‎သတ်ပုံမှားတဲ့ည

Posted on

‎သတ်ပုံမှားတဲ့ည(စ/ဆုံး)

‎——————

‎ကျွန်တော်ကို ယနေ့ညမှ ချစ်သူက ချိန်းသည်။

‎“ည ၁၁ နာရီလောက် လာခဲ့ပါလားမောင်”

‎“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲကွယ် … ညမထွက်ရအမိန့်ကလည်း ထုတ်ထားတာ”

‎“မောင်ရယ် … ဖေဖေက ဒီညတစ်ညပဲ ပြန်မလာမှာ … မေမေကလည်း မနက်ဖြန်အလှူရှိတာကြောင့် ဘုန်းကြီးကျောင်း သွားအိပ်မှာ … တစ်ညလေး လွတ်လပ်ခွင့်ရတုန်း မောင်နဲ့ဆုံချင်လို့ပါ”

‎“သင်းမေမေက ဘယ်အချိန်အိမ်က ထွက်မှာလဲ”

‎“ညနေ ၆ နာရီလောက်သွားမှာ”

‎“မောင် စောစော လာခဲ့လို့ မရဘူးလားကွယ်”

‎“ဘယ်ဖြစ်မလဲ … ပတ်ဝန်းကျင်ကရှိသေးတယ်ကွယ် … ကဲပါ … လာမလား … မလာဘူးလားပြော”

‎“အေးလေ ဖြစ်အောင်တော့ လာရမှာပဲ … မောင်လည်းတွေ့ချင်တာပေါ့ … အခြေအနေ ပေးတုန်းလေး”

‎“တကယ်လာမှာနော်”

‎“လာခဲ့မယ်”

‎ကျွန်တော်က ည ၆ နာရီ နေဝင်မီးငြိမ်း အမိန့်မတိုင်မီ ချစ်သူသင်းသင်းနှင့် အနီးဆုံးရပ်ကွက်ထဲကို ရောက်နေရ သည်။ ထိုရပ်ကွက်ထဲတွင် သူငယ်ချင်းကိုကိုဦး အိမ်၌ တစ်ထောက်နားကာ အချိန်ဖြုန်းရသည်။

‎“ကိုဦး လိုက်ခဲ့ပါကွာ”

‎“မလိုက်ပါဘူး … သူများ သမီးရည်းစားချိန်းတွေ့တာ ငါကဘာလို့ လိုက်ရမှာလဲ”

‎“ည ၁၁ နာရီအချိန်ကို သင်္ချိုင်းဖြတ်ရမှာကွ ဒါကြောင့် မင်းကိုခေါ်တာ”

‎“အမလေး … အဲဒါပိုကြောက်တာ မလိုက်ရဲပါဘူး”

‎“သင်္ချိုင်းကဖြတ်လမ်းကွ … အဲဒီကဖြတ်မှ လွတ်မှာပေါ့ကွာ … လမ်းမကြီးအတိုင်းသွားရင် အဖမ်းခံရမှာ … ၆ နာရီထိုးတာနဲ့ စစ်တပ်ကလည်း ပိတ်မယ် … ဂိုဒေါင်တွေဘက်ကလည်း ဖြတ်လို့မရ … သင်းသင်းတို့ ရပ်ကွက်နဲ့ အနီးဆုံးက သင်္ချိုင်းပဲရှိတာ”

‎“မင်းက ၁၁ နာရီလောက်ကို သင်္ချိုင်းထဲဖြတ်မယ်ပေါ့”

‎“အေးလေ”

‎“မကြောက်ဘူးလား”

‎“မကြောက်တာတော့ မဟုတ်ဘူး … စိတ်ထဲတော့ တစ်မျိုးကြီးပဲ … ဒါပေမဲ့ ငါ့မှာ ရွေးစရာလည်း မရှိဘူး … သင်းနဲ့ ဒီတစ်ညပဲ အခွင့်အရေးကရမှာ”

‎“အဲဒါပဲ … ချစ်မကြောက်ဆိုတာ”

‎“ကြားဖူးပါဘူးကွာ”

‎ည ၁၀ နာရီထိုးတွင် လမ်းမပေါ်ကို အကဲခတ်ရင်း ကြည့်ရသည်။ တစ်ယောက်စ နှစ်ယောက်စ လမ်းထဲတွင် ဖြတ်နေသူများတွေ့ရသည်။ သို့သော် အပြေးအလွှား

‎“ရပ်ကွက်ထဲ ဖြတ်တာလောက်ကတော့ လာမဖမ်းပါဘူးကွာ … ဒါပေမဲ့ လမ်းမကြီးပေါ်တော့ ဘယ်သူမှ တက်တာ မတွေ့ရဘူး”

‎“အေးနော်”

‎“မင်းသွားရင် သတိတော့ထား … တစ်ခုတော့ရှိတယ် … လမ်းမကြီးဘေးအိမ်က ငါ့အဒေါ်အိမ် … အဲသည် အထိတော့ လိုက်ပို့ပေးမယ် … ခြံထဲက အခြေအနေကြည့်ပေါ့ … လွတ်မယ်ထင်ရင် သင်္ချိုင်းထဲ ပြေးဝင်သွားရုံပဲ … ဒါပေမဲ့ သင်္ချိုင်းထဲ ဖြတ်ဖို့ကတော့”

‎“ရပါတယ်ကွာ … ဒီည လသာတာပဲ … သင်္ချိုင်း အလယ်လမ်းအတိုင်းပြေး … ဂူတွေကြားထဲဝင် … အရိပ် အကဲကြည့် … ဇရပ်ဘေးက ဖောက်ထွက်လိုက်ရင် သင်းသင်းတို့ ရပ်ကွက်နဲ့ တန်းနေတာ”

‎“အေး … ငါတော့ မလိုက်ဘူးနော်”

‎“မလိုက်ပါနဲ့ … ရပါတယ် … မင်းက သူငယ်ချင်းကောင်း မပီသတာ”

‎“ဟေ့ကောင် … သရဲလိုက်လို့ သေမယ့်အတူတူ … မင်းဆဲတာပဲ ခံလိုက်မယ်”

‎သူငယ်ချင်းကိုဦးက လမ်းမကြီးဘေး သူ့အဒေါ်အိမ်အထိ လိုက်ပို့သည်။ ကျွန်တော်တို့နှစ်ယောက် ခြံဘေးရှိ ပုဏ္ဍရိက် ပင်တန်းအောက်၌ ခေတ္တခိုကာ လမ်းမပေါ်ကို ကြည့်နေသည်။ ကင်းလှည့်လာသူများ၊ ကားများ ကင်းသည်။

‎“သွားတော့ … သွားတော့ … ပြေး … ပြေး … ဟို ဂူဘေးကိုကပ်”

‎ကိုဦးကပြောလိုက်သည်နှင့် ကျွန်တော်က လမ်းမကြီးကို အရဲစွန့်ပြီး ဖြတ်ပြေးသည်။ ပထမဆုံးတွေ့သည့် အုတ်ဂူဘေးတွင် ကျောကပ်ပြီး အခြေအနေကို အကဲခတ်သည်။ မည်သည့် အသံမျှမကြားရသောကြောင့် အုတ်ဂူများ ၊ မြေပုံများကြားမှဖြတ်ကာ ဇရပ်ဆီကို ပြေးရသည်။

‎ဇရပ်လှေကားပေါ်တွင် လူအရိပ်လိုလိုတွေ့လိုက်ရသောကြောင့် ဂူတစ်ဂူနား ပြေးကပ်ရပြန်သည်။ ထိုအချိန်တွင် သင်္ချိုင်းထဲကို လက်နှိပ်မီးနှင့် ထိုးနေသူများအား လမ်းမကြီးပေါ်တွင် တွေ့လိုက်ရသည်။ ကျွန်တော်က အုတ်ဂူကို အကာအကွယ်ယူပြီးထိုင်နေသည်။

‎ကျွန်တော့်ဘေးကို စောစောက ဇရပ်လှေကားတွင် ထိုင်နေသူက ပြေးလာသည်။ ကျွန်တော့်ရင်တွေ ခုန်နေသည်

‎“ဘယ်သူလဲ”

‎“ဟေ့ … ဝပ်လိုက် … ဝပ်လိုက်”

‎သူက ကျွန်တော့်ခေါင်းကို နှိမ့်ချပြီး ကျွန်တော်နှင့်အတူ ဝပ်လိုက်သည်။

‎“တွေ့သွားရင် နှစ်ယောက်စလုံး အဖမ်းခံရမှာ”

‎“ခင်ဗျားက ဘယ်သူလဲ”

‎“ငါက ဟိုဘက်ရပ်ကွက်က”

‎“သင်္ချိုင်းထဲ ဘာလာလုပ်နေတာလဲ”

‎“ဟိုရပ်ကွက်မှာ … ကြက်သွားခိုးမလို့”

‎“ဟာဗျာ … ဒီလိုအချိန်ကြီးမှာ”

‎“ငါ့သာပြောနေ … မင်းကရော”

‎“ကျွန်တော်က ကောင်မလေးနဲ့ ချိန်းထားလို့”

‎“မင်းနဲ့ငါ အတူတူပါပဲကွာ … ခိုးကြောင်ခိုးဝှက်တွေ”

‎“ခင်ဗျားက ကြက်ခိုးမှာ ကျုပ်နဲ့ တူသလား”

‎“ဟိုကောင်တွေ ဝင်မလာဘူး … တော်သေးတယ် … လာ … သွားကြမယ်”

‎“ခင်ဗျားဘာသာသွားပေါ့”

‎“လာပါကွာ … တို့က လမ်းသင့်နေတာ … အတူတူသွားတာပေါ့”

‎ကျွန်တော်က သူခိုးနှင့်အတူ ဇရပ်အနီးကို ပြေးကပ်လိုက်သည်။

‎“လာကွ … ဒီအတိုင်းသွားရမှာ”

‎သူက ကျွန်တော့်ကို ဦးဆောင်ကာ လမ်းပြသွားသည်။ အုတ်ဂူတွေကိုကျော်ပြီး မြေပုံတွေ အစီအရီ တန်းထားသော နေရာကို ရောက်လာသည်။ အမည်မှတ်တိုင်လေးတွေက လရောင်အောက်တွင် တန်းစီ နေသည်မှာ ကြည့်၍ပင်လှနေသည်။

‎သူခိုးက ရှေ့ကသွားနေရာမှ ရပ်လိုက်သည်

‎“နေဦး”

‎“ဘာလဲ … ဘာဖြစ်လို့လဲ”

‎“ဟာ တော်တော် သောက်သုံးမကျတဲ့ကောင်တွေကွာ”

‎“ဘာဖြစ်လို့လဲ”

‎“မင်းစာတတ်လား”

‎“ဘွဲ့ရပြီးသားဗျ”

‎“ကြည့်စမ်းကွာ မိုက်ရိုင်းလိုက်တာ”

‎သူက မှတ်တိုင်တစ်တိုင်မှစာကို လက်ညှိုးထိုးပြကာ ပြောနေခြင်းဖြစ်သည်။

‎“ဘာလဲဗျ”

‎“ဒီကောင်တွေကွာ … တောက်”

‎သူလက်ညှိုးထိုးပြသည့်စာက လရောင်အောက်တွင် အတိုင်းသားပေါ်နေသည်

‎ဦးနေဝင်း – အသက် ၄၂ နှစ်

‎“ဘာမှားလို့လဲဗျ … မှန်နေတာပဲ”

‎“ဟာ … မင်း မသိဘဲနဲ့ ရမ်းပြောနေတယ် … ငါ့နာမည်က ဦးနေဝင်း မဟုတ်ဘူးကွ … ဦးနဝင်း … ဦးနဝင်း … ချီးတဲ့မှ … ငါ့ကိုများ ဦးနေဝင်းတဲ့ … ချီးတဲ့မှ … ငါးမြွေထိုးတွေ … ငါ့နာမည်ကို သဝေထိုးလာပြီး ထည့်ရသလား”

‎ကျွန်တော် သူ့ကိုကြည့်လိုက်သည်။ သူက ဒေါပွကာ မှတ်တိုင်ကို ကန်လိုက်သည်။ မှတ်တိုင်ကမလဲ။ သူက ဒေါသပိုထွက်ကာ ထပ်ကန်သည်။

‎“ချီးတဲ့မှ နေဝင်းတဲ့လား … နေချင်ဦး … နေချင်ဦး … ငါ့နာမည် နဝင်းကွ”

‎ကျွန်တော် သူ့ကိုလှည့်မကြည့်တော့ ပြေးမိ ပြေးရာ ပြေးလာလိုက်သည်မှာ ကိုဦးတို့ ရပ်ကွက်ထဲ ပြန်ရောက် လာသည်။

‎အိမ်ဝိုင်းထဲပြေးဝင်လာသော ကျွန်တော့်ကို ကိုဦးက

‎“ဟေ့ကောင်ဘယ်လိုဖြစ်လာတာလဲ … သင်းသင်းဆီသွားတာ ဘာဖြစ်လို့ ပြန်ရောက်လာတာလဲ”

‎ကျွန်တော်က စကားမပြောနိုင်။ သူတိုက်သော ရေတစ်ခွက်ကို သောက်ပြီး

‎“ငါ … ငါ သရဲနဲ့တွေ့လာလို့”

‎“ဘယ်ကသရဲလဲကွ”

‎ကျွန်တော်က အဖြစ်အပျက်များကို ပြောလိုက်သည်။

‎“ဟာ … ဟုတ်တယ် … ဦးနဝင်းဆိုတာ … ဟိုဘက်ရပ်ကွက်က … ဒီနေ့ပဲ မြေချလိုက်တာ”

‎ကျွန်တော် ထိုညက ကိုဦးတို့အိမ်တွင် အိပ်လိုက်ရသည်။ သင်းသင်းထံသို့လည်း မသွားတော့။ နောက်တစ်နေ့ မိုးအလင်းတွင် ကိုဦးက ကျွန်တော့်ကိုခေါ်ပြီး သင်္ချိုင်းထဲကိုလာကြသည်။

‎ဇရပ်အလွန် မြေပုံတစ်ခုတွင် မှတ်တိုင်ကလဲနေသည်။ ကိုဦးက သွားယူပြီး ကျွန်တော့်ကို ထောင်ပြလိုက်သည်။

‎ဦးနေဝင်း၊ အသက် ၄၂ နှစ်

‎(သူငယ်ချင်းကိုဦးပြောပြသည့် ဇာတ်လမ်းကို ဖော်ပြခြင်းဖြစ်ပါသည်)

‎တင်ညွန့်

‎၁၁.၄.၂၀၂၀