အတုံ့အလှည့်(စ/ဆုံး)
—————-
” ယဥ်သန့်ရေ ယဥ်သန့် ”
အိမ်ဝကနေခေါ်သံကြောင့် ကုတင်ပေါ်မှာ အနားယူပြီးဖုန်းပွတ်နေရာကနေ အပြေးအလွှားအိမ်ဝကို ထွက်ကြည့်လိုက်ပါသည် ။
” ဟတ် မိစိုး ။
မလာစဖူး အလာထူး ။ ဘာစိတ်ကူးပေါက်တာလဲ ”
နှပ်ချေးတွဲလောင်းကတည်းက ခုအရွယ်အသက်၄၀ကျော်ထိ ခင်မင်လာရတဲ့သူငယ်ချင်းမလေး ။
သူကတော့ ၁၉ နှစ်နဲ့အိမ်ထောင်ကျပြီး ကလေး ၃ယောက်အမေဖြစ်တာကြာပါပြီ ။
အိမ်ထောင်ကျပြီးကတည်းက ကိုယ့်ဆီမလာတော့ပဲ ကိုယ်ကသာ တဖွတ်ဖွတ် တရွှတ်ရွှတ်သူ့အိမ်သွား အာလူးဖုတ်နေရခဲ့တာ ။
အခုမှ မလာစဖူး အလာထူးလှသည် ။
” ဟဲ့ မလာစဖူး အလာထူးတာတွေ ဘာတွေလုပ်မနေနဲ့ ။
ငါသတင်းထူးတခုကြားလို့ နင့်ပြေးသတိရတာနဲ့လာခဲ့တာ ”
” ဘာသတင်းထူးလဲဟ ။ လုပ်စမ်းပါအုန်း ”
” ဟိုလေဟာ အကြားအမြင် အကြားအမြင်ဆရာမကြီး ရောက်လာလို့ ”
” နင့်ဟာကလည်း လိပ်ပတ်လည်အောင်ပြောလေ ”
” ငါတို့မြို့ကို အရမ်းမှန်တယ်ဆိုတဲ့ အကြားအမြင် မယ်တော်ဆရာမကြီးရောက်လာလို့ ။
အဲ့ဒါ အရှေ့ပိုင်းမှာ ၃ ရက်ပဲ ဓာတ်စခန်းဖွင့်ပြီးသူနဲ့ပဋ္ဌာန်းဆက်ပါတဲ့သူတွေကို ကယ်တင်ပေးမလို့တဲ့ ။
သတင်းကြားတာနဲ့ငါနင့်ကို ပြေးမြင်မိတော့တာနဲ့လာပြောတာ ။
ငါလည်း သားတွေအလုပ်ကိစ္စဘာညာ မေးချင်တာနဲ့နင်လည်းမေးစရာရှိတာမေးရအောင် အဖော်လာစပ်တာ ”
” ဟင် ဟုတ်လား ။ အတော်ပဲ အတော်ပဲ ။
မေးရမယ် မေးရမယ် ။
ငါလည်း အချစ်ရေးမေးချင်တာနဲ့အတော်ပဲ ”
” ဟွန်း
နင့်မလဲ မေးလိုက်ရတဲ့အချစ်ရေး ။ ၁၆ နှစ်ကနေ အနှစ်၄၀ကျော်ထိ မေးလို့ကို မပြီးဘူး ”
” ဟတ်
နင်ကလင်ရသွားတာကိုးဟဲ့ ။
ငါကလင်မှမရသေးတာ ။ အချစ်ရေးက မေးရမှာပေါ့ ”
” အေးပါ ။ ဘယ်လောက်မေးမေး စွံမဲ့ရုပ်လည်း မဟုတ်ပါဘူး ”
” ဘာ
မယူလို့ မရတာဟဲ့ ”
” အေး ဟုတ်ပါတယ် ။
အခု နင်လိုက်မယ်ဆို အဝတ်အစားလဲ တခါတည်းလိုက်ခဲ့ ”
” ဟတ် အခုချက်ချင်းလား ”
” အေးပေါ့ ။ ဒီနေ့က နောက်ဆုံးရက်ဖြစ်နေပြီ ။ မြန်မြန်လုပ် ”
ဒီလိုနဲ့ပဲ သူငယ်ချင်း ၂ယောက် အကြားအမြင်ဆရာမရှိတဲ့အိမ်ကို ရောက်ရှိခဲ့ပါတော့သည် ။
•••••••••••••••••••••••••••••••••••••••
” ဟဲ့ လူအတော်များသားနော် ။ ငါတို့တအားနောက်ကျမလားမသိဘူး ”
” တယောက်ကို မေးခွန်းတခုထဲမေးရတာတဲ့ မကြာဘူး ။ ငါစုံစမ်းပြီးပြီ ”
စာရင်းပေးရမဲ့နေရာမှာ တုံကင်ယူစာရင်းပေးပြီး ထိုင်ခုံတွေမှာထိုင်စောင့်ကြရသည် ။
ဆရာမကြီးဆိုသူကိုတော့ အခန်းထဲမှာမလို့ မမြင်ရ ။
နှစ်နာရီလောက်ကြာအောင်စောင့်ပြီးချိန်မှာတော့ မိစိုးနာမည်ခေါ်သည် ။
မိနစ် ၂၀လောက်မှာ သူငယ်ချင်းပြန်ထွက်လာတော့ ကိုယ့်နာမည်ကိုခေါ်တာမလို့ အခန်းထဲကို စိတ်လှုပ်ရှားစွာနဲ့ ကမန်းကတမ်းဝင်လိုက်သည် ။
အခန်းထဲဝင်လိုက်တာနဲ့ ဘာကြောင့်ရယ်မသိ အရှိန်အဝါတခုခုက ကြီးစိုးထားနေသလို တကိုယ်လုံးကြက်သီးမွေးညှင်းတွေထသွားမိသည် ။
ဘုရားရှေ့မှာ ပူဇော်ထားတဲ့ အမွှေးတိုင်နံ့တွေကတော့ မွှေးကြိုင် ထုံအီလွန်းလှသည် ။
အခန်းပတ်လည်မျက်လုံးဝေ့ဝိုက်ကြည့်တော့
အဘဘိုးမင်းခေါင်ရုပ်တု ၊ အဘ ဘိုးဘိုးအောင်ရုပ်တုတွေ ၊ သူရဿတီမယ်တော်ရုပ်တုနှင့် အခြားရုပ်တုလေးတွေကိုလည်းတွေ့ရသည် ။
အကြားအမြင်ဆရာမကြီးဆိုသူကတော့ အသက် ၆၀ကျော်နေပြီဟုခန့်မှန်းရသည် ။
နဖူးကိုအပြောင်သိမ်းပြီး အဖြူအနက်ရောနေတဲ့ဆံပင်ကို ဆံထုံးမြင့်မြင့်ထုံးထားသည် ။
ကိုယ်ပေါ်မှာဝတ်ဆင်ထားသော ယောဂီရောင်ဝမ်းဆက်က အဖြူဘက်နွယ်သော အသားအရည်နှင့်ကျက်သရေရှိလှသည် ။
လှမ်းကြည့်နေသော မျက်ဝန်းအစုံက ရင်ထဲကိုထွင်းဖောက်သွားမတတ်စူးရှလှသည် ။
ဆရာမကြီးရှေ့မှာ ရိုရိုသေသေလေးဝင်ထိုင်လိုက်ပြီးတာနဲ့
” ဟင်းးးးးးး ”
သံရှည်ဆွဲပြီး ဟင်းချလိုက်တဲ့ ဆရာမကြီးအသံကြောင့် နဂိုကတည်းကဓာတ်ခံမကောင်းသောကိုယ့်မှာဆတ်ကနဲတုန်တက်လန့်သွားမိသည် ။
ပြီးတော့မှ ဆရာမကြီးက ခပ်တိုးတိုးလေသံနှင့်
” ကြာသပတေးသမီး ညည်းတော့အေ ။
အမေ တယ်မပြောချင်ဘူး ”
အဲ !!!!!
ကြာသပတေးသမီးဆိုတာလည်း တန်းသိနေပါလား ။
ငါလည်း ဘာမှ မမေးရသေးပဲ ။
” ဒီမှာ ငါ့သမီး
ငါ့သမီးဖြစ်နေတာတွေက အမေမယ်တော်အကုန်သိတယ် ။
ဒါပေမဲ့ စည်းကမ်းအရ အမေးရှိမှ အဖြေပေးလို့ရမယ် ။ မေးစမ်း သမီးရင်ထဲရှိတာ သိချင်တာ အမေ့ကိုအကုန်ပြောစမ်း ”
” ဒီ ဒီလိုပါ အမေရယ် ။
သမီးကအပျိုကြီးပါ ။ ငယ်ငယ်လေးကစပြီး ခုအရွယ်ထိ မိဘတွေသူငယ်ချင်းတွေက
” နင်အပျိုကြီး လုပ်မှာလား ” မေးတိုင်း ဟင့်အင်းပဲ ဖြေခဲ့တာပါ ။
ပြောရမယ်ဆို ကိုယ့်ကိိုကိုယ်မလို့ ညွှန်းတာမဟုတ်ပါဘူး ။
သမီးရုပ်ရည်ကလည်း အမေမြင်တဲ့အတိုင်း ပြည့်ပြည့်ဖူးဖူးလေးနဲ့ ချစ်စရာကောင်းတဲ့ထဲပါပါတယ် ။
လူတန်းစေ့ ဘွဲ့လေးတခုလည်း ရထားပါတယ် ။
စီးပွားရေးကလည်း မရှိမရှားအနေအထားပါ ။
ဒါပေမဲ့ သမီးလေ
အချစ်ရေးမှာတော့ ကံဆိုးတယ် အမေရယ် ။
သမီးဘယ်လောက်ပဲချစ်ခဲ့ ချစ်ခဲ့ သမီးအချစ်ကို တန်ဖိုးမထား ပစ်သွားတဲ့သူနဲ့ပဲတွေ့ရတယ် ”
ပြောလည်းပြော ကိုယ့်ဘဝကို ဝမ်းနည်းလှစွာနဲ့မျက်ရည်တွေက အလိုလိုစီးကျနေမိပြန်သည် ။
” ဟင်းးးးး ”
အမေမယ်တော်ဆီက သက်ပြင်းမောကြီးချလိုက်သံ ထပ်ကြားမိပြန်သည် ။
အမေက ဘာမှမပြောသေးတာနဲ့ကိုယ်ကပဲဆက်ပြီး
” သမီးလေ
ဗေဒင်ကော အကြားအမြင်ဆရာတွေကော ခုလိုဖြစ်နေရတာ ဘာကြောင့်လဲဆိုပြီး သိချင်လို့ လိုက်မေးတာ စုံနေပြီ ။
သူတို့အားလုံးက သမီးကိုလေ
နဂါးသိုက်ကလာတယ်လည်းပြောကြတယ် ။
ဘီလူးသိုက်ကလာတယ်လည်းပြောကြတယ် ။
မိကျောင်းသိုက် ၊ ငါးမန်းသိုက် ၊ စပါးကြီးမြွေသိုက် ဝေလငါးသိုက်••• ”
” ဟဲ့
နင်ဟောတာငါနားထောင်ရမှာလား
ငါဟောတာ နင်နားထောင်မှာလား ”
” အမေဟောလေ
အမေကပြောဆိုလို့ သမီးလည်း သမီးသိသလောက် အမေ့ကိုပြောပြတာဟာ ။
သိုက်ကလာလို့ သမီးက အဖက်ဖက်ကပြည့်စုံနေပေမဲ့ လင်မရတာတဲ့ ။
အရင်ဘဝက တော်စပ်ခဲ့တဲ့လင်က ၂ယောက်တောင်ရှိတာတဲ့ ။
သူတို့က သူတို့က သမီးလင်ရသွားမှာစိတ်ပူပြီး စိတ်ပူပြီး ••• ”
” ဟဲ့
နင်ပဲ ဆက်ဟောနေလိုက်တော့ ”
” အဲ
အဲ့ဒီလိုမဟုတ်ဘူးလေ အမေရဲ့ ။ သမီးက သမီးအရင်ကမေးဖူးတာတွေ ပြောပြတာမျိုးပါ ”
” တော်စမ်း
ဘာအဓိပ္ပါယ်မှမရှိတာတွေ ။
ကိုယ်လုပ်ခဲ့တဲ့အကုသိုလ်နဲ့ကိုယ် လင်မရတာကို ဘာသိုက် ညာသိုက် သိုက်တွေဆွဲထည့်နေသေး ။
သိုက်ကသူ့ဟာသူနေတာ ”
အမေ့အသံက နဂိုကကြားရသောအသံနဲ့မတူတော့ပဲ တခုခုဝင်ပူးကပ်နေသလို စူးရှပြီးဟိန်းထွက်လာသည် ။
” အကုသိုလ်ဆိုလို့ သမီးလေ ခြင် ၊ ဂျပိုး နဲ့ ပရွတ်ဆိတ်လောက်သာ သတ်ဖူးတာပါ အမေ ။
တခြား အကောင်နည်းနည်းကြီးရင်တောင် မသတ်ဖူးပါဘူး ။
ကံ ၅ပါးကို အိုပါး ဒါရိုက်တာရင်နဲ့ဂူဂျွန်ဖြိုးလောက်တော့ စိတ်ကူးယဥ် ယဥ်ထဲ ဟိုဟာလေ စိတ်ကူးယဥ်ထဲတော့ ”
” ဟဲ့
အကုသိုလ်ဆိုတာ ကံ ၅ပါးချိုးဖောက်တာတင်မကဘူးဟဲ့ ။
ဝဋ်မှာအမြဲ ငရဲမှာအပ ဆိုတဲ့စကား မကြားဖူးဘူးလား ။
အခုညည်းလုပ်ထားတာက အကုသိုလ်ဝဋ် ။
နေပါအုန်း ။
ကျုပ်မေးပါရစေအုန်း ။ ညည်းအိမ်မှာ ကြောင်တွေ ဘယ်အရွယ်ကတည်းက မွေးတာလဲ ”
အမေကလည်း ဘာတွေထစိတ်တိုလာသည်မသိ ။
သမီးခေါ်ရာကနေ ညည်းတွေဘာတွေဖြစ်ကုန်တော့သည် ။
ပုဂ္ဂိုလ်တယောက်ယောက်များ ဝင်ပူးစီးနေသည်လားမပြောတတ် ။
ဒါပေမဲ့ ဘာဆိုင်လို့တုန်း ။
လင်မရတဲ့အကြောင်းမေးနေပါတယ်ဆိုမှ ကြောင်ကိစ္စက ဘာဆိုင်လို့ ပါလာရပြန်လဲ မသိ ။
” မသိတော့ဘူးအမေ ။ သမီးငယ်ငယ်ကတည်းကဆိုတော့ မွေးသမျှ အကောင်တရာကျော်မလားပဲ ”
” ညည်းငယ်ငယ်ကမွေးတာ ဘာပြသနာမှမရှိဘူး ။
ညည်းအပျိုဖြစ်မှ ညည်းချစ်လို့ဆိုပြီး ညည်းလက်ညည်းခြေ ခေါ်မွေးတာတွေ ”
” ဟုတ်
အဲ့ဒါလည်း
အများကြီးပဲ အမေ ။
သမီးက ကြောင်တွေ ခွေးတွေ တိလေးတွေဆို အရမ်းချစ်တတ်တော့လေ ။
မျက်စိအောက် သနားစရာဘဝနဲ့ရောက်လာရင်မွေးလိုက်တာပါပဲ ”
ဘာတွေမေးနေပြန်ပြီလဲ ။
အဓိကက လင်မရတာ ဘယ်သိုက်က ဘယ်လိုနှောင့်ယှက်လို့ ဘဝဟောင်းက မောင်တော်တွေက မကြိုက်လို့ သိုက်ကြိုးဖြတ်ဖို့ ပွဲပေးဖို့တွေ ထပ်ပြီး လိုမလို သိချင်တာဟာ ။
ခုက ကြောင်မွေးတဲ့ကိစ္စလာမေးနေ ဘာမှ မဆိုင်တာကြီး ။
ဒါ လုပ်စားမယ်တော်ကြီးလားမသိ ။
” ဟင်းးးဟင်းးးးး
ညည်းနော် ။
ငါ့ကို လုပ်စားမယ်တော်ဘာညာ တွေးနေတယ်မလား ။
ဟင်းးးးးဟင်းးးးး
သိတယ်နော် သိတယ် ။
ကိုယ့်အကုသိုလ် ကိုယ်မမြင်ပဲ ငါ့ပါ လုပ်စားတယ်တွေးနေသေး ။
အဲ့ဒီလို သံသယတွေများလို့လည်း ညည်းလင်မရတာ ”
ဟင်
ငါတွေးနေတာ အကုန်သိနေပါလား ။
” အဲ့ဒါကလေ
ကန်တော့နော် ကန်တော့ ။
သမီးကမဆိုင်ဘူးထင်လို့ လျှောက်တွေးမိတာပါ ”
” ညည်းတို့ အသိတရားပိစိလေးလောက်နဲ့ ဘာသိမှာလဲ ။
အဘတို့ အမေတို့လို လောကီကိစ္စတွေမှန်သမျှ ချက်ကနဲ ဒက်ကနဲ ပြောနိုင်တဲ့ ပုဂ္ဂိုလ်တွေပဲ သိမှာပေါ့ ”
” ဟုတ် အမေ ဟုတ် ”
” အေး
ညည်းမွေးထားသမျှ ကြောင်တွေထဲကမှ
အစဥ်အဆက် ဥ ဖြုတ်ခိုင်းလာခဲ့တာ ဘယ်နှကောင်လဲ ”
” ဟင် !!!!!!!!!!!!!!!!
အဲ့ဒါကလေ အမေ
ဟို
ဟို
တကောင်
နှစ်ကောင်
သုံးကောင်
လေးကောင်
ငါးကောင်
နောက်ပြီး သားသားရွှေဝါလေးတုန်းကတခါ
နောက်ပြီး ”
” ဟဲ့ ဟဲ့
တော်ပြီ တွက်မနေနဲ့ ။ ဒီတနေကုန်တောင် ညည်းစာရင်းကပြီးပါ့မလားပဲ ။
သူတို့ကို ဘာလို့ အဲ့ဒီလိုလုပ်ခဲ့တာလဲ ”
” ဟွန်
အမေကလဲ
ဒင်းးတို့ဟာမတွေအိမ် ဖွန်သွားကြောင်ပြီဆို တရက်နဲ့ပေါ်မလာ တပတ်နဲ့ပေါ်မလာ ။
ပြီးရင် ကိုက်ကြဖဲ့ကြ ဒဏ်ရာတွေနဲ့ပြန်ရောက်လာကော ။
သမီးက ဆေးကုပေးရတာ ။
ပြီးရင် သက်သာလာတာနဲ့အမှတ်မရှိ သူ့ဟာမအိမ် ပြန်သွားပြန်ကော ။
ပြီးရင် ခွေးလိုက်ခံရတာလဲ ခဏ ခဏ ။
ရန်တွေကတပုံကြီး ”
” အေး
အဲ့ဒါ သူတို့ကံတရားနဲ့သူတို့လေ ။ ညည်းက ကြားထဲကနေ သူတို့ကံကို ကိုယ့်ကံဖြစ်အောင်ဖန်တီးလိုက်တာ ။
ညည်းမို့အေ မကြောက်မရွံ့ ။
သူတို့ချစ်သူတွေမျှော်နေမှာ မသနားဘူးလား ။
ကိုယ်ချင်းစာစိတ်တစက်မှမရှိတဲ့ မိန်းမ
ညည်းလင်မရတာ နည်းသေး ”
လာပြန်ပြီ ဒါပဲ ခလုတ်တိုက်နေတယ် ။
” သမီးက သားသားတွေကောင်းစားစေဖို့လုပ်တာဟာ ”
” အဲ့ဒါ ညည်းအတွေးလေ ။
ညည်းသားသားတွေရဲ့ချစ်သူကြောင်မလေးတွေကကော ။
သူ့ဆီလာနေကြ သူ့ကောင်လေးကို ဥအဖြုတ်ခံရပြီးကုန်းကုန်းဖြစ်သွားလို့ မလာတော့တာမသိပဲ လာနိုး လာနိုးနဲ့ မျှော်နေရှာမှာလေ ။
အဲ့ဒီကြောင်ထီးလေးနေရာ ညည်းချစ်သူဆိုရင်ကော ။
ဘုမသိ ဘမသိ ဘာကြောင့်မှန်းမသိ ချစ်ချစ်ခင်ခင်ကနေ အကြောင်းမကြားပဲ ပျောက်သွားရင် မလာတော့ရင် ဘယ်လိုခံစားရမလဲ ”
” အင်းးး
အဲ့ဒီလိုတော့ ”
” အင်းတွေ အဲတွေ လုပ်မနေနဲ့ ။
ညည်းကို ဟောရတာ အကြာဆုံးပဲ ။
မှတ်ထား ။ ညည်းဘယ်သိုက်ကမှလာလို့ လင်မရတာမဟုတ်ဘူး ။
ညည်းချစ်သူတွေ ညည်းကို ထားရစ်ခဲ့တယ်ဆိုတာကလည်း ညည်းလုပ်ခဲ့တဲ့ အကုသိုလ် ဝဋ်ကြွေးကြောင့် ။
ညည်းနဲ့ချစ်သူဖြစ်ပြီးမကြာဘူး သူတို့ခမျာ ညည်းလုပ်ခဲ့တဲ့အကုသိုလ်တွေကြောင့် မိန်းမလိုချင်စိတ်ပျောက်သွားပြီး လင်လိုချင်တဲ့စိတ်ပဲဖြစ်ကုန်ကြတာ ။
အကုန်ခြောက်ကုန်ကြတာ ရှင်းလား ”
” အါ့ဆို အါ့ဆို သမီးက လင်မရတော့ဘူးလားဟင် ။
သမီးနဲ့ကြိုက်လိုက်ပြီဆို အစိုမဟုတ်တော့ပဲ အခြောက်ဖြစ်ကုန်ကြတယ်ဆိုတော့ ”
” ဒါကတော့ မတတ်နိုင်ဘူး ။
ဝဋ်ကြွေးသာမှတ် ”
” ဟင့် !!!!!
ဟင့် !!!!!!
အါ့ဆိုရင် သမီးမှာ မျှော်လင့်ချက်မရှိတော့ဘူးပေါ့နော် ”
” ရှိတယ် မျှော်လင့်လို့တော့ရသေးတယ် ”
” တကယ်
ဝမ်းသာလိုက်တာ အမေရယ် ”
” ဝမ်းသာတာက ဝမ်းသာပေါ့ ။
ဒါပေမဲ့ အိမ်ပြန်ရောက်ရင် ညည်းဖြုတ်ခဲ့တဲ့ အကောင်တွေကို သေချာပြန်ရေ ။
ညည်းဝဋ်ကြွေးက ညည်းလုပ်ခဲ့တဲ့ အကောင်အရေအတွက်ကုန်ရင် လွတ်မှာ ။
အဲ့ဒီ့အကောင်အရေအတွက် မကုန်မချင်းတော့ ညည်းထားသမျှရည်းစားတွေ ညည်းကိုပစ်ပြီး လင်ပဲယူကုန်ကြမှာ ။
ဘယ်သိုက်ကလာလို့ ဘယ်မောင်တော်တွေရှိလို့မှ လင်မရတာမဟုတ်ဘူး ။
ပေါက်ပန်း ရှစ်ဆယ်တွေ ။
ကဲ ကဲ နောက်တယောက် ခေါ်မယ် ”
ဥာဏ်ပူဇော်ခလေးတင်ခဲ့ပြီး ဟောခန်းထဲကနေ မျက်နှာငယ်လေးနဲ့ထွက်လာတဲ့ ကိုယ့်ကို အပြင်မှာစောင့်နေတဲ့ သူငယ်ချင်းက
” ဟဲ့ အဆင်ပြေရဲ့လား ။
ဘာတွေဟောလိုက်လို့နင့်ရုပ်က လဒမှိုင်ရုပ်နဲ့ဘယ်လိုဖြစ်နေတာလဲ ”
သူငယ်ချင်းမကို ဘာမှပြန်မဖြေနိုင်သေးပဲ လက်ကာပြလိုက်ပြီး
” ဟို••••
သားသားရွှေဝါပြီးတော့ သားသားကြယ်လေးနဲ့သားသားဖိုးလုံး
ပြီးတော့
–
–
–
–
–
ပြီးတော့
–
–
–
–
–
သားသား ဖိုးပွလေးအပါဆို ၄၃ ကောင်
အဲ့ဒီနောက်မှာ အနက်ရောင်အမွှေးပွပွလေးနဲ့ သားသား ညိုရစ်
ပြီးတော့ အဖြူတခြမ်းအနက်တခြမ်း ဝဝတုတ်တုတ် သားသား ကောက်ချိတ် ။
ပြီးတော့ ပြီးတော့ •••••• ”
ယဥ်ယဥ် ( ရွှေခယ််မြေ )