အချစ်ဆိပ်(စ/ဆုံး)
————–
အောက်တိုဘာလ၏ အနည်းငယ်အေးမြသောညတစ်ည။ အချိန်ကည(၁၁) နာရီကျော်ပြီမို့လမ်းများပေါ်တွင် လူသူရှင်းလင်းနေသည်။
ရပ်ကွက်ထဲမှ အိမ်များမှာလည်း မီးများမှိတ်ကာ အိပ်စက်နေကြပြီဖြစ်သည်။ နီကြင်ကြင် လမ်းမီးရောင်တချို့မှလွဲ၍ ပတ်ဝန်း ကျင်က မှောင်မည်းတိတ်ဆိတ်နေသည်။ ကျယ်ဝန်းသော ခြံကျယ်ကြီးများ ကြောင့် အလှမ်းဝေးသလိုဖြစ်နေသော တိုက်အိမ်များက အမှောင်ထုအောက် တွင် ငြိမ်သက်နေကြသည်။ သို့သော်
ခြံတစ်ခြံအတွင်းမှ တစ်ထပ်တိုက်လေးကတော့ မီးများလင်းနေလျက် ရှိသည်။ အိမ်ရှေ့တွင် အစိမ်းပုပ်ရောင် ဂျစ်ကားလေးတစ်စီးလည်း ရပ်ထား လေသည်။ မကြာမီမှာပင် ထိုတစ်ထပ်တိုက်လေးထဲမှ လူနှစ်ယောက် ထွက် လာသည်။
တစ်ယောက်မှာအရပ်မြင့်မြင့်ကျစ်လျစ်သောခန္ဓာကိုယ်နှင့်ဂျင်းဘောင်း ဘီနှင့် မီးခိုးရောင်ဆွယ်တာကို ဝတ်ဆင်ထားသော လူရွယ်တစ်ယောက်ဖြစ် ပြီး ထိုလူရွယ်၏ လက်ကိုတွဲလျက် ထွက်လာသူမှာ ခန္ဓာကိုယ်သွယ်လျလျ နှင့် နီညိုရောင်ဆံနွယ်များကို ပိုင်ဆိုင်ထားသော မိန်းမချောတစ်ယောက်ဖြစ် သည်။ သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်ရပ်ကာ နှုတ်ဆက်အနမ်းနမ်း လိုက်ကြသည်။
“”ကိုယ်ပြန်တော့မယ်နော် သီရိ၊ အိပ်ပျော်အောင်အိပ်ဦး””
မင်းယံက သီရိ၏ အင်္ကျီကော်လာလေးကို ဆွဲစေ့ပေးလိုက်ရင်း ကြင်နာ စွာ ပြောလိုက်သည်။
“”ဟုတ်ကို – ကားကို ဂရုစိုက်မောင်းနော်၊ အိမ်ရောက်တာနဲ့ ဖုန်းဆက်လိုက် သိလား””
“”အင်းပါ ဂွတ်နိုက်အချစ်””
“”ဂွတ်နိုက် ကို””
သူက သူမ၏နဖူးလေးကို ခပ်ဖွဖွနမ်းကာ နှုတ်ဆက်ပြီး ကားပေါ်တက် ကာ မောင်းထွက်သွားတော့သည်။ သီရိက သူ့ကားလေး ပျောက်ကွယ် သည်အထိ ပြုံးကာကြည့်နေပြီးမှ အိမ်ထဲဝင်လာခဲ့သည်။ အိမ်ရှေ့တံခါးကို သော့ခတ်ပြီးသည်နှင့် တစ်အိမ်လုံးမှ တံခါးများကို လိုက်လံစစ်ဆေးရသည်။
ယနေ့ည အိမ်တွင် သူမ တစ်ယောက်တည်း ဖြစ်သည်။ ဖေဖေနှင့် မေမေ က လွန်ခဲ့သော နှစ်ရက်က ခရီးထွက်သွားခြင်းဖြစ်ပြီး သူမနှင့် အတူနေသော အိမ်ဖော်အဒေါ်ကြီးမှာ ယနေ့မှ နယ်သို့ ပြန်သွားသဖြင့် သူမတစ်ယောက် တည်းဖြစ်နေခြင်းပင်။
သူမ၏ချစ်သူ မင်းယံမှာ စင်ကာပူတွင် အလုပ်ဝင်နေခဲ့သည်မှာ နှစ်နှစ် ခန့်ရှိခဲ့ပြီး မနေ့ကမှ ခေတ္တပြန်ရောက်လာခြင်းဖြစ်သည်။ ညနေကတည်းက သူမအိမ်တွင် ညစာချက်ပြုတ်စားကြပြီး သူမနှင့် အချိန်အတော်ကြာအောင် အတူရှိနေပေးပြီးမှ ယခု ပြန်သွားခြင်းဖြစ်သည်။ သူမတို့ တွေ့ရချိန်မှာ အလွန် ရှားပါးသည်။ သူပြန်လာချိန်နှင့် သူမ စင်ကာပူသို့သွားသောအခါ မှသာ တွေ့ရ သည်မို့ တွေ့ရချိန်ကို တန်ဖိုးထားကြသည်။
တစ်အိမ်လုံးမှ တံခါးများ သေချာပိတ်ကာ မီးများပိတ်ပြီး သူမ အခန်းထဲ ပြန်ဝင်လာခဲ့သည်။ အခန်းတံခါးကို ပိတ်ကာ ခုတင်ဆီလျှောက်လာစဉ်ခုတင် ပေါ်တွင် ကို့ရဲ့ နာရီလေးကို တွေ့လိုက်ရသည်။ ကို မေ့ခဲ့တာဖြစ်မည်ဟု သူမ တွေးရင်း နာရီလေးကို စားပွဲပေါ်တင်လိုက်စဉ် ပြတင်းပေါက် မပိတ်ရသေး သည်ကို တွေ့လိုက်ရသည်။ ကိုနဲ့အတူ ရှိစဉ်က ဖွင့်ထားခဲ့ခြင်း ဖြစ်ပြီး သူမ ပြန်ပိတ်ရန် ပြတင်းပေါက်နား လျှောက်လာခဲ့သည်။ ပြတင်းတံခါးကို ကိုင်ကာ ပိတ်မည်ပြုစဉ်-
မသိစိတ်ထဲတွင် အလိုလိုဖြစ်ပေါ်လာသော ထူးဆန်းသော အာရုံခံစား မှုကြောင့် သူမ နောက်ကျောမလုံသလို ဖြစ်လာပြီး နောက်သို့ လှည့်ကြည့် လိုက်သည်။ သို့သော် သူမနောက်ကျသွားခဲ့ပြီ။
…ဖြန်း…
အသံနှင့်အတူ သူမပါးပြင်တွေ ပူထူသွားပြီးကြမ်းပြင်ပေါ် ပုံလျက်လဲကျသွားသည်။ ခေါင်းထဲတွင် မူးဝေ နောက်ကျိသွားကာ နားတွေအူသွားသည်။ သူမ၏နားထင်ကို သန်မာသော လက်ဖြင့် ပြင်းထန်စွာ ရိုက်ခြင်းခံလိုက်ရခြင်းဖြစ်သည်။
…အား….
သူမညည်းညူလိုက် ရင်း မူးဝေခြင်းသက်သာရန် ကြိုးစားနေမိစဉ် သူမအနီးသို့ လျှောက်လာသော ခြေသံကိုကြားလိုက်ရသည်။ သူမ မျက်လုံးများကို ကြိုးစား၍ ဖွင့်ကာ ခြေသံ ကြားရာကို ကြည့်လိုက်သည်။ ဝေဝါးနေသော အမြင်အာရုံထဲတွင် သူမကို ငုံ့ကြည့်နေသော လူတစ်ယောက်ကို တွေ့ရသည်။
“”ရှင်… ရှင် ဘယ်သူလဲ””
သူမ ထိတ်လန့်တုန်လှုပ်စွာဖြင့် ဗလုံးဗထွေး ပြောလိုက်မိသည်။
ထိုလူ၏ ခြောက်ကပ်ကပ်ရယ်သံကို ကြားရသည်။ ထို့နောက် သူမ၏ အင်္ကျီကော်လာကို ဆွဲဆောင့်ယူခြင်း ခံလိုက်ရသည်။ သူမမျက်နှာနှင့် နီး ကပ်နေသော ထိုလူ့ထံမှ အရက်နံ့ပြင်းပြင်းကို ရှူရှိုက်မိသည်။ ထိုလူက အေးစက်စက်လေသံဖြင့် –
“”ရှင်ဘယ်သူလဲ ဟုတ်လား၊ မင်းက ငါ့ကို မမှတ်မိတော့ဘူးလား””
သူမ၏ကြည်လင်သောအမြင်အာရုံထဲတွင် လူစိမ်းမျက်နှာကိုပြတ်သား စွာမြင်ရသည်။ သို့သော် စူးရှသောမျက်လုံးများနှင့် ခက်ထန်သော မျက်နှာ သွယ်သွယ်ဖြင့် လူစိမ်းကို သူမမသိ။ သူကတော့ သူမကို သိနေဟန်တူပါ သည်။
“”မမှတ်မိဘူး ရှင်ဘယ်သူလဲ၊ ကျွန်မအိမ်ထဲ ဘယ်လိုလုပ်ဝင်လာတာလဲ။ ရှင်၊ ရှင် ဘာလုပ်မလို့လဲ””
သူမ၏ တုန်ယင်သော စကားများကို သူက အေးတိအေးစက် ရယ်လိုက်ပြီး
“”မင်းကိုငါ ဘာမျှ မလုပ်ချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မင်းဟာ မသန့် ရှင်းတော့လို့ပဲ။ ငါ့ရဲ့မွန်မြတ်တဲ့အချစ်တွေက မင်းနဲ့ မထိုက်တန်တော့ဘူး””
သူက ပြောနေရင်းမှ မျက်နှာက တင်းမာခက်ထန်လာပြီး စကားလုံးများ ကပြင်းထန်လာသည်။ ထို့နောက် သူမ၏ ပါးပြင်ကို သူ့လက်ဖြင့် ပြင်းထန်စွာ ရိုက်လိုက်ရာ သူမ ပြန်လည်လဲကျသွားသည်။ သူက သူမ နှုတ်ခမ်းထောင့်မှ သွေးစလေးများကို လက်ဖြင့်သုတ်ရင်း –
“”ငါအိမ်ထဲကို ဘယ်လိုဝင်လာလဲသိလား၊ ဟောဟို ပြတင်းပေါက်ကနေ ဝင်လာတာ။ ငါ မင်းတို့ကို အစောကြီးကတည်းက စောင့်ကြည့်နေခဲ့တယ်။ မင်းတို့ မိုးမမြင်လေမမြင် ဖြစ်နေတာလည်း ငါမြင်တယ်။ မင်းဟာ အတော်ရွံစရာကောင်းတဲ့မိန်းမ””
သူက စကားပြောနေရင်းမှ အရူးတစ်ယောက်လို အော်ဟစ်လိုက်သည်။ သူမ နာကျင်နေသော ပါးတစ်ဖက်ကို လက်ဖြင့် အုပ်ကိုင်ကာ ထိုလူ၏ ပုံစံကို ကြည့်ရင်း တစ်စုံတစ်ခုကို သတိရလာသည်။ (Fool Love)
ဟုတ်ပါသည်။ ထိုလူမှာ သူမကို အရူးအမူး စွဲလမ်းကာ လိုက်လံနှောင့် ယှက်နေသဖြင့် သူမတို့သူငယ်ချင်းများက နောက်ပြောင်ကာ (Fool Love) ဟု နာမည်ပေး ထားခဲ့သည်။ ထိုစဉ်က သူ့ပုံစံမှာလည်း အရူးတစ်ယောက်လိုပင်။ သူမကို သိသာစွာ မနှောင့်ယှက်သော်လည်း သူ့ရဲ့စူးရဲလွန်းသော အကြည့်တို့မှာ သူမ အတွက် ကြီးမားသော အနှောင့်အယှက်ပင် ဖြစ်ခဲ့သည်။
သူမ သွားရာနေရာတိုင်းကို တကောက်ကောက်လိုက်ပြီး မျက်တောင် မခတ် စူးရဲစွာ စိုက်ကြည့်နေတတ်သည်။ သူ့အကြည့်များထဲတွင် သူမကို အလွန်အမင်း ရူးသွပ်စွဲလမ်းနေကြောင်း ပေါ်လွင်ထင်ရှားနေသည်။ သူမ သည် သူ့ကို ဥပေက္ခာပြုထားနိုင်အောင် ကြိုးစားခဲ့သော်လည်း အမြဲလို စိုက် ကြည့်နေသော သူ့မျက်လုံးများအောက်မှာ မွန်းကျပ်လှသည်။
ပြီးတော့ ဘာကြောင့်မှန်းမသိ၊ သူမ သူ့ကို အလိုလို မုန်းတီးနေမိသည်။သွယ်လျဖြူဖျော့နေတတ်သော သူမျက်နှာ..သေးငယ်စူးရှသော သူ့မျက်လုံးများကို မကြည့်ချင်၊ မမြင်ချင်လောက်အောင် ရွံရှာစက်ဆုပ်မိသည်။ သူငယ်ချင်းများကတော့ သူ့ကို မကြားတကြား လှောင် ပြောင်ရယ်မောကာ နာမည်ပြောင်တစ်ခုပေးထားကြသည်။
True Love မဟုတ်ဘူး။ Fool Love တဲ့။
“”ရှင် ဘာလုပ်တာလဲ၊ လွှတ် – ကျွန်မကိုလွှတ်””
သူက သူမ၏လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး အခန်းအပြင်သို့ ကြမ်းတမ်းစွာ ဆွဲခေါ်သွားသဖြင့် သူမ အော်ဟစ် ရုန်းကန်မိသည်။ သို့သော် သန်မာလှသောသူ့လက်ဖျားကြောင့်သူမသူဆွဲခေါ်ရာသို့ရုန်းကန်ရင်းပါသွား သည်။
သူက သူမကို ဧည့်ခန်းထဲဆွဲခေါ်သွားပြီးကြမ်းပြင်ပေါ်သို့ကြမ်းတမ်းစွာ တွန်းချလိုက်သည်။ သူမ ကြမ်းပြင်ပေါ် ပြိုလဲကျသွားပြီးခေါင်းနှင့် ကြမ်းပြင် ထိခိုက်မိကာ အနည်းငယ် မူးဝေသွားသည်။
…အား ကျွတ်ကျွတ်….
သူမ ညည်းညူလိုက်ရင်း လဲနေရာမှ ကြိုးစား၍ ထထိုင်လိုက်စဉ် ရေခဲ သေတ္တာကို ဖွင့်နေသော ထိုလူကို မြင်ရသည်။ ထိုလူက ရေခဲသေတ္တာထဲမှ ပုလင်းတစ်လုံးကို ယူကာ သူမထံသို့ လျှောက်လာသည်။ ထို့နောက် သူမ ခေါင်းပေါ်သို့ အေးစက်နေသော ဘီယာများ သွန်ချလိုက်လေတော့သည်။
..အ….
အသားထဲ စူးရှစိမ့်သွားသော အအေးဒဏ်ကြောင့် သူမ အော်ဟစ်လိုက် မိသည်။
ထိုအချိန်မှာပင် သူမ မှတ်မိနေခဲ့သော အဖြစ်အပျက်များက ခေါင်း ထဲတွင် တဖျတ်ဖျတ် ပေါ်လာသည်။
“”ကျွန်တော် ဒီမှာ ခဏထိုင်လို့ရမလား””
ထိုနေ့ကအအေးဆိုင်တွင်တစ်ယောက်တည်းထိုင်ကာအအေးသောက် နေစဉ် သူမ အနီးလာရပ်ကာ ပြောလိုက်သော လူတစ်ယောက်ကြောင့် သူမ မော့ကြည့်လိုက်တော့ ထိုလူ။ သူမကို စိတ်အနှောင့်အယှက် ဖြစ်စေသော အရူးလိုလူ။
“”ဆောရီးပဲ … မရဘူး””
သူမ မျက်နှာထားတင်းတင်းဖြင့် ခပ်မာမာ ပြောလိုက်သော်လည်း သူက ဇွတ်အတင်း ထိုင်ခုံတွင် ဝင်ထိုင်ပြီး –
“”ကိုယ်မင်းကို စကားပြောချင်လို့ပါ””
သူ့စကားကြောင့် သူမ ဒေါသထွက်သွားရသည်။
“”မလိုပါဘူး၊ ကျွန်မ ရှင်နဲ့ စကားမပြောချင်ဘူး။ ရှင်အခုထွက်သွားပါ””
သူမက ထွက်သွားဖို့ပြောသော်လည်း သူမ မတုန်မလှုပ်။ သူမကိုသာစူးစူးရဲရဲ စိုက်ကြည့်ပြီး –
“”ကိုယ် မင်းကိုအရမ်းချစ်တယ် မြတ်သီရိ”” ဟု ပြောလိုက်သည်။
သူ့စကားကြောင့် သူမ အဆဲခံလိုက်ရသလို ဆတ်ဆတ်ခါနာသွားသည်။ ဆူပွက်လာသော ဒေါသများကြောင့် သူမကိုယ်သူမ မထိန်းလိုက်နိုင်ခင်မှာပဲ ရုတ်တရက် တုံ့ပြန်လိုက်မိသည်။
သူမရှေ့မှ အအေးခွက်ဖြင့် သူ့မျက်နှာကို လှမ်းပက်လိုက်ခြင်း ဖြစ်သည်။ ထို့နောက် သူမ ထိုနေရာမှ ထထွက်လာခဲ့ သည်။ သူ ဘယ်လို ခံစား၍ ကျန်နေခဲ့မှန်း သူမ မသိပါ။
….ခွမ်း…
သူက ဘီယာပုလင်းကို ကြမ်းပြင်ပေါ်ပစ်ပေါက်ပစ်လိုက်သည်။
“”ဘယ်လိုလဲ မြတ်သီရိ၊ ဘီယာနဲ့ အပက်ခံရတဲ့အရသာ””
သူမသူ့ကို ထိတ်လန့်စွာ ငေးကြည့်နေမိသည်။ သူရူးနေပြီလား၊ ဘာလုပ် မလို့လဲ၊ သူမ သူနှင့်ဝေးရာဘက်သို့ ထိုင်ရာမှ ရွေ့လျားသွားရင်း-
“”ရှင် . . . ရှင် အခုထွက်သွား၊ ကျွန်မအိမ်ထဲက ထွက်သွား ကျွန်မရဲကို ဖုန်းဆက်လိုက်မှာနော်””
သူမစကားကြောင့် သူက ခြောက်ကပ်ကပ် ရယ်လိုက်သည်။
“”ဆက်လေ ဆက်၊ မင်း ငါ့ရှေ့ကထွက်သွားနိုင်ရန် ဆက်လိုက်ပေါ့””
သူက သွားကိုစေ့ကာ ပြောလိုက်သည်။ သူမ ဖုန်းတင်ထားသော စားပွဲကို လှမ်းကြည့်လိုက်သည်။ သူမနှင့် ဆယ်ပေခန့်သာကွာဝေးပြီး ဖုန်းနှင့် သူမ ကြားတွင် ဆိုဖာတစ်ခုခြားလျက်ရှိသည်။သူ့ကိုပြန်ကြည့်တော့သူက အသက်မဲ့သောအပြုံးဖြင့် သူမကိုပြုံးကြည့်နေသည်။
သူမ စိတ်ကို တင်းလိုက်ပြီး အသက်ကိုဝအောင် ရှူလိုက်သည်။ ထို့ နောက် ဝုန်းခနဲထကာ ဖုန်းဆီသို့ ပြေးလာခဲ့သည်။ သူက နေရာမှာတင် အေးအေးဆေးဆေး ရပ်ကာ ကြည့်နေသည်။
သူမ ကိုရဲ့ဖုန်းနံပါတ်များကို နှိပ် နေစဉ် သူက သူမထံ လျှောက်လာသည်။ သူမ၏ လက်များမှာ ထိတ်လန် တုန်လှုပ်မှုကြောင့် တုန်ယင်ကာ ခလုတ်များကို လွဲချော်နေလေသည်။ ထိုစဉ် သူက သူမလက်ထဲမှ ဖုန်းကို ဆွဲယူလိုက်ပြီး သူမပါးပြင်ကို ပြင်းထန်စွာ ရိုက်ချ လိုက်သည်။
…ဖြန်း….
သူမ ကြမ်းပြင်ပေါ် လဲကျသွားသည်။ သူမ လဲနေရာမှ ကြိုးစားထကာ တံခါးပေါက်ဆီသို့ ပြေးရန် ပြုစဉ် သူက သူမဆံပင်ကို ကြမ်းတမ်းစွာ ဆောင့် ဆွဲလိုက်သည်။
…အား…
နာကျင်မှုကြောင့် သူမအော်လိုက်မိပြီး သူ့လက်များကို တွန်းဖယ်နေမိသည်။ သူက သူမဆံပင်များကို အရင်းမှစုကိုင်ကာ သူမမျက်နှာကို မော့လှန် လိုက်ပြီး – –
“”ဘာလဲ၊ မင်းကောင်ဆီဆက်မလို့လား၊ ကောင်းပြီလေ၊ မင်းသူ့ကို သိပ် တွေ့ချင်နေရင် ဝိညာဉ်ဘဝနဲ့ပဲ သွားတွေ့ပေတော့””
သူက ခက်ထန်စွာပြောလိုက်ပြီး သူမခေါင်းကို စားပွဲဖြင့် ကိုင်ဆောင့် လိုက်သည်။
…အား…”
သူမနာကျင်စွာဖြင့် ညည်းညူလိုက်မိသည်။ဒဏ်ရာမှ သွေးများက သူမမျက်နှာပေါ်စီးကျလာသည်။ ပြင်းထန်စွာ နာကျင်မှုကြောင့် သူမ မူးမိုက်သွားကာ ကြမ်းပြင်ပေါ်လဲကျသွားသည်။
သူက သူမအနီးတွင်ထိုင်ကာ သူမမျက်နှာမှ သွေးများကို လက်ဖြင့်ယူကာ သူ့နှုတ် ခမ်းဖြင့် လျက်လိုက်ပြီး –
“”မင်းရဲ့သွေးက ချိုတယ် မြတ်သီရိ၊ ဒါပေမဲ့ အဆိပ်တွေပြည့်နေတယ်””
ညည်းညူရင်း မျက်လုံးများကို ကြိုးစားဖွင့်ကာ ကြည့်လိုက် သည်။ မူးမိုက်ပြာဝေနေသော အမြင်အာရုံထဲတွင် လူစိမ်း၏ ကြောက်မက် ဖွယ်အပြုံးကို မြင်ရသည်။ သူမရင်ထဲ သူ့ကို စိမ့်၍ ကြောက်လာမိသည်။ သူမ အတွက် အန္တရာယ်ရှိနေပြီဖြစ်သည်။ အရူးတစ်ယောက်လို သူ့လုပ်ရပ်များက သူမကို အချိန်မရွေးသေစေနိုင်သည်။ ပတ်ဝန်းကျင် ကြားအောင် အော်ဟစ် အကူအညီတောင်းရန်လည်း မဖြစ်နိုင်။ သူတို့ရောက်မလာခင် သူမ အသက် ဆုံးရှုံးရန်သာရှိသည်။ သူမဘဝက သူ့လက်ခုပ်ထဲကရေ ဖြစ်နေခဲ့ပြီ။ သူမ တတ်နိုင်သော နည်းလမ်းမှ တစ်ခုတည်းသာ ရှိတော့သည်။
“”ကျွန်မ . . . ကျွန်မတောင်းပန်ပါတယ်၊ ကျွန်မကို လွှတ်ပေးပါ၊ ကျွန်မ တောင်းပန်ပါတယ်ရှင် ကျွန်မကို ဘာမှမလုပ်ပါနဲ့””
သူမ ထိတ်လန့်စွာ ငိုရှိုက်ရင်း ဗလုံးဗထွေးပြောနေမိသည်။ သူမအတွက် သူ့ကို တောင်းပန်ရန်သာ တတ်နိုင်တော့သည်။ သူမ၏ တစ်ခုတည်းသော မျှော်လင့်ချက်က သူက သူမကို အရူးအမူး စွဲလမ်းနေခြင်းပင်။ သူ သိပ်ချစ်သည်ဆိုသော သူမကို သူမသတ်နိုင်ဟု ထင်မိသည်။
“”ဟားဟားဟားဟား… ဟားဟားဟားဟား””
က ရူးသွပ်နေသူလို ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်၊ အတန်ကြာအောင် အော်ဟစ်ရယ်မောနေပြီးမှ ရုတ်တရက် တိခနဲ ရပ်လိုက် သည်။
“”တောင်းပန်ပါတယ် ဟုတ်လား၊ အဲဒါကို မင်းပြောတာ အရမ်းနောက် ကျနေပြီ””
သူက မျက်နှာကို ဖုံးအုပ်မတတ် ရှည်လျားတွန့်ကောက်နေသော နဖူး ပေါ်မှ ဆံပင်များကို လက်ဖြင့် သပ်တင်လိုက်သည်။
သူ့ညာဘက်နဖူးစပ်တွင် ဒေါင်လိုက်ရှိနေသော အမာရွတ်ကြီးတစ်ခု။ သူမ သူ့နဖူးမှ အမာရွတ်ကိုကြည့်ရင်း အဖြစ်အပျက်တစ်ခုကို သတိရ လာသည်။
ထိုနေ့က သူ့မျက်နှာကို အအေးဖြင့် ပက်ခဲ့ပြီး သူမဆိုင်ပြင်သို့ ဒေါသတကြီး ထွက် လာခဲ့သည်။ ကားပေါ်တက်ပြီး ကားစက်နှိုးနေ့စဉ် သူက ရောက်လာပြီး ကား ဘေးမှာရပ်ကာ သူမကို စကားပြောဖို့ကြိုးစားသည်။
“”ရှင် ရူးနေတာလား၊ ရှင်အရူးထပြီး ကျွန်မကို ဆက်နှောင့်ယှက်နေရင် ကျွန်မရဲကို ဖုန်းဆက်လိုက်မယ်။ ထပ်ပြီး မနှောင့်ယှက်နဲ့””
သူမ ကားမှန်ကိုချကာ ကားကို မောင်းထွက်ရန် ပြင်လိုက်စဉ် သူက ကားရှေ့မှ ရပ်နေသည်။ သူမ ဒေါသထွက်သွားသည်။
ဒီအရူးက သေချင်လို့ လာကြောင်နေတာလား။ သူမ စိတ်ပေါက်ပေါက်ဖြင့် ကားကို ဆက်မောင်း လိုက်သည်။ သူ တကယ်မသေရဲပါဘူး။ သို့သော် သူမ အထင်မှားသွားသည်၊ ကားက သူ့အနီးမောင်းလာသော်လည်း သူက မဖယ်ပါ။ လမ်းတည့်တည့် တွင် မလှုပ်မယှက်ရပ်နေသည်။
….ကျွီ…
သူ့ပုံစံကြောင့် သူမလန့်သွားကာ ကားကို ဘရိတ်အုပ်လိုက်သည်။ သို့ သော် အလွန်နီးကပ်ပြီးမို့ အရှိန်မထိန်းနိုင်တော့ဘဲ သူ့ကို ဝင်တိုက်မိသည်။ သူလမ်းပေါ်လဲကျသွားပြီး နဖူးနှင့် လမ်းဆောင့်မိကာ သွေးများထွက် လာသည်။ သူမလဲကျနေသော သူ့ကို မုန်းတီးစက်ဆုပ်စွာကြည့်ရင်း
“”အဲဒီမှာလဲသေလိုက်””
ဟုပြောကာ ကားကို မောင်းထွက်ခဲ့လေသည်။
“”ငါ့နှလုံးသား ဒဏ်ရာက ဒီထက်ပိုကြီးတယ် မြတ်သီရိ””
သူက အေးစက်စက်ပြောလိုက်ပြီး သူမကို စိမ်းရှစွာ စိုက်ကြည့်သည်။ ထို့နောက် သူမ၏ အင်္ကျီကော်လံကို ဆောင့်ဆွဲကာ သူမကို ဆွဲထူလိုက် သည်။
ဒဏ်ရာကြောင့် မူးဝေနေသော သူမကို မီးဖိုခန်းထဲသို့ ကြမ်းတမ်းစွာ ဆွဲခေါ်သွားသည်။ ဒဏ်ရာမှ သွေးများက သူမအင်္ကျီတွင် စိုရွှဲလျက်ရှိပြီး သူမ သွားရာ နေရာတိုင်းတွင် သွေးစက်များကျနေလေသည်။ သူက သူမကို ကြမ်း ပြင်ပေါ်တွန်းချလိုက်သည်။
သူမလဲကျနေသည့်အတိုင်းငြိမ်ကာနေမိသည်။ သူမမလှုပ်ချင်လောက်အောင်ပင် အားအင်နည်းပါးနေပြီ။ ဒဏ်ရာမှ သွေးများစွာ ထွက်နေသော ကြောင့် အလွန်အမင်း မူးဝေနေကာ သတိလစ်မသွားအောင် ကြိုးစားထိန်း ထားရသည်။
သူက အသားလှီးသော ဓားထက်ထက်တစ်ချောင်းကို လက်ထဲတွင် ကိုင်ကာ သူမနားသို့ လျှောက်လာသည်။ သူမ ကြောက်လန့်တုန်လှုပ်သွား မိသော်လည်း ဘာမျှ မတတ်နိုင်။
“”တောင်းပန်ပါတယ်၊ ကျွန်မကို မသတ်ပါနဲ့၊ ကျွန်မကို မမသတ်ပါနဲ့””
သူမက ထိတ်လန့်စွာ ငိုကြွေးရင်း တောင်းပန်သည်ကို သူက အေးစက်စက်ပြုံးလိုက်ပြီး –
“”ငါ မင်းကို မသတ်ပါဘူး။ ဒီလောက်လှပတဲ့ မိန်းမချောလေးကို သတ် လို့ ဘယ်ဖြစ်မလဲ။ မင်းရဲ့လှပတဲ့ မျက်နှာလေးရုပ်ဆိုးသွားရင် ဘယ်လို ခံစား ရမလဲ၊ သိချင်သေးတယ်။ အဲဒီအခါကျရင် မင်းရဲ့ချစ်သူက မင်းကို ချစ်နိုင်ပါ ဦးမလားဟင်””
သူက အရူးတစ်ယောက်လို တဟက်ဟက်ရယ်ရင်း သူမ၏မျက်နှာကို ဆွဲမော့လိုက်သည်။ ထို့နောက် သူမ မျက်နှာအနီးသို့ ဓားကိုတိုးကပ်လာသည်..
“”ဟင့်အင်း မလုပ်နဲ့၊ မလုပ်ပါနဲ့””
သူမ တုန်လှုပ်စွာ ငြင်းဆန်နေမိသည်။ သူက သူမ မလှုပ်နိုင်အောင် မေးစေ့ကို သူ့လက်ဖြင့် ချုပ်ကိုင်ထားပြီး ဓားကို မြှောက်လိုက်သည်။ ဓားက လက်ခနဲ တောက်ပသွားသည်။
သူမ၏ဘယ်ဘက်ပါးပြင် ပူခနဲဖြစ်သွားပြီး သွေးများဖြာကျလာသည်။
…အား…
အသည်းခိုက်မတတ် နာကျင်မှုကြောင့် သူမ မခံမရပ်နိုင်စွာ အော်ဟစ် လိုက်မိသည်။ တုန်ယင်နေသော လက်အစံဖြင့် သူမပါးကို စမ်းသပ်ကြည့်ရာ လက်တွင် သွေးများ စွန်းပေသွားသည်။ သူက ကျေနပ်စွာပြုံးပြီး သူမကို ချုပ် ကိုင်ထားရာမှ လွှတ်ချလိုက်သည်။ သူမ ကြမ်းပြင်ပေါ် ဝမ်းလျားမှောက်ကျသွားသည်။
နာကျင်မှုကြောင့် အသားများပင် တဆတ်ဆတ် တုန်နေပြီး ခေါင်းထဲ တွင် မူးနောက်ရီဝေနေသည်။ ထိန်းထားသည့်ကြားမှ သတိက တစ်ချက် တစ်ချက် လွတ်သွားသည်။
သူမက ထိုဝေဒနာများကြားမှ လွတ်မြောက်ဖို့ ကယ်တင်ရှင် တစ်စုံတစ် ယောက်ကို တမ်းတနေမိသည်။
…ကို…
…ကိုရေ ကယ်ပါဦး”””
….ကို….
မင်းယံကားမောင်းလာရင်း နားထဲတွင် သီရိခေါ်သံလိုလို ကြားလိုက်ရ သည်။
သို့သော် သူရောက်နေသည်က လူသူရှင်းလင်းနေသော လမ်းမပေါ် မှာမို့ စိတ်ထင်တာဖြစ်မည်ဟု တွေးရင်း ကားကို အေးဆေးစွာပင် ဆက် မောင်းလာခဲ့သည်။
…ကိုရေ….
ထိုသို့တွေးနေစဉ်မှာပင် နောက်ထပ် ခေါ်သံတစ်ခုကိုကြားလိုက်ရသဖြင့် သူ အံ့ဩသွားမိသည်။
သီရိ အသံများလား….
လမ်းဘေး ဝဲယာတွင်တော့ လူတစ်ယောက်မျှ မမြင်ရ။ ဒါဆို အသံက ဘယ်က ထွက်ပေါ်နေတာလဲ၊ သူကားကို အရှိန်လျှော့ကာ ခပ်ဖြည်းဖြည်းမောင်းရင်း နားစွင့်နေမိသည်။ ဘာမျှ ရကြားရပြန်။
သူ အတွေးရကျပ်နေစဉ်မှာပင် ကားနောက်ကြည့်မှန်ထဲတွင် မြင်လိုက် ရသော မြင်ကွင်းတစ်ခုကြောင့် သူ လန့်သွားကာ ကားကို ထိုးရပ်လိုက်သည်။
သီရိလား….
သူ ကားပေါ်မှ ဆင်းကာ နောက်သို့ ပြန်လျှောက်လာခဲ့သည်။ ကား လမ်းပေါ်တွင်တော့ သူက လွဲ၍ လူတစ်ယောက်မျှမရှိ။ စောစောက သူမြင် လိုက်ရတာတော့ သေချာပါသည်။
ကားလမ်းပေါ်တွင် ဝမ်းလျားမှောက်အနေအထားဖြင့် သူ့ထံ လက်လှမ်းနေသော အမျိုးသမီးတစ်ယောက်။
အမျိုးသမီး၏ ဝတ်စုံမှာ ညဦးပိုင်းကသီရိဝတ်ထားခဲ့သော အဖြူရောင် အနွေးထည်လေးဖြစ်ပြီး အင်္ကျီတွင် သွေးများ စွန်းနေသလို နီရဲနေသည်။ နီညိုရောင်ဆံနွယ်များကြောင့် သီရိဆိုတာ သေ ချာနေသည်။
ဒါဆို သီရိ ဘယ်ရောက်သွားတာလဲ။ သူက စောစောက မြင်လိုက်ရသောနေရာသို့ သေချာစွာ ကြည့်ရှုသော်လည်း ဘာတစ်ခုမျှ သံသယ ဖြစ်စရာ မတွေ့ရပေ။ အရာအားလုံးက ပုံမှန်အတိုင်း ရှိနေသည်။
သူက သူကြုံနေရသော အဖြစ်အပျက်များကို သေချာစွာ ဆက်စပ်စဉ်း စားရင်း သီရိအတွက် စိတ်ပူလာမိသည်။ သီရိတစ်ခုခုများ ဖြစ်နေပြီလား။
သူကြာရှည်စဉ်းစားမနေတော့ဘဲ ကားပေါ်တက်ကာ ကားကို ပြန်ကွေ့ လာခဲ့သည်။ သူ သီရိထံ ပြန်သွားရမည်။ သူ စိတ်ထဲတွင် လေးလံနေသည်။ သီရိ အန္တရာယ်တစ်စုံတစ်ရာရှိနေသည်ဟု သူ့စိတ်ထဲ ထင်နေမိသည်။ သူက ကားကို အရှိန်မြင့်ကာ မောင်းလိုက်သည်။
ယနေ့ည သီရိ တစ်ယောက်တည်းမို့ သူအတူနေပေးရမလားဟု သီရိကို မေးခဲ့သေးသည်။ သို့သော် သီရိက သူ့မိဘများ သိသွားလျှင် မကောင်းဟု ဆိုကာ သူ့ကို ပြန်ခိုင်းခဲ့သည်။ သူစိတ်မချသော်လည်း သီရိသဘောကြောင့် လုံခြုံစွာ အိပ်ရန်သာ အထပ်ထပ်မှာကြားပြီး ပြန်ခဲ့ရသည်။
တကယ်ဆို မိန်းကလေးတစ်ယောက်တည်း ရှိသောအိမ်တွင် သီရိအတွက် အန္တရာယ်များမည်မှန်း သူသိခဲ့သင့်သည်။
…ဘုရားရေ သီရိတစ်ခုခု ဖြစ်နေပြီလား။
သူကားကို အမြန်မောင်းလာခဲ့သဖြင့် သီရိအိမ်သို့ (၁၅) မိနစ်ခန့်အကြာ တွင် ရောက်လာသည်။ အိမ်ထဲတွင် သူ ပြန်ခဲ့စဉ်ကအတိုင်း မီးများလင်းနေ ဆဲပင်။
သူ အိမ်ရှေ့တံခါးဆီလျှောက်လာခဲ့တော့ အတွင်းမှ သော့ခတ်ထား သည်ကို တွေ့ရသည်။
သီရိ အိပ်နေပြီလား။ ဒါဆို မီးတွေက ဘာလို့ ဖွင့်ထား တာလဲ….
ခါတိုင်းညတွေဆို သီရိ၏ အခန်းမီးခပ်မှိန်မှိန်လေးမှ လွဲ၍ တစ်အိမ် လုံးမှ မီးများပိတ်ထားတတ်သည်။ သီရိများ မအိပ်သေးဘဲ တစ်ခုခုလုပ်နေတာလား။ သူက တံခါးကို ခပ်ကျယ်ကျယ်ခေါက်လိုက်ပြီး –
“”သီရိ သီရိ အိပ်ပြီလား””
အထဲမှ တုံ့ပြန်မှုမရ။ အိမ်နောက်ဖက် မီးဖိုခန်းထဲမှ အသံတစ်ခု ခပ် သဲ့သဲ့ကြားလိုက်သလို ထင်မိသည်။ သို့သော် အိမ်ရှေ့နှင့် မီးဖိုခန်းမှာ အတော် ကွာဝေးသဖြင့် အလွန်တိုးစွာ ကြားရသောအသံကို ဘာသံမှန်း သူမသိပါ။ –
သီရိ ဗိုက်ဆာ၍ ညလယ်စာ ပြင်ဆင်နေတာများလား။ သီရိသာ မီးဖိုခန်းထဲမှာ ရှိလျှင် အိမ်ရှေ့မှ သူ့အသံကိုကြားမည်မဟုတ်ပေ။
သူက ဧည့်ခန်းပြတင်းပေါက်ဆီလျှောက်လာပြီး တွန်းကြည့်လိုက်သည်။ ပြတင်းတံခါးကိုလည်း အထဲမှ ချက်ချ ပိတ်ထားသည်။ သို့သော် ခန်းဆီး ချမ ထားသဖြင့် ဧည့်ခန်းထဲကို မြင်နေရလေသည်။ သူက မှန်ပြတင်းတံခါးမှ အထဲ သို့ လှမ်းကြည့်ရင်း သီရိ ဘယ်ရောက်နေပါလိမ့်ဟု စဉ်းစားနေမိသည်။ ထိုစဉ် ….
ဧည့်ခန်းထဲမှ တယ်လီဖုန်းတင်ထားသော စားပွဲလေး၏ ဘေးနားကြမ်းပြင် ပေါ်တွင် နီရဲသောအကွက်များကို မြင်လိုက်ရသဖြင့် သူ့ရင်ထဲ ထိတ်ခနဲ ဖြစ် သွားသည်။
သွေးတွေလား။
သူတုန်လှုပ်စွာတွေးမိသည်။
ဘုရားရေ… သီရိဘာတွေ ဖြစ်နေပြီလဲ….
သူက ပြတင်းပေါက်တံခါးများကို ကမန်းကတန်း လိုက်လံဖွင့် ကြည့်မိသည်။ အားလုံးက အတွင်းမှ ဂျက်ချ၍ ပိတ်ထားသဖြင့် လုံးဝဖွင့်မရ နောက်တော့ သူအိမ်ဘေးမှ ပတ်ပြီး သီရိအခန်းရှိရာသို့ ပြေးလာခဲ့ သည်။ သီရိအခန်းပြတင်းပေါက်ကတော့ ကံကောင်းထောက်မစွာ ပွင့်လျက်..
သူက ပြတင်းတံခါးမှ : အသံမကြားအောင် ကျော်ဝင်လိုက်သည်။ အခန်း ထဲမှာတော့ အရာရာ အရာရာ သူရှိခဲ့စဉ်ကအတိုင်း ပုံမှန်ပင်။ သီရိကအခန်းထဲမှာမရှိ။
သူက အခန်းအပြင်ကို အကဲခတ်လိုက်ပြီးမှ ဧည့်ခန်းထဲ ခြေဖွနင်းကာ လျှောက်လာခဲ့သည်။ ထို့နောက် တယ်လီဖုန်းစားပွဲ၏ဘေးကြမ်းပြင်ပေါ်မှ နီရဲသောအကွက်များကို သေချာကြည့်လိုက်သည်။
သွေးတွေ။ ပူနွေးနေဆဲ သွေးစက်တွေ။
သူ့ရင်ထဲ ဒိန်းခနဲ ဆောင့်ခုန်သွားပြီး သီရိအတွက် အလွန်အမင်းစိုးရိမ်သွားမိသည်။
…ဘုရားကယ်ပါ၊ သီရိဘာမျှ မဖြစ်ပါစေနဲ့…
သူသွေးကွက်များကို သေချာကြည့်မိတော့ သွေးစက်များက တစ်နေရာ သို့ ညွှန်ပြနေသည်။ မီးဖိုခန်း။ ဟုတ်ပါသည်။ သွေးစက်များက ဧည့်ခန်းမှ မီးဖိုခန်းရှိရာသို့ တောက်လျှောက်စွန်းပေနေသည်။ သူက ခြေကို ဖွဖွနင်းကာ သွေးစက်များအတိုင်း လျှောက်လာခဲ့သည်။
သီရိကိုတစ်စုံတစ်ရာက အန္တရာယ် ပေးခဲ့သည်မှန်ပါက ထိုတစ်စုံတစ်ရာ က အိမ်ထဲမှာ ရှိနေနိုင်သေးသဖြင့် သူ တိတ်တဆိတ်လှုပ်ရှားနေရခြင်း ဖြစ် သည်။ အထူးသဖြင့် မီးဖိုခန်းထဲမှာ။
သူက ဧည့်ခန်းထဲတွင် လက်နက်တစ်စုံ တစ်ရာရှိလို ရှိငြား ရှာကြည့်သည်။ ဘာမျှ မရှိ။ နောက်တော့ သူကြံရာမရစွာ ဖြင့် လေးလံထူထဲသော ဖန်ပန်းအိုးတစ်အိုးကို ဆွဲယူလာခဲ့သည်။
ထို့နောက် သူသည် စိတ်တို့လှုပ်ရှားစွာဖြင့် မီးဖိုခန်းအနီးသို့ တဖြည်း ဖြည်း တိုးကပ်လာခဲ့တော့သည်။
*******
….အား….
ထိုသူက ဝမ်းလျားမှောက်လဲကျနေသော သူမ၏ဆံပင်များကို ဆောင့်ဆွဲကာ သူမကိုယ်ကိုဆွဲလှန်လိုက်ရာ သူမနာကျင်စွာဖြင့် အော်ဟစ်လိုက်မိသည်။
“”မအော်ပါနဲ့ကွယ်၊ ဒါအစပဲ ရှိသေးတယ်။ မင်းရဲ့မျက်နှာက ခုထိ လှနေ တုန်းပဲလေ။ မင်းရုပ်ဆိုးသွားအောင် ငါအတော် ကြိုးစားရမယ်ထင်တယ်””
သူက ခြောက်ကပ်ကပ်ရယ်လိုက်ပြီး သူမ၏မျက်နှာကို လက်ဖြင့်ချုပ် ကိုင်လိုက်သည်။ ‘””ဟင့်အင်း၊ မလုပ်ပါနဲ့၊ တောင်းပန်ပါတယ် မလုပ်ပါနဲ့””
သူမ အားအင်ချည့်နဲ့စွာ တိုးလျှိုးတောင်းပန်နေသည်ကို သူက ဂရုမစိုက် ပါ။
နောက်ထပ်ဓားချက်က ` သူမ၏ညာဖက်ပါးပြင်ပေါ် ကျသွားသည်။ အသည်းခိုက်အောင် နာကျင်မှုနှင့်အတူ ဒဏ်ရာမှ သွေးများဖြာကျလာသည်၊
…အား…
နာကျင်မှုကြောင့် သူမ မူးမေ့မတတ် ဖြစ်လာသည်။ သတိမလစ်အောင် ထိန်းထားသည့်ကြားမှ အသိအာရုံတွေက လင်းလိုက်မှောင်လိုက် ဖြစ်နေ သည်။ သူမ သွေးရူးသွေးတန်းဖြင့် မလုပ်ပါနဲ့ ဟု ဗလုံးဗထွေး ရေရွတ်နေမိသည်။ ထိတွေ့မှုကို ခံစားနိုင်သေးသော အာရုံအသိစိတ်ထဲတွင် ထိုလူက သူမ နှုတ်ခမ်းများကို လက်ဖြင့် ပွတ်သပ်နေသည်ကို ခံစားရသည်။
“”ဒီလှပတဲ့ နှုတ်ခမ်းလေးသာ ပျက်စီးသွားရင် မင်းကို ဘယ်သူမျှ နမ်း ချင်မှာ မဟုတ်တော့ဘူး။ မင်းရဲ့ချစ်သူရောပေါ့။မင်း ဘယ်လိုထင်လဲဟင်””
ထိုလူ၏အေးစက်စက်လေသံက သူမနားထဲတွင် တိုးလိုက်ကျယ်လိုက်၊ သူမ နှုတ်ခမ်းများကို ထိုလူက တစ်စုံတစ်ခု ပြုလုပ်တော့မည်မှန်း သိနေသော် လည်း သူမငြင်းဆန်ရုန်းကန်ဖို့ရာ အင်အားမရှိတော့။
သူမ၏ ခန္ဓာကိုယ်လေးသည် ထိုလူ၏လက်ထဲတွင် ပျော့ခွေနေတော့ သည်။ သူမ၏နှုတ်ခမ်းကို အေးစက်သောဓားသွားက လာ၍ထိသည်ကိုခံစားရသည်။ သို့တိုင်အောင် သူမဘာမျှ မတတ်နိုင်တော့။ သူမသည် သူသတ်ရင်လည်းသေရတော့မည်ဖြစ်သည်..
ထိုစဉ်…
သူမနားထဲတွင် ခွမ်းခနဲ အသံတစ်ခုကြားရပြီး သူမကို ချုပ်ကိုင် ထားသော ထိုလူ၏လက်များ ပြေလျော့သွားသည်။
သူမ၏ ကိုယ်လေး ကြမ်း ပြင်ပေါ် မကျမီမှာပင် တစ်စုံတစ်ယောက်က ပွေ့ဖက်ထားလိုက်သည်။ နွေး ထွေးသောရင်ခွင်နှင့် ရင်းနှီးနေသော ကိုယ်သင်းနံ့ကြောင့် ဘယ်သူဆိုတာ သူမသိလိုက်ရပြီး ဝမ်းသာပျော်ရွှင်သွားမိသည်။
“”ကို…. ကိုလားဟင်””
သူက သူမကို ညင်သာနွေးထွေးစွာ ပွေ့ဖက်ထားရင်း နူးညံ့စွာဖြင့် –
“”ဟုတ်တယ် ကိုယ်လေ သီရိ၊ သီရိ ဘာမျှ မကြောက်နဲ့တော့နော်။ ကိုယ် ရောက်လာပြီ။ ကိုယ် သီရိအနားမှာ ရှိနေတယ် သိလား””
ကိုက သူမရဲ့ဒဏ်ရာဗရပွဖြင့်မျက်နှာကို ယူကျုံးမရစွာကြည့်ရင်းပြောသည်..
“”ဘာမှမဖြစ်တော့ဘူးနော် သီရိကို ကိုယ်ဆေးရုံပို့ပေးမယ် သိလား””
သူမနားထဲတွင် သူ့စကားသံတို့က တဖြည်းဖြည်းတိုးလာသည်.. ထို့နောက် သူမ၏ သွေးစွန်းနေသော နဖူးကို အနမ်းတစ်ပွင့်ကျလာသည်ကို နောက်ဆုံး သိလိုက်ရပြီး အမှောင်ထုကြီးထဲသို့ သူမ တဖြည်းဖြည်း နစ်မြုပ်သွားလေ တော့သည်။
*****===
မျက်လုံးထဲတွင် ခပ်ပါးပါးအလင်းရောင်လေးကို မြင်လာရစဉ် သူမနားထဲတွင် သူမ သိပ်ကြိုက်သော (Celine Dion) ၏ (My heart will go on) သီချင်းသံ ခပ်တိုးတိုး ကြားရသည်။
နှင်းဆီရနံ့သင်းသင်းကိုလည်း ရှူရှိုက်မိသည်။သူမ မျက်လုံးများကို ဖွင့်ကြည့်လိုက်တော့ ပထမဆုံးတွေ့ရသည်က ချစ်သူရဲ့မျက်နှာ။
ကိုက သူမ၏လက်ကို ခပ်ဖွဖွလေး ဆုပ်ကိုင်ထားရင်း သူမကို ပြုံးကာ ငေးကြည့်နေသည်။ သူမ ခုတင်ဘေးမှ စားပွဲပေါ်မှာတော့ လှပသော ပန်းရောင်နှင်းဆီပန်းတွေ။
“”သတိရလာပြီလား သီရိ””
သူက နူးညံ့တိုးညင်းစွာ မေးလိုက်သည်။ သူမက သူ့ကို ပြုံးပြလိုက်တော့ ပါးနှစ်ဖက်က စပ်ဖျဉ်းဖျဉ်း ဖြစ်သွားသည်။ ပါးကို လက်ဖြင့် စမ်းကြည့်တော့ ဂွမ်းနှင့် ပလာစတာများ ကပ်ထားသည်ကို စမ်းမိသည်။ ခေါင်းမှာလည်း ထူထဲ သော ပတ်တီးများ စည်းထားသည်။ အဖြစ်အပျက်များကို သူမ သေသေချာ ချာ ပြန်စဉ်းစားနေမိသည်။
….ကြောက်စရာကောင်းသော အရူးလိုလူတစ်ယောက်။ ပြီးတော့ ရက်စက် သော နှိပ်စက်ညှဉ်းပန်းမှု။ နောက်ဆုံး သူမ စိတ်ချလက်ချ မှီတွယ်လိုက်မိသော ရင်ခွင်တစ်ခု။ သူမ အားလုံးကို အသေးစိတ်ပြန်စဉ်းစားရင်း ခေါင်းထဲ တွင် မေးခွန်းများ ပေါ်လာသည်။
“”ဟိုလူရော အဲဒီလူ ဘယ်ရောက်သွားပြီလဲ””
သူမကြောက်စိတ်မပြေသေးပဲ စိုးရိမ်တကြီးမေးမိသည်..ကိုက..
“”သူ့ကိုဖမ်းသွားကြပြီလေ သူလုံခြုံတဲ့နေရာ ရောက်သွားပါပြီ ဘာမှစိတ်မပူနဲ့တော့နော် ကိုယ်လည်း သီရိအနားမှာ အမြဲရှိနေမှာ””
“”ဒါနဲ့ ကို… သီရိဆီ ဘယ်လိုလုပ် ရောက်လာတာလဲဟင်””
ထိုညက ကိုတစ်ယောက် ပြန်သွားပြီးမှ သူမထံ ပြန်လှည့်လာသည်ကို သူမအံ့ဩမိ၍ မေးလိုက်ခြင်း ဖြစ်သည်။ သူက စဉ်းစားရခက်သော ပုံသဏ္ဌာန်ဖြင့်
“”အဲဒီတုန်းကထူးဆန်းတယ်ကွ။ကိုယ်ပြန်လာပြီးလမ်းတစ်ဝက်လောက် ရောက်တော့ နားထဲမှာ သီရိခေါ်သံလိုလို ကြားရတယ်။ ပြီးတော့ လမ်းမပေါ် မှာ သီရိလဲကျနေတဲ့ပုံစံကိုဖျတ်ခနဲမြင်လိုက်မိသလိုပဲ ။အဲဒါကအဓိပ္ပာယ်တော့ မရှိဘူးပေါ့ကွာ။ ဒါပေမဲ့ အဲဒါကြောင့် ကို သီရိအတွက် စိုးရိမ်ပြီး ပြန်လှည့်လာ ခဲ့တာ””
ထိုအခါကျမှ အဖြစ်အပျက်ကို သူမသဘောပေါက်လာကာ ပြုံးလိုက်မိသည်။ ကိုကတော့ သူမကို နားမလည်သလို ငေး ကြည့်နေသည်။ .
“”သိလားကို၊ အဲဒါ (Telepathy) ပဲ။သီရိလေ အရမ်းနာကျင်ပြီး အရမ်းကြောက်နေခဲ့ရတဲ့ အချိန်မှာ သီရိစိတ်ထဲမှာ ကို့ကို အပြင်းအထန် တမ်းတ လိုက်မိတယ်။ ကို သီရိကိုလာကယ်ပါလို့ စိတ်ထဲက ပြင်းပြင်းပြပြ တောင့်တ မိတယ်။ ကို – ဒါကို ကြားခဲ့တယ်နော် ကိုနဲ့သီရိဟာ စိတ်ချင်းဆက်သွယ်နေခဲ့တာပဲ””
ကိုက သူမကိုနူးညံ့ကြင်နာစွာ ပြုံးကြည့်ရင်း –
“”ကြားတာပေါ့ သီရိရဲ့၊ ဘာကြောင့်လဲဆိုတော့ ကိုယ်တို့နှစ်ယောက်က နှလုံးသားချင်း အရမ်းကို နီးကပ်နေလို့ပေါ့ ကိုယ်လေ ဒါကြီးကိုကြုံလိုက်ရတော့ အရမ်းကြောက်သွားမိတယ်””
“”ကိုယ် သီရိကို သိပ်ချစ်တယ်။ ဆုံးရှုံးရမှာလည်း ကြောက်တယ်။ နောက်ထပ် သီရိကို ဒီလိုမျိုးအဖြစ် မခံနိုင်တော့ဘူးကွာ ကိုယ်တို့လက်ထပ်ကြရအောင်နော် “”
သူမ မျက်ဝန်းထဲ ကြည်နူးမှုမျက်ရည်များ ပြည့်လာသည်။ သူမ ပြုံးကာ ခေါင်းကို ညိတ်လိုက်သည်။
ချစ်သူနှစ်ယောက်၏ဆုပ်ကိုင်ထားသော လက်များက တကယ်ကို ခိုင်မာနေ ခဲ့ပြီ။ သူတို့နှစ်ဦး၏ အနာဂတ်က အချစ်ဖြင့် တောက်ပ လင်းလက်နေသည်။ ဆေးရုံခန်းလေးထဲတွင် ချိုလွင်သော ရယ်သံများ လွင့်ပျံနေလေတော့သည်။
ထိုအချိန်တွင် စိတ်ကျန်းမာရေးဆေးရုံ၏ အခန်းတစ်ခန်းအတွင်းမှ အချစ်ကြောင့် ရူးသွပ်ခဲ့ရသော လူတစ်ယောက်မှာမူ နာမည်တစ်ခုကို နှုတ် ဖျားမှ တဖွဖွရွတ်ဆိုလျက်။
…နတ်မိမယ်….