သားမာန် (စ/ဆုံး)
————–
မိငြိမ်းသာတို့နေသည့် ရပ်ကွက်ကလေးမှာ အလွန်မြန်မာဆန်သော ရပ်ကွက်ကလေး ဖြစ်သည်။
မြန်မာဆန်သော ရပ်ကွက်ဖြစ်သောကြောင့်လည်းကောင်း၊ တစ်အိမ်နှင့်တစ်အိမ် ခေါင်မိုးချင်း ထိစပ်နေအောင် ဆောက်လုပ်ထားရသောကြောင့်လည်းကောင်း ၊ တစ်အိမ်၏ အကြောင်းကို တစ်အိမ်က မကြားချင် မမြင်ချင် မသိချင် အဆုံး။ အကယ်၍ မကြားလိုက်၊ မမြင်လိုက်၊ မသိလိုက်ပါက ပူစရာ မရှိ။ ထိုထိုသော အကြောင်းခြင်းရာ အရပ်ရပ်ကို အိမ်တိုင်ရာရောက် ဖောက်သည် သတင်းပေးမည့်သူများက အရန်သင့်။
” ကြားလိုက်သေးလား၊ စာရေးကြီးရဲ့ သမီးလေးလေ၊ အငယ်ဆုံးမလေးပေါ့။ နှစ်ထပ်အိမ်က ကောင်လေးပေါ့။ အဲဒါ.. ကောင်လေးဘက်က ငြင်းလွှတ်လိုက်တာ ကောင်မလေးခမျာ … ” ဟု သူများအတွင်းရေး စပ်စပ်စုစု ပြောတတ်သူများ ရှိသလို..။
” ရေပို့တဲ့ ငွေမောင်းလေ၊ ဆေးရုံတက်နေရတယ်တဲ့။ ကျွန်မတို့ စုပြီး ကူငွေထည့်ရအောင်လား ”
သည်လို သူများအကျိုး ကြိုးပမ်းသူများလည်း ရှိပေသည်။
သို့သော် များသောအားဖြင့် ကောင်းသတင်းထက် မကောင်းသတင်းကို ကြားရသည်က ပိုများပေသည်။လူတွေဆိုသည်ကလည်း ကောင်းသတင်းထက် မကောင်းသတင်းကို ချဲ့ထွင် ဖြန့်ဝေရခြင်းကို ပိုမို အာတွေ့ကြသည် ထင်ပါ၏။
မိငြိမ်းသာမူ သည်ရပ်ကွက် သတင်းထောက်တွေကို ကျေးဇူးတင်ရပါသည်။ သူတို့တွေ အိမ်တိုင်ရာရောက် ပြောကြားကြ၍သာ သတင်းစုံကို သိရှိနေရခြင်း မဟုတ်ပါလား။ ထို့ကြောင့် သူတို့ အဝင်အထွက် လုပ်နေကြခြင်းကို မဟန့်တားမိ။ စကားကြော ရှည်သည်ကို မကြိုက်သော၊ သူများအတွင်းရေး စပ်စုတတ်သည်ကို မုန်းသော မိငြိမ်းသာ၏ ခင်ပွန်း ဦးစိတ်တိုကြီးကသာ မျက်နှာကြီး သုန်သုန်မှုန်မှုန်ဖြင့် ညည်းတတ်ပါသည်။
” မင်းတို့မိန်းမတွေ သဘာဝကိုကကွာ.. ထွေလီကာလီတွေ ပြောလည်း ပြောနိုင်ကြပါပေရဲ့ ” တဲ့။
မည်သို့ပင်ဆိုစေ.. သည်ရပ်ကွက်ကလေးတွင် နေရသည်ကို မိငြိမ်းသာ ပျော်ပါသည်။ ကျောင်းပိတ်ညများ၊ လသာညများတွင် ကလေးများ ပျော်ပါးဆူညံစွာ ကစားတတ်ကြပါသည်ကလည်း ရွှင်မြူးစရာ၊ အလှူအတန်း ပွဲနေပွဲထိုင် သွားစရာရှိ၍ အပျိုကလေးများ တစ်ယောက်အဝတ်အစား တစ်ယောက် ငှားဝတ်ကြသည်ကလည်း ခင်မင်ရင်းနှီးစွာ။
တစ်ခါတစ်ရံ တစ်အိမ်နှင့်တစ်အိမ် အဆင်မပြေလျှင် တစ်ရပ်ကွက်လုံး နားမခံသာအောင် ကလော်တုတ်သည့်အခါ ” ဖေဟဲ့.. ငါဟဲ့ ” အသံသည် တစ်ရပ်ကွက်လုံးညံကာ ဘဝဂ်ထိ ပျံလေတော့သည်။ သို့တစေ.. နာရေးကိစ္စ ပေါ်ပေါက်ခဲ့လျှင် ဘဝဂ်ပျံအောင် အဆဲခံခဲ့ရသည်ကို ကျန်တစ်အိမ်က မေ့ပစ်ကာ စိတ်မကောင်းကြီးစွာဖြင့် လှိုက်လှိုက်လှဲလှဲ ကူညီတတ်စမြဲသာ။
* * *
သည်လိုရပ်ကွက်အတွင်းသို့ မလှယဉ်တို့ မိသားစု ပြောင်းလာခြင်း သိကြသည်မှာ အံ့ဩစရာ မဟုတ်သော်လည်း သိကြရပုံကမူ ဆန်းသည်။
အခါတိုင်း မိငြိမ်းသာတို့ ရပ်ကွက်ထဲသို့ အပြင်လူများ ပြောင်းလာလျှင် သူတို့၏ စီးပွားရေး အခြေအနေအလိုက် ကားကြီးကားငယ်ငှားကာ ပြောင်းလာကြသူများက များသည်။ ပြောင်းလာပြီး လေးငါးရက်ခန့်ကြာလျှင် ငွေကြေးတတ်နိုင်သူ ဆိုပါက သူ့အိမ်ပတ်ဝန်းကျင်မှ အိမ်များကို ဆွမ်းကျွေးဖိတ်ကြားကာ အတူတကွ တရားနာယူရင်း မိတ်ဆွေဖွဲ့လေ့ ရှိ၏။
မလှယဉ်တို့ မိသားစုကမူ ထိုသို့မဟုတ်။ သူတို့ ပြောင်းလာကြသည်မှာလည်း နေ့အချိန်မဟုတ်၊ ညကြီးမင်းကြီး ကိုးနာရီ ထိုးခါနီးတွင်မှ ရောက်လာခြင်း ဖြစ်သည်ဟု သူတို့နှင့် အခန်းချင်း ကပ်လျက်နေသော ဒေါ်မိက နောက်မှ ပြောပြ၍ သိကြရသည်။
မလှယဉ်တို့ ပြောင်းလာပြီး တစ်နာရီခန့်ပင် မကြာတတ်သော အချိန်တွင်ပင် မလှယဉ်တို့ ရောက်နေပြီဖြစ်ကြောင်း မိငြိမ်းသာတို့ သိကြရလေပြီ။
” ပြောရမှာပဲ၊ ပြောရမှာပဲ။ မပြောစေချင်ရင် ဒီအရည်တွေ သောက်မလာနဲ့ပေါ့ ”
ခုနစ်သံချီတင်၍ ပြောလိုက်သော အသံသည် ထူးခြားစွာ အောင်မြင်လွန်းလှပေသည်။ မိန်းမထဲတွင် အလွန်ရှားပါးသော အသံမို့ ပတ်ဝန်းကျင်တစ်ခုလုံး ပီပီသသကြီး ကြားနေရသည်။ ကြားလေ့ကြားထ မဟုတ်သော အသံကြောင့် မိငြိမ်းသာတို့ စိတ်ဝင်စားသွားသည်။ ဘယ်အိမ်ကများပါလိမ့်..။ သိပ်တော့ ဝေးဝေးက ဖြစ်ဟန်မတူ။
” ဒီကဖြင့် လုပ်လိုက် ကိုင်လိုက် ရှာလိုက် ဖွေလိုက်ရတာ၊ လင်သာ ရှိတာ၊ လင့်လုပ်စာ တစ်ပြားစားရသေးလားဟင်၊ နင်ရှာတာ နင်သောက်တာနဲ့ ကုန်တာ မဟုတ်လား.. တိရစ္ဆာန်ရဲ့။ နင့်ပါးစပ် ပိတ်ထား၊ ငါ့သားကို လာမထိနဲ့ ”
” ဘာဟေ့၊ လှယဉ်တဲ့ သိလား၊ တစ်ယဉ်တည်း ရှိတယ်။ နားလည်လား။ နင့်လိုကောင်မျိုးများ မက်လွန်းလို့ မှတ်မနေနဲ့။ ကွာတယ်၊ ဆယ်ခါ ကွာတယ်။ ငါ့သားနဲ့ငါ လုပ်ကိုင်စားမယ်။ ကွာ.. ကွာ.. အခုကွာ။ ဆင်းသွား။ မငိုနဲ့ သားလေး၊ အမေရှိတယ် ”
အလို.. လှယဉ်ဆိုပါလား။ သည်နာမည်မျိုး တစ်ခါမှ ရပ်ကွက်ထဲမှာ မကြားဖူးပါဘူး။ အာဂ မိန်းမပါလား။ စံချိန်တင်လောက်သည့် အသံနှင့်လိုက်အောင် စိတ်ကြမ်းလူကြမ်းရှိမည့် ထိုမိန်းမပုံစံကို မှန်းကြည့်နေမိသည်။
” ဘယ်လို မိန်းမလဲကွာ၊ အာကျယ်လိုက်တာ။ စာဖတ်လို့ကို မရတော့ဘူး ”
ဦးစိတ်တိုကြီးက စာအုပ်တစ်အုပ်ကို ကိုင်ရင်း မိငြိမ်းသာ သိုးမွေးထိုးနေရာသို့ ရောက်လာ၏။
” လူသစ်လား မသိဘူး။ မနက်ကျမှ မေးကြည့်ရဦးမယ်။ အသံကတော့ ရှာမှ ရှားပဲနော် ”
” ဟေ့.. စကားရှည်မနေနဲ့လို့ ဘယ်နှခါ ပြောပြီးပြီလဲ။ မနေချင်ရင် ဆင်းသွား။ ငါ့သားလေး မခေါ်နဲ့။ နင်တစ်ယောက်တည်း ဆင်းသွား။ ငါ့သားနဲ့ပဲ ငါနေမယ် ”
မိန်းမက အပြတ်ကောလေပြီ။ ယောက်ျားဖြစ်သူ အသံကိုကား တစ်စွန်းတစ်စမျှ မကြားရ။ တစ်ခွန်းစ နှစ်ခွန်းစဖြင့် မိန်းမကို တအိအိ ရိနေသည် ထင်၏။
” နင်မူးတိုင်း လျှောက်ပြောမနေနဲ့။ အရည်တွေ သောက်လာပြီး အေးအေးသေနေ။ ငါ့သားတော့ မထိနဲ့နော်။ ဟင်.. လှယဉ်အကြောင်း သိတယ် မဟုတ်လား။ ဟဲ့.. သားလေး.. လာ၊ နင့်အဖေက တိရစ္ဆာန်စိတ် ပေါက်နေတာ။ လူစိတ်ရှိတော့တာ မဟုတ်ဘူး။ နင် အန်ဖတ်ဆို့သေမှ အေးမှာ။ ငါ့သားပဲ ငါ အားကိုးတယ် ”
အသံကုန် ဟစ်လိုက်သဖြင့် မောပန်းသွားဟန် တူပေသည်။ လေသံ တဖြည်းဖြည်းပျော့ကာ အားလျော့သွားလေပြီ။ သူ့ယောက်ျားလည်း အိပ်မောကျသွားပြီ ထင်သည်။ နောက်ထပ် ဘာသံမျှ ဆက်မကြားရတော့ချေ။
သည်တော့မှပဲ ရပ်ကွက်ကလေးသည် တိတ်ဆိတ်သွားကာ နရီမြည်သံ ဆယ့်တစ်ချက်တိတိကို ပီပီသသ ကြားရပေတော့သည်။
” အင်း.. ခုမှပဲ နားအေးတော့တယ်။ ယောက်ျားကို နိုင်သလောက် သူ့သားသူတော့ တော်တော်အားကိုးတဲ့ မိန်းမပဲနော် ”
” ဟာကွာ.. ဒီလောက် အာကြမ်းပြီး စကားကြောရှည်တဲ့ မိန်းမရဲ့ ယောက်ျားတော့ မဖြစ်ချင်ပါဘူးကွာ ”
ဦးစိတ်တိုကြီး၏ ညည်းပုံကြောင့် မိငြိမ်းသာ ပြုံးမိတော့သည်။
* * *
နံနက်ခင်းနေခြည်နှင့်အတူ မိငြိမ်းသာတို့၏ ရပ်ကွက်ကလေး နိုးထ လှုပ်ရှားလာသည်။
အိပ်ရာကအထ ခေါင်းထဲ ဖျတ်ခနဲ ရောက်လာသည်က မဒေါသကြီး မလှယဉ်အကြောင်း။
မိငြိမ်းသာတို့အိမ်သည် လမ်း၏ တစ်ဖက်ထိပ်ကွေ့ ရောက်ခါနီးတွင် ရှိသမို့ ဈေးသွားလျှင် လမ်း၏ ဟိုဘက်ထိပ်အထိ ဖြတ်လျှောက်ရသည်။ မိငြိမ်းသာသည် မလှယဉ် ဘယ်အိမ်ကပါလိမ့်ဟု ဈေးအသွားတွင်လည်း လေ့လာသည်။ ဈေးအပြန်တွင်လည်း အကဲခတ်သည်။ သို့သော် မျက်နှာစိမ်း မဒေါသကြီးတစ်ယောက်၏ အရိပ်အယောင်ကိုမျှ မမြင်ရပါချေ။
ထို့ကြောင့် ကလေးတွေ ကျောင်းအမီ ထမင်းချိုင့် ထည့်ပေးရန် ထမင်းဟင်းသာ ချက်နေရသည်။ စိတ်က မဖြောင့်။ ကလေးတွေလည်း ကျောင်းသွား၊ ဦးစိတ်တိုကြီးလည်း ရုံးသွားသည်နှင့် အဝတ်လျှော်စရာများကိုပင် မလျှော်အားသေးဘဲ ရပ်ကွက်သတင်းထောက်ကြီး ဒေါ်စပ်စုအိမ်သို့ ခပ်သုတ်သုတ် စနည်းနာ ထွက်မိတော့၏။ ” ဒေါ်မိတို့တစ်ဖက်ခန်းကို ပြောင်းလာတာတဲ့ ” ဟူသော သတင်းကိုကြားတော့ မိငြိမ်းသာ အံ့ဩရပြန်သည်။ ဒေါ်မိတို့အိမ်သည် မိငြိမ်းသာတို့အိမ်နှင့် ဆယ်အိမ်ကျော်မျှ ကွာဝေးသည်ကိုး။
” ဟော.. ပြောရင်းဆိုရင်း၊ လာ.. မမိ၊ ကျုပ်တောင် တော်တို့အိမ် လာမလို့။ ညက ဘာဖြစ်ကြတာတုန်း ”
” မပြောပါနဲ့တော့ မစပ်စုရယ်။ ကျွန်မဖြင့် ပုတီးပတ်တောင် ပြည့်အောင် မစိပ်လိုက်ရပါဘူးရှင်။ တကတဲ.. သောင်းကျန်းလိုက်ပုံများ၊ မိန်းမကလည်း ပတ်ဝန်းကျင်မှ အားမနာ။ တိုင်းကျော်ပြည်ကျော် ဟစ်လိုက်ပုံများ ”
ဒေါ်မိက လက်ဟန်ခြေဟန်ဖြင့် မဲ့ကာရွဲ့ကာ ပြောမှ မလှယဉ်တို့ လင်မယား၏ အသွင်မှာ ပို၍ ထင်ရှားလာလေသည်။
” အောက်တန်းစားတွေနဲ့ တူပါရဲ့ရှင်။ သူတို့ဘက်ခန်း ကျွန်မ ထရံပေါက် ဖြဲကြည့်တော့ ဘာပစ္စည်းမှလည်း များများစားစား မတွေ့ပါဘူး။ သံသေတ္တာလေးတစ်လုံးနဲ့ ခြင်ထောင်စုတ်ကလေးတစ်လုံး မြင်ပါတယ်။ အိုးခွက်ပန်းကန်လည်း အနည်းအကျဉ်း ပါတာပါ။ လက်လုပ်လက်စားတွေ နေမှာပါ ရှင် ”
” ရုပ်ပုံတွေကကော ဘယ်လိုပုံစံတွေလဲ ဟင် ”
မိငြိမ်းသာပါ ဒေါ်စပ်စုဂိုဏ်းထဲ ဝင်သွားလေပြီ။
” ရုပ်ပုံတွေတော့ မမြင်ရသေးဘူးတော့၊ မနက်က ကျွန်မနိုးတော့ သူတို့အခန်း သော့ခတ်ထားပြီးပြီ။ အစောကြီး အလုပ်သွားကြနဲ့ တူပါတယ် ”
သည်စကားကြောင့် မိငြိမ်းသာတို့ ညနေစောင်း အချိန်ကို စိတ်ဇောကြီးစွာ မျှော်ရပြန်ပါသည်။ ညနေစောင်း ငါးနာရီခွဲခန့် မိသားစုထမင်း စားသောက်အပြီး စာအုပ်ငှားရန် အကြောင်းပြ၍ ထွက်ခဲ့ရသည်။ ဒေါ်မိတို့ကလည်း လှိုက်လှဲစွာ ကြိုဆိုသည်။ ဒေါ်မိတို့ကဟု ခေါ်ရခြင်းမှာ အခြားသော သတင်းစုံစမ်းသူ သုံးဦးပါ ရောက်နှင့်နေသောကြောင့် ဖြစ်ပါသည်။ ဒေါ်မိ တစ်ဖက်ခန်း တံခါးပေါက်မှ သော့ခလောက်လေးကမူ မိငြိမ်းသာတို့ကို လှောင်နေသလိုလို။
မိငြိမ်းသာတို့ စကားစမြည်ပြောဆိုရင်း စိတ်ရှည်ရှည်ဖြင့် စောင့်စားနေမိကြသည်။ နာရီဝက်ခန့် အကြာတွင် ခြေတစ်ဖက် လိမ်တိမ်တိမ်ဖြင့် မည်းမည်းကပ်ကပ် ပုပုညှက်ညှက် မိန်းမတစ်ယောက် လမ်းထဲ ဝင်လာသည်။ သူသည် တောင်းတစ်လုံးကိုရွက်ကာ ကလေးတစ်ယောက်ကို ခါးထစ်ခွင်ချီကာ ပင်ပန်းကြီးစွာ ရောက်လာသည်။ သူ့ကို မလှယဉ်ဟု မည်သူမျှ မထင်ကြ။
သူသည် တစ်ဖက်ခန်း တံခါးပေါက်တွင် ရပ်လာတော့မှ မိငြိမ်းသာတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြတော့သည်။ သူသည် သူ့သားကလေးကို အတော်ကြီးပင် ချစ်ဟန်တူသည်။
တကယ်တော့ ထိုကလေးသည် ခါးထစ်ခွင် ချီပိုးနေရသည့် အရွယ်မဟုတ်တော့။ အသက် ခြောက်နှစ်ခန့်လောက်ပင် ရှိနေပြီ ထင်၏။ သူသည် သူ့သားကလေးကို အောက်သို့ ယုယစွာချကာ တံခါးသော့ကို ဖွင့်လိုက်သည်။ ပြီး သူ့ကို ကြည့်နေကြသူများကို နှုတ်ဆက်လိုက်၏။
” ဟဲ.. ဟဲ.. စားပြီးကြပြီလား ”
အသံကို ကြားလိုက်တော့ သေချာသွား၏။
” ဟင်.. အင်း..၊ ဟုတ်ကဲ့.. ပြီးပါပြီ။ အလုပ်က ပြန်လာတာလား ”
သူက တံခါးကို တွန်းဖွင့်ရင်း ဖြေသည်။
” ဟုတ်ကဲ့ရှင့် ၊ ကျွန်မက ငါးရောင်းပါတယ်။ ကျွန်မယောက်ျားကတော့ ခေါက်ဆွဲဆိုင်မှာ အလုပ်လုပ်ပါတယ်။ ကျွန်မ ထမင်းချက်လိုက်ဦးမယ်။ ဟဲ့.. သားလေး ၊ အိမ်အောက် မဆင်းနဲ့နော် သား ”
ပြောပြောဆိုဆို ခြေကလေး လိမ်တိမ်လိမ်တိမ်ဖြင့် ဝင်သွားတော့၏။
” ဟုတ်ကဲ့ အမေ ”
ကလေးက လိမ္မာပုံ ရသည်။ သူ့အမေ ချထားရစ်ခဲ့သည့် နေရာမှာပင် ထိုင်ကာ မိငြိမ်းသာတို့ဘက်ခန်းသို့ လှမ်းကြည့်နေသည်။ ဒါကြောင့်လည်း သူ့အမေက ချစ်ရှာ အားကိုးရှာတာပဲဟု မိငြိမ်းသာတွေးနေဆဲ…
” သားရေ..၊ တောင်းထဲမှာ ဆန်ထုပ်ကလေး ပါခဲ့ရဲ့လား၊ ကြည့်လိုက်စမ်းပါဦး ”
ခုနစ်သံချီသည် အိမ်ရှေ့သို့ လျှံထွက်လာသည်။ သားလေးက သူ့လက်တစ်ကမ်းမှာပင်ရှိသည့် တောင်းထဲသို့ မွှေနှောက်ကြည့်လိုက်ပြီး ” ရှိတယ် အမေ ” ဟု ပြန်ဖြေလိုက်၏။
” အေး.. အေး..၊ ရှိရင် ပြီးရော၊ အမေလာယူမယ် သား ”
” သား ယူခဲ့ပါ့မယ် အမေ ”
ကလေးက ရည်မွန်စွာပြောပြီး ဆန်ထုပ်ကလေးကို မ ထုတ်ယူလိုက်၏။
မိငြိမ်းသာတို့အားလုံး ဟန်မျှပင် မဆောင်နိုင်ဘဲ ပါးစပ်အဟောင်းသားနှင့် ကလေးငယ်၏ လှုပ်ရှားမှုကို ကြင်နာစွာ ငေးမော ကြည့်နေမိတော့သည်။
ဆန်ထုပ်ကလေးကိုယူ၍ သူ့အမေဆီသို့ သွားပို့သော ကလေးငယ်သည် သန်သန်မာမာ မဟုတ်ရှာပါကလား။ သူသည် ခြေထောက်ကလေးများဖြင့် လမ်းမလျှောက်နိုင်ရှာ။ ဖင်ကလေးကို တရွတ်တိုက်၍သာ နောက်ဖေးဘက်သို့ တရွေ့ရွေ့ ထွက်သွားရှာလေသည်။
မိငြိမ်းသာ၏ နားထဲတွင်ကား …
” နင့်လိုကောင်မျိုး ဆယ်ခါ ကွာတယ် သိလား။ ငါ့သားနဲ့ ငါ လုပ်ကိုင်စားမယ်။ ငါ့သားပဲ အားကိုးတယ်။ ကွာ.. အခု ကွာ.. ” ဟု သားမာန်တက်ကာ ကြိမ်းဝါးခဲ့သည့် မလှယဉ်၏ စကားများကိုသာ ကြားယောင်နေမိပါတော့သည်။
⬛
#ကြူကြူသင်း
ငွေတာရီ မဂ္ဂဇင်း၊၁၉၇၄ ခုနှစ်
copy – #Maypalae မှ
ခင်မင်မှုများစွာဖြင့် ပေးတဲ့ လက်ဆောင်…
#ခိုင်နီလာမောင်