ဆ န္ဒ နှင့် ဘဝ

Posted on

ဆ န္ဒ နှင့် ဘဝ(စ/ဆုံး)
—————–

ညက ညဉ့်နက်သည့်တိုင် စာဖတ်ထားသဖြင့် အိပ်နေမိသည်။ ကျောင်းပိတ်ရက်လည်း ဖြစ်သဖြင့် အနားယူ နေမိခြင်းဖြစ်သည်။

“ဆရာ … ဆရာ”

အိမ်ရှေ့မှ ခေါ်သံကြားသဖြင့် မထချင် ထချင်နှင့် ခြင်ထောင်ထဲမှ ထွက်ခဲ့သည်။
အိမ်ရှေ့တွင် တစ်လမ်းတည်းနေ မမြခင်သည် ကလေးကို ခါးထစ်ခွင်ချီထားပြီး ခြံဝတွင် ရပ်နေသည်။

“မမြခင် လာလေ … ဘာကိစ္စလဲ”

“ဆရာ … အကြီးကောင် အိမ်ကထွက်ပြေးသွားလို့။ လုပ်ပါဦးဆရာ”

“ဘာတွေဖြစ်လို့လဲ”

“မပြောတတ်ပါဘူးဆရာရယ်။ ညက ကျွန်မလည်း စိတ်ဆိုးလွန်းလို့ သူ့ကို ရိုက်လိုက်မိတယ်။ ဘယ့်နှယ် ဆရာရယ် ဒုက္ခရောက်နေရတဲ့ကြားထဲက စက်ဘီး ဝယ်မပေးရကောင်းလားဆိုပြီးတော့ ပြဿနာရှာနေတယ်။ ခုလည်း ကြည့်လေ ကျွန်မပိုက်ဆံတွေ ခိုးသွားတယ်။ မနက်က အစောကြီး သူ့သူငယ်ချင်း ဖိုးစီနဲ့ စက်ဘီးအတူ စီးပြီး ထွက်သွားတယ်လို့ လမ်းထိပ်က အကြော်တဲကပြောတယ်။ ကျွန်မလည်း ကလေးတစ်ဖက်နဲ့ လုပ်ပါဦး ဆရာရယ်။ ဆရာ့တပည့်ကို ရှာပေးပါဦး”

ချစ်ထွေးသည် ကျွန်တော်သင်နေသည့် ၈ တန်းမှ ကျောင်းသားတစ်ဦးဖြစ်သည်။ သူ့အဖေသည် မကြာသေးမီ ကမှ ပြည်သူပိုင်ပစ္စည်းခိုးမှုဖြင့် ထောင်ကျသွားသည်။ သူ့အမေ မမြခင်ကလည်း ကလေးအငယ်နှစ်ယောက်နှင့် ဒုက္ခတွေရောက်ကာ ကျန်ခဲ့သည်။ သည်ကြားထဲက အကြီးကောင်က ဗွေဖောက်သဖြင့် ကျွန်တော်လည်း မနေသာ မျက်နှာသစ် အဝတ်အစားလဲပြီး အပြင်ကို ထွက်ခဲ့ရတော့သည်။

လမ်းထိပ်လက်ဖက်ရည်ဆိုင်ထဲတွင် ဖိုးစီနှင့် သူ့သူငယ်ချင်းတွေ ထိုင်နေသည်ကို တွေ့လိုက်ရသဖြင့် ကျွန်တော်က ဖိုးစီထံသွားကာ

“ဟေ့ ဖိုးစီ … ချစ်ထွေးဘယ်မှာလဲ” ဟုမေးလိုက်ရာ သူက ခေါင်ကြီး ငုံ့နေသည်။

“ပြောလေကွာ”

“ဆရာ … သူအိမ်မှာ မနေချင်တော့ဘူးဆိုပြီးပြောလို့ မနက်က အစောကြီး ဘူတာကို စက်ဘီးနဲ့ လိုက်ပို့ပေး လိုက်တယ်”

“ဟုတ်ပြီ မင်းစက်ဘီး ဘယ်မှာလဲ”

“ဟိုမှာဆရာ”

“လာ လိုက်ခဲ့”

ကျွန်တော်က ဖိုးစီကိုတင်ပြီး စက်ဘီးကိုနင်းကာ ဘူတာကိုထွက်လာခဲ့သည်။ ဘူတာကိုရောက်သော်

“ကဲ … မင်းပြန်တော့” ဟုပြောလိုက်သည်။

ကျွန်တော် ဘူတာထဲကို ဝင်ခဲ့သည်။

ဘူတာထိုင်ခုံတန်းတွင် ထိုင်နေသော ချစ်ထွေးကို တွေ့လိုက်ရသည်။ သူက ကျွန်တော့်ကို မမြင်။ ကျွန်တော်က သူ့အနီးကို သွားလိုက်ပြီး

“ချစ်ထွေး” ဟု ခေါ်လိုက်ရာ သူကလန့်ပြီး မော့ကြည့်သည်။

သူ့ရင်ခွင်ထဲတွင် လွယ်အိတ်လေးကို ပိုက်ထားပြီး ကျွန်တော့်ကိုတွေ့လျှင် လွယ်အိတ်လေးကို တင်းနေအောင် ဆုပ်ထားလိုက်သည်။ ကျွန်တော်က သူ့ဘေးတွင် ဝင်ထိုင်လိုက်ပြီး

“ဘယ်လဲကွ”

“ဟို … ဟို ဆရာ … ရန်ကုန်ကိုပါ”

“တစ်ယောက်တည်းလား”

“ဟုတ်ကဲ့ … ဆရာရော ဘယ်သွားမလို့လဲ”

“ငါလား အိုးလေးစုဘက်ကို သွားမလို့ကွ။ မင်းကိုတွေ့လိုက်လို့။ လက်မှတ်ဝယ်ပြီးပြီလား”

“ဟုတ်ကဲ့ ဝယ်ပြီးပြီဆရာ။ ရထားက ဒီနေ့ နောက်ကျနေတယ်”

“ရန်ကုန်ကို ဘာသွားလုပ်မလို့လဲကွ”

“ဟိုလေ … အမေကခိုင်းလို့”

သူကခေါင်းကြီးငုံ့ကာဖြေသည်။

“ချစ်ထွေး”

“ခင်ဗျာ”

“မင်းအဖေ ဘာဖြစ်လို့ ထောင်ကျသွားရသလဲသိလား”

“ခိုးလို့ပါဆရာ”

“ဘာဖြစ်လို့ ခိုးတယ်ဆိုတာရော သိလား”

“မသိဘူးဆရာ။ အမေကပြောတာပဲ။ အဖေအလုပ်ထဲက ဘိလပ်မြေတွေခိုးလို့ ပြည်သူပိုင်ပစ္စည်း အလွဲ သုံးစားမှုနဲ့ ထောင်ကျသွာတာတဲ့”

“မင်းအဖေက အရင်ခိုးဖူးသလား”

“မခိုးဖူးပါဘူးဆရာ”

“ဘာဖြစ်လို့ ခုမှခိုးတယ်ဆိုတာရော မင်းသိလား”

“ကျွန်တော် မသိဘူးဆရာ”

“မင်းအဖေကို ငါတရားရုံးမှာ စီရင်ချက် ချတဲ့နေ့က အဲဒီလိုပဲ မေးကြည့်မိတယ်ကွာ။ ကိုအောင်မြင့်ရယ် ဘာဖြစ်လို့ ဘိလပ်မြေအိတ်တွေကို ခိုးရတာလဲလို့။ သူက ဘာပြန်ပြောတယ်မှတ်သလဲ”

ကျွန်တော်က စကားကိုရပ်ထားလိုက်သည်။ သူက စိတ်ဝင်စားစွာဖြင့် နားစွင့်နေသည်။

“ကျွန်တော့်သားက စက်ဘီးတစ်စီး ဝယ်ခိုင်းနေတယ်တဲ့။ သူ့သူငယ်ချင်းတွေအားလုံးက ကျောင်းကို စက်ဘီးလေးတွေကိုယ်စီနဲ့ လာကြတော့ စက်ဘီးလိုချင်နေတာကို ဘယ်လိုမှ ဝယ်ပေးနိုင်တဲ့ အခြေအနေမှာ မရှိလို့ ဘိလပ်မြေအိပ်တွေကို သူညတာဝန်ကျတဲ့အချိန်မှာ ခိုးထုတ်မိတာတဲ့။ အဲဒါ မိသွားရောလေ။ တရားဥပဒေမှာက ကျွန်တော့်သားလေး စက်ဘီးလိုချင်လို့ ခိုးမိပါတယ်ဆိုပြီး ပြောလို့ မရဘူးကွာ။ ခိုးတာက ခိုးတာပဲ။ ပြီးတော့ ပြည်သူပိုင်ပစ္စည်းကို ခိုးတယ်ဆိုတော့ ပိုဆိုးတာပေါ့။ မင်းအဖေထောင်ကျသွားရတာဟာ အဲဒီ စက်ဘီးကြောင့်ပဲ။ ငါ မင်းအဖေအကြောင်း ကောင်းကောင်းသိတယ်။ တစ်သက်လုံး နာမည်ပျက် မရှိခဲ့ဘူး။ မင်းလိုချင်နေတဲ့ စက်ဘီးလေးကို ဝယ်ပေးချင်လွန်းလို့ သူ့မှာ မလုပ်သင့်တာတွေ လုပ်လိုက်တာပဲ”

မောင်ချစ်ထွေးတစ်ယောက် ခေါင်းကြီး ငုံ့ကာ မျက်ရည်တွေကျနေသည်။

“ပြီးတော့ မင်းက သားအကြီးဆုံးလေ။ မင်းမရှိရင် မင်းအမေက မင်းညီမလေး နှစ်ယောက်နဲ့ ဘယ်လိုနေထိုင် စားသောက်ကြမလဲဆိုတာ မင်းစဉ်းစားကြည့်မိရဲ့လား။ နေပါဦး မင်းရန်ကုန်ကို ဘာကိစ္စနဲ့ သွားမှာလဲ”

“ဆရာ …”

“ပြောလေကွာ”

“ကျွန်တော် အိမ်ကထွက်ပြေးလာတာပါဆရာ”

“ထွက်ပြေးလာပြီးတော့ ရန်ကုန်ကို ဘာသွားလုပ်မလဲ”

ထိုစဉ် ရထားကြီးက ဘူတာထဲကို ဝင်လာသည်။

“ကဲ မင်းရန်ကုန်ကို သွားမယ်ဆို … သွားလေ”

ချစ်ထွေးက ထိုင်ခုံမှ ထလိုက်သည်။ သူသွားသည့်နေရာမှာ ရထားဆီကိုမဟုတ်။ ရထားကြီးနှင့် ဆန့်ကျင်ရာ ဘူတာ၏ အပြင်ဘက်ကိုဖြစ်သည်။

ကျွန်တော်က ထိုင်ခုံတွင် ဆက်ထိုင်နေမိသည်။ ရထားက ဥဩဆွဲကာ တဖြည်းဖြည်းလိမ့်သွားသည်။

ရထားကြီး မြင်ကွင်းကပျောက်သွားသည်အထိ ကျွန်တော် ငေးကြည့်နေမိသည်။
လွန်ခဲသော နှစ်ပေါင်း ၃၀ လောက်က ဤဘူတာထဲရှိ ထိုင်ခုံတစ်ခုတွင် အိမ်ကထွက်ပြေးလာသည့် ကောင်လေး တစ်ယောက်ထိုင်ခဲ့ဖူးသည်။

ထိုကောင်လေးကို ဘူတာမှလာပြန်ပြီး ခေါ်သူမှာ သူ့အဖေကိုယ်တိုင်ဖြစ်သည်။ သူ့အဖေက

“သားရယ် … သားသမီးတိုင်းရဲ့ဆန္ဒကို အဖေဖြည့်ပေးချင်တာပေါ့။ ဒါပေမဲ့ အဖေက တန်ခိုးရှင်တစ်ယောက်မှ မဟုတ်တာ” ဟုပြောလိုက်သည်ကို ယနေ့တိုင် ကြားနေမိသည်။

Credit; #တင်ညွန့်

၂၀.၁၂.၂၀၂၃