မညှပ်သောဂဏန်း အဖမ်းခက်သည်

Posted on

“ မညှပ်သောဂဏန်း အဖမ်းခက်သည် ”(စ/ဆုံး)

———————————————–=

ဂဏန်းဆိုတာညှပ်တဲ့အမျိုးပေပဲ မညှပ်တဲ့ဂဏန်းရယ်လို့ရှိနိုင်ရိုးလား၊ လက်မကျိုးနေလို့လား၊ ဈေးကရောင်းဂဏန်းတွေလို လက်မနှစ်ချောင်းကြိုးနဲ့တုပ်ထားလို့လား၊ ဇဝေဇဝါအဖြေရှာမရရင်ဖြင့် ကျမကhintပေးလိုက်ပါ့မယ်၊ သည်ဂဏန်းကမညှပ်တတ်ပေမဲ့ ညှပ်တာထက်နာအောင်တိုက်ခိုက်တတ်ပါတယ် ၊ပုန်းတတ် ဝှက်တတ် ကိုယ်ယောက်ဖျောက်တတ်သေးလို့ သူ့ကိုထိန်းသိန်းဖို့တာ၀န်ကျသူမှာစားချိန်လွဲအိပ်ချိန်လွဲစိတ်ပူပန်စွာလည်းရှာရပါသေးတယ်၊

လွန်ခဲ့တဲ့ ဆယ်စုနှစ်ငါးခုလောက် ကျမတို့ အထက်တန်းကျောင်းသူဘဝက ကျွန်မကပဲ စကားနည်း အနေအေး လို့လား၊ ယခုလို ဆိုရှယ်မီဒီယာခေတ် မဟုတ်လို့လား၊ သူငယ်ချင်းရယ်လို့ များများစားစားမရှိ၊ အနီးစပ်ဆုံးသူငယ်ချင်း နှစ်ယောက်သုံးယောက်လောက်သာရှိပြီး တစ်ဦးနှင့်တစ်ဦး အနွံအတာခံကာ အလွန်ချစ်ခင်ကြသည်၊ ဘယ်လောက်ထိချစ် ကြသလဲဆို ယခု ကျွန်မအသက် ၆၀ ကျော်တန်းရောက်သည်အထိ အထက်တန်းက သူငယ်ချင်းသုံးယောက်အကြောင်းက ကျွန်မနှလုံးသားထဲမှာ ရှင်သန်နေဆဲဖြစ်သည်။ ထိုသုံးယောက်ထဲမှာမှ (၉)တန်း (၁၀)တန်း (၂) နှစ်လုံး ကပ်လျက်ထိုင်ခဲ့ရုံ မက (၃)လလောက် အတူနေ အတူစား အတူကျောင်းသွားခဲ့ရသည့် အေးအေးကြည်ကိုမူ အခြားသူထက်ပိုကာ ကျွန်မ ဝန်ထမ်းလုပ်သက် (၄၁) နှစ်တာ ကာလပတ်လုံး မကြာခဏ သတိရစရာအကြောင်းကပေါ်ပေါ်လာသည်၊

သူငယ်ချင်းဆိုပေမယ့် ကျွန်မတို့ခေတ်က အောင်/ရှုံး စနစ်မို့ အတန်းတူပေမယ့် အရွယ်တွေမတူကြ၊ သူကကျွန်မ ထက် (၂) နှစ်ကျော် ကြီးလို့ ကျွန်မကမျက်နှာပြောင်ပြီး“မမအေး”လို့ ခေါ်သည်။ မျက်နှာပြောင်ရတဲ့အကြောင်းကလည်း ရှိသည်၊ အဲ့ဒီအချိန်က ကျွန်မတို့နယ်မြို့လေးမှာ သာရေး နာရေး အကြောင်းကြီးငယ်ရှိတိုင်း သစ်ပင်ပေါ် လော်စပီကာချိတ် ပြီး ဓါတ်ပြားတွေ ဟိုကဒီက ဖွင့်ကြတဲ့သီချင်းထဲမှာ အဆိုတော်ကောင်လေးက

“မမအေး—မမအေး—ကျွန်နော့်ဘဝအတွက် မမအေး” နဲ့ ကြူတဲ့အသံလေး အပ်ကြောင်းထပ်နားထဲစွဲနေလို့ပါဘဲ။

မမအေးက မျက်နှာကျ သိပ်အလှကြီးမဟုတ်ပေမယ့် အရပ်မြင့်မြင့် ကိုယ်လုံးလှလှ ကျစ်ဆံမြီးအရှည်ကြီးချပြီး ယဉ်စစနဲ့ပါ၊ သူ့ဖခင်က ကျွန်မတို့မြို့နယ်ရဲစခန်းက ရဲတပ်ကြပ်ကြီး ၊ ကျွန်မတို့ (၁၀) တန်း မဖြေခင် (၃) လလောက် အလို မှာ ပိန်းကန်ကျေးရွာရဲကင်းသို့ တာဝန်ပြောင်းရွှေ့ရတော့ လိုင်းခန်းမှာ မမအေးတစ်ယောက်တည်းနေဖို့ အခက်အခဲဖြစ် လာသည်။ သူ့မိဘများက ကျွန်မမိဘများထံ အကူအညီတောင်းမှုကြောင့် မမအေးတို့လိုင်းခန်းမှာ ကျွန်မသွားနေပေး ရသည်။ မမအေးက ချက်တတ်ပြုတ်တတ်ဆိုတော့ ကျွန်မတို့နှစ်ယောက် အတူချက် အတူစား အတူကျောင်းသွား အတူစာ ကျက် ညီအစ်မရင်းတမျှ တွယ်တာမိကြကာမှ (၁၀)တန်း ဖြေပြီးတဲ့အခါ သူ့ဖခင်တာဝန်ကျရာ ပိန်းကန်ကျေးရွာကိုလိုက် သွားရလို့ ကွဲကွာသွားကြသည်။

××××××××××××××××××××××

ခန့်မှန်းခြေ(၃)နှစ်လောက်အကြာ ကျွန်မ(၁၀)တန်းအောင်လို့ လုပ်ငန်းခွင်ဝင်ပြီး(၆)လလောက်မှာ မမျှော်လင့်ဘဲ မမအေး တို့သားအဖ ကျွန်မတို့ရုံးကို ရောက်လာပါတယ်၊ မမအေးဒီဇိုင်းက ယခင်အတိုင်းမို့ ကျွန်မက တန်းကနဲ မှတ်မိပြီး

“ဟယ် — မမအေး” ဝမ်းသာအားရခေါ်ပြီး ပြေးဖက်မိသည်။

“ဟင် – ခင် -ခင်ခင်လား”

ယခင်က ပုပုသေးသေးကလေးပုံစံနဲ့ အနည်းငယ်ကွာခြားသွားတဲ့ ကျွန်မကို မမအေးက ရုတ်တရက် မမှတ်မိ။

“ဟယ် – ခင်ခင်ရယ် ပုံစံပြောင်းသွားလိုက်တာ မှတ်တောင်မမှတ်မိဘူး ၊ ဖေဖေ – ဒီမှာခင်ခင်လေ မှတ်မိလား”

“အေး – မှတ်မိပြီး သမီး”

“ခင်ခင် ဒီရုံးမှာ အလုပ်ဝင်နေတာလား”

“ဟုတ်တယ် မမအေး မကြာသေးဘူး”

“ဝမ်းသာလိုက်တာ ခင်ခင်ရယ် မမအေးက (၁၀)တန်း မအောင်ဘူးလေ ၊ ရွာမှာ ကုန်စုံဆိုင်လေး ဖွင့်ထားတယ်

အဖေကလဲ ပင်စင်ထိုင်ပြီဆိုတော့ မမအေးဘဲ လုပ်ကျွေးရမယ်မို့လား”

“ဟုတ်တာပေါ့ မမအေးရယ် ခင်ခင်ဒီရုံးမှာလုပ်လို့ မမအေးနဲ့ တွေ့ရတာနော် ၊ ဒီတစ်သက်မတွေ့ရတော့
ဘူးတောင် မှတ်တာ၊ ပျော်လိုက်တာ”

“ကမ္ဘာကြီးက လုံးနေတာဘဲ ခင်ခင်ရယ် တစ်နေ့တွေ့ရမှာပေါ့”

“မှတ်ထားနော် ပြီးမှ ခြေရာဖျောက်မသွားနဲ့၊ ဒါနဲ့ ဘာလာလုပ်တာလဲဟင်၊ အဘပင်စင်ကိစ္စလား”

ကျွန်မက မမအေးအဖေကို ကြည့်ကာ ဖြစ်နိုင်ချေကို မေးလိုက်သည်။

“ဟုတ်တယ် သမီး အဘပင်စင်လေးများ ကျပြီလားလို့”

“လာ အဘ ဒီအစ်မကြီးဆီမှာ မေးကြည့်နော်”

တိုက်တိုက်ဆိုင်ဆိုင် အဘပင်စင်အမှုတွဲကရောက်နေပြီး လိုအပ်တဲ့စာရွက်စာတမ်းတွေ ဓါတ်ပုံတွေလည်း တပါတည်းပါ လာတာမို့ လုပ်သက်ဆုကြေးနှင့် ပင်စင်လစာငွေများ တခါတည်းထုတ်ပေးမှာ ဖြစ်သည်၊ မမအေးတို့လာရင်းကိစ္စ အဆင် ပြေချောမွေ့လို့ လုပ်ငန်းဆောင်ရွက်နေတာစောင့်ရင်း မမအေးနဲ့ ကျွန်မ စကားတွေတဝကြီး ပြောကြသည်။

“အဖေ့ပင်စင်ထုတ်ပီးရင် မမအေးတို့ မင်းဘူးက်ုအပြီးပြောင်းကြမယ်ခင်ခင်၊ ဟိုမှာအဖေ့ညီမ၂ယောက်ရှိတယ် သူတို့နဲ့တိုင်ပင်ပြီး လုပ်ငန်းတခုခုအခြေချရမယ်၊ မမအေးတို့အတည်တကျဖြစ်ရင် ခင်ခင့်ကို ဘုရားဖူးလာခေါ်မယ်နော်”

“ဟေး..ပျော်လိုက်တာ အဖေတို့ကစိတ်မချလို့ ဘယ်မှမသွားရပါဘူးမမအေးရယ် မမအေးနဲ့ဆိုထည့်မှာ တကယ်လာခေါ်နော်’

“စိတ်ချခင်ခင် မမအေးအခက်အခဲကြုံတိုင်း အသင့်ရှိနေပေးတဲ့ ခင်ခင့်ကျေးဇူးကို ဘယ်တော့မှမမေ့ပါဘူး”

“အာ မမအေးကလဲ ကျေးဇူးတွေဘာတွေ ပြောရမဲ့လူကျနေတာဘဲ၊ ရော့ ရုံးဖုန်းနဲ့ အိမ်လိပ်စာယူသွား၊ ခင်ခင်မျှော်နေမယ်နော်”

××××××××××××××××××××××

 

“ဟင်! မမအေး”

သောကြာနေ့ ပင်စင်ထုတ်သွားပြီး စနေနေ့ ရုံးပိတ်ရက်ကြီး မမအေးတို့ သားအဖ ကျွန်မအိမ်ရောက်ချလာလို့ ကိစ္စထူးရှိ လာပြီထင်သည်။ အလည်အပတ်ဆိုရင်တော့ ဒီလောက်မြန်မြန် မရောက်လာတန်ရာ၊ မမအေးတို့ သားအဖကို နေရာထိုင် ခင်းပေးပြီး

“အဘ ဘာဖြစ်လို့လဲဟင်”

“အကြောင်းရှိလို့ရောက်လာတာပဲ သမီးရေ”

“ရှင်! ဘာအကြောင်းများလည်း အဘ”

“အဘပင်စင်ရတဲ့ငွေက -၆၀ဝ/- လောက် နည်းနေလို့ သမီးရယ်၊ အဘနဲ့ ရာထူးတူ လုပ်သက်တူ သူငယ်ချင်းက ပြီးခဲ့တဲ့လကမှ ထုတ်တာ အဘထက် -၆၀ဝ/-လောက်ပိုရတယ်၊ အဲ့ဒါ ဘဏ်ကများ မှားသလားလို့”

အဲ့ဒါမှ ဒုက္ခ ၊ ကျွန်မကလည်း ဘဏ်ဝန်ထမ်းပေါက်စ၊ အလုပ်ဝင်တာ (၆)လပင်မပြည့်သေး၊ ပင်စင်ကိစ္စမပြောနဲ့ ကိုယ်လုပ်ရတဲ့ စာရင်းဇယားပင် အကွက်မမှားအောင် မနည်းဂရုစိုက်နေရသူ၊ ကျွန်မတို့ ဘဏ်မှာအလုပ်ဝင်တဲ့အချိန်က Computer မပြောနဲ့ Calculator ပင် ဒီနိုင်ငံကဝန်ထမ်းတွေ မကိုင်နိုင်သေး၊ ဒါကြောင့် မန်နေဂျာကြီးနှင့် စီနီယာတွေက ဝန်ထမ်းသစ် တွေကို ကိန်းဂဏန်းကိုင်တွယ်တတ်အောင်၊ အပေါင်းအနှုတ်ကျွမ်းကျင်အောင် Bank Statement (ဘဏ်ရှင်းတမ်း)ကို စတင်ရေးသွင်းခိုင်းကြသည်၊ ကျွန်မတာဝန်က ဌာနဆိုင်ရာများမှ တစ်နေ့တာ ငွေသွင်း/ငွေထုတ် ပြုလုပ်ကြသည့် ဘောက်ချာများ၊ ချက်လက်မှတ်များကို ၎င်းတို့၏ ငွေစာရင်းအမှတ်အတိုင်း ငွေပမာဏ ကိန်းဂဏန်း မှန်အောင်ရေးသွင်းပြီး လက်ကျန်ငွေ ဖော်ပေးရတာမို့ ပင်စင်ကိစ္စနှင့် ဝေလာဝေး ။

မမအေးအဖေ ပင်စင်ရငွေနည်းနေတာက ဘဏ်ကမှားတာတော့ မဖြစ်နိုင်ဟု ယုံကြည်သော်လည်း အချစ်ဆုံးသူငယ်ချင်း မိသားစုအရေးမို့ စိတ်မအေး၊ အဘကလည်း ရဲတပ်ကြပ်ကြီးဖြစ်နေပြီး ဘဏ်မန်နေဂျာကို တိုက်ရိုက်မမေးပဲ မလောက်လေးမလောက်စား ကျွန်မကိုမှ လာမေးတော့ ကျွန်မဘယ်လိုကူညီရပါ့၊ ဟိုတုန်းက ရဲသားကြီးများသည် အနေရိုးအေးကြ ပြီး အတန်းပညာလည်း သိပ်ရှိပုံမရ၊ ခုခေတ်လိုသာဆိုလက်သီးလက်မောင်းတန်းပြီး ပြဿနာလာရှာလိုက်မယ့်ဖြစ်ခြင်း။

“အဘရယ် ရုံးဖွင့်မှ သမီးတို့ဆရာကို လာပြောပါလားဟင်”

“ဟုတ်သားဘဲဗျာ ၊ ဒီမှာညအိပ်သွား ရုံးဖွင့်ရက်မှ ဘဏ်သွားပြောပေါ့”

ကျွန်မအဖေကပါ စိတ်မကောင်းစွာ ဝင်ပြောသည်။

“နေပါစေတော့ သမီးရယ်၊ ဘဏ်ကတော့ မမှားလောက်ပါဘူး၊ ဘယ်လိုဖြစ်တာလဲ ရုံးအုပ်ကြီးကိုပြန်မေးကြည့်ပါဦးမယ်”

ဆိုကာ သားအဖနှစ်ယောက် မျက်နှာမသာမယာနဲ့ ပြန်သွားကြသည်၊

“မန်နေဂျာကြီးကို သမီးပြောပေးလို့ မရဘူးလားကွယ်၊ မအေးတို့အဖေ သနားပါတယ်၊ ငွေ-၆၀ဝိ/-ဆိုတာနည်းတာ မဟုတ်ဘူး”

“သမီးလည်း သနားတာပေါ့အမေရယ်၊ ဒါပေမဲ့ သမီးက အလုပ်သဘော နားလည်သေးတာမှ မဟုတ်တာ၊ နောက်ပြီး မှားတယ်ဆိုတာ သေချာရဲ့လားလည်း မသိပါဘူး”

“အေးလေ ဥစ္စာရင်းမှန်ရင် ပြန်ရပါစေ”

××××××××××××××××××××××

ရုံးဖွင့်တဲ့ရက်မှာတော့ ကျွန်မစားပွဲပေါ်မှာ သောကြာနေ့က ဘောက်ချာထုပ်ကြီးက စာရင်းသွင်းဖို့ ကျွန်မကို အသင့်စောင့်နေသည်၊ ဒီဘဏ်မှာ ကျွန်မလို ဝန်ထမ်းငယ်တစ်ယောက် လုပ်ပိုင်ခွင့်ရှိတာဆိုလို့ ဒီဘောက်ချာထုပ်ကြီးပဲ ရှိတာမို့ ကိုယ်ပိုင်တဲ့နယ်မြေပဲ မွှေနှောက်ရှာဖွေရန် အကြံဖြစ်မိသည်၊ တွေ့သော်ရှိ မတွေ့သော်ရှိ ကိုယ်လုပ်ပေးနိုင်တာ အပင်ပန်းခံကာ ရှာဖွေတော့မည်ဟု ဆုံးဖြတ်ကာ ကိုယ်ရေးရမယ့် ဌာနဆိုင်ရာဘောက်ချာတွေရော၊ ဘဏ်တွင်းစာရင်းဘောက်ချာတွေ ရော၊ တစ်ခုမကျန် စာသားနှင့် ဂဏန်းကို စိမ်ပြေနပြေ တိုက်ဆိုင်စစ်ဆေးသည်၊ ပင်စင်ထုတ်ပေးလျှင် ဘယ်ဘောက်ချာ တွေချလို့ ဘယ်ချက်လက်မှတ်နဲ့ ထုတ်ပေးမှန်း စာရင်းအသွားအလာလည်း ရေရေရာရာ ကျွန်မမသိ၊ ဘယ်သူ့ ကိုမှလည်း မပြောရဲ ကိုယ့်စိတ်ကူးနဲ့ကိုယ် ကျိတ်ရှာနေခြင်းပင်။

“ဟော”

“တွေ့ပြီထင်တယ်”

ကျွန်မနှုတ်ကမထွက်တဲ့အသံ ကျွန်မနားကပြန်ကြားနေရသည်၊ ကျွန်မရေးသွင်းရသည့် စာရင်းမဟုတ်သော Payment Order ချက်တစ်စောင်တွင်

စာသားကို Two thousand Eight hundred Eighty six Kyats ဟု ရေးထားပြီး

ဂဏန်းနေရာမှာ -2286/- Ks ဟု ရေးထားသောကြောင့် စာသားနှင့် ဂဏန်း -၆၀ဝိ/- တိတိကွာနေသည်၊

“ဟုတ်ပါစေ ဟုတ်ပါစေ” နဲ့ ဆက်ဖတ်ကြည့်တဲ့အခါ အကြောင်းအရာမှာ တပ်ကြပ်ကြီးဦးအေး၏ လုပ်သက် ဆုကြေးနှင့် ပင်စင်လစာငွေထုတ်ပေးခြင်း ဆိုသည့် စာသားကိုလည်းတွေ့ရော ကျွန်မထခုန်မိမတတ် ဝမ်းသာသွားပြီး ဘောက်ချာထုပ်ကြီးကိုင်ကာ မန်နေဂျာကြီးစားပွဲ စွေ့ကနဲရောက်သွားသည် ။

“ဆရာ! ဒီချက်မှာ စာသားနှင့် ဂဏန်းလွဲနေလို့ပါ”

“ပြစမ်း ပြစမ်း”

မန်နေဂျာကြီးက ကျွန်မထောက်ပြတဲ့နေရာကို အလောတကြီးကြည့်ပြီး ရှေ့ကဘောက်ချာတွေ ကိုလည်း လှန်လှောကြည့်သည်။

“ဟာ! ဟုတ်တာပေါ့၊ ဒီပင်စင်စားကိုထုတ်ပေးလိုက်တာ ငွေ၆၀၀/-နည်းသွားပြီဟေ့”

ကျွန်မနဲ့ ဆရာပြောသံတွေကြားတော့ ပင်စင်ကိုင်တဲ့အမကြီးနဲ့ ဝန်ထမ်းများ ဝိုင်းအုံလာကြသည်။ တကယ်တော့ အဲဒီအချိန်က ကျမအလုပ်၀င်ကာစမို့ ဘာကြောင့်မှားမှန်းမသိပေမဲ့ လုပ်သက်ရင့်အတွေ့အကြုံများလာတဲ့အခါ ကျမတို့နယ်မြို့လေးမှာ စဖွင့်ကာစဘဏ်တစ်ခုအ‌နေဖြင့် ဝန်ထမ်းအင်အားမပြည့်စုံခြင်း၊ ကျွမ်းကျင်၀န်ထမ်းနည်းပါးခြင်း၊ လက်ရေးလက်သားကောင်း အမှားအယွင်းနည်း စိတ်ချရတဲ့ကျွမ်းကျင်၀န်ထမ်းတစ်ဦးတည်းကိုသာ ဘဏ်စာရင်းထိန်းစာအုပ်အားလုံးကိုင်တွယ်စေခြင်း စသည့် အားနည်းချက်များကြောင့်ဖြစ်ကြောင်း သိလာရပါသည်။ မမအေးဖခင် တစ်သက်လုံး ဝန်ထမ်းလုပ်ခဲ့သည့် လုပ်သက်ဆုကြေးနဲ့ လစာငွေစုစုပေါင်းမှာ -၂၈၈၆/-ကျပ် (၁၉၇၈ က) ရမှာကို -၆၀ဝ/- လျော့ပေးထားတော့ လုပ်သက်လေးပုံတစ်ပုံနီးပါး ငွေပမာဏနည်းသွားလို့ ပင်စင်စားခမျာ နစ်နာလှ သည်။

“အဲ့ဒါ သမီးသူငယ်ချင်းအဖေပါ ဆရာ၊ သောကြာနေ့က ထုတ်သွားပြီး စနေနေ့ သမီးအိမ်ကိုရောက်လာတယ်၊ ငွေ -၆၀ဝ/-လောက်နည်းနေလို့တဲ့”

“ဟုတ်လား! အဲ့ဒါဆို သမီးသူငယ်ချင်းအိမ် အခုသွားခေါ်လိုက် ဆရာတို့ -၆၀ဝ/- ထပ်ထုတ်ပေးမယ်”

အိုး! ဝမ်းသာလိုက်တာ၊ မမအေးတို့ ဘယ်လောက်များ ဝမ်းသာလိုက်မလဲ၊ ကျွန်မရင်ထဲတောင် ကုလားဘုရားပွဲလှည့်သလို ပီတိအဟုန်နဲ့ ရင်တွေခုန်နေသည်။

“အခုသွားခေါ်လို့မရဘူး ဆရာ ပိန်းကန်မှာနေတာ၊ မော်တော်နဲ့သွားရမှာ သမီးနက်ဖြန်သွားခေါ်လိုက်ရမလား”

“အေး ကောင်းတယ် အမြန်ဆုံးသာ ခေါ်ခဲ့”

“ဟုတ်ကဲ့ ဆရာ”

ကျွန်မအဖေနဲ့ကျွန်မ မမအေးတို့ရွာသို့ မော်တော်နဲ့ လိုက်ခေါ်ကြသည်၊ သူတို့မှာ ဘာအစီအစဉ်မှမရှိ၊ ဘယ်မှလဲ သွားမမေး၊ ဒီတိုင်းလက်မှိုင်ချနေရာက ကျွန်မတို့ကိုမြင်တော့ ဒီကိစ္စမှန်း ရိပ်မိပြီး ဝမ်းသာအူမြူးကြိုဆိုကြသည်။

လိုရင်းတိုရှင်းပြောရလျှင် လျော့နည်းသွားငွေ -၆၀ဝ/- ကျပ်ကို နောက်ဆက်တွဲထုတ်ပေးလို့ နာမည်နဲ့လိုက်အောင်အေး သည့် တပ်ကြပ်ကြီးဦးအေး ပင်စင်ခံစားခွင့် အပြည့်အဝရရှိသွားသလို ဘဏ်ဝန်ထမ်းပေါက်စ ကျွန်မလည်း မညှပ်သောဂဏန်း ဘယ်လောက်စွမ်းသလဲ မြည်းစမ်းခွင့်ရခဲ့သည်။

ကိန်းဂဏန်းတွေနဲ့ အလုပ်လုပ်ရတဲ့ ကျွန်မတို့ ဘဏ်ဝန်ထမ်းများမှာ ရေးရဖန် ပေါင်းရဖန် များတဲ့အခါ အထက်က ဖြစ်စဉ်လို -၂၈၈၆/- ရေးရာမှာ (၈) နှစ်လုံးထပ် ရေးရမည့်အစား (၂) နှစ်လုံးထပ် ရေးမိသည့် လုံးတူလုံးထပ် အမှားမျိုး၊ ကိန်းတန်းများကို ဒေါင်လိုက်လျားလိုက် စာမျက်နှာများစွာရေးရတဲ့အခါ ဂဏန်းရှေ့နောက်လွဲရေးမိသည့် ဂဏန်းပြောင်း ပြန် အမှားမျိုး၊ ကိန်းတန်းရှည်လွန်းလျှင်လည်း မျက်စိလျှမ်း လက်လျှမ်း ရေးမိသည့် လုံးကျော် လုံးကျန် အမှားက တစ်မျိူး၊ ကိန်း ဂဏန်းရေးတာ မှန်ပါလျက် လက်ရေးလက်သားညံ့လို့ (3 နဲ့ 8)(4 နဲ့ 7)(7 နဲ့ 9) မကွဲတဲ့ လက်ရေးအမှားက တဖုံ အမှားမျိုးစုံ လှသည်၊ နှစ်ချုပ်စာရင်း ပိတ်ချိန်ဆို ငွေစုဘဏ် ဝန်ထမ်းများ လက်မ မရှိတဲ့ ဂဏန်းညှပ်လို့ ညအိပ်ညနေရှာရတာ မျိုးပင် ကြုံရသည်။

မတွေ့လို့သာ ရှာနေရ၊ တွေ့မယ့်တွေ့တော့ ဘာမဟုတ်တဲ့နေရာက၊ အူယားစရာကောင်းလှသည်။ အပုန်းကောင်း အဝှက်ကောင်း၊ အလိမ်ကောင်းတဲ့ ကိန်းဂဏန်းလေးတွေကိုမှ ရှာလို့တွေ့ပါသေးသည်။ ကမ္ဘာကြီးက လုံးနေပါသည်ဆိုသော နေရေးထိုင်ရေး အတည်တကျဖြစ်လျှင် ဘုရားဖူးလာခေါ်မည်ဆိုသော ကျွန်မသူငယ်ချင်း မမအေးကိုကား မတွေ့ရတာ ထိုနေ့မှစ ဤနေ့အထိပါ . . .

ဪ . . . မညှပ်သောဂဏန်း အဖမ်းခက်လှပါတော့သည်။

 

ခင်ခင်မှန်(ခရမ်း)