လေနှယ်တိမ်နှယ်လွင့်(စ/ဆုံး)
————————–
ပြတင်းပေါက်မှ လှမ်းကြည့်နေမိသည်။ ဘယ်နှခါရှိပြီလဲမသိ။ ကိုးနာရီလာမယ်လို့ ပြောထားပေမယ့် ကိုယ်က ရှစ်နာရီ လောက်ကတည်းက ပြတင်းပေါက်ကို ခဏခဏ ကြည့်နေမိသည်။ ဘယ်လို ပုံစံလေးနဲ့များ လာမှာပါလိမ့်၊ အသားအရေက ဖြူမှာလား၊ ညိုမှာလား၊ ဝါမှာလား၊ ကိုယ့်ကို တူရင်တော့ ဖြူဖြူဖွေးဖွေးလေး ဖြစ်လိမ့်မည်။
အမလေး သွားစမ်းပါ သူ့ အဖေဆိုတာ၊ စကားထဲ မပြော ချင်တာ ကြာလှပြီ။ အတွေးထဲကို မလာနဲ့။ ဒါပေမယ့် သမီးသည် သူ့ အဖေနဲ့ တူနေမှာပဲလို့ တထစ်ချတွက် မိသည်။ မေမေနဲ့မနေဘူး၊ ဖေဖေနဲ့ နေမှာဆိုသည့် အော်ဟစ်သံကို နားထဲမှာ ပြန်ကြားယောင်လာတော့ ခါး သီးစွာ ခေါင်းတစ်ချက် ရမ်းမိသည်။
”ဟော လာကြပြီ”
ကားတစ်စီး တိုက်အောက်တွင် ရပ်သံကြားရပြီ။ မိန်းမတစ်သိုက် ဆင်းနေကြသည်ကို ကမန်းကတမ်း ငုံ့ကြည့်မိသည်။ ဆံပင်ရှည်ရှည်နှင့် ညိုညိုတုတ်တုတ် ကောင်မလေးတစ် ယောက်ကို ခေါင်းပိုင်းလေးက မြင်ရ တော့ သူအံ့သြသွားသည်။ သမီးက ဆံပင်အရှည်နှင့်လား။ လှေကားမှာ တဝုန်းဝုန်း တက်လာသံ ကြားရသည်။ ပထမထပ် သူ့အခန်းကို လူတွေ စုပြုံ ဝင်လာကြသည်။ ဘယ်နှယောက် လာလာ သူကတော့ သမီးကိုသာ လှမ်းခေါ်မိသည်။
”လာ သမီးထိုင်”
သမီးက ရုပ်ရှင်တွေ ဗီဒီယိုတွေ ထဲကလို သူမကို မျက်ရည်လည်ရွှဲနှင့် ပွေ့ဖက်ခြင်း မပြုပါ။ မျက်လုံးဝိုင်းလေး နှင့် ကြောက်သလို ရွံ့သလို ကြည့်နေ သည်။ သမီးအကြည့်ထဲမှာ သူ့ကို ချစ်ခင်လေးစားမှုတွေ ရှာမတွေ့၍ စိတ်ထဲ ထင့်ကနဲ ဖြစ်သွားသည်။ အခန်းသည် ခေတ္တတိတ်ဆိတ်နေ သည်။ ဘယ်သူမှ စကားမပြောကြ။ ကားဆရာဟု ထင်ရသူက-
”ပြောစရာရှိတာ ပြောကြလေ။ ကျွန်တော်က ပဲခူးထိ ပြန်မောင်းရမှာ လေ”
သူသိထားသော ယောင်းမသုံး ယောက်ထဲမှ လည်လည်ပတ်ပတ် အရှိဆုံးဟုထင်သော မဝင်းက စကား စသည်။ အကြီးနှစ်ယောက်ဖြစ်သည့် မသင်းနှင့် မနှင်းက မျက်နှာသေကြီး တွေနှင့် ငြိမ်နေကြသည်။
”ညည်း မန္တလေးမှာ အထက် တန်းပြဆရာမ ဖြစ်နေတာ သိတယ်။ ငါ့မောင်လည်း ဆုံးသွားပြီ။ ဒီတူမလေး တစ်ယောက်ရှိတာ။ ငါတို့နဲ့ဆိုရင် ပညာမတတ်မှာစိုးလို့ ညည်းဆီ လာ ပို့တာပဲ။ သူကလည်း အမေနဲ့နေချင် တယ်တဲ့။ ဘာပြဿနာမှတော့ မရှိ ပါဘူး။ တစ်လှည့် ညည်းနဲ့ နေကြည့် ဦးပေါ့”
သူဘာမှမပြောလိုက်ရပါ။ ကိုယ် မွေးထားတာပဲလေ။ တာဝန်ရှိတယ်၊ ခေါ်ထားရမှာပေါ့ဆိုသည့် စိတ်ကလွဲ ၍ တစိုးတစိတုန်လှုပ်ခြင်းမရှိ။ ကောင် မလေးကို ခေါ်ထားလိုက်သည်။ ပဲခူး ကွင်းရွာလေးတစ်ရွာမှာ အလယ်တန်း ပြတာဝန် ထမ်းဆောင်စဉ် အစ်မသုံး ယောက်၏မောင်နှင့် အိမ်ထောင်ကျ ကာ သမီးလေးတစ်ယောက် ရခဲ့သည်။ လယ်ဧက ၅ဝ ကျော်ပိုင်တဲ့ မောင်နှမ တွေဆိုတော့ ဖြန်းဖြန်းကွဲ အလုပ် လုပ်နိုင်ကြသည်။ စကားပြောကလည်း မချိုသာကြ။ ကျောင်းမှာစာသင်ရတာ မော၍ အိမ်အပြန် ခဏလေး လှဲမိပါ က-
”ဟိုမှာတော့ ရှင်ပင်ပက်လက် ရေစက်လက်”
ဟု အပြောခံရသည်။ အလုပ်ထွက် ပြီး ထမင်းအိုး၊ ဟင်းအိုး ချက်စေချင် တာ။ လယ်ထဲကို ထမင်းပို့စေချင်တာ။ အသေးအဖွဲ့ကအစ အကြီးအကျယ် သဘောထား ကွဲလွဲကြသည်။ လက် သာသော သူ့အဖေလက်ထဲက ဘယ် လိုမှ ခေါ်မရနိုင်သော သမီးကို ထားခဲ့ ရသည်။ ဒေါ်ဝိုင်းဝိုင်းခင် အသည်းက မာပါသည်။ ကျောင်းအဆင့်ဆင့် ပြောင်းခဲ့ရာ တင့်တယ်လှပေသော ကိုယ်ဟန်ကြောင့် အပျိုကြီး အခေါ် ခံရသည်။ အပျိုကြီးဘဝမှာ နေသားကျ နေကာမှ ဒီကောင်မလေးက ငါ့ဘဝ ထဲကို ဖျက်လို့ ဖျက်ဆီးလုပ်ဖို့ ပြန် ဝင်လာတာလား သူတွေးရင်း ငိုင် နေသည်။
”မေမေ”
တိုးတိုးဖွဖွ အသံလေးကြား တော့ ဆတ်ခနဲ လန့်သွားသည်။
”ငါ့ကို မေမေ မခေါ်နဲ့။ မန္တလေး က အကုန်လုံး ငါ့ကို အပျိုကြီးလို့ပဲ သိကြတာ။ ညည်းရောက်မှ ငါသိက္ခာ ကျမခံနိုင်ဘူး။ အန်တီလို့ပဲခေါ် တူမ လို့ ပြောထားမယ် ရမလား ရရင်နေ”
”ရပါတယ် မေမေ အဲလေ အန်တီ”
ကောင်မလေး မျက်နှာတစ်ချက် မပျက်ဘဲ ပြောသည်။ သူ့စိတ်ထဲ သဘောကျသလို ဖြစ်သွားသည်။ အင် သူ့အဖေနဲ့တူတဲ့ကောင်မ ငါနဲ့ ဖြစ်ပါ့မလား စိတ်ကတော့ ခပ်ပြတ် ပြတ်ပဲဟု တွေးမိသည်။
မျက်နှာတင်းတင်းထားပေမယ့် သမီးကို လုပ်စရာတွေ တာဝန်ကျေ အောင် လုပ်ပေးသည်။ ပထမဆုံး စကူပီဆိုင်ကယ်တစ်စီးဝယ်ပြီး ဆိုင် ကယ်စီးသင်ပေးသည်။ ကျူရှင်တွေ အပ်ပေးသည်။ ဆယ်တန်းကို ကောင်း ကောင်းဖြေနိုင်အောင် သင်ပေးသည်။ သူအလုပ်တွေ ရှုပ်နေသဖြင့် ကိုမျိုး ကို မေ့နေသည်။ သူမေ့နေသည့် ကိုမျိုးသည် စင်ကာပူမှ ပြန်လာသော အခါ လက်ဆောင်တွေ တပွေ့တပိုက် သယ်ယူလာပြီး သူ့ထဲသို့အရောက် သမီးကို တွေ့သောအခါ အံ့သြသွား သည်။
”ဝိုင်းရဲ့ အိမ်ဖော်အသစ်လား”
သမီးသည် ပါးစပ်လေး ဟသွား အောင် အံ့သြသွားသည်။ သူ့မျက်နှာ ကို အားကိုးတကြီး လှမ်းကြည့်သည်။
”ဝိုင်းရဲ့ တူမလေးပါ။ အမေအဖေ မရှိတော့ ဝိုင်း ခေါ်ပြီး စောင့်ရှောက် ထားရတာလေ၊ ဘာဖြစ်လို့လဲ ဟင်”
”ရှုပ်ရှုပ်ယှက်ယှက် ဝိုင်းရယ်၊ ဘယ်ကတူမ ပေါ်လာပြန်တာလဲ၊ ကိုက အခု ဝိုင်းနဲ့လက်ထပ်ဖို့ ကိစ္စ စဉ်းစားနေတာနော်။ မေမေကလည်း ကုမ္ပဏီပိုင်ရှင်တွေ၊ ဆရာဝန်မတွေ ဝိုင်းဝိုင်းလည်နေတဲ့ထဲက အိနြေ္ဒရရ အပျိုကြီးဆိုပြီး ဝိုင်းကို ချစ်နေတာ”
”အပြင်သွားရအောင် ကိုမျိုး ရယ်”
သူတို့နှစ်ယောက် အပြင်မှာ လည်း စကားပြော အဆင်မပြေကြ ပါ။ သမီးဟာ သူ့ဘဝအတွက်တော့ ဖျက်မြင်းပါပဲ။ အဆင်ပြေကာနီးမှ ရောက်လာသည့် အချိန်ကိုက်ဗုံးတစ် လုံးလို ကိုမျိုးနှင့် သာယာပျော်ရွှင် ဖွယ်ဘဝ ဖန်တီးတော့မည့် သူ့ကို တစ်စစီ ပြိုကွဲစေမှာလား။
”ညည်း ငါ့ဘဝထဲကို ရောက်လာ တာ အနယ်ထိုင်ပြီးသား ရေကို နှောက် လိုက်လို့ အနယ်တွေပြန်ထလာသလို ပဲ၊ ငါမလိုချင်တော့ဘူးအေ”
အိမ်ပြန်ရောက်တော့ စကား တွေ ပြောထွက်မိသည့်အတွက် သမီး ဘယ်လောက် ထိခိုက်နာကြည်းသွား မယ်ဆိုတာ သူမသိ။ သမီးအိပ်ရာထဲ က ရှိုက်သံတွေကိုလည်း ဥပေက္ခာ ပြုထားမိသည်။ ဒီလိုနှင့် ရက်တွေ ကြာလာသည်။ တစ်ရက် ပြတင်း ပေါက်မှ အပြင်ကို လှမ်းကြည့်မိပြီး သမီးကို အရေးတကြီး ခေါ်မိသည်။
”သမီး လာကြည့်စမ်း၊ လာကြည့် စမ်း၊ ဟိုမှာတွေ့လား သူ့အမေက ကလေးလေးကို ရေချိုးပေးနေတာ၊ သမီးငယ်ငယ်တုန်းကလည်းလေ အန်တီက သမီးကို ဒီလိုပဲ ရေချိုးပေး ခဲ့ဖူးတယ်။ ထမင်းတွေလည်း ဝါးခွံ့ တာ၊ သမီးက စားလိုက်တာလေ”
ဒီစကားတွေ ပြောနေစဉ် သူ့ မျက်နှာ နူးညံ့နေပါလိမ့်မည်။ သူ ဘာလို့ ပြောမိပါလိမ့်၊ စဉ်းစားနေမိ စဉ် သမီးက စကားတစ်ခွန်း ပြော လိုက်သည်။
”သမီး ဒေါ်ဒေါ်ဝင်းတို့ကို မှာ ထားတယ်။ ဒီနေ့ လာကြမယ်နဲ့ တူ တယ် အန်တီ”
သူ့မျက်လုံး ဝငျးဝငျးတောကျေ အောင် စိတ်တိုသွားသည်။ ဘာလို့ လှမ်းခေါ်ရတာလဲ၊ သူ့အဒေါ်တွေကို ဒီအမျိုးတွေကို၊ ဒီမျက်နှာတွေကို သူ မမြင်ချင်ဘူးဆိုတာ သမီး မသိရော့ သလား။
”သမီး ဒီမှာ မပျော်တော့ဘူး အန်တီ၊ အန်တီပြောသလိုပဲ သမီးဟာ အန်တီအတွက် အနှောင့်အယှက်ပါ။ စာမတတ်ချင်လည်း နေပါစေတော့။ သမီး အမှိုက်ပုံးဆင်းသွန်တိုင်း အိမ် နီးချင်းတွေက ဒေါ်ဝိုင်းဝိုင်းခင်တို့ အိမ်က အိမ်ဖော်လေးလားလို့ မေး ကြတယ်။ သမီး ဘယ်လိုဖြေရှင်းရမှာ လဲ၊ သမီးမဖြေတတ်ဘူး။ သမီး ဘာ လုပ်ရမှာလဲ၊ သမီး ဒီမှာမပျော်ဘူး၊ ပဲခူးပဲ ပြန်တော့မယ်”
”ပြန်ချင်ပြန်ပေ့ါ၊ ငါကလည်း ခေါ်ထားချင်တယ်ထင်လို့လား ပြန်ပြန် ခုပြန်”
သူပေါက်ကွဲ အော်ဟစ်နေပေ မယ့် သမီးက သွေးအေးအေး ခပ် တည်တည်၊ ဘုရားရေ သမီးဟာ သူ့ ကို အလုံးစုံ တူတာပါလား။ သမီး လေးရဲ့ ငိုသံတွေကို မျက်ကွယ်ပြုပြီး သူကြိုက်ရာဘဝကို ရွေးခဲ့သည့် အသည်းနှလုံးမျိုး သမီးမှာလည်း ပိုင်ဆိုင်နေပါလား။ ရုပ်ကသာ အဖေ ကိုတူပြီး စိတ်က အမေကို တူသည့် မေမေ့သမီးလေး၊ ချစ်လိုက်တာ၊ ချက် ချင်းပဲ သူထိုင်ရာက ထပြီး သမီးကို ပွေ့ဖက်မည်ပြုလိုက်စဉ် တံခါးက ဝုန်း ခနဲ ပွင့်သွားသည်။ အို မုန်းလိုက်တာ ယောင်းမသုံးယောက်က အော်ကြီး ဟစ်ကျယ်နဲ့ အခန်းထဲကို ဝင်လာကြ သည်။
”ဟေ့ မဝိုင်း၊ ညည်းဘာပညာ တတ်လဲ၊ ကိုယ့်သမီးကိုတောင် အိမ် ဖော်လို့ အထင်ခံရအောင် နေတဲ့ မိန်းမ”
”ဟေ့ စာမတတ်လည်း ထမင်း မငတ်ဘူးဟေ့၊ လယ်တွေရှိတယ်။ အခု … ငါ့တူမကို ပြန်ခေါ်သွားမယ်”
”ဒီလောက်တောင် ဖြစ်လှတာ၊ ဘွဲ့တွေ တန်းစီရပြီး နိုင်ငံခြားထိ ရောက်အောင် သင်ပေးမယ်ဟေ့”
”လာ ငါ့တူမလေး အခုချက်ချင်း ပြန်လိုက်ခဲ့”
”ခေါ်သွားကြ၊ ခေါ်သွားကြ၊ အခု ချက်ချင်း ခေါ်သွားကြ၊ သွား ဘယ် တော့မှ မလာနဲ့”
ဒီကောင်မတွေရှေ့မှာ ချစ်လိုက် တာ သမီးရယ်ဆိုပြီး အရှုံးပေးပြရမှာ လား။ အမေနဲ့တူတဲ့ သမီးလေးဆိုပြီး ဆွဲထားရမှာလား၊ ဝေးသေးတယ်၊ ဝိုင်းဝိုင်းခင်ရဲ့ ဘဝမှာ ဘယ်တော့မှ မရှုံးစေရဘူး။ ပြတင်းဝကို သွားပြီး သူတို့ကို ကျောပေးနေလိုက် သည်။ အသံတွေ တိတ်သွားသည်။ သူတို့ သွားကြပြီ၊ ကားတစ်စီး ဝူးခနဲ ထွက် သွားတာ မြင်လိုက်ရသည်။ သမီးလေး ပါသွာပြီ။ နောက်နောင် တွေ့စရာ အကြောင်းမရှိတော့။ ကိုမျိုးနှင့် လွတ် လွတ်လပ်လပ် ဘဝသစ်ထူထောင်နိုင် ပြီ။ ဝမ်းသာရမှာ မျက်ရည်တွေက ဘာလို့ ပြိုဆင်းလာရတာပါလိမ့်။ ရင် တွေ တလှပ်လှပ် တုန်လာသည်။ ဘယ်ဖက်ရင်အုံထဲက ဆိုးဆိုးဝါးဝါး အောင့်လာသည်။ အခန်းကြီးက ချာ ချာလည်လာသည်။ ပြတင်းဝမှာပင် သူ ပုံလျက်လဲကျသွားသည်။
#ယဉ်ယဉ်နု(မန္တလေး)