အောင်မြတ်သာနှင့်အခေါင်းစင်ပေါ်ကကျတ်တစ္ဆေ

Posted on

အောင်မြတ်သာနှင့်အခေါင်းစင်ပေါ်ကကျတ်တစ္ဆေ
စာရေးဆရာ -ဇေယန(ရာမည)

ကျွန်တော်တို့ ဆရာတပည့်နှစ်ယောက် ခြေဦးတည့်ရာကိုယ့်အိမ်ရာဆိုတဲ့အတိုင်း ခရီးထွက်ခဲ့ကြတဲ့အချိန် ငယ်စဉ်က ကျောင်းနေဖက်သူငယ်ချင်းဖြစ်တဲ့ မြင့်ထွန်းနဲ့ အမှတ်မထင်ဆုံတွေ့ခဲ့ကြတယ်။မြင့်ထွန်းက ကျောင်းမပြီးခင်မှာပဲ သစ်ခုတ်တဲ့အလုပ်ထဲခြေစုံပစ်ဝင်ပြီး နယ်တကာလှည့် လျောက်သွားရာကနေ ကျို့ဒုံမြို့သူနဲ့အိမ်ထောင်ကျခဲ့တဲ့အကြောင်းစကားစမြည်ပြောဖြစ်ရင်း ကျွန်တော်ဝတ်ထားတဲ့ ယောဂီဝတ်ထားတဲ့ ယောဂီဝတ်စုံကိုကြည့်ပြီး တစ်စုံတစ်ခုကိုတွေးနေတဲ့ဟန်ကိုမြင်လိုက်ရတယ်။ ဒါကို အကဲခတ်မိတဲ့ ကျွန်တော်က ရေနွေးကြမ်းတစ်ခွက်ကို ဟန်ပါပါသောက်လိုက်ပြီး

” ငါ့အလုပ်အကိုင်ကို မင်းသိချင်နေပြီမဟုတ်လား” လို့မေးလိုက်တော့ မြင့်ထွန်းက ခေါင်းကိုခပ်ဆတ်ဆတ်ငြိမ့်ပြီး

” ဟုတ်တယ်ကွ.. မင်းက ဗေဒင်ဆရာလား” လို့မေးပါလေရော။

အဲဒီတော့မှ ကျွန်တော်က ဂိုဏ်းရဲ့လုပ်ထုံးလုပ်နည်းတွေကိုအသေးစိတ်ရှင်းပြလိုက်ရာ မြင့်ထွန်း အံ့အားသင့်သွားပြီး

” ဒါဆိုရင် မင်းတို့က အထက်လမ်းဆရာ​တွေပေါ့”

” အေး အဲလိုပြောလို့ရပါတယ်”

” ဒါဆို ငါနေတဲ့မြို့ကိုလိုက်ခဲ့ကွာ… အဲဒီမှာက မင်းတို့လို ဆရာ​ကောင်းတွေမရှိဘူးကွ၊ တစ်ခုခုဆို အခြားနယ်က ဆရာတွေကိုပင့်ပြီး ကုနေရတယ်။ ငါတို့နယ်မြေက တောဘက်နည်းနည်းကျတော့ နာနာဘာဝတွေလဲ ပေါစဟေ့၊ ဘယ်လောက်တောင်ကြမ်းလဲဆိုရင် မီးတောက်ချက်အရက်ကို မြေကြီးပေါ်ပုလင်းလိုက်လောင်းချရင် အရက်က လေပေါ်မှာတင်ပျောက်သွားတာကွ”

” ဟေ အဲသ​လောက်တောင်လား”

” အဲထက်ကြမ်းတာတွေရှိသေးတယ်… ဒါတွေကို ဟိုရောက်ရင်မင်းသိလာမှာပါ..ဘယ်လိုလဲ လိုက်ခဲ့မယ်မဟုတ်လား”

ကျွန်တော်လဲ မြင့်ထွန်းစကားကြောင့် ဆရာဖြစ်သူထံ ခွင့်ပန်လိုက်ရာ

” တစ်ဖက်လူက တကူးတက ဖိတ်နေမှတော့ လိုက်ပေးရမှာပေါ့” ဆိုတဲ့စကားကိုကြားခဲ့ရတယ်။

ဒီလိုနဲ့ ကျွန်တော်တို့လဲ ကားတစ်တန် လှေတစ်တန်နဲ့ တစ်ရက်လောက်သွားပြီးချိန်မှာတော့ ရွာမကျ မြို့မကျဖြစ်တဲ့ ကျို့ဒုံမြို့ဆီကိုရောက်လာခဲ့တယ်။

တောင်တန်းတွေဝန်းရံထားတဲ့ အလယ်မှာတည်ထားတဲ့ မြို့ဖြစ်တဲ့အတွက် မိုးများတဲ့ကာလတွေဆိုရင် ရေကြီးတတ်လို့ အိမ်တိုင်းအိမ်တိုင်းမှာ လက်ယက်လှေငယ်လေးတွေ​ဆောင်ထားတာကိုလဲ သတိထားမိခဲ့တယ်။

စရောက်တဲ့ညမှာတော့ မြင့်ထွန်း အမျိုးသမီးချက်ကျွေးတဲ့ သီးစုံဟင်း၊အသားတုဆီပြန်ချက်ကို ဝမ်းကားအောင်စားဖြစ်ခဲ့တယ်။ ညစာ စားပြီးတဲ့အချိန် အိမ်ရှေ့ကွပ်ပြစ်မှာ ရေနွေးကြမ်းတစ်အိုးနဲ့ထိုင်ရင်း ရောက်တတ်ရာရာစကားတွေပြောနေတဲ့အချိန် လုံချည်ခပ်တိုတိုဝတ်ထားတဲ့ ယောင်္ကျားတစ်ယောက်က ကျွန်တော်တို့ကို စူးစိုက်ကြည့်ကာ ရွာအတွင်းဘက်ထဲဝင်သွားတာကို သတိထားမိလိုက်တယ်။

ဆရာဖြစ်သူကတော့ ထွက်သွားတဲ့သူကို ကြည့်ပြီး ဟန်မပျက်ရေနွေးကြမ်းသောက်နေပေမယ့် ကျွန်တော်ကတော့ မနေနိုင်ပဲ မြင့်ထွန်းအနားကိုကပ်ကာ

” မြင့်ထွန်း ခုနက အိမ်ရှေ့က ဖြတ်သွားတဲ့လူက ငါတို့ကိုအသေအချာကြည့်သွားတယ်ဟ”

” အော် ဘညိုကို ပြောတာထင်တယ်… သူက ရွာရဲ့ ရာအိမ်ခေါင်းလေ၊ မင်းတို့ရောက်နေတဲ့အကြောင်းတော့ ငါသတင်းပို့ထားပါတယ်။ ဒီဘက်မှာက လက်နက်ကိုင်အချို့အဝင်ထွက်လုပ်တတ်တော့ ရွာထဲသူစိမ်းဝင်ရင် သတင်းပို့ရတယ်”

” အော် အေးပါ ငါတို့ကြောင့် မင်းအနေနနဲ့ ဘာမှမထိခိုက်နိုင်ဘူးမလား”

” ဟေ့ကောင် ငကောင်း မင်းကစိုးရိမ်လွန်နေပါပြီကွာ.. ဘာမှစိတ်ပူမနေနဲ့ လွတ်လွတ်လပ်လပ်နေ ဟုတ်ပီလား”

ကျွန်တော်တို့လဲ ငယ်စဉ်ကအကြောင်းတွေပြောလိုက် ရေနွေးကြမ်းသောက်လိုက်လုပ်နေတဲ့အချိန် မြင့်ထွန်းမိန်းမက လက်ဖက်တစ်ပန်းကန်နဲ့ရောက်လာပြီး

” ကိုမြင့်ထွန်း ရှင် ထွက်သွားတဲ့နေ့က ကိုကြီးပေါတာ ဆုံးသွားတာသိပြီးပြီလား” လို့မေးလိုက်တော့ မြင့်ထွန်းက ပါးစပ်အဟောင်းသားဖြစ်သွားပြီး

” ဟင် ငါမသိဘူး ဘယ်လိုဖြစ်တာလဲ”

” တောင်ပေါ်မှာ သစ်ခုတ်သွားရာကနေ သစ်ပင်ပိပြီး သေတာတဲ့.. အလောင်းက မြင်မကောင်းဖြစ်နေလို့ ရွာထဲမှာတောင်မထားပဲ ရွာပြင်မှာ စင်ထိုးပြီး ထားထားတာ”

” ဒါကြောင့် ငါတို့ ပြန်လာတော့ သုဿာန်ဇရပ်မှာ ကြွက်သိုးတို့အဖွဲ့ကိုတွေ့လိုက်တာကိုး… “

မြင့်ထွန်းမိန်းမက အာပေါင်အာရင်းသန်သန်ပြောနေရာကနေ ကျွန်တော်တို့ကိုကြည့်ပြီး

” ဧည့်သည်တွေ အနေနဲ့ အနှောက်ယှက်ဖြစ်သွားပြီလားမသိဘူး… ကျွန်မတို့က ဒီလိုပဲပြောတတ်လို့ အားနာလိုက်တာ”

” ရပါတယ် အားမနာပါနဲ့ အရင်ပြောနေကျအတိုင်းပြောပါ”

ကျွန်တော်လဲ မြင့်ထွန်းကိုမျက်စပြပြီး ဆက်ပြောဖို့ဟန်ပြုလိုက်တယ်။

” ကိုပေါတာ အသုဘက ဘယ်နေ့လဲ”

” မနက်ဖြန်ချမယ်ပြောတာပဲ.. အသုဘပို့ရင် တော်လဲ သွားပေးလိုက်ဦး”

” အေးပါ ငါအဲဒီလောက် လူမှုရေးမခေါင်းပါးပါဘူး”

မြင့်ထွန်းက စကားစကိုဖြတ်ပြီး လက်ဖက်သုတ်ကို ခပ်စားနေတဲ့အချိန်

” အမလေး … ကယ်ကြပါဦး သရဲ သရဲ… ” ဆိုတဲ့အသံနက်နဲ့အတူ ကြွက်သိုးတို့အဖွဲ့ ကတိုက်ကရိုက်ပြေးလာနေတာကိုမြင်လိုက်ရတယ်။

” ဟေ့ ဘာဖြစ်တာလဲ ..”

မြင့်ထွန်းက ကွပ်ပြစ်ပေါ်ကနေ အလောတကြီးပြေးဆင်းပြီးမေးလိုက်တော့ မနားတမ်းပြေးလာရလို့ အမောဖောက်နေတဲ့ ကြွက်သိုးက

” အလောင်းစင်မှာရှိတဲ့ မသာက ရုတ်တရက်ထထိုငလာလို့ဗျ”

” ဟေ မင်းနဲ့အတူ စောင့်နေတဲ့ကောင်တွေရော… “

” သူတို့ကိုတောင်လှည့်မကြည့်အားဘူး… ဒီကောင်တွေဘယ်မှာကျန်ခဲ့လဲမသိပါဘူးဗျာ ဟောဟဲ ဟောဟဲ”

ရင်ဘတ်ကိုလက်နဲ့ဖိပြီး အမောဆို့နေတဲ့ ကြွက်သိုးကို ရေတစ်ခွက်ကမ်းပေးပြီး အနားယူခိုင်းနေတဲ့အချိန် ရွာထဲကလူတွေရောက်လာပြီး

” ကြွက်သိုး .. မင်းတို့ မဟုတ်တာ ဘာတွေလျောက်လုပ်ထားသေးလဲ”

” အာ ဘညိုရာ ကျွန်တော်တို့ အရက်တောင် မသောက်ရသေးဘူး.. အလောင်းကောင်ကြီးက ငုတ်တုတ်ထထိုင်လာတာ.. နောက်ပြီး သစ်ပင်ပိလို့ ကျွတ်ထွက်နေတဲ့ မျက်လုံးကို ကောက်တပ်နေသေးတာဗျ။ အမလေး ပြောနေရင်း ကြက်သီးတွေတောင်ထလာတယ်”

ဘညိုဆိုတဲ့ လူက ကျွန်တော်တို့ကို မျက်လုံးချင်းမဆိုင်ဝံ့ပဲ ကြွက်သိုးကို မေးနေရာကနေ

” ဒါဆို ဟိုကိုလိုက်သွားရမှာပေါ့… လာကြ လာကြ၊ ငသိန်းက ဟိုဘက်ရွာက ဆရာကိုသွားပင့် ချေ” လို့ပြောတော့ တစ်ချိန်လုံး ငြိမ်နေတဲ့ဆရာဖြစ်သူက

” ကျွန်တော်တို့လိုက်ကြည့်ပေးပါမယ်… အချိန်ကလဲ နောက်ကျနေပြီဆိုတော့ ဟိုဘက်ရွာသွားရင် လမ်းခရီးခက်ခဲနေမှာစိုးလို့ပါ”

” ဟုတ်တယ် ဘညို .. သူတို့က အထက်လမ်းဆရာတွေပဲ.. ဒီလောက်ကတော့အဆင်ပြေမှာပါ”

မြင့်ထွန်းစကားကြောင့် ဘညိုဆိုတဲ့လူက ကျွန်တော်တိို့ကို ဝေ့ကြည့်ပြီး

” ဒါဖြင့် ဧည့်သည် တွေကို ခေါ်သွားပေးလိုက်ဦး… ငါကတော့ ပေါတာတို့အိမ်ကို အကျိုးကြောင်းသွားပြောလိုက်ဦးမယ်” လို့ပြောကာ ထွက်သွားခဲ့တယ်။

ကျွန်တော်တို့ ရွာပြင်ကိုရောက်တော့ ဖရိုဖရဲဖြစ်နေတဲ့ အလောင်းစင်ထဲမှာ အဝတ်ဖြူနဲ့အုပ်ထားတဲ့ ပေါတာဆိုသူရဲ့အ​လောင်းကိုမြင်လိုက်ရတယ်။

” ဆရာ … ဆရာ .. အလောင်းက အခုကျတော့ သူမဟုတ်သလိုပဲဗျ၊ ကျွန်တော် လိမ်ပြောတာမဟုတ်ဘူး.. မယုံရင် အရှည်ကြီးကိုမေးကြည့်ပါဗျာ”

ကြွက်သိုးက အလောင်းစင်ကို မရဲတရဲလက်ညိုးထိုးပြီး ပြောလိုက်တော့ ဆရာက လက်ကာပြပြီး

” ဒီလိုဖြစ်ရပ်တွေက အရင်ကလဲ ရှိခဲ့ဖူးပါတယ်.. ပွင့်ပွင့်လင်းလင်းပြောရရင် အလောင်းထဲကို အခြားနာနာဘာဝတစ်ကောင်ဝင်ရောက်ပူးကပ်တဲ့သဘောပါ၊ အရပ်နားလည်အောင်ပြောရရင် ဖုတ်ဝင်တဲ့သဘောနဲ့ ဆင်တူတယ်… အသုဘက မနက်ဖြန်ဆိုတော့ အလားတူအဖြစ်မျိုး ထပ်မဖြစ်အောင် ကျုပ်စီမံပေးခဲ့ပါမယ်” လို့ပြောကာ အခေါင်းပြင်အောက်ထဲကို အသင့်ပါလာတဲ့ အင်းစာရွက်တစ်ရွက်ထိုး ထည့်ပြီး ရွာသားအချို့နဲ့အတူ ပြန်လာခဲ့လိုက်တယ်။

အိမ်ရောက်တော့ ကျွန်တော်က ဆရာအနားကိုကပ်ပြီး

” ခုနက အခေါင်းပြင်အောက်ထည့်ခဲ့တဲ့ အင်းက ဘာမှမဆွဲထားတဲ့အင်းမဟုတ်လားဆရာ”

” မင်း မျက်စိက လျင်သားပဲ .. ဟုတ်တယ် အင်းဘောင်တွေပဲ ဆွဲထားတဲ့ စက္ကူကို စိတ်ရှင်းအောင်ထည့်ခဲ့​ပေးတာ”

” အဲလိုဆိုရင် အလောင်းကောင်က နောက်တစ်ကြိမ် ထထိုင်ရင် ဘယ်နှယ့်လုပ်မလဲဆရာ”

” ဒီကိစ္စက သွေးရိုးသားရိုး ဖြစ်ရပ်မဟုတ်လို့ လက်သည်ဘယ်သူဆိုတာ ဖော်ထုတ်ပေးရလိမ့်မယ်၊ ငါ့အနေနဲ့ စစ်မှန်တဲ့အင်းထည့်ထားရင် လက်သည်က အသာလေးခေါင်းရှောင်သွားမှာ… မင်းအနေနဲ့ မနက်ဖြန်အသုဘပို့သွားတဲ့အခါ ထူးခြားတာမြင်ပါလိမ့်မယ်”

ဆရာက ပဟေဠိဆန်တဲ့စကားတွေ ပြောပြီး ဘုရားကျောင်းဆောင်ရှေ့ကို တရားထိုင်ဖိုထွက်သွားခဲ့တယ်။

+++++

နောက်နေ့ နေ့လည်ရောက်တော့ ဆရာက

” မောင်ကောင်း အသုဘကို မင်းပဲလိုက်သွားတော့… မင်းအနေနဲ့ ထူးခြားတာတစ်ခုခုခံစားရရင် အထက်ဆရာတွေထံ အမြင်ဓါတ်ဖွင့်ပေးဖို့ ခွင့်တောင်းပါ” ဆိုတဲ့စကားကို ထူးဆန်းစွာပြောခဲ့တယ်။

ဒီလိုနဲ့ ကျွန်တော်လဲ မြင့်ထွန်းနဲ့အတူအသုဘပို့လိုက်သွားရင်း အခြေအနေကိုစောင့်ကြည့်နေခဲ့တယ်။ ကျို့ဒုံရွာရဲ့ ဓလေ့က အလောင်းစင်ကို ဝါးဆစ်ပိတ်​ တွေနဲ့ယက်ထားတဲ့ ထမ်းစင်ပေါ်တင်ပြီး မီးသဂြိုလ်မယ့်နေရာအထိရောက်အောင် ထမ်းပိုးသွားရတယ်။ ကာလသားတွေကလဲ သုဿန်နားရောက်လေလေ အလောင်းကစားတဲ့အနေနဲ့ ယိမ်းထိုးလှုပ်ရှားပြီး ဝေးလေးဝါးလေး အော်ဟစ်ကြပါလေရော။

အဲလိုနဲ့ အလောင်းကစားနေရင်းကနေ အောက်မှာထမ်းထားတဲ့လူတွေရဲ့မျက်နှာ မသာမယာဖြစ်လာပြီး

” အလောင်းစင်က တစ်ဖြေးဖြေးလေးလာပါလား… လာကူကြဦးဟ မနိုင်တော့ဘူး” ဆိုတဲ့အော်သံကိုကြားလိုက်ရတယ်။

တကယ်လဲ အလောင်းစင်က လူဆယ်​ယောက်လောက်ထမ်းထားတဲ့ ကြားထဲကနေ အိခနဲ အိခနဲ ဖြစ်နေတာမြင်တော့ ဆရာပြောတဲ့စကားကိုအမှတ်ရပြီး အမြင်ဓါတ်ဖွင့်ပေးဖို့ အထက်ဆရာ​ကြီးတွေထံ ခွင့်တောင်းကာ စိတ်ကိုစူးစိုက်ပြီး ကြည့်လိုက်ရာ အခေါင်းစင်ပေါ်မှာ ခွရက်ကြီး တက်ထိုင်နေတဲ့ နာနာဘာဝတစ်ကောင်ကို မြင်လိုက်ရတယ်။

ရှည်လျားနေတဲ့ဆံပင်၊ ဟင်္သာပြဒါးလို နီရဲနေတဲ့ မျက်လုံး၊ ပုတ်လောက်ကြီးတဲ့ခန္ဓာကိုယ်ရှိတဲ့ နာနာဘာဝကောင်က အခေါင်းပျဉ်ကို လက်နဲ့ပုတ်ရင်းလိုက်ပါလာခဲ့တယ်။

သဂြိုလ်မယ့်နေရာကိုရောက်တော့ သေဆုံးသူရဲ့ လိပ်ပြာကိုခေါ်တဲ့အချိန် အခေါင်းစင်ပေါ်မှာရှိနေတဲ့ နာနာဘာဝက ခပ်တည်တည်နဲ့ ကပ်ပါသွားတာကိုလဲ မြင်လိုက်ရတယ်။

ဒါကိုမြင်တော့ ကျွန်တော်က မီးသဂြိုလ်တာကို ပြီးတဲ့အထိမစောင့်တော့ပဲ အိမ်ကိုခပ်သုတ်သုတ်ပြန်ထွက်လာခဲ့လိုက်တယ်။ အိမ်ရောက်တော့ ဆရာဖြစ်သူကိုအကျိုးအကြောင်းပြောပြလိုက်ရာ

” သေသူက အစိမ်းသေဆိုတော့ သူ့ဝိဉာဉ်ကို ဖမ်းချုပ်ပြီး အခြားနာနာဘာဝတစ်ကောင်နဲ့အစားထိုးလိုက်တာပဲ… “

” ဘယ်သူလုပ်တယ်ဆိုတာကိုရော ရိပ်မိလားဆရာ”

” အတိအကျပြောဖို့က စောပါသေးတယ်.. ညကျရင် အသုဘအိမ်ဘက် တစ်ခေါက်လောက်လှည့်ကြည့်ကြရအောင်”

” ဟုတ်ကဲ့ဆရာ ကျွန်တော် ကြည့်စီစဉ်လိုက်ပါမယ်”

++++++++

ကျွန်တော်တို့လဲ ညဘက်ရောက်တော့ အသုဘအိမ်ဘက်ကိုထွက်လာခဲ့လိုက်တယ်။

ရွာဓလေ့ဆိုတော့ အသုဘအိမ်မှာ ဖဲရိုက်တဲ့သုကရိုက် ရေနွေးကြမ်းသောက်ပြီး စကားပြောသူက​ပြောနဲ့စည်ကားနေတဲ့အချိန် ဆရာက အနားကိုရောက်လာပြီး

” အသုဘထမင်းပန်းကန်နားကို အာရုံစိုက်ပြီးကြည့်ကြည့်” ဆိုပြီးပြောလို့ ကြည့်လိုက်ရာ လိပ်ပြာခေါ်ထားတဲ့အဝတ်အစားနားမှာချထားတဲ့ ထမင်းပန်းကန်ကို အားရပါးရထိုင်စားနေတဲ့ နာနာဘာဝတစ်ကောင်ကို​မြင်လိုက်ရတယ်။

” တွေ့လား မောင်ကောင်း… ဒီကောင်က သေသူရဲ့နေရာကိုအစားဝင်ယူထားတာပဲ”

” ဒါဆို သေသွားတဲ့သူရဲ့ ဝိဉာဉ်ကရော ဘယ်ရောက်နေတာလဲ”

“”ငါ့အထင်ပြောရရင် သေသူရဲ့ဝိဉာဉ်ကို တစ်ယောက်ယောက်က ခိုင်းစားဖို့​ချုပ်နှောင်ထားတယ်လို့ထင်တယ်”

” ဒါကြောင့်သေသူရဲ့နေရာမှာ ဒီနာနာဘာဝကောင်ကိုအစားထည့်ထားခဲ့တာပေါ့နော်”

” လောလောဆယ် ဒီအမှုရဲ့လက်သည်ဘယ်သူဆိုတာ သိအောင်လုပ်ရမယ်..” လို့ပြောပြီး နာရေးအိမ်ကနေပြန်ထွက်လာခဲ့လိုက်တယ်။

တည်းတဲ့အိမ်ကိုရောက်တော့ ဆရာဖြစ်သူက လွယ်အိတ်ထဲကနေ မိုင်းကိုင်စက္ကူအချို့ကိုထုတ်ယူကာ အင်းစမတွေရေးဆွဲနေတာမြင်လိုက်ရတယ်။ ညသန်းခေါင်အချိန်ရောက်တော့ ဆရာဖြစ်သူက အင်းချပ်တစ်ချပ်ကို မီးရှို့ပြာချလိုက်ရာ သင်းအီနေတဲ့အမွှေးနံ့​ တွေထွက်ပေါ်လာခဲ့တယ်။(နောက်မှသိရတာက မီးရှို့လိုက်တဲ့အင်းက အိပ်မွှေ့ချတဲ့နေရာမှာသုံးတဲ့အင်းဖြစ်တယ်ဆိုတာပဲ)

မကြာခင် မြင့်ထွန်းတို့လင်မယားရဲ့ဟောက်သံတွေက အခန်းထဲကနေထွက်ပေါ်လာခဲ့တယ်။

အဲဒီတော့မှ ဆရာက အိမ်တံခါးကိုဖွင့်ခိုင်းပြီး အပေါက်ဝတည့်တည့်မှာ သာမန်လူတွေမမြင်နိုင်တဲ့ စည်းသုံးတန်ကိုတားထားကာ ကြမ်းပြင်ကို လက်နဲ့ပုတ်ပြီး နှုတ်ကနေတစ်တွတ်တွတ်ရွတ်ဆိုလိုက်တဲ့အချိန် အလွန်ကိုဆိုးရွားတဲ့အပုတ်နံ့နဲ့အတူ စွဲစွဲငင်ငင်အူလိုက်တဲ့ခွေးအူသံတွေကို တစ်ဆက်ထဲကြားလိုက်ရတယ်။

ကျွန်တော်ခွေးအူသံကြားတဲ့ဘက်ကိုကြည့်လိုက်ရာ ဦးခေါင်းတစ်ခုလုံး သွေးသံတရဲရဲဖြစ်နေတဲ့လူတစ်ယောက်က ညိုးငယ်တဲ့မျက်နှာထားနဲ့ တံစက်မြိတ်အောက်မှာရပ်နေတာကိုမြင်လိိုက်ရတယ်။

” ဆရာ … ဟိုလူက သေသွားတဲ့လူမဟုတ်လား… ဘယ်လိုကြောင့် ဒီကိုရောက်လာတာလဲ”

” ငါ့အမိန့်ပြန်ပြီးခေါ်တာက သူ့ကိုချုပ်နှောင်ထားတဲ့သူ.. ရောက်လာတာက ချုပ်နှောင်ခံထားရတဲ့သူဆိုတော့ တစ်ခုခုတော့လွဲနေပြီ”

ဆရာက စကားပြောနေရင်း တစ်ခုခုကိုစဉ်းစားမိဟန်နဲ့

” သင်ကို ခေါ်တာမဟုတ်လိို့ လာရာလမ်းအတိုင်းပြန်သွားစေ.. ကျုပ်အမိန့်ကို လွန်ဆန်ပြီးပေကပ်နေတဲ့သူအဖို့ကတော့ မလာမချင်း ငရဲမီးနဲ့မြိုက်ခံထားရသလို ပူလောင်ပါစေသား” လို့ပြောပြီး ကြမ်းကိုလက်ဝါးနဲ့ပုတ်လိုက်ရာ တံစက်မြိတ်အောက်မှာရပ်နေတဲ့သူချက်ချင်းပျောက်ကွယ်သွားခဲ့တယ်။

မကြာခင်မှာပဲ လူတစ်ယောက် ပုဆိုးကိုခေါင်းမြှီးခြုံပြီးကပြာကယာပြေးလာနေတာကို အိမ်ပေါ်ကနေမြင်လိုက်ရတယ်။

” မောင်ကောင်း ဒီလူအိမ်ပေါ်ရောက်တာနဲ့ အိမ်တံခါးပေါက်မှာ မူလပြန်အင်းသွားကပ်ထားလိုက်” လို့ပြောတော့ ကျွန်တော်လဲ အင်းချပ်ကိုယူကာ တံခါးပေါက်နားမှာသွားစောင့်နေခဲ့လိုက်တယ်။

လုံချည်ခြုံထားတဲ့လူက အိမ်ပေါ်ကိုရောက်တာနဲ့ တောက်တစ်ချက်ခေါက်ပြီး

” ငါ့ကိုခေါ်တာ ဘာလုပ်ဖို့လဲ… “

” လေသံကိုပြင်ပြီးပြောပါ ဘညို… သင် မျက်နှာကိုမမြင်ရအောင်ကွယ်ထားပေမယ့် သင်ဘယ်သူလဲဆိုတာကျုပ်သိတယ်”

ကျွန်​တော်လဲ တံခါးပေါက်မှာ မူလပြန်အင်းကိုကပ်နေရင်း ဘညိုဆိုတဲ့အသံကြောင့်လှည့်ကြည့်လိုက်ရာ လုံခြည်ခြုံထားတဲ့သူက ထီမထင်နဲ့ရယ်သံနဲ့ရယ်လိုက်တာကိုကြားလိုက်ရတယ်။

” ကျုပ်ဘယ်သူလဲဆိုတာ သိနေပါလား”

” သင် ဘာလို့ သေသူရဲ့ဝိဉာဉ်ကိုချုပ်နှောင်ပြီး အခြားတစ္ဆေတစ်ကောင်နဲ့အစားထိုးခဲ့တာလဲ”

” ဟက်ဟက်.. ငါက ဒါမျိုးတွေလုပ်လာတာ နှစ်ပေါင်းများစွာကြာပြီ… ငါ့အလုပ်ငါလုပ်တာ နင်တို့က ဘာလို့ဝင်စွက်ဖက်ချင်နေရတာတုန်း”

” ဘညိုက ဒီရွာလူထုရဲ့လေးစားခြင်းကို ခံနေရတဲ့သူမဟုတ်လား… ဒီလုပ်ရပ်မျိုးကို မလုပ်သင့်ဘူးလို့တော့ ထင်မိတယ်”

” ဆရာလေးတို့က ပညာစွမ်းလေးထက်တာနဲ့ သူများပိုင်နက်ထဲလာပြီး အမိန့်တွေဘာတွေပေးချင်နေတာပေါ့လေ… ဘညိုဆိုတဲ့ကောင်ကလဲ မှန်တယ်ထင်ရင် ဘယ်တော့မှနောက်မဆုတ်ဘူးဟေ့”

ဘညိုကမာန်ပါပါနဲ့ပြောပြီး ပေါင်ကိုလက်ဝါးနဲ့ပုတ်လိုက်ရာ အိမ်အပြင်အမှောင်ထုထဲကနေ တဝီးဝီးမြည်သံနဲ့အတူ ကွမ်းသီးလုံးလောက်ရှိတဲ့ ပိတုန်းကောင်တွေ ပျံလာတာကိုမြင်လိုက်ရတယ်။

ပိတုန်းကောင်တွေက လှပ်ထားတဲ့အိမ်တံခါးမပေါက်ကိုဖြတ်ပြီး အထဲကိုဝင်လာတာနဲ့ မူလပြန်အင်းအစွမ်းကြောင့် နဂိုပုံစံပျောက်ပြီး ရွှံ့ခဲတွေအဖြစ်ပြောင်းလဲသွားကြတယ်။

“”ဘညို … သင် ပညာတွေအကုန်ထုတ်သုံးရင်တောင် ကျုပ်ကိုနိုင်မှာမဟုတ်လို့ ဒီလောက်နဲ့လက်လျောပါ့တော့”

” လက်မလျော့နိုင်ဘူးဟေ့… ဒီနယ်တစ်ခွင်မှာ ဘညိုသတ်လို့သေခဲ့တဲ့ ဆရာတွေလက်ချိုးမ​ရေနိုင်တာကို မသိတာလား ဟမ်”

” ဟင်း… ဒါဆို ဘညိုနဲ့ ကျုပ်ကတိတစ်ခုလုပ်ရအောင် .. ဘညို ကျုပ်ကို ကြိုက်သလိုတိုက် ကျုပ်ရှေ့မှာရှိတဲ့ ဖယောင်းတိုင်မီးငြိမ်းရင် ဘညိုနိုင်မယ်၊ မီးမငြိမ်းဘူးဆိုရင်တော့ ဘညိုပညာတွေအကုန် ဘုရားဆီလှူရမယ် ဘယ်လိုလဲ သဘောတူလား”

မလောက်လေးမလောက်စားငချွတ်ရွယ်လေးက စိန်ခေါ်လာတဲ့အတွက် ဘညို မျက်နှာရဲခနဲဖြစ်သွားပြီး

” လက်ခံတယ်… ငါရှုံးရင် ပညာတွေအကုန်လှူမယ်.. ဒါပေမယ့် မင်းတို့စီရင်ထားတဲ့ အင်းတွေအကုန် ဖယ်ပေးရမယ်”

” ကောင်းပြီး ကျုပ်ဖယ်ပေးမယ်… မောင်ကောင်းရေ တားထားတဲ့စည်းနဲ့ မူလပြန်အင်းတွေကိုဖယ်ထုတ်လိုက်”

ကျွန်တော်လဲပွဲကြီးပွဲကောင်းကြည့်ရတော့မှာမို့ အတားအဆီးတွေကို အလျင်အမြန်ဖယ်လိုက်ပြီး မလှမ်းမကမ်းကနေ အခြေအနေကိုစောင့်ကြည့်နေလိုက်တယ်။

ဘညိုက ပွဲစတာနဲ့ ဆရာဆီကို ပညာစက်တွေလွှတ်ပြီး အသေသတ်ဖို့ကြိုးစားပေမယ့် စက်တွေက အရှေ့မှာရှိတဲ့ဖယောင်းတိုင်မီးကိုတောင် လှုပ်ယမ်းအောင်မလုပ်နိုင်တာကိုမြင်လိုက်ရတယ်။

ဒါကိုလက်မလျော့သေးတဲ့ ဘညိုက ပါးစပ်ထဲမှာဝါးထားတဲ့ကွမ်ဖတ်တွေကိုလက်ပေါ်တင်ပြီး ဘယ်လက်ဝါးနဲ့ရိုက်ချလိုက်ရာ ကွမ်းဖတ်တွေကနေ မဲနက်နေတဲ့ပျားကောင်တွေအဖြစ်ပြောင်းသွားပြီး ဆရာဖြစ်သူကို ကိုက်ခဲဖို့တိုးဝင်သွားကြတယ်။

ဒါပေမယ့် အနားမရောက်ခင်မှာပဲ လျှပ်စစ်နဲ့တို့ခံလိုက်ရတဲ့ ခြင်တွေလို တဖျတ်ဖျတ်လူးပြီး အောက်ကိုပြုတ်ကျသွားခဲ့တယ်။

ဘညိုကတော့ လက်မလျော့သေးပဲ အတိုက်ပေါင်းစုံနဲ့တိုက်ခိုက်နေပေမယ့် ဆရာကတော့ တင်ပလ္လင်​ခွေထိုင်တာတောင်မပျက်ပဲ ဘညိုကို ပြုံးပြုံးကြီးစိုက်ကြည့်နေခဲ့တယ်။ နောက်ဆုံး ဘယ်လိုမှမယှဉ်နိုင်တော့တာကိုသိတဲ့အတွက် ရှက်ရမ်းရမ်းပြီး လူချင်းဝင်လုံးဖို့ကြိုးစားရာ အခြေအနေကိုအကဲခတ်နေတဲ့ ကျွန်​တော်က အလျင်အမြန်သွားပြီး ဘညိုရဲ့မျက်နှာကို လက်သီးနဲ့သုံးချက်လောက်ဆင့်ထိုးချလိုက်ရတယ်။

အဲဒီတော့မှ ဘညိုဆိုတဲ့လူအပိုးကျိုးသွားပြီး ငြိမ်ကျသွားခဲ့တယ်။ ဆရာကတော့ ကတိမတည်တဲ့အတွွက် စိတ်ပျက်လက်ပျက်ဖြစ်ကာ ဘာမှထပ်မပြောတော့ပဲ အထက်ပုဂ္ဂိုလ်တွေနဲ့ သာသနာစောင့်နတ်မင်းတွေကိုပင့်ဖိတ်ကာ ဘညိုကိုယ်ထဲမှာရှိတဲ့ပညာတွေအားလုံးကို စက်ဖြတ်စမနဲ့ တစ်စစီဖြတ်တောက်ပစ်ခဲ့တယ်။

ပညာစက်တွေကုန်တာနဲ့ ဘညိုဆိုတဲ့လူလဲ သူ့အပြစ်ဒဏ်သူခံရကာ တစ်ငိုငိုတစ်ရီရီဖြစ်လာပြီး အိမ်ပေါ်ကနေ ကမူးရှုးထိုးပြေးဆင်းသွားခဲ့တယ်။

ဘညိုပညာပျက်တာနဲ့ သူချုပ်နှောင်ထားတဲ့ သူတွေအားလုံးလွတ်မြောက်လာပြီး ရွာထဲမှာလှည့်ပတ်သွားလာနေတာကြောင့် တစ်ရွာလုံးမှာရှိတဲ့ခွေးတွေရဲ့အူသံတွေက တိတ်ဆိတ်နေတဲ့ ညအချိန်ကို လှုပ်ရှားစေခဲ့တယ်။

ကျွန်​တော်နဲ့ ဆရာကလဲ ချက်ချင်းဆိုသလို ဆိုင်ရာပုဂ္ဂိုလ်တွေဖြစ်တဲ့ မြို့စောင့်နတ်၊ရွာစောင့်နတ်၊ တော​စောင့်နတ်၊ တောင်စောင့်နတ်တွေအပြင် နတ်မြတ်နတ်ကောင်းတွေကိုပင့်ဖိတ်ကာ လွတ်မြောက်လာကြတဲ့ နာနာဘာဝတွေကိုခေတ္တချုပ်နှောင်ထားဖို့ အမိန့်ပြန်ခဲ့ကြရတယ်။

အဲဒီတော့မှ ခွေးအူသံတွေ ဆူညံနေတဲ့ချက်ချင်းဆိုသလိုငြိမ်သက်ကာ ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့တယ်။ တစ်မှုပြီးသွားတော့ နောက်တစ်မှုဖြစ်တဲ့ အသုဘအိမ်က တစ္ဆေကို အမိန့်ပြန်မောင်းထုတ်ပြီး ကာယကံရှင်ဝိဉာဉ်ကို သူ့နေရာပြန်ရောက်အောင် ပို့ဆောင်ပေးဖြစ်ခဲ့တယ်။

ကျွန်တော်တို့လဲ ကျို့ဒုံမြို့မှာ တစ်ပတ်လောက်နေပြီး အသုဘရက်လည်နေ့မှာတော့ မကျွတ်မလွတ်သေးတဲ့သူတွေအတွက်ရည်စူးပြီး ကောင်းမှုကုသိုလ်တွေလုပ်ပေးကာ အမျှတန်းပေးဝေတော့ အချို့တစ်ဝက်ကအပြီးတိုင်လွတ်မြောက်ကြပေမယ့် အချို့တစ်ဝက်ကတော့ မကျွတ်လွတ်ပဲ ရွာနီးချုပ်စပ်က သစ်ပင်တွေမှာ မှီခိုနေထိုင်ကြတာကိုလဲ မြင်တွေ့ခဲ့ရတယ်။

ကျွန်​တော်တို့မပြန်ခင်တစ်ရက်မှာတော့ မြင့်ထွန်းက သူ့ကိုလဲဂိုဏ်းပညာပေးပါဆိုလို့ ဆရာကိုယ်တိုင်ဂိုဏ်း​တော်ရဲ့အောက်ကိုသွပ်သွင်းကာ ကျင့်ကြံအားထုတ်ရမယ့် ပညာရပ်တွေကို သင်ကြားပေးခဲ့တယ်။

မြင့်ထွန်းကနေအစပြုခဲ့တဲ့ ဂိုဏ်းပညာက တစ်ဖြေးဖြေးဆိုသလို ကျို့ဒုံမြို့မှာ နာမည်ရလာကာ တပည့်ဦးရေတွေလည်း တစ်ရက်ထက်တစ်ရက်တိုးပွားလာခဲ့တယ်။

ဘညိုကတော့ သူ့ပညာသူပြန်စူးပြီးရူးသွပ်တဲ့ ဝေဒနာနဲ့ပဲကွယ်လွန်သွားခဲ့တာကိုလဲ သတင်းစကားပြန်ကြားခဲ့ရတယ်။

ဒီဖြစ်ရပ်အကြောင်းအရာက အပြင်မှအချိန်ပိုင်းတစ်ခုတွင်းမှာဖြစ်ခဲ့တာတွေကို စာရေးသူအနေနဲ့အဆင်ပြေအောင် ပြန်လည်ဖော်ကျူးထားတာမို့ ဒီဝတ္တုလေးက အနည်းငယ်တိုတောင်းသွားတာကိုဝန်ခံပါရစေ။

ဒီဖြစ်ရပ်ပြီးတော့ အောင်မြတ်သာတို့ဆရာတပည့် တွေ ရွှေခလွန်ရွာဘက်ကိုရောက်ရှိခဲ့တယ်။ အဲဒီရွာမှာတော့ အပျိုစင်ခုနှစ်ယောက်ရဲ့သွေးနဲ့ ကာမသိဒ္ဓိကျင့်စဉ် ကျင့်ကြံဖို့လုပ်နေတဲ့သူကို ခက်ခက်ခဲခဲ တားဆီးခဲ့ကြရတယ်။

ဒီအကြောင်းအရာကိုတော့ အောင်မြတ်သာနှင့်ကာမသိဒ္ဓီကျင့်စဉ်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်

ဇေယန(ရာမည)
#မူရင်းရေးသားသောသူများနှင့်
စာရေးဆရာ-ဇေယန(ရာမည)အားလေးစားလျက်မေတ္တာဖြင့်မျှဝေသည်။🙏🙏🙏

🔰(Like & Share လေးနဲ့အား ပေးသွားခဲ့ကြပါ)🔰