီဖြစ်သဖြင့်
မနက်ဆွမ်းကူလောင်းရန်ဓမ္မာရုံတွင် ဌေးလွင်က
ကအိပ်ကျန်ခဲ့သည်။အလှူ့ရှင်နှင့် အသိမိတ်ဆွေများကိုနှုတ်ဆက်ကာ ​ထွန်းမောင်တစ်ဦးထဲလက်နှိတ်မီးတစ်လက်ဖြင့်ပြန်လာခဲ့သည်။

( ၄ )

“ကယ်ကြပါဦးရှင်… ကယ်ကြပါဦး ကျွန်မပိုက်ဆံ
အိတ်လုသွားလို့ပါ။ ကူညီကြပါဦး ”

အမျိုးသမီးတစ်ဦး၏အော်ဟစ်သံကြောင့် အသံ
လာရာဘက်ကိုအပြေးသွားပြီးထွန်း​မောင်ကြည့်မိသည်။ ဟိုဘက်ရပ်ကွက်ထဲက ညပိုင်းလမ်းဘေးအကြော်ရောင်းသည့် မကျင်တင်တို့သားအမိဖြစ်နေမှန်းသိရသည်။ သူ့ပိုက်ဆံအိတ်ကိုလုပြေးသောလူငယ်နှစ်ယောက်ကိုလည်း လမ်းမီးရောင်အရှိန်ကြောင့် ထွန်းမောင်သဲကွဲစွာမြင်လိုက်ရသည်။အကြော်သည်မကျင်တင်ကတော့ ထိုလူငယ်တွေကိုသိဟန်မတူ။ မကျင်တင်နှင့်အတူ သူ့သမီးလေးကအဖော်စျေးရောင်းလိုက်လာခြင်းဖြစ်လိမ့်မည်။

မကျင်တင်၏အော်သံကိုကြားရသည့်ရပ်ကွက်
ထဲမှ လူများဝိုင်းအုံရောက်လာသည်။မကျင်တင်
ကတော့ သူ့ပိုက်ဆံအိတ်ကိုအလွန်နှမြောနေပုံ
ရပါသည်။ ရှိုတ်ကြီးတငင်ငိုကြွေးနေသည်။

” ကူညီပေးကြပါဦး။ကျွန်မအရင်းလေးတွေပြုတ်
ပါပြီ။ပိုက်ဆံအိတ်ထဲမှာ ကျွန်မသမီးနားကပ်
ကလေးလည်းပါသွားပါတယ်ရှင်။ ကျွန်မတို့သားအမိမှာချမ်းသာတာဆိုလို့ မစားရက်မသောက်ရက်စုပြီးလုပ်ထားတဲ့ဒီနားကပ်တစ်ရံပဲရှိတာပါ ဟီး… ဟီး ”

မကျင်တင်ကသူ့ခံစားချက်ကိုပြောရင်းအော်ဟစ်
ငိုသည်။ သမီးလေးကလည်းသူ့နားကပ်ဆုံးရှုံး
လိုက်ရပြီဖြစ်ကြောင်း သိရချိန်တွင်တစ်ရှုံ့ရှုံ့ဖြင့်ငိုပြန်သည်။

“ဒီကောင်တွေအတော်အတင့်ရဲတဲ့ကောင်တွေပဲ”

“ဒီလမ်းမှာဖြစ်တာခဏခဏပဲ။သက်ဆိုင်ရာကို
အသိပေးထားမှဖြစ်မယ် ”

” မရှိဆင်းရဲသားတွေရဲ့ထမင်းလုပ်ကိုမှ
လုစားရတယ်လို့ကွာ။တောက်.. အောက်တန်းစားတွေ”

“သူများအပူစာစားမိရင်တော့ တသက်လုံး
အကုသိုလ်အပူအဟပ်ခံရမှာပါသေခြာတယ် ”

ရပ်ကွက်ထဲမှာရောက်လာကြသည့်လူအုပ်ထဲ
မှ တစ်ယောက်တပေါက်ပြောဆိုကြသည့်အသံ
များဖြစ်ပါသည်။ထိုအချိန်ကင်းလှည့်သည့်ရဲဆိုင်
ကယ်နှစ်စီးရောက်လာသည်။ရဲသားတစ်ဦးအား
မကျင်တင်ကဖြစ်ကြောင်းကုန်စင်ကိုပြောပြနေ
သည်။အေးချမ်းလှသည့်ညအချိန်တွင်
ထွန်းမောင်၏နဖူးတွင် ချွေးများပြန်နေသည်။
တစ်ခုခုကိုဆုံးဖြတ်ချက်ချရန် ချီတုံချတုံဖြစ်နေ
ခြင်းဖြစ်သည်။ ယခုအချိန်တွင်ဒီကိစ္စကို ရေငုံ
နှုတ်ဆိတ်နေမိလျှင် သူ့ဘဝတစ်လျှောက်လုံး
အရိပ်အမဲကြီးတစ်ခုကအမြဲကပ်ပါနေလိမ့်မည်။
နောင်တမီးလျှံများတသက်လုံးအလောင်ခံနေရမည်။ဝေ့ဝါးနေသောသူ၏စိတ်ကိုစုစည်းကာ မှန်ကန်သောဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပြီး
လူအုပ်ကြီးအနားတစ်လှမ်းချင်းတိုးသွားလိုက်သည်။

” စောစောက လုသွားတဲ့တရားခံကိုကျွန်တော်
သိပါတယ်။ကျွန်တော့နောက်လိုက်ခဲ့ကြပါ”

ထွန်းမောင်၏စကားကြောင့် မကျင်တင်နှင့်
လူအုပ်ကြီးမှာပျော်ရွှင်သွားပုံရပါသည်။ထို့နောက်
ရဲသုံးယောက်နှင့်မကျင်တင်တို့သားအမိကို
ဦးဆောင်ကာ သူတို့လမ်းထဲဝင်လာခဲ့သည်။
အိမ်ရှေ့တွင်သမီးကြီးက ထွန်းမောင်ပြန်အလာကို
ကိုစောင့်နေလျှက်ရှိပြီး နောက်ကရဲများကိုမြင်ရ
သည်နှင့်ထိတ်လန့်သွားပါသည်။

” သမီးကြီး သားလတ်အိမ်မှာလား ”

“ဟုတ်ကဲ့အဖေ။ရှိတယ်”

အိမ်ရှေ့ကအသံများကြောင့်သားငယ်ကမနက်ဖန်စာမေးပွဲအတွက်စာကျက်နေရင်းထွန်းမောင်တို့ကိုအံ့အားသင့်စွာထွက်ကြည့်နေသည်။ထွန်းမောင်အိမ်ပေါ်ကို တန်းမတ်မတ်တက်သွားပြီး
သားလတ်ကိုခေါ်လိုက်သည်။ စိုးရန်နိုင်က
ခြင်ထောင်ထဲကထွက်ပြီးလိုက်လာသည်။ရဲများကိုတွေ့မြင်ရသည်နှင့်စိုးရန်နိုင်ကြောက်ရွံ့တုန်လှုပ်လျှက်ရှိပြီး နဖူးမှချွေးများပြန်လာသည်။
ထွန်းမောင်သည် သူ့သား၏ ပုခုံးကိုကိုင်၍
ရဲသားများကိုပြောလိုက်သည်။

” စောစောက တရာခံဟာ ကျွန်တော့သားသူပါပဲခင်ဗျာ”

ရဲသားများနှင့်မကျင်တင်တို့သားအမိသည်
ထွန်းမောင်ကို အံ့သြသည့်အကြည့်များနှင့်
ပြိုင်တူကြည့်မိကြသည်။ထို့နောက်ရဲတစ်ယောက်က…

“ကဲငါ့ညီ အစ်ကိုတို့နဲ့ စခန်းကိုခဏလိုက်ခဲ့ပါ”

စိုးရန်နိုင်က သူ့အဖေထွန်းမောင်ကိုနာကျင်မုန်း
တီးမှုများပြည့်လျှံနေသောအကြည့်များနှင့်လှည့်ကြည့်သည်။သားအကြည့်ကြောင့်ထွန်းမောင်အသက်ရှုမှားလောက်အောင်ရင်ကွဲမတတ်ခံစား
ရင်း တုန်ယင်သောအသံဖြင့်စကားတစ်ခွန်းကို
အားယူကာပြောလိုက်သည်။

” အဖေ့က သားဘဝတစ်လျှောက်လုံးကောင်းစားဖို့အတွက် ယခုလိုလုပ်လိုက်ရတာပါ။ အဖေ့ရဲ့မေတ္တာစေတနာကို သားတစ်ချိန်ကျရင်နားလည်လာပါလိမ့်မယ် ”

ရဲများက စိုးရန်နိုင်ကိုခေါ်၍အိမ်ခြံဝန်းထဲက ထွက်ခွာသွားကြသည်။ အိမ်လေးထဲမှာတော့ ထွန်း​
​မောင်တို့သားအစ်ဖသုံးယောက်၏ မျက်ရည်မိုးများကတသွင်သွင်ရွာသွန်း၍ကျန်ခဲ့ပါတော့
သည်။

ပြီး

ခင်ဇော် (သီတာကုန်းပြင် )

19.10.2022