ဒေါ်ကေသီနှင့်ဦးဖေမြင့်(စ/ဆုံး)
—————————–
“ဟောဟိုမှာမိန်းမကြီးတစ်ယောက်၀င်လာပါလား၊ ဘယ်သူပါလိမ့်၊”
“ ကြည့်စမ်း၊ဟိုလူနဲ့စကားပြောနေပြန်ဘီ၊ အဲ့ဒီလူကြီးကညကတစ်ညလုံးငါ့ကိုမအိပ်လို့ဆိုပြီး၊အိပ်ရာထဲ၀င်ဖို့ ပြောနေတဲ့သူလေ၊”
“အော်သူကငါ့ယောကျာ်းဆိုတာဘဲ၊”
“ကြည့်စမ်းစကားပြောနေတာများ။ရယ်လို့မောလို့၊ ပုံစံကြည့်ရတာ ဒီမိန်းမနဲ့ဖေါက်ပြန်ချင်လို့များလား၊ ဟောနှစ်ယောက်သားင့ါကိုကြည့်ပြီးပြောနေကြပြန်ဘီ၊ ဘာပြောနေကြပါလိမ့်၊ သူတို့မဟုတ်တရုတ်လုပ်တာ ကိုငါသိသွားမှာစိုးလို့ထင်ပါရဲ့၊ကြည့်ဟိုမိန်းမငါ့ဖက်လှည့်လာဘီ၊ သွားစမ်းကောင်မ၊ငါ့ကိုနင်ဘာမှလာလိမ်နေစရာမလိုဘူး၊နင်နဲ့သူနဲ့ပြောဆိုနေကြတာငါတွေ့တယ်၊ လူလည်မကျနဲ့၊သွား”
ဒေါ်ကေသီမျက်လုံးပြူးကြီးနှင့်သူ့နားကပ်လာသူအမျိုးသမီးကိုကြည့်နေမိသည်။
“မလာနဲ့၊ငါ့နားမလာနဲ့” သူ့စိတ်ထဲကကျယ်လောင်စွားအော်ဟစ်နေမိသော်လည်း၊ သူ့နှုတ်ကမည်သည့်အသံမှထွက်မလာခဲ့၊ မျက်လုံး၀ိုင်း၀ိုင်းကြီးနှင့်ပြူး၍ကြည့်နေသောသူမကို တစ်နေ့တာစောင့်ရှောက်မည့်သူနာပြုအကူအမျိုးသမီးကချိုသာစွာနုတ်ဆက်လိုက်သည်၊
“ဒေါ်ကေသီနေကောင်းတယ်နော်၊ကျွန်မကဒီနေ့တာ၀န်ကျတဲ့၊ သီတာပါ”
ဒေါ်ကေသီဆက်တိုက်ပြောနေသည်၊
“မလာနဲ့၊ငါ့နားမလာနဲ့၊ ငါ့ယောကျာ်းနဲ့ခုနကစကားပြောနေတာ၊ နင်တို့ကြာခိုနေတာမဟုတ်ဖူးလား၊သွား”
ဒေါ်ကေသီပြောသာပြောနေသည်၊ အသံကမထွက်၊ သူ့မျက်လုံးများကသာ သီတာကိုစိုက်ကြည့်နေသည်၊
‘မနက်စာစားကြရအောင်နော်၊ပြီးရင်ဆေးသောက်မယ်၊ပြီးတော့မှ၊ရေမိုးချိုးရအောင်နော်’
သီတာကဒေါ်ကေသီလက်ကိုဆွဲပြီးပြောလိုက်သည်၊
“မထိနဲ့၊ငါ့လက်ကိုမကိုင်နဲ့၊ငါ့ဖါသာငါမနက်စာစားလို့ရတယ်၊လုပ်ပေးစရာမလိုဘူး”
ဒေါ်ကေသီသူမလက်ကိုရုတ်လိုက်သလိုနှုတ်မှလည်းအော်ဟစ်ပြောဆိုလိုက်ပါသည်၊
တကဲ့အပြင်ဖက်တွင်တော့၊ ဒေါ်ကေသီတစ်ယောက်သီတာ့လက်ထဲတွင်လက်ဆွဲလျက် ပါသွားသလို မည်သည့်စကားလုံးမှလည်းသူမနှုတ်မှထွက်ပေါ်လာခြင်းမရှိပါချေ၊
—————————————
(၂)
သီတာတစ်ယောက်ဒေါ်ကေသီနှင့်ဦးဖေမြင့်တို့အိမ်ထဲ၀င်လိုက်သည်နှင့် ဦးဖေမြင့်ရောဒေါ်ကေသီကို နှုတ်ဆက်လိုက်သည်၊ ဦးဖေမြင့်က ကြိုစောင့်နှုတ်ဆက်ရင်း ဒေါ်ကေသီတစ်ယောက်နောက်ဖေးများထွက် ကြထားကြောင်းပြောပြနေခြင်းဖြစ်သည်၊
အမှန်တော့ဦးဖေမြင့်ကိုယ်တိုင်လည်း ကျန်းမာရေးကောင်းသူ မဟုတ်၊ အသက်၄၀ လောက်တွင် အလုပ်ထဲမှဒါဏ်ရာရပြီးနောက်မျက်စိနှစ်ကွင်းအလင်းကွယ်ထားသူတစ် ယောက်လည်းဖြစ်လေရာ၊ အခြားသောအာရုံများကိုအသုံးချပြီးနေထိုင်လုပ်ကိုင်ရသူလည်းဖြစ်လေ၏၊ သူကဒေါ်ကေသီကိုတတ်နိုင်သလောက်သန့်ရှင်းရေးလုပ်ပေးထားကြောင်းနှင့်လိုအပ်ပါကသူမ၏ အိပ်ရာကိုကြည့်ပေးလဲပေးရန်ပြောနေခဲ့ခြင်းပင်၊
သီတာအိမ်ထဲရောက်ချိန် ဒေါ်ကေသီတစ်ယောက်သူမကိုကြည့်နေသလို သူ့ကိုယ်လုံးသေးသေးလေးကို တစ်ပတ်ပြီးတစ်ပတ် ပတ်ချာလှည့်နေလေသည်၊ သုံးပတ်ပြည့်သောအခါ သူမ တစ်နေရာရာကို လျောက် သွားပြန်သည်၊
ထိုနေရာရောက်သော်သုံးပတ်လှည့်ပြန်လေသည်၊ ထိုသုံးပတ်ပြည့်သော် သူမဆက် လျောက် သည်၊ တော်သေးသည် ဒေါ်ကေသီဦးဖေမြင့်တို့သည် ချမ်းသာကြွယ်၀သူများဖြစ်ကြပြီး နှစ်ထပ် တိုက်ကြီး အပြင်၊ရေကူးကန်နှင့်ခြံနှင့်၀န်းနှင့်ဖြစ်သော ကြောင့်သာ တော်ပေတော့သည်၊သူ
တို့နှစ်ဦးတွင် သားတစ်ဦး သမီးတစ်ဦးရှိပြီး သမီးမှာအိမ်ထောင်ခွဲဖြစ်ကာ အခြားရပ်ကွက်တွင်နေထိုင်သည်၊ မိဘနှစ်ပါးကိုတော့ နေ့စဥ် လိုလို လာကြည့်လေသည်၊သားဖြစ်သူမှာလူလွတ်အင်ဂျင်နီယာတစ်ယောက်ဖြစ်ကာ စကာ်ပူတွင်နေထိုင်ကာ အလုပ်လုပ်သူဖြစ်သဖြင့် တခါတရံမှသာပြန်လာလေသည်၊သူတို့နှစ်ထပ်တိုက်ကြီးတွင် လင်မယား နှစ် ယောက်သာ နေထိုင်သည်ကများလေတော့သည်၊ တစ်ပတ်တစ်ခါတော့ သမီးမှမွေးသော မြေးမလေး ကလာအိပ်လေ့ရှိသဖြင့် ညရေးညတာအားကိုးရသော်လည်း နေ့လည်နေ့ခင်း အချိန်တွင် ဒေါ်ကေသီကို ပြုစုရန်နေ့စဥ် သူနာပြုအကူများကိုခေါ်ထားလေ့ရှိလေသည်၊
သီတာအပါအ၀င်သူနာပြုအကူလေးများမှာ “တောက်ပသောကြယ်ပွင့်လေးများ သူနာပြုအကူလုပ်ငန်း” မှအလှည့်ကျ လာရောက်ပြုစုကြခြင်း ဖြစ် လေသည်။
သီတာအိမ်ထဲ၀င်သောအခါ နောက်ဖေးနောက်ဖီအနံ့များရသော်လည်း ညစ်ပတ်နေခြင်းမရှိသည့်အပြင်, ဒေါ်ကေသီကိုလည်း အ၀တ်လဲပေးထားသဖြင့် အရင်မနက်စာကျွေးဆေးတိုက်ရန် ပြင်ဆင်ရလေတော့သည်၊
ဒေါ်ကေသီတို့က တစ်သက်လုံးခေတ်မီစွာနေထိုင်လာကြလေရာ မနက်ဆိုပေါင်မုန့်မီးကင်နှင့် ကြက်ဥမကြက် တကြက်ကြော်လေးကို ကော်ဖီနှင့်သောက်ရသည်ကို အလွန်နှစ်သက်သည်၊ ဒါကလည်း ဦးဖေမြင့်က သီတာ တို့လုပ်ငန်းကို အလုပ်အပ်ကထဲက သူမဘာကြိုက်သည် မကြိုက်သည်စသည်တို့ကို ကြိုတင် ပြောပြ အသိ ပေးထားသောကြောင့်ဖြစ်လေသည်၊
ဒေါ်ကေသီကိုယ်တိုင်က မူကြိုက်သည်၊ မကြိုက်သည် မည်သည်ကိုမျှ သေချာ ပြောပြ နိုင်သည် အနေအထားတွင်မရှိတော့ပါပေ၊
ထုံးစံအတိုင်းသူမစားချင်သည်များကို ပြင်ဆင်ပြီးနောက်သူမကို ထမင်းစားခန်းရှိထမင်း၀ိုင်းတွင် ထိုင်ခိုင်းကာ ကျွေးမွေးရန်ကြိုးစားရသည်၊
ဒါကလည်းဦးဖေမြင့်ကသူ့ဇနီးကို တတ်နိုင်သမျှ လှလှပပနှင့် အဆင့်အတန်း ရှိရှိပုံစံမျိုးမပျောက်စေရန်ထိမ်းသိမ်းလိုသည့်အကြောင်း သူ့ကို လုပ်ဆောင်ပေးရမည့်လုပ်ငန်းများထဲတွင် ထည့်သွင့်းဖေါ်ပြထားသောကြောင့်ဖြစ်လေသည်၊
မည့်သို့ဆိုစေဘာကိုမှမမှတ်မိတော့သော ဒေါ်ကေသီတစ်ယောက်ထမင်းစားခန်း၊ဧည့်ခန်း၊ တီဗီခန်း၊ အောက်ထပ်ရှိသူမကို ထားသောအိပ်ခန်းတို့ကို လျောက်သွားကာ တစ်နေရာရောက်သော် ချာလပတ်သုံးခါလည်လိုက် ဆက်သွားလိုက်နှင့်မရပ်မနားရှိနေရာ ထမင်းစားပွဲတွင်ပြင်ဆင်ထားသော်လည်း
သီတာတစ်ယောက် ဒေါ်ကေသီနောက် တစ်ကောက်ကောက် လိုက် ကာ ကလေးကို ကျွေးသလိုကျွေးခြင်းဖြင့် မနက်စာ စားခြင်း၊ ဆေးတိုက်ခြင်း အမှုပြီး၏၊
(၃)
“ သူကငါ့ကို တစ်ကောက်ကောက်လိုက်ပြီးဘာတွေကျွေးနေပါလိမ့်” ဒေါ်ကေသီစဥ်းစားသည်၊
“အာ၊ ပါးစပ်ထဲ အတင်းထိုးထည့်နေတာဘဲ၊ တောက်”
“ အင်း၀ါးကြည့်တော့လဲမဆိုးပါဘူး၊ စားကောင်းသားဘဲ’ ဒေါ်ကေသီစားသည်ပေါ့၊ ပါးစပ်ထဲရောက်လာ သည်များကို ၀ါးလိုက်၊ မဆိုးသလိုလိုရှိသော်မျိုချလိုက်လုပ်နေမိသည်၊
“ကော်ဖီ” တဲ့၊ ဘာနံ့ကြီးလဲ
“ဟိုတုန်းကလို ကော်ဖီနံ့လဲမဟုတ်ဖူး၊ ငါ့ကိုဘာတွေတိုက်နေတာလဲ၊ အားပူလိုက်တာ”
ဒေါ်ကေသီမျိုချလိုက်သည်၊
“သောက်လို့တော့ကောင်းသားဘဲလေ” ဒေါ်ကေသီသူမကိုပြုံးပြလိုက်သည်။
“ပြန်လဲပြုံးမပြဘူး ဟင်း”
“ထားလိုက်ပါတော့ပြုံးမပြလဲ’
ဟိုဘက်အိပ်ခန်းထဲဘာရှိလဲ၊သွားကြည့်ဦးမှ၊ ယုံလို့တော့မရဘူး၊ သူခိုးတွေ ဘာတွေ ရှိနေလား’
ဒေါ်ကေသီဟိုဟာကိုင်ကြည့်လိုက်ဒီဟာကိုင်ကြည့်လိုက်လုပ်နေသည်၊
“ ခုနစားစရာကလည်းဆက်မလာတော့ပါလား၊ စားကောင်းတုန်းရှိနေသေးတယ်”
“ဟေ့ငါ့ကိုစားစရာထပ်ပေးဦးလေ၊ ငါဘာမှမစားရသေးဘူး၊ ငါ့စားစရာတွေနင်ခိုးစားနေတာလား”
“မကြားဘူးလားမသိဘူးဒီအမျိုးသမီး”
“ဟေ့ငါ့ကိုစားစရာပေးလေ” ဒေါ်ကေသီထပ်အော်လိုက်သည်၊ သူ့နှုတ်မှ မည်သည့်အသံမျှ ထွက်ပေါ် လာခြင်း မရှိပါချေ။
“ ကြည့်၊ ကြားရဲ့သားနဲ့မကြားချင်ယောင်ဆောင်နေတာနေမှာ၊ ဗိုက်ကလည်းဆာနေတုန်းဘဲလေ”
ထိုစဥ် ဒေါ်ကေသီ ကိုယ်အောက်ပိုင်းမှ နွေးနွေးလေးဖြစ်သွားသည်၊
“ဟင်ဘာတွေပါလိမ့်”
“သူမထိုနွေးနွေးလေးနှင့်အတုံးအတုံးဖြစ်နေသောအရာက ဘာတွေလဲ ဆိုတာကိုသိဖို့ကြိုးစားနေမိ သည်၊
သူမှလက်တွင် နွေးနွေးလေး၊ အတုံးအတုံးလေးစမ်းမိလေသည်၊
“ဟင်နွေးနွေးလေးနဲ့အိကျိအိကျိ ၊ ကျောက်ကျောတုန်းလေးများလား”
သူမလက်ထဲတွင်သေသေချာချာကိုင်ကြည့်လိုက်ရာအချို့ကအရည်ပျော်သွားသည်၊
အိကျိအတုုံးလေးတော့ရှိနေသေးသည်၊
ကျောက်ကျောနံ့လည်းမရပါ၊ ကျောက်ကျောဆို အုန်းနို့နံ့ လေးသင်း နေမည်ဖြစ်သည်၊ သူ့စိတ်ထဲဘာနံ့မှမရပေ၊
“ကျောက်ကျောတုံးလေးတွေမဟုတ်ရင်၊ ဘာပါလိမ့်”
ဒေါ်ကေသီနှာခေါင်းနားထားခါ အနံ့ခံကြည့်သည်၊
“ တော်ဖီလဲမဟုတ်ပါဘူး၊ ဘာလဲတော့မသိဘူး၊ မြည်းစမ်းကြည့်ရမှာဘဲ၊ အနံကတော့ဘာမှမရဘူး’
ဒေါ်ကေသီ သူမပါးစပ်ထဲကိုထည့်ကာ ကောင်းကောင်းမြည့်စမ်းကြည့်လိုက်မိတော့သည်၊
‘အိုးစားလို့အရသာရှိလိုက်တာ၊ခုနဟိုကောင်မငါ့ကိုလိုက်ကျွေးနေတာထက်တောင်အရသာရှိသေး”
______________________________________
(၄)
ဦးဖေမြင့်တစ်ယောက် တစ်ညလုံးမအိပ်ရ၊ သူနာပြုအကူလာသောအချိန်ရောက်မှအိပ်ရန်ကြိုးစားရသည်၊
သားသမီးတွေသိတတ်လို့ပူစရာမရှိပေမဲ့ သူမျက်စိနှစ်ကွင်းကွယ်ချိန်တွင် ဒေါ်ကေသီက ကောင်းကောင်း စောင့်ရှောက်ခဲ့သည်၊ သူဌေးသား ဖြစ်သောဦးဖေမြင့် အသောက်အစားကင်းကင်းနှင့် ဘ၀ကို အေးချမ်း စွာဖြတ်သန်းစဥ် လုပ်ခွင်ထိခိုက်ဒဏ်ရာကြောင့် အလုပ်နားလိုက်ရသည်၊
ထိုစဥ်ကမိခင်ကမဆုံးသေး။
“သားရေ၊ အသက်ရှင်နေသေးတာတန်ဖိုးရှိတယ်၊ ဒါနသီလဘာ၀နာလုပ်လို့ရတယ်၊ ကုသိုလ်ကောင်းမှု ပြု နိုင်တယ်” ဟုအားပေးခဲ့ရာ စိတ်ဓါတ်မကျဘဲ ဘ၀ကိုနေနိုင်ခဲ့သည်၊ မိမိအိမ်ထောင်ဖက် ဒေါ်ကေသီကလည်း သူနာပြုတစ်ယောက်ဖြစ်လေရာ အပြုအစုကောင်းကောင်းဖြင့် အချိန်တိုအတွင်းမှာပင် စိတ်ကို ပြန်ပြုပြင်နိုင် ခဲ့သည်၊
သားနှင့်သမီးကလည်း ဖခင်ကို စိတ်ဓါတ်မကျစေရန်အားပေးကြသလို အလိုက်သိတတ်စွာ လုပ်ကိုင်ကြ လေရာဦးဖေမြင့်အဖို့ မထောင်းတာခဲ့ပေ၊ စီးပွားရေး အရလည်းပူစရာမရှိသောကြောင့်ဘ၀ အကျိုးပေးမကောင်းသောကြောင့် မျက်စိနှစ်ကွင်းအလင်းကွယ်ခဲ့သော်လည်း အဖြစ်ဆိုးလှသည် ဟုမဆိုနိုင်ပေ၊
ပြသနာကကေသီ၊ ဒေါ်ကေသီ အစပိုင်းက ဆေးရုံတွင် လူနာကိုဆေးမှားပေးသည်ဟုပြသနာစခဲ့သည်၊ ထို့ နောက်အိမ်တွင် မီးပူတိုက်ပြီးမပိတ်ပဲထားသဖြင့်အ၀တ်ကိုမီးလောင်ကာ အချိန်မှီသိ၍သာတော်တော့သည်၊
မဟုတ်ကရှိသမျှကုန်သည်မက ထောင်တန်းပါကျရမည့်အဖြစ်၊ သို့နှင့်တစတစဆိုးလာသည်၊ သားသမီး များကို ပင်မမှတ်မိ၊ ဆရာ၀န်ပြသော်လည်း အစပိုင်းက ဆရာ၀န်များက စိတ်ဓါတ်ကျ၍လား၊ စိတ်ကြောင့် ဖြစ်တာလားနှင့် စိတ်ရောဂါအထူးကုဆရာ၀န်များနှင့်ပြကြသည်၊ သည်လိုနှင့်အချိန်များပိုကုန်လာသလို အတော်ကြီး အခြေအနေဆိုးမှသာ သူမတွင် အယ်လ်ဇိုင်းမားရောဂါကို ခံစားနေရ ကြောင်းသိရှိလေ တော့ သည်၊
သေမိန့်ကျခြင်းဟုပင်ယူဆနိုင်လေသည်၊ လတ်တလောတွင် သက်သာနိုင်သောဆေးမရှိ၊ ဘေးထွက်ေ၀ဒနာများအတွက်သာဆေးပေးထားခြင်းဖြစ်ပြီးတစတစပျက်စီးလာသောဦးနှောက်ကိုကုစား နိုငရန်အတွက်ပညာရှင်များက စူးစမ်းရှာဖွေနေဆဲဖြစ်လေသည်၊
ကောင်းတူဆိုးဖက်ငယ်လင်ငယ်မယားလဲဖြစ်သည်မို့ မိမိလိုမျက်စိနှစ်ကွင်းအလင်းမရသူထက် ပိုဆိုးသည့် ရောဂါခံစားနေရသည့်ကေသီကို သူအဆုံးအထိ စောင့်ရှောက်မည်ဟုဆုံးဖြတ်ခဲ့လေသည်။
တစတစဒေါ် ကေသီတစ်ယောက် သူမ၏ဦးနှောက်ကတဖြည်းဖြည်းချင်းအလုပ်မလုပ်တော့သဖြင့် စွမ်းရည်များ ဆုံးရှုံး လာသည်၊ထို့ကြောင့်ပင်မြန်မာပြည်တွင် အလွယ်တကူဦးနှောက်ပျက်ရောဂါဟုခေါ်ခြင်းမှာလည်း သဘော အားဖြင့်မှန်နေလေတော့သည်၊ တွေးခေါ်ဆင်ခြင်နိုင်စွမ်း၊ အာရုံခံနိုင်စွမ်း၊ စကားပြောစွမ်းရည်များလည်း တစတစဆုံးရှုံးသွားပြီဖြစ်သည်၊
တခါတရံတော့ဟုတ်တယ်၊မဟုတ်ဘူး စသဖြင့်တော့ အသံထွက် လာတတ်သည်၊ နေ့နှင့်ညတွေလည်းမမှန်တော့၊ ညကတစ်ညလုံးမအိပ်ရသဖြင့် သူနာပြုအကူရောက်လာချိန် နေခင်းမှသာဦးဖေမြင့်တစ်ယောက် အပေါ်ထပ်တက်ကာအနားယူအိပ်စက်ရလေ တော့သည်၊
—————————————
(၅)
သီတာ
တစ်ယောက်ဒေါ်ကေသီကိုမနက်စာကျွေးမွေးဆေးတိုက်ပြီးနောက်ပန်းကန်ခွက်ယောက်များကို ပန်းကန်ဆေးစက်အတွင်းထဲ့ထားပေးလိုက်သည်၊ သူတိုမိသားစုမှာပင်ကိုယ်ကပင် အတော်ချမ်းသာသဖြင့် နေ့ခင်းလောက်တွင် ထမင်းချက်၊ အ၀တ်လျော်အကူများရောက်လာမည်ဖြစ်သောကြောင်းဒီအတိုင်းထားပေး ရန်သာဖြစ်သည်၊
သီတာ၏တာ၀န်မှာ ဒေါ်ကေသီ ကျန်းမားရေးနှင့် ကျွေးမွေးပြုးစုကာ အမြဲသန့်ရှင်းအောင်၊ အဆက်မပြတ်လမ်းလျောက်နေသောဒေါ်ကေသီကို ချော်မလဲစေရန် အိပ်ရာထိုင်ခင်းအအမြဲသန့်ရှင်းစေရန် တာ၀န်ယူရသည်၊
ဆီး၀မ်းထွက်လို့ထွက်မှန်းမသိတော့သောဒေါ်ကေသီကို သုတ်သင်ရှင်းလင်းသန့်ရှင်းပေးရန် လည်းလိုလေသည်၊
သီတာဒေါ်ကေသီအိပ်ခန်းတွင်း၀င်လိုက်သော် ဦးဖေမြင့်ပြောသလိုပင် အိပ်ရာပေါ်တွင်မစင်များပေကျံနေလေ
ရာအိပ်ရာခင်းများကို လဲပေးလိုက်သည်၊ ဒေါ်ကေသီအကြိုက်ပန်းရောင်ရင်ံရင့်အခင်းတွင် နှင်းဆီပွင့်များ ပါသောအိပ်ရာခင်းနှင့် အတူခေါင်းအုံးစွပ်များပါလဲကာ၊ အ၀တ်ညစ်များကို အ၀တ်ခြင်းတောင်းတွင်ထဲ့ပြီး အ၀တ်လျော်စက်ခန်းတွင်းထားပေးလိုက်သည်၊ အ၀တ်လျော်သူလာပါက သူ့တာ၀န်သူလုပ်ပေလိမ့်မည်၊
“ဒေါ်ကေသီ၊ လာရေချိုးကြရအောင်နော်”
ဒေါ်ကေသီက သီတာ့ကိုမျက်လုံးနှင့်သာကြည့်နေခြင်းဖြစ်သည်၊ သီတာဒေါ်ကေသီလက်ကို အသာဆွဲပြီး ရေချိုးခန်းသို့ခေါ်လာခဲ့သည်၊ဒေါ်ကေသီ၊ ဦးဖေမြင့်တို့ရေချိုးခန်းက ရေချိုးခန်းထက်ပိုလေသည်၊
အခန်းကျယ်ကြီးထဲတွင် ရေဇလုံကြီးထဲတွင် ရေပူရေနွေးနှင့်စိမ်နိုင်သလို၊ ရေချိုးရန်အတွက် ဒေါင့်တွင်မှန်ခန်းသပ်သပ်ရှိသေးသည်၊
သဘက်များကိုလည်းဆိုက်စုံ လျော်ဖွတ်ပြီးပါက သေချာစီရီ ပြန်ထည့်ထားပေးပြီး ရေချိုးပြီးပါကအဆင်သင့်ပင်၊ အ၀တ်ညစ်များကို ချွတ်ချပြီးအ၀တ်ညစ်ထဲ့သော ခြင်းတောင်းတွင် ထည့်ထားလိုက်ယုံပင်၊ မှန်ကြီးကြီးနှင့် ဘေစင်ရှေ့တွင်နံရံကပ်ဗီရိုရှိကာလိုအပ်တာမှန်သမျှ အကုန်ရနိုင်အောင် ဦးဖေမြင့်ကဖြည့်ဆီးထားလေသည်၊
သွားတိုက်ဆေး၊သွားတိုက်တံ၊ဆပ်ပြာ၊ ရေမွေး၊ စသည်စသည်၊ မှန်ကြည့်ရင်းခေါင်းဖီးရန်ဘီးကအစလိုလေသေးမရှိစေရ၊ဦးဖေမြင့်ဒေါ်ကေသီအတွက် အစစ စဥ်းစားပြီးစီစဥ်ထားလေသည်၊
ဒေါ်ကေသီတစ်ယောက်ပတ်ချာလှည့်နေသည်မှာမပြီးတော့၊ သီတာဒေါ်ကေသီလက်ကိုဆွဲကာ ရေချိုးခန်းတွင်းသွင်းပြီး ကူညီပေးလိုက်တော့မှသာရေချိုးခြင်းအမှုပြီးလေတော့သည်၊
ရေချိုးပြီးသော် ဒေါ်ကေသီအိပ်ခန်းအတွင်းရှိ များပြားလှသော၀တ်စုံများထဲမှ ဒေါ်ကေသီအကြိုက်ပန်းခရမ်း၀တ်စုံလေး ၀တ်ပေးကာ မိတ်ကပ်ပါးပါးလိမ်းပြီး စျေးကြီးကြီးပေးရသောဒေါ်ကေသီ အကြိုက်ရေမွေးလေး ဆွတ်ပေးလိုက်၏၊
ထိုအခါမှသာသီတာ၏ ဗာရီယအလုပ်အကြမ်းဖျင်းပြီးသည်ဟုဆိုနိုင်ပေသည်၊ ဒေါ်ကေသီက တော့သူ့မ
ထုံးစံအတိုင်းမရပ်မနားလမ်းလျောက်လိုက် သူ့ကိုယ်လုံးကို သုံးပတ်ပတ်လိုက်ဖြင့် သီတာမျက်စေ့ ရှေ့မှ ဖြတ်ခနဲပျောက်ကာ တီဗီခန်းထဲရောက်သွားလေတော့သည်၊
သီတာလည်းပြီးတော့မှသာ လိုက်တော့မည် စဥ်းစားပြီးသူ့ခြင်းလေးကို ပေးထားသောစားပွဲပေါ်တွင်နေရာချနေမိလေတော့သည်၊
—————————————————————
(၆)
“ဘာနံ့ကြီးပါလိမ့်’ အနံ့ဆိုးက နှာခေါင်းထဲ၀င်လာသည်၊ အချိန်ကမျက်တောင်တစ်ခတ်သာသာရှိပေလိမ့်မည်၊
ဒေါ်ကေသီဟိုဘက်ခန်းရောက်သည်မှာမိနစ်ပင်ပြည့်ပါဦးမလား၊
“မစင်နံ့ကြီးဘဲ၊ ဟယ်၊ ဒေါ်ကေသီ ၊ သွားပြီ”
ခုဘဲရေချိုးပီးယုံရှိသေးသည်၊ မစင်နံ့ကြီးထွက်လာသည်ဆိုတော့၊ဒေါ်ကေသီနောက်ဖေးထွက်ပြီးပေါ့၊ ပက်တော့ခံထားပေးသည်ဆိုတော့လဲပေတော့၊
“ဒေါ်ကေသီ၊ဒေါ်ကေသီ”
သီတာအပြေးလေးဒေါ်ကေသီနောက်လိုက်သည်၊ မစင်နံ့တွေကလည်းလှိုင်လို့၊
သူမပခုံးကိုအသာလေးဆွဲလှည့်ချိန်မှာတော့၊
ဒေါ်ကေသီတစ်ယောက်မစင်များကို စားနေယုံမျှမက ပြုံးပြုံးကြီးနှင့်သူမကိုပါထိုးကျွေးလာသဖြင့်
အော့အံမိမတတ်ဖြစ်ကာ သီတာတစ်ယောက်ဒေါ်ကေသီလက်ကိုဆွဲကာ ရေချိုးခန်းသို့ပြေးကြရပါလေတော့သတည်း၊
———————————————
(၇)
ဦးနှောက်ပျက်ရောဂါဟုမြန်မာနိုင်ငံတွင်ခေါ်ဆိုလေ့ရှိသော (Dementia) ရောဂါသည် အသက်၆၅နှစ်အထက်လူကြီးများတွင် အဖြစ်များသလို ယခုအခါအလွန်ပင်အဖြစ်များလာလေတော့သည်၊
ထိုရောဂါသည် အယ်ဇိုင်းမား၊ လူ၀ီဘော်ဒီ၊ ဦးနှောက်အရှေ့ပိုင်းကြုံ့ခြင်း စသည့်မတူညီသော ရောဂါဇစ်မြစ်များကို အခြေခံကာဖြစ်ပွားကာ နောက်ဆုံးတွင် သေဆုံးခြင်းသို့ ရောက်ကြရခြင်းဖြစ်သည်၊
လူ့ဦးနှောက်အပိုင်းလေးများတွင် အပိုင်းလိုက် ပျက်သွားသဖြင့်နောက်ဆုံးတွင် လုပ်ကိုင်နိုင်စွမ်းရည်များ၊လူ့စွမ်းရည်များပျက်စီးသွားလေသည်၊
ဤရောဂါ ဆိုးကြီးအတွက် ဆေး၀ါးများရှာဖွေနေစဥ် အကောင်းဆုံးကုသ၊ စောင့်ရှောက်နိုင်ရန် ဆောင်ရွက်နေကြသည်၊ ကုန်ကျစရိတ်မှာလည်းအလွန်ကြီးမားသည်၊ခေတ်မီသော နိုင်ငံများတွင်ပင် သူတို့ကို ဇွန်ဘီများဟုပြောင်လှောင်ခေါ် သည်ကိုကြားရလေသည်၊
သူတို့တွင်ခံစားမှုမရှိတော့ဘဲ (အမှန်တွင် ဦးနှောက်အစိတ်အပိုင်များအားလုံးမပျက်စီးချိန်တွင် သိသင့်သလောက်သိနေခြင်းရှိ၏) အသက်ဆက်ရှင်နေခြင်းဟုဆိုလိုခြင်းဖြစ်သည်၊
ချစ်ခင်ရသောသူများဘက်မှကြည့်ပါကသူတို့ချစ်သောသူများကို အသက်သေဆုံးသည်အထိ အကောင်းဆုံး ပြုစုပေးလိုကြသည်၊ ငွေကြေးကလည်းတတ်နိုင်သောကြောင့်ဖြစ်လေသည်၊
ငွေကြေးမတတ်နိုင်ဘဲ တနေ့ လုပ်တနေ့စားသူများကိုလည်း အလွတ်ပေးမည်မဟုတ်ရကား ယနေ့ခေတ်ကာလကြီးသည် စစ်ပွဲများရောဂါ ဘယများနှင့်ပြည့်နှက်နေပေတော့ရာကြိုတင်သတိရှိမှသာတော်ပေတော့မည်၊
မိမိအသက် ၅၀ ပြည့်ပြီးနောက်
(၁) စိတ်၀င်စားမှု၊လုပ်ကိုင်ဆောင်ရွက်လိုမှုများ ကျဆင်းလာခြင်း -Apathy
(၂) စိုးရိမ်ကြောင့်ကျမှု၊ ပုံမှန်လုပ်ကိုင်ဆောင်ရွက်မှုများပြောင်းလဲလာခြင်း- Affective dysregulation
(၃) မိမိစိတ်အလိုမကျမှု,မကျေနပ်မှုစသည်တို့ကိုမထိမ်းချုပ်နိုင်ခြင်း-Lack of Impulse Control
(၄)လူမှုပတ်၀န်းကျင်တွင်မလျော်မကန်ပြုမူခြင်း _ Social Inappropriateness
(၅)မိမိယုံကြည်မှုကိုသာမှားမှားမှန်မှန်ဆုတ်ကိုင်ထားခြင်း-Abnormal perception on thoughts
စသည့်အချက်များစတင်ဖြစ်လာပါကမိမိကိုယ်ကို ဦးနှောက်ပျက်ရောဂါ ဖြစ်မဖြစ်စတင်စစ်ဆေးဖို့ သတိထားသင့်ပါပြီဖြစ်ပါကြောင်း။
Ref;
Vellone, D. (2023). Early Indicators of Dementia. (Five Behaviours Changes to look for after Age 50)
For Memories of Frank and Catherin Astone
စာချစ်သူများစိတ်ချမ်းသာ
ကိုယ်ကျန်းမာ လိုရာများပြည့်ဝကြပါစေ။
အသစ်မရေးနိုင်သေးလို့မဖတ်ရသေးသူဖတ်နိုင်ရန်ပါရှင့်။
Sandar Wai, Alexander
၁၆/၁၀/၂၀၂၃