အိုဇာတာ(စ/ဆုံး)
————
မှေးခနဲ.. အိပ်ပျော်စရှိသေးသည်။
ဆံပင်ဖြူဖြူတွေကို..ထိုးဆွ..ဆွဲကစားလိုက်သော..တစ်နှစ်သားအရွယ်..မြေးငယ်ကြောင့် ဦးဘခင်… နိုးသွားရသည်။ ဘာမျှနားမလည်သေးသည့်..မြေးငယ်လေးကို.အပြစ်တင်..အော်ငေါက်လိုစိတ်မရှိပေမဲ့.. အိပ်ချင်နေသည့်..စိတ်ကိုတော့..ငြိုငြင်လိုက်မိသည်။
သူ့ဆံပင်တွေ ကို.ဆော့ကစားနေသည့်..မြေးငယ်သည်..သူ..နိုးလာတာသိတော့..ဖုန်းကြည့်နေသည့်..သူ့အမေ ထံပြေးလွှားသွားပြန်သည်။ မြေးငယ်.အနားက.ထွက်သွားတော့..သူ..မျက်လုံး တွေ.မှိတ်ကာ…မှိန်းနေလိုက်သည်။ သို့သော်.. သုံးနှစ်အရွယ်..မြေးအကြီးလေး..ရောက်လာကာ..
” ဘိုး… ထ..သားနဲ့..ကစားပေး…”
”ဟာ..ဘိုး..အိပ်ချင်လို့…မြေးရဲ့…နောက်မှ ဆော့ရအောင်….နော်…”
”ဟင့်အင်း…ရဘူး..ဘိုးနဲ့ဆော့မှာ..
ထ….ထလို့…ဘိုး…”
ဂျီကျနေသည့်…မြေးကြောင့်
..သူ..ထကာ…ကစားဖော်လုပ်ပေးရတော့သည်။ မြေးတို့အမေကတော့… သူတို့ မြေးအဘိုးဖြစ်အင်ကို…ကြားဟန်လည်း..မရှိ။ စိတ်ဝင်စားပုံလည်းမပေါ်။
ရင်ခွင်ထဲမှ..သမီးငယ်ကို..နို့တိုက်ရင်း.. မျက်လုံးတွေ က..ဖုန်းဆီက..မခွာပေ။ ဖုန်းကို..လက်က..တစ်နာရီကြာ အောင်ပင်..ချထားသည်မရှိ။ မြေးတို့အမေ.. မာမာသည် ဦးဘခင်၏.သမီးအငယ်ဆုံးဖြစ်သည်။
@@@@@@@@@@@@@@@
မာမာတို့..ငယ်စဥ်က.. သည်သို့ မဟုတ်။ သွားလေသူ..မာမာတို့အမေ..ဒေါ်မလေးသည်…သမီးတွေ..အိမ်တွင်းမှုလုပ်..သိမ်းထုပ်သေချာသော..မိန်းမကောင်း လေးများဖြစ်အောင်…ပုံသွင်းပေးခဲ့သည်။ လိမ္မာ ရေးခြားရှိ၍.. နေတတ်ထိုင်တတ်..သမီးတွေကို…ကြည့်ပြီး..ဦးဘခင်နှင့်..ဒေါ်မလေးတို့..စိတ်ချမ်းသာခဲ့ရသည်။
ဒေါ်မလေးကတော့..သမီးတွေကို..ကြည့်ကာ..
” ကိုဘခင်ရယ်…ကျုပ်တို့ သမီးတွေက..အဖိုးတန်လေးတွေတော့..သူတို့ ကြည့်ရတာ..သိပ်စိတ်ချမ်းသာတာပဲ..ကျုပ်တော့..အသေဖြောင့်တယ် တော်…”
လူ့ပါးစပ်..နတ်လိုက်သည်လား…တကယ် ပဲ..စိတ်ချခဲ့သည်လား..ဒေါ်မလေးတော့..စိတ်ချလက်ချ သွားကာ..ထားရစ်ခဲ့လေပြီ။ ရိက္ခာယူ များခဲ့သော..ဦးဘခင်ကတော့…ယခုထိ..ကျန်နေရဆဲ။ တစ်ခါတစ်ခါတော့…သွားလေသူကို..လွမ်းလွမ်းဆွတ်ဆွတ်ကြီးကို…သတိရမိပါရဲ့။ ဒါပေမဲ့..တစ်ခါတလေကျပြန် တော့အရင်ထွက် သွားတာပဲကောင်းပါတယ်လေဟု.တွေးမိပြန်သည်။
ဟုတ်တယ် လေ..။
ပြောင်းလဲလာတဲ့..ခေတ်ရေစီးကြောင်းမှာ..ပြောင်းလဲသွားတဲ့..သမီးတွေရဲ့..ဖြစ်အင်ကို..မြင်ရရင်တော့…သွားလေသူကြီး..အသေတောင်ဖြောင့်မည်မဟုတ်။ သူပင်..သမီးတွေကို…အားမလို..အားမရ..ဖြစ်ရသေးတာလေ။
မာမာဟာ..ဟိုအရင်က..သိပ်ကို..သပ်ရပ်တဲ့..မိန်းကလေးပါ။
အိမ်ရှေ့ခန်းက..သောက်ရေအိုးဆိုတာ..ဘယ်ခါခပ်သောက်သောက်..ဟောက်သွားတာမရှိခဲ့ရဘူး။ အိမ်ရှေ့ကြမ်းပြင်များဆို…ရေနံပတ်တိုက်ထားလို့..ပြောင်ဝင်းနေတာများ..ပေါလစ်သုတ်ထားသလိုပါ။ ဘုရားစင်ဆိုလည်း..ရှင်းသန့်နေတာများ…မြင်သူတွေ…စိတ်ကြည်သွားလောက်အောင်ပဲ။
မီးဖိုချောင်ဆိုလည်း..အိုးခွက်ပန်းကန်တွေ…သူ့နေရာနဲ့သူ..အစီအရီ..သေသေသပ်သပ်။
တိုင်မှာ.ချိတ်ရတဲ့..ပစ္စည်း.. တိုင်မှာ ချိတ်လို့။ ဘာမှ ပြောစရာမလို။ တကယ် ကို…စည်းကမ်းကောင်းသူပါ။ ဘယ်အရာမှ အလေအလွင့်မရှိရအောင်..စနစ်ဇယားကောင်းလို့..ဖအေကြီးတစ်ယောက်အနေနဲ့..ရင်ထဲကြိတ်ပြီး..ချီးကျူး..ကျေနပ်ခဲ့ရသေးတာလေ။ သြော်…ခုတော့….
” ဘိုး….ရေဆာတယ်…”
မြေးကြီးလေး၏..အသံက..သူ့အာရုံကို.နိုးထလိုက်သည်။
” အေး…မြေး..ရမယ်..ရမယ်..ဘိုး..ခပ်တိုက်ပါ့မယ်…”
ပြောပြောဆိုဆို.. သောက်ရေအိုး..ဖွင့်ကြည့်လိုက်တော့..အိုးဖင်မှာ..ကပ်နေသည့်
..ရေ..အနည်းငယ်ကြောင့်..ဉီးဘခင်..သက်ပြင်းရှိုက်လိုက်မိသည်။ မြေးကို..ရေတိုက်ပြီး..မနေနိုင်သူမို့…ရေဘုံဘိုင်မှ..ရေတစ်ပုံးဆွဲကာ..သောက်ရေအိုးဖြည့်ထားလိုက်ရသည်။
ရေဖြည့်ပြီး..ကစားသည့်နေရာတွင်..မရှိတော့သည့်…မြေးကြီးလေးကို..ကြည့်လိုက်တော့…မအေ့နံဘေးမှာ…ဖုန်းတစ်လုံးဖြင့်
…ကာတွန်းကားကြည့်နေသည်။
ငယ်လွန်းသည့်..ကလေးအတွက်.. ဖုန်းတွေက..ဘယ်လို ဆိုးကျိုးဖြစ်စေသလဲ..မာမာ..မသိလေရော့သလားမသိ။ သူ့ကို..မနှောင့်ယှက်ရင်ပြီးရော..။ နားအေးရင်ပြီးရော.
။သက်သာရင်ပြီးရော…ကလေး.လက်ထဲ..ဖုန်းထည့်ပေးတတ်သည့်..သမီး..မာမာကို..သဘောမကျမိပေ။ သို့ပေမဲ့..
သူ..ဝင်ပြောလည်း..
” အဖေ့မြေးက…ရမှ..မရတာ..”
ဟူ၍..ဆိုမည်။ ပြောသည့် ခဏ ကလေးလက်ထဲက..ဖုန်းကို..ပြန်ယူမည်။ ပြီးရင်..ဒုံရင်းဒုံရင်းပဲ..ဖြစ်မည်မို့..စကားအပိုမပြောချင်သည့်..ဉီးဘခင်..ဆိတ်ဆိတ်သာ နေဖြစ်တော့သည်။
ဖုန်းကြည့်တာများ၍..မျက်ကွင်းတွေ..ညိုကာ..မျက်လုံးလေးတွေ..မှိတ်တုတ်မှိတ် တုတ်..ဖြစ်လာတော့..သူ..မနေနိုင်။ မြေးငယ်..ဖုန်းမကြည့်ဖြစ်အောင်.. ရပ်ကွက် ထဲ..အလည်ခေါ်ကာ..အချိန်ဖြုန်းရ.. ကစားဖော်လုပ်ပေးရနှင့်..သူ့မှာ အသက်..ခုနစ်ဆယ်နီးမှ..ဘုရားတရားဘက်မလှည့်နိုင်အောင်..သံယောဇဉ် မီးလောင်ရပြန်သည်။
သမီး…မာမာကတော့..
ဖခင်အို၏..ဖြစ်အင်ကို..သိပင်သိမည်မဟုတ်ပေ။
@@@@@@@@@@@@@@@
ပြီးခဲ့သည့်…
ဉပုသ်.. က..
ဆရာတော်မှ…
” ဉီးဘခင်..အသက်က..ကြိုးနဲ့ချည်ထားတာ..မဟုတ်ဘူးနော်…
ခုနစ်ဆယ်ပြည့်တော့မယ်မလား..မြေးတွေ တွဲလောင်းနဲ့..အချိန်ကုန်မနေနဲ့..တတိယအရွယ်ရောက်နေပြီ..ဒီဘဝအတွက်..ရိက္ခာ တွေ..စုခဲ့ပြီးပြီ..နောင်ဘဝအတွက်..ရိက္ခာလည်း..စုအုံး…ရော့..
အားတဲ့အခါ..ဒီစာအုပ်တွေ..ဖတ်…”
ဆိုကာ..တရားစာအုပ်တွေပေးလိုက်သည်။ ဟုတ်ပါရဲ့။ ဆရာတော် သတိပေးမှ..နေဝင်ချိန်နီးလာတဲ့..ကိုယ့်အဖြစ်ကို..သတိချပ်မိပါ၏။ ထို့ကြောင့် ဆရာတော် ပေးလိုက်သည့်
..စာအုပ်တွေ..ဖတ်ရန်..ဖွင့်လိုက်သည်။ ပန်းတကာ ကိုတင်မြင့်
၏.”.လိုက်ခဲ့တော့…” စာအုပ်ကလေးကို..စ၍..စာရွက်လှန်ရုံ ရှိသေးသည်။
…ဝူးဝူးဝါးဝါးနှင့်..အော်ဟစ်ဆူညံနေသော..မြေးနှစ်ယောက်၏..အသံကြောင့်..စာအုပ်ကို..ပိတ်မိသွားရသည်။
” ဘာဖြစ်တာလဲ သားကြီး…ဘာတွေလဲ ဟင်…”
” ညီမလေးလေ…..ဘိုး… သားရဲ့..ကားကို..လုတာ…”
”ဟာ..ညီမလေးက..မသိတတ်သေးဘူးကွဲ့.ခဏ..ငှားလိုက်ပါအုံး..သားရဲ့..ပြီးမှ ဘိုး..ပြန်တောင်းပေးမယ်လေ…”
”ဟင့်အင်း.. ပေးဘူး…ပေးဘူး…”
အကြီးလေးက..
ပေးဘူး..ပေးဘူး..အော်ပြီး…လု..
အငယ်လေးက..အော်ငိုပြီး.ဆွဲနှင့်..ဆူညံနေတော့သည်။
မအေဖြစ်သူ..မာမာကတော့..ဖုန်းကိုကြည့်၍..ဘာတွေ သဘောကျသည်မသိ..တခွိခွိရယ်နေသေးတော့သည်။ ဉီးဘခင်.. မနေသာ..။ ကစားစရာကို..အကြီးလေးလက်ထဲထည့်ကာ..အငယ်လေးကို…ချီပြီး.. ချော့မြူရတော့သည်။
ပြီးမှ…
သြော်…ငါ့နှယ်… ဟု..ရင်ထဲမှတိုးတိတ်စွာ ညည်းမိသည်။
@@@@@@@@@@@@@@@
တစ်နေ့…
ငယ်သူငယ်ချင်း.. ဖိုးမြသာနှင့်.
.ဆုံကြသည်။ ရှေးဟောင်းနှောင်းဖြစ်တွေ..ပြန်ပြောဖြစ်ကြသည်။
” ကဲ…စကားကကောင်းတယ်..
ဖိုးဘခင်ရေ… ပြန်ရအုံးမယ်…
ဟင်းသီးဟင်းရွက်ဖောက်သည်ယူသူတွေ..လာလိမ့်မယ်..
တို့က…မင်းလို..အိုဇာတာ..မကောင်းတော့…
..အေးအေးဆေးဆေး မနေနိုင်ဘူးဟေ့….”
ဆိုကာ..ဖိုးမြသာ..ပြန်သွားသည်။ ဖိုးမြသာသည်..သားသမီးမရှိ.။ ဇနီးကွယ်လွန်သွားပြီးနောက်.. တစ်ကိုယ်တည်း.. စားပင်သောက်ပင်လေးတွေ..စိုက်ကာ..ရောင်းစားပြီး..အသက်မွေးနေသူဖြစ်သည်။
နှုတ်ဆက်ကာ ပြန်သွားသော..ဖိုးမြသာ..ကျောပြင်ကို..ငေးကြည့်ကာ..သက်ပြင်းဖွဖွချလိုက်မိသည်။ ပြီးလျှင်..
အိုဇာတာ.ကောင်းတဲ့သူက..ဖိုးမြသာလား..မိမိလားဟု..စဥ်းစားနေမိပါတော့သည်။
နှင်းစက်ဟေမန်(ဖောင်းပြင် )
( ဒီ Group. လေးမှာ..ကျွန်မ.ဝါသနာအရ.. ကြိုးစားရေးသားခဲ့တဲ့..ဝတ္ထုတိုလေးတွေ..တော်တော်များများ ရေးခဲ့ပါတယ်။ အားပေးစကားတွေလည်း..လက်ခံရရှိခဲ့ပါတယ်။ တချို့.အမြင်မတူတာတွေလည်း..တွေ့ပါတယ်။ ဒါပေမဲ့.
ဆိုးဝါးတဲ့..မန့်တွေ..မပါဘဲ..အပြုသဘောဆောင်တဲ့ မန့်တွေပဲ..လက်ခံရရှိခဲ့လို့..ကျေးဇူး လည်းတင်မိသလို..လေးစားခဲ့ရပါတယ်ရှင်။ စာချစ်သူ..အားလုံး.. ရွှင်လန်းချမ်းမြေ့ပါစေ ။)
#လွတ်လပ်စွာ
…Share..နိုင်ပါတယ် ။ ကျေးဇူးပြုပြီး..Copy.. တော့.
မလုပ်ပါနဲ့..လို့..မေတ္တာ ရပ်ပါရစေရှင်။..