‎ချစ်မုန်းအမေ

Posted on

‎ချစ်မုန်းအမေ(စ/ဆုံး)

‎————–

‎ကျွန်တော် ယနေ့ ကလေးတွေကို စာစီစာကုံးရေးရန် သင်ကြားပေးနေသည်။ ကျွန်တော့်သင်နည်းမှာ ရိုးရိုးလေးဖြစ်ပါသည်။ ကလေးတွေကို ပထမဆုံး သူတို့ရင်ထဲ ဦးနှောက်ထဲတွင် ရှိနေသည့် အရာတွေကို ဖော်ထုတ်သည်။ ထို့နှောက် ထိုအရှိတရားတွေကို အားလုံးရောမွှေပြီး ဗြောင်းဆန်အောင် လုပ်ပစ်သည်။ ဦးနှောက်မုန်တိုင်းဆင်နည်းတစ်မျိုးဖြစ်သည်။ Brainstorming ဟုလည်း ခေါ်ကြသည်။

‎ကလေးများထံတွင် အသိတရားတွေနှင့် အရှိတရားတွေကို ဖုံးလွှမ်းနေတတ်သည့် အရာများရှိသည်။ ယင်းမှာ အကြောက်တရားဖြစ်သည်။ ထိုအကြောက်တရားတွေကို အသိတရားဘက်သို့ပြောင်းပေး လိုက်နိုင်လျှင် လိုချင်သည့် အရှိတရားတစ်ခုကို ရလာနိုင်သည်။ ထို့ကြောင့် ကလေးတွေကို ပထမဆုံး ပြောရဲ ဆိုရဲအောင် လေ့ကျင့်ရသည်။ သူတို့ပြောချင်ရာပြောပါစေ ဆရာဖြစ်သူက လမ်းကြောင်းတစ်ခုခုကို တည့်ပေးလိုက်နိုင်လျှင် တန်ဖိုးရှိသော ရလာဒ်ကောင်းလေးတွေ ဖြစ်လာတတ်သည်။

‎“ဒီနေ့ စာစီစာကုံးရေးရမယ်”

‎“ဟေး”

‎ကျွန်‌တော့်ကလေးတွေ ပျော်သွားကြသည်။ စာစီစာကုံးသည် သူတို့အတွက် ကြောက်စရာမဟုတ်တော့ပါ။

‎ကျွန်တော်က ကျောက်သင်ပုန်းပေါ်တွင် ခေါင်းစဉ်ကို ရေးလိုက်သည်

‎“တစ်ဦးတည်းသောအမေ”

‎ကျွန်တော်က ကလေးတွေဘက်ကိုလှည့်လိုက်ပြီး

‎“ခေါင်းစဉ်ကို နားလည်လား”

‎“ဆရာကြီး”

‎ဖိုးထွေးက မတ်တတ်ရပ်ကာ မေးတော့သည်

‎“အမေတော့ အမေအကြောင်းပဲ … ဘာဖြစ်လို့ တစ်ဦးတည်းသောအမေလို့ ပြောရတာလဲ ဆရာကြီး … အမေက ဘယ်နှဦးရှိလို့လဲ”

‎ကြည်ပေါကပြောသည်

‎“ဟေ့ … မင်းနိုင်မှာ အမေနှစ်ယောက်တောင်မှလေ … မေမေကြီးနဲ့ မေမေလေး”

‎“ဟား … ဟား … ဟား”

‎“တော်ပြီ … ဆရာ ပြောမယ် … တစ်ဦးတည်းသောအမေဆိုတာ လောကမှာ တစ်ဆူတည်းသောဘုရားလိုပဲ ဥပမာပေးပြီးပြောတာကွယ့် … ကိုယ့်အမေလောက် ကောင်းတဲ့သူ … တော်တဲ့သူ … ချစ်စရာ … လေးစားစရာ … မြတ်နိုးစရာကောင်းတဲ့သူမရှိဘူးလို့ပြောတာ။ အမေတော့ အမေအကြောင်းပါပဲကွယ် … ဒါပေမဲ့ အမေက ကိုယ့်အပေါ်မှာ ဘယ်လောက်တောင် ကောင်းခဲ့တယ်ဆိုတာလေးကို ဆရာက ပြောစေချင်တာပါ။ ဒါကြောင့်လည်း အနှိုင်းမဲ့ … ဘာနဲ့မှ နှိုင်းလို့မရတဲ့ အမေ့မေတ္တာကို ဖော်ကျူးစေချင်လို့ ဒီခေါင်းစဉ်လေး ပေးမိတာ”

‎“သဘောပေါက်ပါပြီဆရာကြီး”

‎“ကဲ ဒီတော့ ပထမဆုံး အမေ့အကြောင်းကို ဘယ်သူစပြောမလဲ”

‎“သမီးပြောမယ်”

‎သီတာထွေးက လက်ညှိုးထောင်သည်။

‎“ကဲပြောကွယ်”

‎“အမေက သမီးကို သိပ်ချစ်တာ။ သမီး ကျောင်းကပြန်လာရင်စားဖို့ဆိုပြီး ထမင်းတွေ ဟင်းတွေ ချက်ပေး ထားတယ်။ ညအိပ်ရာဝင်ခါနီးလည်း အမေနဲ့အတူတူ ဘုရားရှိခိုးရတယ်။ အမေက ဘုရား ရှိခိုးပြီးရင် သမီးပါးကို နမ်းပြီးတော့ သွားအိပ်တော့နော်လို့ ညတိုင်းပြောတယ်။ သမီးအမေက ရှာမှရှားတဲ့ အမေမျိုးပါပဲ”

‎“လက်ခုပ်တီးကြကွယ်”

‎တစ်တန်းလုံး လက်ခုပ်တီးကြသည်။

‎“နောက်တစ်ယောက်”

‎“သားပြောမယ်”

‎သန်းထိုက်ကမတ်တတ်ထသည်

‎“သားဖျားတုန်းက အမေဆိုတာ ခုန်ပေါက်နေတော့တာပဲ။ ဆေးခန်းကိုပြေးလိုက်၊ ဆရာဝန်ကို သွားပင့်လိုက်၊ ဆရာဝန် မလာသေးလို့ အိမ်ရှေ့မှာမျှော်ရင်းက သားကိုလည်း ရေပတ်တိုက်ပေးလိုက် တစ်စက်မှ အငြိမ် မနေပါဘူး။ ဆရာဝန်လာပြီးဆေးထိုးတော့လည်း သားကို ဆေးထိုးအပ်သေးသေးလေးနဲ့ ဆေးထိုးပါနော်တဲ့။ သားနာမှာစိုးလို့တဲ့။ အမေက သားကိုတကယ်ချစ်တာ”

‎“‌ဖြောင်း … ဖြောင်း … ဖြောင်း”

‎ကလေးတွေက ဩဘာပေးလိုက်ကြသည်။

‎“နောက်တစ်ယောက်”

‎မြနှောင်းက မတ်တတ်ရပ်သည်

‎“သမီးအမေက လောကမှာ အရှားဆုံးပါ။ သမီးအဖေကို သမီးမသိဘူး။ အမေကလည်း သမီးအဖေကို မေးရင် မျက်နှာမကောင်းဘူး။ ဘယ်တော့မှ မမေးနဲ့တဲ့။ ခုအရွယ်အထိ အမေက သမီးကို နောက် အိမ်ထောင် မပြုဘဲ လယ်ထဲကိုင်းထဲမှာ အဖေလိုတစ်မျိုး … အမေလိုတစ်နည်း ရှာဖွေကျွေးနေတာပါ။ အမေက သမီးကို ပညာတတ်ကြီးဖြစ်စေချင်တယ်တဲ့။ ဒါကြောင့် ဘာမှလိုလေးသေးမရှိရဘူး။ သမီးတောင်းရင် ဝယ်ပေးတာပဲ။ လောကမှာ သမီးအမေကသာ အကောင်းဆုံး”

‎တစ်တန်းလုံး လက်ခုပ်တွေ တီးကြသည်။

‎ကျွန်တော်က ပီတိဖြစ်လွန်းသဖြင့်

‎“ကောင်းတယ် သားတို့သမီးတို့ရယ် … အမေတွေဟာ သားသမီးတွေအပေါ်ကို ဘယ်လို မေတ္တာထားတယ်၊ စေတနာထားတယ်၊ သံယောဇဉ်ထားတယ်ဆိုတာ သားတို့ဖော်ထုတ်ချက်လေးတွေက ချစ်စရာ ကောင်းလိုက်တာ … ဆရာလိုချင်တာ အဲဒါပဲ … ကိုယ့်အမေတွေက ကိုယ့်အပေါ်ကို ဘယ်လို တန်ဖိုးထားတယ် ဆိုတာလေးတွေကို ထုတ်ဖော်ပြီး ရေးနိုင်ရင် စာတစ်ပုဒ်ဖြစ်ပြီပေါ့ … ကဲ … နောက်တစ်ယောက်လောက် ပြောပါဦးလားကွယ် … ဆရာနားထောင်ချင်သေးလို့ပါ … ဟိုး နောက်တန်းမှာ ခေါင်းကို လွယ်အိတ်နဲ့ကွယ်ပြီး မျက်နှာကိုဝှက်ထားတဲ့ ချစ်မုန်း … ဘယ်လိုလဲကွ … မပြောချင်ဘူးလား”

‎“ဟင့်အင်း”

‎“ဟင့်အင်းဆိုတာ ငြင်းတာပဲကွယ့် … ငြင်းချင်တဲ့သူတွေရဲ့ ရင်ထဲမှာ လွယ်လွယ်နဲ့ ပြောချင်တဲ့ သူတွေထက် ပိုပြီးတော့ ခံစားချက်တွေ ပြင်းတတ်တယ် … ချစ်မုန်းရေ … ဆရာမင်းပြောတာကို နားထောင်ပါရစေကွယ်”

‎“ချစ်မုန်း … ပြောပါ”

‎“ချစ်မုန်း … ပြော … ပြော”

‎တစ်တန်းလုံးက ဝိုင်းပြီးတောင်းဆိုကြသည်

‎“သားရေ … တစ်တန်းလုံးကလည်း တောင်းဆိုနေပြီ … ဆရာကလည်း တောင်းဆိုပါတယ်ကွယ် … သားရင်ထဲက အမေ့အကြောင်းလေးများ ဆရာမသိရဘူးလား”

‎ချစ်မုန်းက စိုးရွံ့စွာ မတ်တတ်ရပ်လိုက်သည်။ ပုဆိုးကို ပြင်ဝတ်လိုက်ပြီးနောက်

‎“ဆရာကြီး”

‎“ပြော … သား”

‎“ဘာပြောပြောရလား”

‎“ရတာပေါ့ … ဆရာ့အတန်းမှာ ဘာပြောပြောရတာပဲလေ”

‎“သားပြောရင် တစ်မျိုးမထင်ရဘူးနော်”

‎“မထင်ပါဘူးကွယ်”

‎“သားအမေက မနေ့က သားကို ရေတစ်ထမ်း သွားထမ်းခိုင်းတယ်။ သားက ရေထမ်းပြီး ပြန်လာတော့ အမေက သူ့ယောကျ်ားအတွက် အရက်တစ်လုံး သွားဝယ်ပေးစမ်းတဲ့။ သားက အရက်မဝယ်ပေးချင်ဘူး ပြောတော့ အမေက သားကို ပါးတစ်ချက်ရိုက်တယ်။ ပါးရိုက်တာမနာပါဘူး။ သူ့နောက်လင်အတွက် အရက်ဝယ် ခိုင်းပြီး မဝယ်ပေးချင်ဘူးလို့ပြောတော့ ပါးရိုက်တာ ရင်ဘတ်ကို ဆောင့်ကန်သလိုပဲနာတယ်။ ဒါနဲ့ အရက်သွားဝယ် ပေးရတယ်။ အရက်ဝယ်ပေးပြီးပြန်လာတော့ အမေက ကြက်ဥတစ်လုံး ကြော်ပေးဦးတဲ့။ ကြက်ဥကြော်ပေးပြီး ပထွေးဆီသွားပေးတော့ အတွင်းက ကျက်သွားရမလားဆိုပြီးတော့ ပထွေးက ‌ခြေထောက်နဲ့ တစ်ချက်ထကန် တယ်။ အမေက အဲဒါကို သူ့ယောက်ျားကို မဆူဘူး။ သားကို လှည့်ပြီးတော့ နင်သောက်သုံးမကျဘူးတဲ့ … ကဲ … သားရဲ့ တစ်ဦးတည်းသောအမေအကြောင်းကတော့ ဒါပါပဲ … အဲဒီ အကြောင်းကို ရေးလို့ရမလား … ရေးရင်ရော ဆရာကြီးက အမှတ်ပေးမှာလား”

‎ဤတစ်ကြိမ်တွင်တော့ တစ်တန်းလုံး တိတ်ဆိတ်နေသည်။ ကျွန်တော်ပင် မှင်တက်မိကာ ဘာမျှ မပြောနိုင် လောက်အောင် ဖြစ်သွားသည်။ သူမေးထားသည့် မေးခွန်းကို မဖြေသေးသဖြင့် ချစ်မုန်းက မထိုင်သေး။ လက်လေးပိုက်ကာ မတ်တတ်ရပ်နေသည်။

‎“သား … ထိုင်ပါကွယ် … တစ်ဦးတည်းသောအမေအကြောင်းကို ဆရာက ရေးခိုင်းတာပါကွယ်။ သားတို့ အမေတွေက သားတို့ အထင်မှာ ကောင်းချင်လည်း ကောင်းမယ်၊ ဆိုးချင်လည်း ဆိုးမယ်၊ ဒါပေမဲ့ အမေဆိုတာ အမေပဲကွယ် … ဒါလေးတစ်ခုတော့ သတိထားကြပါ။ ဘယ်အမေမှ ကိုယ့်သားသမီးကို မချစ်ပဲတော့ မနေပါဘူးကွယ် … ချစ်မုန်းကို မင်းအမေခိုင်းနေတာ အကြောင်းရှိမှာပေါ့ … သားက အရက်သွားမဝယ်ရင် မင်းအမေက ကိုယ်တိုင် သွားဝယ်ပေးရတော့မယ်လေ … သားက သားအမေ အရက်ဆိုင်သွားပြီး အရက် ဝယ်တာကို သဘောကျမှာလား”

‎“မကျဘူးဆရာကြီး”

‎“နောက်ပြီးတော့ ကြက်ဥကြော်ခိုင်းတော့လည်း သားအမေက အားနေလား အလုပ် လုပ်နေလား”

‎“ဆေးလိပ် လိပ်နေရပါတယ်ဆရာကြီး”

‎“ကဲ … သူမအားလို့ သားကို ခိုင်းတာလေကွယ် … သားက အချက်အပြုတ်တတ်သလား”

‎“ထမင်းဟင်း … အားလုံးချက်တတ်တယ်”

‎“ဘယ်သူသင်ပေးလဲ”

‎“အမေ”

‎“သားအမေက သားဘဝတစ်ခုလုံးအတွက် အကွက်ချပေးနေတာလို့ မြင်ကြည့်ပါလား … သားဘာသာ ရပ်တည်နိုင်ရေးအတွက် သူက ပျိုးထောင်ပေးနေတယ်လို့ သားတွေးကြည့်ဖူးလား။ သူ့မှာ ငယ်ငယ် ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်ရတယ်။ သားတို့ဘဝအတွက် နောက်အိမ်ထောင်ပြုရတာလို့ နားလည်ပေးဖူးလား။ သားပထွေး ဆိုးတာ ကောင်းတာ ဆရာမပြောလိုဘူး။ ဒါပေမဲ့ သူ့ဆိုးကွက်ချည်း မကြည့်နဲ့ မမြင်နဲ့။ သူကောင်းတာ လေးတွေလည်း ရှိမှာပါ။ ဒီတော့ သားစိတ်ထဲရှိတာကို ရေးနိုင်တယ်။ ကောင်းတာရေးရေး၊ ဆိုးတာရေးရေး ဆရာ လက်ခံတယ်။ ဒါပေမဲ့ သားတို့သမီးတို့ သိထားဖို့က အမေဆိုတာ သားတို့မှာ တစ်ဦးတည်း … တစ်ယောက်တည်းဆိုတာလေးကို မြင်နိုင်အောင်ကြည့်ဖို့ ဆရာ ပြောချင်တယ်။ ဆရာ ထပ်ပြောပါရစေကွယ် … အမေဆိုတာ အမေပါပဲ”

‎ချစ်မုန်းစာစီစာကုံးကို နောက်တစ်နေ့တွင် ပထမဆုံးဖတ်သူမှာ ကျွန်တော်ဖြစ်သည်။ သူက စာစီစာကုံး ထဲတွင် သူ့အမေ မကောင်းကြောင်းတွေကိုရေးသလို ကောင်းကြောင်းတွေကိုလည်း ခံစားရသည့် အတိုင်း ပွင့်လင်းစွာ ရေးပြလာသည်။

‎ကျွန်တော်က မဆိုင်းမတွပင် သူ့စာစီစာကုံးရေးထားသည့် စာရွက်ပေါ်တွင် “ကောင်း” ဟူ၍ ရေးပေးလိုက် မိသည်။

‎ကျောင်းတက်ချိန်တွင် စာစီစာကုံး‌ရေးထားသည့် စာရွက်တွေကို ပြန်ဝေခိုင်းလိုက်သည်။

‎ချစ်မုန်းမှာ သူ့စာရွက်လေးကိုကြည့်ကာ ပီတိဖြစ်နေရှာသည်။

‎သူ့နောက်ဆုံး စာပိုဒ်လေးကို သဘောကျမိသည်။

‎“ကျွန်တော်သည် ဤစာစီစာကုံးကို ရေးနေချိန်အထိ အမေ့ကို ချစ်စရာကောင်းသောသူဟု လက်မခံနိုင် သေးပါ။ ညက စာစီစာကုံးရေးပြီးနောက် ကျွန်တော်အိပ်ပျော်သွားသည်။ အမေက ကျွန်တော်ရေး ထားသည့် စာတွေကို တိတ်တိတ်လေး လာခိုးဖတ်နေသည်။ ကျွန်တော်က အိပ်ချင်ယောင်ဆောင်နေသည်။ အမေက စာကိုဖတ်ပြီး မျက်ရည်တွေကျနေသည်။ ထို့နောက် ပထွေးအိတ်ထဲမှ ပိုက်ဆံတစ်ကျပ်ကို သွားယူပြီး ကျွန်တော့် ကွန်ပါဘူးထဲတွင် ထည့်ထားခဲ့သည်။ အမေ့ကို ကျွန်တော်ချစ်သည်။ ကျွန်တော် မုန့်ဖိုးမရသည်မှာ ကြာခဲ့ပြီ”

‎တင်ညွန့်

‎၇.၄.၂၀၂၂