#ဆင်ဖြူကျွန်းအောင်သိန်း
(ကြွက်မုဆိုး၏ အံ့သြခြင်း)
– ၁ –
ထနောင်းပင်လဲရွာဆီသို့ မျှော်ကြည့်သည်။ အရှေ့ အရပ်တွင် နေ့သစ်၏ ရှေ့ပြေး အရိပ်အရောင်များ မထင်သေး။ မှောင်လှသည်လည်း မဟုတ်၊ လင်း သည်လည်း မမည်တတ်။ သို့သော် ရွာကိုကား မမြင်ရသေး။
“ငတောရေ သွက်သွက်ကလေး လှမ်းပါဟ”
အေးဆောင် နောက်တွင် လူငယ် တစ်ယောက်ပါသည်။ သူ့ပုခုံးပေါ်တွင် အေးဆောင်နည်းတူ ထမ်းပိုးညွှတ်နေအောင် ထမ်းထားရသော ကြွက်တွဲများပါသည်။ သူတို့နှစ်ယောက်၏ ကျဲလှသော ခြေလှမ်းများ မြေသို့ ကျတိုင်း ကျတိုင်း ထမ်းပိုးသည် ညွတ်ဆင်းသွားသည်။ ခြေအကြွ ကိုယ်အလှုပ် တွင် ထမ်းပိုးက ကော့တက်သွားပြန်၏ ။
သည်ညွှတ်လိုက် ကော့လိုက် လှုပ်ရှားမှုတိုင်း ထမ်းပိုးများက တကျိကျိ မြည်နေ လေသည်။ အရုဏ်မပေါ်တတ်သေးသော အချိန်၏ လင်းတစ်ပြက် အရောင်အောက် ယာခြောက်ကုန်းတန်းတစ်လျှောက်တွင် အေးဆောင်နှင့် ငတောတို့၏ အမောတကော အသက်ရှုသံကြီးများသည် ထမ်းပိုးမြည်သံနှင့် အပြိုင်ကြဲနေချေသည်။
“ဟေ့ကောင်၊ မောနေပြီလားကွ”
“မောပါဘူးဗျ”
မောပြီလား မေးသူကလည်း မောဟိုက်သံကြီးနှင့်။ မောပါဘူး ဖြေသူကလည်း ဖျစ်ညှစ်ဖြေလိုက်ရသော မောဟိုက်သံကြီးဖြင့်။ မောပါလျက်နှင့် မမောပါဘူးဟု ငတော ဖြေရခြင်းမှာ အေးဆောင် ဆဲမည်စိုးသောကြောင့်ဖြစ်သည်။ “မောတာပေါ့ဗျာ” ဖြေ လျှင် “ယောက်ျားဖြစ်နေပြီး၊ ဒါလောက်နဲ့ မောနေသလား” ဆိုကာ ဆဲပေါင်းများပြီး။ သို့ကြောင့် ငတောမှာ “မမောပါဘူး” ဖြေလိုက်ရသည်။
သည်နှယ် မောဟိုက်နေပါလျက်နှင့် မနားနိုင်ဘဲ ခရီးကြမ်းနှင်နေရခြင်းမှာ သူတို့ ပုခုံးပေါ်တွင် ပါလာသော ကြွက်များကြောင့်ဖြစ်ပေသည်။ သည်ကြွက်တွေ မပုပ်မှီ ရွာသို့ ရောက်မှဖြစ်မည်။ ရွာရောက်လျှင် ရောက်ခြင်း အမြန်ဆုံး ဖျက်ရ၊ ကင်ရ၊ အဆီထုတ်ရ မည်။ လယ်ကွင်းထဲတွင် ဖျက်လျှင်၊ ကင်လျှင်၊ အဆီထုတ်လျှင်ကော မဖြစ်ဖူးလား။ ဖြစ် တော့ဖြစ်၏ ။ သည်ရ ပိုးရမလွယ်၊ သည်ကြွက်တွေက မြေကြွက်တွေ။ အတိအကျ ဆိုရ ပါမူ၊ လယ်ကြွက်တွေ။
လယ်ကြွက်တွေ သည်မျှ ပေါများရခြင်းမှာ လယ်သမား အတွက် မကောင်း။ အလေ အလွင့် နည်းနိုင်သမျှ နည်းအောင် လယ်သမားများ ကြိုးစားကြငြား၊ လယ်ကြွက်ကားပေါမြဲ ပေါသည်။ ပေါများရုံသာမက ဆူလိုက် ဖြိုးလိုက်ပုံကလည်း ကမ်းကုန်မတတ်။ တစ်ကောင်လျှင် အစိတ်သား သုံးဆယ်သားရှိသော သည်ကြွက်ကြီးတွေကို ဖမ်းဆီးရန် အတွက် အေးဆောင်နှင့် ငတောတို့မှာ ထမ်းပိုးနှစ်ချောင်း၊ ဓားမနှစ်ချောင်းနှင့် ငန်းပြားနှစ်ချောင်းသာ အရင်းစိုက်ကြရပေသည်။ သူတစ်ပါးလုပ်စာ ဆန်စပါးသီးနှံ များကို “အသာရကြွေ” ခိုးစားနေခဲ့သော လယ်ကြွက်ကြီးများမှာ ယခုလို စပါးပေါ်ချိန်၌ အဆူဆုံး အဖြိုးဆုံးဖြစ်တော့သည်။ သူတို့ကို နှိမ်နင်းရန်အတွက် အခြောက်တောမှ အေးဆောင်တို့နှယ် ယာသမားများမှာ နေမဝင်ခင်ကပင် ဆယ်မိုင်ခန့်ဝေးသော လယ်တောသို့ ရောက်လာခဲ့ကြသည်။
အေးဆောင်တို့ ထနောင်းနှစ်ခွရွာဝန်းကျင်မှ ရွာများမှာလည်း သည်နှစ်မိုး သဝေထိုးသောကြောင့် မျိုးဆုံးကြသည်။ လက်ခုပ်တစ်ဖောင် မြင့်မြဲဖြစ်သော နှံစားပြောင်းဖူး ပင် ဒူးခေါင်းထက် မကျော်။ နွားစာပင် ခပ်ခက်ခက်။
သို့ဖြစ်ငြား၊ သူတို့ ညည်းမနေ၊ မှိုင်မနေ၊ ငိုင်မနေ။ ရိုးပြတ်ရှိသော လယ်တောများ သို့ အဆင်းတွင် လယ်ကြွက်ကြီးများကို တွေ့ကြခြင်းဖြစ်၏ ။
အေးဆောင်မှာ ပထမတစ်ရက် နှစ်ရက်သာ မွန်းတည့် မွန်းတိမ်း အရောက်လာရ သည်။ နဘူးကိုင်းကို ပေလက်လျှော်ဖြင့် လောက်လေးကိုင်းပုံ ဖြစ်အောင်ကွေးသည်။ အလယ်တွင် တန်းတစ်တန်း ထပ်ထည့်ကာ လျှော်ဖြင့်တပ်သည်။ ပြီးပြီ၊ ဤအရာသည်ပင် ကြွက်ထောင်ချောက်။
နေမဝင်မီကပင်၊ ကြွက်ထောင်ချောက် ချမည့်နေရာတွင် ရွှံ့ပျော့တွေကို ငန်းပြား ဖြင့် သုံးလေးကော်မျှ ကော်ပြီးပုံထားသည်။ သည့်နောက်တွင် နဘူးကိုင်း ထောင်ချောက် ပေါ်တွင် ပိဿချိန်လေးငါးဆယ် ရှိမည့် ရွှံများကို သေသပ်စွာ တင်သည်။ ကပ်သည်။
အလေးချိန် လေးငါးဆယ်စီးသော သည်နဘူးကိုင်း“ဘိ” ထောင်ချောက်အောက် တွင် တိုင်ထောက်ရသည်။ တိုင်တွင် မောင်းဆင်သည်။ မောင်းတွင် အစာပါသည်။ အစာကို ဝင်ဆွဲသော ကြွက်သည် မောင်းပြုတ်ကျပြီး ကြွက်ပြား ဖြစ်သွားသည်။
အစသော် အေးဆောင်သည် ‘ဘိ’သုံးဆယ်မျှသာ ခြေနိုင်လက်နိုင်လုပ်၏ ။ သို့ရာတွင် ဖမ်းမကုန်သော ကြွက်တွေကို မြင်သောအခါ လောဘတက်လာသည်။ “အိ” သုံးဆယ်မှ ငါးဆယ်၊ ငါးဆယ်မှ တစ်ရာ။
ကြွက်တစ်ရာရသော နေ့တွင် အေးဆောင် ထမ်းပိုးကျိုးတော့သည်။ သည်နည်း ဖြင့် ငတောကို နောက်လိုက်ခေါ်ရသည်။ “ဘိလည်း နောက်ထပ် ခြောက်ဆယ်လောက် တိုးလာပြန်သည်။ “ဘိ”မှာ တစ်ကြိမ်လုပ်ပြီးနောက် နောက်ထပ်လုပ်ရန် မလိုတော့ပေ ။ ကြွက်ရပြီးလျှင် ‘ဘိ’ပေါ်မှ ရွှံ့ကို ခွာပစ်ကာ ထောင်ချောက်ကို စုဆောင်း သိမ်းဆည်း သည်။ လယ်နှင့် နီးသော နဘူးချုံထဲတွင် ဝှက်ထားခဲ့သည်။
ညနေစောင်းလျှင် ချုံထဲက ထောင်ချောက်များကို ထုတ်ယူကာ ရွှံ့အသစ်ကော်ပြီး တင်ရပြန်သည်။ “ဘိ”အားလုံး ထောင်ပြီးသွားသော်လည်း ကြွက်က ချက်ချင်း မလာပေ။ ညဉ့်ဆယ်နာရီမှ သန်းခေါင်ကျော်အချိန်မှာသာ ကြွက်မြူးသည်။
သည်အားလပ်ချိန်တွင် အေးဆောင်တို့ ခပ်လှမ်းလှမ်းသို့ဆုတ်ကာ ကန်သင်းကို ခေါင်းအုံး၍ ပုဆိုးခြုံပြီး တစ်ရေးတမော အိပ်လိုက်သည်။ အေးဆောင် တစ်ရေးနိုးချိန် တွင် သန်းခေါင်ကျော် တစ်ချက်ခွဲ နှစ်ချက်ရှိပြီ။
သည်တွင် ရှေ့က ငတောက ကြွက်တွေ လျှောက်သိမ်းပြီး တွဲသည်။ အေးဆောင် လိုက်ခွာပြီး ထောင်ချောက်တွေ လိုက်သိမ်းသည်။ လောလောဆယ် အရင်း က ရွှံ့တွေ အနှီး အဖြစ် ရွှံ့ကော်စရာ ငန်းပြားသာလိုငြား၊ မြွေကိုကား သတိထားရ၏။
မြွေကလည်း ကြွက်ကို လိုက်လံရှာဖွေသော မုဆိုး။
အေးဆောင်တို့ကလည်း ကြွက်ဖမ်းသော မုဆိုး။
အကြံတူ မုဆိုးများ ရိုးပြတ်ကြားတွင် ကြုံကြဆုံကြလျှင်ကား၊ မည်သူမျှ မသက် သာ။
– ၂ –
“ကြိတ်လိုက်စမ်းကွ၊ ရောက်တော့မယ်ဟေ့”
အေးဆောင်သည် မောဟိုက်ခြင်းနှင့် ပင်ပန်းခြင်းကို အံကြိတ်ကာ ချေဖျက်ရင်း၊ သူ့ကိုယ်သူရော ငတောကိုပါ အားပေးလိုက်သည်။
ထနောင်းနှစ်ခွရွာသည် ပုဇွန်ဆီ ဖျန်းထားသော ကောင်းကင်အောက်မှာ မားမား မဲမဲကြီး ဆီးကြိုနေလင့်သည်။
အမေမူကား သားပြန်ချိန်နီးပြီမို့၊ တစ်ညဉ့်လုံး ပင်ပန်းလာသောသား သောက်ရန် အဖန်အိုးကို မီးဖိုဘေးတွင် နှပ်ရင်း၊ ကြွက်ဆီဖြင့် ထမင်းလှော်နေပေရော့မည်။
ချစ်ရသော ဇနီးလောင်း မြသွယ်သည်လည်း၊ တစ်ရေးနိုးတိုင်း နိုးတိုင်း အေးဆောင်တို့ အိမ်ဘက်မှ ဘာသံကြားမလဲ နားစွင့်ပြီး၊ ကိုအေးဆောင် ဘေးကင်း ပါစေ ဆုတာင်းနေတန်ရာ၏ ။
အေးဆောင်၏ ခြေလှမ်းများသည် ရွာတံခါးနှင့်နီးလေ သွက်လေဖြစ်သည်။ စိတ်အသိဖြင့် သွက်လက်ငြား၊ ဆယ်မိုင်ခရီးကြမ်းကို အပြင်းနှင်လာရသော ခြေများက ပန်းပြီ။ သို့ကြောင့် သွက်သွက်လှမ်းသော ခြေသည် တိုး၍မသွက်။
“ရောက်ပြီကွ၊ ရောက်ပြီကွ”
ပခုံးပေါ်က အထမ်းကြီးကို လွှင့်ပစ်ချင်လှပြီ။ မရောက်သေးသောကြောင့်သာ အံကြိတ်ပြီး ခံနေရသည်။
နွားတင်းကုပ်အစပ်သို့ ရောက်အောင်ပင် မသယ်ချင်။ မန်ကျည်းပင်အောက်မှာ ပင် အထမ်းကြီးကို ပစ်ချလိုက်သည်။ အမေ့ဘေးသို့ ကုပ်ကုပ်ကလေး ချဉ်းကပ်လာသော အေးဆောင်ကိုယ်မှာ ပြင်းထန်သော စစ်ပွဲကြီးတစ်ပွဲအပြီးတွင် ဒဏ်ရာဘလပွဖြင့် အိမ် ပြန်လာသော ရှေးဟောင်း စစ်သားကြီးနှင့် တူလှသည်။
ဒေါ်သာယုမှာ သားကိုမြင်မှ ရင်ထဲက အလုံးကြီး ကျသွားသည်။
“အမောအပန်းဖြေရင်း အဖန်ရည်လေး သောက်ပေတော့ သားရဲ့။ ထမင်းလဲ အသင့်ပဲ”
ဒေါ်သာယုသည် ပြောပြောဆိုဆို မီးဖိုဘေးမှ ခွာကာ ကြွက်ထမ်းကြီးဘေးသို့ လာသည်။ ကြွက်တွဲတစ်တွဲကို မနိုင်မနင်းဆွဲလျက် မီးဖိုဘေးသို့ ပြန်လာသည်။
ဓားဦးချွန်တစ်လက်၊ ဒန်အိုးတစ်လုံး၊ ဖျာစုတ်တစ်ချပ်နှင့် စဉ်းတင်တုံး (စဉ်းနှီတုံး) ကို ကြွက်တွဲဘေးတွင် ချသည်။ မန်ကျည်းသား စဉ်းတင်တုံးမှာ သွေးများ အရိအရွဲများ ဖြင့် ပေကျံနေသည်။
ကြွက်တစ်ကောင်ကို စတင် အရေဆုတ်လိုက်သည်နှင့် ရန်လုံ ချက်ချင်း ရောက်လာ သည်။ အမြီးတရမ်းရမ်းဖြင့် ဟိုနမ်း သည်နမ်း နမ်းပြီးနောက် ကြွက်တွဲ ဘေးနားသို့ သွား ရောက်ဝပ်နေ၏ ။
“မီးဖိုထဲ ထင်းထည့်လိုက်စမ်းဟေ့၊ မမြင်ရဘူးဟဲ့”
ကြွက်ကို အရေဆုတ်ရန် ရင်ခွဲရန်အတွက် အလင်းရောင် မလိုလှပေ။ သို့သော် အဆီပြင် ထုတ်ယူရန်မူ မြင်သာထင်သာ ရှိမှ ကောင်း၏ ။ ထမင်း အိုးထဲမှ ထမင်းလှော်ကို သူတစ်စွန်း၊ ငါတစ်စွန်း ခေါင်းချင်းဆိုင် လွေးနေရာမှ ငတော ထင်းသေးသေး တစ် ချောင်း ထိုးပေးလိုက်သည်။
တဖျစ်ဖျစ် မြည်သံနှင့်အတူ ဟုန်းကနဲ့ထတောက်သည်။ မီးရောင်အောက်တွင် ရင်ခွဲထားသော ကြွက်မှာ နီရဲနေ၏။ သွေးရွှဲနေသော ဒေါ်သာယု လက်ထဲတွင် အူစ ပါလာသည်။
အူကို လည်မျို အဆုံးမှ စတင်ဆွဲခြင်းဖြစ်ရာ အသဲဘေးမှ ကပ်လျက် အဆီပြင်တွ လျက်ပါလာသည်။ အဆီပြင်သည် အူထက် မဆိုစလောက် မာကြောသည်။ ဖင်ဝဘက် သို့ သေးသွားသည်။
သည် ကလီစာတွဲကြီးထဲမှ အဆီပြင်ကို ဖြုတ်ယူကာ ဒန်အိုးထည်းသို့ ပစ်ထည့် လိုက်သည်။
အေးဆောင်မှာလည်း ထမင်းစားပြီးသည်နှင့် အဖန်နှစ်ခွက် သုံးခွက်သောက်၊ ဆေးလိပ်မီးညှိပြီး ထလာသည်။ နားမနေနိုင်၊ အမေ့ဘေး ဝင်ထိုင်ကာ ကြွက်ဖျက်လိုက်၊ ရင်ခွဲပြီးသား ကြွက်ကို“ညှပ်’ဖြင့် ညှပ်လိုက် အလုပ်ရှုပ်ရတော့သည်။
ငတောလည်း နားချိန်မရှိပါ။ သူ့ဝေစုကိုယူကာ သူ့အိမ်သို့ ပြေးလေပြီ။
“အင်း ကိုယ့်အသက်သေမှာ စိုးလို့သာ သူ့အသက်ကို သတ်ရတာ၊ စိတ်မသတီ လှဘူး သားရေ”
ဒေါ်သာယုသည် လက်အံသေသွားသဖြင့် ခဏနားသည်။ နားရင်း ဆေးလိပ် သောက်ရာတွင် အေးအေးမသောက်။ သွေးရွှဲနေသော စဉ်းတင်တုံးကို စိမ်းစိမ်းကြည့် ကာ ညည်းညည်းတွားတွား ဆိုသည်။
“ဒါတွေ ပြောမနေစမ်းပါနဲ့ အမေရာ၊ ဒါမလုပ်လို့ ဘာသွားလုပ်ရမလဲ၊ အငတ်ခံ နေမလား”
“အေးပါလေ ဟုတ်ပါတယ်၊ ဟဲ့ ဟဲ့ ရေသိပ်မထည့်နဲ့၊ အဲ အဲ တော်ဘီ”
အေးဆောင်က ကြွက်အဆီပြင်များ ထည့်ထားသော ဒန်အိုးကို ‘ခွင်’ပေါ် တင်လိုက်ကာ ရေထည့်နေသည့်အတွက် တစ်ဆက်တည်း လှမ်းပြောရချေသည်။ကြွက်ဆီ ထုတ်ရာတွင် သည်သို့ပင် ရေမဆိုသလောက် ခံပေးမှ ဆီအလေအလွင့် အခန်းအခြောက် သက်သာသည်။
အေးဆောင်သည် ကြွက်ညှပ်တစ်ချို့ကို မီးဖိုဘေးတွင် ဝန်းရံထားလိုက် သည်။ ကြွက်ညှပ်များကား မကုန်သေး။ သို့ကြောင့် စောင်းခြမ်းပင်အောက်ရှိ မီးဖို ဟောင်းတွင် မီးတစ်ဖိုထပ်ဖိုရသည်။ ကြွက်ဒညှပ်(တံညှပ်)များကို တစ်ချို့ အုံ၊ တစ်ချို့ကို စင်ထိုးပြီး ကင်သည်။
သို့ဖြစ်ငြား မပြီးသေး။ အမေ့ဘေးသို့ ကြွက်တွေ ရွှေ့ပေးရ၏။ ကြွက်ဆီအိုး ကို မွှေလိုက်၊ မီးထိုးလိုက်၊ အမေ့ဘေးပြန်လာကာ ကြွက်ဖျက်လိုက်ဖြင့် အလုပ်ရှုပ်ရ ပြန်သည်။
လှည်းဘီးအီသံများ ကြားရသည်။
အိပ်မောကျနေခဲ့သော ထနောင်းနှစ်ခွရွာ၏ နိုးကြားမှု ရှေ့ပြေးပေတည်း။
လှည်းဘီး၏ ပုံတောင်းမြည်သံများသည် ထင်းလှည်းများမှ ဖြစ်ပေသည်။ မြို့သို့ တက်မည့် ထင်းလှည်းများ ပုံမှန်ထွက်ချိန်ဖြစ်သည်။ မကြာမှီ လှည်းတစ်စီးသည် အေးဆောင်တို့ ဝိုင်းရှေ့တွင် အိကနဲ့ ရပ်၏ ။
“ကိုအေးဆောင် လိုက်တော့မလား”
မေးသံလည်း တစ်ဆက်တည်း ပေါ်လာသည်။ အသံရှင်ကား မြသွယ်ဖြစ်သည်။
မြသွယ်၏ လှည်းကြုံဖြင့် အေးဆောင် တစ်ခါသာ လိုက်ဖူးသည်။ သည် ကတည်းက မြို့ သို့တက်တိုင်း အေးဆောင်ကို မေးလေ့ရှိသည်။ သည်နေ့လည်း ခါတိုင်း နေ့များနည်းတူ အေးဆောင် အူယားဖားယား ပြေးသွား၏ ။
တဖြည်းဖြည်းချင်း လင်းသွားသော အလင်းရောင်အောက်တွင် အလွန်လှ နေသော မြသွယ်၊ အေးဆောင် ငေးကြည့်နေမိသည်။ ရင်ထဲတွင် “လှလှချေလား မြသွယ်ရယ်” ပြောနေသည်။
“မမြင်ဘူးတာ ကျနေတာဘဲ၊ မျက်လုံးကို နဂန်(နှင်တံ)နဲ့ ထိုးလိုက်ရမလား”
သည်တော့မှ အေးဆောင် အသက်ရှုမိတော့သည်။
“ဘာပြုလို့ သနပ်ခါး လိမ်းလာရတာလဲဟာ”
“တော့် မျက်လုံးတွေ ကျွတ်ကျအောင်လို့ တော်ရေ့”
ရယ်သံကလေးသည် ရွှေသစ်ရွက် ပြေးလှုပ်သံနှယ် လွင်မြူးလျက်၊ အေးဆောင် ရင်ထဲ ပြေးဝင်လာ၏ ။
“ငါ့မျက်စိထဲမှာတော့ နင်သနပ်ခါးမလိမ်းလဲ လှတာဘဲဟ၊ ရွှံ့တွေ ပေနေလဲ လှတာပဲ”
“တော်ပါ၊ အပြောကြီးက”
“ထင်းရောင်းသွားရတာက တစ်ယောက်တည်း၊ လှလဲလှ ဆိုတော့ ငါ … ငါ စိတ်မချ”
“ကဲ ကိုသဲကြီး၊ ဒါလောက်လဲ အဖြစ်မသဲနဲ့ ခါတိုင်းလိုပဲ ဈေးတောင်ဘက် တမာပင်ရိပ်က စောင့်မယ်နော်”
ပီတိဖုံးသော အသံကလေး မဆုံးခင် လှည်းဘီးသည် တဖြည်းဖြည်းလိမ့်၍ ထွက်ခွာသွားလေသည်။ အေးဆောင် ငေးမောလျက် ကျန်ခဲ့သည်။ လှည်းဘီးသံပျောက် မှ အမေ့ဆီ ပြန်လှည့်သည်။
ဒေါ်သာယုသည် လက်ကျန် ကြွက်အားလုံးကို အရေဆုတ်၊ ရင်ခွဲ၊ ကလီစာ ထုတ်ပြီးသွားသဖြင့် ဒညှပ်(တံညှပ်) ကိုပင် ကောက်ကိုင်နေပြီ။
တံညှပ်မှာ လက်သန်းဖျားခန့် တုပ်သော တောင်ဆုပ်မရှိတရှိ နဘူးသား ဖြစ် သည်။ အလယ်ခဲ့ပြီး ကြွက်ကို ကန့်လန့်ထား၍ ညှပ်သည်။ ဟမနေစေရန် ပေရွက်ဖြင့် ထိပ်၌ တစ်ချက်တုပ်သည်။
“အိုးကို မွှေသေးလား အမေ”
“အေး နောက်တစ်ခါ မွှေပြီးရင် ချဘို့ တော်ပါပြီ၊ ဒါလောက်ဆို အဆီလဲ ကုန်ရောပေါ့”
ရှေ့ကတစ်သုတ် အဆီထုတ်ပြီးနောက် နောက်တစ်သုတ်မှာ ဖျာစုတ်ပေါ်တွင် အသင့်ရှိနေသည်။ အေးဆောင်သည် ခွင်ပေါ်မှ အိုးကို အထက်အောက် လည်အောင် တစ်ချက် မွှေပေးကာ မီးဖိုဘေးမှ ခွာခဲ့သည်။
သည်အချိန်တွင် ရေစည်တိုက်ရန်နှင့် ထင်းလှည်းဆွဲရန်မှတစ်ပါး အသုံးမဝင် သော ခိုင်းနွားတစ်ရှဉ်း တာဝန်ရှိသေးသည်။ သူတို့ကို မန်ကျည်းပင်အောက်သို့ ပို့ထား ခဲ့သည်။ နွားချေး ကျုံးသည်။
နွားစာစဉ်းနေစဉ် သူ့အမေက ကြွက်ဆီအိုးကို ချသည်။ စကာတစ်ခုခံလျက် အင်တုံတစ်လုံးထဲသို့ လောင်းချပြီးမှ အိုးကို ခွင်ပေါ်ပြန်တင်ကာ နောက်တစ်သုတ် အဆီ ပြင်များ ထည့်သည်။
သားအမိနှစ်ယောက် သည်မျှ အလုပ်များနေသော်ငြား ရန်လုံသည် ကြွက် အရေခွံကို ထမဆွဲပေ။ ကလီစာကိုလည်း ထမဟပ်ပေ။ သူလည်း ကြွက်အူ အသည်း စားရလွန်းသဖြင့် မုန်းအီနေချေပြီ။
– ၃ –
တစ်ဈေးလုံးမှာ ကြွက်ကင်တွေချည်းဖြစ်၏ ။မြို့ဈေးထဲတွင် ကြွက်ကင်လှိုင်ခဲ့ သည်မှာ ၁၅-ရက်မကတော့။ လူတွေ ဝယ်မှ ဝယ်ကြပါဦးမလားဟု တစ်ခါတစ်ခါ အေးဆောင် စိတ်ပူမိသည်။ သို့တစေ ဝယ်အားက လျော့မကျသွားပေ။ အဘယ်မှာ ဝယ်အား လျော့ပါမည်နည်း။ ကြွက်ကင် တစ်ကင်မှ ငါးမူးသုံးမတ်၊ အကောင်ကြီးလွန်းမှ တစ်ကျပ်၊ ကြွက်ကင်တစ်ကင်ကို ရောနှောချက်စားလျှင် လူလေးငါးယောက်ရှိသော မိသားစုအတွက် ည၊ နံနက် ဖူလုံ၏ ။ သူ့ချည်း စဉ်းကောပြီး ကြော်စားလျှင်လည်း တစ်နပ် ကောင်းကောင်း စားရ၏ ။ သို့အတွက် ကြွက်ကင် အရောင်းရမထိုင်း။
ထိုင်းရုံသာမက ဈေးထဲတွင် မရောင်းရသလောက် ဖြစ်နေသော အရာမှာ ကြွက်ဆီဖြစ်၏။ကြွက်ဆီသည် ဝက်ဆီနှင့် အရောင်အဆင်းရော အနံ့အရသာမှာ မကွဲပြားလှပေ။ သို့ဖြစ်ငြား ကြွက်ဆီဆိုရုံဖြင့် ‘ဟင်’ ကြသည်။ သို့ကြောင့် နောက်ဆုံးတွင် အေးဆောင်နှင့် ကြွက်ဆီပုလင်း လေးလုံး ကျန်နေခဲ့သည်။
နှမ်းဆီ တစ်ပိဿ လေးဆယ်ဈေး၊ ပဲဆီ တစ်ပိဿကို သုံးဆယ့်ရှစ်ကျပ်ရှိနေ ချိန်တွင် ကြွက်ဆီ တစ်ပိဿနှစ်ဆယ်ဈေး ရောင်း၍ မတွင်ချေ။ သို့ဖြစ်ငြား၊ ဝယ်သူရှိလို ရှိငြား အေးဆောင် ပေပြီးထိုင်နေသေးသည်။ တစ်နာရီခန့် ကြာသည့်တိုင်အောင် ဝယ်သူမရှိတော့မှ ထလာလေသည်။
ဈေးမြောက်ဖက်တံခါးမှ ထွက်လိုက်လျှင် ခေါက်ဆွဲဆိုင်များမှ ညှော်နံက အေးဆောင်အား ဆီးကြိုလိုက်သည်။ နောက်ဆုံးတော့ အေးဆောင်မှာ မိတ်ဆက် ခေါက်ဆွဲဆိုင်ဘက်သို့ ခြေဦးမလှည့်ချင်ဘဲ လှည့်ခဲ့ရခြင်းဖြစ်၏ ။
မိတ်ဆက် ခေါက်ဆွဲဆိုင်ပိုင်ရှင်သည်၊ ဝက်ဆီဈေး သုံးဆယ်ကျော် ရှိပါလျက် နှင့် ကြွက်ဆီကို တစ်ဆယ့်ငါးကျပ်ဈေးသာ ပေးသည်။ အေးဆောင်က အနည်းဆုံး နှစ်ဆယ်ဈေး ရသင့်သည်ထင်ကာ ဈေးခင်းထဲထိုင်ပြီး ကြိုးစားပေါင်းများပြီ။ တစ်ခါမျှ မဟန်။
မိတ်ဆက်ကတော့ ဝက်ဆီနှင့် မည်သို့မျှ မခြားနားသော ကြွက်ဆီအတွက်အခါ မလပ် တံခါးဖွင့်ပေးထားသော ဖောက်သည်ကြီး။ တစ်ဆယ့်ငါးကျပ်ဈေးဆိုလျှင် လာချင်သမျှလာ မငြင်း။ သည်နေ့တော့ ဆိုင်တွင် လူကျနေရုံမက အလယ်စားပွဲမှလူတစ်ယောက် က လှမ်းပြီး စပ်စုလိုက်သည်။
“ဘာတွေလဲ မိတ်ဆွေ”
“ကြွက်ဆီပါခင်ဗျာ”
“အော် အော်”
သည်အမေးအဖြေကို ငွေသိမ်းကောင်တာမှ ဆိုင်ရှင်ကြားသွားသည်။ သူ၏ ဒေါသတကြီး အော်သံသည် တစ်ဆိုင်လုံးကို ချက်ချင်း လွှမ်းမိုးသွား၏။
“ဟေ့ လူ စွား စွား၊ တီဆိုင်ထဲ ကွက်ကီ မီယူခဲ့လဲ့ စွား စွား”
“ဗျာ”
ကြော်လှော်သော မီးဖိုဘက်သို့ လှမ်းနေသော အေးဆောင် ခြေလှမ်းတွေ ရပ်တန့်သွား၏။ အေးဆောင် မျက်လုံးများ ပြူးနေသည်။ ကြားရသော အသံကို သူ မယုံချင်။
“စွားလို့ ပြောနေလယ်လေ၊ စွား စွား အခုထွက်စွား၊ ကွက်ကီပါယင် မီဝင်ရပူး”
ခြေဖဝါးအကွဲတစ်ခုတွင် ဆီးစေ့အရွယ် ကျောက်စရစ်ခဲကလေးတွေ တစ်လုံးစီ ဝင်နေသော သပိတ်ရောင်အသားနှင့် ထနောင်းနှစ်ခွရွာသား အေးဆောင်မှာ ဆိုင်ရှင် ၏ မျက်နှာကို တအံ့တဩ ကြည့်ရင်း ဆိုင်ထဲမှ ထွက်ခွာခဲ့သည်။ သူ၏ အံ့ဩမှုသည်၊ မြသွယ် စောင့်နေမည့် တမာပင်အောက် ရောက်သည်အထိ မပြေသေး။
“ခွက်တစ်ဆယ်ပဲပါပါ တစ်ရာပဲပါပါ ယူခဲ့ပြောထားပြီး၊ အခုမှ ဘာပေါက်သွား တယ် မသိဘူးဟာ”
အေးဆောင် အကျိုးအကြောင်း ရှင်းပြကာ ညည်းတွားပြီးသည့် အဆုံးတွင်၊ မြသွယ်သည် တိုလီမုတ်စများ ဝယ်ထည့်ထားသည့် လွယ်အိတ်စုတ်ကို ဖြေကာ ဂုံအိတ် ပေါ်သို့ သွန်ချလိုက်သည်။
“ကဲ ကျုပ်ကိုပေး၊ တော်က လှည်းတပ်ထားနှင့်”
ကြွက်ဆီပုလင်းလေးလုံးကို ထမ်းပိုးမှ ဖြုတ်ပြီး လွယ်အိတ်နှင့်ထည့်ကာ ဈေး ထဲသို့ ပြန်ဝင်သွားသည်။ အေးဆောင် လှည်းတပ်ပြီးရုံ ရှိသေးသည်။ မြသွယ် ပြန် ရောက်လာသည်။ လက်ထဲတွင် ဆယ်တန်နှစ်ရွက်၊ ကျပ်တန်နှစ်ရွက်နှင့် အနှုတ်များ။
“မြန်လှချည်လားဟ”
အေးဆောင် အံ့ဩရပြန်ပြီ။
“ဈေးတောင်ဖက်နဲ့ မြောက်ဖက် ဘာဝေးတာလိုက်လို့ ”
“ဘယ်သွားရောင်းတာလဲ ဟေ”
“တော့်ကို နှင်လွှတ်လိုက်တဲ့ မိတ်ဆက်ပျော်ပွဲစားရုံကိုလေ”
“ဟေ” ကနဲ့အော်ရင်း၊ အေးဆောင် တတိယအကြိမ် အံ့ဩရပြန်ချေပြီ။
“နင့်ကို တရုတ်က ပိုးပြီး ဝယ်လိုက်တာများလားဟာ”
မြသွယ် ခေါင်းကလေး ငဲ့ကာ မဲ့လိုက်သည်။
“ဝေးသေး။ ကျုပ်က မီးဖိုထဲ ဝင်သွားပြီး ကြွက်ဆီလို့ တိုးတိုးလေး ပြောတာကိုးတော့၊ သူ့တို့ကလဲ အသာလေးယူထားလိုက်ပြီး၊ ပိုက်ဆံသိမ်းတဲ့နေရာကို ခေါ်သွား တော့ ပိုက်ဆံယူပြီး ပြန်လာတာပေါ့”
“အေးဟာ ငါ့ကျ အော်လွှတ်ပီး”
“ကဲ မောင်းတော့လေ၊ နွားတွေ နေပူနေလိမ့်မယ်”
နွားချေးနှင့် ကောက်ရိုးမျှင်များ ထပ်ထပ်ကြမ်းနေသော တမာရိပ်မှ နွားနှစ် ကောင်ကို အသာတို့၍ လှည်းထွက်လာခဲ့ငြား၊ အေးဆောင်မှာကား အံ့ဩမပြေ။
– ပြီး –
စာရေးသူ – ဆင်ဖြူကျွန်းအောင်သိန်း
စာစီစာရိုက် – မုဆိုး တံငါ စာပေများ